Monday, November 6, 2017

အပြောင်းအလဲ၊ အခက်အခဲများနှင့် ခေတ်ပြင်သမ္မတ ဦးသိန်းစိန် (စာအုပ်သုံးသပ်ချက်)

(သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အပေါ် ၀န်ကြီးဟောင်း ဦးစိုးသိန်းရဲ့ စာအုပ် An Insider's Account အပေါ် ကိုအောင်သူငြိမ်းရဲ့ သုံးသပ်ချက်ကို facebook ပေါ်မှ ကူးယူထာခြင်းဖြစ်ပါ တယ်)
...
အပြောင်းအလဲ၊ အခက်အခဲများနှင့် ခေတ်ပြင်သမ္မတ ဦးသိန်းစိန်
(စာအုပ်သုံးသပ်ချက်)
==============
(ဒီဆောင်းပါးကို The Wave Magazine) ကို ပေးထားပါတယ်။ 
စာအုပ်။ ။ Myanmar's Transformation & U Thein Sein: An Insider's Account (ဦးစိုးသိန်း၊ ၂၀၁၇၊ "မြန်မာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် ဦးသိန်းစိန်")၊ ၂၀၁၇ စက်တင်ဘာလ၊ Yangon: Myanmar Consolidated Media. 
ဒီစာအုပ်က မကြာသေးမီကမှ စင်္ကာပူမှာ ထွက်တယ်၊ အင်္ဂလိပ်ဘာသာနဲ့ထွက်ရှိပြီး၊ နောက်ပိုင်း မြန်မာဘာသာနဲ့ပါ ထုတ် ဝေဖို့ ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။ အရင်ခေတ်တုန်းက အစိုးရထဲမှာ ဘယ်လိုဖြစ်နေကြတာလဲ၊ ပြဿနာတွေ အပေါ် ဘယ်လိုစဉ်းစားကြသလဲဆိုတာ သိရခက်တယ်။ ဘလက်ဟိုး (Black hole) တွင်းနက်ကြီးလိုပဲ။ လုံးဝမှောင်ပိန်း သိဖို့မဖြစ်နိုင်သလောက်ပါ။ အခုလို နည်း နည်းပွင့်လင်းလာတော့ ယခင်စစ်ဗိုလ်ချုပ်ဟောင်းတွေရော၊ ဝန်ကြီးဟောင်းတွေ၊ ခေါင်းဆောင်ဟောင်းတွေ၊ နိုင်ငံရေး ဝါရင့်ပုဂ္ဂိုလ်တွေ၊ နောက်ဆုံး ဗိုလ်ချုပ်ခင်ညွန့်လို အရင်ခေတ်လူကြမ်း ခေါင်းဆောင် တွေကပါ ကိုယ်ဖြတ်သန်းခဲ့ကြရတဲ့ ခေတ်ကို တနည်းတဖုံ ပြန်လည်သမိုင်းရေးကြတာ ကျနော်တော့ ကျေးဇူးတင်မိတယ်။ ဖတ်လည်း ဖတ်ဖြစ်တယ်။ နိုင်ငံ တကာမှာလည်း ဒီလိုသမိုင်းတကွေ့ကို ဖြတ်သန်းခဲ့ရသူ ခေါင်းဆောင်တွေက စာပြန်ရေး ကြတာပါပဲ။ သာမန်ပြည်သူ တယောက်၊ ပြည်သူ့ရေးရာ မူဝါဒကို လေ့လာနေတဲ့ ကျောင်းသားတယောက်အနေနဲ့ ဘယ်လို ကိစ္စတွေကို ဘယ်လို ဆုံးဖြတ်ကြတာလဲ၊ တွန်းအား-ဆွဲအားတွေက ဘာလဲ၊ အကန့်အသတ်တွေက ဘာလဲဆိုတာ အထူး စိတ်ဝင်စားမိပါတယ်။ 
ကျနော်က အစိုးရအုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရေး (Public administration reform) ကိစ္စတွေ လေ့လာဖို့ စိတ် ဝင်စားတယ် ပြောတော့၊ အရင်က ဟားဗတ်တက္ကသိုလ်၊ မေဆင်ပရိုဂရမ် (Mason Program) က ဒါရိုက်တာဟောင်း ကာရိုးလ် ဂရော့ဇင် (Carol Grodzins) ပြောပြ တာလေး ကျနော်အမှတ်ရနေပါသေးတယ်။ တောင်အာဖရိကနိုင်ငံမှာ လူမဲအစိုးရတက်လာပြီး အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲဖို့ လုပ်ကြမယ်ဆိုတော့ လူ ၃ အုပ် ခွဲခြားနိုင်မယ် ဆိုပါတယ်။ သုံးပုံတစ်ပုံက မပြောင်းလဲဘဲ နေမြဲနေလိုတဲ့ အုပ်စုပါ။ ခေါင်းမာဂိုဏ်းသား လူဟောင်းတွေလို့ ဆိုနိုင်ပါတယ်။ နောက် ပြန်ဆွဲမယ့် သူတွေပါ။ ကျန် ၃ ပုံတစ်ပုံက ပြောင်းလဲမှု လုပ်လိုတဲ့သူ တွေပါ။ ဘာလုပ်ရမှန်းမသိဘူး၊ ကျန်တဲ့ သုံးပုံတစ်ပုံ ကတော့ ဘာမှစဉ်းစားထားတာ မရှိဘူးလို့ ဆိုပါတယ်။ မင်းတို့နိုင်ငံမှာလည်း အဲသလိုမျိုး ကြုံရမှာပဲလို့ သူက ပြောခဲ့ပါ သေးတယ်။ 
စာရေးသူ (ဝန်ကြီးဟောင်း) ဦးစိုးသိန်းကတော့ သူရေတပ်ဦးစီးချုပ်က နားကတည်းက စာရေးဖို့ စိတ်ကူးရှိတယ်လို့ အဖွင့် မှာ ရေးထားပါတယ်။ တာဝန်တွေကြောင့် စိတ်ကူး အထမမြောက်ခဲ့ပါ။ နောက်တခု စေ့ဆော်ချက်ကတော့ ဦးနေဝင်း သမိုင်းအကြောင်း တစိတ်တပိုင်းကို ဒေါက်တာမောင်မောင် ရေးခဲ့လို့သာ နှောင်းလူတွေ သိခဲ့ရတာ၊ ဒါကြောင့် သူလေးစား တဲ့ ဦးသိန်းစိန်အကြောင်း ရေးဖို့ အကြောင်းဖန်လာခဲ့တာလို့ ဆိုပါတယ်။ နောက်တချက်က မြန်မာနိုင်ငံရဲ့ သမ္မတဟောင်း တွေ စဝ်ရွှေသိုက်၊ ဒေါက်တာဘဦး၊ မန်းဝင်းမောင်၊ ဦးနေဝင်း၊ ဦးစန်းယု၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင်တို့ဟာ လူမသိ သူမသိ အသိအမှတ်ပြုခံကြရတာ မရှိဘဲ ဘဝတပါး ပြောင်းသွားခဲ့ကြရတယ်။ ဝန်ကြီးချုပ် ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ ဟာလည်း မထင်မရှား ပျောက်ကွယ်သွားကြရတယ်။ ဒီလူတွေဟာလည်း သူ့အချိန်သူ့အခါ တိုင်းပြည်ကောင်းရာ ကြံဆောင်ခဲ့ကြတာပဲ၊ အသိအမှတ်ပြု အလေးထားသင့်တယ်လို့ သူက ရေးထားပါတယ်။ 
ဒီနေရာမှာ မြန်မာပြည်သူအများအတွက်ရော၊ ပြည်တွင်းနဲ့ နိုင်ငံတကာ လေ့လာသူတွေကပါ မြန်မာပြည်အပြောင်းအလဲနဲ့ ပတ်သက်လို့ စိတ်ဝင်စားတဲ့ မေးခွန်းတွေ ရှိခဲ့ပါတယ်။ ဘာဖြစ်လို့ စစ်အာဏာရှင်တွေက အာဏာပလ္လင်က ဆုတ်ခွာပေးခဲ့ ကြသလဲ။ မြန်မာနိုင်ငံ ပြောင်းလဲရေး အစီအစဉ်တွေကို ဘယ်ကာလကတည်းက စတင်စဉ်းစားခဲ့ကြသလဲ။ အစိုးရ- လွှတ်တော်တင်းမာမှုတွေက စစ်ဗိုလ်ချုပ်အချင်းချင်း 'လူခွဲ' ကစားကြ မျက်လှည့်ပြတာလား။ အခု ဒီမိုကရေစီ အပြောင်း အလဲက ဘယ်လောက်အထိ အစစ်အမှန် ဖြစ်မှာလဲ … စသည်ဖြင့် မေးခွန်းမျိုးတွေ ဖြစ်ပါတယ်။ ဒီလိုမေးခွန်းတွေကို ကျနော်လည်း သူ့စာအုပ်မှာ စောကြောဖွေရှာမိပါတယ်။ 
အပြောင်းအလဲ အစ (လုပ်မတတ် ကိုင်မတတ် ဘဲကလေး ခြေထော့ကျိုးကာလ)
---------------------------
ဒီနေရာမှာ စိတ်ဝင်စားဖွယ်ကိစ္စတခုကို အတည်ပြု ဖော်ပြထားတာ စာအုပ်အစမှာပဲ တွေ့ရပါတယ်။ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှာ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရကနေ နိုင်ငံတော်အာဏာကို လွှဲပြောင်း ပေးတာဟာ ရွေးကောက်ခံရတဲ့အစိုးရကို မဟုတ်ဘူး။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ပါတီ) ကို အာဏာလွှဲ ပြောင်းပေးတယ်ဆိုတဲ့ ကိစ္စပါ။ ဒီလိုကိစ္စကို ပါတီဒု-ဥက္ကဋ္ဌ ဦးဌေးဦး ပြောခဲ့တယ်လို့တော့ ထင်ပါတယ်။ ဦးစိုးသိန်းစာအုပ် မှာလည်း ထပ်ပြီးရေးထားတာတွေ့ရပါတယ်။ (p. 16-17) အာဏာကို အစိုးရအဖွဲ့ကို လွှဲပြောင်းပေးတာမဟုတ်ဘူး။ ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်ကို လွှဲပြောင်းပေးတာလို့ ဖော်ပြထားပါတယ်။ ဦးသိန်းစိန် အနေနဲ့လည်း သမ္မတက ဝန်ကြီးအဖွဲ့ (ကက်ဘိ နက်) ကို တာဝန်ခံရတယ် ဆိုပေမယ့်လည်း၊ ဝန်ကြီးအဖွဲ့က သူဆက်ခံရတာ (အမွေရတာ) ဖြစ်ပါတယ်။
ဦးသိန်းစိန်ဟာ သူ့ကို စွပ်စွဲပြစ်တင်မှု (impeach) လုပ်မှာကို အမြဲတစေ စိုးရိမ်မှု ရှိနေတယ်လို့လည်း ဖတ်ရပါတယ်။ (p. 18) ဒါကြောင့်လည်း ပါတီနဲ့ လွှတ်တော်ဖက်က အသုံးချခဲ့တယ်လို့ သူက သုံးသပ်ပါတယ်။ အစောပိုင်းမှာ ဦးရွှေမန်းက သမ္မတဖြစ်မယ်လို့ ရေပန်းစားနေခဲ့ပါတယ်။ သို့သော်လည်း တကယ်မဖြစ်ခဲ့ပါ။ ဒီအတွက် မောဟဖုန်းလွှမ်းကာ အာဏာပြိုင်ခြင်းဖြင့် ဦးသိန်းစိန်ပြုတ်ကျရေး လမ်းကြောင်းအထိ ဦးတည်သွားတယ်၊ အလုပ်စခါစမှာပဲ ခြေထိုးတယ်… ဆိုတာမျိုး သုံးသပ်ထားတာ စိတ်ဝင်စားဖွယ် ဖတ်ရပါတယ်။ (p. 18) အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို တော့ သူက အကောင်းမြင်ပါတယ်။ 
အစိုးရစာရင်းကို ပေါက်ကြားမှာစိုးလို့ သမ္မတကိုယ်တိုင် လက်ရေးနဲ့ရေးပြီး လွှတ်တော်ကို ပို့ခဲ့တယ်ဆိုတာမျိုးလည်း ဖတ်ရပါတယ်။ ခန့်အပ်ခံရမယ့် ဝန်ကြီးများကို လွှတ်တော်ကြားနာပွဲ၊ မီဒီယာတွေက ဖော်ထုတ်မှုတွေ လုပ်တတ်ကြတဲ့ အနောက်နိုင်ငံနဲ့ ကွာခြားပုံတွေကိုလည်း သတိပြုမိပါတယ်။ ဝန်ကြီးများ ခန့်အပ်တဲ့အခါ မီဒီယာကို စတုတ္ထမဏ္ဍိုင်အဖြစ် အသိအမှတ်ပြုပြီး ပြန်ကြားရေးဝန်ကြီးကို အလေးထားစဉ်းစားတယ်ဆိုတာ ဖတ်ရပါတယ်။ 
ဒီနေရာမှာ ဒီမိုကရေစီဆိုတာ နှစ်ပေါင်း ၅၀ ကျော် ပြတ်ခဲ့တယ်။ မြင်ဖူး တွေ့ဖူးသူမရှိဘူး။ ဒီမိုကရေစီစနစ်ဆိုတာ မသိရိုး အမှန်ပါဆိုပြီး ရိုးရိုးသားသား ဝန်ခံထားတာ၊ စမ်းတဝါးဝါးနဲ့ စခဲ့ကြရတယ် ဆိုတာလည်း ဖတ်ရပါတယ်။ (p. 22) သမ္မတ က ကောင်းမွန်သောအုပ်ချုပ်မှုစနစ် (Good governance)၊ သန့်ရှင်းသော အစိုးရ (Clean government) ဆိုပြီး လမ်းညွှန် သော်လည်း ဆိုရှယ်လစ်စနစ် အင်စတီကျူးရှင်းများ၊ တပ်မတော်အခြေပြု အင်စတိကျူးရှင်းများ ဖြစ်နေတယ်၊ နေချင်းည ချင်း ဖြေရှင်းမရနိုင်ဘူး ဆိုတာလည်း သုံးသပ်ပြထားပါတယ်။
ကျနော် အခုနက တင်ပြခဲ့တဲ့ တောင်အာဖရိကဥပမာလိုပဲ ပြီးခဲ့တဲ့ USDP အစိုးရမှာ ဖြစ်နေတာတွေကိုလည်း ဦးစိုးသိန်းက သုံးသပ်ပြထားပါတယ်။
• ပြုပြင်ပြောင်းလဲရေးကို မလိုလားဘဲ ယခင်အတိုင်းကျင့်သုံးနေရသည်ကို နှစ်သက်ကြသည့် တာဝန်ရှိသူများ
• ခြံစည်းရိုးပေါ် ခွထိုင်၍ အခြေအနေကို စောင့်ကြည့်နေကြသူများ
• ပြုပြင်ပြောင်းလဲရေးကို လိုက်ပါဆောင်ရွက်သူ အနည်းငယ်.. ဆိုပြီး ဖော်ပြပါတယ်။ (p. 25)
အချို့က ဦးသိန်းစိန်အစိုးရကို ကန့်လန့်တိုက်နေကြတယ်။ အဲဒီသူတွေက-
• ဦးသိန်းစိန်ကို အထင်မကြီး၊ မိမိတို့သာ ပိုသိ၊ ပိုတတ်သည်ဟု စိတ်ကြီးဝင်နေကြသည့် ယခင်အစိုးရလက်ထက် အာဏာရှိခဲ့သူများ
• အစိုးရသစ်ကာလတွင် အာဏာရရန် မျှော်မှန်းခဲ့ပြီး၊ မျှော်လင့်သလို မဖြစ်ခဲ့ကြသူများ … ဆိုပြီး ဝေဖန်ထားတာကို လည်း ဖတ်ရပါတယ်။ မစားရတဲ့အမဲ သဲနဲ့ပက်တယ်၊ မင်းသားကြီး မလုပ်ရလို့ ပတ်မကြီး ထိုးဖောက်တယ် စတဲ့ စာသားတွေက တစုံတယောက်ကို မြင်သာစေပါတယ်။ (p. 25) 
အစိုးရသစ်တွေအနေနဲ့ တကယ်လုပ်နိုင်တာ ၃-နှစ်လောက်ပဲ ရှိတယ်လို့ သူက ဖော်ပြပါတယ်။ ပထမနှစ်မှာ သင်္ကြန် ပိတ်ရက်နဲ့ အချင်းချင်းညှိမရတာနဲ့၊ ဘာလုပ်ရမှန်း မသိတာနဲ့ မလုပ်နိုင်ခဲ့ဘူး။ နောက်ဆုံးနှစ်ကျတော့လည်း သေချာ မလုပ်နိုင်တော့ဘူးလို့ သူက ဖော်ပြပါတယ်။ (p. 50) မစ္စတာဂိုချုပ်တောင်နဲ့ တိုနီဘလဲယားတို့ဆီက သူတို့လေ့လာ တွေ့ရှိ မှုအရ အစိုးရတွေမှာ လက်တွေ အကောင်အထည်ဖော်နိုင်စွမ်း (Implementation) က အရေးကြီးတယ်၊ ရလဒ် (result) က အရေးကြီးတယ်ဆိုတာ သိလာရပါတယ်တဲ့။ ပြည်သူတွေ မှတ်ကျောက်တင်ခံရဖို့က ရလဒ်ကောင်းများ ထွက်ဖို့လိုတယ် လို့ ဖော်ပြထားပါတယ်။ 
နိုင်ငံရေးအကျဉ်းသားကိစ္စ/ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲ
---------------------
နိုင်ငံတကာ ဆက်ဆံရေးတွေလုပ်ရင်း၊ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေးကိစ္စ အရေး ကြီးကြောင်း မြင်လာကြပါတယ်။ အရင်အစိုးရတုန်းက "နိုင်ငံရေးအကျဉ်းသား" ဝေါဟာရကို လုံးဝ လက်မခံခဲ့ပါ။ ဦးစိုးသိန်း အသုံးအရတော့ 'ကြိုက်သည် မကြိုက်သည် အပထား၊ မိမိတို့အစိုးရက ခေတ်စနစ်ပြောင်းလာတဲ့အခြေအနေမှာ လက်ခံရ မယ်' လို့ သဘောပေါက်ခဲ့တယ် ဆိုပါတယ်။ ဒါနဲ့ ၂၀၁၃၊ ဖေ ၁၉ မှာ နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မီတီကို အဖွဲ့ဝင် ၁၀ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ မေ ၈ မှာတော့ အစိုးရ (၆)၊ အရပ်ဘက် (၇)၊ နိုင်ငံရေးပါတီ (၆) ဦးနဲ့ ချဲ့ထွင်ဖွဲ့စည်းခဲ့ပါတယ်။ NLD ပါတီခေါင်းဆောင် ဦးဉာဏ်ဝင်းတောင် ပါဝင်ပါတယ်။ နောက် အကျဉ်းသားလွှတ်ပေးတဲ့ အရေးအတွက်တွေလည်း ဖော်ပြထားပါတယ်။ (p. 52~59) ဦးသိန်းစိန်ကတော့ ဘယ်နိုင်ငံသားတယောက်ကိုမှ ထောင်ထဲမှာ မရှိစေချင်ဘူး ဆိုတဲ့ဆန္ဒကို သူကဖော်ပြပါတယ်။ ဒါပေမယ့် အစိုးရဘက်မှာ "နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိဘူး" ဆိုပြီး တရား သေဆုပ်ကိုင်ထားသူတွေ ရှိတာကိုလည်း ဖော်ပြပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဘက်ကလည်း ရာဇဝတ်သား တွေနဲ့ ရောနှောလွှတ်တာကို မကျေနပ်ကြပါဘူး။ ဒါပေမယ့် အစိုးရဘက်မှာ ညှိနှိုင်းရတာ ရောနှောလွှတ်ဖို့ပဲ ဆုံးဖြတ်ပေး နိုင်တဲ့ အခက်အခဲတွေကိုလည်း တွေ့ရပါတယ်။
"နှစ်ပေါင်း ၆၀ ကျော် သံချေးတက်ခြစားနေသည့် အုပ်ချုပ်ရေးယန္တယားကို ပြုပြင်ပြောင်းလဲရတာ ရှုပ်ထွေးခက်ခဲလှ ကြောင်း" ဝန်ခံထားတာလည်း ဖတ်ရပါတယ်။ အုပ်ချုပ်ရေးပြုပြင် ပြောင်းလဲမှုကိစ္စများမှာတော့ သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းကို ချီးမြှောက်ထားတာ ဖတ်ရပါတယ်။ သတင်းမီဒီယာ ပွင့်လင်းမှု ဆောင်ရွက်ခြင်း၊ ဗဟိုဘဏ်ကို သီးခြား လွတ်လပ်ခွင့်ပြုခြင်း၊ ဒေါ်လာဈေး ညှိခြင်း၊ စက်မှုဖွံ့ဖြိုးရေးဌာနကို ဘတ်ဂျက်အကျပ်အတည်း၊ အစိုးရတွင်း စဉ်းစားတွေး ခေါ်ပုံ အပြောင်းအလဲများကြောင့် ပိတ်သိမ်းခဲ့ရတာတွေကိုလည်း 'လုပ်ရင်းသင်၊ သင်ရင်းလုပ်' အနေအထား ပြောင်းလဲမှု တွေကိုလည်း ဖတ်ရပါတယ်။ 
စိတ်ဝင်စားဖွယ်ကတော့ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၄ သမ္မတရဲ့ လယ်တောအိမ်အစည်းအဝေးပါ။ ဝန်ကြီး ၃ ဦး၊ MPC အကြံပေးနဲ့ ဒါရိုက်တာဖြစ်လာမယ့်သူ ၄ ဦးတို့က သမ္မတကို အကြံပေးခဲ့ကြတယ် ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ တွေ့ဆုံဖို့ပါ။ ပါတီဖက်ကတော့ ကျားသေကို အသက်သွင်းတယ်ဆိုပြီး ကန့်ကွက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ ဦးသိန်းစိန်ကတော့ "မတူတာတွေကို ညှိနှိုင်းဆောင်ရွက်မယ်" လို့ ဆန္ဒရှိခဲ့ပါတယ်လို့ ဖော်ပြပါတယ်။ ဒီလိုနဲ့ ပင်မရေစီး နိုင်ငံရေးကို ရေစီးကြောင်း ပြောင်းလဲနိုင်ခဲ့ပုံကိုလည်း ဖတ်ရပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင်တော့ MPC ကို သီးသန့် ခွဲထူထောင်ပေးခဲ့ပုံတွေ၊ တရားဝင်မှုဖြစ်အောင် ကော်မီတီတွေ ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ပုံကို ဖော်ပြထားပါတယ်။ NCA လို့ ခေါ်တဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ရရှိသည်အထိ ဆွေးနွေးပွဲရက်ပေါင်း (၁၄၅၀)၊ ဆွေးနွေးပွဲကြီး-ငယ် (၅၀၀၀) ခန့် ဆောင်ရွက်ခဲ့ရတာကိုလည်း ဖော်ပြထားပါတယ်။
ပညာရေးကဏ္ဍမှာတော့ သမ္မတပညာသင်ဆု (၁၁၈ ဦး) လုပ်ပေးတာ၊ အထက်တန်းအဆင့်အထိ အခမဲ့ပညာရေး ဆောင် ရွက်ပေးတာ၊ မူလတန်းကျောင်း ဖွဲ့စည်းမှုကို တိုးချဲ့ခန့်ထားတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒေါက်တာ ဒေါ်ခင်စန်းရီ ကိုတော့ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် သူက ချီးကျူးဖော်ပြထားပါတယ်။ အုပ်ချုပ် ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုမှာတော့ သိပ်မအောင်မြင်ခဲ့တာ ဝန်ခံဖော်ပြပါတယ်။ ပြည်သူ့အခြေပြု အုပ်ချုပ်ရေးစနစ် အတွက် မီဒီယာကော်နာများ၊ တာဝန်ခံတွေ သတ်မှတ်ခဲ့ပါတယ်။ E-government လုပ်ဖို့ တာဝန်ပေးခဲ့ပါတယ်။ တစ်နေရာထဲမှာ ကိစ္စပေါင်းစုံပြီးနိုင်ဖို့ ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Service) ရုံး ၂၆၇ ရုံး ဖွင့်ပေးခဲ့ပါတယ်။ ဒီလို ကိစ္စတွေ လုပ်ဆောင်နိုင်တာဟာ ဦးတင်နိုင်သိန်းက အက်စတိုးနီးယားနဲ့ ဂျပန်လေ့လာရေး ခရီးစဉ်တွေကရတဲ့ အကျိုး ကျေးဇူးလို့ ဖော်ပြပါတယ်။ အရင် ပြည်ထဲရေးဒု-ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်ကိုလည်း သူက ချီးကျူးဖော်ပြထားပါ သေးတယ်။ အကြံကောင်းဉာဏ်ကောင်းတွေကိုလည်း MDRI က ရခဲ့တယ်လို့ ဖော်ပြထားပါသေးတယ်။ (ဒါတော့ ဟုတ်ပါတယ်)။
နိုင်ငံတကာ ဆက်ဆံရေး
---------------------
အစိုးရသစ်တခု (ပြုပြင်ပြောင်းလဲရေးအစိုးရတခု) အဖို့ နိုင်ငံတကာနဲ့ ပုံမှန်ဆက်ဆံရေး (normalization) ရဖို့ အရေးကြီး ပါတယ်။ အစိုးရသစ်က ပိတ်ဆို့ခံထားရမှုတွေက ပြန်လွတ်မြောက်ဖို့ လိုအပ်ပါတယ်။ ဒီတော့ ဦးသိန်းစိန်အစိုးရက ကြိုး ပမ်းခဲ့ရပါတယ်။ တရုတ်၊ အိန္ဒိယ၊ အမေရိကန်-မြန်မာ၊ ဥရောပ-မြန်မာ၊ ဗြိတိန်၊ ဂျပန်၊ နော်ဝေ၊ ကိုရီးယား၊ အာဆီယံ၊ ကုလသမဂ္ဂ စတဲ့ ဆက်ဆံရေး တွေကို တို့ထိ ဖော်ပြထားပါတယ်။ ဦးသိန်းစိန်အစိုးရ အဖို့ ဧရာဝတီမြစ်ဆုံဆည် ဆိုင်းငံ့တဲ့ ကိစ္စ၊ လက်ပန်းတောင်း ကြေးနီစီမံကိန်း စတဲ့ကိစ္စတွေ ကိုင်တွယ်မှုတွေမှာ တရုတ်အစိုးရဘက်က အထင်အမြင် လွဲမှားမှု တွေ ရှိခဲ့တာ ဖော်ပြထားပါတယ်။ စိတ်ဝင် စားဖွယ်ကတော့ USDP ထိပ်တန်း ခေါင်းဆောင်အချို့ တရုတ်ပြည်ခရီးစဉ်မှာ မြစ်ဆုံရပ်စဲမှုကို ဦးသိန်းစိန်အပေါ် အပြစ်ပုံချ ခဲ့ကြတယ်။ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာလည်း တရုတ်-မြန်မာ ဆက်ဆံရေးကို ထိခိုက်စေတဲ့ လှုပ်ရှားဆွေးနွေးမှုတွေရှိခဲ့တယ်၊ ဒီအချက်တွေကို နောက်ပိုင်း ခိုင်လုံစွာ သိခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။ (p. 85) 
အမေရိကန် ဆက်ဆံရေးအတွက်လည်း နိုင်ငံခြားရေးဝန်ကြီး ဟေလာရီ ကမ္ဘောဒီးယားကို ၂၀၁၂ ဇူလိုင်မှာလာတော့ ဦးသိန်းစိန်နဲ့ တွေ့နိုင်ဖို့ သံတမာန်ရေး Protocol တွေကို ဖြတ်ကျော် ကြိုးပမ်းရပုံတွေကိုလည်း ဖတ်ရပါတယ်။ သမ္မတ အိုဘားမား ခရီးစဉ်မတိုင်မီ လိုအပ်ချက်များ (မရိန်းတပ်သား ၈၀၀၊ 747 လေယာဉ် ၂ စင်းအတွက် နေရာ၊ မြေပြင် ယာဉ် တန်း၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စင်း၊ အေဝက် AWAC လေယာဉ်ပျံသန်းခြင်း၊ လေယာဉ်တင် သင်္ဘောအုပ်စု ဝင် ရောက်လှုပ်ရှားခြင်း… စတဲ့ လုံခြုံရေးကျယ်ပြန့် နက်နဲပုံများ)၊ ဒု-သမ္မတ ဦးဉာဏ်ထွန်းက ရန်ကုန်တိုင်းအစိုးရရုံး အပေါ် ထပ်ကနေ ခရီးစဉ်တလျှောက် လုံခြုံရေးကြီးကြပ်ကွပ်ကဲရပုံတွေကိုလည်း စိတ်ဝင်စားစရာ တွေ့ရပါတယ်။ 
ဦးသိန်းစိန်အစိုးရ လက်ထက်မှာ နိုင်ငံတကာ ဆက်ဆံရင်း လူ့အခွင့်အရေးကိစ္စ၊ ICRC နဲ့အတူ အကျဉ်းထောင် ပြုပြင်ရေး ကိစ္စများ၊ နိုင်/ကျဉ်းကိစ္စ၊ အဏုမြူ မပြန့်ပွားရေး၊ အစိုးရပွင့်လင်းမြင်သာစေရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေး စသဖြင့် ကိစ္စ များ လုပ်ရင်းသိ၊ သိရင်းပြင် လုပ်လာရတာတွေကိုလည်း ဖော်ပြထားပါတယ်။ အစိုးရပွင့်လင်းမြင်သာရေးအတွက် သယံ ဇာတ ထုတ်လုပ်မှုပွင့်လင်းမြင်သာရေး ကြိုးပမ်းမှု (EITI)၊ ပွင့်လင်းသော အစိုးရမိတ်ဖက်အဖွဲ့အစည်း (Open Government Partnership) ကိစ္စတွေ လုပ်ဆောင်လာခဲ့ကြရတာလည်း တွေ့ရပါတယ်။ ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့နှစ် ၂၀၁၆ မှာ မြန်မာနိုင်ငံက OGP အဖွဲ့ဝင်ဖြစ်ဖို့ ကတိကဝတ်ပြုထားခဲ့တာလည်း တွေ့ရပါတယ်။ သူကတော့ ဦးသိန်းစိန် ဟာ မြန်မာနိုင်ငံတော်သစ် (New Myanmar) ကို စတင်တည်ထောင်သူ၊ အုတ်မြစ်ချပေးသူအဖြစ် ချီးမြှောက်ထားတာ တွေ့ရပါ တယ်။ သံတမာန်ဆက်ဆံရေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ အမေရိကန်သမ္မတတွေနဲ့ တိုက်ရိုက်ဖုန်းခေါ်နိုင်တဲ့ အထိ အပြုသဘော ဆက်ဆံရေးကို ပြောင်းနိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ (p. 124) 
ပါတီတွင်း ပဋိပက္ခ (Split theory)
--------------------
ဒီမိုကရေစီအပြောင်းအလဲတွေကို လေ့လာတဲ့နေရာမှာ အကွဲအပြဲလို့ခေါ်တဲ့ (split theory) ဆိုတာ ရှိပါတယ်။ အာဏာရှင် အစိုးရတွေမှာ ကွဲပြဲလာရင် အပြောင်းအလဲဖြစ်တယ်။ ဒါမှမဟုတ် တံခါးစဖွင့်လာရင်လည်း သဘောထားပျော့ပြောင်းသူ/ တင်းမာသူများအကြား အကွဲအပြဲ ဖြစ်လာတတ်တယ် ဆိုတဲ့ သဘောတရားပါ။ ဦးစိုးသိန်းစာအုပ်မှာလည်း ဒီသဘောတွေ ကို ဖတ်ရပါတယ်။ ၂၀၁၅ ခုနှစ်၊ သြဂုတ် ၁၂ ည မှာဖြစ်ခဲ့တဲ့ USDP သန်းခေါင်ယံ အကွဲအပြဲကလည်း ဘယ်လိုဖြစ်ကြတာ လဲ ကျနော့်မှာ မေးခွန်းတွေ ရှိနေပါတယ်။ 
ဦးစိုးသိန်းကတော့ အချို့အချက်တွေကို သူ့စာအုပ်မှာ ဖော်ပြထားပါတယ်။
ဖွဲ့စည်းပုံ ပုဒ်မ ၆၄၊ ၂၃၂ (ဋ) အရ တက်လာတဲ့ အစိုးရသစ်နဲ့ ပါတီကို အဆက်ဖြတ်လိုက်ရပါတယ်။ အစိုးရခေါင်းဆောင် များက ပါတီကိစ္စတွေကို ဝင်ရောက်လုပ်ပိုင်ခွင့် မရှိတော့ပါဘူး။ "ကိုယ့်ရှူးကိုယ်ပတ်" လို့ ဦးစိုးသိန်းက သုံးနှုန်းပါတယ်။ (p. 17) အစိုးရအတွက် ပါတီလက်ရုံးပြုတ်သွားရပြီး၊ ပါတီ ကျောထောက်နောက်ခံ မရတဲ့ အစိုးရဟာ ဘယ်လိုရေရှည် ရပ်တည်နိုင်ပါ့မလဲဆိုပြီး ရေးပါတယ်။ ဒီကိစ္စကို ပြန်ပယ်ဖျက်ဖို့ (ဇူလိုင် ၂၊ ၂၀၁၂) မှာ အစိုးရ၊ ပါတီ၊ အခြားထိပ်ပိုင်း ခေါင်းဆောင်တွေ ဆွေးနွေးကြပြီး ဖွဲ့စည်းပုံပြင်ဖို့ သဘောတူခဲ့ကြပါတယ်။ ဒါပေမယ့် ပါတီကိုခေါင်းဆောင်နေတဲ့ ဦးရွှေမန်း၊ ဦးအောင်သောင်းတို့က ဆိုင်းငံ့ထားပြီး ထိုးနှက်တိုက်ခိုက်ခဲ့ကြတယ်။ ဝန်ကြီး၊ ဝန်ကြီးချုပ်များကို အုပ်ချုပ်ရေးနဲ့ ပါတီ အာဏာတွေ မပေးချင်လို့ ဥပဒေဟာကွက်ကိုနင်းတယ်လို့ ဖော်ပြထားတာ စိတ်ဝင်စားဖွယ် တွေ့ရပါတယ်။ (p. 17) ရွေးကောက်ပွဲကာလ နီးလာလေ ပြဿနာပိုများလာလေ ဖြစ်ရတဲ့အကြောင်း၊ အာဏာပြိုင်ဆိုင်မှု ပြင်းထန်လာပုံတွေ ကိုလည်း ဖတ်ရပါသေးတယ်။ 
မျှော်လင့်မထားခဲ့သော စိန်ခေါ်မှု 
------------------------
အစိုးရသစ်က ပြဿနာစိန်ခေါ်မှုတွေကို သိပ်ပြီး မပြင်ဆင်ထားခဲ့ပါ။ ဒါပေမယ့် ၂၀၁၂ ရခိုင် အရေးအခင်း၊ အရေးပေါ် ကြေညာရတာတွေ (ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ၁/၂၀၁၂)၊ ၂၀၁၃ မတ်လ မိတ္ထီလာ အရေးအခင်း၊ ၂၀၁၄ ဇန်နဝါရီလ ဒူးချီးယာတန်ကျေးရွာကိစ္စ စတဲ့ သွေးထွက်သံယိုမှုတွေ ကြုံခဲ့ရပါတယ်။ လက်ပန်တောင်းတောင် ကြေးနီ စီမံကိန်း၊ မြစ်ဆုံစီမံကိန်း၊ ပညာရေးပြုပြင် ပြောင်းလဲမှုနဲ့ ကျောင်းသားလှုပ်ရှားမှုများ၊ အခြေခံဥပဒေ ခုံရုံးကို ဖြုတ်ချခြင်း၊ လောက်ကိုင်တိုက်ပွဲ ပြဿနာ.. စတဲ့ စိန်ခေါ်မှုတွေကိုလည်း ကြုံတွေ့ရပါတယ်။ 
ပညာရေး ကျောင်းသားဆန္ဒပြပွဲတွေကို သူသုံးသပ်တာတော့ တမျိုးမြင်ရပါတယ်။ အချို့ကျောင်းသား သမဂ္ဂတွေက ၎င်းတို့ကို စိတ်ဝင်စားဖို့ လှုပ်ရှားမှုတွေ လုပ်လာကြတယ်၊ ဆရာ၊ ဆရာမကြီးများကို မရိုမသေ၊ မလေးမစား လုပ်နေ ကြတာ သူစိတ်မကောင်းဘူး။ နိုင်ငံရေးအမြတ်ရလိုမှု တခုတည်းနဲ့ မှန်ကန်သောလုပ်ငန်းဆောင်ရွက်ချက်တွေကို မျက် ကွယ်ပြုကြတယ်။ သူမနှစ်သက်ဘူး၊ ညစ်ပတ်သောနိုင်ငံရေး (dirty politicss) ပဲ။ သူတို့နိုင်ငံရေး ကစားကွက်တွေကို ကြည့်ရင်း သူ့အနေနဲ့ အနာဂတ်နိုင်ငံတော်အရေး ရတက်မအေး ဖြစ်ရတယ်လို့ ရေးထားတာလည်း ဖတ်ရပါတယ်။ (p. 167) နိုင်ငံရေးလှုပ်ရှားသူတို့ရဲ့ ရည်ရွယ်ချက်က ရန်ကုန်သို့ အားလုံးစုစည်းပြီး၊ ရန်ကုန် အုပ်ချုပ်ရေးယန္တယားကို ရပ်တန့်အောင် ဆောင်ရွက်မယ်၊ နောက်ဆုံးရလဒ်က အစိုးရပြုတ်ကျရေး ဦးတည်တယ်လို့ သူက ဖော်ပြထားပါတယ်။ အဲဒီအချိန်မှာ ချိန်ကိုက် ရခိုင်ပြည်နယ်မှာ အဖြူရောင်ကဒ်ပြားနဲ့ မဲပေးခွင့်ကို လွှတ်တော်မှာဆွေးနွေးနေတယ်၊ မကျေနပ်တဲ့သူတွေ ကလည်း တပြိုင်နက်လှုပ်ရှားကြပြီး အစိုးရဖြုတ်ချဖို့ မဟာဗျူဟာမြောက် ကြိုးပမ်းကြတယ်လို့ ဖော်ပြထားပါတယ်။ လက်ပံတန်းမှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရန်လိုတိုက်ခိုက်ကြတယ်၊ မီဒီယာတွေကလည်း အစိုးရဆန့်ကျင်သူ များဘက်ကို ဘက်လိုက်ရေးကြတယ် စသဖြင့် ဖော်ပြထားပါတယ်။ အစိုးရ ထိပ်တန်းတာဝန်ရှိသူတဦးရဲ့ အမြင်လို့ပဲ ဖော်ပြချင်ပါတော့တယ်။ 
အဲဒါအပြင် သူက "အပွင့်ပြဿနာ" လို့ ဖော်ပြထားတာလည်း ရှိပါတယ်။ တံခါးဖွင့်လာတဲ့အခါ ကြုံတွေ့ရမြဲ ပြဿနာမျိုး တွေ ဖြစ်ပါတယ်။ လေးပွင့်ဆိုင် ဆွေးနွေးပွဲ (သမ္မတ၊ ကာချုပ်၊ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်) တောင်းဆိုမှု၊ နောက်ပိုင်း ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ (အမျိုးသားလွှတ်တော်နှင့် တိုင်းရင်းသား တိုးလာ) တောင်းဆိုမှု စတာတွေကို ဖော်ပြထားပါတယ်။ လွှတ်တော်နဲ့ ဆက်ဆံရေးကိစ္စလည်း ပြဿနာကြီးပါ။ ပြင်ပကလေ့လာသူများလည်း မြင်တွေ့ခဲ့ကြရပါတယ်။ ၂၀၁၃ နိုဝင်ဘာမှာ တကြိမ်၊ ၂၀၁၄ နှောင်းပိုင်းကာလတွေမှာ တကြိမ် သမ္မတကို ပြစ်တင်စွပ်စွဲ ခြင်း (Impeach) လုပ်ဖို့ စီစဉ်ခဲ့ကြတယ်၊ ပြည်ထောင်စုဝန်ကြီးတဦးကို ဖြုတ်ချရန် စီမံခဲ့ကြတယ်၊ မအောင်မြင်ခဲ့ ဆိုပြီး ရေးထားတာလည်း ဖတ်ရပါတယ် (p. 175) 
ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ဆင်ဖို့လုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ခဲ့ကြတယ်၊ ပြည်ထောင်စုအဆင့် သတ်မှတ်မှု ပြဿနာ၊ ဝန်ထမ်း လစာတိုးမြှင့်ရေး၊ ရခိုင်ပြည်နယ် ဝှိုက်ကဒ်ပြဿနာ၊ အချိုးကျ ရွေးချယ်တင်မြှောက်ရေး (Proportional Representation) အလုပ်သမား အခြေခံလုပ်ခလစာ၊ တောင်သူ လယ်သမားအခွင့်အရေး၊ လွှတ်တော်ကိုယ်စားလှယ် လစာစားရိတ် ပြဿနာ၊ သမ္မတဖြစ်လိုသော ပြဿနာ …စသည်ဖြင့် ပြဿနာပေါင်းများစွာနဲ့ လွှတ်တော်က ဦးသိန်းစိန်အစိုးရကို အကျပ် အတည်း ဖြစ်စေခဲ့တယ်လို့ သုံးသပ်ထားတာလည်း ဖတ်ရပါတယ်။ (p. 176) ရွေးကောက်ပွဲနှစ်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ရေဘေး၊ မြေပြိုမှု သဘာဝကပ်ဘေးတွေ ကြုံတွေ့ဖြေရှင်းခဲ့ရတယ်ဆိုတာလည်း တို့ထိ ဖော်ပြပါတယ်။
အထူးသဖြင့် အစိုးရနှောင်းပိုင်းကာလမှာ နိုင်ငံရေးဆက်နွယ် လှုပ်ရှားမှုတွေက တစစ ပိုပြင်းထန်လာတယ်။ အကွက်ကျကျ အစိုးရ ဖြုတ်ချရေး၊ သို့မဟုတ် အစိုးရရွေးကောက်ပွဲ ရှုံးနိမ့်ရေးတွေကို NLD ပါတီသာမက၊ USDP ထိပ်တန်းခေါင်းဆောင် တွေ အပါအဝင်၊ INGO/NGO များက ရည်ရွယ်ချက်တူညီ လူမှုကွန်ရက်တွေကိုသုံးပြီး လုပ်ဆောင်ခဲ့ကြတယ်လို့ ဖော်ပြ ထားပါတယ်။ (p. 274) ပုဂ္ဂိုလ်ရေးကိစ္စ အချို့လည်း ပါဝင်ပါတယ်။ USDP ပါတီခေါင်းဆောင် ဦးအောင်သောင်းက ကိုယ်စားလှယ်စိစစ်ရေးခေါင်းဆောင် လုပ်ရာမှာ ဦးစိုးသိန်းနဲ့ ဦးအောင်မင်းကို ရွေးကောက်ပွဲ မဝင်နိုင်အောင် တမင်မဟာ ဗျူဟာချ လုပ်ဆောင်တယ်၊ ဒု-သမ္မတဦးဉာဏ်ထွန်း ဇီးကုန်းမြို့နယ်က သူ့ဇာတိဖြစ်လို့ ရွေးကောက်ပွဲဝင်နိုင်ရေးကိစ္စကို တောင် ပါတီက နိုင်ငံရေးနေရာမပေးခဲ့ဘူး။ ဒါကြောင့် နောက်ဆုံးမှတ်ပုံတင်ရက်မှာ အချိန်မီ ရဟတ်ယာဉ်နဲ့ အပြေးသွား မှတ်ပုံတင်ရတယ်။ နိုင်ငံရေးလုပ်ကြံမှုပဲ.. ဆိုတဲ့ သုံးသပ်ချက်တွေကိုလည်း ဖတ်ရပါတယ်။ အဲဒါအပြင် အစိုးရအဖွဲ့ဝင်များ ကို နိုင်ငံရေးလောကကနေ အပြီးတိုင် သုတ်သင်ဖို့လုပ်တယ်၊ လာမယ့်ရွေးကောက်ပွဲမှာ အစိုးရအဖွဲ့ဝင်များ ဝင်ရောက် ယှဉ် ပြိုင်ခွင့်ပိတ်ဖို့ ဥပဒေပြဌာန်းတဲ့အထိ ကြိုးပမ်းဖို့ လုပ်လာတယ်ဆိုတာလည်း စိတ်ဝင်စားဖွယ် ဖတ်ရှုရပါတယ်။ 
ခြုံငုံ ပြောရရင်တော့ ဒီစာအုပ်က ကျနော်တို့ သိချင်နေတဲ့ စိတ်ကို အဆာပြေစေပါတယ်။ ယခင်အစိုးရထဲက သက်တော် ရှည်ဝန်ကြီး ခေါ်နိုင်တဲ့ သမ္မတရုံးဝန်ကြီးတဦးက ရေးသားထားတာဖြစ်လို့လည်း ကိုးကားဖော်ပြဖို့ သင့်တဲ့စာအုပ်ဖြစ်ပါ တယ်။ ကျနော်တို့ စာဖတ်သူနဲ့ အမြင်တူတူ-မတူတူ စိတ်ဝင်စားဖွယ် ပြည့်နေသော စာအုပ်တအုပ် ဖြစ်ပါကြောင်း။

Monday, October 23, 2017

Oslo-Stromstad- Sandefjord- Oslo ခရီးစဉ်။

Oslo- Stromstad-Sandefjord- Oslo ခရီးစဉ်။
...
နော်ဝေးကနေ ဆွီဒင်နယ်ထဲ ဘတ်စ်နဲ့ဝင်၊ အဲဒီကတဆင့် သဘောင်္စီးပြီး နော်ဝေးထဲပြန်ဝင်တဲ့ခရီးတိုတခု မနေ့က သွားဖြစ်ခဲ့ပါတယ်။


အရင်က နော်ဝေ-ဒိန်းမတ် (Oslo-copenhagen, Oslo-Frederikshavan) နော်ဝေ-ဂျာမဏီ (Oslo-Kiel) ညအိပ်သဘောင်္တွေ စီးခဲ့ဖူးပေမဲ့ အခုလို နေ့ချင်းပြန်ခရီး တခါမှ မသွားဖူးသေး။ ရာသီဥတုကလဲ အပူချိန် ဒီဂရီစင်တီဂရိတ်ပဲရှိ၊ မိုးကလဲ ဖွဲဖွဲလေးရွာနေတော့ ဓာတ်ပုံရိုက် လို့မကောင်းပါ။
ကျနော်နေတဲ့ရပ်ကွက်က လူတွေစုပြီး လတခါ- လတခါ ဒီလိုခရီးသွား လေ့ရှိတယ်ဆိုပါတယ်။ ကိုယ့်အတွက်တော့ ဒါဟာ ပထမဆုံးခရီးစဉ်။ မနက် နာရီကနေ စထွက်တာ ညနေ နာရီခွဲမှ အိမ်ပြန်ရောက်ပါတယ်။

အချိန်လေးစားလိုက်တဲ့လူတွေ။ ဘတ်စ်က နာရီမှထွက်မှာဖြစ်ပေမဲ့ ၁၅ မီနစ် အလိုမှာကတည်းက အားလုံးကားပေါ်ရောက်နေပြီ။ အများစုက ပင် စင်စားတွေ၊ တချို့ဆို တုတ်ကောက်တွေနဲ့။ ကိုယ်က မြန်မာစံတော်ချိန် အတိုင်းအကျင့်ပါနေတော့ နာရီမထိုးခင် မီနစ်အမီတောင် မနည်းပြေး လိုက်ရပါတယ်။

အော်စလိုနဲ့ ဆွီဒင်နယ်စပ်ကို မီနစ် ၉၀ ၀န်းကျင်မောင်းပါတယ်။ ဆွီဒင်က EU အဖွဲ့ဝင်ဆိုတော့ ဈေးတွေက နော်ဝေထက်အများကြီးသက်သာပါ တယ်။ နော်ဝေနယ်စပ်မှာ ဆွီဒင်ကဖွင့်ထားပေးတဲ့ဆိုင်တွေမှာ ဈေးဝယ်နေ တဲ့နော်ဝေတွေ တိုးမပေါက်ပါ။ အသား-ငါးဈေး၊ အ၀တ်အထည်ဈေး အား လုံး ပုံ ပုံကနေ ထက်ဝက်လောက်အထိ သက်သာပါတယ်။

ဒါကြောင့် နော်ဝေးကလူတွေ ရာနဲ့ချီပြီး နေ့စဉ် (အထူးသဖြင့် စနေ-တနင်္ဂ နွေမှာ) ဒီမှာ ဈေးလာဝယ်ကြတယ်ဆိုပါတယ်။ (ဒီလိုဈေးကွာနေမှု အတွက် အီးယူနဲ့ နော်ဝေကြားမှာ ဘယ်လိုဆက်ညှိကြမလဲ မသိပါ) 
...

နော်ဝေက ပုဂိုလ်အတော်များများ (အထူးသဖြင့် အော်စလိုဝန်းကျင်မှာနေ သူတွေ) ဒီဈေးဆိုင်တွေဆီ မရောက်ဖူးသူမရှိသလောက်ပါပဲ။ ကိုယ်လဲ သူ များကားကြုံနဲ့ရောက်ဖူးပြီးသားမို့ ဒီဆိုင်တွေက သိပ်မထူးဆန်း။ ကိုယ်စိတ် ၀င်စားနေတာက ဒီမှာဈေးဝယ်ပြီးနောက်ပိုင်း ဆက်သွားမဲ့ ဆွီဒင်ဆိပ်ကမ်း မြို့ Stromstad ကနေ နော်ဝေး တောင်ပိုင်းရှိ Sandefjord မြို့ဆီသွားမဲ့ ကူးတို့သဘောင်္။

သဘောင်္မောင်းချိန်က နာရီခွဲ၊ ဈေးက ၁၀ ဒေါ်လာလို့ရေးထားပါတယ်။ ကိုယ်တွေကတော့ ရပ်ကွက်ကအစီစဉ်နဲ့လိုက်လာတာဆိုတော့ ဘတ်စ် ရော၊ သဘောင်္ရော အားလုံးပေါင်းမှ ခရိုနာ ၁၀၀ (၁၂ ဒေါ်လာ) တည်းရယ်။ ဘတ်စ်ကားတွေ၊ ကိုယ်ပိုင်ကားတွေအားလုံးတင်ပြီး မောင်းသွားတဲ့ တွက် ဒီသဘောင်္ကလည်း ရှေ့မှာပြောခဲ့တဲ့ ဒိန်းမတ်-ဂျာမဏီပြေးတဲ့ သဘောင်္တွေနီးနီးကြီးပါတယ်။

သဘောင်္ပေါ်မှာ အခွန်လွတ်ဈေးရှိပါတယ်။ ဒိန်းမတ်-ဂျာမဏီ သဘောင်္ပေါ် ဈေးနှုန်းအတိုင်းပါပဲ။ ဥပမာ မြန်မာအကြိုက် Jack Daniel တလီတာဝင် တပုလင်းကို ၂၈၀ ခရိုနာလောက်ပေးရပါတယ်။ (လေယဉ်ကွင်း အခွန် လွတ်မှာ ၁၈၀ လောက်နဲ့ရပြီး အော်စလိုကဆိုင်မှာဆို ၄၈၀ ပေးရ) ဒီတော့ နော်ဝေသားတွေအားလုံး ဆွီဒင်မှာ အသား-ငါးနဲ့ အ၀တ်ထည်ဝယ်။ ဘောင်္ ဂျုတီဖရီးမှာ အရက်နဲ့ဆေးလိပ်ဝယ်ကြပေါ့။

တခြားအပျင်းဖြေလုပ်စရာအနေနဲ့ ကာစီနိုတွေ၊ ကလေးကစားကွင်းတွေ ရှိပါတယ်။ စားသောက်ဆိုင်နဲ့ ကော်ဖီဆိုင်တွေလဲရှိပါတယ်။ အခုချိန်က အပြင်မှာမိုးရွာပြီး အအေးဓတ်များနေပြီမို့ အားလုံး ဆိုင်မှာပဲထိုင်ပြီး တခုခု စားနေကြတာများပါတယ်။ ( နာရီခွဲသဘော်ဆိုတော့ အိပ်ခန်းမရှိပါ)


နွေရာသီဆိုရင် အတော်လှပနေမယ်လို့ထင်ရတဲ့ Sandefjord ဟာ မိုးရွာ ပြီးအုပ်ဆိုင်းဆိုင်းဖြစ်နေလို့ ဘာမှကောင်းကောင်းမြင်ခွင့်မရလိုက်ပါ။ ဒါပေ မဲ့ ဘာဖြစ်ဖြစ် ခရီးစဉ်အသစ်တခုကို သွားခွင့်ရခဲ့တယ်။ တရက်တည်းနဲ့ ဘတ်စ်စီး၊ သဘောင်္စီးပြီး နိုင်ငံသွားနိုင်ခဲ့တယ်ဆိုတော့ ဧည့်သည်လာရင် လိုက်ပို့စရာ လမ်းကြောင်းတခု တိုးလာခဲ့ပြီပေါ့။

Tuesday, October 17, 2017

အော်စလိုမှ ဘာဂင်သို့

The Voice Daily (Travel)
15-Oct-2017    

ဥရောပရဲ့ အလှပဆုံး ရထားခရီးစဉ်

ရန်ကုန်ခရီးစဉ်ကနေ ပြန်လာပြီး တစ်လအကြာ စက်တင်ဘာ ၂၂ မှာ အော်စလိုကနေ ဘာဂင်မြို့ဆီ ခရီး ထွက်ဖြစ်ပါတယ်။ အော်စလိုနဲ့ ဘာဂင်ဟာ ရန်ကုန်နဲ့ မန္တလေးလိုပဲ (နေပြည်တော်က အုပ်ချုပ်ရေးမြို့) ပထမမြို့တော်နဲ့ ဒုတိယမြို့တော်အဖြစ် ထင်ရှားပါတယ်။ အကွာအဝေးကတော့ (ရန်ကုန်နဲ့ မန္တလေးက ၆၂၆ KM) ၄၆၃ ကီလိုရှိပါတယ်။ လေယာဉ်၊ ဘတ်စ်ကားတွေရှိပေမယ့် လူအများစုက ရထားနဲ့သွားဖို့ ရွေးချယ် လေ့ရှိပါတယ်။ ဒါဟာ မြန်မာပြည်နဲ့ နော်ဝေကြား အဓိကကွာခြားချက်ပါပဲ။ 


ရန်ကုန်နဲ့ မန္တလေးကို ဘာနဲ့သွားရင် ကောင်းမလဲဆိုပြီး အင်တာနက်မှာရှာတဲ့အခါ ဘတ်စ်ကားပုံပဲ ရှင်နေ ပြီး ရထားပုံကိုနှီပ်တဲ့အခါ ဘာမှထွက်မလာပါ။ ဒီမှာတော့ ရထားခတွေက လေယာဉ်ခထက် ပိုဈေးများနေ တာတောင် ခရီးသည်တွေက ရထားကိုသာဦးစားပေးရွေးကြပါတယ်။ ဘတ်စ်ကားကတော့ ဘာမှမရမှ နောက်ဆုံး ရွေးချယ်စရာနည်းပေါ့။ မြန်မာနိုင်ငံမှာတော့ အခုနောက်ပိုင်း ရထားစီးသူ အတော်နည်းပြီး အားလုံး ဘတ်စ်ကားတွေပဲ စီးနေကြတာတွေ့ရပါတယ်။

ဘာကြောင့် ဒီလိုဖြစ်သွားတာလဲဆိုတာကို သိချင်လို့ ပြီးခဲ့တဲ့ ၂၀၁၆ ခရီးစဉ်တုန်းက တောင်ငူကနေ ရန်ကုန်မြို့ဆီ ရထားစီးခဲ့ဖူးပါတယ်။ တစ်ဘူတာ လောက်စီးပြီးတာနဲ့ ရထားပေါ်က အမြန်ဆင်းပြေးချင်နေပြီ။ ဒါပေမဲ့ ပန်းတိုင်အထိရောက်အောင် သည်းခံစီးမှဖြစ်မယ်ဆိုပြီး နေလိုက်တာ နံနက် ၁၁ နာရီ ရထားက ည ၈ နာရီကျော်မှ (၂၇၇ ကီလိုကို ၉ နာရီ ကြာပါတယ်။ ဒါပေမဲ့ ရထားခက ၂၀ဝ၀ ကျပ်တည်းပါ) ရန်ကုန်ဘူတာ ကြီးဆီ ဆိုက်ပါတယ်။

အဲလို ရထားမျိုးဆိုရင်တော့ လေယာဉ်ထက်ဈေးကြီးနေလို့ ဘယ်ဖြစ်ပါ့မလဲ။ အော်စလို-ဘာဂင်အတွက် ရထားခက ၈၀ဝ ခရိုနာ (ဒေါ်လာ ၁၀ဝ ခန့်)။ လေယာဉ်စီးမယ်ဆို ၇၀ဝ နဲ့ရမယ်။ မြို့ထဲနဲ့ လေယာဉ်ကွင်း ရထားခထပ်ကုန်တာနဲ့ပေါင်းရင် မြို့လယ်မှာ ဘူတာရှိတဲ့ရထားက ပိုသက်သာတာပေါ့။ ပြီးရင် လမ်းတစ် လျှောက် ရှုခင်းတွေကိုလည်း ရထားပေါ်ကနေ တဝကြီး ကြည့်ခွင့်ရမယ်မဟုတ်ပါလား။

ဒါက အခုဝယ်၊ အခုသွား ဈေးနှုန်းပါ။ လနဲ့ချီ ကြိုဝယ်ထားမယ်ဆိုရင်တော့ ရထားခရော၊ လေယာဉ်ခပါ ၃၉၉ ခရိုနာနဲ့ ရတတ်ပါတယ်။ ခရီးသွား ကုမ္ပဏီတွေရဲ့ အညွန်းအတိုင်းဆိုရင် အော်စလိုနဲ့ ဘာဂင်ကြား ရထား လမ်းဟာ ဥရောပရဲ့ အလှပဆုံးခရီး ဖြစ်ပါတယ်။ အထူးသဖြင့် ယူနက်စကိုကတောင် ရှေးဟောင်း အမွေ အနှစ်အဖြစ် သတ်မှတ်ထားတဲ့ ကမ္ဘာ့အလှပဆုံး ရေလက်ကြားတွေနဲ့ တောင်တန်း၊ တောင်စွယ်တွေကို ဒီရထားလမ်းကနေတစ်ဆင့် သင်္ဘောတွေနဲ့ ရေလက်ကြားအတိုင်းသွားရင် မြင်ရနိုင်ပါတယ်။


(ဓာတ်ပုံ... www.fjords.com မှ)

ဒါက Nutshell အစီအစဉ်အတိုင်း ရထား-ဘတ်စ်-သင်္ဘော သုံးမျိုးတွဲအစီအစဉ်၊ ခရီးစဉ်တစ်ခြမ်းစာကို ခရိုနာ ၁၉၀ဝ ပေးရတဲ့အစီအစဉ်နဲ့မှ မြင်ခွင့်ရမှာပါ။ (ဒီခရီးစဉ်က အော်စလိုကနေ Myrdal အထိ ရထား။ အဲဒီကနေ Flåmbanen အထိ ဘတ်စ်ကား။ Nærøyfjorden ကနေ Gudvangen အထိ ရေလက်ကြား တစ်လျှောက် သင်္ဘော။ ပြီးမှ ဘတ်စ်ကားနဲ့ ရထားပြန်စီးပြီး Bergen သို့ ဝင်ပါတယ်)။ 

အဲလောက် မပေးနိုင်ဘူး။ ၈၀ဝ- ၉၀ဝ လောက်နဲ့ သွားမယ်ဆိုရင်လည်း ရထားလမ်းတစ်လျှောက် မြင်ကွင်း က အတော်လှပါတယ်။ သင်္ဘောမစီးရတာကလွဲရင် ရေခဲတောင်တွေ၊ လှပတဲ့ တောင်တန်းတွေ၊ တောအုပ်တွေ၊ စမ်းချောင်းတွေ၊ အဲ ... အခု အောက်တိုဘာဆို မေပယ်ရွက်ဝါတွေနဲ့လှပနေတဲ့ တော-တောင်တွေဟာ တကယ့် ပန်းချီကား တစ်ချပ်လိုပါပဲ။


ဘာဂင်မြို့မှာ လည်ပတ်စရာ

ဘာဂင်ကိုသွားတဲ့ အဓိက အကြောင်းရင်းက ကမ္ဘာ့ချန်ပီယံ စက်ဘီးပွဲကိုကြည့်ဖို့ပါ။ အားကစားဆိုရင် ဘောလုံးသာ အဓိကဖြစ်နေတဲ့ မြန်မာစာဖတ် ပရိသတ်အတွက် စက်ဘီးပွဲက နည်းနည်း စိမ်းနေနိုင်ပါ တယ်။ ဥရောပမှာတော့ စက်ဘီးပရိသတ်က နည်းတာမဟုတ်။ နှစ်ရာချီပြီး ပွဲတွေအဆက်မပြတ် ကျင်းပ နတဲ့ ပြင်သစ်၊ အီတလီ၊ စပိန်၊ ဘယ်လ်ဂျီယံလို နိုင်ငံတွေအပြင် နှင်းတွေကကျ၊ အအေးဓာတ်ကများ၊ တောင်တွေလည်းမြင့်တဲ့ နော်ဝေလိုနိုင်ငံမှာတောင် ကမ္ဘာ့အဆင့် စက်ဘီးသမား၊ စက်ဘီးအသင်းတွေ ရှိနေပြီ။


ဘာဂင်မြို့မှာ အားပေးနေတဲ့ ပရိသတ်ကိုလည်း ကြည့်ပါဦး။ ရန်ကုန်က ဘုရားပွဲထက် ပိုစည်ပါတယ်။ တစ်အိမ်တစ်ယောက်မကပဲ အိမ်တခါးပိတ်ပြီး တစ်အိမ်လုံး ထွက်အားလာပေးနေကြပုံပါပဲ။ မြို့ထဲမှာ ဒီလောက်များတဲ့လူ တစ်ခါမှ မတွေ့ဖူးသေးဘူးလို့ ဘာဂင်ရှိ မြန်မာတွေက ပြောပါတယ်။ ပရိသတ် သောင်းနဲ့ချီ ရှိမယ်ထင်ပါတယ်။ အထူးသဖြင့် ဆော်လမွန်တောင်ကုန်းနဲ့ ပန်းဝင်တဲ့နေရာမှာဆို ဘယ်လိုမှ တိုးမပေါက်ပါ။ ဒီတော့ စက်ဘီးပွဲကို ကိုယ်တိုင်ကြည့်ချင်လို့ ဘာဂင်အထိလာပါတယ်ဆိုမှ တိုးမပေါက်လို့ ပန်းခြံထဲက ဧရာမ TV စရင်အကြီးကြီး ရှေ့မှာပဲ ရပ်ကြည့်လိုက်ရပါတယ်။

ဒါက နောက်ဆုံးနေ့ (စက်တင်ဘာ ၂၄- တနင်္ဂနွေ) အမျိုးသားပွဲ 267.5km အခြေအနေကိုပြောတာပါ။ ဒီနေ့မတိုင်ခင် သီတင်းတစ်ပတ်ကြာ ကျင်းပတဲ့ အမျိုးသမီး၊ လူငယ်တစ်ဦးချင်း စံချိန်ပြု စသဖြင့် ပွဲစဉ် ၁၂ ခုရှိပြီး ထူးထူးခြားခြား အိမ်နီးချင်း ထိုင်းနိုင်ငံက လူငယ်စက်ဘီးသမားတွေကို အမျိုးသားလူငယ်နဲ့ အမျိုး သမီးလူငယ်ပွဲတွေဆီမှာ တွေ့ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ အရှေ့တောင်အာရှကိုကျော်ပြီး ကမ္ဘာ့အဆင့်ဆီ (စံချိန်မမီသေးလို့လည်း ဖြစ်နိုင်ပါတယ်) လွှတ်တာ မတွေ့ရသေးပါ။ ကမ္ဘာ့အဆင့်ဆိုတော့ လူတွေကောင်းတဲ့အပြင် စက်ဘီးတွေကလည်း ကောင်းသလား မမေးနဲ့။ ကမ္ဘာ့ချန်ပီယံ ၃ နှစ်ဆက်တိုက် ရသွားတဲ့ ပီတာဆာဂန် Peter Sagan (Slovakia) တို့ စီးတဲ့ဘီးဆိုရင် ယူရို တစ်သောင်းလောက် ဈေးရှိပါ တယ်။


ကံကောင်းတာက နော်ဝေရဲ့ မိုးရာသီမြို့တော် ဘာဂင်ဟာ ဒီသီတင်းပတ်ကျမှ ထူးထူးခြားခြား နေ သာနေပါ တယ်။ နေသာတုန်း ဘာဂင်မြို့ကို အပေါ်စီးကနေ လှမ်းမြင်နိုင်တဲ့ Mount Fløyen တောင်ပေါ် တက်မယ်။ အရင်အခေါက်တွေတုန်းက ကေဘယ်လ်ကားစီးပြီး တက်ဖူးပြီးသားမို့ ဒီတစ်ခေါက်မှာ လမ်းလျှောက်တက် ရင် ကောင်းမလားပေါ့။ တောက်တက်လမ်းက ၃ ကီလိုခွဲလောက်ရှည်ပြီး အမြင့်က ၄၂၅ မီတာ (၁,၃၉၄ ပေ)၊ စောင့်က ၁၀ ဒီဂရီ ရှိတယ်တဲ့။ 

အဲဒါ တစ်နေ့က စံချိန်ပြု စက်ဘီးပွဲမှာ အဲဒီတောင် ထိပ်မှာပန်းဝင်တော့ ပထမရသူ Tom Dumoulin (Netherlands) က ၅ မိနစ်လောက်နဲ့ စီးထားတာ။ စက်ဘီးတောင် စီးပြီးတက်နိုင်သေးတာပဲ။ လမ်း လျှောက်တာကတော့ အပျော့ပေါ့ဆိုပြီး တက်လိုက်တာ ၁ နာရီလောက်ကြာမှ တောင်ထိပ်ရောက်ပါတယ်။ တောင်က မတ်စောင့်ပေမယ့် လူသွားလမ်းကြမ်းနဲ့ သစ်ပင်ကြီးတွေရှိတာမို့ နားလိုက်၊ တောင်အောက်က မြို့ကိုကြည့်ပြီး ဓာတ်ပုံရိုက်လိုက်နဲ့မို့ ဒီလောက်ကြာသွားတာပါ။

ကေဘယ်လ်ကားမစီးဘဲ ကိုယ်လိုပဲ လမ်းလျှောက် တက်နေသူတွေ အများကြီး။ အထူးသဖြင့် ဥရောပ သားတွေနဲ့ ဂျပန်တွေများပါတယ်။ ဘာဂင်ရှိ မြန်မာတွေနဲ့ မြန်မာနိုင်ငံကနေလာလည်သူတွေကို မေးကြည့် မိသလောက်တော့ လမ်းလျှောက်တက်သူ မကြားမိပါ။ မကြားဆို မြန်မာနိုင်ငံက အဓိက လမ်းလျှောက် တက်လို့ အကောင်းဆုံးနေရာ ကျိုက်ထီးရိုးတောင် တောင်ထိပ်အထိ ကားလမ်းပေါက်နေပြီ မဟုတ်ပါလား။ (အခုဆို ကေဘယ်လ်ကားတောင် ပြေးတော့မယ်လို့ ကြားနေရပါတယ်)။

အဲဒီတောင်ထိပ်ကနေ ဘာဂင်မြို့ကိုကြည့်ရတဲ့ မြင်ကွင်းက အတော့်ကို လှပနေပါတယ်။ မန္တလေး တောင် ပေါ်ကနေ မြို့ထဲ ကြည့်ရတဲ့မြင်ကွင်းနဲ့ တူနေလေမလား။ ဒါပေမဲ့ ဒီမှာက ပင်လယ်လည်း ရှိနေတဲ့အတွက် မော်လမြိုင်မြို့ကို တောင်ပေါ်တန်းကနေ ကြည့်ရတာနဲ့ ပိုတူမယ်ထင်ပါတယ်။ ဒီခရီးစဉ်အတွင်း တောင်တက် ဖို့ ဇာတာပါလာတယ်ထင်ပါ့။ ပွဲအပြီး တနင်္လာနေ့ အော်စလို မပြန်ခင်မှာ ဘာဂင်ဒေသရဲ့ အမြင့်ဆုံးတောင် Mount Ulriken ဆီ သွားတက်လိုက်ပါသေးတယ်။ ၆၄၃ မီတာ သို့မဟုတ် ပေ ၂,၁၁၀ တောင် မြင့်တာဆို တော့ လမ်းလျှောက်တက်သူ မရှိလောက်ဘူးထင်ပြီး ကေဘယ်လ်ကားစီး တက်သွားမိပါတယ်။ အပေါ် ရောက်မှ လမ်းလျှောက်တက်သူ၊ စက်ဘီး (မောင်တိန်းဘိုက်နဲ့ ကုန်းဆင်းစီးသူ) စီးသူတွေ အများကြီးတွေ့ရ တော့ တအံ့တဩ ဖြစ်ခဲ့ရပါတယ်။

တောင်တွေ ကာရံထားတဲ့ အလယ်က ဘာဂင်မြို့မှာ တောင် ၇ လုံး ရှိတယ်လို့ ဆိုပါတယ်။ ကျန် ၅ လုံးတော့ နောက်မှပေါ့။ လောလောဆယ်တော့ မြို့ထဲက ယူနက်စကို အသိအမှတ်ပြု ရှေးဟောင်းသစ်သားအိမ်တွေ ဆီ ဦးစားပေးလိုက်ပါတယ်။ အဲ ... ဘာဂင်မှာ မြန်မာ စားသောက်ဆိုင် နှစ်ခုတောင် ရှိတယ်ဆိုပါတယ်။ ကရင်တိုင်းရင်းသားတွေဖွင့်ထားတဲ့ သံလွင်ဆိုင်ကို စက်ဘီးပွဲ ကျင်းပတဲ့လမ်းမှာ တွေ့မိပါတယ်။ ဒါပေမဲ့ ဗိုက်က အတော်ဆာနေပြီဆိုတော့ အဲဒီအထိ မသွားနိုင်တော့ဘဲ သစ်သားအိမ်တွေနဲ့နီးတဲ့ ချင်းမိုင်ဆိုင်မှာပဲ ထိုင်းအစာကို ဝင်ဆွဲမိပါတယ်။


နော်ဝေမှာ တခြားလည်စရာ ဘာရှိသေးလဲ

တကယ်တော့ တောင်တက်တာနဲ့ မြို့ထဲလျှောက်လည်တာအပြင် ရေလက်ကြားတွေဆီ သင်္ဘောစီးပြီး သွားတဲ့ ခရီးစဉ်ကလည်း ဘာဂင်မှာ ထင်ရှားပါတယ်။ ထိုင်းနိုင်ငံကိုဖြတ်ပြီး မြန်မာနိုင်ငံဆီ မကြာခဏ ပြန်လေ့ရှိတဲ့ စာရေးသူဟာ ၂၀၁၆ အတွင်း ထိုင်းနိုင်ငံဆီ ကမ္ဘာလှည့်ခရီးသည် ၃၃ သန်းလာတာကို အထူး အဆန်း ဖော်ပြခဲ့ဖူးပါတယ်။ (မြန်မာနိုင်ငံဆီကို ၃ သန်းကျော်ပဲ လာပါတယ်)။ ဒါပေမဲ့ ကိုယ်လက်ရှိနေထိုင် နေတဲ့ နော်ဝေနိုင်ငံဆီ ကမ္ဘာလှည့်ခရီးသည် ၃၁ သန်းလာတယ်ဆိုတဲ့ စာရင်းကိုတွေ့တော့ အံ့ဩသွားပါ တယ်။ လူတွေဟာ ရာသီဥတုပူနွေးပြီး ပင်လယ်ကမ်းခြေတွေနဲ့ လှပတဲ့နေရာဆီပဲ သွားမယ်ထင်ထားပြီး ဒီလို ဆီးနှင်းတွေကျ၊ အအေးဓာတ်များတဲ့အပြင် ဈေးကလည်းကြီးတဲ့ဒေသဆီ ဒီလောက်လာလိမ့်မယ်လို့ ထင်မထားမိတာ အမှန်ပါ။



နော်ဝေကို လာလည်သူ အများစုဟာ ဥရောပနဲ့ အမေရိကားက ဖြစ်ပေမယ့် အာရှ၊ အထူးသဖြင့် တရုတ်နဲ့ ဂျပန်ကလည်း သိပ်မနည်းလှဘူး ထင်ပါတယ်။ ဘာကြောင့်လဲဆို ခုနက တောင်ပေါ်မှာ လူဖြူတွေအပြင် အာရှသားတွေကိုလည်း တွေ့လို့ နှုတ်ဆက်တော့ ဂျပန်၊ ကိုရီးယားနဲ့ တရုတ်တွေ ဖြစ်နေပါတယ်။ ထိုင်ဝမ် သူ တစ်ဦးရဲ့အပြောကို ကိုးကားရမယ်ဆိုရင် ရှန်ဂန်ဗီဇာ ရလို့ (ဗြိတိန်မှအပ-ဥရောပ တစ်တိုက်လုံးနီးပါး သွားခွင့်ရှိ) ဥရောပကို လာတဲ့အခါ ပထမ ဦးစားပေးက ပြင်သစ်နဲ့ အီတလီလို့ ဆိုပါတယ်။ အဲဒီမှာ ရှေးဟောင်း အမွေအနှစ်တွေကိုလေ့လာပြီး အခု နော်ဝေနဲ့ ဆွီဒင်ဘက်ကိုတော့ သဘာဝ တောတောင် အလှတွေ လေ့လာဖို့ လာတယ်ဆိုပါတယ်။

သူမဟာ ရှေ့မှာတင်ပြခဲ့တဲ့ အော်စလို-ဘာဂင် ရထားကို Nutshell အစီအစဉ်နဲ့စီးလာလို့ အဲဒီက ရေလက် ကြား အလှအပတွေအကြောင်း ပြောလို့မပြီးနိင်တော့ပါ။ မြန်မာအများစုလည်း ဥရောပကိုသွားရင် ပြင်သစ် နဲ့အီတလီကို ဦးစားပေးလေ့ရှိပေမယ့် နော်ဝေဘက် ရောက်လာသူ အတော် နည်းနေပါသေးတယ်။ ဒါပေမဲ့ အရင်ခေတ် (စစ်အစိုးရခေတ်) နဲ့ စာရင်တော့ အတော်လေးတိုးလာနေပါပြီ။ အများစုကတော့ ရှေ့မှာတင် ပြခဲ့တဲ့အတိုင်း ရေလက်ကြားနဲ့ ဘာဂင်မြို့ဆီ အရောက်ပြေးကြပါတယ်။ 

တခြားကော ဘယ်နေရာတွေ ရှိသေးလဲ။ အော်စလို တောင်ဘက်နားက Geiranger Fjord ဆိုတဲ့ သိပ်လှတဲ့ ရေလက်ကြားဒေသ ရှိပါသေးတယ်။ အဲဒီကနေ တောင်ပိုင်းဆက်ဆင်းသွားမယ်ဆိုရင် ရေနံမြို့တော် Stavanger မှာ လှပတဲ့ ရေလက်ကြားနဲ့ Preikestole ဆိုတဲ့ ကျောက်တောင်ရှိပါတယ်။ မြောက်ပိုင်းကို သွားမယ်ဆိုရင်တော့ Tromsø မြို့မှာ သန်းခေါင်ယံ နေ (နွေရာသီ)၊ မြောက်ပိုင်းရောင်ခြည် (ဆောင်းရာသီ) တွေကို မြင်ခွင့်ရနိုင်ပါတယ်။ နှင်းကြည့်ချင်သူ၊ စကိတ်စီးချင်သူတွေ အတွက်တော့ နော်ဝေဆောင်းဟာ သိပ်ပျော်စရာ ကောင်းပါတယ်။



နော်ဝေအပြင် အိမ်နီးချင်းနိုင်ငံတွေဆီ ရောက်ဖူးချင်တယ် (တချို့က နိုင်ငံအရေအတွက် များများ ရောက် ချင်) ဆိုရင်လည်း ခုနက တောင်ပိုင်း-မြောက်ပိုင်း ခရီးစဉ်တွေထက် ဈေးပိုသက်သာတဲ့ ပင်လယ်ကူး ဇိမ်ခံ သင်္ဘောတွေစီးပြီး ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင် ကို ၂ ညအိပ်ခရီး၊ တောင်ပိုင်းမြို့ Frederikshavn ဆီ တစ်ညအိပ်ခရီး၊ သို့မဟုတ် ဂျာမနီတောင်ပိုင်းက Kiel မြို့ဆီ၂ ညအိပ်ခရီး သွားနိုင်ပါတယ်။ သင်္ဘောပေါ်မှာ အိပ်တာမို့ ဟိုတယ်ခလည်း ထပ်ကုန်စရာမလိုပဲ နိုင်ငံ ၃ ခုလောက်ကို သီတင်းတစ်ပတ်အတွင်း သွားလည် နိင်မှာဖြစ်ပါတယ်။       ။

Thursday, October 12, 2017

ကမ္ဘာ မှားသလား မြန်မာ မှားသလား

The Voice Daily.
11-Oct-2017.

မတူတဲ့ တုံ့ပြန်မှုများ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအပေါ် နိုင်ငံတကာအမြင်နဲ့ ပြည်တွင်းအမြင် အတော် ကွာနေတာ၊ ပြောင်းပြန်နီးပါး ဖြစ်နေတာကို စာဖတ်ပရိသတ်တွေ သိပြီးဖြစ်မှာပါ။ ဘာကြောင့် ဒီလို ကွာနေတာလဲဆိုတာကို မပြောခင် ဘယ်လိုကွာနေသလဲ ဆိုတာကို အရင်လေ့လာကြည့်ရအောင်ပါ။


အများမြင်သာတဲ့ ဥပမာကို ထုတ်ပြရမယ်ဆိုရင် နိုင်ငံတကာ မီဒီယာတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ၊ ကုလ သမဂ္ဂ အရာရှိတွေက မြန်မာအစိုးရ ခေါင်းဆောင် (တပ်မတော်ကို အမိန့်ပေးခွင့် ရှိ၊ မရှိက တစ်ပိုင်းပါ) ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြင်းအထန် ဝေဖန်နေပြီး အထူးသဖြင့် ဗြိတိန်ဘက်ကဆိုရင် အောက်စဖို့ဒ် တက္ကသိုလ်မှာ ချိတ်ထားတဲ့ပန်းချီကားကို ဖြုတ်ချ၊ င်္Freedom of the City ဆုကို ပြန်ရုပ်သိမ်းတဲ့အထိ ပြင်ဆင်နေပါတယ်။

ဒါက ဂုဏ်သိက္ခာပိုင်းအရ မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းအပေါ် ထိခိုက်မှုတွေပါ။ လက်တွေ့ အရေးယူမှု အနေနဲ့ကတော့ ဒီဖြစ်စဉ်မှာ အဓိက တာဝန်ရှိတဲ့ မြန်မာစစ်ခေါင်းဆောင်တွေ၊ ရခိုင်နိုင်ငံရေးသမားတွေကို ပိတ်ဆို့အရေးယူမှု လုပ်ဖို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂဘက်က စတင်ကြိုးစားနေပြီလို့ သိရပါတယ်။ 

ဒါပေမဲ့ မြန်မာနိုင်ငံတွင်းက ပြည်သူတချို့ရဲ့ တုံ့ပြန်မှုကတော့ နိုင်ငံတကာ တုံ့ပြန်မှုနဲ့ တကယ့်ကို တခြားစီ။ နိုင်ငံတကာရဲ့ ပြောဆိုမှုတွေကို လက်မခံနိုင်ကြောင်း၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အဝ ထောက်ခံကြောင်း လူထုစုဝေးပွဲ၊ ဟောပြောပွဲတွေ အခုရက်ပိုင်း ဆက်လုပ်နေတာကိုသာ တွေ့နေရပါတယ်။ 

မန္တလေး၊ မကွေးနဲ့ တနင်္သာရီတိုင်းက ဟောပြောပွဲတွေကို လေ့လာမိသလောက်ကတော့ နိုင်ငံတကာ သတင်းဖော်ပြမှုတွေ မှားယွင်းနေတယ်၊ ဘင်္ဂါလီတွေဘက်ကို ဘက်လိုက်မှု ရှိနေတယ်။ ကုလသမဂ္ဂလည်း ဘက်လိုက်နေတယ်။ ဒါကြောင့်မို့ ဆုတွေ ရုပ်သိမ်းလည်း ဂရုမစိုက်ဘူး။ ပြည့်အင်အားဟာ ပြည်တွင်းမှာ သာ ရှိတယ်။ ခေါင်းဆောင်နဲ့ပြည်သူ တစ်သားတည်းရှိရင် နိုင်ငံတကာ ဖိအားကို ဂရုစိုက်စရာ မလိုဘူး။ ဒေါ်အောင်ဆန်းစုကြည်နောက်မှာ အားလုံး အတူတကွ ရပ်ပါ။ We Stand Togather, We Stand with you ဆိုတာတွေကို တွေ့ရပါတယ်။

အရင် စစ်အစိုးရခေတ်ကလည်း နိုင်ငံတကာ ဖိအား များလာရင် ဒီလိုပွဲမျိုး လုပ်လေ့ရှိတာမို့ နည်းနာအသစ် မဟုတ်ပါဘူး။ ဒါပေမဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဦးဆောင်တဲ့ ရွေးကောက်ခံ အစိုးရသစ်က ဘာကြောင့် နည်းဟောင်းကြီးကို ဆက်သုံးနေတာလဲ။ ဒီထက်ကောင်းတဲ့နည်း၊ ဒီထက် ခေတ်မီပြီး ပိုထိရောက်မယ့် နည်း၊ ၂၁ ရာစုနဲ့ နိုင်ငံတကာ အခင်းအကျင်းနဲ့ကိုက်မယ့် နည်းနာသစ်တွေ မရှိတော့ဘူးလား။


ဘယ်လိုမတူတာလဲ

နိုင်ငံတကာနဲ့ မြန်မာတွေအကြား အဓိက မတူတဲ့အချက်ကတော့ ဘင်္ဂါလီတွေ (နိုင်ငံတကာ မီဒီယာ အခေါ် ရိုဟင်ဂျာ) အပေါ် ဘယ်လိုသဘောထားသလဲ ဆိုတဲ့အချက် ဖြစ်ပါတယ်။ နိုင်ငံတကာ လူ့အခွင့် အရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂဘက်က လူသားချင်း စာနာတဲ့ထောင့်သက်သက်ကနေ ပြောနေပြီး မြန်မာတွေဘက်ကတော့ အချုပ်အခြာ အာဏာတို့၊ အမျိုး-ဘာသာ သာသနာတို့ဘက်ကနေ အလေးပေး ပြောနေတယ်လို့ စာရေးသူက မြင်ပါတယ်။ 

ဒီလို အခြေခံရပ်တည်ချက် ကွာတဲ့အတွက် နိုင်ငံတကာ မီဒီယာသမားတစ်ဦးရဲ့အမြင်နဲ့ ဗုဒ္ဓဘာသာ-မြန်မာ မီဒီယာသမားတစ်ဦးရဲ့အမြင် ကွာကောင်း ကွာနေနိုင်ပါတယ်။ တကယ်တော့ မီဒီယာသမားတွေတင် မကပါဘူး။ မြန်မာပညာရှင်တွေ၊ မြန်မာအကဲခတ် ဝေဖန်သူတွေရဲ့လေသံထဲမှာလည်း အချုပ်အခြာအာဏာ၊ အမျိုးဘာသာ-သာသနာ၊ အမျိုးသားရေး စိတ်ဓာတ်တွေရဲ့ အငွေ့အသက်တွေကို တွေ့နေရပါတယ်။

လူထုကိုပညာပေးနေတဲ့ ပညာရှင်တွေ၊ မီဒီယာသမားတွေမှာတောင် ဒီလို အမြင်ရှိနေရင် သာမန် အရပ် သားတွေဆို ပိုဆိုးပြီပေါ့။ စာရေးသူ တွေ့မိသလောက် သာမန် အရပ်သားတွေကတော့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကိုကြားတာနဲ့ အဲဒီလူမျိုး မြန်မာနိုင်ငံမှာ မရှိဘူး။ ဒီလူတွေကို လက်မခံနိုင်ဘူးဆိုပြီး တန်းပြော တော့တာပါပဲ။ ဆိုတော့ ဒီကိစ္စပြေလည်အောင် ဘယ်လိုဖြေရှင်းရင် ကောင်းမလဲဆိုတဲ့အဆင့်ထိတောင် ဆွေးနွေးလို့ မရခဲ့ပါဘူး။ ဒါ ဒုက္ခသည်အဖြစ် တတိယနိုင်ငံတွေဆီ ရောက်နေတဲ့လူတွေပါ။ မြန်မာနိုင်ငံ အတွင်းမှာနေပြီး အမျိုးသားရေး စိတ်ဓာတ် တက်ကြွနေသူတွေဆို ပိုဆိုးမှာပေါ့။

ဒါက ပဋိပက္ခမှာ ကိုယ်တိုင် ပါဝင်နေသူ (မြန်မာနိုင်ငံသားတိုင်း ဒီပဋိပက္ခမှာ ပါဝင်နေဟုယူဆ)နဲ့ ဘာမှ မဆိုင်ဘဲ ပြင်ပကမ္ဘာကနေ သီးခြား လာပြီး လေ့လာသူတို့အကြား မတူညီတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေခံ အချက်ပါ။ ကဲ- သတင်း အချက်အလက်ပေါ် အခြေခံတဲ့ အချက်တွေမှာကော ကမ္ဘာ့သတင်းနဲ့ မြန်မာ့ သတင်းက ဘယ်လို ကွာနေရပြန်တာလဲ။ 

မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက တိုက်ခိုက် သတ်ဖြတ်လို့ ဘင်္ဂါလီတွေ ရာနဲ့ချီ သေတာကြောင့် အိုးအိမ်စွန့်ပြီး နယ်စပ်ဖြတ်ကျော် ထွက်ပြေးရတာ အခု ဘင်္ဂလားဒေ့ရှ်ထဲ ၅ သိန်းကျော်နေပြီ။ မြန်မာတပ်သားတွေက အိမ်တွေကိုလည်း မီးရှို့တယ်။ ဘင်္ဂါလီ အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်။ ဒါကြောင့် ထွက်ပြေးကြတာ လမ်းမှာ လှေမြုပ်လို့သေသူ၊ အစာငတ်လို့ သေသူတွေလည်း မနည်းဘူး။ ဒီအတွက် မြန်မာအစိုးရကို အရေးယူမှဖြစ်မယ်လို့ နိုင်ငံတကာ မီဒီယာတွေက ရေးသားဖော်ပြနေကြပါတယ်။

မြန်မာ့အလင်းနဲ့ အစိုးရအာဘော် မီဒီယာတွေကို ကြည့်မယ်ဆိုရင်တော့ ဒီဖြစ်စဉ်ကြီးတစ်ခုလုံးဟာ ARSA (Arakan Rohingya Salvation Army) က ကြိုတင်စီမံ အကွက်ဖော်ခဲ့တာ ဖြစ်တယ်။ ဒီဒေသမှာ မွတ်ဆလင်- လွတ်မြောက်နယ်မြေ ထူထောင်ဖို့ စနစ်တကျ အကွက်ချ ဖော်ဆောင်ခဲ့တာဖြစ်တယ်။ ဘင်္ဂါလီတွေဟာ သူတို့အိမ်သူတို့ မီးရှို့ပြီး ထွက်ပြေးတယ်။ တကယ် နစ်နာသူက ဘင်္ဂါလီတွေ မဟုတ်ဘဲ ရခိုင်တိုင်းရင်းသားတွေသာ ဖြစ်တယ်။ အထူးသဖြင့် ဟိန္ဒူဘာသာဝင်တွေဟာ ရာနဲ့ချီပြီး ARSA ရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတယ်။ ဟောဒီမှာ အစုအပြုံလိုက်မြှုပ်ထားတဲ့အလောင်း တွေ တွေ့လား။ ဒါတွေကို နိုင်ငံတကာ မီဒီယာတွေက ဘာကြောင့် မဖော်ပြတာလဲဆိုပြီး မေးခွန်းထုတ်ထားတာ တွေ့ရပါလိမ့်မယ်။

စာဖတ်သူတွေကော ဘယ်လို အမြင်ရှိကြပါသလဲ။ ပြည်တွင်းမီဒီယာရော၊ ပြည်ပမီဒီယာပါ နှစ်ခုစလုံး ကြည့်ဖြစ်၊ ဖတ်ဖြစ်ကြပါရဲ့လား။ ပြည်တွင်း- ပြည်ပ သတင်းထောက်တွေက ဘယ်နေရာတွေကနေ သတင်းယူပြီး ရေးသားဖော်ပြနေကြတာလဲ ဆိုတာကိုကော သတိထားမိကြပါရဲ့လား။ ကော့ဘဇား သတင်းထောက်နဲ့ နေပြည်တော်သတင်းထောက်ပဲ များနေပြီး တကယ်ပြဿနာဖြစ်နေတဲ့ ဘူးသီးတောင်၊ မောင်တောမှာ နှစ်ဖက်သတင်းထောက်တွေ မရှိတာဟာ တကယ့် အားနည်းချက်ပါပဲ။


ဘယ်လိုအဖြေရှာမလဲ

သတင်းသမား တစ်ဦးအနေနဲ့ ပြောရမယ်ဆိုရင်တော့ ကော့ဘဇား သတင်းထောက်နဲ့ နေပြည်တော် သတင်းထောက်တွေကို ဘူးသီးတောင်၊ မောင်တောဆီ အရင်ဆုံး သတင်းယူခွင့်ပေးရေးပါ။ သတင်းယူခွင့် မပေးဘဲ BBC လိမ်နေသည်၊ VOA ညာနေသည်ဆိုပြီး စစ်အစိုးရခေတ် လက်ကျန်တီးလုံးတွေနဲ့ ဆက်က နေလို့ မဖြစ်ပါ။ ဒီလို သတင်းယူခွင့်ပေးမှ နိုင်ငံတကာ ပရိသတ်က အဖြစ်မှန်ကို သိခွင့်ရပါလိမ့်မယ်။ ဟောဒီမှာ ဟိန္ဒူအလောင်းတွေ မတွေ့ဘူးလားဆိုပြီး စစ်တပ်ဘက်က သတင်းထုတ်ပြန်နေရုံနဲ့ နိုင်ငံတကာ မီဒီယာရဲ့ စိတ်ဝင်စားမှုကို မရနိုင်ပါ။

ဒုတိယကတော့ ကုလသမဂ္ဂဘက်က တောင်းဆိုနေတဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ အဲဒီဒေသဆီ ဝင်ခွင့်ပေးရေးပါ။ လောလောဆယ် ဝင်ခွင့်မပေးနိုင်သေးဘူး ဆိုရင်လည်း နိုင်ငံတကာက လက်ခံနိုင် လောက်တဲ့ ဆင်ခြေမျိုးပေးဖို့ လိုပါတယ်။ အဲလိုမဟုတ်ဘဲ အရင်စစ်အစိုးရခေတ်ကနည်းအတိုင်း “ဘူး” ခံနေမယ်ဆိုရင်တော့ မဟုတ်တာလုပ်ထားလို့ UN ကို ဝင်ခွင့်မပေးတာ ဖြစ်မှာပေါ့ဆိုပြီး အရင်ခေတ်လိုပဲ အမြင်ခံနေရဦးမှာ ဖြစ်ပါတယ်။

တတိယကတော့ ဒီဖြစ်စဉ်အပေါ် အပြင်းအထန် ဝေဖန်နေတဲ့ လူ့အခွင့်အရေးသမားတွေ၊ သတင်းမှားတွေ၊ ဘက်လိုက်သတင်းတွေ ဖော်ပြနေတယ်ဆိုတဲ့ မီဒီယာကြီးတွေ၊ နိုင်ငံတကာ အစိုးရတာဝန်ရှိသူတွေကို အစိုးရဘက်က ဖိတ်ခေါ်ပြီး အသေအချာ ဆွေးနွေးတင်ပြသင့်ပါတယ်။ နိုင်ငံတကာဖိအား ဂရုစိုက်စရာ မလိုဘူးဆိုပြီး လူစုအော်ပွဲ လုပ်နေရုံနဲ့ မရပါ။ အဲဒီလူစုအော်ပွဲတွေဟာ နိုင်ငံတကာ ဖိအားကို လျော့ကျ မသွားစေတဲ့အပြင် ဘေးထွက်ဆိုးကျိုးအဖြစ် အမျိုးသားရေး အစွန်းရောက် စိတ်ဓာတ်တွေ များလာစေပြီး စစ်အစိုးရခေတ်ကလို ကိုယ့်ရွာကို ခြံအသေကာတဲ့ စိတ်၊ ခြေရာခွက်ထဲ လသာတဲ့စိတ်၊ Isolationism ခေတ်ဆီ တွန်းပို့သွားနိုင်ပါတယ်။

ဒီအတွက် အစိုးရဘက်က ဘာတွေ ဆောင်ရွက်နေသလဲ။ တစ်လောက (အောက်တိုဘာ ၄ ရက်) တော့ တစ်ချိန်လုံး ငြိမ်သက်နေတဲ့ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ကိုယ်တိုင် ရှေ့ထွက်လာပြီး မြန်မာမီဒီယာ သမားတွေနဲ့ ဆွေးနွေးပွဲတစ်ခု လုပ်ခဲ့တာကို တွေ့ရပါတယ်။ နိုင်ငံတကာ မီဒီယာတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက သတင်းအမှားတွေ၊ လိုရာဆွဲဖော်ပြနေမှုတွေကို ဘယ်လို တုံ့ပြန်ဆောင်ရွက်ရင် ကောင်းမလဲပေါ့။ ဒီလိုဆွေးနွေးဖို့ စိတ်ကူးရတာကို ကြိုဆိုရမှာဖြစ်ပေမယ့် ဘာကြောင့် ဒီလောက်အထိ နောက်ကျခဲ့ရသလဲ ဆိုတာကတော့ မေးခွန်းထုတ်စရာပါ။

တကယ်ဆို ပြန်ကြားရေးအောက်မှာ (ဘေးတိုက်တွဲထားတာလည်း ဖြစ်နိုင်ပါတယ်) စိတ်ဓာတ်စစ်ဆင်င် ရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာနဆိုတာ ရှိပြီးသား မဟုတ်ပါလား။ နိုင်ငံတကာမှာ မြန်မာပြည်ဆိုင်ရာ သတင်းတွေကို ဘယ်လိုရေးသားဖော်ပြနေသလဲ၊ ဘယ်လိုတုံ့ပြန်ရမလဲ၊ တစ်နည်းအားဖြင့် နိုင်ငံတကာ မီဒီယာထိုးနှက်ချက်ကို ဘယ်လိုနည်းနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ပြန်လုပ်ရမလဲ။ ဘယ်လို ဝါဒဖြန့်ရမလဲ ဆိုတာကို ဒီဌာနက တစ်ချိန်လုံး ပြင်ဆင်နေရမှာပေါ့။ အခုတော့ အဲလိုမစဉ်းစားဘဲ မြန်မာအချင်းချင်း ကြားမှာ ဝါဒဖြန့်ဖို့လောက်သာ စိတ်ဝင်စားနေလို့ အခုလို ခံရတာဆိုပြီး မိတ်ဆွေ မီဒီယာသမားတချို့က ဝေဖန်ပါတယ်။

ဒါက ပြန်ကြားရေးဝန်ကြီးဌာန။ နိုင်ငံခြားရေး ဝန်ကြီးဌာနကော ဘာတွေ ဆောင်ရွက်နေပါသလဲ။ သူက သံတမန်လုပ်ငန်းဆိုတော့ ပြန်ကြားရေးလို မီဒီယာအပေါ် ထုတ်ပြောဖွယ်မရှိပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ နော်ဝေရှိ မြန်မာသံအမတ်တစ်ဦးပဲ ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး နော်ဝေ မီဒီယာတွေရဲ့အမေးကို ရဲရဲဝံ့ဝံ့ ဖြေကြားသွားတာ တွေ့ရပါသေးတယ်။ တကယ်ပြောရမယ့် အမေရိကန်၊ UN နဲ့ ဗြိတိန်ရှိ မြန်မာသံအမတ် တွေ CNN, BBC တို့ကို ဘာမှပြန်မပြောတာ (ပြောတာကို TV မှာမတွေ့မိ) ဟာ မေးခွန်းထုတ်စရာပါပဲ။

နိုင်ငံတကာမှာရောက်နေတဲ့ သာမန် အရပ်သားတွေတောင် မွတ်ဆလင်- ဘင်္ဂါလီ လူနည်းစုအပေါ် ဗုဒ္ဓဘာသာ မြန်မာ လူအများစုက ဖိနှိပ်ညှဉ်းပန်းနေတယ် ဆိုတဲ့မေးခွန်းတွေနဲ့ နေ့စဉ် ကြုံနေရရင် သံတမန် တွေက ပိုကြုံ ရမှာပေါ့။ ဒီမေးခွန်းကို သူတို့ ဘယ်လိုဖြေဆိုနေကြသလဲ။ ဝေဖန်သူတွေကတော့ အရင် ခေတ်လက်ကျန် သံတမန်တွေဟာ Proactive (ကြိုတင်လှုပ်ရှားမှု) မဖြစ်ဘဲ အပေါ်က အမိန့်လာမှ တာဝန်ကျေအလုပ်လုပ်တဲ့ Reactive သမားတွေ များနေဆဲလို့ ပြောကြပါတယ်။

အနှစ်ပြန်ချုပ်ရရင်တော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုတာဟာ တပ်မတော်နဲ့ NLD ပါတီကြား ပြေလည်ရေးတစ်ခုတည်း မဟုတ်ပါ။ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးနေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ အဆင်ပြေအောင် ဆက်လုပ်ဖို့လိုသလို နိုင်ငံတကာနဲ့ ပြေလည်အောင် ဆက်ဆံရေးဟာလည်း အရေးကြီးလှပါတယ်။ အခုပဲ နိုင်ငံတကာဘက်က စီးပွားရေး ပိတ်ဆို့မှု လုပ်မယ်လို့ လေသံပစ်နေပါပြီ။ NLD အစိုးရခေတ်မှာ အနောက်နိုင်ငံတွေနဲ့ အဆင်ပြေမယ်၊ စီးပွားရေး ပိတ်ဆို့မှု မရှိတော့ဘူး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတော့မယ် ဆိုတဲ့စိတ်ကူးကို ပျက်သွားစေနိုင်ပါတယ်။ 


ဒီလိုအချိန်မှာ နိုင်ငံတကာဘက်က ပြောချင်ရာပြော၊ ငါတို့ဂရုမစိုက်ဘူးဆိုပြီး လူစုအော်နေလို့မရပါ။ ဘေး ထွက်ဆိုးကျိုးအဖြစ် အမျိုးသားရေး အစွန်းရောက်စိတ်တွေ ထိန်းမနိုင် သိမ်းမရ ဖြစ်လာရင် သက်တမ်း ၂ နှစ် မပြည့်သေးတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် တစ်ခုလုံး ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် ၂၁ ရာစု သံတမန်ဆက်ဆံရေး နည်းနာတွေသုံးပြီး နိုင်ငံတကာနဲ့ ပြေလည်မှု အမြန်ပြန်ရအောင် အင်အားစုအားလုံး လက်တွဲဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။ ။

Monday, October 9, 2017

ကြီးထွားလာနေသော အမျိုးသားရေးဝါဒက မြန်မာ့နိုင်ငံရေး မြင်ကွင်းသစ်ကို ပုံဖော်နေသည်

By သန့်မြင့်ဦး 9 October 2017

(အားလုံး ဖတ်သင့်တယ်လို့ ယူဆတဲ့အတွက် ဧရာဝတီမှ ကူးယူဖေါ်ပြထားပါသည်)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သိန်းနှင့် ချီသော ဒုက္ခသည်များ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးကြခြင်း နှင့် လူမျိုးဖြုတ်သန့်စင်ခြင်း စွပ်စွဲချက်များ အပါအဝင် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ဒေသမှ ပဋိပက္ခများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခြင်းမှတဆင့် မြန်မာနိုင်ငံအရေးကို လတ်တလော ရက်သတ္တပတ်များအတွင်း၌ အာရုံစိုက်လာခဲ့ သည်။


သို့သော်လည်း ဒုက္ခသည်များ နေရပ်သို့ပြန်လာနိုင်ရေး အနာဂတ်ရွေးချယ်စရာများကို ပုံဖော်နိုင်သည်သာမက ဒေသတွင်း တည်ငြိမ်ရေးနှင့် နိုင်ငံအတွင်းမှ ပြည်သူများအားလုံး ပိုမိုကောင်းမွန်သော ဘဝတခုရရှိရေးအတွက် ဖြစ်နိုင်ချေဟူသမျှ ပါဝင်ပြီး ရခိုင်ပြည်နယ် တခုတည်းအတွက်သာဟုတ်ဘဲ ပိုမိုကျယ်ပြန့်စွာ သုံးသပ်သည့် အမြင်က ပျောက်ဆုံးနေသည်။

ရခိုင်ပြည်နယ်ကို ထည့်တွက်ခြင်း မပြုခဲ့လျှင်ပင် မြန်မာနိုင်ငံတွင်းတွင် စစ်ဘေးကြောင့် နေရပ်စွန့်ခွာခဲ့ရသူ နောက်ထပ် အနည်းဆုံး သန်းဝက်ခန့်ရှိပါသည်။ နိုင်ငံ၏ အခြားနေရာများတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၂၀ ကျော် (အကြီးဆုံး လက်နက်ကိုင် အဖွဲ့သည် အင်အား ၂ သောင်းကျော် ရှိသည်) နှင့် ရာနှင့်ချီသော ပြည်သူ့စစ်အဖွဲ့များ ရှိနေ ပါသည်။ စစ်မှန်သော ငြိမ်းချမ်းရေးကို မမြင်တွေ့ရပါ။ ထို့ပြင် ဘဏ်လုပ်ငန်းကဏ္ဍ၏ တည်ငြိမ်မှုက မေးခွန်းထုတ်ဖွယ်ရာ ရှိနေခြင်း၊ ရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်စိတ်ချမှုကျဆင်းနေခြင်း၊ သန်းနှင့်ချီသော အဆင်းရဲဆုံး ပြည်သူများအတွက် အလားအလာများက မရေမရာ ဖြစ်နေခြင်းနှင့် အတူ စီးပွားရေးကလည်း အခြေအနေကောင်းများနှင့် ဝေးကွာနေသည်။ ထိုအချိန်တွင် တရုတ်အစိုးရက အဓိကကျသည့် အခြေခံ အဆောက်အဦး စီမံကိန်းများ ကမ်းလှမ်းနေပြီး အဆိုပါ စီမံကိန်းများက မြန်မာနိုင်ငံကို တရုတ်နိုင်ငံ၏ အတွင်းပိုင်း ပြည်နယ်များနှင့် ပိုမိုနီးကပ်သွားစေမည် ဖြစ်သလို မြန်မာနိုင်ငံက တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာသို့ တံတားဖြစ်လာစေမည် ဖြစ်သည်။

လက်ရှိအခြေခံဥပဒေက တပ်မတော်ကို လုံခြုံရေးနှင့် ပတ်သက်၍ အရေးပါသော အခွင့်အာဏာကို ပေးထားပြီး ရွေးကောက်ခံ အရပ်သား အစိုးရအနေဖြင့် စီးပွားရေးကိစ္စများနှင့် နိုင်ငံခြား ဆက်ဆံရေးများကိုသာ လွတ်လပ်စွာ စီမံခွင့် ပြုထားသည်။ ထိုသို့ရှိနေခြင်းက စိတ်ကျဉ်းကျပ်ဖွယ်ရာ ပေါင်းစပ်မှုတခု ဖြစ်စေခဲ့သည်။ နောက်လာမည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် အောင်မြင်ရေးနှင့် နောက်ထပ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရေးတို့က အာမခံချက်ရှိရန် ဝေးကွာနေဆဲ ဖြစ်ပါသည်။

မြန်မာပြည်သူတို့အတွက် လက်ရှိအချိန်သည် စိုးရိမ်ပူပန်စရာ ကာလတခု ဖြစ်ပါသည်။ ပြုပြင်ပြောင်းလဲရေး၏ လျှင်မြန်မှုတွင် သူတို့ မိသားစုများ၏ ဆင်းရဲဒုက္ခများနှင့် အခွင့်အလမ်းများ မရရှိဘဲ သူတို့ကျန်ခဲ့မည်ကို သန်းပေါင်းများစွာသော ပြည်သူများက စိုးရိမ်နေကြသည်။ ယခုအခါ ဤသန်းပေါင်းများစွာသော ပြည်သူများက အင်တာနက်ပေါ်သို့ရောက်ရှိနေပြီ ဖြစ်သည်။ ပြီးခဲ့သည့် ၅ နှစ်ကာလအတွင်း မြန်မာပြည်သူတို့၏ မိုဘိုင်းဖုန်း သုံးစွဲနိုင်မှုက အနည်းငယ်မျှသော ရာခိုင်နှုန်းမှသည် ၇၀ ရာခိုင်နှုန်း ကျော်သို့ခုန်တက်သွားခဲ့သည်။ လျှပ်စစ်ဓာတ်အား၊ သန့်ရှင်းသော ရေ သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှု မရရှိနိုင်ခြင်း ကြီးမားစွာရှိနေသော လူဦးရေတခုက ယခုအခါ မြန်မာနိုင်ငံ ၏ တခုတည်းသော ဆိုရှယ်မီဒီယာ ပလက်ဖောင်းဟု ယူဆရနိုင်သည့် facebook ပေါ်သို့ရောက်ရှိလာကြပြီဖြစ်သည်။


မှောင်မိုက်သော ရေစီးကြောင်းသစ်များ

ယခုကဲ့သို့ တနိုင်ငံလုံး အတိုင်းအတာဖြင့် စိုးရိမ် ပူပန်နေရသည့် အချိန်တွင် မြန်မာပြည်၌ ဆိုရှယ်မီဒီယာ၏ အခြေအနေ ပေးမှုက ရခိုင်ပြည်နယ်တွင်ပေါ်ပေါက်လာသည့် ပဋိပက္ခနှင့် ထိုပဋိပက္ခအပေါ် ပြင်ပကမ္ဘာအသိုင်းအဝိုင်း၏ သဘောထား အထူးသဖြင့် ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများက မြန်မာနိုင်ငံ၏ ရန်ဘက်များနှင့်အတူ ရပ်တည်နေခြင်းတို့၏ မီးထိုးပေးမှုကြောင့် အမျိုးသားရေးဝါဒ လက်သစ် (neo-nationalism) တခု ပုံပေါ်လာစေခဲ့သည်။

ပြင်ပကမ္ဘာ၏အမြင်က ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဖြစ်ရပ်များနှင့် ရိုဟင်ဂျာများအပေါ် အဓိကထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များကို အလေးပေးသော်လည်း ပြည်တွင်းမှ အမြင်က ကမ္ဘာ့အသိုင်းအဝိုင်း၏ အမြင်နှင့် ကွဲပြားမှုရှိရုံမျှမက လုံးလုံးလျားလျားပင် ဆန့်ကျင်ဖက်ဖြစ်နေသည်။

မြန်မာနိုင်ငံတွင် ပြည်သူလူထုကသာမက အစိုးရပါ ကြီးမားစွာ အလေးထားခဲ့သည်မှာ ရခိုင် ရိုဟင်ဂျာ ကယ်ဆယ်ရေး တပ် မတော် (ARSA)၏ ခြိမ်းခြောက်မှုနှင့် အစ္စလမ်အစွန်းရောက်ဝါဒအပေါ် စိုးရိမ်မှု ဖြစ်သည်။ သြဂုတ်လ ၂၅ ရက်နေ့တွင် ARSA က စတင်တိုက်ခိုက်ခဲ့သည့် အချိန်မှ စ၍ မြန်မာနိုင်ငံ၏ ဆိုရှယ်မီဒီယာတွင် ဗုဒ္ဓဘာသာဝင်နှင့် လူနည်းစု ဟိန္ဒူများ အပေါ်တွင် ကျူးလွန်ခဲ့သည်ဟု ယူဆရသော ARSA ၏ အကြမ်းဖက်မှု သတင်းများနှင့် သောင်းချီသော ဗုဒ္ဓဘာသာဝင်များ နှင့် ဟိန္ဒူများ မွတ်ဆလင်အများစုရှိနေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ တောင်ပိုင်းသို့ ထွက်ပြေးခဲ့ကြသည့် အကြောင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

စက်တင်ဘာလနှောင်းပိုင်းတွင် al-Qaeda နှင့် Islamic State (IS) အဖွဲ့ ၂ ခုလုံးက မြန်မာနိုင်ငံတွင် လှုပ်ရှားကြရန် တောင်းဆိုခဲ့ကြခြင်းကြောင့် ရန်ကုန် သို့မဟုတ် မန္တလေးတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်လာမည်ကို လူထုအတွင်း စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။ ကြုံတွေ့ခဲ့ရသည့် ဒုက္ခသည်များ၏ သက်သေခံပြောဆိုမှုများကို အတုအယောင်ထွင် လုံးများ အဖြစ် ပယ်ချခြင်းခံခဲ့ရသည်။ ပြင်ပကမ္ဘာက ရိုဟင်ဂျာတို့၏ လူ့အခွင့်အရေး ကံဆိုးမှုအဖြစ် မြင်ကြသော်လည်း မြန်မာနိုင်ငံအတွင်းတွင် အထူးသဖြင့် ရခိုင်ဗုဒ္ဒဘာသာဝင်များက တရားမဝင် ရောက်ရှိလာသူများအဖြစ်မှ အကြမ်းဖက် သမားများအဖြစ်သို့ ပြောင်းလဲသွားသည့် တိုင်းတပါး ကျူးကျော်မှုတခုဟု မြင်ကြသည်။

ပြန်လည်ပေါ်ပေါက်လာသည့် အမျိုးသားရေးဝါဒ လက်သစ်တခုက ပုံပေါ်လာနေသည်။ သို့သော်လည်း ပီပီပြင်ပြင် ရှိမနေ သေးပါ။ မြန်မာနိုင်ငံမှ များပြားစုံလင်သည့် လူနည်းစုများ၊ ဒီမိုကရက်တစ် အနောက်တိုင်းနှင့် တရုတ်နိုင်ငံတို့နှင့် ဆက်ဆံရေး အပြင် မြန်မာ့ ဒီမိုကရေစီ သဘောတရား အပေါ်တွင် ၎င်းသဘောထားများက မရေရာသေးပါ။


အပယ်ခံ ရခိုင်

ရခိုင်ပြည်နယ်မြောက်ပိုင်းသည် ကမ္ဘာပေါ်တွင် သက်တောင့်သက်သာမရှိဆုံး နေရာများထဲမှ တခုဖြစ်ပါသည်။ ငလျင်ဇုန် အတွင်း ကျရောက်သည့် ဒေသတခု၊ ဖျက်စွမ်းအားကြီးသောဆိုင်ကလုံး မုန်တိုင်းများ ရင်ဆိုင်ရလေ့ ရှိသည့်ဒေသတခု ၊ မုတ်သုံရာသီအတွင်းတွင် တလလျှင် မိုးရေချိန် တမီတာ နီးပါး အထိ ပြင်းထန်စွာ ရွာသွန်းတတ်သည့် ဒေသတခု ဖြစ်ပါ သည်။

၁၉၄၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက အိန္ဒိယ၊ ဂေါ်ရခါး၊ အင်္ဂလိပ်နှင့် အနောက် အာဖရိကသားများက ဂျပန်များနှင့် Admin Box အမည်ရှိတိုက်ပွဲကို တိုက်ခိုက်ခဲ့သည့် နေရာဖြစ်သည်။ ယဉ်ကျေးမှုကွဲပြားခြင်းများ ကာလရှည်ကြာစွာ ရှိခဲ့သည့်နေရာ ဖြစ်သည်။ ရှေးခေတ်နှင့် ဆိုင်သည့် မြန်မာရာဇဝင်များတွင် ထိုဒေသအတွင်း၌ လူသားများနှင့် ဘီလူးများ ရင်ဆိုင် ဆုံတွေခဲ့ကြသည်။ ရှေးခေတ် အိန္ဒိယများအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းရှိ Meghna မြစ် အလွန်တွင် ရှိသည့် မြေများသည် Pandava barjita နယ်ဖြစ်သည်။ လူရိုင်းတို့၏ နယ်မြေဖြစ်ပြီး အမျိုးကို မလေးစားသည့် ဟိန္ဒူများသာ သွားကြမည့် ဒေသတခု ဖြစ်သည်။

ကွဲပြားသည့် လက်နက်ကိုင်ပုန်ကန်မှုနှင့် ဒုက္ခသည် ပြဿနာတခု အပြင် ၁၈၂၄ ခုနှစ်တွင် ဗြိတိသျှတို့၏ အရှေ့အိန္ဒိယ ကုမ္ပဏီက မြန်မာ ဘုရင့်နိုင်ငံကို ကျူးကျော်ဝင်ရောက်ခဲ့သည်မှာလည်း ဤနေရာပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရခိုင် ဒေသကို အနောက်တံခါး ဟု ယခုတိုင်သိကြဆဲ ဖြစ်သည်။

ရခိုင်သမိုင်း၏ အစောပိုင်းကို အနည်းငယ်မျှသာ နားလည်ကြသေးသည်။ သို့သော်လည်း သေချာသည်က ၁၄၀၀ နှစ်များ အတွင်း ယနေ့ခေတ် စစ်တကောင်းမှ ကပ္ပလီ ပင်လယ်အထိ ကျယ်ဝန်းသော ဘုရင့် နိုင်ငံငယ်တခု အဖြစ် ရှိနေပြီ ဖြစ်သည်။ ရခိုင်ဘုရင်များက မြန်မာစကားနှင့် အနည်းငယ်ကွဲပြားသည့် ပုံစံမျိုး ဖြစ်သော ရခိုင်စကား ပြောကြသည်။ သူတို့သည် တင့်တယ်လှပသော စေတီပုထိုးများကို တည်ထားခဲ့သော ဗုဒ္ဒဘာသာများလည်း ဖြစ်ကြသည်။ သို့သော်လည်း ရခိုင်ဘုရင်များသည် ကမ္ဘာအရပ်ရပ်နှင့် ဆက်ဆံတတ်သူများ ဖြစ်ကြသည်။ အချို့က ဘင်္ဂါလီ- မွတ်ဆလင် နှင့် မြန်မာ-ပါဠိ ဘွဲ့အမည်များ ၂ လုံး ခံယူခဲ့ကြသည်။ ဒတ်ခ်ျကုန်သည်ကို လက်ခံခဲ့ကြသည်။ အာဖဂန် လေးသမားများနှင့် ဂျပန်နိုင်ငံမှ ရောက်လာသည့် ဆာမူရိုင်းများကို ကိုယ်ရံတော်များအဖြစ် ခန့်အပ်ခဲ့ကြသည်။ သက်တော်စောင့် ခန့်ကြသည်။ ဖမ်းမိလာသည့် ပေါ်တူဂီ ပင်လယ်ဓါးပြများနှင့် ဘင်္ဂါလီ ကျေးကျွန်များကို ယခုအခါ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ဖြစ်လာမည့် ဒေသများသို့ ပို့ ဆောင်ခဲ့ကြသည်။

ဧရာဝတီမြစ်ဝှမ်းမှ ရောက်လာသည့် ဗမာ လူမျိုးများက ၁၇၈၅ ခုနှစ်တွင် ရခိုင်ဒေသကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့နောက် ဗြိတိသျှကိုလိုနီခေတ်ရောက်သည့် အခါ ယခင်ကထက် ပို၍ ဝင်ငွေရရန် စိတ်အားထက်သန်နေသည့် ဗြိတိသျှတို့က ကိုလိုနီခေတ် အရာရှိတဦး ပြောခဲ့သလို“အလွန် ခြိုးခြံ၍ အလုပ် အလွန်ကြိုးစားသော စစ်တကောင်းဒေသမှ ဘင်္ဂလီ မွတ်ဆလင်များ” သိန်းနှင့် ချီ၍ ရွှေ့ပြောင်းဝင်ရောက်လာခြင်းကို အားပေးခဲ့သည်။ မြန်မာနိုင်ငံ၏ အခြားနေရာများမှ လာရောက် အခြေချသူ ဗမာများလည်း ရောက်ရှိလာခဲ့ရာ ၁၉၁၀ ခုနှစ် ရောက်သည့် အချိန်တွင် ရခိုင်လူမျိုးများမှာ သူတို့၏ ကိုယ်ပိုင်မြေပေါ်တွင် လူနည်းစု ဖြစ်လာခဲ့ရသည်။

ယနေ့ခေတ်ဆိုလျှင် ဂလိုဘယ်လိုက်ဇေးရှင်းကို ဆန့်ကျင်ခြင်းနှင့် ရွှေ့ပြောင်း ဝင်ရောက်မှုကို ဆန့်ကျင်ခြင်းဟု ကျနော်တို့ ခေါ်ကောင်းခေါ်နိုင်မည့် မြန်မာအမျိုးသားရေးဝါဒက တချိန်တည်းနီးပါးတွင် မွေးဖွားလာခဲ့သည်။ ၁၉ ရာစု နှောင်းပိုင်းနှင့် ၂၀ ရာစု အစောပိုင်းများတွင် ဘင်္ဂါလီမွတ်ဆလင်များက ရခိုင်ပြည်နယ်အတွင်းသို့ ကုန်းလမ်းမှ ဝင်ရောက်လာကြသလို အိန္ဒိယတိုက်ငယ်အတွင်းမှ အခြားသူ သန်းပေါင်းများစွာကလည်း ပင်လယ်ပြင်မှတဆင့် ရေကြောင်းလမ်းမှ ဝင်ရောက်လာခဲ့ကြသည်။ ကိုလိုနီစီးပွားရေးလည်း ခုန်တက်သွားခဲ့ရသည်။ သို့သော်လည်း မြန်မာများမှာမူ လူမှုအဖွဲ့အစည်းပုံစံသစ်၏ အောက်ခြေနားတွင်သာ ရှိနေခဲ့သည်။

ရခိုင် အမျိုးသားရေးဝါဒက မြန်မာ အမျိုးသားရေးဝါဒနှင့် ဆင်တူခဲ့သည်။ ထေရဝါဒ ဗုဒ္ဒဘာသာအရ ဆက်စပ်မှုများ ရှိနေပြီး ခေတ်ဆန်မှုနှင့် ပြင်ပလူတို့၏ လွှမ်းမိုးမှုကို စိုးရိမ်ရာတွင်လည်း တူညီသည်။ ဂျပန်များ ကျူးကျော်ဝင်ရောက်လာပြီး အရပ်ဖက်အုပ်ချုပ်ရေး ပျက်ပြားသွားရသည့် ၁၉၄၂ ခုနှစ်တွင် ဗုဒ္ဓဘာသာ-မွတ်ဆလင် လူမျိုးရေး ပဋိပက္ခကြောင့် ထောင်နှင့် ချီ၍ သေဆုံးခဲ့ရသည်။ ဂျပန်များက ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများကို လက်နက်တပ်ဆင်ပေးခဲ့ပြီး ဗြိတိသျှတို့က ကင်းထောက်ရေးနှင့် ပျောက်ကြားစစ်ဆင်ရေးများအတွက် V Force တပ်ဖွဲ့ ဖွဲ့စည်းခြင်း၏ တစိတ်တပိုင်း အဖြစ် မွတ်ဆလင်များကို လက်နက်တပ်ဆင်ပေးခဲ့သည်။

စစ်ပြီးသွားသောအခါ ပြည်တွင်းမှ ဘင်္ဂါလီစကားပြော မွတ်ဆလင်အသိုင်းအဝိုင်း ခေါင်းဆောင်များက ရခိုင်ပြည်နယ် မြောက်ပိုင်းကို ပါကစ္စတန်နှင့် ပူးပေါင်းမည့် စိတ်ကူးကို သွေးတိုးစမ်းခြင်းနှင့်အတူ မြန်မာနိုင်ငံအတွင်း သူတို့၏ ကိုယ်ပိုင် နယ်မြေရရှိရေးကို တောင်းဆိုခဲ့ကြသည်။ နောက်ပိုင်း ဆယ်စုနှစ်များ အတွင်းတွင် မူဂျာဟစ်အပါအဝင် အခြားသော လက်နက်ကိုင် ဆူပူမှုများက တိုးလာလိုက် လျော့သွားလိုက်ဖြင့် ရှိနေခဲ့သည်။ ၁၉၇၈ ခုနှစ်နှင့် ၁၉၉၀ ခုနှစ်များတွင် တပ်မတော်၏ ဖြိုခွင်းတိုက်ခိုက်မှုများကြောင့် သိန်းနှင့် ချီသောမွတ်ဆလင် ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။ ၁၉၉၀ ခုနှစ် နောက်ပိုင်းတွင် ရခိုင်ပြည်နယ်သည် အလွန်ဆင်းရဲ၍ အထီးကျန် ဖြစ်နေသော မြန်မာနိုင်ငံအတွင်းတွင် အဆင်းရဲဆုံးနှင့် သီးခြားအဖြစ်ဆုံး နေရာများထဲမှ တခု ဖြစ်လာခဲ့တော့သည်။


တိုင်းရင်းသားအမှတ်သင်္ကေတအတွက် မေးခွန်း

မြန်မာ အမျိုးသားရေးဝါဒီများက သူတို့ရှေ့မှ ဗြိတိသျှ ပညာရှင်များကဲ့သို့ပင် လူမျိုးစုဖြစ်မှုကို (Essentialist view) ထုံးတမ်းစဉ်လာအရ မရှိမဖြစ် သတ်မှတ်ချက်များဖြင့် ချည်းကပ်ကြသည်။ (ကံမကောင်းစွာဖြင့်ပင် ယနေ့ခေတ်မှ နိုင်ငံခြားဆောင်းပါးရှင်များ အားလုံးနီးပါးကဲ့သို့ ဖြစ်သည်။) တိုင်းပြည်ကို ဌာနေတိုင်းရင်းသား (Indegenous) နှင့် အခြားမှရောက်လာသူများ (Alien) ဖြင့် ခွဲခြားကြသည်။ မြန်မာ အမျိုးသားရေးဝါဒ ဗဟိုပြုသည့် အယူအဆတခုမှာ တိုင်းပြည်သည် တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသားများနှင့်သာ သက်ဆိုင်ပြီး ကျန်သည့်သူများမှာ ဧည့်သည်များ ဟူ၍ ဖြစ်သည်။ ဥပမာအားဖြင့် ရှမ်း နှင့် ကချင်တို့သည် ဌာနေတိုင်းရင်းသားများ ဖြစ်ကြသည်။ ၁၇ ရာစုတွင် မန်ချူးတို့၏ ကျူးကျော်မှုကြောင့် ထွက်ပြေးလာသော တရုတ်လူမျိုးများမှ ဆင်းသက်လာသည့် ကိုးကန့်များ၊ တချိန်တည်းလောက်မှာပင် ဘန်ဂေါလ်ဘုရင်ခံ Mughal မင်းသား Shah Shuja နှင့်အတူ လိုက်ပါသည့် အာဖဂန်နွယ်ဖွားများမှ ဆင်းသက်လာသော ကမန်မွတ်ဆလင်များကို တိုင်းရင်းသားများ အဖြစ် သတ်မှတ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ဗြိတိသျှအုပ်ချုပ်ရေး မတိုင်မီ ရောက်ရှိလာသူများ ဖြစ်သောကြောင့်ဖြစ်သည်။ နောက်ပိုင်းမှ ရောက်လာသည့် တမီလ် ခရစ်ယန်များ၊ နီပေါ ဟိန္ဒူများ၊ ယူနန် မွတ်ဆလင်များနှင့် အခြားသူ အများအပြားကိုမူ နေထိုင်ခြင်းကို လက်ခံသော်လည်း သူတို့၏ ယဉ်ကျေးမှုများကို မည်သည့်အချိန်တွင်မှ အလားတူ လက်ခံမည် မဟုတ်ကြောင်း အမျိုးသားရေးဝါဒီများက ပြောကြသည်။

ထို့ကြောင့် ယခုကိစ္စက အမှန်တကယ်တွင် နိုင်ငံသား ကိစ္စမဟုတ်ပါ။ လက်ရှိ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ရွှေ့ပြောင်း ရောက်ရှိလာသူများနှင့် ၎င်းတို့၏ ကလေးငယ်များကို “ဧည့်နိုင်ငံသား” သို့မဟုတ် “နိုင်ငံသား ပြုခွင့်ရသူ” ဟုသာ အသိအမှတ်ပြုခြင်း ခံရမည် ဖြစ်ပြီး နိုင်ငံရေး အခွင့်အရေးများမှ တားဆီးကန့်သတ်ထားသည်။ သို့သော်လည်း တတိယ မျိုးဆက်သို့ ရောက်သည့်အခါ မည့်သည့်လူမျိုးနောက်ခံရှိသူ ဖြစ်စေ (ဥပမာအားဖြင့် ၂၀ရာစု အစောပိုင်းက ရောက်ရှိ လာသည့် ဘင်္ဂလီ မွတ်ဆလင် ရွှေ့ပြောင်း အခြေချသူများ၏ မြေးတော်စပ်သူများ) ကို အပြည့်အဝ နိုင်ငံသား ဖြစ်နိုင်သည့် အခွင့်အရေး ပေးထားသည်။

ယခုပြဿနာမှာ သမိုင်း အယူအဆနှင့် ခွဲခြားမှု ပြဿနာတခုနှင့် ပို၍တူပါသည်။ ယနေ့အချိန်တွင် မြန်မာနိုင်ငံသား အားလုံးနီးပါးက ဘင်္ဂလားဒေ့ရှ် (အရှေ့ပါကစ္စတန်) သည် ကြီးမားသော တရားမဝင် အခြေချမှုများ၏ အရင်းအမြစ်ဟု ယုံကြည်ထားကြသည်။ သူတို့က နယ်စပ်မှ တာဝန်ရှိသူမျာ၏ အကျင့်ပျက်ခြစားမှု နှင့် ဈေးပေါသော အလုပ်သမားများ ရှာဖွေသည့် စီးပွားရေးသမားများ၏ လောဘကို အပြစ်တင်ကြသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ရှိနေသူ အများအပြားမှာ လတ်တလောတွင် တရားမဝင် ရောက်ရှိလာသူများ ဖြစ်ကြသည်ဟု သူတို့က ပြောသည်။ ဗြိတိသျှ ခေတ် တွင် ရွှေ့ပြောင်း ဝင်ရောက်လာသည့် ဘင်္ဂါလီများမှ ဆင်းသက်လာသူ အများအပြားမှာ နိုင်ငံသား ဖြစ်ရန် အရည်အချင်း ပြည့်မီနိုင်ကြောင်း သူတို့က လက်ခံသော်လည်း ဘင်္ဂါလီများက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု သတ်မှတ်ခြင်းကို ခွင့်ပြုရန် ဆန့်ကျင်ကြသည်။

ရိုဟင်ဂျာ ဆိုသည့် စကားလုံးက မြန်မာနိုင်ငံတွင် ရွံမုန်းစရာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဌာနေတိုင်းရင်းသားအဖြစ် တရားဝင် အသိအမှတ်ပြုရန် တောင်းဆိုသည့် သဘောဆောင်သောကြောင့် ဖြစ်သည်။ ၁၇ ရာစုက ကဗျာဆရာ Shah Aloal သို့မဟုတ် ရှေးဟောင်း မြောက်ဦးဘုရင့်နိုင်ငံခေတ်တွင် နန်းတွင်းဆောင်များကို ကြီးကြပ်ရသူနှင့် စစ်ရေးဆိုင်ရာ ဝန်ကြီး ဖြစ်ခဲ့သော Ashraf Khan တို့ကဲ့သို့ ထင်ရှားသော မွတ်ဆလင်များ ရှိခဲ့ခြင်းက အငြင်းပွားစရာ မရှိပါ။ ရခိုင်ပြည်နယ်တွင် ဗြိတိသျှ ခေတ်မတိုင်မီ ရှည်ကြာသော ကာလကတည်းက ကျွန်အဖြစ် ဖမ်းဆီးထားခဲ့သော ဘင်္ဂါလီများက သိသာ မြင်သာသော အရေအတွက်တခုအထိ ရှိခဲ့ခြင်းမှာလည်း ထင်ရှားပါသည်။ မရှင်းလင်းသည်မှာ မည်သူတို့က မည်သူတို့ထံမှ အမှန်တကယ် ဆင်းသက်လာသနည်း ဆိုသည့် ကိစ္စ ဖြစ်သည်။ ဗြိတိသျှတို့က ထိုဒေသအတွင်းမှ မွတ်ဆလင်များကို အာရကန် မဟာမေဒင်များ၊ စစ်တကောင်းသားများ၊ ဇေရဘာဒီများ၊ ကမန်များ၊ ဘင်္ဂါလီ မွတ်ဆလင်များ အစရှိသဖြင့် နာမည် အမျိုးမျိုးဖြင့် ရောထွေးသုံးစွဲခဲ့ကြသည်။

၁၉၅၀ ခုနှစ်များတွင် မွတ်ဆလင်နိုင်ငံရေးသမားများက ကမန်မွတ်ဆလင်များမှ အပ ရခိုင်ဒေသမှ မွတ်ဆလင် အားလုံး အတွက် လူမျိုးစု အမည်အသစ်တခုအဖြစ် ရိုဟင်ဂျာဆိုသော အမည်ကို စတင်သုံးစွဲခဲ့ကြသည်။ ပြီးခဲ့သည့် ဆယ်စုနှစ် အကုန်ပိုင်းတွင် ရိုဟင်ဂျာဆိုသည်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်ဆလင်အားလုံးအတွက် သဘောကျစရာ ဖြစ်လာ ခဲ့သည်။ အနည်းဆုံးတော့ သူတို့ကိုယ်သူတို့ သတ်မှတ်ဖော်ပြရန် ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းက တိုင်းရင်းသား ဖြစ် ကြောင်း တောင်းဆိုနိုင်ရန် အတွက်ဖြစ်သလို ထိုသို့ တောင်းဆိုခြင်းကြောင့် မြန်မာပြည်သူများကလည်း ပြင်းထန်စွာ ကန့်ကွက် ငြင်းပယ်ခဲ့ကြခြင်း ဖြစ်သည်။


နောက်ဆုံး အခွင့်အလမ်း

လွန်ခဲ့သော ၅ နှစ်က အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ရန်ကုန်တက္ကသိုလ်တွင် မြန်မာနိုင်ငံ၏ စုံလင် ကွဲပြားမှု များကို အင်အားတခုအဖြစ် ရှုမြင်ခြင်း၏ အရေးပါပုံ၊ တိုင်းပြည်၏ ပေါ်ထွန်းစ ပြုပြင်ပြောင်းလဲရေးကို လစ်ဘရယ်ကျသည့် အမြင်များနှင့် ပေါင်းစပ်လိမ့်မည်၊ ငြိမ်းချမ်းရေး၊ လွတ်လပ်သော ဈေးကွက်နှင့် ဒီမိုကရေစီသို့ ဦးတည်သော အားထုတ်မှုများကို အားလုံးလက်တွဲ၍ ဆောင်ရွက်သွားလိမ့်မည်ဟု မျှော်လင့်ချက်တခု ရှိနေကြောင်း ပြောကြားခဲ့သည်။ သတိမပြုမိဘဲ ကျန်ရစ်ခဲ့သည်မှာ လူမျိုးကို အခြေပြုသည့် မြန်မာအမျိုးသားရေးဝါဒ ပြန်လည်ပေါ်ထွက်လာခြင်း၏ အင်အားကြီးမားမှု၊ အရင်းရှင် စနစ်နှင့် ပြင်ပကမ္ဘာအပေါ် ရာစုနှစ်နှင့် ချီ၍ ထားရှိခဲ့သော မယုံသင်္ကာဖြစ်ခြင်းများ၊ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော ပြည်တွင်းစစ်ကြောင့် ဖြစ်ရသည့် စိတ်ဒဏ်ရာများ၊ အနောက်နိုင်ငံများ၏ အရေးယူ ပိတ်ဆို့မှုနှင့် အထီးကျန်ခြင်းနှင့် ပြည်သူလူထုကို ဝန်ဆောင်ပေးရန်အတွက် ပြောင်းလဲတိုးတက်လာခြင်း မရှိခဲ့သော အစိုးရ အဖွဲ့အစည်းများ၏ သဘောသဘာဝတို့ ဖြစ်သည်။

ဖြည့်ဆည်းရန် ကျန်ရစ်နေသည့် အယူအဆ ကွက်လပ်တခု ရှိပါသည်။ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင် ပေါ်ပေါက်ခဲ့သော အကြမ်းဖက်မှုများကြောင့် ဗုဒ္ဒဘာသာဝင်များရော မွတ်ဆလင်များပါ ရာနှင့် ချီ၍ သေဆုံးခဲ့ကြပြီး လူ ၁၀၀၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် ပဋိပက္ခ၏ ပုံရိပ်များက ကမ္ဘာတလွှားမှ အစ္စလမ် အကြမ်းဖက်ဝါဒ၏ ပုံရိပ်များနှင့် အွန်လိုင်းပေါ်တွင် ပေါင်းသွားခဲ့သည်။ ရခိုင်ပြည်နယ်မှ သောင်းနှင့် ချီသော မွတ်ဆလင်များ ဒုက္ခသည် စခန်းများတွင် ကျန်ရစ်ခဲ့ကြသည်။ သို့မဟုတ် လှေများဖြင့် ထွက်ပြေးရန် တွန်းအား ဖြစ်ခဲ့သည်။ ထို့နောက် ARSA နှင့် လက်ရှိ ကံဆိုးမှုများ ပေါ်လာခဲ့ခြင်းပင်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံ ကိစ္စနှင့်ပတ်သက်၍ ဆက်လက် ဆွေးနွေးကြဦးမည် ဖြစ်သည်။ လုံခြုံရေး ကောင်စီက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများ အဆုံးသတ်ရန်နှင့် အရေးတကြီး လိုအပ်နေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပို့ဆောင်ပေးရန် အလေးပေးခြင်းက မှန်ကန်ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံသည် အရေးကြီးသော အခြေအနေတရပ်တွင် ရောက်ရှိနေကြာင်း သတိပြုမိရန်လည်း အရေးကြီးပါသည်။ မြန်မာနိုင်ငံက အာရှ၏ အချက်အချာ နေရာတွင် လစ်ဘရယ်ဒီမိုကရေစီ နိုင်ငံတခု၊ ငြိမ်းချမ်းပြီး အောင်မြင်သော လမ်းဆုံတခု ဖြစ်လာနိုင်နေဆဲ ဖြစ်ပါသည်။ သို့သော်လည်း နောက်ထပ် ဖြစ်လာနိုင်စရာ အခြား ဇာတ်ကြောင်းတခုလည်း ရှိနေပါသည်။ အကယ်၍ အမျိုးသားရေးဝါဒ လက်သစ်က လစ်ဘရယ် မဟုတ်သော၊ နိုင်ငံခြားသားများကို မုန်းတီးသော အလှည့်အပြောင်းတခုကို ရှင်းရှင်းလင်းလင်း ရယူခဲ့လျှင်၊ ရခိုင်ပြည်နယ်တွင်သာမက အသိုင်းအဝိုင်းများကြားမှ တင်းမာမှုများက မြင့်တက်လာပြီး အကြမ်းဖက် ပဋိပက္ခအဖြစ်သို့ ရောက်ရှိစေခဲ့လျှင်၊ တရုတ် နယ်စပ် တလျှောက်မှ တိုက်ပွဲများ အရှိန်မြင့်တက်လာခြင်းနှင့်အတူ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်က ကစဥ့် ကလျား အခြေအနေသို့ ရောက်ရှိသွားခဲ့လျှင်၊ စီးပွားရေးက ပိုမိုကောင်းမွန်သည့် ဘဝတခု ဖြစ်လာရေး ယောင်ယောင်လေးမျှ လုပ်မပေးနိုင်ခဲ့လျှင် ဒီမိုကရေစီသို့ ပြောင်းလဲရေး၏ ဆွဲဆောင်မှုများက မေးခွန်းထုတ်စရာများ တိုးလာတော့မည် ဖြစ်သည်။

ယခုအချိန်တွင် မြန်မာနိုင်ငံ၏ မိတ်ဆွေများက ဒေသသမိုင်းကို ပိုနားလည်ရန်၊ ပြည်သူတို့၏ အယူအဆ သဘောထားများနှင့် ထိတွေ့ရန်၊ မြန်မာနိုင်ငံကို ကျဉ်းမြောင်းသော လူမျိုးရေးကို အခြေပြုသည့် အမြင်တခုနှင့် ကင်းဝေးစေရေး ကူညီရန်နှင့် မြန်မာနိုင်ငံ၏ ကျယ်ပြန့်သော နောက်ခံကားမှ ခက်ခဲရှုပ်ထွေးမှုများကို အသိအမှတ်ပြုပေးရန် ယခင်ကထက် ပိုမို၍ လိုအပ်နေပါသည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More