Friday, November 7, 2014

စစ်တပိုင်းအစိုးရနဲ့အတူ ၄ နှစ်တာ ခရီးသွားပြီးတဲ့အခါ

၂၀၁၀ ရွေးကောက်ပွဲနဲ့ စစ်တပိုင်းအစိုးရတက်လာာခြင်း
ဒီနေ့ နိုဝင်ဘာလ ၇ ရက်နေ့ဟာ ၂၀၁၀ ကောက်ပွဲကျင်းပခဲ့တဲ့ ၄ နှစ်ပြည့်နေ့၊ တနည်းအားဖြင့် ယူနီဖောင်းဝတ်စစ်သားတွေ ၁၀၀% အုပ်ချုပ်ရေးကနေ ယူဖောင်းချွတ်စစ်သားတွေအဖြစ် အသွင်ပြောင်း အုပ်ချုပ်ခြင်း ၄ နှစ်ပြည့်နေ့ပါ။ ၁၉၈၈ မှာ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နအဖ ဥက္ကဌရာထူးကနေ တရားဝင်အနားယူပြီး ၀န်ကြီးချုပ်ဗိုလ်ချုပ်သိန်းစိန်က သမ္မတဦးသိန်းစိန်အဖြစ် စတင် တာယူအုပ်ချုပ်မှု စတင်တဲ့နေ့ဖြစ်ပါတယ်။


(၂၀၁၀ ရွေးကောက်ပွဲကို NLD ပါတီ သပိတ်မှောက်ခဲ့စဉ်က)

လူပေါင်း တသိန်းကျော်သေဆုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်း တိုက်ခတ်ချိန်၊ လူအများစိတ်သောကရောက်နေချိန် မှာ အတည်ပြုခဲ့တဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရကျင်းပတဲ့ ဒီရွေးကောက်ပွဲကို အတိုက်ခံ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက သပိတ်မှောက်ခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်ကျောထောက် နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီ၊ အခြားပါတီငယ်တွေနဲ့ တိုင်းရင်းသားပါတီတချို့က ၀င်ရောက်ယှဉ် ပြိုင်ခဲ့ပါတယ်။ 

ကြိုတင်မဲအပါဝင် နည်းပေါင်းစုံနဲ့ညစ်ပြီး ကြံ့ခိုင်ရေးပါတီက အနိုင်ယူခဲ့တယ်လို့ ပြိုင်ဖက်ပါတီတွေက စွပ်စွဲ ခဲ့ပေမဲ့ နောက်ဆုံးတော့ ဒီရွေးကောက်ပွဲရလာဒ်ကို ကော်မရှင်ကအတည်ပြုလိုက်ပါတယ်။ ဝေဖန်မှုမျိုး စုံကြားထဲမှာပဲ ၀န်ကြီးချုပ်ဟောင်း ဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရသစ်တက်လာပါတယ်။

ဒါပေမယ့် ထူးခြားတာကတော့ ဒီရွေးကောက်ပွဲအပြီး ၆ ရက်အကြာ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အတိုက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ အာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့ ပါတယ်။

နောက်ထပ်ထူးခြားချက်တခုကတော့ ဒီလိုရွေးကောက်ပွဲအကြိုကာလနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ် မြောက်ကာစ ကာလတွေမှာ ပြည်တွင်း-ပြည်ပ မြန်မာ ပညာတတ်တချို့နဲ့ နိုင်ငံတကာသံတမန်တချို့က ဒီကောက်ပွဲနဲ့ အစိုးရသစ်အပေါ် အကောင်းမြင်ကြိုဆိုခဲ့ကြပြီး ဒီအပြောင်းအလဲလမ်းစကနေ ဒီထက် ကြီးမားတဲ့ ပြောင်းလဲမှုတွေထပ်ဖြစ်လာအောင် ကြိုးစားရမယ်လို့ လေသံပစ်ကြပါတယ်။

တတိယ အင်အားစုလို့ခေါ်ကြတဲ့ ပြည်တွင်း-ပြည်ပ ပညာတတ်တချို့ အတော်အလုပ်များတဲ့ ကာလတခု ဖြစ်ခဲ့ပါတယ်။ ဆယ်စုနှစ် ၂ ခုကျော် နယ်စပ်နဲ့ ပြည်ပမှာနေထိုင်ပြီး စစ်အစိုးရကို လက်နက်ကိုင်တော် လှန်ခဲ့သူတချို့နဲ့ ပညာရှင်တချို့ နေပြည်တော်နဲ့လှို့ဝှက်ဆက်သွယ်ပြီး ဆွေးနွေးမှုတွေ၊ အကြံပေးမှုတွေ လုပ်ခဲ့ကြပါတယ်။ အဲဒီနောက် အနောက်တိုင်းသံတမန်တွေကပါ ဦးသိန်းစိန်အစိုးရကို ပြုပြင်ပြောင်းလဲ ရေးလုပ်ချင်တဲ့အစိုးရအဖြစ် လေသံပစ်ပြီး နေပြည်တော်နဲ့ သံတမန်ဆက်သွယ်မှုတွေ ပြန်လည် အဆင့် မြင့်တင်ခဲ့ကြပါတယ်။

ဒီကာလအတွင်း အထူးခြားဆုံးတိုးတက်မှုအဖြစ် လေ့လာသူတွေထောက်ပြတာကတော့ ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်းမှာ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပထမ ဆုံးအကြိမ် မျက်နှာချင်း ဆိုင်တွေ့ဆုံဆွေးနွေးမှုပါပဲ။ ဘာတွေဆွေးနွေးသလဲဆိုတာကိုအသေးစိပ်မထုတ်ပြန်ပေမဲ့ သမ္မတကြီး ကို သူယုံပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ဒီလိုတွေဆုံမှုအပြီးမှာတော့ မြန်မာ့နိုင်ငံရေး တခေတ်ဆန်းတော့မဲ့ပုံစံမျိုး နိုင်ငံတကာဖက်ကမြင်လာပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်ကိုယ်တိုင် မြန်မာနိုင်ငံ ဆီ လာရောက်လည်ပတ်လိုက်တဲ့အခါမှာတော့ ဦးသိန်းစိန်အစိုးရသစ်ကို နိုင်ငံတကာက အသိမှတ်ပြုသလို ဖြစ်သွားခဲ့ပါတယ်။ တချိန်တည်းမှာပဲ အတိုက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဦးသိန်းစိန် အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်ဖက်က တိုက်တွန်းခဲ့ပုံရတယ်လို့ လေ့လာသူတွေကပြောပါ တယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပြုပြင်ရေး တကယ့်အချိန်ခါများ

အဲဒီနောက်ပိုင်းမှာတော့ ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမဲ့ ကြားဖြတ်ရွေးကော်ပွဲမှာ NLD ပါတီ ၀င်ပြိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကြေငြာလိုက်ပါတယ်။ ဒီလိုကြေငြာပြီးသိပ်မကြာခင် ၂၀၁၂ ခုနှစ် ဇန်နာဝါရီ ၁၂ ရက်နေ့မှာတော့ ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဦးသိန်းစိန်အစိုးရက လွတ်ပေးခဲ့ပါတယ်။


(၂၀၁၁ ခုနှစ် သြဂုတ်လအတွင်းကပြုလုပ်ခဲ့တဲ့ သမ္မတနဲ့ အတိုက်ခံခေါင်းဆောင် ပထမ ဆုံးတွေ့ဆုံပွဲ)

၁၉၉၀ ရွေးကောက်ပွဲတုန်းက ဒုတိယ အမတ်နေရာအများဆုံး ရခဲ့တဲ့ ရှမ်းတိုင်းသားပါတီဥက္ကဌခွန်ထွန်းဦး အပါင် တိုင်းရင်းသားခေါင်းဆောင်တွေ၊ ၈၈ လေးလုံးခေါင်းဆောင်တွေဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီး အပါဝင် ကျောင်းသားခေါင်းဆောင်တွေ၊ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်အ၀င် စစ်ထောက်လှမ်းရေးဖက်က ပုဂိုလ်တွေ အတော်များများပြန်လွတ်လာခဲ့ပါတယ်။

ဒီလို နိုင်ငံရေးအကျဉ်းသားတွေအစုအပြံလိုက်ပြန်လွှတ်ပေးတာ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ၀င်ပြိုင်ခွင့်ပေးတာတွေကြောင့် ပြည်တွင်း-ပြည်ပကနေ ဦးသိန်းစိန်အစိုးရ ကို တကယ့်ပြုပြင်ရေးလုပ်မဲ့အစိုးရအဖြစ် အမှတ်ပေးလိုက်ကြပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကို မဲလိမ် မှုမရှိပဲလုပ်ပေးလိုက်တဲ့အတွက် ၄၂ နေရာမှာ NLD က ၄၁ နေရာအနိုင်ရသွားခဲ့ပါတယ်။

အဲဒီနောက်ပိုင်း အမေရိကန်နဲ့ဥရောပအပါဝင် အနောက်အုပ်စုတခုလုံးက ဦးသိန်းစိန်အစိုးရအပေါ် အရင် ကချမှတ်ထားခဲ့တဲ့ပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးလိုက်ပါတယ်။ အတိုက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ အမေရိကန်၊ ဥရောပနဲ့ အနောက်နိုင်ငံတွေဆီ အပြိုင်အဆိုင် လည်ပတ် စည်းရုံးခဲ့ကြပါတယ်။

ဒီလိုနဲ့ ၂၀၁၂ နှောင်းပိုင်းနဲ့ ၂၀၁၃ အစောပိုင်းကာလတွေဟာ မြန်မာ့နွေဦးရဲ့ တကယ့်ပြုပြင်ပြောင်းလဲရေး ကာလလို့ထင်ရလောက်အောင်ကို အပြုသဘောဆောင်တိုးတက်မှုတွေကိုမြင်လာခဲ့ရပါတယ်။ အဲဒီထဲက အထင်ရှားဆုံးတိုးတက်မှုကတော့ မီဒီယာဖက်မှာဖြစ်ပြီး ဖမ်းဆီးခံသတင်းသမားအားလုံးကို ပြန်လွှတ်ပေး ခဲ့ပါတယ်။ စာပေစီစစ်ရေးဌာနကိုဖျက်သိမ်းပြီး လွတ်လပ်စွာရေးသားခွင့်ပြုခဲ့ပါတယ်။ ပုဂ္ဂလိက သတင်းစာ တွေ ထုတ်ခွင့်ပြုခဲ့ပါတယ်။ တချိန်က အတိုက်ခံသတင်းဌာနတွေ၊ စစ်အစိုးရဆန့်ကျင်ရေးသတင်းဌာန တွေကို ပြည်တွင်းမှာ ပြန်လည်အခြေစိုက်ခွင့်ပေးခဲ့ပါတယ်။ နိုင်ငံတကာသတင်ထောက်တွေကိုလဲ ပြည်ဝင်ခွင့်ဗီဇာပေးလာခဲ့ပါတယ်။

အခြားသိသာတဲ့တိုးတက်မှုကတော့ နှစ်ပေါင်း ၆၀ နီးပါး လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ နယ်စပ်တကျော ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ နီးပါးနဲ့ အပစ်ခတ်ရပ်စဲရေးဆွေးနွေးလာပါတယ်။ နေရာအတော် များများမှာတိုက်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးလက်မှတ်ထိုးလာနိုင်ခဲ့ပါတယ်။ နိုင်ငံတကာဖက်ကလဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အင်တိုက်အားတိုက်ကူညီခဲ့ပါတယ်။


အရှိန်ကုန်သွားတဲ့အစိုးရနဲ့ မနိုင်၍သီးခံနေရတဲ့ အတိုက်ခံတို့ဘဝ

စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်းမှုလုပ်ငန်းစဉ် အရှိန်ကောင်းတုန်း ၂၀၁၂ မကုန်ခင်လေးမှာ ဘာသာရေးပတိပက္ခတွေ ရခိုင်ဖက်မှာစတင်ပေါ်လာပါတယ်။ ဒီဖြစ်စဉ်ကို အစိုးရပိုင် မီဒီယာတွေက ဗုဒ္ဓဘာသာဖက်ကိုအသာပေးပြီးဖေါ်ပြတဲ့အတွက် သွေးထိုးလှုပ်ဆော်သလိုဖြစ်သွားပြီး အခြေနေတွေ ပိုဆိုးသွားတာလို့ လေ့လာသူတွေကပြောပါတယ်။

(မကြာသေးခင် ရက်ပိုင်းကမှ ပြုလုပ်ခဲ့တဲ့ အဖြေမထွက်တဲ့ ထိပ်သီးအစည်းဝေး)

အဲဒီနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံအလယ်ပိုင်း မိတ္တိလာ၊ မြောက်ပိုင်းလားရှိုးကနေ နောက်ဆုံး ဒုတိယ မြို့တော် မန္တလေးအထိပြန်နှံ့ပြီး လူတွေ ရာနဲ့ချီသေဆုံးခဲ့ရပါတယ်။ ဘာသာတခုနဲ့ တခုအကြား မယုံ သင်္ကာမှုပိုတိုးလာပြီး ခွဲခြားဆက်ဆံမှုတွေ တိုးလာစေခဲ့ပါတယ်။ 

တချိန်တည်းမှာပဲ တိုင်းရင်းသားလက်ကိုင်တချို့နဲ့တိုက်ပွဲတွေပြန်ဖြစ်လာပြီး ကချင်လွတ်မြောက်ရေး အဖွဲ့ကဆိုရင် အပစ်ခတ်ရပ်စဲရေးလုပ်ဖို့ ငြင်းဆိုတဲ့အထိအခြေနေဆိုးလာပါတယ်။ တခါ ကရင်လက် နက်ကိုင်၊ ရှမ်းလက်နက်ကိုင်တချို့နဲ့လဲ တိုက်ပွဲတွေပြန်ဖြစ်လာနေပါတယ်။

နိုင်ငံရေးဖက်မှာလဲ ၂၀၀၈ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီနည်းလမ်းမကျတဲ့ ပုဒ်မတွေကိုပြင်ပေးဖို့ NLD နဲ့ ၈၈ မျိုးဆက်တွေ စုပေါင်းတောင်းဆိုမှုကို အစိုးရဖက်က ပယ်ချခဲ့ပါတယ်။ အများပြည်သူပိုင်တဲ့ လယ်မြေတွေ ကို စစ်တပ်နဲ့ ကုပ္ဗဏီတွေက အဓ္ဓမသိမ်းယူတာတွေဆက်လုပ်လာခဲ့ပါတယ်။ စာနယ်ဇင်းသမားတွေကို ဖမ်းဆီး ထောင်ချ၊ သတင်းစာတိုက်တွေကို အစိုးရဖက်က တရားစွဲဆို၊ အခုနောက်ဆုံး သတင်းထောက်ကို စစ်တပ်က ပစ်သတ်တဲ့အထိအခြေနေတွေ ဆိုးလာနေပါတယ်။

ဒီလိုအခြေနေအရပ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်း သားအင်အားစုတွေအားလုံးကသိရှိနေပေမဲ့ ဦးသိန်းစိန်အစိုးရကို ပြန်တော်လှန်ဖို့၊ လက်ရှိ သွားနေတဲ့ နိုင်ငံရေးအခင်းအကျင်းကနေ ပြန်ရုန်းထွက်ဖို့ မလွယ်ဘူးဖြစ်နေပုံရတယ်လို့ အကဲခတ်တွေက ထောက်ပြပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမ၀င်ခင်ကပေးခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က အခုချိန်ထိ ဘာမှလုပ်မပေးနိုင်ခဲ့ပါ။ ကတိပေးထားတဲ့အတိုင်း မလုပ်ပြနိုင်တဲ့အတွက် လွှတ်တော်လမ်းကြောင်းကိုစွန့်ပြီး လူထုတိုက်ပွဲ လမ်းကြောင်းကို NLD ကပြန်ရွေးမလား။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးသိန်းစိန်အစိုးရနဲ့ ကြံ့ခိုင်ရေးပါတီဖက်က မပြင်ပေးဘူး ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကို သပိတ်မှောက်မလား။

ဒါပေမယ့် နယ်စပ်က လက်နက်ကိုင်တွေရော၊ ရန်ကုန်က နိုင်ငံရေးပါတီတွေကြားမှာပါ တူညီနေတဲ့ အချက်တခုက တော့ ဦးသိန်းစိန်အစိုးရဖက်က မရိုးသားတာ။ နိုင်ငံရေးဝါဒဖြန့်နေတာကိုသိပါလျက်နဲ့ လက်ရှိအခြေနေကနေ ရုန်း ထွက်ဖို့မဖြစ်နိုင်ဘူး။ လက်ရှိရနေတဲ့နိုင်ငံရေးအခွင့်အခါကောင်းတွေကို ငြင်းပယ်လိုက်မယ်ဆိုရင် တိုက်ပွဲတွေ ပြန်ဖြစ်လာမယ်၊ အဖမ်းဆီးတွေ ပြန်ဖြစ်လာမယ်။ ပြည်သူ လူထုပိုနစ်နာမယ်။ 

ဒါကြောင့် ဖွဲ့စည်းပုံ ပြင်ပြင်မပြင်ပြင် ရွေးကောက်ပွဲဝင်မှဖြစ်မယ်။ မပြင်ပေးလို့ မ၀င်ဘူးဆိုပြီး သပိတ်မှောက်လိုက် ရင် အစိုးရဖက်က ပိုကြိုက်တဲ့အတွက် သူ တို့အကွက်ထဲဝင်သွားမယ်။ မကြိုက်သော်လည်း အောင့်ကာနမ်း ရတော့မဲ့အခြေနေရောက်နေပြီဆိုပြီး NLD ဖက်က ပြောဆိုသံတွေကို ၂၀၁၅ ရွေးကောက်ပွဲနီးလေ ပိုကြားလာ ရလေဖြစ်လာနေပါတယ်။

ဒီအခြေနေကနေရုန်းထွက်နိုင်ဖို့ဘာလုပ်သင့်သလဲ

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးလှုပ်ရှားမှုအပြင် လူ့အခွင့်ရေးချိုးဖေါက်ခံရမှုကြောင့် နေစဉ်နဲ့အမျှဆန္ဒပြ နေကြတဲ့ လယ်သမားတွေ၊ အလုပ်သမားတွေအရေးကိုပါ ဦးဆောင်ပါဝင်ဖို့လိုနေပါတယ်။ လမ်းမ ပေါ် ထွက်တဲ့ ဆန္ဒပြပွဲတွေကိုအားမပေးဘူးဆိုတဲ့ပေါ်လစီကို ပြန်သုံးသပ်ဖို့ လိုလာပါတယ်။ 

(ပုဒ်မ ၄၃၆ ပြင်ရေးအတွက် NLD နဲ့ ၈၈ တို့ လူထုကိုစည်းရုံးဟောပြောနေစဉ်)

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံပြင်နိုင်ရေးအတွက် လွတ်တော်အတွင်းလှုပ်ရှားမှုအပြင် လွတ်တော် ပြင်ပလှုပ်ရှားမှုကို အရှိန်မြင့်ဖို့လိုအပ်နေပါတယ်။ အထူးသဖြင့် တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ မဟာမိတ်ဖွဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ဖို့လိုနေပါတယ်။ ၈၈ အဖွဲ့နဲ့ ပူးပေါင်းဆောင် ရွက်မှုကိုလဲ ဒီထက်မက တိုးမြင့်ဖို့လိုအပ်နေပါတယ်။

ဦးသိန်းစိန်အစိုးရနဲ့ မျက်နှာပျက်ရမှာစိုးလို့ ဘာမှမဝေဖန်ပဲ ရေငုံနှုတ်ပိတ်နေတဲ့ ပေါ်လစီကို ဒေါ်အောင် ဆန်းစုကြည်နဲ့ NLD က ပြန်သုံးသပ်သင့်ပါတယ်။ ဦးသိန်းစိန်အစိုးရနဲ့ လက်ရှိအာဏာပိုင်တွေရဲ့ လူထုအပေါ် မတရားအနိုင်ကျင့်မှုတွေ၊ လာဘ်စားမှုတွေ၊ အများပြည်သူဘ၀တိုးတက်ရေးအတွက် ဘာမှမဆောင်ရွက်ပဲ မျက်ကွယ်ပြုထားတာတွေကို ဒီထက်မက ဝေဖန် ထောက်ပြသင့်ပါတယ်။ 

အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်နေတဲ့ နိုင်ငံတကာအစိုးရတွေ သိအောင် (မသိဟန်ဆောင်နေတာလဲဖြစ်နိုင်ပါတယ်) ဒေါ်အောင်ဆန်းစုကြည်ဖက်ကနေ လူထုအားနဲ့ တိုင်းရင်းသားအားကိုယူပြီး အရှိကိုအရှိအတိုင်း ပွင့်ပွင့်လင်းလင်းထုတ်ဖေါ်ပြောဆိုဖို့လိုနေပါတယ်။

အဲဒီလိုပြောဆို ဖိအားပေးမှုကနေတဆင့် (လူစု ဓာတ်ပုံရိုက်ခံနေရတဲ့ အဆင့်ကိုကျော်ပြီး) အနှစ်သာရရှိတဲ့ ၂ ဖက် (အစိုးရနဲ့အတိုက်အခံ) ဆွေးနွေးပွဲဖြစ်လာအောင်လုပ်ဖို့ အချိန်ရောက်နေပြီဖြစ်ပါကြောင်း တင်ပြ လိုက်ရပါတယ်။


1 comments:

(သစ်ထူးလွင်ဆိုက်မှ Comment တချို့)

Kyaw Aye · B.Sc Physics
ဒီဆောင်းပါးဟာနိုင်ငံအရေးကိုစိတ်ဝင်စားသူတိုင်းဖတ်သင့်တဲ့ဆောင်းပါးတစ်ပုဒ်ပါ။ဒီမိုကရေစီစံအရလွတ်လပ်စွာသဘောထားကွဲခွင့်ရှိရပါမယ်။လွှတ်တော်အတွင်းမှာNLDရဲ့  အတိုက်အခံဆွေးနွှေးမေးမြန်းမှုတွေ မျှော်လင့်ခဲ့ပေမယ့်မရခဲ့ပါဘူး။(အခွင့်မသာလို့ လည်းဖြစ်မှာပါ။)အခုတော့ခရီးစဉ်တွေပြန်စလာပြီ။ဥပဒေနဲ့ အညီပြည်သူတွေကိုဦးဆောင်မှုတွေပေးနိုင်ကြပါစေဗျာ။
Reply · Like · Follow Post · 4 hours ago

Myint Aung
အရင်တုံးကဒီမိုကရေစီလို့ဟစ်နေတဲ့ NDF ပါတီတို့တောင် PR ဆိုပြီးထအော်နေ ကြသလို ၊ ဘုန်းကြီးတချို့ကလည်း မျိုးစောင့်ဥပဒေ လို့ထအော်ကြပြန်ရော ၊ အဲဒီတော့သွားနေတဲ့လမ်း မဖြောင့်ဘဲ ၊လမ်းကွဲတွေကများနေတယ်၊ ဒီကြားထဲဖွဲ့စည်းပုံပြင်ဘို့လုပ်ပြန်တော့လည်း ၂၅% ရာခိုင်နှုံး ကိုကျော်နိုင်ဘို့မပြောနဲ့ဒီမိုကရေစီလို့အော်ခဲ့ကြတဲ့အင်အားစုတွေတောင်ပါမလားတော့ဘဲ PR တွေဖြစ်ကုန်ရော၊ အဲဒီတော့ ဒီ NLD ရယ် ဂဂ ရယ်ပေါင်းပြီး လမ်းပေါ်ထွက်ရင် ဆရာကြိုက်ဖြစ် ပြီး ၁၅၀၀ နဲ့ရနေတဲ့ SIM CARD တွေတောင် ၁၅ သိန်း ပြန်ဖြစ်ပြီး သိန်း ၁၅၀ တန်ကားတောင် ၁၅၀၀ ပြန်ဖြစ်သွားပြီးဆင်းရဲသားလူတန်းစား ၊လယ်သမားတွေမြေတွေပြန်မရတဲ့အပြင် ထပ်ပါသွားမဲ့ခေတ်ပြန်ရောက်သွားရင် ဘယ်လုပ်မလဲစာလေးရေးပြီး ဟိုလိုလုပ်ပါလား၊ဒီလိုလုပ်ပါလားလို့ရေးနေမဲ့အစားကိုယ်တိုင်ဝင်လုပ်ကြည့်ပါလား စာရေးသူစာရေးဆရာရေ။
Reply · Unlike · 2 · Follow Post · 7 hours ago

Myo Minn · Yangon Technological University
nice article.all are trying to reach real democracy.
Reply · Unlike · 1 · Follow Post · 9 hours ago

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More