Monday, November 6, 2017

အပြောင်းအလဲ၊ အခက်အခဲများနှင့် ခေတ်ပြင်သမ္မတ ဦးသိန်းစိန် (စာအုပ်သုံးသပ်ချက်)

(သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အပေါ် ၀န်ကြီးဟောင်း ဦးစိုးသိန်းရဲ့ စာအုပ် An Insider's Account အပေါ် ကိုအောင်သူငြိမ်းရဲ့ သုံးသပ်ချက်ကို facebook ပေါ်မှ ကူးယူထာခြင်းဖြစ်ပါ တယ်)
...
အပြောင်းအလဲ၊ အခက်အခဲများနှင့် ခေတ်ပြင်သမ္မတ ဦးသိန်းစိန်
(စာအုပ်သုံးသပ်ချက်)
==============
(ဒီဆောင်းပါးကို The Wave Magazine) ကို ပေးထားပါတယ်။ 
စာအုပ်။ ။ Myanmar's Transformation & U Thein Sein: An Insider's Account (ဦးစိုးသိန်း၊ ၂၀၁၇၊ "မြန်မာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် ဦးသိန်းစိန်")၊ ၂၀၁၇ စက်တင်ဘာလ၊ Yangon: Myanmar Consolidated Media. 
ဒီစာအုပ်က မကြာသေးမီကမှ စင်္ကာပူမှာ ထွက်တယ်၊ အင်္ဂလိပ်ဘာသာနဲ့ထွက်ရှိပြီး၊ နောက်ပိုင်း မြန်မာဘာသာနဲ့ပါ ထုတ် ဝေဖို့ ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။ အရင်ခေတ်တုန်းက အစိုးရထဲမှာ ဘယ်လိုဖြစ်နေကြတာလဲ၊ ပြဿနာတွေ အပေါ် ဘယ်လိုစဉ်းစားကြသလဲဆိုတာ သိရခက်တယ်။ ဘလက်ဟိုး (Black hole) တွင်းနက်ကြီးလိုပဲ။ လုံးဝမှောင်ပိန်း သိဖို့မဖြစ်နိုင်သလောက်ပါ။ အခုလို နည်း နည်းပွင့်လင်းလာတော့ ယခင်စစ်ဗိုလ်ချုပ်ဟောင်းတွေရော၊ ဝန်ကြီးဟောင်းတွေ၊ ခေါင်းဆောင်ဟောင်းတွေ၊ နိုင်ငံရေး ဝါရင့်ပုဂ္ဂိုလ်တွေ၊ နောက်ဆုံး ဗိုလ်ချုပ်ခင်ညွန့်လို အရင်ခေတ်လူကြမ်း ခေါင်းဆောင် တွေကပါ ကိုယ်ဖြတ်သန်းခဲ့ကြရတဲ့ ခေတ်ကို တနည်းတဖုံ ပြန်လည်သမိုင်းရေးကြတာ ကျနော်တော့ ကျေးဇူးတင်မိတယ်။ ဖတ်လည်း ဖတ်ဖြစ်တယ်။ နိုင်ငံ တကာမှာလည်း ဒီလိုသမိုင်းတကွေ့ကို ဖြတ်သန်းခဲ့ရသူ ခေါင်းဆောင်တွေက စာပြန်ရေး ကြတာပါပဲ။ သာမန်ပြည်သူ တယောက်၊ ပြည်သူ့ရေးရာ မူဝါဒကို လေ့လာနေတဲ့ ကျောင်းသားတယောက်အနေနဲ့ ဘယ်လို ကိစ္စတွေကို ဘယ်လို ဆုံးဖြတ်ကြတာလဲ၊ တွန်းအား-ဆွဲအားတွေက ဘာလဲ၊ အကန့်အသတ်တွေက ဘာလဲဆိုတာ အထူး စိတ်ဝင်စားမိပါတယ်။ 
ကျနော်က အစိုးရအုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရေး (Public administration reform) ကိစ္စတွေ လေ့လာဖို့ စိတ် ဝင်စားတယ် ပြောတော့၊ အရင်က ဟားဗတ်တက္ကသိုလ်၊ မေဆင်ပရိုဂရမ် (Mason Program) က ဒါရိုက်တာဟောင်း ကာရိုးလ် ဂရော့ဇင် (Carol Grodzins) ပြောပြ တာလေး ကျနော်အမှတ်ရနေပါသေးတယ်။ တောင်အာဖရိကနိုင်ငံမှာ လူမဲအစိုးရတက်လာပြီး အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲဖို့ လုပ်ကြမယ်ဆိုတော့ လူ ၃ အုပ် ခွဲခြားနိုင်မယ် ဆိုပါတယ်။ သုံးပုံတစ်ပုံက မပြောင်းလဲဘဲ နေမြဲနေလိုတဲ့ အုပ်စုပါ။ ခေါင်းမာဂိုဏ်းသား လူဟောင်းတွေလို့ ဆိုနိုင်ပါတယ်။ နောက် ပြန်ဆွဲမယ့် သူတွေပါ။ ကျန် ၃ ပုံတစ်ပုံက ပြောင်းလဲမှု လုပ်လိုတဲ့သူ တွေပါ။ ဘာလုပ်ရမှန်းမသိဘူး၊ ကျန်တဲ့ သုံးပုံတစ်ပုံ ကတော့ ဘာမှစဉ်းစားထားတာ မရှိဘူးလို့ ဆိုပါတယ်။ မင်းတို့နိုင်ငံမှာလည်း အဲသလိုမျိုး ကြုံရမှာပဲလို့ သူက ပြောခဲ့ပါ သေးတယ်။ 
စာရေးသူ (ဝန်ကြီးဟောင်း) ဦးစိုးသိန်းကတော့ သူရေတပ်ဦးစီးချုပ်က နားကတည်းက စာရေးဖို့ စိတ်ကူးရှိတယ်လို့ အဖွင့် မှာ ရေးထားပါတယ်။ တာဝန်တွေကြောင့် စိတ်ကူး အထမမြောက်ခဲ့ပါ။ နောက်တခု စေ့ဆော်ချက်ကတော့ ဦးနေဝင်း သမိုင်းအကြောင်း တစိတ်တပိုင်းကို ဒေါက်တာမောင်မောင် ရေးခဲ့လို့သာ နှောင်းလူတွေ သိခဲ့ရတာ၊ ဒါကြောင့် သူလေးစား တဲ့ ဦးသိန်းစိန်အကြောင်း ရေးဖို့ အကြောင်းဖန်လာခဲ့တာလို့ ဆိုပါတယ်။ နောက်တချက်က မြန်မာနိုင်ငံရဲ့ သမ္မတဟောင်း တွေ စဝ်ရွှေသိုက်၊ ဒေါက်တာဘဦး၊ မန်းဝင်းမောင်၊ ဦးနေဝင်း၊ ဦးစန်းယု၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင်တို့ဟာ လူမသိ သူမသိ အသိအမှတ်ပြုခံကြရတာ မရှိဘဲ ဘဝတပါး ပြောင်းသွားခဲ့ကြရတယ်။ ဝန်ကြီးချုပ် ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ ဟာလည်း မထင်မရှား ပျောက်ကွယ်သွားကြရတယ်။ ဒီလူတွေဟာလည်း သူ့အချိန်သူ့အခါ တိုင်းပြည်ကောင်းရာ ကြံဆောင်ခဲ့ကြတာပဲ၊ အသိအမှတ်ပြု အလေးထားသင့်တယ်လို့ သူက ရေးထားပါတယ်။ 
ဒီနေရာမှာ မြန်မာပြည်သူအများအတွက်ရော၊ ပြည်တွင်းနဲ့ နိုင်ငံတကာ လေ့လာသူတွေကပါ မြန်မာပြည်အပြောင်းအလဲနဲ့ ပတ်သက်လို့ စိတ်ဝင်စားတဲ့ မေးခွန်းတွေ ရှိခဲ့ပါတယ်။ ဘာဖြစ်လို့ စစ်အာဏာရှင်တွေက အာဏာပလ္လင်က ဆုတ်ခွာပေးခဲ့ ကြသလဲ။ မြန်မာနိုင်ငံ ပြောင်းလဲရေး အစီအစဉ်တွေကို ဘယ်ကာလကတည်းက စတင်စဉ်းစားခဲ့ကြသလဲ။ အစိုးရ- လွှတ်တော်တင်းမာမှုတွေက စစ်ဗိုလ်ချုပ်အချင်းချင်း 'လူခွဲ' ကစားကြ မျက်လှည့်ပြတာလား။ အခု ဒီမိုကရေစီ အပြောင်း အလဲက ဘယ်လောက်အထိ အစစ်အမှန် ဖြစ်မှာလဲ … စသည်ဖြင့် မေးခွန်းမျိုးတွေ ဖြစ်ပါတယ်။ ဒီလိုမေးခွန်းတွေကို ကျနော်လည်း သူ့စာအုပ်မှာ စောကြောဖွေရှာမိပါတယ်။ 
အပြောင်းအလဲ အစ (လုပ်မတတ် ကိုင်မတတ် ဘဲကလေး ခြေထော့ကျိုးကာလ)
---------------------------
ဒီနေရာမှာ စိတ်ဝင်စားဖွယ်ကိစ္စတခုကို အတည်ပြု ဖော်ပြထားတာ စာအုပ်အစမှာပဲ တွေ့ရပါတယ်။ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှာ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရကနေ နိုင်ငံတော်အာဏာကို လွှဲပြောင်း ပေးတာဟာ ရွေးကောက်ခံရတဲ့အစိုးရကို မဟုတ်ဘူး။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ပါတီ) ကို အာဏာလွှဲ ပြောင်းပေးတယ်ဆိုတဲ့ ကိစ္စပါ။ ဒီလိုကိစ္စကို ပါတီဒု-ဥက္ကဋ္ဌ ဦးဌေးဦး ပြောခဲ့တယ်လို့တော့ ထင်ပါတယ်။ ဦးစိုးသိန်းစာအုပ် မှာလည်း ထပ်ပြီးရေးထားတာတွေ့ရပါတယ်။ (p. 16-17) အာဏာကို အစိုးရအဖွဲ့ကို လွှဲပြောင်းပေးတာမဟုတ်ဘူး။ ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်ကို လွှဲပြောင်းပေးတာလို့ ဖော်ပြထားပါတယ်။ ဦးသိန်းစိန် အနေနဲ့လည်း သမ္မတက ဝန်ကြီးအဖွဲ့ (ကက်ဘိ နက်) ကို တာဝန်ခံရတယ် ဆိုပေမယ့်လည်း၊ ဝန်ကြီးအဖွဲ့က သူဆက်ခံရတာ (အမွေရတာ) ဖြစ်ပါတယ်။
ဦးသိန်းစိန်ဟာ သူ့ကို စွပ်စွဲပြစ်တင်မှု (impeach) လုပ်မှာကို အမြဲတစေ စိုးရိမ်မှု ရှိနေတယ်လို့လည်း ဖတ်ရပါတယ်။ (p. 18) ဒါကြောင့်လည်း ပါတီနဲ့ လွှတ်တော်ဖက်က အသုံးချခဲ့တယ်လို့ သူက သုံးသပ်ပါတယ်။ အစောပိုင်းမှာ ဦးရွှေမန်းက သမ္မတဖြစ်မယ်လို့ ရေပန်းစားနေခဲ့ပါတယ်။ သို့သော်လည်း တကယ်မဖြစ်ခဲ့ပါ။ ဒီအတွက် မောဟဖုန်းလွှမ်းကာ အာဏာပြိုင်ခြင်းဖြင့် ဦးသိန်းစိန်ပြုတ်ကျရေး လမ်းကြောင်းအထိ ဦးတည်သွားတယ်၊ အလုပ်စခါစမှာပဲ ခြေထိုးတယ်… ဆိုတာမျိုး သုံးသပ်ထားတာ စိတ်ဝင်စားဖွယ် ဖတ်ရပါတယ်။ (p. 18) အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို တော့ သူက အကောင်းမြင်ပါတယ်။ 
အစိုးရစာရင်းကို ပေါက်ကြားမှာစိုးလို့ သမ္မတကိုယ်တိုင် လက်ရေးနဲ့ရေးပြီး လွှတ်တော်ကို ပို့ခဲ့တယ်ဆိုတာမျိုးလည်း ဖတ်ရပါတယ်။ ခန့်အပ်ခံရမယ့် ဝန်ကြီးများကို လွှတ်တော်ကြားနာပွဲ၊ မီဒီယာတွေက ဖော်ထုတ်မှုတွေ လုပ်တတ်ကြတဲ့ အနောက်နိုင်ငံနဲ့ ကွာခြားပုံတွေကိုလည်း သတိပြုမိပါတယ်။ ဝန်ကြီးများ ခန့်အပ်တဲ့အခါ မီဒီယာကို စတုတ္ထမဏ္ဍိုင်အဖြစ် အသိအမှတ်ပြုပြီး ပြန်ကြားရေးဝန်ကြီးကို အလေးထားစဉ်းစားတယ်ဆိုတာ ဖတ်ရပါတယ်။ 
ဒီနေရာမှာ ဒီမိုကရေစီဆိုတာ နှစ်ပေါင်း ၅၀ ကျော် ပြတ်ခဲ့တယ်။ မြင်ဖူး တွေ့ဖူးသူမရှိဘူး။ ဒီမိုကရေစီစနစ်ဆိုတာ မသိရိုး အမှန်ပါဆိုပြီး ရိုးရိုးသားသား ဝန်ခံထားတာ၊ စမ်းတဝါးဝါးနဲ့ စခဲ့ကြရတယ် ဆိုတာလည်း ဖတ်ရပါတယ်။ (p. 22) သမ္မတ က ကောင်းမွန်သောအုပ်ချုပ်မှုစနစ် (Good governance)၊ သန့်ရှင်းသော အစိုးရ (Clean government) ဆိုပြီး လမ်းညွှန် သော်လည်း ဆိုရှယ်လစ်စနစ် အင်စတီကျူးရှင်းများ၊ တပ်မတော်အခြေပြု အင်စတိကျူးရှင်းများ ဖြစ်နေတယ်၊ နေချင်းည ချင်း ဖြေရှင်းမရနိုင်ဘူး ဆိုတာလည်း သုံးသပ်ပြထားပါတယ်။
ကျနော် အခုနက တင်ပြခဲ့တဲ့ တောင်အာဖရိကဥပမာလိုပဲ ပြီးခဲ့တဲ့ USDP အစိုးရမှာ ဖြစ်နေတာတွေကိုလည်း ဦးစိုးသိန်းက သုံးသပ်ပြထားပါတယ်။
• ပြုပြင်ပြောင်းလဲရေးကို မလိုလားဘဲ ယခင်အတိုင်းကျင့်သုံးနေရသည်ကို နှစ်သက်ကြသည့် တာဝန်ရှိသူများ
• ခြံစည်းရိုးပေါ် ခွထိုင်၍ အခြေအနေကို စောင့်ကြည့်နေကြသူများ
• ပြုပြင်ပြောင်းလဲရေးကို လိုက်ပါဆောင်ရွက်သူ အနည်းငယ်.. ဆိုပြီး ဖော်ပြပါတယ်။ (p. 25)
အချို့က ဦးသိန်းစိန်အစိုးရကို ကန့်လန့်တိုက်နေကြတယ်။ အဲဒီသူတွေက-
• ဦးသိန်းစိန်ကို အထင်မကြီး၊ မိမိတို့သာ ပိုသိ၊ ပိုတတ်သည်ဟု စိတ်ကြီးဝင်နေကြသည့် ယခင်အစိုးရလက်ထက် အာဏာရှိခဲ့သူများ
• အစိုးရသစ်ကာလတွင် အာဏာရရန် မျှော်မှန်းခဲ့ပြီး၊ မျှော်လင့်သလို မဖြစ်ခဲ့ကြသူများ … ဆိုပြီး ဝေဖန်ထားတာကို လည်း ဖတ်ရပါတယ်။ မစားရတဲ့အမဲ သဲနဲ့ပက်တယ်၊ မင်းသားကြီး မလုပ်ရလို့ ပတ်မကြီး ထိုးဖောက်တယ် စတဲ့ စာသားတွေက တစုံတယောက်ကို မြင်သာစေပါတယ်။ (p. 25) 
အစိုးရသစ်တွေအနေနဲ့ တကယ်လုပ်နိုင်တာ ၃-နှစ်လောက်ပဲ ရှိတယ်လို့ သူက ဖော်ပြပါတယ်။ ပထမနှစ်မှာ သင်္ကြန် ပိတ်ရက်နဲ့ အချင်းချင်းညှိမရတာနဲ့၊ ဘာလုပ်ရမှန်း မသိတာနဲ့ မလုပ်နိုင်ခဲ့ဘူး။ နောက်ဆုံးနှစ်ကျတော့လည်း သေချာ မလုပ်နိုင်တော့ဘူးလို့ သူက ဖော်ပြပါတယ်။ (p. 50) မစ္စတာဂိုချုပ်တောင်နဲ့ တိုနီဘလဲယားတို့ဆီက သူတို့လေ့လာ တွေ့ရှိ မှုအရ အစိုးရတွေမှာ လက်တွေ အကောင်အထည်ဖော်နိုင်စွမ်း (Implementation) က အရေးကြီးတယ်၊ ရလဒ် (result) က အရေးကြီးတယ်ဆိုတာ သိလာရပါတယ်တဲ့။ ပြည်သူတွေ မှတ်ကျောက်တင်ခံရဖို့က ရလဒ်ကောင်းများ ထွက်ဖို့လိုတယ် လို့ ဖော်ပြထားပါတယ်။ 
နိုင်ငံရေးအကျဉ်းသားကိစ္စ/ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲ
---------------------
နိုင်ငံတကာ ဆက်ဆံရေးတွေလုပ်ရင်း၊ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေးကိစ္စ အရေး ကြီးကြောင်း မြင်လာကြပါတယ်။ အရင်အစိုးရတုန်းက "နိုင်ငံရေးအကျဉ်းသား" ဝေါဟာရကို လုံးဝ လက်မခံခဲ့ပါ။ ဦးစိုးသိန်း အသုံးအရတော့ 'ကြိုက်သည် မကြိုက်သည် အပထား၊ မိမိတို့အစိုးရက ခေတ်စနစ်ပြောင်းလာတဲ့အခြေအနေမှာ လက်ခံရ မယ်' လို့ သဘောပေါက်ခဲ့တယ် ဆိုပါတယ်။ ဒါနဲ့ ၂၀၁၃၊ ဖေ ၁၉ မှာ နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မီတီကို အဖွဲ့ဝင် ၁၀ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ မေ ၈ မှာတော့ အစိုးရ (၆)၊ အရပ်ဘက် (၇)၊ နိုင်ငံရေးပါတီ (၆) ဦးနဲ့ ချဲ့ထွင်ဖွဲ့စည်းခဲ့ပါတယ်။ NLD ပါတီခေါင်းဆောင် ဦးဉာဏ်ဝင်းတောင် ပါဝင်ပါတယ်။ နောက် အကျဉ်းသားလွှတ်ပေးတဲ့ အရေးအတွက်တွေလည်း ဖော်ပြထားပါတယ်။ (p. 52~59) ဦးသိန်းစိန်ကတော့ ဘယ်နိုင်ငံသားတယောက်ကိုမှ ထောင်ထဲမှာ မရှိစေချင်ဘူး ဆိုတဲ့ဆန္ဒကို သူကဖော်ပြပါတယ်။ ဒါပေမယ့် အစိုးရဘက်မှာ "နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိဘူး" ဆိုပြီး တရား သေဆုပ်ကိုင်ထားသူတွေ ရှိတာကိုလည်း ဖော်ပြပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဘက်ကလည်း ရာဇဝတ်သား တွေနဲ့ ရောနှောလွှတ်တာကို မကျေနပ်ကြပါဘူး။ ဒါပေမယ့် အစိုးရဘက်မှာ ညှိနှိုင်းရတာ ရောနှောလွှတ်ဖို့ပဲ ဆုံးဖြတ်ပေး နိုင်တဲ့ အခက်အခဲတွေကိုလည်း တွေ့ရပါတယ်။
"နှစ်ပေါင်း ၆၀ ကျော် သံချေးတက်ခြစားနေသည့် အုပ်ချုပ်ရေးယန္တယားကို ပြုပြင်ပြောင်းလဲရတာ ရှုပ်ထွေးခက်ခဲလှ ကြောင်း" ဝန်ခံထားတာလည်း ဖတ်ရပါတယ်။ အုပ်ချုပ်ရေးပြုပြင် ပြောင်းလဲမှုကိစ္စများမှာတော့ သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းကို ချီးမြှောက်ထားတာ ဖတ်ရပါတယ်။ သတင်းမီဒီယာ ပွင့်လင်းမှု ဆောင်ရွက်ခြင်း၊ ဗဟိုဘဏ်ကို သီးခြား လွတ်လပ်ခွင့်ပြုခြင်း၊ ဒေါ်လာဈေး ညှိခြင်း၊ စက်မှုဖွံ့ဖြိုးရေးဌာနကို ဘတ်ဂျက်အကျပ်အတည်း၊ အစိုးရတွင်း စဉ်းစားတွေး ခေါ်ပုံ အပြောင်းအလဲများကြောင့် ပိတ်သိမ်းခဲ့ရတာတွေကိုလည်း 'လုပ်ရင်းသင်၊ သင်ရင်းလုပ်' အနေအထား ပြောင်းလဲမှု တွေကိုလည်း ဖတ်ရပါတယ်။ 
စိတ်ဝင်စားဖွယ်ကတော့ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၄ သမ္မတရဲ့ လယ်တောအိမ်အစည်းအဝေးပါ။ ဝန်ကြီး ၃ ဦး၊ MPC အကြံပေးနဲ့ ဒါရိုက်တာဖြစ်လာမယ့်သူ ၄ ဦးတို့က သမ္မတကို အကြံပေးခဲ့ကြတယ် ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ တွေ့ဆုံဖို့ပါ။ ပါတီဖက်ကတော့ ကျားသေကို အသက်သွင်းတယ်ဆိုပြီး ကန့်ကွက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ ဦးသိန်းစိန်ကတော့ "မတူတာတွေကို ညှိနှိုင်းဆောင်ရွက်မယ်" လို့ ဆန္ဒရှိခဲ့ပါတယ်လို့ ဖော်ပြပါတယ်။ ဒီလိုနဲ့ ပင်မရေစီး နိုင်ငံရေးကို ရေစီးကြောင်း ပြောင်းလဲနိုင်ခဲ့ပုံကိုလည်း ဖတ်ရပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင်တော့ MPC ကို သီးသန့် ခွဲထူထောင်ပေးခဲ့ပုံတွေ၊ တရားဝင်မှုဖြစ်အောင် ကော်မီတီတွေ ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ပုံကို ဖော်ပြထားပါတယ်။ NCA လို့ ခေါ်တဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ရရှိသည်အထိ ဆွေးနွေးပွဲရက်ပေါင်း (၁၄၅၀)၊ ဆွေးနွေးပွဲကြီး-ငယ် (၅၀၀၀) ခန့် ဆောင်ရွက်ခဲ့ရတာကိုလည်း ဖော်ပြထားပါတယ်။
ပညာရေးကဏ္ဍမှာတော့ သမ္မတပညာသင်ဆု (၁၁၈ ဦး) လုပ်ပေးတာ၊ အထက်တန်းအဆင့်အထိ အခမဲ့ပညာရေး ဆောင် ရွက်ပေးတာ၊ မူလတန်းကျောင်း ဖွဲ့စည်းမှုကို တိုးချဲ့ခန့်ထားတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒေါက်တာ ဒေါ်ခင်စန်းရီ ကိုတော့ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် သူက ချီးကျူးဖော်ပြထားပါတယ်။ အုပ်ချုပ် ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုမှာတော့ သိပ်မအောင်မြင်ခဲ့တာ ဝန်ခံဖော်ပြပါတယ်။ ပြည်သူ့အခြေပြု အုပ်ချုပ်ရေးစနစ် အတွက် မီဒီယာကော်နာများ၊ တာဝန်ခံတွေ သတ်မှတ်ခဲ့ပါတယ်။ E-government လုပ်ဖို့ တာဝန်ပေးခဲ့ပါတယ်။ တစ်နေရာထဲမှာ ကိစ္စပေါင်းစုံပြီးနိုင်ဖို့ ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Service) ရုံး ၂၆၇ ရုံး ဖွင့်ပေးခဲ့ပါတယ်။ ဒီလို ကိစ္စတွေ လုပ်ဆောင်နိုင်တာဟာ ဦးတင်နိုင်သိန်းက အက်စတိုးနီးယားနဲ့ ဂျပန်လေ့လာရေး ခရီးစဉ်တွေကရတဲ့ အကျိုး ကျေးဇူးလို့ ဖော်ပြပါတယ်။ အရင် ပြည်ထဲရေးဒု-ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်ကိုလည်း သူက ချီးကျူးဖော်ပြထားပါ သေးတယ်။ အကြံကောင်းဉာဏ်ကောင်းတွေကိုလည်း MDRI က ရခဲ့တယ်လို့ ဖော်ပြထားပါသေးတယ်။ (ဒါတော့ ဟုတ်ပါတယ်)။
နိုင်ငံတကာ ဆက်ဆံရေး
---------------------
အစိုးရသစ်တခု (ပြုပြင်ပြောင်းလဲရေးအစိုးရတခု) အဖို့ နိုင်ငံတကာနဲ့ ပုံမှန်ဆက်ဆံရေး (normalization) ရဖို့ အရေးကြီး ပါတယ်။ အစိုးရသစ်က ပိတ်ဆို့ခံထားရမှုတွေက ပြန်လွတ်မြောက်ဖို့ လိုအပ်ပါတယ်။ ဒီတော့ ဦးသိန်းစိန်အစိုးရက ကြိုး ပမ်းခဲ့ရပါတယ်။ တရုတ်၊ အိန္ဒိယ၊ အမေရိကန်-မြန်မာ၊ ဥရောပ-မြန်မာ၊ ဗြိတိန်၊ ဂျပန်၊ နော်ဝေ၊ ကိုရီးယား၊ အာဆီယံ၊ ကုလသမဂ္ဂ စတဲ့ ဆက်ဆံရေး တွေကို တို့ထိ ဖော်ပြထားပါတယ်။ ဦးသိန်းစိန်အစိုးရ အဖို့ ဧရာဝတီမြစ်ဆုံဆည် ဆိုင်းငံ့တဲ့ ကိစ္စ၊ လက်ပန်းတောင်း ကြေးနီစီမံကိန်း စတဲ့ကိစ္စတွေ ကိုင်တွယ်မှုတွေမှာ တရုတ်အစိုးရဘက်က အထင်အမြင် လွဲမှားမှု တွေ ရှိခဲ့တာ ဖော်ပြထားပါတယ်။ စိတ်ဝင် စားဖွယ်ကတော့ USDP ထိပ်တန်း ခေါင်းဆောင်အချို့ တရုတ်ပြည်ခရီးစဉ်မှာ မြစ်ဆုံရပ်စဲမှုကို ဦးသိန်းစိန်အပေါ် အပြစ်ပုံချ ခဲ့ကြတယ်။ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာလည်း တရုတ်-မြန်မာ ဆက်ဆံရေးကို ထိခိုက်စေတဲ့ လှုပ်ရှားဆွေးနွေးမှုတွေရှိခဲ့တယ်၊ ဒီအချက်တွေကို နောက်ပိုင်း ခိုင်လုံစွာ သိခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။ (p. 85) 
အမေရိကန် ဆက်ဆံရေးအတွက်လည်း နိုင်ငံခြားရေးဝန်ကြီး ဟေလာရီ ကမ္ဘောဒီးယားကို ၂၀၁၂ ဇူလိုင်မှာလာတော့ ဦးသိန်းစိန်နဲ့ တွေ့နိုင်ဖို့ သံတမာန်ရေး Protocol တွေကို ဖြတ်ကျော် ကြိုးပမ်းရပုံတွေကိုလည်း ဖတ်ရပါတယ်။ သမ္မတ အိုဘားမား ခရီးစဉ်မတိုင်မီ လိုအပ်ချက်များ (မရိန်းတပ်သား ၈၀၀၊ 747 လေယာဉ် ၂ စင်းအတွက် နေရာ၊ မြေပြင် ယာဉ် တန်း၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စင်း၊ အေဝက် AWAC လေယာဉ်ပျံသန်းခြင်း၊ လေယာဉ်တင် သင်္ဘောအုပ်စု ဝင် ရောက်လှုပ်ရှားခြင်း… စတဲ့ လုံခြုံရေးကျယ်ပြန့် နက်နဲပုံများ)၊ ဒု-သမ္မတ ဦးဉာဏ်ထွန်းက ရန်ကုန်တိုင်းအစိုးရရုံး အပေါ် ထပ်ကနေ ခရီးစဉ်တလျှောက် လုံခြုံရေးကြီးကြပ်ကွပ်ကဲရပုံတွေကိုလည်း စိတ်ဝင်စားစရာ တွေ့ရပါတယ်။ 
ဦးသိန်းစိန်အစိုးရ လက်ထက်မှာ နိုင်ငံတကာ ဆက်ဆံရင်း လူ့အခွင့်အရေးကိစ္စ၊ ICRC နဲ့အတူ အကျဉ်းထောင် ပြုပြင်ရေး ကိစ္စများ၊ နိုင်/ကျဉ်းကိစ္စ၊ အဏုမြူ မပြန့်ပွားရေး၊ အစိုးရပွင့်လင်းမြင်သာစေရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေး စသဖြင့် ကိစ္စ များ လုပ်ရင်းသိ၊ သိရင်းပြင် လုပ်လာရတာတွေကိုလည်း ဖော်ပြထားပါတယ်။ အစိုးရပွင့်လင်းမြင်သာရေးအတွက် သယံ ဇာတ ထုတ်လုပ်မှုပွင့်လင်းမြင်သာရေး ကြိုးပမ်းမှု (EITI)၊ ပွင့်လင်းသော အစိုးရမိတ်ဖက်အဖွဲ့အစည်း (Open Government Partnership) ကိစ္စတွေ လုပ်ဆောင်လာခဲ့ကြရတာလည်း တွေ့ရပါတယ်။ ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့နှစ် ၂၀၁၆ မှာ မြန်မာနိုင်ငံက OGP အဖွဲ့ဝင်ဖြစ်ဖို့ ကတိကဝတ်ပြုထားခဲ့တာလည်း တွေ့ရပါတယ်။ သူကတော့ ဦးသိန်းစိန် ဟာ မြန်မာနိုင်ငံတော်သစ် (New Myanmar) ကို စတင်တည်ထောင်သူ၊ အုတ်မြစ်ချပေးသူအဖြစ် ချီးမြှောက်ထားတာ တွေ့ရပါ တယ်။ သံတမာန်ဆက်ဆံရေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ အမေရိကန်သမ္မတတွေနဲ့ တိုက်ရိုက်ဖုန်းခေါ်နိုင်တဲ့ အထိ အပြုသဘော ဆက်ဆံရေးကို ပြောင်းနိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ (p. 124) 
ပါတီတွင်း ပဋိပက္ခ (Split theory)
--------------------
ဒီမိုကရေစီအပြောင်းအလဲတွေကို လေ့လာတဲ့နေရာမှာ အကွဲအပြဲလို့ခေါ်တဲ့ (split theory) ဆိုတာ ရှိပါတယ်။ အာဏာရှင် အစိုးရတွေမှာ ကွဲပြဲလာရင် အပြောင်းအလဲဖြစ်တယ်။ ဒါမှမဟုတ် တံခါးစဖွင့်လာရင်လည်း သဘောထားပျော့ပြောင်းသူ/ တင်းမာသူများအကြား အကွဲအပြဲ ဖြစ်လာတတ်တယ် ဆိုတဲ့ သဘောတရားပါ။ ဦးစိုးသိန်းစာအုပ်မှာလည်း ဒီသဘောတွေ ကို ဖတ်ရပါတယ်။ ၂၀၁၅ ခုနှစ်၊ သြဂုတ် ၁၂ ည မှာဖြစ်ခဲ့တဲ့ USDP သန်းခေါင်ယံ အကွဲအပြဲကလည်း ဘယ်လိုဖြစ်ကြတာ လဲ ကျနော့်မှာ မေးခွန်းတွေ ရှိနေပါတယ်။ 
ဦးစိုးသိန်းကတော့ အချို့အချက်တွေကို သူ့စာအုပ်မှာ ဖော်ပြထားပါတယ်။
ဖွဲ့စည်းပုံ ပုဒ်မ ၆၄၊ ၂၃၂ (ဋ) အရ တက်လာတဲ့ အစိုးရသစ်နဲ့ ပါတီကို အဆက်ဖြတ်လိုက်ရပါတယ်။ အစိုးရခေါင်းဆောင် များက ပါတီကိစ္စတွေကို ဝင်ရောက်လုပ်ပိုင်ခွင့် မရှိတော့ပါဘူး။ "ကိုယ့်ရှူးကိုယ်ပတ်" လို့ ဦးစိုးသိန်းက သုံးနှုန်းပါတယ်။ (p. 17) အစိုးရအတွက် ပါတီလက်ရုံးပြုတ်သွားရပြီး၊ ပါတီ ကျောထောက်နောက်ခံ မရတဲ့ အစိုးရဟာ ဘယ်လိုရေရှည် ရပ်တည်နိုင်ပါ့မလဲဆိုပြီး ရေးပါတယ်။ ဒီကိစ္စကို ပြန်ပယ်ဖျက်ဖို့ (ဇူလိုင် ၂၊ ၂၀၁၂) မှာ အစိုးရ၊ ပါတီ၊ အခြားထိပ်ပိုင်း ခေါင်းဆောင်တွေ ဆွေးနွေးကြပြီး ဖွဲ့စည်းပုံပြင်ဖို့ သဘောတူခဲ့ကြပါတယ်။ ဒါပေမယ့် ပါတီကိုခေါင်းဆောင်နေတဲ့ ဦးရွှေမန်း၊ ဦးအောင်သောင်းတို့က ဆိုင်းငံ့ထားပြီး ထိုးနှက်တိုက်ခိုက်ခဲ့ကြတယ်။ ဝန်ကြီး၊ ဝန်ကြီးချုပ်များကို အုပ်ချုပ်ရေးနဲ့ ပါတီ အာဏာတွေ မပေးချင်လို့ ဥပဒေဟာကွက်ကိုနင်းတယ်လို့ ဖော်ပြထားတာ စိတ်ဝင်စားဖွယ် တွေ့ရပါတယ်။ (p. 17) ရွေးကောက်ပွဲကာလ နီးလာလေ ပြဿနာပိုများလာလေ ဖြစ်ရတဲ့အကြောင်း၊ အာဏာပြိုင်ဆိုင်မှု ပြင်းထန်လာပုံတွေ ကိုလည်း ဖတ်ရပါသေးတယ်။ 
မျှော်လင့်မထားခဲ့သော စိန်ခေါ်မှု 
------------------------
အစိုးရသစ်က ပြဿနာစိန်ခေါ်မှုတွေကို သိပ်ပြီး မပြင်ဆင်ထားခဲ့ပါ။ ဒါပေမယ့် ၂၀၁၂ ရခိုင် အရေးအခင်း၊ အရေးပေါ် ကြေညာရတာတွေ (ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ၁/၂၀၁၂)၊ ၂၀၁၃ မတ်လ မိတ္ထီလာ အရေးအခင်း၊ ၂၀၁၄ ဇန်နဝါရီလ ဒူးချီးယာတန်ကျေးရွာကိစ္စ စတဲ့ သွေးထွက်သံယိုမှုတွေ ကြုံခဲ့ရပါတယ်။ လက်ပန်တောင်းတောင် ကြေးနီ စီမံကိန်း၊ မြစ်ဆုံစီမံကိန်း၊ ပညာရေးပြုပြင် ပြောင်းလဲမှုနဲ့ ကျောင်းသားလှုပ်ရှားမှုများ၊ အခြေခံဥပဒေ ခုံရုံးကို ဖြုတ်ချခြင်း၊ လောက်ကိုင်တိုက်ပွဲ ပြဿနာ.. စတဲ့ စိန်ခေါ်မှုတွေကိုလည်း ကြုံတွေ့ရပါတယ်။ 
ပညာရေး ကျောင်းသားဆန္ဒပြပွဲတွေကို သူသုံးသပ်တာတော့ တမျိုးမြင်ရပါတယ်။ အချို့ကျောင်းသား သမဂ္ဂတွေက ၎င်းတို့ကို စိတ်ဝင်စားဖို့ လှုပ်ရှားမှုတွေ လုပ်လာကြတယ်၊ ဆရာ၊ ဆရာမကြီးများကို မရိုမသေ၊ မလေးမစား လုပ်နေ ကြတာ သူစိတ်မကောင်းဘူး။ နိုင်ငံရေးအမြတ်ရလိုမှု တခုတည်းနဲ့ မှန်ကန်သောလုပ်ငန်းဆောင်ရွက်ချက်တွေကို မျက် ကွယ်ပြုကြတယ်။ သူမနှစ်သက်ဘူး၊ ညစ်ပတ်သောနိုင်ငံရေး (dirty politicss) ပဲ။ သူတို့နိုင်ငံရေး ကစားကွက်တွေကို ကြည့်ရင်း သူ့အနေနဲ့ အနာဂတ်နိုင်ငံတော်အရေး ရတက်မအေး ဖြစ်ရတယ်လို့ ရေးထားတာလည်း ဖတ်ရပါတယ်။ (p. 167) နိုင်ငံရေးလှုပ်ရှားသူတို့ရဲ့ ရည်ရွယ်ချက်က ရန်ကုန်သို့ အားလုံးစုစည်းပြီး၊ ရန်ကုန် အုပ်ချုပ်ရေးယန္တယားကို ရပ်တန့်အောင် ဆောင်ရွက်မယ်၊ နောက်ဆုံးရလဒ်က အစိုးရပြုတ်ကျရေး ဦးတည်တယ်လို့ သူက ဖော်ပြထားပါတယ်။ အဲဒီအချိန်မှာ ချိန်ကိုက် ရခိုင်ပြည်နယ်မှာ အဖြူရောင်ကဒ်ပြားနဲ့ မဲပေးခွင့်ကို လွှတ်တော်မှာဆွေးနွေးနေတယ်၊ မကျေနပ်တဲ့သူတွေ ကလည်း တပြိုင်နက်လှုပ်ရှားကြပြီး အစိုးရဖြုတ်ချဖို့ မဟာဗျူဟာမြောက် ကြိုးပမ်းကြတယ်လို့ ဖော်ပြထားပါတယ်။ လက်ပံတန်းမှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရန်လိုတိုက်ခိုက်ကြတယ်၊ မီဒီယာတွေကလည်း အစိုးရဆန့်ကျင်သူ များဘက်ကို ဘက်လိုက်ရေးကြတယ် စသဖြင့် ဖော်ပြထားပါတယ်။ အစိုးရ ထိပ်တန်းတာဝန်ရှိသူတဦးရဲ့ အမြင်လို့ပဲ ဖော်ပြချင်ပါတော့တယ်။ 
အဲဒါအပြင် သူက "အပွင့်ပြဿနာ" လို့ ဖော်ပြထားတာလည်း ရှိပါတယ်။ တံခါးဖွင့်လာတဲ့အခါ ကြုံတွေ့ရမြဲ ပြဿနာမျိုး တွေ ဖြစ်ပါတယ်။ လေးပွင့်ဆိုင် ဆွေးနွေးပွဲ (သမ္မတ၊ ကာချုပ်၊ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်) တောင်းဆိုမှု၊ နောက်ပိုင်း ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ (အမျိုးသားလွှတ်တော်နှင့် တိုင်းရင်းသား တိုးလာ) တောင်းဆိုမှု စတာတွေကို ဖော်ပြထားပါတယ်။ လွှတ်တော်နဲ့ ဆက်ဆံရေးကိစ္စလည်း ပြဿနာကြီးပါ။ ပြင်ပကလေ့လာသူများလည်း မြင်တွေ့ခဲ့ကြရပါတယ်။ ၂၀၁၃ နိုဝင်ဘာမှာ တကြိမ်၊ ၂၀၁၄ နှောင်းပိုင်းကာလတွေမှာ တကြိမ် သမ္မတကို ပြစ်တင်စွပ်စွဲ ခြင်း (Impeach) လုပ်ဖို့ စီစဉ်ခဲ့ကြတယ်၊ ပြည်ထောင်စုဝန်ကြီးတဦးကို ဖြုတ်ချရန် စီမံခဲ့ကြတယ်၊ မအောင်မြင်ခဲ့ ဆိုပြီး ရေးထားတာလည်း ဖတ်ရပါတယ် (p. 175) 
ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ဆင်ဖို့လုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ခဲ့ကြတယ်၊ ပြည်ထောင်စုအဆင့် သတ်မှတ်မှု ပြဿနာ၊ ဝန်ထမ်း လစာတိုးမြှင့်ရေး၊ ရခိုင်ပြည်နယ် ဝှိုက်ကဒ်ပြဿနာ၊ အချိုးကျ ရွေးချယ်တင်မြှောက်ရေး (Proportional Representation) အလုပ်သမား အခြေခံလုပ်ခလစာ၊ တောင်သူ လယ်သမားအခွင့်အရေး၊ လွှတ်တော်ကိုယ်စားလှယ် လစာစားရိတ် ပြဿနာ၊ သမ္မတဖြစ်လိုသော ပြဿနာ …စသည်ဖြင့် ပြဿနာပေါင်းများစွာနဲ့ လွှတ်တော်က ဦးသိန်းစိန်အစိုးရကို အကျပ် အတည်း ဖြစ်စေခဲ့တယ်လို့ သုံးသပ်ထားတာလည်း ဖတ်ရပါတယ်။ (p. 176) ရွေးကောက်ပွဲနှစ်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ရေဘေး၊ မြေပြိုမှု သဘာဝကပ်ဘေးတွေ ကြုံတွေ့ဖြေရှင်းခဲ့ရတယ်ဆိုတာလည်း တို့ထိ ဖော်ပြပါတယ်။
အထူးသဖြင့် အစိုးရနှောင်းပိုင်းကာလမှာ နိုင်ငံရေးဆက်နွယ် လှုပ်ရှားမှုတွေက တစစ ပိုပြင်းထန်လာတယ်။ အကွက်ကျကျ အစိုးရ ဖြုတ်ချရေး၊ သို့မဟုတ် အစိုးရရွေးကောက်ပွဲ ရှုံးနိမ့်ရေးတွေကို NLD ပါတီသာမက၊ USDP ထိပ်တန်းခေါင်းဆောင် တွေ အပါအဝင်၊ INGO/NGO များက ရည်ရွယ်ချက်တူညီ လူမှုကွန်ရက်တွေကိုသုံးပြီး လုပ်ဆောင်ခဲ့ကြတယ်လို့ ဖော်ပြ ထားပါတယ်။ (p. 274) ပုဂ္ဂိုလ်ရေးကိစ္စ အချို့လည်း ပါဝင်ပါတယ်။ USDP ပါတီခေါင်းဆောင် ဦးအောင်သောင်းက ကိုယ်စားလှယ်စိစစ်ရေးခေါင်းဆောင် လုပ်ရာမှာ ဦးစိုးသိန်းနဲ့ ဦးအောင်မင်းကို ရွေးကောက်ပွဲ မဝင်နိုင်အောင် တမင်မဟာ ဗျူဟာချ လုပ်ဆောင်တယ်၊ ဒု-သမ္မတဦးဉာဏ်ထွန်း ဇီးကုန်းမြို့နယ်က သူ့ဇာတိဖြစ်လို့ ရွေးကောက်ပွဲဝင်နိုင်ရေးကိစ္စကို တောင် ပါတီက နိုင်ငံရေးနေရာမပေးခဲ့ဘူး။ ဒါကြောင့် နောက်ဆုံးမှတ်ပုံတင်ရက်မှာ အချိန်မီ ရဟတ်ယာဉ်နဲ့ အပြေးသွား မှတ်ပုံတင်ရတယ်။ နိုင်ငံရေးလုပ်ကြံမှုပဲ.. ဆိုတဲ့ သုံးသပ်ချက်တွေကိုလည်း ဖတ်ရပါတယ်။ အဲဒါအပြင် အစိုးရအဖွဲ့ဝင်များ ကို နိုင်ငံရေးလောကကနေ အပြီးတိုင် သုတ်သင်ဖို့လုပ်တယ်၊ လာမယ့်ရွေးကောက်ပွဲမှာ အစိုးရအဖွဲ့ဝင်များ ဝင်ရောက် ယှဉ် ပြိုင်ခွင့်ပိတ်ဖို့ ဥပဒေပြဌာန်းတဲ့အထိ ကြိုးပမ်းဖို့ လုပ်လာတယ်ဆိုတာလည်း စိတ်ဝင်စားဖွယ် ဖတ်ရှုရပါတယ်။ 
ခြုံငုံ ပြောရရင်တော့ ဒီစာအုပ်က ကျနော်တို့ သိချင်နေတဲ့ စိတ်ကို အဆာပြေစေပါတယ်။ ယခင်အစိုးရထဲက သက်တော် ရှည်ဝန်ကြီး ခေါ်နိုင်တဲ့ သမ္မတရုံးဝန်ကြီးတဦးက ရေးသားထားတာဖြစ်လို့လည်း ကိုးကားဖော်ပြဖို့ သင့်တဲ့စာအုပ်ဖြစ်ပါ တယ်။ ကျနော်တို့ စာဖတ်သူနဲ့ အမြင်တူတူ-မတူတူ စိတ်ဝင်စားဖွယ် ပြည့်နေသော စာအုပ်တအုပ် ဖြစ်ပါကြောင်း။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More