Thursday, November 27, 2014

စစ်တစ်ပိုင်း အစိုးရသစ်နှင့်အတူ လေးနှစ်တာ ခရီးသွားပြီးတဲ့အခါ

the voice daily. 
Thursday, 20 November 2014.

၂၀၁၀ ရွေးကောက်ပွဲနဲ့ စစ်တစ်ပိုင်း အစိုးရ တက်လာခြင်း

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့ဟာ ၂၀၁၀ ကောက်ပွဲ ကျင်းပခဲ့တဲ့ (၄) နှစ်ပြည့်နေ့ တစ်နည်းအားဖြင့် ယူနီဖောင်းဝတ် စစ်သားတွေ ၁၀၀ ရာခိုင်နှုန်း အုပ်ချုပ်ရေးကနေ ယူဖောင်းဝတ် ၂၅ ရာခိုင်နှုန်းသာ ပါတော့တဲ့ စစ်တစ်ပိုင်း အုပ်ချုပ်ရေးအဖြစ် အသွင်ပြောင်း အုပ်ချုပ်ခြင်း (၄) နှစ်ပြည့်နေ့ပါ။ ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုမှာ ပါဝင်ခဲ့တဲ့ စစ်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နအဖ ( နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) ဥက္ကဋ္ဌ ရာထူးကနေ တရားဝင် အနားယူပြီး ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က သမ္မတ ဦးသိန်းစိန်အဖြစ် စတင်တာဝန်ယူ အုပ်ချုပ်ဖို့ လမ်းဖွင့်ပေးခဲ့တဲ့နေ့ ဖြစ်ပါတယ်။

လူပေါင်း တစ်သိန်းကျော် သေဆုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်း တိုက်ခတ်ချိန်၊ လူအများ စိတ်သောက ရောက်နေချိန်မှာ အတည်ပြုခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပတဲ့ ဒီရွေးကောက်ပွဲကို အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက သပိတ်မှောက်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ် ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ရေးပါတီ၊ အခြားပါတီငယ်တွေနဲ့ တိုင်းရင်းသား ပါတီတချို့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

ကြိုတင်မဲ အပါအဝင် နည်းပေါင်းစုံနဲ့ ညစ်ပြီး ကြံ့ခိုင်ရေးပါတီက အနိုင်ယူခဲ့တယ်လို့ ပြိုင်ဘက်ပါတီတွေက စွပ်စွဲခဲ့ပေမယ့် နောက်ဆုံးတော့ ဒီရွေးကောက်ပွဲ ရလဒ်ကို ကော်မရှင်က အတည်ပြုလိုက်ပါတယ်။ ဝေဖန်မှု မျိုးစုံကြားထဲမှာပဲ ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန်က ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ ကျမ်းသစ္စာဆိုပြီး သမ္မတအသစ် ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ ထူးခြားတာကတော့ ဒီရွေးကောက်ပွဲအပြီး ခြောက်ရက်အကြာ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ကနေ အာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့ပါတယ်။
နောက်ထပ် ထူးခြားချက် တစ်ခုကတော့ ဒီလို ရွေးကောက်ပွဲ အကြိုကာလနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခါစ ကာလတွေမှာ ပြည်တွင်း-ပြည်ပ မြန်မာပညာတတ် တချို့နဲ့ နိုင်ငံတကာ သံတမန်တချို့က ဒီရွေးကောက်ပွဲနဲ့ အစိုးရသစ်အပေါ် အကောင်းမြင် ကြိုဆိုခဲ့ကြပြီး ဒီအပြောင်းအလဲ လမ်းစကနေ ဒီထက်ကြီးမားတဲ့ ပြောင်းလဲမှုတွေ ထပ်ဖြစ်လာအောင် ကြိုးစားရမယ်လို့ လေသံပစ်ကြပါတယ်။

တတိယ အင်အားစုလို့ ခေါ်ကြတဲ့ ပြည်တွင်း၊ ပြည်ပ ပညာတတ်တချို့ အတော်အလုပ်များတဲ့ ကာလတစ်ခု ဖြစ်ခဲ့ပါတယ်။ ဆယ်စုနှစ် နှစ်ခုကျော် နယ်စပ်နဲ့ ပြည်ပမှာနေထိုင်ပြီး စစ်အစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့သူတချို့နဲ့ ပညာရှင်တချို့ နေပြည်တော်နဲ့ လျှို့ဝှက် ဆက်သွယ်ပြီး ဆွေးနွေးမှုတွေ၊ အကြံပေးမှုတွေ လုပ်ခဲ့ကြပါတယ်။ အဲဒီနောက် အနောက်တိုင်း သံတမန်တွေကပါ ဦးသိန်းစိန် အစိုးရကို ပြုပြင်ပြောင်းလဲရေး လုပ်ချင်တဲ့ အစိုးရအဖြစ် လေသံပစ်ပြီး နေပြည်တော်နဲ့ သံတမန် ဆက်သွယ်မှုတွေ ပြန်လည် အဆင့်မြှင့်တင် ခဲ့ကြပါတယ်။

ဒီကာလအတွင်း အထူးခြားဆုံး တိုးတက်မှုအဖြစ် လေ့လာသူတွေ ထောက်ပြတာကတော့ ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်းမှာ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုပါပဲ။ ဘာတွေ ဆွေးနွေးသလဲ ဆိုတာကို အသေးစိတ် မထုတ်ပြန်ပေမယ့် သမ္မတကြီးကို သူယုံပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ဒီလိုတွေ့ဆုံမှု အပြီးမှာတော့ မြန်မာ့နိုင်ငံရေး တစ်ခေတ်ဆန်းတော့မယ့် ပုံစံမျိုး နိုင်ငံတကာဘက်က မြင်လာပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက် လည်ပတ်လိုက်တဲ့ အခါမှာတော့ အစိုးရသစ်ကို နိုင်ငံတကာက အသိအမှတ်ပြုသလို ဖြစ်သွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်ဘက်က တိုက်တွန်းခဲ့ပုံ ရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပြုပြင်ရေး တကယ့်အချိန်အခါများ

အဲဒီနောက်ပိုင်းမှာတော့ ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ပါတီ ဝင်ပြိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကြေညာလိုက်ပါတယ်။ ဒီလိုကြေညာပြီး သိပ်မကြာခင် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့မှာတော့ ရာနဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အစိုးရက လွှတ်ပေးခဲ့ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲတုန်းက ဒုတိယ အမတ်နေရာ အများဆုံး ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားပါတီ ဥက္ကဋ္ဌ ခွန်ထွန်းဦး အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ၈ လေးလုံး ခေါင်းဆောင်တွေဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအဝင် ကျောင်းသား ခေါင်းဆောင်တွေ၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အပါအဝင် စစ်ထောက်လှမ်းရေးဘက်က ပုဂ္ဂိုလ်တွေ အတော်များများ ပြန်လွတ်လာခဲ့ပါတယ်။

ဒီလို နိုင်ငံရေး အကျဉ်းသားတွေ အစုအပြုံလိုက် ပြန်လွှတ်ပေးတာ၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဝင်ပြိုင်ခွင့် ပေးတာတွေကြောင့် ပြည်တွင်း၊ ပြည်ပကနေ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရကို တကယ့်ပြုပြင်ရေးလုပ်မယ့် အစိုးရအဖြစ် အမှတ်ပေး လိုက်ကြပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲကို မဲမလိမ်ဘဲ လုပ်ပေးလိုက်တဲ့အတွက် ၄၂ နေရာမှာ NLD က ၄၁ နေရာ အနိုင်ရသွားခဲ့ပါတယ်။

အဲဒီနောက်ပိုင်း အမေရိကန်နဲ့ ဥရောပ အပါအဝင် အနောက်အုပ်စု တစ်ခုလုံးက အစိုးရအပေါ် အရင်က ချမှတ်ထားခဲ့တဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်း ပေးလိုက်ပါတယ်။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ အမေရိကန်၊ ဥရောပနဲ့ အနောက်နိုင်ငံတွေဆီ အပြိုင်အဆိုင် လည်ပတ် စည်းရုံးခဲ့ကြပါတယ်။

ဒီလိုနဲ့ ၂၀၁၂ နှောင်းပိုင်းနဲ့ ၂၀၁၃ အစောပိုင်း ကာလတွေဟာ မြန်မာ့နွေဦးရဲ့ တကယ့်ပြုပြင်ပြောင်းလဲရေး ကာလလို့ ထင်ရလောက်အောင်ကို အပြုသဘောဆောင် တိုးတက်မှုတွေကို မြင်လာခဲ့ရပါတယ်။ အဲဒီထဲက အထင်ရှားဆုံး တိုးတက်မှုကတော့ မီဒီယာဘက်မှာ ဖြစ်ပြီး ဖမ်းဆီးခံ သတင်းသမား အားလုံးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ စာပေစိစစ်ရေး ဌာနကို ဖျက်သိမ်းပြီး လွတ်လပ်စွာ ရေးသားခွင့်ပြုခဲ့ပါတယ်။ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ခွင့်ပြုခဲ့ပါတယ်။ တစ်ချိန်က အတိုက်အခံ သတင်းဌာနတွေ၊ စစ်အစိုးရ ဆန့်ကျင်ရေး သတင်းဌာနတွေကို ပြည်တွင်းမှာ ပြန်လည် အခြေစိုက်ခွင့် ပေးခဲ့ပါတယ်။ နိုင်ငံတကာ သတင်းထောက်တွေကိုလည်း ပြည်ဝင်ခွင့်ဗီဇာ ပေးလာခဲ့ပါတယ်။

တခြားသိသာတဲ့ တိုးတက်မှုကတော့ နှစ်ပေါင်း ၆၀ နီးပါး လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ နယ်စပ်တစ်ကြောရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၀ နီးပါးနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးလာပါတယ်။ နေရာအတော်များများမှာ တိုက်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေး လက်မှတ် ထိုးလာနိုင်ခဲ့ပါတယ်။ နိုင်ငံတကာ ဘက်ကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အင်တိုက်အားတိုက် ကူညီခဲ့ပါတယ်။

အရှိန်ကုန်သွားတဲ့ အစိုးရနဲ့ မနိုင်လို့ သည်းခံနေရတဲ့ အတိုက်အခံတို့ဘဝ

စစ်အာဏာရှင် စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်းမှု လုပ်ငန်းစဉ် အရှိန်ကောင်းတုန်း ၂၀၁၂ မကုန်ခင်လေးမှာ ဘာသာရေး ပဋိပက္ခတွေ ရခိုင်ဘက်မှာ စတင်ပေါ်လာပါတယ်။ ဒီဖြစ်စဉ်ကို အစိုးရပိုင် မီဒီယာတွေက ဗုဒ္ဓဘာသာဘက်ကို အသားပေးပြီး ဖော်ပြတဲ့အတွက် သွေးထိုးလှုံ့ဆော်သလို ဖြစ်သွားပြီး အခြေအနေတွေ ပိုဆိုးသွားတာလို့ လေ့လာသူတွေက ပြောပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာ၊ မြောက်ပိုင်း လားရှိုးကနေ နောက်ဆုံး ဒုတိယမြို့တော် မန္တလေးအထိ ပျံ့နှံ့ပြီး လူတွေ ရာနဲ့ချီ သေဆုံးခဲ့ရပါတယ်။ ဘာသာတစ်ခုနဲ့ တစ်ခုအကြား မယုံသင်္ကာမှု ပိုတိုးလာပြီး ခွဲခြားဆက်ဆံမှုတွေ တိုးလာစေခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ တိုင်းရင်းသား လက်ကိုင်အဖွဲ့ တချို့နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာပြီး ကချင် လွတ်မြောက်ရေးအဖွဲ့ KIO ကဆိုရင် အပစ်အခတ် ရပ်စဲရေးလုပ်ဖို့ ငြင်းဆိုတဲ့အထိ အခြေအနေ ဆိုးလာပါတယ်။ တစ်ခါ ကရင်လက်နက်ကိုင်၊ ရှမ်းလက်နက်ကိုင် တချို့နဲ့လည်း တိုက်ပွဲတွေ ပြန်ဖြစ်လာနေပါတယ်။

နိုင်ငံရေးဘက်မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီ နည်းလမ်းမကျတဲ့ ပုဒ်မတွေကို ပြင်ပေးဖို့ NLD နဲ့ ၈၈ မျိုးဆက်တွေ စုပေါင်း တောင်းဆိုမှုကို အစိုးရဘက်က ပယ်ချခဲ့ပါတယ်။ အများပြည်သူပိုင်တဲ့ လယ်မြေတွေကို စစ်တပ်နဲ့ ကုမ္ပဏီတွေက အဓမ္မ သိမ်းယူတာတွေ ဆက်လုပ်လာခဲ့ပါတယ်။ စာနယ်ဇင်း သမားတွေကို ဖမ်းဆီးထောင်ချ၊ သတင်းစာ တိုက်တွေကို အစိုးရဘက်က တရားစွဲဆို၊ အခုနောက်ဆုံး သတင်းထောက်ကို စစ်တပ်က ပစ်သတ်တဲ့အထိ အခြေအနေတွေ ဆိုးလာနေပါတယ်။

ဒီလို အခြေအနေ အရပ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေ အားလုံးက သိရှိနေပေမယ့် ဦးသိန်းစိန် အစိုးရကို ပြန်တော်လှန်ဖို့၊ လက်ရှိသွားနေတဲ့ နိုင်ငံရေး အခင်းအကျင်းကနေ ပြန်ရုန်းထွက်ဖို့ မလွယ်ဘူး ဖြစ်နေပုံရတယ်လို့ အကဲခတ်တွေက ထောက်ပြပါတယ်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ မဝင်ခင်က ပေးခဲ့တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က အခုချိန်အထိ ဘာမှလုပ်မပေးနိုင်ခဲ့ပါ။ ကတိပေးထားတဲ့အတိုင်း မလုပ်ပြနိုင်တဲ့အတွက် လွှတ်တော် လမ်းကြောင်းကိုစွန့်ပြီး လူထုတိုက်ပွဲ လမ်းကြောင်းကို NLD က ပြန်ရွေးမလား၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အစိုးရနဲ့ ကြံ့ခိုင်ရေး ပါတီဘက်က မပြင်ပေးဘူးဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကို သပိတ်မှောက်မလား ဆိုတာဟာ ဒီနေ့လူအများ စိတ်ဝင်စားနေတဲ့ မေးခွန်းဖြစ်ပါတယ်။

ဒါပေမဲ့ နယ်စပ်က လက်နက်ကိုင်တွေရော၊ ရန်ကုန်က နိုင်ငံရေး ပါတီတွေကြားမှာပါ တူညီနေတဲ့ အချက်တစ်ခုကတော့ အစိုးရဘက်က မရိုးသားတာ၊ နိုင်ငံရေးဝါဒ ဖြန့်နေတာကို သိပါလျက်နဲ့ လက်ရှိ အခြေအနေကနေ ရုန်းထွက်ဖို့ မဖြစ်နိုင်ဘူး။ လက်ရှိရနေတဲ့ နိုင်ငံရေး အခွင့်အခါကောင်းတွေကို ငြင်းပယ်လိုက်မယ်ဆိုရင် တိုက်ပွဲတွေ ပြန်ဖြစ်လာမယ်၊ အဖမ်းအဆီးတွေ ပြန်ဖြစ်လာမယ်။ ပြည်သူလူထု ပိုနစ်နာမယ်။ ဒါကြောင့် ဖွဲ့စည်းပုံ ပြင်ပြင် မပြင်ပြင် ရွေးကောက်ပွဲ ဝင်မှဖြစ်မယ်။ မပြင်ပေးလို့ မဝင်ဘူးဆိုပြီး သပိတ်မှောက်လိုက်ရင် အစိုးရဘက်က ပိုကြိုက်တဲ့အတွက် သူတို့အကွက်ထဲ ဝင်သွားမယ်။ မကြိုက်သော်လည်း အောင့်ကာ နမ်းရတော့မယ့် အခြေအနေ ရောက်နေပြီဆိုပြီး NLD ဘက်က ပြောဆိုသံတွေကို ၂၀၁၅ ရွေးကောက်ပွဲနီးလေ ပိုကြားလာရလေ ဖြစ်လာနေပါတယ်။

ဒီအခြေအနေကနေ ဘယ်လိုရုန်းထွက်မလဲ၊ ၂၀၁၅ အတွက် ဘာတွေပြင်ထားသလဲ

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရေး လှုပ်ရှားမှုအပြင် လူ့အခွင့်ရေး ချိုးဖောက် ခံရမှုကြောင့် နေ့စဉ်နဲ့အမျှ ဆန္ဒပြနေကြတဲ့ လယ်သမားတွေ၊ အလုပ်သမားတွေ အရေးကိုပါ ဦးဆောင်ပါဝင်ဖို့ လိုနေပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ ပြင်နိုင်ရေးအတွက် လွှတ်တော်အတွင်း လှုပ်ရှားမှုအပြင် လွှတ်တော်ပြင်ပ လှုပ်ရှားမှုကို အရှိန်မြှင့်ဖို့ လိုအပ်နေပါတယ်။ အထူးသဖြင့် တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ မဟာမိတ်ဖွဲ့ပြီး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဖို့ လိုနေပါတယ်။ ၈၈ အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်မှုကိုလည်း ဒီထက်မက တိုးမြှင့်ဖို့ လိုအပ်နေပါတယ်။

အစိုးရနဲ့ မျက်နှာပျက်ရမှာ စိုးလို့ ဘာမှမဝေဖန်ဘဲ ရေငုံနှုတ်ပိတ်နေတဲ့ ပေါ်လစီကို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က ပြန်သုံးသပ်သင့်ပါတယ်။ အစိုးရနဲ့ လက်ရှိ အာဏာပိုင်တွေရဲ့ လူထုအပေါ် မတရား အနိုင်ကျင့်မှုတွေ၊ လာဘ်စားမှုတွေ၊ အများပြည်သူဘဝ တိုးတက်ရေးအတွက် ဘာမှ မဆောင်ရွက်ဘဲ မျက်ကွယ် ပြုထားတာတွေကို ဒီထက်မက ဝေဖန်ထောက်ပြ သင့်ပါတယ်။

အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်နေတဲ့ နိုင်ငံတကာ အစိုးရတွေသိအောင် (မသိဟန် ဆောင်နေတာလည်း ဖြစ်နိုင်ပါတယ်) ဒေါ်အောင်ဆန်းစုကြည် ဘက်ကနေ လူထုအားနဲ့ တိုင်းရင်းသား အားကိုယူပြီး အရှိကို အရှိအတိုင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုဖို့ လိုနေပါတယ်။

အဲဒီလို ပြောဆိုဖိအားပေးမှု ကနေတစ်ဆင့် (လူစု ဓာတ်ပုံရိုက်ခံနေရတဲ့ အဆင့်ကိုကျော်ပြီး) အနှစ်သာရရှိတဲ့ နှစ်ဖက် (အစိုးရနဲ့ အတိုက်အခံ) ဆွေးနွေးပွဲ ဖြစ်လာအောင် ဖိအားပေးဖို့ လိုအပ်နေပါတယ်။ ဒီဆွေးနွေးပွဲဟာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ လာမယ့်ခြောက်လ အတွင်းမှာကို ဖြစ်လာအောင် ကြိုးစားဖို့ လိုအပ်နေပါတယ်။

တစ်ချိန်တည်းမှာပဲ ပြင်ပြင် မပြင်ပြင် ဝင်မှဖြစ်မယ်လို့ ဆုံးဖြတ်ထားတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အမတ်နေရာ အများစု အနိုင်ရဖို့ အတွက်လည်း ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား ပါတီတွေဘက်က စနစ်တကျ ပူးပေါင်း ပြင်ဆင်ထားဖို့ လိုအပ်နေပါတယ်။ အခုချိန် အထိတော့ NLD နဲ့ တိုင်းရင်းသား ပါတီတွေကြား ဆက်ဆံရေးက အားရစရာ မရှိသေးပါ။

အနှစ်ပြန်ချုပ် ရရင်တော့ အတိုက်အခံတွေဘက်က မနိုင်လို့ သည်းခံနေရတာ မှန်ပေမယ့် နေရာတိုင်းမှာ အလျှော့ပေးတဲ့ နည်းနဲ့ချည်း ဆက်ဆံနေတာမျိုး မဖြစ်သင့်ပါ။ လျှော့တဲ့နေရာလျှော့၊ တင်းတဲ့နေရာ တင်းပြီး အများပြည်သူအတွက် တကယ်လုပ်ရမယ့် အချိန်ကို ရောက်လာနေပြီ ဖြစ်ပါတယ်။ ဒီလိုတင်းနိုင်၊ လျှော့နိုင်ဖို့အတွက် ပါတီတစ်ခုတည်း၊ ခေါင်းဆောင် တစ်ဦးတည်း ပြောနေ၊ လုပ်နေလို့ မဖြစ်ပါ။ တိုင်းရင်းသား အင်အားစုတွေ၊ နေ့စဉ် ဆန္ဒပြနေတဲ့ အင်အားစုတွေ၊ တခြားခေါင်းဆောင်တွေ အားလုံးနဲ့ စနစ်တကျ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ဖို့ လိုအပ်နေပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ထက်အောင်ကျော်

(http://www.thevoicemyanmar.com)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More