ထက်အောင်ကျော် (ဇန်နာဝါရီ ၁၀၊ ၂၀၁၄)
ကျိုက်ထီးရိုး။
ကားထဲမှာ အငြိမ့်ပွဲအသံတွေနဲ့ဆူညံနေပေမဲ့ အပြင်မှာတော့ မှောင်မှောင်မဲမဲ။ ဘယ်လမ်းကသွားနေမှန်း မသိပေမဲ့ ပဲခူးမြို့ကိုဖြတ်လာတာ၊ စစ်တောင်းတံတားကိုဖြတ်လာတာတွေကိုတော့ သတိထားမိပါတယ်။ ဒီလိုနဲ့ မနက်အစောကြီး ၁ နာရီ ၄၅ မီနစ်မှာ ကျိုက်ထီးရိုးတောင်ခြေရှိ ကင်ပွန်းစခန်းဆီ ကားက ဆိုက်ပါလေရော။ သေပြီဆရာပေါ့။ ကျနော်က မနက် ၅ နာရီလောက်မှ ရောက်မယ်လို့ မှန်းထားတာ။ ဒီအချိန်ကြီး ဘယ်လိုလုပ် တောင်ပေါ်လမ်းလျောက်တက်မလဲ။ နောက်ပိုင်းကျမှ သိခွင့်ရတာက ဒီလိုအစောကြီးရောက်လာမှ သူတို့ကားနဲ့ချိတ်ထားတဲ့ ထမင်းဆိုင်မှာ ဒီခရီးသည်တွေ ထမင်းဝင်စားမယ်။ တည်းခိုမယ်။ ဒါမှ သူတို့ ပိုက်ဆံအပိုရမယ်ပေါ့။ အင်း... ဓမ္မမိတ်ဆွေကြီး စိတ်ညစ်ရဦးမဲ့ကိန်းပါပဲ။
ဆိုင်ထဲမှာ ခရီးဆောင်အိတ်ချရင်း လှည့်ပတ်ကြည့်လိုက်တော့ ကိုယ့်ထက်စောပြီးရောက်နေသူတွေ အများကြီး။ ဆိုင်နံရံပေါ်မှာတော့ အပေါ့သွား ၁၀၀၊ မျက်နှာသစ် ၁၀၀၊ ရေးချိုး-အိမ်သာတက် ၅၀၀။ ဖျာတချပ် ၂၀၀၊ စောင် -ခေါင်းအုံး ၅၀၀ ကျပ် စသဖြင့်ရေးထားတာတွေ့ရပါတယ်။ အပေါ့သွားဦးမှဆိုပြီး ဆိုင်နောက်ဖေးဖက်ထွက်လာတော့ ဆိုင်အောက်ထပ်မှာ တည်းခိုနေသူတွေ (ကြမ်းပြင်ပေါ် ဖြစ်သလို အိပ်နေသူတွေ) အများကြီး။ အိမ်သာက ၂ လုံးတည်းသာရှိတဲ့အတွက် တန်းစီစောင့်နေသူတွေက အဲဒီ တည်းခိုသူတွေဘေးမှာ ကပ်လျက်။ အနံ့အသက်ကလဲ ထွက်လျက်။
အပြင်ထွက်ပြီးကိစ္စရှင်းမယ်ကြံတော့ အပြင်မှာလဲ ရုံကပြည့်နေပြန်ပါတယ်။ ရေးချိုးခန်းထဲဝင်ပြီး မျက်နှာ သစ်သလိုလိုနဲ့ ကိစ္စရှင်းမယ်ကြံပြန်တော့ ရေချိုးခန်းက ပိုးလိုးပက်လက်ကြီး။ မထူးတော့ပါဘူးဆိုပြီး အမှောင်လွမ်းတဲ့ခြံစည်းရုံးဖက်လှည့်လိုက်တော့မှပဲ သက်တောင့်သက်သာဖြစ်သွားပါတယ်။ ကားလမ်း ရဲ့ဟိုဖက် ဒီဖက်မှာ ဒီလိုစားသောက်ဆိုင်တွေ၊ တည်းခိုဆောင်တွေအများကြီး။ ကျနော်တို့ကားဆိုက်တာ သိပ်စောနေတယ်လို့ထင်ပေမဲ့ တခြားကားတွေကလဲ အလားတူဆိုက်လာတာ အဆက်မပြတ်။ ကင်ပွန်းစခန်းဟာ အရင်နှစ် ၃၀ ၀န်းကျင် ကျနော်မော်လမြိုင်တက္ကသိုလ်ကျောင်းသားဘ၀တုန်းက ရောက်ခဲ့စဉ်အခြေနေနဲ့ လုံးဝမတူတော့ပါ။
အင်ဖက်မိုး၊ ၀ါးထရံကာ၊ ရေနံဆီမီးခွက်ထွန်းထားတဲ့ စားသောက်ဆိုင်နဲ့တည်းခိုခန်းမျိုး လုံးဝမရှိတော့ပါ။ အားလုံး အုတ်တွေ၊ သစ်မာတွေနဲ့အခိုင်မာဆောက်ထားတဲ့ ဆိုင်တွေ၊ အိမ်တွေ၊ လျပ်စစ်မီး တထိန်ထိန်နဲ့။ ဟိုဖက်နားမှာဆိုရင် နာရီပိုင်းလိုက်တည်းနိုင်တဲ့အထူးခန်းတွေ၊ တညလုံးတည်းနိုင်တဲ့ ဟိုတယ် တွေတောင်ရှိပါတယ်။ ''ဓမ္မမိတ်ဆွေတွေ'' ဆိုပြီး ကားကိုယ်စားလှယ်နဲ့ ဆိုင်ကိုယ်စားလှယ်တွေက ခေါ်ဝေါ်သုံးစွဲနေပေမဲ့ ခရီးသည်အများစုကြီးက တကယ့်ဆကယ်ကျော်သက်လူငယ်တွေ။ တချို့ဆို နားကွင်းတွေနဲ့။ ကောင်မလေးတချို့ဆို ဆံပင်ကို ဖြူ-နီ-၀ါ-ပြာ ဆေးဆိုးလျက်။
ထူးခြားတာကတော့ ကျိုက်ထီးရိုးအပါဝင် မြန်မာနိုင်ငံကစားသောက်ဆိုင်အတော်များများမှာ ညဖက် စားနိုင်တဲ့အစာပျော့တွေသိပ်မရှိ။ နို့မရှိ၊ ပေါင်မုန့်မရှိ။ ထိုင်းမှာဆိုရင် ဒီလိုညဖက်ခရီးသွားသူတွေကို ဆန်ပြုတ် သို့မဟုတ် ခေါက်ဆွဲပြုတ်ကျွေးလေ့ရှိပေမဲ့ မြန်မာနိုင်ငံမှာတော့ ညဖက်ကြီးမှာတောင် ထမင်း ကျော်စားသူတွေ၊ ထမင်းဖြူစားသူတွေကိုသာတွေ့ခဲ့ရပါတယ်။ ထမင်းမာမစားချင်တဲ့အတွက် ခေါက်ဆွဲ ကျော်နဲ့ လဖက်ရည်ကိုမှာသောက်ပြီးတဲ့နောက် တောင်ပေါ်တက်တဲ့ ကားဂိတ်ရှိရာဆီ ကျနော်ထွက် လာခဲ့ပါတယ်။
''အာပါးပါး၊ လူတွေမနဲပါလား'' လို့နှုတ်ကထွက်သွားပါတယ်။ မနက် ၂ နာရီခွဲဆိုတာ တကယ်တော့ အိပ်လို့ကောင်းတုန်းအချိန်ပါ။ ဒါပေမဲ့ ဒီကားဂိတ်မှာတော့ ဘုရားဖူးခရီးသည် ၄၀၀-၅၀၀ လောက်ရှိနေပြီ။ တောင်ပေါ်တက်မဲ့ ဟီးနိုးကားတွေကိုစီးနိုင်ဖို့ ကားပေါ်တက်တဲ့လှေကားတွေပေါ် အလုအယက်နေ ရာယူနေကြပါတယ်ီ။ အမိုးဖွင့်ဟီးနိုးကားတွေက လူတရပ်ကျော်မြင့်တဲ့အတွက် လူအတက်အဆင်းလုပ် ဖို့မလွယ်ပါ။ ဒါကြောင့် လေယဉ်ပေါ်တက်တဲ့လှေကားလိုမျိုးထောင်ပြီး တက်နေကြတာဖြစ်ပါတယ်။
''ရသေ့တောင် ၁၅၀၀။ ရင်ပြင်တော် ၂၅၀၀'' လို့ရေးထားတဲ့ဆိုင်းဘုတ်တွေကိုတွေ့တော့ လမ်းလျှောက် တဲ့လူ မရှိကြတော့ဘူးလားလို့ ကားသမားတွေကိုသွားမေးမိပါတယ်။ ''အခုခေတ်က လမ်းလျှောက်တဲ့ ခေတ်မဟုတ်တော့ဘူး။ ဆရာလျောက်ချင်သပါဆိုရင် ရသေ့တောင်အထိစီးပြီး တ၀က်လျောက်ပေါ့'' လို့ ကားဂိတ်တာဝန်ခံတဦးကအကြံပေးပါတယ်။ ဒါပေမဲ့ အသေချာမေးကြည့်တော့ ရသေ့တောင်ကနေ တောင်ထိပ်အထိလျောက်တဲ့လမ်းက ကျနော်ထင်ထားသလို သဘာဝတောလမ်းမဟုတ်။ ကားလမ်း ပေါ်ကနေလျောက်ကြတာဆိုတော့ ဘာမှမထူး။ ပြီးတော့ အချိန်က မနက် ၃ နာရီဝန်းကျင်၊ မှောင် မှောင်မဲမဲနဲ့ ဘယ်လိုလျောက်မလဲ။ နောက် အာရုံတက်ချိန်အမှီ ဘုရားဖူးချင်စိတ်ပေါ်လာတာကြောင့် တောင်ထိပ်အထိစီးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
''ဆရာက ဓာတ်ပုံရိုက်ချင်ရင်တော့ ရှေ့ခန်းကိုယူပါ။ ၃၀၀၀ တည်းပါ'' လို့ အဲဒီပုဂ္ဂိုလ်ကဆက်ပြောပါတယ်။ ခက်တာက မှောင်မှောင်မဲမဲနဲ့ဆိုတော့ ဓာတ်ပုံရိုက်လို့မကောင်း။ အဲဒီထက်ပိုခက်တာက ရှေ့ခန်းအတွက် ၅ ဦးပြည့်အောင်ကိုယ်ဘာသာစုရမှာဖြစ်ပြီး မစုနိုင်ရင် ၅ ဦးစာ တယောက်တည်းပေးရမယ်လို့ ဆိုပါတယ်။ တကိုယ်တော်ရောက်လာသူတဦးနဲ့ စုံတွဲတတွဲကိုစည်းရုံးပြိး ၄ ဦးပေါင်း ၅ ယောက်စာပေးလိုက်တော့ အဆင်ပြေသွားပါတယ်။ ဒါပေမဲ့ ခေါင်းခန်းအတွက် ကျနော့်အရင် စာရင်းပေးထားသူ အများကြီးရှိနေလို့ ၁၀ စီးခန့်စောင့်ရမယ်လို့ဆိုပါတယ်။
စောင့်နေရင်းနဲ့ကားတွေကို လေ့လာကြည့်တော့ ခေါင်းခန်းမှာ ၅ ဦး။ နောက်ဖက်အခန်းမှာတော့ လူ ၃၅ ဦးခန့်က ခုံတန်းရှည် ၇ ခုမှာ အလုအယက်တိုးဝှေ့နေရာယူနေကြတာတွေ့ရပါတယ်။ ကလေးခ လောက်တွေ၊ အ၀တ်အိတ်တွေ၊ ဖျာလိပ်တွေ၊ ထမင်းဂျိုင့်တွေနဲ့ တကယ့်ကို ကိုးယိုးကားယား။ နိုင်ငံခြားသားတွေဆို အခြေနေပိုဆိုးပါတယ်။ သူတို့အ၀တ်အိတ်တွေကို ကားနောက်ပိုင်းက ဂိုဒေါင်လို အကန့်ထဲပစ်ထည့်ပြီး အလုအယက်နေရာဝင်တိုးနေပါတယ်။ ပုံမှန်ဆိုရင် အလင်းရောင်ရှိမှ ကားတွေ စထွက်တယ်လို့သိရပေမဲ့ ကျနော်ရောက်သွားတဲ့ ဒီဇင်ဘာလ ၇ ရက်၊ စနေမနက်စောစောမှာတော့ လူများလွန်းတဲ့အတွက် ၄ နာရီမထိုးခင်ကတည်းက ကားတွေစထွက်တယ်လို့ ဂိတ်တာဝန်ခံကပြောပါ တယ်။
''ဒီကောင်တွေက ဂျပန်လုပ်တွေလေဆရာ။ ဒီတောင်လောက်ကတော့ အပျော့ပဲ၊ တရုတ်လုပ်နဲ့ဆို ဘယ်လွယ်မလဲ'' ဆိုပြီး ကားဆရာကပြောပါတယ်။ မှောင်မှောင်မဲမဲထဲထွက်လာတဲ့ ဟီးနိုးကားတန်းကြီးဟာ ကင်းပွန်းစခန်းရွာအလွန် တောင်ပေါ်တက်စလမ်းက စစ်ဆေးရေးဂိတ်မှာ တန်းစီအစစ်ခံရပါတယ်။ ဂိတ်တာဝန်ရှိသူတွေက လူတွေကိုအသေချာရေတွက်နေတဲ့အတွက် သတ်မှတ်လူဦးရေထက်ပိုရင် တောင်ပေါ်တက်တဲ့အခါ ကားမနိုင်ပဲ အန္တရယ်ရှိနိုင်တာကြောင့် ဆွဲချထားလိမ့်မယ်လို့ ကျနော်က ထင် ထားတာပါ။ ဒါပေမဲ့ ရေရုံပဲရေပြီး ဘာမှမပြော။ ကျနော့်အထင် တစီးမှာ လူ ၅၀ တောင်ကျော်မလားပဲ။
''ဒီအချိန်မှာ အဲလိုဆွဲချထားလို့မရဘူးဆရာ။ ဘုရားဖူးတွေက အမြန်ရောက်ချင်နေသူချည်းဆိုတော့ ရှိခိုးတောင်းပန်တာတောင်မရဘူး'' လို့ ကားဆရာကပြောပါတယ်။ အင်း...''တိုးတက်တာဆိုလို့ ကားပေါ်၊ ရထားပေါ်တိုးတက်တာပဲရှိတယ်'' ဆိုပြီး မိတ်ဆွေတချို့နောက်ပြောလေ့ရှိတာကို သွားသတိရမိပါတယ်။ အန္တရယ်ရှိနိုင်တဲ့နေရာမှာတောင် စည်းကမ်းမရှိဘူးဆိုရင် လမ်းမပေါ် ကွမ်းသွေးထွေးတာ၊ လူကြားထဲ ဆေးလိပ်သောက်တာ။ လမ်းစည်းကမ်းမလိုက်နာတာတွေဟာ ဘယ်ပြောပလောက်တော့မလဲ။
ကံကောင်းတာကတော့ တောင်ပေါ်တက်တဲ့ ကားတွေရော၊ လမ်းတွေရော အတော်ကောင်းပါတယ်။ အားလုံးနီးပါး ကွန်ကရစ်ခင်းထားတာတွေ့ရပါတယ်။ ကားသမားတွေကလဲ ဒီလမ်းကိုပဲတနေ့ ၅ ခေါက် လောက်မောင်းနေရတဲ့အတွက် အတော်ကျွမ်းကျင်နေပုံရပါတယ်။ ညမှောင်မှောင်ထဲမှာတောင် အရှိန် မလျော့ပဲမောင်းနိုင်တဲ့ တကယ့်ကားသမားတွေပါပဲ။ မကျွမ်းကျင်တာက ကင်မရာသမားကျနော်။ အာရုံ တက်ချိန်မှာ ကားပေါ်ကနေ ဓာတ်ပုံကောင်းရအောင်ရိုက်မယ်ဆိုပြီး ရှေ့ခန်းကစီးလာပေမဲ့ ၄၅ မီနစ် လောက်အတွင်းမှာတင် ကားကတောင်ထိပ်ရောက်သွားတော့ ဘာမှရိုက်ခွင့်မရလိုက်။
တောင်ထိပ်ဆိုပေမဲ့ ဘုရားရင်ပြင်တော်အထိရောက်သွားတာမျိုးတော့မဟုတ်။ ရင်ပြင်တော်နဲ့ တမိုင်နီး ပါးအကွာရှိ ကားရပ်နားစခန်းဆီရောက်လာတာဖြစ်ပြီး နာရီကိုကြည့်လိုက်တော့ မနက် ၅ နာရီတောင် မထိုးသေးပါ။ အာရုံမတက်သေးပဲ အမှောင်ထုကလွမ်းမိုးနေဆဲ။ ပင်လယ်ရေမျက်နှာပြင်ထက် ၃၆၀၀ ပေရှိတဲ့တောင်ထိပ်ကိုရောက်နေတဲ့အပြင် လေကလဲတဖြူးဖြူးတိုက်နေတဲ့အတွက် အအေးဒဏ်ကို ခံစားလိုက်ရပါတယ်။ ရေခဲအမှတ်အောက်မှာနေလာခဲ့ဖူးတဲ့ နော်ဝေးသားအတွက်တော့ ဒီလောက်က အပျော့ပေါ့ဆိုပြီးထင်ထားပေမဲ့ အဲဒီလိုနေလို့မရ။ တောင်ပေါ်လေက အတော့်ကိုအေးပါတယ်။
အနွေးထည်ကို ခေါင်းစွပ်ပါစွပ်ပြီးအသေချာပြန်ပြင်၊ ကျောပိုးအိပ်ကိုလွယ်ပြီး ကင်မရာကိုထုတ်တော့ ''ကျနော်သယ်ပေးမယ်လေဆရာ၊ တည်းခိုခန်းအတွက်လဲ အဆင်ပြေအောင်လုပ်ပေးမယ်'' လို့ အပြာ ရောင်ယူနီးဖောင်ဝတ်ထားတဲ့ ဆယ်ကျော်သက်လူငယ်တဦးက ကျနော့်အထုတ်ကိုလာဆွဲပါတယ်။ ရပါ တယ်ပြောလဲမရ။ ထမ်းသမားခ ဘယ်လောက်လဲဆိုပြီးမေးကြည့်တော့ ပစ္စည်းဆိုရင် ၃၀၀၀၊ လူပါ ထမ်းရမယ်ဆိုရင် ၈၀၀၀ လို့ဆိုပါတယ်။ တောင်တက်ချင်လွန်းလို့ အားကစားဝတ်စုံအပြည့်နဲ့လာတဲ့ကျနော် အထမ်းသမားခေါ်ရင် သိက္ခာကျသွားမှာပေါ့။
ဒါပေမဲ့ တချို့လူတွေက ကျနော့်လိုတွေးတာမဟုတ်။ ၃၀၀၀ ဆိုရင် ဈေးပေါပါတယ်ဆိုပြီး အထမ်းသမား ခေါ်သူတွေ၊ ၈၀၀၀ လဲမများပါဘူးဆိုပြီး လူ ၄ ဦးထမ်းတဲ့ ထမ်းစင်ပေါ်တက်စီးသူတွေရှိပါတယ်။ အဖိုး အဖွားတွေ၊ ကလေးငယ်တွေ၊ မသန်စွမ်းသူတွေ ပိုက်ဆံပေးစီးတာကိုအပြစ်မမြင်ပေမဲ့ လူကောင်းကြီး တွေက ပိုက်ဆံပေးရင် စီးလို့ရပါတယ်ဆိုပြီး ထမ်းစင်တက်စီးနေတာမျိုးကိုမြင်ရတော့ စိတ်ထဲမှာ မသက် သာလှပါ။ ဒါပေမဲ့ ကိုယ်ကသာ အဲဒီလိုခံစားနေတာ။ အထမ်းသမားတွေဖက်ကတော့ လူစီးများလေ၊ သူတို့ပျော်လေဖြစ်နေတဲ့ပုံပါပဲ။
ကားဂိတ်နဲ့ရင်ပြင်တော်ကြားက လမ်းဘေးတဖက်တချက်မှာ စားသောက်ဆိုင်တွေ၊ တောထွက်ပစ္စည်း ရောင်းတဲ့ဆိုင်တွေ၊ အလှူခံမဏ္ဍန်တွေတန်းစီပြီး နေရာယူထားပါတယ်။ ဟိုတယ် ၃ ခုလောက်ကိုမြင်ပေမဲ့ ဈေး ၀င်မမေးဖြစ်ခဲ့ပါ။ တောင်ထိပ်ကိုရောက်အောင်အရင်သွား၊ ဘုရားဖူးပြီးမှ တည်းခိုတဲ့ကိစ္စကို လုပ်မယ်ဆိုပြီး ဘုရားဆီကိုသာဦးတည် ချီတက်လာခဲ့ပါတယ်။ ရင်ပြင်တော်ပေါ်စတက်တာနဲ့ ဖိနပ် ချွတ်ရပါတယ်။ အေးစိမ့်နေတဲ့ရာသီဥတုအောက်မှာ ဖိနပ်မပါ၊ ခြေအိတ်မပါပဲ တမံသလင်းပေါ်လျောက် ရတဲ့ကိစ္စက မလွယ်။ ဘာသာရေးရှုဒေါင့်နဲ့ ကျမ်းမာရေးရှုဒေါင့်တို့ရဲ့အားပြိုင်မှုကို ကျနော်ရင်ဆိုင်ခဲ့ရပေါ့။ အေးစိမ့်မှုဒဏ်ကိုမခံနိုင်တဲ့အတွက် ခြေအိတ်လောက်တော့ စွပ်ထားမှဖြစ်မယ်လို့ ကျနော်ဆုံးဖြတ်လိုက် ပါတယ်။
ရင်ပြင်တော်ပေါ်ရောက်တာနဲ့ ''အားပါးပါး များလိုက်တဲ့လူတွေ'' လို့ နောက်တခါ ကျနော်နှုတ်က ထွက်သွားပြန်ပါတယ်။ တမံသလင်းပေါ်မှာ ဖြစ်သလိုအိပ်နေကြတဲ့ လူတွေ နည်းတာမဟုတ်။ ဒီလောက်အေးစိမ့်နေတဲ့ကြားထဲ ဘယ်လိုများအိပ်နေကြတာလဲမသိ။ အဲဒီလိုအိပ်နေတဲ့ လူတန်းကိုရှောင် ပြီး ဆက်လျောက်လာတော့ တောင်စွယ်က ကျောက်တုံးပေါ်မှာ ရွှေရောင်ဝင်းပနေတဲ့ စေတီတော်ကို လှမ်းမြင်လိုက်ရပါတယ်။
လွန်ခဲ့တဲ့ နှစ် ၃၀ ခန့်ကနဲ့စာရင် အရာရာဟာအတော့်ကိုပြောင်းလဲသွားခဲ့ပြီပဲ။ အရင်က ပေ ၁၀၀ ၀န်းကျင် မညီမညာမြေကွက်လပ်သေးသေးလေးသာရှိတဲ့ရင်ပြင်တော်ဟာ အခုတော့ ပေ ၁၀၀၀ မက ကျယ်ဝန်းတဲ့ တမံသလင်းခင်း ရင်ပြင်တော်ကြီးဖြစ်နေပါပြီ။ စေတီတော်ဝန်းကျင်ကိုလဲ သံစကာတွေ၊ လှေကားတွေနဲ့ အသေချာလုပ်ထားပြီး ဘုရားမှာရွှေသင်္ကန်းကပ်နေသူ တိုးမပေါက်အောင် စည်ကားနေပါတယ်။
ဘုရားရှိခိုးသံ၊ တရားဟောသံတွေကြားမှာ ဆီးမီးပူဇော်နေသူတွေ၊ လက်ကိုင်တယ်လီဖုန်းတကားကားနဲ့ ဓာတ်ပုံရိုက်နေသူတွေ၊ အာရုံတက်အမှီဆွမ်းတော်တင်ဖို့ တပွဲ ၅၀၀၀ တန် ဆွမ်းပွဲတွေကိုင်ပြီးတန်းစီ စောင့်နေသူတွေ။ ၂၀၀ တန်ဝါးဖျာကြမ်းနဲ့ ၃၀၀ တန်မုဒုံစောင်ကိုငှားပြီး ရင်ပြင်တော် တမံသလင်းပေါ် တန်းစီအိပ်နေသူတွေ အားလုံးပေါင်းလိုက်ရင် ဘုရားဖူးပရိတ်သတ် နှစ်သောင်းကျော် သုံးသောင်းနီး ပါးလောက်တောင် ရှိမယ်လို့ထင်ပါတယ်။ လူစုံတော့ အမှိုက်ပုံတယ်ဆိုတဲ့အတိုင်း သန့်ရှင်းရေးကိစ္စကလဲ သိပ်မလွယ်လှပါ။ မျက်နှာသစ်နေသူတွေ၊ သွားတိုက်နေသူတွေ၊ တိုးဝှေ့နေသူတွေနဲ့ ကျိုက်ထီးရိုးရဲ့ အာရုံတက်ချိန်ဟာ တကယ့်ပွဲတော်ကြီးဖြစ်နေပါတယ်။
''မနက်စောစောမှာ ငှက်သံတွေကြားရလောက်တဲ့အထိ ငြိမ်သက်တိတ်ဆိတ်နေမယ်လို့ ငါတို့က ထင် ထားခဲ့တာ'' ဆိုပြီး ကျနော်ဘေးမှာရပ်ကာ ဓာတ်ပုံရိုက်ဖို့ပြင်နေတဲ့ အနောက်တိုင်းသားတဦးကပြောပါ တယ်။ ဘယ်နိုင်ငံကလဲဆိုပြီးမေးကြည့်တော့ အင်္ဂလန်က။ ဒါ ပထမဆုံးခရီးစဉ်ဖြစ်ပြီး သိပ်ထူးခြားတဲ့ နေရာတခုလို့ဆိုပါတယ်။ ဒါပေမဲ့ မနေ့ညနေပိုင်းက လူအနဲအကျည်းပဲရှိပြီး မနက်ရောက်တာနဲ့လူတွေ တိုးမပေါက်ဖြစ်နေတာကို သူအတော်အံ့သြသွားတယ်လို့ အဲဒီပုဂ္ဂိုလ်ကဆိုပါတယ်။ ပြီးတော့ အာရုံ တက်ချိန်အလင်းရောင်နောက်ခံနဲ့ ကျိုက်ထီးရိုးစေတီရဲ့အလှကို သူနဲ့ကျနော်အပြိုင် ဓာတ်ပုံရိုက်ကြပေါ့။
အနောက်တိုင်းသားဧည့်သည်တွေနဲ့အတူ အများဆုံးတွေ့ရတဲ့နိုင်ငံခြားဘုရားဖူးတွေကတော့ ထိုင်းနိုင်ငံ သားတွေပဲဖြစ်ပါတယ်။ ကျနော်ဓာတ်ပုံရိုက်နေတဲ့နေရာဘေးမှာတင် ထိုင်းဘုရားဖူး ၃၀ ခန့်တွေ့ရပါတယ်။ ဘယ်နားသွားသွား သူတို့နဲ့မလွဲ၊ ရင်ပြင်တော်တခုလုံးဆိုရင် ထိုင်းဘုရားဖူး ၁၀၀ ထက်မနဲဘူးလို့ ထင်ပါ တယ်။ ''ဒီအထိလာဖို့ဆိုတာ မလွယ်ဘူးလေ၊ သိပ်ကုသိုလ်ထူးမှ ဒီကိုရောက်တာ'' လို့ အသက် ၃၀ ၀န်းကျင်အရွယ်သာရှိသေးတဲ့ ထိုင်းလူငယ်တဦးက ဘာသာရေးဆန်းတဲ့စကားကို ပြောပါတယ်။
သူတို့ဟာ အုပ်စုလိုက်ဘုရားဖူးလာကြတာဖြစ်ပြီး ရွေတိဂုံ၊ ကျိုက်ထီးရိုး၊ ပုံဂံဘုရားတွေနဲ့ အင်းလေး ဒေသဆီ အဓိကသွားမယ်လို့ဆိုပါတယ်။ ထိုင်းဘုရားဖူး များလွန်းလို့လားမသိ။ ဈေးသည်တွေတောင် ထိုင်းစကား အတော်တတ်နေပြီ။ ကျနော်ကိုတောင် ထိုင်းထင်ပြီး ဈေးလာရောင်းနေလို့ မနဲတောင်း ပန်နေရပါတယ်။ ဟုတ်တယ်လေ။ ထိုင်းတွေက တွေ့သမျှ စေတီ၊ ပုထိုး၊ နတ်ကွန်း အကုန်လုံးကို ထိုင် ရှိခိုးသူတွေ၊ အလှူအတန်းကလဲ ရက်ရောသလားမမေးနဲ့၊ လှူဘွယ်ပစ္စည်းကို ဈေးဆင့်လေ့မရှိပါ။ ဒီတော့ ဈေးသည်တွေ အကြိုက်ပေါ့။
ကျနော်ကသတင်းသမားဆိုတော့ ဓာတ်ပုံရိုက်ဖို့ကလွဲပြီး ဈေးဝယ်ဖို့သိပ်စိပ်မ၀င်စား။ ဒီတော့ ဈေးသည် တွေက ဘယ်ကြိုက်ပါ့မလဲ။ ဓာတ်ပုံရိုက်ခြင်း မနက်ပိုင်းစက်ရှင်ကိစ္စပြီးတော့ တည်းခိုခန်းရှာမှဖြစ်မယ်ဆိုပြီး စေတီနဲ့အနီးဆုံးရှိ ဟိုတယ်တခုဆီ ရောက်လာပါတယ်။ ဟိုတယ်က လူပြည့်နေပြီး မနက် ၈ နာရီမှ Check Out အချိန်ဖြစ်တဲ့အတွက် အဲဒီအချိန်ထိစောင့်ပါလို့ ဟိုတယ်ကောင်တာဝန်ထမ်းက ပြောပါတယ်။
အခန်းခတွေမေးကြည့်တော့ ''အားပါးပါး'' လို့ နောက်တခါ ထပ်အော်မိပြန်ပါတယ်။ အထူးခန်းဆိုရင် တသိန်းခွဲ၊ ရေနွေးပါတဲ့ ပုံမှန်အခန်းဆိုရင် တသိန်း၊ ရိုးရိုးအခန်းဆိုရင် ငါးသောင်းလို့ဆိုပါတယ်။ များလှ ချည်လား၊ ပုဂံက ဟိုတယ်ကြီးတွေမှာတောင် ဒီလောက်မပေးရဘူးလို့ဈေးဆင့်ကြည့်တော့ ''ဒါက သော ကြာ၊ စနေဈေးပါ။ ကျန်တဲ့ရက်ဆိုရင် ၃ ပုံတပုံပဲ ယူပါတယ်'' တဲ့။ သေပြီဆရာပေါ့။ ခုနကမြင်ခဲ့ရတဲ့ ရင်ပြင်တော် တမံသလင်းပေါ် ၀ါးဖျာခင်းပြီး မုဒုံစောင်နဲ့ကွေးနေသူ ထောင်နဲ့ချီရှိနေတာကို အခုမှ သဘော ပေါက်ပါတော့တယ်။ ။

(အရုဏ်တက်ချိန် ကျိုက်ထီးရိုးစေတီမြင်ကွင်း)

(ကျိုက်ထီးရိုးတောင်တက်ကားပေါ်တက်ဖို့ပြင်နေတဲ့ ဘုရားဖူးများ)

(အရုဏ်ဆွမ်းအမီ အလှူပေးနိုင်ဖို့ တန်းစီဝယ်သူနေသူများ)

(မုတ်ဆိုးတောင်ကနေ သစ်တောတွေကိုငေးကြည့်နေသူများ)
ကျနော်ကသတင်းသမားဆိုတော့ ဓာတ်ပုံရိုက်ဖို့ကလွဲပြီး ဈေးဝယ်ဖို့သိပ်စိပ်မ၀င်စား။ ဒီတော့ ဈေးသည် တွေက ဘယ်ကြိုက်ပါ့မလဲ။ ဓာတ်ပုံရိုက်ခြင်း မနက်ပိုင်းစက်ရှင်ကိစ္စပြီးတော့ တည်းခိုခန်းရှာမှဖြစ်မယ်ဆိုပြီး စေတီနဲ့အနီးဆုံးရှိ ဟိုတယ်တခုဆီ ရောက်လာပါတယ်။ ဟိုတယ်က လူပြည့်နေပြီး မနက် ၈ နာရီမှ Check Out အချိန်ဖြစ်တဲ့အတွက် အဲဒီအချိန်ထိစောင့်ပါလို့ ဟိုတယ်ကောင်တာဝန်ထမ်းက ပြောပါတယ်။
အခန်းခတွေမေးကြည့်တော့ ''အားပါးပါး'' လို့ နောက်တခါ ထပ်အော်မိပြန်ပါတယ်။ အထူးခန်းဆိုရင် တသိန်းခွဲ၊ ရေနွေးပါတဲ့ ပုံမှန်အခန်းဆိုရင် တသိန်း၊ ရိုးရိုးအခန်းဆိုရင် ငါးသောင်းလို့ဆိုပါတယ်။ များလှ ချည်လား၊ ပုဂံက ဟိုတယ်ကြီးတွေမှာတောင် ဒီလောက်မပေးရဘူးလို့ဈေးဆင့်ကြည့်တော့ ''ဒါက သော ကြာ၊ စနေဈေးပါ။ ကျန်တဲ့ရက်ဆိုရင် ၃ ပုံတပုံပဲ ယူပါတယ်'' တဲ့။ သေပြီဆရာပေါ့။ ခုနကမြင်ခဲ့ရတဲ့ ရင်ပြင်တော် တမံသလင်းပေါ် ၀ါးဖျာခင်းပြီး မုဒုံစောင်နဲ့ကွေးနေသူ ထောင်နဲ့ချီရှိနေတာကို အခုမှ သဘော ပေါက်ပါတော့တယ်။ ။
5 comments:
ဓါတ်ပုံဆရာကတော့ငါးခြောက်သည်မလေးပုံကိုမိမိရရကိုရိုက်ထားတာဘဲ့။
ကျေးဇူးပါဗျ။
တကယ်က ဆွမ်းကပ်ဖို့အတွက် ဆီထမင်းနဲ့ ငါးခြောက်ကျော် အလုအယက်ဝယ်နေတဲ့ပုံကို ဆိုင်းဘုတ်နောက်ခံနဲ့ရိုက်လိုက်တာပါ။
ဆီထမင်းက လက်တွေနဲ့ကွယ်နေတော့ ငါးခြောက်ပိုပေါ်သွားတာဖြစ်ပါကြောင်း....။
အေ၇းအသားကိုအ၇မ်းသဘောကျမိပါတယ်၇ှင်.......
၂ နှစ်ကြာပြီးတဲ့နောက်... ကိုယ့်ဆောင်းပါး ကိုယ်ပြန်ဖတ်ရင်း ကျိုက်ထီးရိုးပြန်သွားချင်နေပါတယ်...။
အခုတော့ အဲဒီ (အမည်ထည့်ပြောလိုက်တော့မယ်) ရိုးရိုးလေး ဟိုတယ် အရေးယူခံနေရပြီလို့ ကြားရပါတယ်။ (ဟိုတယ်အကြောင်း အပိုင်း ၄ မှာ ဆက်ဖတ်ပါ)။
Post a Comment