Tuesday, October 17, 2017

အော်စလိုမှ ဘာဂင်သို့

The Voice Daily (Travel)
15-Oct-2017    

ဥရောပရဲ့ အလှပဆုံး ရထားခရီးစဉ်

ရန်ကုန်ခရီးစဉ်ကနေ ပြန်လာပြီး တစ်လအကြာ စက်တင်ဘာ ၂၂ မှာ အော်စလိုကနေ ဘာဂင်မြို့ဆီ ခရီး ထွက်ဖြစ်ပါတယ်။ အော်စလိုနဲ့ ဘာဂင်ဟာ ရန်ကုန်နဲ့ မန္တလေးလိုပဲ (နေပြည်တော်က အုပ်ချုပ်ရေးမြို့) ပထမမြို့တော်နဲ့ ဒုတိယမြို့တော်အဖြစ် ထင်ရှားပါတယ်။ အကွာအဝေးကတော့ (ရန်ကုန်နဲ့ မန္တလေးက ၆၂၆ KM) ၄၆၃ ကီလိုရှိပါတယ်။ လေယာဉ်၊ ဘတ်စ်ကားတွေရှိပေမယ့် လူအများစုက ရထားနဲ့သွားဖို့ ရွေးချယ် လေ့ရှိပါတယ်။ ဒါဟာ မြန်မာပြည်နဲ့ နော်ဝေကြား အဓိကကွာခြားချက်ပါပဲ။ 


ရန်ကုန်နဲ့ မန္တလေးကို ဘာနဲ့သွားရင် ကောင်းမလဲဆိုပြီး အင်တာနက်မှာရှာတဲ့အခါ ဘတ်စ်ကားပုံပဲ ရှင်နေ ပြီး ရထားပုံကိုနှီပ်တဲ့အခါ ဘာမှထွက်မလာပါ။ ဒီမှာတော့ ရထားခတွေက လေယာဉ်ခထက် ပိုဈေးများနေ တာတောင် ခရီးသည်တွေက ရထားကိုသာဦးစားပေးရွေးကြပါတယ်။ ဘတ်စ်ကားကတော့ ဘာမှမရမှ နောက်ဆုံး ရွေးချယ်စရာနည်းပေါ့။ မြန်မာနိုင်ငံမှာတော့ အခုနောက်ပိုင်း ရထားစီးသူ အတော်နည်းပြီး အားလုံး ဘတ်စ်ကားတွေပဲ စီးနေကြတာတွေ့ရပါတယ်။

ဘာကြောင့် ဒီလိုဖြစ်သွားတာလဲဆိုတာကို သိချင်လို့ ပြီးခဲ့တဲ့ ၂၀၁၆ ခရီးစဉ်တုန်းက တောင်ငူကနေ ရန်ကုန်မြို့ဆီ ရထားစီးခဲ့ဖူးပါတယ်။ တစ်ဘူတာ လောက်စီးပြီးတာနဲ့ ရထားပေါ်က အမြန်ဆင်းပြေးချင်နေပြီ။ ဒါပေမဲ့ ပန်းတိုင်အထိရောက်အောင် သည်းခံစီးမှဖြစ်မယ်ဆိုပြီး နေလိုက်တာ နံနက် ၁၁ နာရီ ရထားက ည ၈ နာရီကျော်မှ (၂၇၇ ကီလိုကို ၉ နာရီ ကြာပါတယ်။ ဒါပေမဲ့ ရထားခက ၂၀ဝ၀ ကျပ်တည်းပါ) ရန်ကုန်ဘူတာ ကြီးဆီ ဆိုက်ပါတယ်။

အဲလို ရထားမျိုးဆိုရင်တော့ လေယာဉ်ထက်ဈေးကြီးနေလို့ ဘယ်ဖြစ်ပါ့မလဲ။ အော်စလို-ဘာဂင်အတွက် ရထားခက ၈၀ဝ ခရိုနာ (ဒေါ်လာ ၁၀ဝ ခန့်)။ လေယာဉ်စီးမယ်ဆို ၇၀ဝ နဲ့ရမယ်။ မြို့ထဲနဲ့ လေယာဉ်ကွင်း ရထားခထပ်ကုန်တာနဲ့ပေါင်းရင် မြို့လယ်မှာ ဘူတာရှိတဲ့ရထားက ပိုသက်သာတာပေါ့။ ပြီးရင် လမ်းတစ် လျှောက် ရှုခင်းတွေကိုလည်း ရထားပေါ်ကနေ တဝကြီး ကြည့်ခွင့်ရမယ်မဟုတ်ပါလား။

ဒါက အခုဝယ်၊ အခုသွား ဈေးနှုန်းပါ။ လနဲ့ချီ ကြိုဝယ်ထားမယ်ဆိုရင်တော့ ရထားခရော၊ လေယာဉ်ခပါ ၃၉၉ ခရိုနာနဲ့ ရတတ်ပါတယ်။ ခရီးသွား ကုမ္ပဏီတွေရဲ့ အညွန်းအတိုင်းဆိုရင် အော်စလိုနဲ့ ဘာဂင်ကြား ရထား လမ်းဟာ ဥရောပရဲ့ အလှပဆုံးခရီး ဖြစ်ပါတယ်။ အထူးသဖြင့် ယူနက်စကိုကတောင် ရှေးဟောင်း အမွေ အနှစ်အဖြစ် သတ်မှတ်ထားတဲ့ ကမ္ဘာ့အလှပဆုံး ရေလက်ကြားတွေနဲ့ တောင်တန်း၊ တောင်စွယ်တွေကို ဒီရထားလမ်းကနေတစ်ဆင့် သင်္ဘောတွေနဲ့ ရေလက်ကြားအတိုင်းသွားရင် မြင်ရနိုင်ပါတယ်။


(ဓာတ်ပုံ... www.fjords.com မှ)

ဒါက Nutshell အစီအစဉ်အတိုင်း ရထား-ဘတ်စ်-သင်္ဘော သုံးမျိုးတွဲအစီအစဉ်၊ ခရီးစဉ်တစ်ခြမ်းစာကို ခရိုနာ ၁၉၀ဝ ပေးရတဲ့အစီအစဉ်နဲ့မှ မြင်ခွင့်ရမှာပါ။ (ဒီခရီးစဉ်က အော်စလိုကနေ Myrdal အထိ ရထား။ အဲဒီကနေ Flåmbanen အထိ ဘတ်စ်ကား။ Nærøyfjorden ကနေ Gudvangen အထိ ရေလက်ကြား တစ်လျှောက် သင်္ဘော။ ပြီးမှ ဘတ်စ်ကားနဲ့ ရထားပြန်စီးပြီး Bergen သို့ ဝင်ပါတယ်)။ 

အဲလောက် မပေးနိုင်ဘူး။ ၈၀ဝ- ၉၀ဝ လောက်နဲ့ သွားမယ်ဆိုရင်လည်း ရထားလမ်းတစ်လျှောက် မြင်ကွင်း က အတော်လှပါတယ်။ သင်္ဘောမစီးရတာကလွဲရင် ရေခဲတောင်တွေ၊ လှပတဲ့ တောင်တန်းတွေ၊ တောအုပ်တွေ၊ စမ်းချောင်းတွေ၊ အဲ ... အခု အောက်တိုဘာဆို မေပယ်ရွက်ဝါတွေနဲ့လှပနေတဲ့ တော-တောင်တွေဟာ တကယ့် ပန်းချီကား တစ်ချပ်လိုပါပဲ။


ဘာဂင်မြို့မှာ လည်ပတ်စရာ

ဘာဂင်ကိုသွားတဲ့ အဓိက အကြောင်းရင်းက ကမ္ဘာ့ချန်ပီယံ စက်ဘီးပွဲကိုကြည့်ဖို့ပါ။ အားကစားဆိုရင် ဘောလုံးသာ အဓိကဖြစ်နေတဲ့ မြန်မာစာဖတ် ပရိသတ်အတွက် စက်ဘီးပွဲက နည်းနည်း စိမ်းနေနိုင်ပါ တယ်။ ဥရောပမှာတော့ စက်ဘီးပရိသတ်က နည်းတာမဟုတ်။ နှစ်ရာချီပြီး ပွဲတွေအဆက်မပြတ် ကျင်းပ နတဲ့ ပြင်သစ်၊ အီတလီ၊ စပိန်၊ ဘယ်လ်ဂျီယံလို နိုင်ငံတွေအပြင် နှင်းတွေကကျ၊ အအေးဓာတ်ကများ၊ တောင်တွေလည်းမြင့်တဲ့ နော်ဝေလိုနိုင်ငံမှာတောင် ကမ္ဘာ့အဆင့် စက်ဘီးသမား၊ စက်ဘီးအသင်းတွေ ရှိနေပြီ။


ဘာဂင်မြို့မှာ အားပေးနေတဲ့ ပရိသတ်ကိုလည်း ကြည့်ပါဦး။ ရန်ကုန်က ဘုရားပွဲထက် ပိုစည်ပါတယ်။ တစ်အိမ်တစ်ယောက်မကပဲ အိမ်တခါးပိတ်ပြီး တစ်အိမ်လုံး ထွက်အားလာပေးနေကြပုံပါပဲ။ မြို့ထဲမှာ ဒီလောက်များတဲ့လူ တစ်ခါမှ မတွေ့ဖူးသေးဘူးလို့ ဘာဂင်ရှိ မြန်မာတွေက ပြောပါတယ်။ ပရိသတ် သောင်းနဲ့ချီ ရှိမယ်ထင်ပါတယ်။ အထူးသဖြင့် ဆော်လမွန်တောင်ကုန်းနဲ့ ပန်းဝင်တဲ့နေရာမှာဆို ဘယ်လိုမှ တိုးမပေါက်ပါ။ ဒီတော့ စက်ဘီးပွဲကို ကိုယ်တိုင်ကြည့်ချင်လို့ ဘာဂင်အထိလာပါတယ်ဆိုမှ တိုးမပေါက်လို့ ပန်းခြံထဲက ဧရာမ TV စရင်အကြီးကြီး ရှေ့မှာပဲ ရပ်ကြည့်လိုက်ရပါတယ်။

ဒါက နောက်ဆုံးနေ့ (စက်တင်ဘာ ၂၄- တနင်္ဂနွေ) အမျိုးသားပွဲ 267.5km အခြေအနေကိုပြောတာပါ။ ဒီနေ့မတိုင်ခင် သီတင်းတစ်ပတ်ကြာ ကျင်းပတဲ့ အမျိုးသမီး၊ လူငယ်တစ်ဦးချင်း စံချိန်ပြု စသဖြင့် ပွဲစဉ် ၁၂ ခုရှိပြီး ထူးထူးခြားခြား အိမ်နီးချင်း ထိုင်းနိုင်ငံက လူငယ်စက်ဘီးသမားတွေကို အမျိုးသားလူငယ်နဲ့ အမျိုး သမီးလူငယ်ပွဲတွေဆီမှာ တွေ့ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ အရှေ့တောင်အာရှကိုကျော်ပြီး ကမ္ဘာ့အဆင့်ဆီ (စံချိန်မမီသေးလို့လည်း ဖြစ်နိုင်ပါတယ်) လွှတ်တာ မတွေ့ရသေးပါ။ ကမ္ဘာ့အဆင့်ဆိုတော့ လူတွေကောင်းတဲ့အပြင် စက်ဘီးတွေကလည်း ကောင်းသလား မမေးနဲ့။ ကမ္ဘာ့ချန်ပီယံ ၃ နှစ်ဆက်တိုက် ရသွားတဲ့ ပီတာဆာဂန် Peter Sagan (Slovakia) တို့ စီးတဲ့ဘီးဆိုရင် ယူရို တစ်သောင်းလောက် ဈေးရှိပါ တယ်။


ကံကောင်းတာက နော်ဝေရဲ့ မိုးရာသီမြို့တော် ဘာဂင်ဟာ ဒီသီတင်းပတ်ကျမှ ထူးထူးခြားခြား နေ သာနေပါ တယ်။ နေသာတုန်း ဘာဂင်မြို့ကို အပေါ်စီးကနေ လှမ်းမြင်နိုင်တဲ့ Mount Fløyen တောင်ပေါ် တက်မယ်။ အရင်အခေါက်တွေတုန်းက ကေဘယ်လ်ကားစီးပြီး တက်ဖူးပြီးသားမို့ ဒီတစ်ခေါက်မှာ လမ်းလျှောက်တက် ရင် ကောင်းမလားပေါ့။ တောက်တက်လမ်းက ၃ ကီလိုခွဲလောက်ရှည်ပြီး အမြင့်က ၄၂၅ မီတာ (၁,၃၉၄ ပေ)၊ စောင့်က ၁၀ ဒီဂရီ ရှိတယ်တဲ့။ 

အဲဒါ တစ်နေ့က စံချိန်ပြု စက်ဘီးပွဲမှာ အဲဒီတောင် ထိပ်မှာပန်းဝင်တော့ ပထမရသူ Tom Dumoulin (Netherlands) က ၅ မိနစ်လောက်နဲ့ စီးထားတာ။ စက်ဘီးတောင် စီးပြီးတက်နိုင်သေးတာပဲ။ လမ်း လျှောက်တာကတော့ အပျော့ပေါ့ဆိုပြီး တက်လိုက်တာ ၁ နာရီလောက်ကြာမှ တောင်ထိပ်ရောက်ပါတယ်။ တောင်က မတ်စောင့်ပေမယ့် လူသွားလမ်းကြမ်းနဲ့ သစ်ပင်ကြီးတွေရှိတာမို့ နားလိုက်၊ တောင်အောက်က မြို့ကိုကြည့်ပြီး ဓာတ်ပုံရိုက်လိုက်နဲ့မို့ ဒီလောက်ကြာသွားတာပါ။

ကေဘယ်လ်ကားမစီးဘဲ ကိုယ်လိုပဲ လမ်းလျှောက် တက်နေသူတွေ အများကြီး။ အထူးသဖြင့် ဥရောပ သားတွေနဲ့ ဂျပန်တွေများပါတယ်။ ဘာဂင်ရှိ မြန်မာတွေနဲ့ မြန်မာနိုင်ငံကနေလာလည်သူတွေကို မေးကြည့် မိသလောက်တော့ လမ်းလျှောက်တက်သူ မကြားမိပါ။ မကြားဆို မြန်မာနိုင်ငံက အဓိက လမ်းလျှောက် တက်လို့ အကောင်းဆုံးနေရာ ကျိုက်ထီးရိုးတောင် တောင်ထိပ်အထိ ကားလမ်းပေါက်နေပြီ မဟုတ်ပါလား။ (အခုဆို ကေဘယ်လ်ကားတောင် ပြေးတော့မယ်လို့ ကြားနေရပါတယ်)။

အဲဒီတောင်ထိပ်ကနေ ဘာဂင်မြို့ကိုကြည့်ရတဲ့ မြင်ကွင်းက အတော့်ကို လှပနေပါတယ်။ မန္တလေး တောင် ပေါ်ကနေ မြို့ထဲ ကြည့်ရတဲ့မြင်ကွင်းနဲ့ တူနေလေမလား။ ဒါပေမဲ့ ဒီမှာက ပင်လယ်လည်း ရှိနေတဲ့အတွက် မော်လမြိုင်မြို့ကို တောင်ပေါ်တန်းကနေ ကြည့်ရတာနဲ့ ပိုတူမယ်ထင်ပါတယ်။ ဒီခရီးစဉ်အတွင်း တောင်တက် ဖို့ ဇာတာပါလာတယ်ထင်ပါ့။ ပွဲအပြီး တနင်္လာနေ့ အော်စလို မပြန်ခင်မှာ ဘာဂင်ဒေသရဲ့ အမြင့်ဆုံးတောင် Mount Ulriken ဆီ သွားတက်လိုက်ပါသေးတယ်။ ၆၄၃ မီတာ သို့မဟုတ် ပေ ၂,၁၁၀ တောင် မြင့်တာဆို တော့ လမ်းလျှောက်တက်သူ မရှိလောက်ဘူးထင်ပြီး ကေဘယ်လ်ကားစီး တက်သွားမိပါတယ်။ အပေါ် ရောက်မှ လမ်းလျှောက်တက်သူ၊ စက်ဘီး (မောင်တိန်းဘိုက်နဲ့ ကုန်းဆင်းစီးသူ) စီးသူတွေ အများကြီးတွေ့ရ တော့ တအံ့တဩ ဖြစ်ခဲ့ရပါတယ်။

တောင်တွေ ကာရံထားတဲ့ အလယ်က ဘာဂင်မြို့မှာ တောင် ၇ လုံး ရှိတယ်လို့ ဆိုပါတယ်။ ကျန် ၅ လုံးတော့ နောက်မှပေါ့။ လောလောဆယ်တော့ မြို့ထဲက ယူနက်စကို အသိအမှတ်ပြု ရှေးဟောင်းသစ်သားအိမ်တွေ ဆီ ဦးစားပေးလိုက်ပါတယ်။ အဲ ... ဘာဂင်မှာ မြန်မာ စားသောက်ဆိုင် နှစ်ခုတောင် ရှိတယ်ဆိုပါတယ်။ ကရင်တိုင်းရင်းသားတွေဖွင့်ထားတဲ့ သံလွင်ဆိုင်ကို စက်ဘီးပွဲ ကျင်းပတဲ့လမ်းမှာ တွေ့မိပါတယ်။ ဒါပေမဲ့ ဗိုက်က အတော်ဆာနေပြီဆိုတော့ အဲဒီအထိ မသွားနိုင်တော့ဘဲ သစ်သားအိမ်တွေနဲ့နီးတဲ့ ချင်းမိုင်ဆိုင်မှာပဲ ထိုင်းအစာကို ဝင်ဆွဲမိပါတယ်။


နော်ဝေမှာ တခြားလည်စရာ ဘာရှိသေးလဲ

တကယ်တော့ တောင်တက်တာနဲ့ မြို့ထဲလျှောက်လည်တာအပြင် ရေလက်ကြားတွေဆီ သင်္ဘောစီးပြီး သွားတဲ့ ခရီးစဉ်ကလည်း ဘာဂင်မှာ ထင်ရှားပါတယ်။ ထိုင်းနိုင်ငံကိုဖြတ်ပြီး မြန်မာနိုင်ငံဆီ မကြာခဏ ပြန်လေ့ရှိတဲ့ စာရေးသူဟာ ၂၀၁၆ အတွင်း ထိုင်းနိုင်ငံဆီ ကမ္ဘာလှည့်ခရီးသည် ၃၃ သန်းလာတာကို အထူး အဆန်း ဖော်ပြခဲ့ဖူးပါတယ်။ (မြန်မာနိုင်ငံဆီကို ၃ သန်းကျော်ပဲ လာပါတယ်)။ ဒါပေမဲ့ ကိုယ်လက်ရှိနေထိုင် နေတဲ့ နော်ဝေနိုင်ငံဆီ ကမ္ဘာလှည့်ခရီးသည် ၃၁ သန်းလာတယ်ဆိုတဲ့ စာရင်းကိုတွေ့တော့ အံ့ဩသွားပါ တယ်။ လူတွေဟာ ရာသီဥတုပူနွေးပြီး ပင်လယ်ကမ်းခြေတွေနဲ့ လှပတဲ့နေရာဆီပဲ သွားမယ်ထင်ထားပြီး ဒီလို ဆီးနှင်းတွေကျ၊ အအေးဓာတ်များတဲ့အပြင် ဈေးကလည်းကြီးတဲ့ဒေသဆီ ဒီလောက်လာလိမ့်မယ်လို့ ထင်မထားမိတာ အမှန်ပါ။



နော်ဝေကို လာလည်သူ အများစုဟာ ဥရောပနဲ့ အမေရိကားက ဖြစ်ပေမယ့် အာရှ၊ အထူးသဖြင့် တရုတ်နဲ့ ဂျပန်ကလည်း သိပ်မနည်းလှဘူး ထင်ပါတယ်။ ဘာကြောင့်လဲဆို ခုနက တောင်ပေါ်မှာ လူဖြူတွေအပြင် အာရှသားတွေကိုလည်း တွေ့လို့ နှုတ်ဆက်တော့ ဂျပန်၊ ကိုရီးယားနဲ့ တရုတ်တွေ ဖြစ်နေပါတယ်။ ထိုင်ဝမ် သူ တစ်ဦးရဲ့အပြောကို ကိုးကားရမယ်ဆိုရင် ရှန်ဂန်ဗီဇာ ရလို့ (ဗြိတိန်မှအပ-ဥရောပ တစ်တိုက်လုံးနီးပါး သွားခွင့်ရှိ) ဥရောပကို လာတဲ့အခါ ပထမ ဦးစားပေးက ပြင်သစ်နဲ့ အီတလီလို့ ဆိုပါတယ်။ အဲဒီမှာ ရှေးဟောင်း အမွေအနှစ်တွေကိုလေ့လာပြီး အခု နော်ဝေနဲ့ ဆွီဒင်ဘက်ကိုတော့ သဘာဝ တောတောင် အလှတွေ လေ့လာဖို့ လာတယ်ဆိုပါတယ်။

သူမဟာ ရှေ့မှာတင်ပြခဲ့တဲ့ အော်စလို-ဘာဂင် ရထားကို Nutshell အစီအစဉ်နဲ့စီးလာလို့ အဲဒီက ရေလက် ကြား အလှအပတွေအကြောင်း ပြောလို့မပြီးနိင်တော့ပါ။ မြန်မာအများစုလည်း ဥရောပကိုသွားရင် ပြင်သစ် နဲ့အီတလီကို ဦးစားပေးလေ့ရှိပေမယ့် နော်ဝေဘက် ရောက်လာသူ အတော် နည်းနေပါသေးတယ်။ ဒါပေမဲ့ အရင်ခေတ် (စစ်အစိုးရခေတ်) နဲ့ စာရင်တော့ အတော်လေးတိုးလာနေပါပြီ။ အများစုကတော့ ရှေ့မှာတင် ပြခဲ့တဲ့အတိုင်း ရေလက်ကြားနဲ့ ဘာဂင်မြို့ဆီ အရောက်ပြေးကြပါတယ်။ 

တခြားကော ဘယ်နေရာတွေ ရှိသေးလဲ။ အော်စလို တောင်ဘက်နားက Geiranger Fjord ဆိုတဲ့ သိပ်လှတဲ့ ရေလက်ကြားဒေသ ရှိပါသေးတယ်။ အဲဒီကနေ တောင်ပိုင်းဆက်ဆင်းသွားမယ်ဆိုရင် ရေနံမြို့တော် Stavanger မှာ လှပတဲ့ ရေလက်ကြားနဲ့ Preikestole ဆိုတဲ့ ကျောက်တောင်ရှိပါတယ်။ မြောက်ပိုင်းကို သွားမယ်ဆိုရင်တော့ Tromsø မြို့မှာ သန်းခေါင်ယံ နေ (နွေရာသီ)၊ မြောက်ပိုင်းရောင်ခြည် (ဆောင်းရာသီ) တွေကို မြင်ခွင့်ရနိုင်ပါတယ်။ နှင်းကြည့်ချင်သူ၊ စကိတ်စီးချင်သူတွေ အတွက်တော့ နော်ဝေဆောင်းဟာ သိပ်ပျော်စရာ ကောင်းပါတယ်။



နော်ဝေအပြင် အိမ်နီးချင်းနိုင်ငံတွေဆီ ရောက်ဖူးချင်တယ် (တချို့က နိုင်ငံအရေအတွက် များများ ရောက် ချင်) ဆိုရင်လည်း ခုနက တောင်ပိုင်း-မြောက်ပိုင်း ခရီးစဉ်တွေထက် ဈေးပိုသက်သာတဲ့ ပင်လယ်ကူး ဇိမ်ခံ သင်္ဘောတွေစီးပြီး ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင် ကို ၂ ညအိပ်ခရီး၊ တောင်ပိုင်းမြို့ Frederikshavn ဆီ တစ်ညအိပ်ခရီး၊ သို့မဟုတ် ဂျာမနီတောင်ပိုင်းက Kiel မြို့ဆီ၂ ညအိပ်ခရီး သွားနိုင်ပါတယ်။ သင်္ဘောပေါ်မှာ အိပ်တာမို့ ဟိုတယ်ခလည်း ထပ်ကုန်စရာမလိုပဲ နိုင်ငံ ၃ ခုလောက်ကို သီတင်းတစ်ပတ်အတွင်း သွားလည် နိင်မှာဖြစ်ပါတယ်။       ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More