အမေရိကန် First Lady ဆီက ဖိတ်စာလက်ခံရရှိခြင်း
ဒီမိုကရက်တစ်မြန်မာ့အသံ DVB ကနေ ရေဒီယိုရော၊ တီဗွီ ပါ ပူးတွဲအရှိန်မြှင့်ထုတ်လွှင့်လာပြီး လွှင့်သမျှသ တင်းတွေထဲမှာလည်း ဒီမိုကရေစီအင်အားစုတွေရဲ့အသံပါတာကြောင့် သံတမန်လောကက DVB ကို အရင်ကထက် ပိုသတိထားမိလာစေတယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီထဲက အသိသာဆုံးတခုကတော့ ကုလသမဂ္ဂဌာနချုပ်ရုံးမှာကျင်းပမဲ့ အမေရိကန်သမ္မတကတော် Laura Bush ရဲ့ မြန်မာ့အရေးဆွေးနွေးပွဲဆီ DVB သတင်းထောက်တွေ သတင်းလာယူဖို့ အိမ်ဖြူတော်ကနေ ဖိတ်စာပို့လိုက်ခြင်းပါ။
(မြန်မာ့အရေးဆွေးနွေးပွဲမှာတွေ့ရတဲ့ အမေရိကန်သမ္မတကတော် Laura Bush)
၂၀၀၆ ခုနှစ် စက်တင်ဘာလဆန်းပိုင်း အဲဒီဖိတ်စာ ရောက်လာချိန်မှာ ကျနော်က ဟောလီးဒေးအဖြစ် ထိုင်း-မြန်မာ နယ်စပ်ကိုရောက်နေပါတယ်။ ညွန်မှုးနဲ့အယ်ဒီတာတွေရဲ့ပြန်ပြောပြချက်အရဆိုရင် DVB ရဲ့ အများသုံးလိပ်စာ dvbburma.no ထဲဝင်လာတဲ့ ဒီဖိတ်စာကို ပထမ ပိုင်းမှာ ဘယ်သူမှ မယုံကြဘူး။ တယောက်ယောက် နောက်ပြီးရေးတာပဲဖြစ်လိမ့်မယ်လို့ သူတို့အားလုံးက ထင်ခဲ့ကြတယ်လို့ဆိုပါတယ်။
ဒေါက်တာစိန်ဝင်းနဲ့ ဒေါက်တာသောင်းထွန်းအပါဝင် ၀ါရှင်တန်နဲ့ နယူးယောက်ရှိ အမျိုးသားညွန့်ပေါင်း အစိုးရ ၀န်ကြီးတွေ၊ ကိုယ်စားလှယ်တွေကိုမေးတဲ့အခါမှာလည်း သူတို့ကို ဘာမှဆက်သွယ်ခြင်းမရှိဘူးလို့ ပြန်ဖြေကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် လိုလိုမယ်မယ် အီးမေးလ်ပြန်ကြည့်မှဆိုပြီး စာပြန်ရေးလိုက် တော့ တကယ်ပဲ အိမ်ဖြူတော်က ဖိတ်စာဖြစ်နေတာကိုသိရတယ်လို့ ညွှန်မှုးတွေကရှင်းပြပါတယ်။
ဘယ်သူသွားမလဲဆိုပြီး တာဝန်ခွဲတော့ ညွှန်မှုးနဲ့အယ်ဒီတာတွေမှာ တခြားခရီးစဉ်တွေစီစဉ်ထားပြီးဖြစ် တာရယ်၊ နောက်တခါ ၂၀၀၄ ခုနှစ်က အမေရိကန်သွားလည်ဖို့ကြိုးစားစဉ် ဗီဇာအငြင်းခံထားရဖူးတဲ့ ကျနော်ကို သွားခွင့်ပေးချင်တာရယ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ဆီရောက်နေတဲ့ ကျနော်ဆီ ညွှန်မှုး ကိုအေးချမ်းနိုင်ကိုယ်တိုင်ဖုန်းဆက် ပြီး ဘန်ကောက်က အမေရိကန်သံရုံးဆီ အမြန်သွားဆက်သွယ်ဖို့ပြော လာပါတယ်။
သူတို့ ပို့လာတဲ့ အိမ်ဖြူတော် အီးမေးလ်မိတ္တူကို ပလင့်ထုတ်ပြီး ဘန်ကောက် ၀ါယာလက်လမ်းပေါ်က အမေရိကန်သံရုံး ဗီဇာ စက်ရှင်အပေါက်ဝမှာသွားပေးတော့ အပေါက်စောင့် ထိုင်းမလေးတွေက လက်မခံပါဘူး။ ဒါမျိုး လာရွှီးလို့ မရဘူး ဆိုပြီး ပြောလွှတ်လိုက်ပါတယ်။ နောက်နေတာမဟုတ်ဘူး။ တကယ် အီးမေးလ်၊ မယုံရင် သံရုံးအရာရှိကိုမေး ပါလို့ ပြောပေမဲ့ သူတို့ကလက်မခံနိုင်ဘူးချည်းလုပ်နေပါတယ်။
ကျနော်လည်းစိတ်ပျက်စွာနဲ့တည်းခိုခန်းဆီပြန်လာပြီး ကိုအေးချမ်းဆီ အီးမေးလ်နဲ့အစီရင်ခံပေါ့။ ဘန်ကောက်က ရုံး ဖွင့်ချိန်မှာ အော်စလိုကလူတွေက အိပ်ရာကတောင်မထသေး။ တခါ အော်စလို ရုံးဖွင့်ချိန်မှာ ၀ါရှင်တန်ကလူတွေက အိပ်ရာက မထသေး။ ဒီလို ၆ နာရီစီကွာနေတဲ့ အာရှ၊ ဥရောပနဲ့ အမေရိကန်ရဲ့ နာရီလက်တံ လည်ပတ်ခြင်းကို တပတ်ပြည့်အောင်စောင့်ပြီး နောက်တရက်မှာတော့ ဘန်ကောက်အမေရိကန်သံရုံးအရာရှိတဦးဆီကနေ ကျနော့် ဆီအီးမေးလ်ဝင်လာပါတယ်။
တကယ်က သာမန်အရပ်သားတွေလို ဗီဇာ စက်ရှင်ဆီသွားတန်းစီတိုးရမှာမဟုတ်။ လမ်းတဖက်ခြမ်းက ခန့်ငြားလှတဲ့ အမေရိကန်သံရုံးထဲဝင်ပြီး နိုင်ငံရေးဌာနကအရာရှိနဲ့တွေ့ရမှာဖြစ်တယ်လို့ဆိုပါတယ်။ အစစ်အဆေးများလိုက်တဲ့ အမေရိကန်သံရုံးဗျာ။ လေယဉ်ပေါ်တက်ခါနီးစစ်တာထက်တောင် ပိုဆိုးပါတယ်။ လုံခြုံရေးဂိတ်တဲက ထိုင်း အရာရှိတွေရဲ့စစ်ဆေးမှုကိုခံယူအပြီးမှာတော့ သားနားလှတဲ့ သံရုံးကြီး ထဲရောက်လာပါတယ်။
တကယ်တန်းတွေ့တော့ မီဒီယာဆက်ဆံရေး လက်ထောက်အရာရှိက အသက် ၂၀ ကျော်အရွယ်သာ ရှိသေးတဲ့ ထိုင်း မလေး။ မနေ့ကဖြစ်ခဲ့တဲ့အဆင်မပြေမှုတွေအတွက် တောင်းပန်ကြောင်းပြောပြီး လိုအပ်တဲ့ ဖောင်တွေ၊ စာရွက် စာတန်းတွေအားလုံးကို သူကပဲလုပ်ပေးပါတယ်။ လုပ်ပေးဆို ဒီသံရုံးထဲမှာ ခရီး သွားလာရေးယန္တယားကိုပါ တပ် ဆင်ထားသလိုပါပဲ။ အမေရိကန် အဲလိုင်း လက်မှတ်ရောင်းဌာနတောင် အဲဒီသံရုံးထဲ တွေ့ခဲ့ရပါတယ်။
အားလုံး အိုကေ တယ်ဆိုပေမဲ့ ဗီဇာကိုတော့ သူ ထုပေးလို့ဘယ်ရမလဲ။ မနေ့ကအဆင်မပြေဖြစ်ခဲ့တဲ့ လမ်းဟိုဖက် ကမ်းက ဗီဇာ စက်ရှင်ဆီထပ်သွားရပါတယ်။ သူတို့အရာရှိနဲ့အတူလာလို့လားတော့ မသိပါဘူး။ မနေ့က ဂိတ်စောင့်တဲ့ ကောင်မလေးတွေက ကျနော်ကို မသိသလို၊ မတွေ့ဖူးသလိုလိုနဲ့ နေနေလိုက်ကြတာကိုတွေ့ရပါတယ်။ အမေရိကန် ဗီဇာစက်ရှင်က အပြင်မှာလူတွေတန်းစီတိုးနေသလို အထဲမှာလဲ ရာနဲ့ချီရှိနေပါတယ်။ ဒါပေမယ့် ကိုယ်ကတော့ VIP လိုလို၊ ဘာလိုလိုဆိုတော့ အဲဒီလို တန်းစီတိုးစရာမလိုတော့ပါ။
ဗီဇာ ထုတ်ပေးတဲ့ အမေရိကန်အရာရှိ အမျိုးသမီးကြီးတဦးရောက်လာပြီး မြန်မာစစ်ဗိုလ်တွေနဲ့ အမျိုးတော်တာရှိ လား၊ အမေရိကန်ကိုအရင်ကရောက်ဖူးလား၊ ဗီဇာအငြင်းခံရဖူးလားဆိုပြီးမေးပါတယ်။ အဲဒီစစ်ဗိုလ်တွေကိုတော်လှန်နေတဲ့သူပုန်ပါဆိုမှ စစ်ဗိုလ်နဲ့ဘယ်လိုအမျိုးတော်မလဲဆိုပြီး ပြန်ပြောတော့ အလုပ်သဘောအရ အပျက်မကွက် မေးရတာပါလို့ သူကဆိုပါတယ်။ အော်စလိုမှာရှိတဲ့ အမေရိကန် သံရုံးကတော့ ၂၀၀၄ ခုနှစ် ဒီဇင်ဘာတုန်းက ဗီဇာ ငြင်းခဲ့ ဖူးတယ်လို့ပြောပြတော့ သူက ပြုံးနေပါတယ်။
ဗီဇာ တပတ်ရပြီ နယူးယောက်က UN ရုံးဆီ
ဆိုလိုတာက အရင် သာမန် တိုးရစ်တဦးလိုသွားမယ်ဆိုတုန်းက သူတို့သံရုံးကငြင်းခဲ့ပေမဲ့ အခုလို အိမ်ဖြူတော်က ဖိတ်စာနဲ့လာသူကိုတော့ ဘယ်ငြင်းပါ့မလဲဆိုတဲ့ အပြုံးလို့ထင်ပါတယ်။ ပြီးတော့ သူကမေးလိုက်ပါသေးတယ်။ ‘’ရှင် က ဗွီအိုအေ မှာမလုပ်ပဲ ဘာကြောင့် ဒီဗွီဘီမှာ လုပ်နေတာလဲ’’ တဲ့။ သူ ဘာကိုရည်ရွယ်ပြီးမေးမှန်းမသိလို့ မဖြေရဲပါဘူး။
ဟုတ်တယ်လေ။ အော်စလိုသံရုံးမှာ ဗီဇာ အငြင်းခံရတုန်းက အဲဒီလို အဖြေမတတ်လို့ဖြစ်သွားတာပေါ့။ အဲဒီအချိန်တုန်းက အိမ်ဖြူတော်ဖိတ်စာလဲ ဘယ်နားနေမှန်းမသိသေးတော့ ဒီမိုကရေစီ အရေးလှုပ်ရှား သူတွေကို တာဝန်ခံ ဖိတ်ကြားနေတဲ့ US Campaign for Burma မှ ကိုအောင်ဒင်ရဲ့ ဖိတ်စာကြီးနဲ့ပေါ့။ ‘’ဖိတ်တဲ့သူနဲ့ ရှင်နဲ့ ဘာတော်သလဲ၊ သူ့ကို လူချင်းတွေ့ဖူးလား’’ ဆိုပြီး ဗီဇာ ကောင်တာမှာထိုင်နေတဲ့ ကောင်မလေးကမေးပါတယ်။
ကျနော်ကလဲ သတင်းထောက်လုပ်ပြီး အတော် အ တဲ့လူ။ အဲဒီကောင်မလေးက ကျနော်ကို အင်တာဗျုး လုပ်နေမှန်း မသိလိုက်ဘူး။ သတင်းမေးနေတယ်ထင်ပြီး ခပ်ပေါ့ပေါ့ပဲ လျှောက်ဖြေမိပါတယ်။ လူချင်းတော့ တခါမှမတွေ့ဖူးဘူး။ ဒါပေမယ့် ငါတို့ တော်လှန်ရေးသမားတွေဟာ လူချင်းတွေ့ဖို့ထက် အလုပ်ချင်းသိဖို့က ပိုအရေးကြီးတယ်လို့ ပြောလိုက်ပါတယ်။ ပြီးတော့ ‘’ရှင်က နော်ဝေးမှာ ဒုက္ခသည်ရထားတာလား၊ မိသား စုရှိလား၊ အိမ်ရှိသလား၊ အမြဲတန်းနေထိုင်ခွင့်ရထားပြီးပြီလား’’ ဆိုပြီးထပ်မေးပါတယ်။
‘’ခင်ဗျားက DVB ကိုတောင်မသိဘူးလား။ လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီအတွက်လုပ်နေတာ။ အခုလဲ ငါက မြန်မာအများစုရှိတဲ့ ဖို့ဝေးမြို့ဆီသွားပြီး စတိုရီလုပ်မှာ’’ လို့ ခပ်တင်းတင်းဖြေမိပါတယ်။ ‘’ရှင့် ဘဏ်အကောင့် ထဲက ငွေ ၃ သောင်းကျော်ကကော၊ အရင်ကမရှိပဲ အခုမှ ဘယ်ကနေ ယူထည့်ထားတာလဲ’’ လို့ ဆက်မေးပြန်ပါတယ်။ ဒီအချက်ကတော့ ကျနော်ကိုစော်ကားသလိုဖြစ်လာတဲ့အတွက် ‘’မင်းတို့ပဲ ဘဏ်ထဲမှာငွေရှိကြောင်း ၃ လစာ စာရင်း ပြရ မယ်ဆိုလို့ ချေးငှားပြီး ထည့်ထားတာပေါ့’’ ဆိုပြီး အသံ မာမာနဲ့ပြန်ပြောမိပါတယ်။
‘’ဆော်ရီးပဲ ရှင့်ကို Reject (ငြင်းပယ်) လုပ်ပါတယ်’’ တဲ့။ သေပြီဆရာပေါ့။ အဲဒီလိုပြောတော့မှ ဒီကောင်မလေးဟာ ကျနော်ကို ဗီဇာ ပေးသင့် မသင့်အတွက် အင်တာဗျုးလုပ်နေမှန်းသိလိုက်ပါတယ်။ ဒီလိုပြောတာကို ပြန်ငြင်းခွင့်မရှိကြောင်း Reject လုပ်တဲ့ စာထဲမှာဖေါ်ပြထားပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီလိုအင်တာဗျုးလုပ်တဲ့ဝန်ထမ်းတွေဟာ အထူးလေ့ကျင့်ထားသူတွေဖြစ်တဲ့အတွက် တထိုင်တည်းနဲ့ အဖြေမှန်ကို ဆုံးဖြတ်နိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။ ဒီလိုနဲ့ ’’တောက်’’ ခေါက်ပြီး ပြန်လာခဲ့ရဖူးပါတယ်။
အခုတော့ အော်စလိုသံရုံးအရာရှိနဲ့ ဘန်ကောက်သံရုံးအရာရှိက တခြားစီ။ အဲဒီအချိန်ထိ နော်ဝေးက ထုတ်ပေးထားတဲ့ ခရီးသွားလက်မှတ်ကိုင်ထားဆဲဖြစ်ပြီး တခြားပိုင်ဆိုင်မှုတွေ၊ အဆင့်တန်းတွေကလဲ ၂၀၀၄ ခုနှစ်နဲ့ ဘာမှ မပြောင်းလဲသေးပါ။ တကယ်တန်းဥပဒေအရဆိုရင် ခရီးသွားလက်မှတ်ကိုင်ထားသူဟာ ကိုယ်နေတဲ့နိုင်ငံရှိ သံရုံးမှာပဲ ဗီဇာလျောက်ခွင့်ရှိပြီး တခြားနိုင်ငံမှာ သွားလျှောက်ခွင့်မရှိပါ။ ဒါပေမယ့် ကျနော်ကြိုက်သလိုဖြေ၊ ကျနော့် status က ဘယ်လိုပဲဖြစ်နေပါစေ၊ အိမ်ဖြူတော်က ဖိတ်စာပို့ထားသူ ဆိုတော့ ဘယ်ငြင်းတော့မလဲ။ ချက်ချင်းပဲ သူ့အခန်းထဲဝင်ပြီး သတင်းတပတ်စာ ဗီဇာ တုံး ထုပေး လိုက်ပါတယ်။
First Lady ရဲ့ မီနစ် ၂၀ ကြာ ဆွေးနွေးပွဲ
နာမည်ကြီးတွေရဲ့အစည်းဝေးကို သတင်းယူဖို့ပြင်ရတာဟာ မီတာ ၁၀၀ ပြေးမဲ့လူတွေပြင်ရသလိုနဲ့တူနေ မလားပါပဲ။ ဘာကြောင့်လဲဆိုရင် မီတာ ၁၀၀ အပြေးပြိုင်မဲ့သူတွေဟာ တနှစ်ပတ်လုံးအချိန်ယူလေ့ကျင့် ခဲ့ပေမဲ့ တကယ်တန်းပြိုင်ပွဲကတော့ ၁၀ စက္ကန့်မျှသာ။ ကျနော်လဲ အဲဒီလိုခဲရာခဲဆစ်အချိန်ယူပြင်လာခဲ့ပေမဲ့ First Lady နဲ့တွ့ရတဲ့အချိန်က ၁၀ မီနစ်ထက်မပိုပါဘူး။
အားလုံးသိပြီးဖြစ်တဲ့အတိုင်း တခုတည်းသော ကမ္ဘာ့အင်အားကြီးနိုင်ငံဆိုတော့ နယူးယောက်လေယဉ် ကွင်းမှာ အစစ်ခံလိုက်ရတာ အထပ်ထပ်။ လက်ဗွေတောင်ယူထားတဲ့ နိုင်ငံပေါ့။ ဒါပေမယ့် အာရှနဲ့ ဥရောပနိုင်ငံအတော်များများ ကိုရောက်ဖူးပြီးဖြစ်တဲ့ကျနော်ဟာ အရင် ဘန်ကောက်ကနေ အော်စလိုဆီ စတင်ထွက်ခွါစဉ်ကလို တောသားမြို့ရောက် အခြေနေမျိုးတော့ မဖြစ်တော့ပါ။
နယူးယောက်မှာ ဘယ်သူမှလာကြိုသူမရှိပေမဲ့ ကုလသမဂ္ဂဆိုင်ရာ ညွန့်ပေါင်းအစိုးရကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းရဲ့အိမ်ခန်းဆီ တက္ကစီငှားပြီး တည့်တည့်ရောက်အောင်သွားနိုင်ခဲ့ပါတယ်။ အိမ်ဖြူတော်က ဖိတ်တာ ဟိုတယ်မှာမတည်းပဲ ဘာလို့ သူများအိမ်သွားတည်းတာလဲဆိုပြီး မေးမလို့လား။ အဲဒီတုန်းက DVB အခုလို ငွေ မရွှင်သေးဘူးလေ။ ခရီးစရိတ်ပဲပေးနိုင်ပြီး ဟိုတယ်ခ မရှိပါ။ ဒီတော့ အသိမိတ်ဆွေအိမ်မှာ မတည်းလို့ ဘယ်ဖြစ်မလဲ။
နောက်တနေ့ နယူးယောက်မြို့လယ်က UN ရုံးကြီးဆီရောက်သွားပြီး ၀င်ခွင့်လက်မှတ်တို့၊ သတင်းထောက် ကဒ်တို့ လုပ်ရပါတယ်။ ဒုညွန်မှုးကိုခင်မောင်ဝင်းလည်း အော်စလိုကနေ နယူးယောက်ကိုကြိုရောက်နေ ပါတယ်။ သူက ကင်မရာအိပ်လွယ်။ ကျနော်က ကင်မရာတိုင် (သုံးချောင်းထောက်တိုင်) ထည့်ထားတဲ့ အိတ်ကိုဆွဲပြီး ရုံးထဲဝင်တော့ လုံခြုံရေးအရာရှိက နောက်ပါတယ်။ ‘’မင်းသယ်လာတာ လက်နက်ကြီးလား’’ တဲ့။ သူကနောက်ပေမဲ့ ကျနော်က ခပ်လန့်လန့်။ အမေရိကန်လုံခြုရေးတွေက ဗလကောင်းကောင်း၊ ထောင်ထောင်မောင်းမောင်းဆိုတော့ တီးထည့်လိုက်ရင် ကိုယ်ပဲခံရမှာ။ ‘’ထရိုင်ပွတ် အိတ်ပါ’’ ဆိုတာ ထက်ပိုပြီး ဘာမှမတုန့် ပြန်ရဲ။
ရွက်ဖျင်တဲထဲ သတင်းထောက်ကဒ်လုပ်နေတုန်း RFA က လူသစ်တန်း သတင်းထောက်တဦးကိုလဲ တွေ့ရပါတယ်။ VOA နဲ့ BBC သတင်းထောက်တွေကိုတော့မတွေ့မိပါဘူး။ UN ရုံးထဲဝင်ရတာကလဲ ရှေ့မှာပြောခဲ့တဲ့ အမေရိကန် သံရုံးထဲဝင်ရသလိုနီးပါး စစ်ဆေးခံရပါတယ်။ စစ်ဆေးရေးကောင်တာ ကိုကျော်ပြီးတာနဲ့ ပထမဆုံးတွေ့ရတာက မြန်မာနိုင်ငံမှ UN အတွင်းရေးမှုးချုပ်အဖြစ်တာဝန်ထမ်းခဲ့ဖူးသူ ဦးသန့်ရဲ့ ဓာတ်ပုံကြီး။ တကယ်တော့ သူပုံတပုံတည်း ရွေးချိတ်ထားတာမျိုးတာ့မဟုတ်။ အရေးပါတဲ့ အတွင်းရေးမှုးချုပ်ဟောင်းတွရဲ့ ဓာတ်ပုံတွေကိုချိတ်ဆွဲထားတဲ့အထဲကမှ ကိုယ်ကမြန်မာမို့လို့ ဦးသန့်ပုံ ကို အရင်ဆုံးပြေးမြင်တာ ဖြစ်နိုင်ပါတယ်။
အဲဒီကနေ အခန်း ၃-၄ ခုကိုဖြတ်ပြီးတဲ့အခါမှာတော့ First Lady စကားပြောမဲ့ အခန်းဆီရောက်လာပါတယ်။ ဒီပွဲအတွက် အထူးဖိတ်ကြားထားသူ တဒါဇင်ခန့်ရှိပြီး အဲဒီထဲမှာ ရှမ်းအမျိုးသမီးလှုပ်ရှားမှုအဖွဲ့မှ နန်း ဆိုင်နောင်း၊ TBBC ခေါ် ထိုင်းနယ်စပ်တလျောက်ရှိ ဒုက္ဒသည်တွေကိုအကူညီပေးနေတဲ့အဖွဲ့မှ ညွန်မှုး၊ မြန်မာ့အရေးကျွမ်းကျင်တဲ့ ပညာရှင်တချို့။ ပြီးတော့ အာဆီယံ အဖွဲ့မှ သံတမန် တဦး၊ အီးယူနဲ့ အမေရိကန် နိုင်ငံခြားရေးဌာနမှ ပုဂ္ဂိုလ်အတော် များများပါဝင်ပါတယ်။
First Lady ကိုသာအဓိက ပစ်မှတ်ထားနေတော့ သူတို့ကိုစိတ်မ၀င်စားအား။ ကင်မရာတွေနေရာချ၊ သူဝင် လာမဲ့လမ်းနဲ့ စကားပြောမဲ့နေရာကို အသေချာချိန်ယူပေါ့။ ဒီကြားထဲ အိမ်ဖြူတော် လုံခြုံရေးတွေကတမျိုး။ ဒီနားကနေ ရိုက်ခွင့်မရှိဘူး၊ ဟိုနားဆို first lady နဲ့သိပ်နီးနေတယ်နဲ့။ ဟော ရောက်လာပါပြီ First Lady။ ရိုက်လိုက်ကြတဲ့ ကင်မရာတွေ။ မြန်မာပွဲဆိုပေမဲ့ မြန်မာကင်မရာက ကျနော်တို့ ဒီဗွီဘီ တခုတည်း။ ကျန်တာ က အမေရိကန်တွေချည်း။
သူက မိတ်ဆက်စကားပြောတဲ့ ၃ မီနစ်လာက်ပဲ တီဗွီ ရိုက်ခွင့်၊ အသံဖမ်းယူခွင့်ပေးပြီး ကျန်တဲ့ဆွေးနွေး မှုတွေအတွက် Broadcast အသံပိုင်းဆိုင်ရာသတင်းထောက်တွေ တက်ခွင့်မရှိဘူး။ Print စာနဲ့ရေး သူတွေလောက်ပဲ မှတ်စုလိုက်ရေးနိုင်တယ်ဆိုပြီး ပြောပါတယ်။ ကျနော်တို့က တီဗွီ အနေနဲ့မှတ်ပုံတင် ထားတော့ အပြင်ထွက်ရတော့မှာပေါ့။ ဒါပေမယ့် ကိုခင်မောင်ဝင်းက ၀က်ဆိုက်အတွက်လဲရေးဖို့လိုတယ်။ ကင်မရာသမားကိုထွက်ခိုင်းပြီး သူက မှတ်စုဆက်ရေးမယ်ဆိုပြီးအဆိုတင်တော့ အိမ်ဖြူတော်လုံခြုံရေးက လက်ခံလိုက်ပါတယ်။
အသံသတင်းထောက်နဲ့ စာသတင်းထောက်ကို ခွဲခြားဆက်ဆံပုံအပြင် အသံမဖမ်းရဆိုတဲ့ အခန်းထဲက အသံကို ခိုးဖမ်းပြီး ယူသုံးမိတဲ့ နုစဉ်တုန်းကသတင်းကျင့်ဝတ်ချိုးဖောက်မှုကိုလဲ တင်ပြချင်ပါတယ်။ အသံမဖမ်းရ၊ ဗီဒီယို မရိုက်ရဆိုပေမဲ့ RFA ကပုဂ္ဂိုလ်က ရီကော်ဒါနဲ့အသံခိုးဖမ်းလာပြီး ကိုခင်မောင်ဝင်းက ဗီဒီယို ကင်မရာနဲ့ အသံဖမ်းယူ လာပါတယ်။ ကင်မရာကြီးတကားကားနဲဖြစ်နေတဲ့ ကျနော်ကတော့ အခန်းအပြင်မှာ နာရီဝက်လောက်ထိုင် စောင့်ပေါ့။
ခက်တာက ကျနော်အဲဒီလို ထိုင်စောင့်နေတဲ့ဘေးမှာ အမေရိကန် တီဗွီ လိုင်းတခုက Live အင်တာဗျုး လွှင့်ဖို့ ကင်မရာတွေနဲ့ အလုပ်ရှုပ်နေပါတယ်။ ကြည့်ရတာ First Lady အခန်းထဲက ထွက်လာတာနဲ့ တား-မေးပြီး Live တခါတည်း တန်းလွှင့်ဖို့ပြင်ထားပုံမျိုး။ ‘’ဒါ ငါတို့မူပိုင်နော်၊ မင်းကင်မရာနဲ့ ၀င်ရိုက်ခွင့် မရှိဘူး’’ ဆိုပြီး ထုတ်လုပ်ရေးမှုးဖြစ်ပုံရတဲ့ အမျိုးသမီးတဦးက ကျနော်ကိုပြောပါတယ်။ အင်း ဒုက္ခပါပဲ။ မြန်မာ့ အရေးအတွက်ပြောတဲ့ပွဲကို မြန်မာမီဒီယာက ရိုက်ခွင့်မရှိဘူးတဲ့လား။ ဒါပေမယ့် မတတ်နိုင်။ First Lady ထွက်လာချိန်မှာ ကင်မရာထုတ်ပဲ သူတို့ပြောတဲ့အတိုင်းပဲ ငြိမ်ငြိမ်လေး ငေးကြည့်နေလိုက်ရပါတယ်။
အဲဒီပွဲပြီးတာနဲ့ ကိုခင်မောင်ဝင်းတည်းတဲ့ နယူးဂျာစီက ကာတွန်း ၀င်းထွန်း (မစ္စတာဘားမား) အိမ်ဆီပြေး ရပါတယ်။ ထိုင်းနိုင်ငံမှာတုန်းက ABSDF အပါဝင် တော်လှန်ရေးအဖွဲ့ပေါင်းစုံကထုတ်တဲ့စာစောင်တွေ၊ ခေတ်ပြိုင်အပါဝင် သတင်းစာစောင်တွေကို အင်တိုက်အားတိုက် ကူညီပေးခဲ့သူ။ ပြီးတော့ DVB အပါဝင် ရေဒီယိုပေါင်းစုံကလွှင့်တဲ့ သတင်းတွေကို စာနဲ့ရိုက်ပြီးထုတ်ဝေတဲ့ ရေဒီယိုဘားမား (Radio Burma) စာစောင်ကို အပတ်စဉ် ၈၀ ကျော်အထိ ထုတ်ဝေခဲ့တဲ့ ကိုဝင်းထွန်းဟာ တော်လှန်ရေးမီဒီယာဖြစ်တဲ့ DVB ကိုတက်ကြွစွာကူညီနေဆဲဖြစ်ပါတယ်။
အဲဒီကာလ DVB က လူတွေဟာ ဟိုတယ်မှာမတည်းနိုင်လို့ မိတ်ဆွေတွေအိမ်မှာ အလကားတည်းတဲ့အပြင် အိမ်ရှင်ဧည့်ခံတဲ့ မြန်မာ့လက်ရာထမင်းဝို်င်းကိုလဲ အားမနာတန်း အားပေးခဲ့သူတွေပေါ့။ ဒါပေမယ့် လောလောဆယ်ကတော့ ထမင်းမစားအားသေး။ First Lady ရဲ့ မြန်မာ့အရေးဆွေးနွေးပွဲသတင်းကို မနက်ပိုင်းအသံလွှင့် ချိန်အမှီ ရေဒီယိုမှာ ထည့်လွှင့်နိုင်ဖို့အတွက် အရေးပေါ်ပြင်ဆင်ပို့ပေးရဦးမယ်။
0 comments:
Post a Comment