ညွန့်ပေါင်းအစိုးရအသံလွှင့်ဌာနမှ ပုဂ္ဂလိကပိုင် စီးပွါးဖြစ် သတင်းဌာနအဖြစ်သို့
DVB (ဒီမိုကရက်တစ်မြန်မာ့အသံ-မူလ) သတင်းဌာနဟာ ဒီမိုကရေစီလှုပ်ရှားသူတွေကိုယ်စား ပေါ်လာတဲ့ အတိုက်အခံ သတင်းဌာနလား။ လွတ်လပ်တဲ့ ပုဂ္ဂလိကပိုင် စီးပွါးဖြစ်သတင်းဌာနလား။ DVB ကိုဘယ်သူပိုင်သလဲ ဆိုတဲ့မေးခွန်း တွေ အခုမှအကြီးအကျယ် ထွက်လာပေမဲ့ တကယ်တော့ ဒီဇတ်လမ်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့် ကတည်းက စတင် ခဲ့တာလို့ပြောရမယ်ထင်ပါတယ်။
(၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့မှာ နော်ဝေးရောက် သမ္မတဦးသိန်းစိန်နဲ့ အင်တာဗျုးလွှင့်ပြီးတဲ့နောက် DVB-မူလ စတူဒီယိုကို ပိတ်တော့မယ်လို့ နော်ဝေး မီဒီယာဆီ ပြောကြားနေစဉ်)
ကျနော်မှတ်မိသလောက်ဆိုရင် ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးခင်းဝန်းကျင်ကတည်းက ‘’အမျိုးသားညွန့်ပေါင်းအစိုးရ အသံလွှင့်ဌာန၊ ဒီမိုကရက်တစ်မြန်မာ့အသံက စတင်အလွှင့်နေပါပြီခင်ဗျား’’ ဆိုတဲ့ အသံလွှင့်မှုအစ မိတ်ဆက်စကား လုံးထဲက ‘’အမျိုး သားညွန့်ပေါင်းအစိုးရ အသံလွှင့်ဌာန’’ ဆိုတာကိုဖြုတ်ထားခဲ့ဖို့ ကျနော်တို့ စတင်ကြိုးစားခဲ့ပါ တယ်။ ကျနော်တို့ဆိုတာ သတင်းခန်းကလူတွေကိုပြောတာပါ။
အထူးသဖြင့် ကျနော်ကိုယ်တိုင် (အဲဒီတုန်းက TV မပေါ်သေးပါ။ ၂၀၀၅ နှောင်းပိုင်းမှ TV ပေါ်လာပါတယ်) ရေဒီယို ပရီစန်တာလုပ်တဲ့နေ့ တွေမှာ ‘’အမျိုးသားညွန့်ပေါင်း အစိုးအသံလွှင့်ဌာန’’ ဆိုတာကို တမင်ထည့်မဖတ်ပဲ ချန်ထား ခဲ့ပြီး ‘’ဒီမိုကရက်တစ်မြန်မာ့အသံက စတင်အသံလွှင့်နေပါပြီခင်ဗျား’’ လောက်ကိုသာ ဖတ်တာမျိုး လုပ်ခဲ့ မိပါတယ်။
ဒါပေမယ့် အရိုးသားဆုံးဝန်ခံချင်တာတခုကတော့ အမျိုးသားညွန့်ပေါင်းအစိုးရ အသံလွှင့်ဌာန ဆိုတာကို လေလှိုင်းထဲမှာ ထည့် မဖတ်ဘဲ ချန်ထားဖို့ ကျနော်တို့ကြိုးစားခဲ့ပေမဲ့ လက်တွေ့မှာတော့ အတိုက်ခံကိုယ်စားပြု၊ ဒီမိုကရေစီလှုပ်ရှားသူများကိုယ်စားပြုအဖြစ် တကယ်လုပ်ခဲ့တယ်ဆိုတာပါ။ ၁၉၉၂ ဇူလိုင်လ ၁၉ ရက်နေ့ကနေ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲကာလအထိ၊ တနည်းအားဖြင့် မူလ DVB (ဒီမိုကရက်တစ်မြန်မာ့အသံ-မူလ) ကနေ လက်ရှိ အသွင်ပြောင်း DVB (DVB Multimedia Group) မဖြစ်ခင်အထိ နှစ် ၂၀ ကာလ အသံလွှင့်ခဲ့သမျှ သတင်းတွေ၊ အပတ်စဉ် ကဏ္ဍတွေကို ပြန်ဆန်းစစ်လေ့လာနိုင်ပါတယ်။
ဒါဖြင့် ဘာကြောင့် ‘’အမျိုးသားညွန့်ပေါင်းအစိုးရအသံလွှင့်ဌာန’’ ဆိုတာကို ဖြုတ်ထားခဲ့ချင်တာလဲလို့ မေးစရာရှိလာ ပါ တယ်။ ကျန်တဲ့လူတွေ၊ အထူးသဖြင့် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေနဲ့ နိုင်ငံရေးသမားတွေမှာ ဘယ်လိုအမြင်၊ ဘယ်လိုအကြံစည်ရှိ မှန်းကျနော်မသိပေမဲ့ ကျနော်တို့သတင်းခန်းကလူတွေကြားမှာတော့ နိုင်ငံရေးရည်ရွယ်ချက် ဘာမှမရှိပါ။
DVB နားထောင်လို့ အဖမ်းခံ ရတာတွေ၊ DVB ကိုအင်တာဗျုးပေးလို့ အဖမ်းခံရတာတွေရှိနေတယ်။ စစ်အစိုးရ ဖက်ကလည်း ညွန့်ပေါင်းအစိုးရအသံလွှင့်ဌာနဆိုတာကိုကိုင်ပြီး ပုဒ်မ ၁၇-၁ တရားမ၀င်အသင်းအဖွဲများ နဲ့ဆက်သွယ်မှုနဲ့ စွဲချက်တင်ဖို့လွယ်ကူစေတယ်။ ဒါကြောင့် ဒီခေါင်းစဉ်ကြီးကိုဖြုတ်ထားရင် ပရိတ်သတ်အတွက် ပိုကောင်းမယ်ဆိုပြီး သတင်းသမားအမြင်သက်သက်နဲ့စဉ်စားခဲ့တာပါ။
ဒီထက်ပိုမိုပွင့်လင်းစွာဝန်ခံရမယ်ဆိုရင်တော့ လွတ်လပ်တဲ့သတင်းသမားအဖြစ်ရပ်တည်ချင်တာလည်း အဓိက နေရာကပါ ပါတယ်။ အရင် DVB အယ်ဒီတာဟောင်း ၀ါရင့်အသံလွှင့်သတင်းသမား ဒေါက်တာအောင်ခင် ပြော ဖူးတာကို မှတ်မိသလောက်ပြန်ကိုးကားရမယ်ဆိုရင်… ‘’BBC လဲ ဗြိတိန်အစိုးရက ပိုင်တာပဲကွာ။ VOA ကိုလဲ အမေရိကန်အစိုးရကပိုင်တာပဲ။ RFA လဲ ဘာထူးလဲ။ အမေရိကန်အစိုးရကပိုင်တာပဲ။ ဒါပေမယ့် ဘယ် ရေဒီယိုကမှ အစိုးရကပိုင်ပါတယ်ဆိုပြီး ထည့်ကြေငြာလေ့မရှိပါဘူး။ DVB ကျမှ ထူးထူးခြားခြား ဘာလို့ အဲဒါ ကြီးကို ထည့်ပြော နေ တာလဲ။ အယ်ဒီတိုရီရယ် လွတ်လပ်မှုကို ထိခိုက်နိုင်တာပေါ့’’ တဲ့။
ဆိုလိုတာက ကျနော်တို့သတင်းသမားတွေဖက်က စဉ်းစားတာဟာ ဒီအချက်ထက်မပိုပါဘူး။ နိုင်ငံရေးပယောက ဘာမှ မပါ ပါဘူး။ ဒါပေမယ့် သတင်းသမားတွေရဲ့စဉ်းစားချက်က ညွန်မှုးတွေ၊ နိုင်ငံရေးရည်ရွယ်ချက်ရှိသူတွေရဲ့ စဉ်းစားချက်ကို ဘယ်မှီပါ့မလဲ။ ဝေဖန်သူတွေရဲ့ ထောက်ပြမှုတွေအရဆိုရင် ကျနော်တို့သတင်းသမားတွေရဲ့ ‘’လွတ်လပ်တဲ့သတင်းသမား’’ ဖြစ်ချင်လွန်းတဲ့ အဲဒီလိုစဉ်းစားချက်အပေါ် နိုင်ငံရေးသမားတွေက အခွင့်ကောင်းယူပြီး တချိန်ချိန်မှာ DVB ကို ပုဂ္ဂလိကပိုင်၊ ကိုယ်ပိုင် သတင်းဌာနအဖြစ် အသွင်ပြောင်းနိုင်ဖို့အထိ အဲဒီကတည်းက စဉ်စားထားပုံရတယ်လို့ ခန့်မှန်းရပါတယ်။
အထ မမြောက်လိုက်တဲ့ နော်ဝေးမှ အိုင်ယာလန် ပြောင်းရေးအစီစဉ်
ရှေ့ပိုင်းမှာ (ခုနှစ်၊ သက္ကရာဇ်အလိုက်) တင်ပြဖို့ ကျန်ခဲ့တဲ့အရေးကြီးအချက်တွေထဲမှာ DVB (ဒီမိုကရက်တစ်မြန်မာ့ အသံ-မူလ) ကို နော်ဝေးနိုင်ငံ အော်စလိုမြို့ကနေ အိုင်ယာလန်နိုင်ငံ ဒါဗလင်မြို့သို့ပြောင်းရေးအစီစဉ်တခုလည်း ပါဝင်ပါတယ်။
( ၂၀၀၃-၂၀၀၄ ကာလတွေက အိုင်ယာလန်နိုင်ငံ ဒါဗလင်မြို့မှာတွေ့ရတဲ့ ၀န်ကြီးချုပ်ဒေါက်တာစိန်ဝင်း၊ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်ဒေါက်တာသောင်းထွန်းနဲ့ ဗြိတိန်မှ ဒေါက်တာသိန်းလွင်တို့ကိုတွေ့ရစဉ်)
ကျနော်မှတ်မိသလောက်ဆိုရင် TV အစီစဉ်မစခင် ၂၀၀၄ ခုနှစ်ထဲမှာ အဲဒီစဉ်းစားချက်စတင်ပေါ်ခဲ့တာလို့ထင်ပါ တယ်။ အဓိကအခြေခံစဉ်းစားတာကတော့ ရှေ့ပိုင်းမှာတင်ပြခဲ့တဲ့အတိုင်း DVB ၀န်ထမ်းတွေရဲ့ လူဝင်မှုကြီးကြပ်ရေး အဆင့်တန်း၊ နိုင်ငံကူးလက်မှတ်၊ ခရီးသွားလာခွင့်တွေနဲ့ ဆက်စပ်နေပါတယ်။ ကျနော်တို့ရဲ့ မြန်မာစာအုပ်အတု သက်တန်းကုန်လို့ အော်စလိုရဲစခန်းဆီ ပြန်အပ်ပြီးနောက် နော်ဝေး-ယာယီခရီးသွားခွင့်လက်မှတ်တွေ ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလက်မှတ်က ဗီဇာ မပါပဲ ဘယ်မှသွားလို့မရပါ။
ပိုဆိုးတာက စာအုပ်သက်တန်းကို တနှစ်ပဲပေးထားပြီး အနည်းဆုံး ၆ လသက်တန်းကျန်နေမှ ပြည်ပနိုင်ငံတွေဆီ ခရီးသွားခွင့်ရှိပါတယ်။ စာအုပ်အသစ်ပြန်လဲလို့ စောင့်ရတဲ့အချိန်ကိုပါ ထည့်တွက်လိုက်ရင် ခရီးသွားနိုင်တဲ့ကာလက တနှစ်မှာ ၄ လလောက်ပဲကျန်ပါတယ်။ ကိစ္စရှိတဲ့အချိန် ခရီးထသွားလို့မရပါ။ မြန်မာစာအုပ်ကိုအပ်ပြီး ဒီစာအုပ်တွေကို စယူစဉ်ကတော့ ဒီစာအုပ်အသစ်နဲ့ဆို ကမ္ဘာတလွှား ခရီးသွားလို့အဆင်ပြေပြီလို့ ထင်ထားခဲ့တာပါ။ ဘာကြောင့်လဲဆိုရင် သတင်းထောက်ဆိုတာ တချိန်လုံး ခရီးသွားနေရတဲ့ အမျိုးမဟုတ်ပါလား။
အခုတော့ အဲဒီလိုမဟုတ်။ ခရီးတခါသွားမယ်ဆိုရင် စာအုပ်သက်တန်းလွန်နေတာ၊ ဗီဇာ လျောက်ရတာ။ တချို့နိုင်ငံတွေက နိုင်ငံသားအဆင့်မဟုတ်သေးတဲ့ ခရီးသွားလက်မှတ်ကို ဗီဇာ မပေးတာတွေရှိ တော့ ဒီထက်အဆင့်မြင့်တဲ့ စာအုပ်ကိုထုတ်ပေးဖို့ နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ လ၀က တွေဆီတင်ပြခဲ့ပါ တယ်။
ဒါပေမယ့် မရပါဘူး။ နိုင်ငံခြားရေးဌာနက ခွင့်ပြုချင်ရင်တောင် လ၀က အပါဝင် ဗျုရိုကရေစီယားက ဒါမျိုးကို ခွင့်မပြု ပါဘူး။ ဘယ်လိုမှညှိမရတဲ့အဆုံး နော်ဝေးအစိုးရနဲ့တော့ အလုပ်မဖြစ်တော့ဘူး။ လ၀က ကိစ္စအပါဝင် အားလုံး ကို အဆင်ပြေအောင်လုပ်ပေးမယ်လို့ယူဆရတဲ့ အိုင်ယာလန်နိုင်ငံဆီပြောင်းမှဖြစ်မယ်လို့ ဘုတ်အဖွဲ့ကပါ ဆုံးဖြတ်ခဲ့ တာပါ။
၂၀၀၃-၂၀၀၄ ၀န်းကျင်ကာလတွေမှာ အိုင်ယာလန်က မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကို အလွန်အလေးထား ထောက်ခံခဲ့ပြီး ညွန့်ပေါင်းအစိုးရ NCGUB အဖွဲ့အစည်းဝေးတွေ၊ ပြည်ပရောက် လွှတ်တော်အမတ်တွေရဲ့ MPU အစည်းဝေးတွေကို မြို့တော်ဒါဗလင်မှာ လက်ခံကျင်းပပေးနေတဲ့ကာလလဲဖြစ်ပါတယ်။ တခါ အိုင်ယာလန်က နာ မည်ကြီး အနုပညာသမားတွေဖြစ်တဲ့ U2 တေးဂီတအဖွဲ့မှ အဆိုတော် Bono နဲ့ တခြားအဆိုတော်တဦးဖြစ်သူ Damien Rice တို့ကလဲ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာကျော် သီချင်းတွေနဲ့ ဂုဏ်ပြုကြိုဆိုနေချိန်လဲဖြစ်ပါတယ်။
ဒီအတွက် ပထမ အဆိုတင်သွင်းသူက သတင်းအယ်ဒီတာ ကိုမိုးအေး ဖြစ်ပါတယ်။ ဒါပေမယ့် ညွန်ချုပ် ကိုအေးချမ်းနိုင်ကတော့ သိပ်စိတ်ဝင်စားပုံ မပြပါဘူး။ နောက်ပိုင်းမှာတော့ ဒုညွန်မှုး ကိုခင်မောင်ဝင်းကိုယ်တိုင် ၂-၃ ခေါက်လောက် အိုင်ယာလန်အစိုးရပိုင်းနဲ့သွားဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် DVB ကို အော်စလိုကနေ ဒါဗလင်ကိုပြောင်းတော့မယ်လို့ ကမ္ဘာ့မီဒီယာတွေဆီ တရားဝင်ကြေငြာလိုက်ပါတယ်။ အဲဒီလို ကြေငြာလိုက် ချိန်ကျမှ နော်ဝေးနိုင်ငံခြားရေးဌာနက ထိပ်ထိပ်ပြာပြာဖြစ်သွားပြီး DVB ညွန်မှုးတွေကို ခေါ်တွေ့ ပါတယ်။
အဲဒီနောက်ပိုင်း အိုင်ယာလန်ပြောင်းရေးအစီစဉ်လဲ အဖျားရှုးသွားပါတယ်။ အဓိကပြောင်းဖို့တွန်းအားဖြစ်စေခဲ့တဲ့ ကျနော်တို့ရဲ့ခရီးသွားလာခွင့်စာအုပ်တွေကိုတော့ တနှစ်ကနေ ၂ နှစ်အထိတိုးပေးလိုက်တဲ့အတွက် နည်းနည်းလေး တော့ ခရီးသွားရေးပိုအဆင်ပြေလာတယ်ပြောရမလားပါပဲ။ ။
0 comments:
Post a Comment