Saturday, November 8, 2014

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၃၅)

DVB အင်္ဂလိပ်ပိုင်းအစီစဉ် ပေါ်လာခြင်း

ပြည်တွင်းကသတင်းဌာနတွေမှာ မြန်မာလိုအရင်ရေးပြီးမှ အင်္ဂလိပ်လိုဘာသာပြန်တဲ့အဆင့်ဆီ သွားလေ့ရှိပေမယ့် ပြည်ပသတင်းဌာနတွေကတော့ အဲဒါနဲ့ ပြောင်းပြန်လို့ထင်ပါတယ်။ အဲဒါ လွန်ခဲ့တဲ့ ၂၀ ကျော်၊ လေးလုံးအရေးတော်ပုံအပြီး ၁၉၉၀ ပြည့် လွန်နှစ်တွေမှာ အသီးသီးပေါ် လာခဲ့ကြတဲ့ DVB (နော်ဝေးအခြေစိုက် ဒီမီုကရက်တစ်မြန်မာ့ အသံ) Irrawaddy (ထိုင်း-အခြေစိုက် ဧရာဝတီသတင်းဌာန) နဲ့ Mizzima (အိန္ဒိယ-အခြေစိုက် မဇျိမသတင်းဌာန) တို့ကို ဆိုလိုတာပါ။


 ( DVB အစောပိုင်းကာလ ၀က်ဆိုက် ဒီဇိုင်းတခု)

ကွာခြားချက်ကတော့ ဧရာဝတီနဲ့မဇျိမဟာ Print Media ပုံနှိပ်မီဒီယာ၊ Online အင်တာ နက်မီဒီယာဖြစ်ပြီး ဒီဗွီဘီက Broadcasting အသံလွှင့်မီဒီယာဖြစ်နေတာပါပဲ။ ဒါကြောင့် ဦးစားပေးပရိတ်သတ်ကလဲ မတူပါဘူး။ အင်္ဂလိပ်ဘာသာဦးစားပေး ဧရာဝတီနဲ့ မဇျိမရဲ့ ပရိတ်သတ်က နိုင်ငံတကာသံတမန်တွေ၊ NGO တွေ၊ မြန်မာ့အရေးစိတ်ဝင်းသူတွေဖြစ်ပြီး ဒီဗွီဘီရဲ့ ပရိသတ်က NLD ပါတီဝင်အများစုပါဝင်တဲ့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးတက်ကြွ သူတွေ၊ လုပ်အားပေးခိုင်းစေခံရ၊ လယ်သိမ်းခံရဖြစ်နေတဲ့ ကျေးလက်ဒေသက ရေဒီယိုနားထောင်တဲ့ပရိသတ်တွေဖြစ်ပါတယ်။

ပိုရှင်းအောင်ပြန်ပြောရမယ်ဆိုရင် ဧရာဝတီနဲ့ မဇျိမတို့ဟာ စကတည်းက အင်္ဂလိပ်ဘာသာနဲ့ စတင်ခဲ့တာဖြစ်ပြီး ဒီဗွီဘီကတော့ ရေဒီယိုကနေ မြန်မာလိုလွှင့်ပြီးသားသတင်းတွေကို ဘာသာ ပြန်ရာကနေ အင်္ဂလိပ်ပိုင်းအစီစဉ်ဆိုတာ ပေါ်လာတာပါ။ ဒီဗွီဘီရေဒီယိုကို ၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၉  ရက်နေ့မှာစတင်အသံလွှင့်ခဲ့ပေမဲ့ အင်္ဂလိပ် ဘာသာနဲ့ဝက်ဆိုက်မှာတင်တဲ့ အလုပ်ကိုတော့ နောက်ထပ် ၁၀ နှစ်အကြာ ဒီပဲယင်းအရေးခင်း အပြီး ၂၀၀၃ ၀န်းကျင်မှာမှ စတင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။

ကျနော်မှတ်မိသလောက်ဆိုရင် အင်္ဂလိပ်ပိုင်းအတွက် တရားဝင်ဝန်ထမ်းမခန့်ခင် ပထမ ဆုံး တင်တဲ့သတင်းတွေက  ဗြိတိန်အခြေစိုက် BBC Monitoring (http://www.bbc.co.uk/monitoring) က ဘာသာပြန်ထားတဲ့ သတင်းတွေကို မူရင်းအတိုင်း ပြန်တင်တဲ့အဆင့် ဖြစ်ပါ တယ်။ BBC Monitoring ဆိုတာက BBC လိုသတင်းလွှင့်တဲ့ဌာနမဟုတ်ပဲ နိုင်ငံတကာက သတင်းတွေကို လေ့လာစောင့်ကြည့်ပြီး ထူးခြားတဲ့သတင်းတွေကို ကမ္ဘာကသိနိုင်အောင် အင်္ဂလိပ်ဘာသာနဲ့ ပြန်ရေးပြီး သံရုံးတွေနဲ့ သတင်းဌာနတွေဆီ ပြန်ပို့ပေးတဲ့ဌာနဖြစ်ပါတယ်။

BBC သတင်းဌာနဲ့ BBC Monitoring ရုံးတွေကလဲ သီးခြားစီပါ။ BBC နိုင်ငံတကာ သတင်းဌာန က လန်ဒန်မှာအခြေစိုက်ပြီး BBC Monitoring က Reading မြို့မှာသီးခြားရှိနေတာကို ကားဒစ် မြို့ဆီ လတာသင်တန်းသွားစဉ်အတွင်းတွေ့ခဲ့ရပါတယ်။ မြန်မာ၊ မြောက်ကိုးရီးယားအပါဝင် သတင်းအမှောင်ချထားတဲ့နိုင်ငံတွေက သတင်းတွေကို အဓိကထား လေ့လာတာဖြစ်ပြီး အထူး သဖြင့် အစိုးရအာဘော်သတင်းဌာနနဲ့ အတိုက်ခံအာဘော် သတင်း ဌာန (သူတို့ အခေါ် မူရင်း သတင်းအရင်းအမြစ်ရှိတဲ့ဌာနတွေ) ရဲ့အသံလွှင့်မှုနဲ့ သတင်းစာတွေ အပေါ် လေ့လာတာဖြစ်ပါ တယ်။

ပိုရှင်းအောင်ပြောရရင် ဗိုလ်ချုပ်သန်းရွေရဲ့ နအဖ အသံလွှင့်ဌာန မြန်မာ့အသံကလွှင့်တဲ့ ထူးခြား သတင်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတိုက်ခံသတင်းဌာန ဒီမိုရက်တစ်မြန်မာ့အသံက လွှင့်တဲ့ ထူးခြားသတင်းတွေအားလုံးကို BBC Monitoring က အင်္ဂလိပ်လိုပြန်ပါတယ်။ ဒီလို ပြန်တာဟာ လိုရင်းကိုအနှစ်ချုပ်ပြန်တာမျိုးမဟုတ်သလို ဆောင်းပါးပုံစံနဲ့ပြန်ရေးတာမျိုးလဲ မဟုတ်ပါ။ မူရင်းလွှင့်သွားတဲ့သတင်းအတိုင်း စကားလုံးအတိအကျ ဘာသာပြန်တာဖြစ်ပါတယ်။

ဒီလိုပြန်ထားတဲ့သတင်တွေကို DVB အင်္ဂလိပ်ဆိုက်မှာ ပထမ ဆုံးတင်ပါတယ်။ ဒီလိုပြော လိုက် တော့အင်္ဂလိပ်လိုမတင်ခင် ကတည်းက မြန်မာလိုတင်ထားပြီးသားလို့ မထင်လိုက်ပါနဲ့။ အင်္ဂလိပ်လို တင်ပြီး လို့ - နှစ်ကြာပြီးမှ မြန်မာစာနဲ့တင်တဲ့ခေတ်က ပေါ်လာတာပါ။ DVB ၀က်ဆိုက် ပထမ ပိုင်း ကာလတွေမှာ အသံတွေကို ရေဒီယိုကလွှင့်တဲ့အတိုင်း တင်ထားတာကလွဲပြီး တခြားဘာမှမရှိပါ။ 

ပထမ ဆုံးအင်္ဂလိပ်ပိုင်း ၀န်ထမ်းများ

ကျနော်မှတ်မိသလောက်ဆိုရင် ရေဒီယိုကလွင့်တဲ့သတင်းတွေကို အင်္ဂလိပ်ဘာသာနဲ့ပြန်ရေးပြီး ၀က်ဆိုက်မှာတင်သင့်ကြောင်း သတင်းခန်းတာဝန်ရှိသူတွေနဲ့ ညွန်မှုးတွေအကြား မကြာခဏ အလွတ်သဘောဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူက ဘာသာပြန်ပေးမှာလဲ။ သတင်းဌာ က လူတွေက ရေဒီယိုမှာလွှင့်တဲ့ကိုယ့်သတင်းကိုယ် အင်္ဂလိပ်လိုပါရေးပေးမလားဆိုတာနဲ့ လုံးချာလည်နေလို့ လိုရင်းကိုမရောက်ပါ။


(အင်္ဂလိပ်ပိုင်းဌာနမှ ကိုပါစကယ်နဲ့ ကိုရဲတိုက်အပါဝင် ၀န်ထမ်းအားလုံးနီးပါးကို ၂၀၀၈ ခုနှစ်က တွေ့ရစဉ်)

ဒီလိုနဲ့ ၂၀၀၃ ဒီပဲယင်းအရေးခင်းပြီးကာစလေးမှာလို့ထင်ပါတယ်။ ဟောင်ကောင်က သတင်း ထောက်အမျိုးသမီးတဦးကို အင်္ဂလိပ်ပိုင်းအတွက် အစမ်းခန့်လိုက်လို့ အော်စလိုရုံးချုပ်ဆီရောက် လာပါတယ်။ ဒါပေမယ့် အခြေနေကသိပ်မထူးပါဘူး။ ဘာကြောင့်လဲဆိုရင် သတင်းကို ဘာသာ ပြန်ပေးမဲ့လူသီးခြားမခန့်နိုင်တဲ့အတွက် ရေဒီယိုကလွှင့်ပြီးသွားတဲ့သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို တာဝန်ကျအယ်ဒီတာကရွေးပေးပြီး အနှစ်ချုပ် ဘာသာပြန်ပေးရပါတယ်။

ရေဒီယိုအတွက် နေစဉ် သတင်းခွဲ၊ သတင်းလိုက်၊ သတင်ဖြတ်၊ သတင်းလွှင့်နေရတဲ့ကြားထဲ ဘာသာပြန်တဲ့အလုပ်ကိုပါတွဲလုပ်ရတော့ အိမ်ပြန်ချိန်က အရင်ကထက်တောင် ပိုနောက်ကျလာ ပါတယ်။ အရင်တနေ့   နာရီခန့်အလုပ်ဆင်းနေရာကနေ ၁၀ နာရီကျော်အထိအလုပ်ဆင်းရ သလိုဖြစ် လာခဲ့ပါတယ်။ 

နောက်ပိုင်းမှာတော့ ထိုင်းနယ်စပ်တော်လှန်ရေးနယ်မြေကနေ လန်ဒန်ကိုရောက်သွားသူ၊ Cambridge တက္ကသိုလ်မှဘွဲ့ရထားသူ၊ အရင်ကလဲ ဒီဗွီဘီ သတင်းတွေကိုအခါအားလျော်စွာ ဘာသာပြန်ပေးဖူးသူ ကိုပါစကယ်ခူးသွယ် ( From the Land of Green Ghosts: အိုဘယ့် အစိမ်းတို့မြေ စာအုပ်ကိုရေးသားခဲ့သူ Pascal Khoo Thwe) ကို အလုပ်ခန့်လိုက်ပါတယ်။

ကျနော်မှတ်မိသလောက်ဆိုရင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလတွေဟာ ဒီဗွီဘီ အင်္ဂလိပ် ပိုင်းအစီစဉ်ရဲ့ ရွှေခေတ်ပါပဲ။ သတင်းအမှောင်ချထားတဲ့ မြန်မာနိုင်ငံအတွင်းက ရွှေဝါရောင်တော် လှန်ရေးကို ဘယ်နိုင်ငံတကာသတင်းဌာမှ သတင်းယူခွင့်မရပါဘူး။ ဒီတော့ ကျနော်တို့ ဒီဗွီဘီ က လွှင့်သမျှ ရေဒီယိုနဲ့ တီဗွီ သတင်းတွေဟာ ကမ္ဘာ့မီဒီယာက စိတ်ဝင်စားတဲ့သတင်းအရင်းအမြစ် ဖြစ်လာပြီး လက်မလည်အောင် ဘာသာပြန်ခဲ့ကြရပါတယ်။ 

ဒီဗွီဘီ သတင်းတွေကိုဈေးကွက်ဝင်အောင်ရောင်းချင်နေတဲ့၊ ရံပုံငွေရှာချင်နေတဲ့ ညွန်မှုးတွေ အတွက်လဲ ရွှေဝါရောင်တော်လှန်ရေးသတင်းတွေက အတော်လေးအထောက်ကူဖြစ်သွားစေ ခဲ့ပါတယ်။ 

အဲဒီနောက်ပိုင်းမှာတော့ ကိုပါစကယ်ကို အမြဲတန်းဝန်ထမ်းအဖြစ်ခန့်ပြီး အော်စလိုရုံးဆီခေါ်လိုက် ပါတယ်။ တချိန်တည်းမှာပဲ အင်္ဂလိပ်ပိုင်း ၀က်ဆိုက်ကို အသေချာပြန်လည်ပြင်ဆင်ပြီး အင်္ဂလိပ် သတင်းထောက်တွေကိုပါ အယ်ဒီတာအဖြစ်ခန့်လိုက်ပါတယ်။ ဒါပေမယ့် ၀ါရင့်သတင်းထောက် တွေဝင်လာတာမတွေ့ရပဲ ကျောင်းဆင်းကာစ လူငယ်အများစု ၀င်လာတာကိုသာတွ့ရပါတယ်။ အဲဒီ အချိန်မှာ ချင်းမိုင်ရုံးရှိနေပြီ ဖြစ်တဲ့အတွက် အင်္ဂလိပ်ပိုင်း အယ်ဒီတာကို ချင်းမိုင်ရုံးမှာပဲ ထားပါတယ်။

ကိုပါစကယ်က အော်စလိုရုံးက အရေးပေါ်သတင်းတွေကို အဓိက ဘာသာ ပြန်ပြီး ကိုရဲတိုက် (သီချင်းရေးဆရာ သုခမိန်လှိုင်ရဲ့သား) က ချင်းမိုရုံးဖက်က သတင်းတွေကို အဓိက ဘာသာ ပြန်ပေးခဲ့ကြပါတယ်။  

မြန်မာရနံ့ပါတဲ့အင်္ဂလိပ်မှ အင်္ဂလိပ်ရနံ့များဖြစ်သွားလေသလား

အင်္ဂလိပ်ဆိုက်ကို လူစိတ်စားမှုများလာတော့ နေ့စဉ်လွှင့်နေတဲ့သတင်းတွေကို ဘာသာပြန်တင် တာအပြင် ဆောင်းပါးတွေလဲ ရေးသားတင်ပြလာကြပါတယ်။ အဲဒီကာလတွေက The Irrawaddy နဲ့ The Nation မှာ အင်္ဂလိပ်ဘာသာနဲ့ဆောင်းပါးတွေ တခါတလေ၀င်ရေးနေတဲ့ ကျနော်လဲ ဆောင်းပါးအတော်များများ ဒီဗွီဘီ အင်္ဂလိပ်ဆိုက်ဆီ ပို့ဖူးပါတယ်။ (ဒီဗွီဘီ ၀န်ထမ်းတွေထဲက အင်္ဂလိပ်ဆိုက်အတွက် ဆောင်းပါးရေးပို့ဖူးသူ - ဦးထက်မပိုပါ) တခါ ပြည်ပရောက် မြန်မာတွေ၊ မြန်မာ့အရေးကျွမ်းကျင်တဲ့ နိုင်ငံခြားသား သတင်းစာဆရာတချို့ရဲ့ ဆောင်းပါးတွေကို ဖေါ်ပြတာလဲ တွေ့လာရပါတယ်။


၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှာ ကျနော်ထုတ်ဝေခဲ့တဲ့ Far from Home: 20 Years in Exile စာအုပ် ဆိုရင် အဲဒီကာလက ဒီဗွီဘီ အင်္ဂလိပ်ပိုင်း အယ်ဒီတာ Sian Thomasနဲ့ ကိုပါစကယ်တို့ တည်း ဖြတ်ပေးခဲ့တာပေါ့။ 

ဒါပေမယ့် အဲဒီနောက်ပိုင်းအသစ်ရောက်လာတဲ့ အယ်ဒီတာလက်ထက်မှာတော့ မြန်မာတွေရေး တဲ့ ဆောင်းပါးတွေထက် အင်္ဂလိပ်တွေရေးတဲ့ဆောင်းပါးတွေကိုသာ ဦးစားပေးဖေါ်ပြလာတာ တွေ့ရပါတယ်။ ပေါ်လစီလည်း ပြောင်းသွားတယ်လို့ထင်ပါတယ်။

ဒီနေရာမှာ ကျနော်နဲ့ တာဝန်ရှိသူတွအကြား အမြင်မတူတဲ့အချက်ကတော့ အင်္ဂလိပ်ပိုင်းကို အင်္ဂလိပ် တွေချည်းလွှတ်ပေးထားမလား။ မြန်မာ့အငွေ့အသက်ပါနေအောင် လုပ်ပေးထားဖို့လို မလားဆိုတဲ့ အချက်ပါ။ ကျနော်က (ကျနော်တဦးတည်းရဲ့အမြင်သာဖြစ်ပါတယ်။ ဧရာဝတီရဲ့ မူ ဘယ်လိုရှိလဲ ကျနော်မသိပါ) ဧရာဝတီကသွားနေတဲ့ပုံစံမျိုး၊ တနည်းအားဖြင့် မြန်မာတွေရေးတဲ့ သတင်း၊ ဆောင်းပါးတွေကို အင်္ဂလိပ်တွေက အင်္ဂလိပ်စာဖတ်ပရိတ်သတ်နားလည်လွယ်အောင် ပြန်လည် တည်းဖြတ်ပေးတဲ့သဘောမျိုးနဲ့သွားစေချင်ပါတယ်။ 


ဒါပေမယ့် ကျနော့်ရဲ့တင်ပြချက်မအောင်မြင်ခဲ့ပါဘူး။ မြန်မာတွေရေးတဲ့ ဆောင်းပါးတွေ တဖြေးဖြေးနဲ့ နည်းသွားပါတယ်။ နောက်ပိုင်းမှာတော့ အင်္ဂလိပ်ဌာနဟာ သီးခြားလို ဖြစ်သွားပြီး မြန်မာရနံ့ပျယ်သွားတယ်လို့ ကျနော့်စိတ်ထဲ ခံစားမိပါတယ်။
.................................................................................................................................

၂၀၀၈ ခုနှစ်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာထုတ်ဝေခဲ့တဲ့ ''Far from Home: 20 Years in Exile" စာအုပ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More