Friday, January 3, 2014

ဒုတိယအကြိမ် ပြည်တော်ပြန်ခရီးစဉ် (၁)

ထက်အောင်ကျော် (ဇန်နာဝါရီ ၄ ရက်၊ ၂၀၁၄)
ဘန်ကောက်။

ပြည်တွင်းက မြန်မာနိုင်ငံရေးသမားတွေ ပြည်ပကိုထွက်လေ့လာမှုနဲ့ ပြည်ပက နိုင်ငံရေးနဲ့ဆက်စပ်သူတွေ ပြည်တွင်းကိုဝင်လေ့လာမှုဟာ ပြီးခဲ့တဲ့နှစ်အတွင်း အများဆုံးဖြစ်တဲ့အတွက် ''မြန်မာ့ခရီးသွားနှစ် ၂၀၁၃'' ဆိုပြီး ကျနော်အမည်ပေးဖူးပါတယ်။ ဒါပေမဲ့ အဲဒီစာရင်းထဲမှာ ကိုယ်တိုင်ပါနေလိမ့်မယ်လို့ ထင်မထားမိပါ။

(တန်းစီတိုးရတဲ့အထိ လူသွားများလာတဲ့ မြန်မာသံရုံး ဗီဇာ ဌာန)

အခုတော့ ၂၀၁၃ ရဲ့ ဒုတိယ ၆ လအတွင်းမှာတင် ရန်ကုန်ကိုကျနော်ပြန်ရောက်တာ ၂ ခေါက်ရှိသွားခဲ့ပါပြီ။ ၂၅ နှစ်ကြာပြီးမှ ပထမဆုံးပြည်တော်ပြန်ခွင့်ရတဲ့ ပြီးခဲ့တဲ့မေလခရီးစဉ်လောက် ရင်မခုန်တော့ဘူးဆိုပေမဲ့ ၆ လတာအတွင်း မြန်မာနိုင်ငံမှာ ဘာတွေတိုးတက်ပြောင်းလဲခဲ့သလဲ သို့မဟုတ် ဘာတွေ နောက်ပြန်ဆုတ် သွားခဲ့သလဲဆိုတာကို ကောင်းကောင်းလေ့လာနိုင်ခဲ့တဲ့ ခရီးစဉ်လို့ဆိုချင်ပါတယ်။

နော်ဝေးနိုင်ငံသားစာအုပ်ရပြီးတာနဲ့ ချက်ချင်းခရီးထွက်တဲ့ ပထမ အခေါက်နဲ့စာရင် အခုတခေါက်က ပိုမိုပြင်ဆင်ချိန်ရတာမို့ ဈေးပေါတဲ့လေကြောင်းလိုင်းတွေကို အင်တာနက်ပေါ်လိုက်ရှာခွင့်ရပါတယ်။ နော်ဝေးငွေ ၄၀၀၀ (အမေရိကန်ဒေါ် လာ ၆၀၀ ၀န်းကျင်)  လောက်နဲ့ အော်စလို-ဘန်ကောက် တိုက် ရိုက်လိုင်းကို တွေ့ပါတယ်။ ဒါပေမဲ့ အဲဒီထဲမှာ ထိုင်ခုံ၊ စောင်၊ ခရီးဆောင်အိတ်၊ အစားအသောက်စရိတ် တွေမပါသေး။ တခုချင်းစီကိုထပ်ဝယ်ရတော့ ၅၀၀၀ အတိဖြစ်သွားပါတယ်။ အရင်တခေါက်နဲ့ ခရီး စရိတ်သိပ်မကွာတော့ပေမဲ့ ဒါကတိုက်ရိုက်ခရီးဆိုတော့ သိပ်မဆိုးလှ။

ခရီးထွက်ဖို့အားလုံးအဆင့်သင့်ဖြစ်ခါနီးမှ ထိုင်းမှာ ဆန္ဒပြပွဲတွေအကြီးအကျယ်ဖြစ်နေတယ်။ လေယဉ် ကွင်းတောင် အရင်တခါလိုမျိုးအသိမ်းခံရနိုင်တယ်ဆိုပြီး သတင်းတွေထွက်လာပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၈ ထိုင်းခရီးစဉ်တုန်းက သုဝဏ္ဍဘူမိလေယဉ်ကွင်းကို အ၀ါရောင်ဆန္ဒပြသမားတွေသိမ်းထားတဲ့အတွက် လေယဉ်ကဘန်ကောက်မှာမဆင်းပဲ ချင်းမိုင်ကိုဆင်းလိုက်ပါတယ်။ ကျနော်ကလဲ ဘန်ကောက်ကတဆင့် ချင်းမိုင်ကိုသွားမှာဆိုတော့ ကွက်တိပါပဲ။ ခရီးစရိတ်မကုန်ပဲ ချင်းမိုင်ကိုတန်းရောက်သွားတာပေါ့။ ဒါပေမဲ့ အခုတခေါက်ခရီးစဉ်က ချင်းမိုင်ကိုမဟုတ်။ ဘန်ကောက်ကိုဝင်ပြီး မြန်မာဗီဇာ လျှောက်ရဦးမယ်။ အဲဒီဗီဇာရပြီးမှ ရန်ကုန်ကိုခရီးဆက်ရမှာဆိုတော့ ဘန်ကောက်ကို မ၀င်လို့မဖြစ်။

တကယ်တော့ ထိုင်းဆန္ဒပြပွဲအခြေနေက သတင်းထွက်နေသလောက်မဆိုးပါ။ သုဝဏ္ဍဘူမိလေယဉ် ကွင်းကနေ ဘန်ကောက်မြို့လယ် မာဘိုခရောင်းကုန်တိုက်ဝန်းကျင်က တည်းခိုခန်းရှိရာအရပ်ရောက်တဲ့ အထိ ဆန္ဒပြပွဲအရိပ်အရောင် ဘာမှမတွေ့ရ။ ကျနော်ရောက်တဲ့ရက်က ဒီဇင်ဘာ ၄ ရက်ဆိုတော့ ထိုင်း ဘုရင့်မွေးနေ့နီးလာတာကြောင့် အခြေနေပိုတည်ငြိမ်သွားတာဖြစ်တယ်လို့ ဟိုတယ်ဝန်ထမ်းတဦးက ပြောပါတယ်။ ရောက်ရောက်ချင်း မြန်မာသံရုံးဆီပြေးပြီး ဗီဇာလျှောက်တော့ ဘာမှအခက်ခဲမရှိ။ အရင်တခါ လျှောက်ထားတဲ့ လျှောက်လွှာာကို နေ့စွဲပြောင်းပြီးတင်လိုက်ရုံပါပဲ။

ဗီဇာလျှောက်တဲ့ နိုင်ငံခြားသားဦးရေ၊ အထူးသဖြင့် ထိုင်းနိုင်ငံသားဦးရေ အရင်တခေါက်ထက် ပိုများ လာတာကိုသတိထားမိပါတယ်။ နေ့လည် ၁၂ နာရီရုံးပိတ်ချိန်အမှီ ဗီဇာကြေး ဘတ် ၂၀၀၀ ကျော်ပေး ပြီးတဲ့နောက် ဗီဇာပြန်ယူရမဲ့ ညနေ ၃ နာရီခွဲအထိအားနေတာကြောင့် ဆန္ဒပြပွဲတွေရှိရာအရပ်ဆီ ကျနော်ထွက်လာခဲ့ပါတယ်။ မြဘုရားကိုအရင်ဝင်ဖူးတော့ ၀င်ကြေးကတက်သွားပြီ။ အရင် ၂၀၀ ဘတ်က နေ အခု ၅၀၀ ဖြစ်သွားပြီ။ ဒီတော့ ထိုင်းတဦးလိုပုံမှားရိုက်ပြီး ထိုင်းနိုင်ငံသားတွေအပေါက်ကနေ ခိုးဝင် ခဲ့ပေါ့။ ကျနော်ဟာ ထိုင်းမှာအနေကြာသွားလို့လားမသိပါဘူး။ မြဘုရားစောင့်ထိုင်းတွေက ကျနော်ကို ထိုင်းထင်ပြီး ဘာမှမမေးပေမဲ့ ရန်ကုန်က ရွှေတိဂုံဘုရားပေါ်မှာတော့ မြန်မာလိုနဲ့ပြောတာတောင် နိုင်ငံ ခြားသားကျေး ၅ ဒေါ်လာ ပေးခဲ့ရဖူးပါတယ်။

မြဘုရားကပြန်အထွက်မှာတော့ တုတ်တုတ် (သုံးဘီးကား) စီးပြီး ဒီမိုကရေစီကျောက်တိုင်ဆီချီတက်ခဲ့ ပါတယ်။ ဒီလမ်းတခုလုံးကိုပိတ်ပြီးဆန္ဒပြနေတယ်လို့သိရပေမဲ့ အခုတော့ ဘုရင့်မွေးနေ့နီးတာကြောင့် ဆန္ဒပြပွဲတွေရပ်၊ လမ်းတချို့ပြန်ဖွင့်ပြီး လမ်းသန့်ရှင်းရေး လုပ်အားပေးနေကြတာတွေ့ရပါတယ်။ ဒါပေမဲ့ ကျောက်တိုင်ကနေ ကုလသမ္မဂရုံးဖက်ထွက်တဲ့ လမ်းမကြီးပေါ်မှာတော့ လမ်းလုံးအပြည့်ဆောက်ထားတဲ့ ရွက်ဖျင်တဲကြီးတွေကရှိနေဆဲဖြစ်ပြီး ဆန္ဒပြအင်အား သို့မဟုတ် ဆန္ဒပြခေါင်းဆောင်အသီးသီးရဲ့ ကျောက်တိုင်ပေါ်ကမိန့်ခွန်းကိုနားထောင်နေသူ ရာနဲ့ချီရှိနေဆဲဖြစ်ပါတယ်။

အရင်က သန့်ရှင်းသန့်ပြန့်လှတဲ့ကျောက်တိုင်ပတ်လည်မှာ ဂုံနီအိတ်အခင်းတွေ၊ သောက်ရေသန့်ပါကင် တွေ၊ ဆန္ဒပြပိုစတာတွေကပ်ထားတဲ့ ထရပ်ကားတွေ၊ ပိုစတာတွေ စသဖြင့်တွေ့ရပါတယ်။ လာသမျှလူ တွေကို ရေပုလင်းတွေဝေပေးနေပါတယ်။ ရွက်ဖျင်တဲရှေ့မှာတော့ လူ ၁၀၀ ကျော်ခန့် ထိုင်ခုံတွေပေါ်နေ ရာယူထားတာတွေ့ရပြီး စင်ပေါ်ကဟောပြောသူကို လက်ခုတ်တီးအားပေးနေပါတယ်။ ကျောက်တိုင်နဲ့ ရွက်ဖျင်တဲအကြားနည်းနည်းလှမ်းတာကြောင့် ဟောပြောနေသူကို သိပ်မမြင်ရပေမဲ့ ကိစ္စမရှိ။ တီဗွီ- ဖန် သားပြင်အကြီးကြီးနဲ့ တိုက်ရိုက်ပြသနေပါတယ်။

(ဘန်ကောက်မြို့လယ်က ထိုင်းဆန္ဒပြပွဲတခု)

အဲဒီပရိသတ်ရဲ့နောက်ဖက်မှာတော့ နေ့လည်စာအတွက် တန်းစီနေတဲ့လူတန်းကြီး။ ဆန္ဒုပြပွဲအတွက် ရံ ပုံငွေရှာတာ။ ရွက်ဖျင်တဲဆောက်တာ။ လမ်းတွေပိတ်တာ၊ ဖွင့်တာ။ မီဒီယာတွေ၊ အများပြည်သူတွေနဲ့ ဆက်ဆံတာတွေကို ဆန္ဒပြခေါင်းဆောင်တွေက စနစ်တကျစီစဉ်ထားပုံရပါတယ်။ ပြီးတော့ အညစ် အကြေးစွန့်ပစ်မှုကိစ္စ။ ရက်ပေါင်းများစွာဆန္ဒပြနေတဲ့ ဘန်ကောက်မြို့လယ်က ဒီနေရာမှာ အမှိုက်နဲ့ အနံ့ ဆိုးကိုမတွေ့မိ၊ မရှူမိပါ။ ဆန္ဒပြပွဲအတွင်းကနေဖြတ်သွားသူတွေကိုလဲ စစ်လားဆေးလား၊ မေးလား မြန်း လားမရှိပါ။ စနစ်ကျတဲ့ ဆန္ဒပြပွဲတခုလို့ ဆိုရမှာပေါ့။

ညနေ ၃ နာရီခွဲသံရုံးရှေ့ရောက်တော့ ဗီဇာပြန်ယူဖို့စောင့်နေတဲ့ လမ်းဘေးပရိသတ်က ၂၀၀ လောက်ရှိ မယ်ထင်ပါတယ်။ သံရုံးတံခါးဖွင့်တာနဲ့ မဆလ ခေတ်က ရုပ်ရှင်လက်မှတ်တန်းစီတိုးသလိုမျိုးတိုးရပါတယ်။ နေပူကျဲကျဲထဲ တန်းစီတိုးရတဲ့ဒီအဖြစ်ကို နိုင်ငံခြားသားတွေစိတ်ပျက်မပျက်မသိပေမဲ့ ကျနော်ကတော့ အတော်စိတ်ပျက်မိပါတယ်။ အခြေနေက အထဲရောက်မှပိုဆိုးပါတယ်။ လူ ၂၀၀ ကျော် ၃၀၀ လောက်ဟာ ပေ ၅၀ ပတ်လည်လောက်သာရှိတဲ့ ဗီဇာခန်းမထဲ ပိတ်လှောင်နေတဲ့အတွက် အချုပ်ခန်း ထဲရောက်နေသလို ပါပဲ။

''ခင်ဗျား ဗီဇာကျေးဘယ်လောက်ပေးရလဲ။ ကျနော်လူတွေ မနေ့က ၁၂၀၀ ပဲပေးရပြီး ကျနော်ကျမှ ၁၅၀၀ ပေးရတယ်'' လို့ ကျနော်ဘေးမှာ လာတန်းစီတဲ့ အိန္ဒိယနွယ်ဖွားနိုင်ငံခြားသားတဦးကပြောပါတယ်။ ဒီလူ့ကိုအသေချာကြည့်တော့ ထိုင်းနိုင်ငံ အားကစားဝတ်စုံကြီးနဲ့။ ခင်ဗျားက ထိုင်းလား ဆိုပြီး ကျနော်ကမေးတော့ မဟုတ်ဘူး။ ထိုင်းဟောကီအသင်းအတွက် နည်းပြလုပ်နေတဲ့ ပါကစ္စတန်နိုင်ငံသား လို့ဆိုပါတယ်။ ဒီတော့မှ ဒီဇင်ဘာ ၁၁ ကျရင် နေပြည်တော်မှာကျင်းပမဲ့ အရှေ့တောင်အာရှအားကစားပွဲ အမှီသွားနိုင်ဖို့ ဒီလူ ဗီဇာလာလျှောက်တယ်ဆိုတာကို သိလိုက်ပါတယ်။

သတင်းသမားတွေရဲ့ထုံးစံအတိုင်း မြန်မာဗီဇာလျှောက်ရတာခက်လား။ အရင် အရှေ့တောင်အာရှ အား ကစားပွဲကျင်းပတဲ့နိုင်ငံတွေနဲ့ မြန်မာအကြားဘာတွေကွာသလဲ။ အပြောင်းအလဲပေါ် ဘယ်လိုမြင်သလဲ စသဖြင့် စပ်စုမိပါတယ်။ မြန်မာနိုင်ငံဆီမရောက်သေးလို့ အခြေနေကိုမသိသေးပေမဲ့ ဒီလိုတန်းစီတိုးရတာ၊ ဗီဇာကျေးနှစ်မျိုးပေးရတာကိုတော့ သူမကြိုက်ဘူးလို့ဆိုပါတယ်။ ပြီးတော့ မနေ့ကလျှောက်တဲ့ သူ့လူတွေ ၁၂၀၀ ပဲပေးရပြီး ဒီနေ့ဘာလို့ ၁၅၀၀ ပေးရသလဲဆိုပြီး ကောင်တာအရာရှိကို သူကမေးပါတယ်။ ကျနော်ကလဲ ကောင်တာအရာရှိဘယ်လိုဖြေမလဲဆိုတာကို အတော်စိတ်ဝင်စားနေပါတယ်။ မြန်မာတွေဆို ဒီလိုဘယ် မေးရဲမလဲ။ မေးလေ့မေးထလဲ မရှိကြဘူးမို့လား။

''မနေ့က ပုံမှန်ရုံးဖွင့်ရက်လေ။ ဒီနေ့က ဘုရင့်မွေးနေ့အကြိုအထူးဖွင့်ရက်'' မနက်ဖြန်ရုံးပိတ်တယ်။ ဒါ ကြောင့်ဈေးကွာတာပါဆိုပြီး ကောင်တာအရာရှိက ဆိုပါတယ်။ ဒါဆို အဲဒါအမှန်ဖြစ်ကြောင်း ခင်ဗျား ဒီ မှာလက်မှတ်ထိုးပေးနိုင်မလားလို့ အားကစားအရာရှိကထပ်မေးပါတယ်။ ဒီတော့ ဟိုလိုလို ဒီလိုလိုနဲ့ ကောင်တာအရာရှိက လျောချလိုက်ပါတယ်။ ပြီးတော့ ကျနော့်အလှည့်။ ကျနော်ကိုတော့ အရင်တ ခေါက်ကနှုံးအတိုင်းယူတဲ့အတွက် ဘာမှမေးစရာမရှိ။ ဒါပေမဲ့ တခုတော့ မေးလိုက်ဦးမှဆိုပြီး နံရံမှာကပ် ထားတဲ့ နယ်စပ်ဂိတ် ၄ ခုက ကျနော်တို့လို ဆိုရှယ်ဗီဇာသမားတွေလဲ ၀င်လို့ရလားဆိုပြီး မေးကြည့်ပါတယ်။ ရတယ်။ ဗီဇာရှိရင် ဘယ်အပေါက်ကမဆို ၀င်လို့ ထွက်လို့ရတယ်လို့ သူကဆိုပါတယ်။

အဲဒီအပေါက် ၄ ခုကတော့ မယ်ဆိုင်-တာချီလိတ်။ မဲဆောက်-မြ၀တီ။ ဖုနန်းလွန်-ထီးခီးနဲ့ ရနောင်း-ကော့သောင်း လမ်းတို့ဖြစ်ပါတယ်။ ထားဝယ်ကိုသွားမယ်ဆိုရင် ဖုနန်းလွန်-ထီးခီးလမ်းက အနီးဆုံး။ လေယဉ်ခလဲကုန်စရာမလို။ ဘန်ကောက်ကနေ ဖုနန်းလွန်အထိ လိုင်းကား ၂ ဆင့်လောက်ကို ၄ နာရီခန့် စီးသွားမယ်ဆိုရင် ဘတ် ၃၀၀ လောက်နဲ့ နယ်စပ်ရောက်ပြီ။ အဲဒီကနေ မြန်မာလိုင်းကားကို ကျပ် ၃ သောင်းလောက်ပေးလိုက်ရုံနဲ့ နောက်ထပ် ၄ နာရီအတွင်း ထားဝယ်ကိုရောက်ပြီ။

ပြီးတော့ ဒီနေရာတွေဟာ ကျနော်တို့ ABSDF ကျောင်းသားတွေ ဆယ်စုနှစ် တခုကျော်အခြေစိုက်လှုပ် ရှားခဲ့တဲ့နေရာတွေဆိုတော့ နယ်မြေကလဲကျွမ်းပြီးသား။ ဒါပေမဲ့ ခက်တာက အဲဒီလို နယ်မြေကျွမ်းနေမှု ကိုက ဒီလမ်းကနေ မသွားရဲတဲ့အချက်ဖြစ်နေသလိုပါပဲ။ ဘာကြောင့်မှန်းတော့မသိ။ ကိုယ်လှုပ်ရှားခဲ့ဖူးတဲ့ နယ်မြေဆီ အဖေါ်မပါပဲ ကိုယ်တဦးတည်းသွားဖို့ ကျနော်တုန့်ဆုတ်နေဆဲပါ။

ဒီတော့ သွားနေကြလမ်းဟောင်းအတိုင်း ရန်ကုန်မြို့ဆီ လေယဉ်စီးရဦးမှာပေါ့။ ဘတ်ဂျက်ခရီးစဉ်ဖြစ် တာနဲ့အညီဈေးအပေါ်ဆုံးလေယဉ်ကိုရှာတော့ အသွားအပြန်မှ ဘတ် ၄၅၀၀ ပဲပေးရတဲ့လေယဉ်ရှိတယ်လို့ သံရုံးရှိရာလမ်းပေါ် ခရီးသွားလုပ်ငန်းအေဂျင်စီဖွင့်ထားတဲ့ အကျိုးတော်ဆောင် (ပွဲစား) တဦး ကပြောပါတယ်။ ဒါပေမဲ့ အဲဒါက လိုချင်တဲ့အချိန်မရဘူးဆိုပြီး ဘတ် ၇၀၀၀ ၀န်းကျင်နဲ့ရတဲ့ လေယဉ် တစီးနဲ့အဆင်ပြေသွားပါတယ်။ ''ခင်ဗျားဗျာ။ အလုပ်ပျက်ခံ၊ လူပင်ပန်းခံပြီး သံရုံးမှာကိုယ်တိုင် တန်းစီ သွားတိုးနေရတယ်လို့။ နောက်ဆို ကျနော်ဆီကိုသာ ခင်ဗျားစာအုပ်ပေးထားခဲ့။ နေ့ချင်းပြီး အားလုံး အိုကေ စေရမယ်'' လို့ အဲဒီအကျိုးတော်ဆောင်ကဆိုပါတယ်။

ဆိုရုံတင်မကပါဘူး။ သူ့အံဆွဲထဲက ဥရောပစာအုပ် ၂ အုပ်ကိုထုတ်ပြပြီး အဲဒီလူတွေ မြန်မာဗီဇာရဖို့ သူ ဆောင်ရွက်ပေးနေကြောင်း။ သုဝဏ္ဍဘူမိလေယဉ်ကွင်းရောက်တာနဲ့ သူ့ဆီ စာအုပ်အပ်ပြီး ထိုင်းနိုင်ငံတ လွှားသွားချင်ရာသွားပြီး ရန်ကုန်ဝင်မဲ့နေ့ကျမှ သူနဲ့ လေယဉ်ကွင်းမှာချိန်းပြီး စာအုပ်ယူသွားရုံပဲလို့ သူက ရှင်းပြပါတယ်။ ကျနော်က မယုံရဲရဲရှိနေဆဲဖြစ်ပေမဲ့ ကျနော်မှအပ နော်ဝေးကနေ မြန်မာနိုင်ငံဆီသွား လည်သူအတော်များများ ဘန်ကောက်မှာတောင် ညမအိပ်ပဲ ဒီလိုပွဲစားတွေနဲ့သွားနေတာ ရာဂဏန်းနီး ပါးတောင်ရှိနေပြီလို့သိရပါတယ်။  

 (ဘန်ကောက်မြို့လယ်က နာမည်ကြီး မြဘုရား)

ဒါက ဘန်ကောက်ကိုဝင်ပြီး ဗီဇာလျှောက်ရသူတွေရဲ့အခြေနေပါ။ ပွဲစားခပေးပြီး နေ့ချင်းပြီးရတယ်ဆိုရင် တောင် လေယဉ်လက်မှတ်ကိုတော့ အော်စလို-ရန်ကုန် တိုက်ရိုက်ဝယ်လို့မရသေး။ ဗီဇာကိုသာ အော် စလိုမှာလျှောက်လို့ရရင် အော်စလို-ရန်ကုန် တိုက်ရိုက်ဝယ်လို့ရပြီပေါ့။ ဒီလိုဆိုရင် ဈေးသက်သာတဲ့အပြင် အချိန်လဲသက်သာလာမယ်လေ။ အနောက်နိုင်ငံတွေမှာနေထိုင်သူတွေအတွက် အရေးအကြီးဆုံးက အချိန်မဟုတ်ပါလား။

အခုပဲကြည့်၊ အလုပ်လက်မဲ့ကျနော်တောင် ရတဲ့ခွင့်က သတင်း ၃ ပတ် (၂၁ ရက်) တည်း။ တခြားသူတွေလဲ သတင်း ၄ ပတ်ထက်ပိုရလေ့မရှိ။ ဒီတော့ ကိုယ်နေတဲ့နိုင်ငံမှာ ဗီဇာတခါတည်းလျှောက်ပြီးလာနိုင်ရင် ဘန်ကောက်ဝင်ပြီး အချိန်ဖြုန်းစရာမလို။ ဘန်ကောက်ဝင်ပြီဆိုတာနဲ့ အသွားနှစ်ရက်၊ အပြန်နှစ်ရက် လောက်ပုတ်ပြီ။ ၂၁ ရက်မှာ ၁၇ ရက်ပဲ မြန်မာပြည်မှာနေချိန်ရတော့တာပေါ့။ ဒါဖြင့် အချိန်မပုတ်အောင် ကိုယ်နေတဲ့နိုင်ငံကနေ ဘာလို့ ဗီဇာလျှောက်မလာတာလဲလို့မေးစရာရှိပါတယ်။

ဥရောပမှာ မြန်မာသံရုံးရှိတဲ့ လန်ဒန်၊ ပဲရစ်၊ ဘာလင်နဲ့ ဘရာဆဲတို့မှာ ကျနော်ကိုယ်တိုင်သွားမလျှောက် ဖူးသေးပေမဲ့ သွားလျှောက်သူတွေရဲ့ပြောပြချက်အရတော့ အရင်ခေတ်ကလို ဆွေ ၇ ဆက်၊ မျိုး ၇ ဆက် ဖောင်ဖြည့်ခိုင်းတဲ့အပြင် ဘာမလုပ်ရ၊ ညာမလုပ်ရဆိုတဲ့ ၀န်ခံချက်တွေ ထိုးခိုင်းနေဆဲလို့သိရပါတယ်။ အလားတူ မြန်မာအများစုရှိတဲ့ မြောက်အမေရိကားတိုက်နဲ့ သြစတေလျတိုက်တွေမှာလဲ မြန်မာ သံရုံး ၀န်ထမ်းတွေက ဒီလိုလုပ်နေဆဲလို့ဆိုပါတယ်။

ဘန်ကောက်သံရုံးမှာ ဘာမှမမေးပဲ ၀င်ခွင့်ပေးပြီး အနောက်နိုင်ငံကြီးတွေရှိ သံရုံးတွေက ဟိုမေးဒီမေး လုပ်နေတာ ဘာသဘောလဲ။ သံရုံးတွေအားလုံး နိုင်ငံခြားရေးဝန်ကြီးဌာနအောက်မှာ တန်းတူရှိနေတာမျီုး မဟုတ်ဘူးလား။ ဘာလို့ခွဲခြားဆက်ဆံနေတာလဲ။ ''ဘယ်သူမဆို တိုင်းပြည်ရဲ့ပြောင်းလဲမှုဖြစ်စဉ်ကို လာ ရောက်လေ့လာနိုင်ပြီ'' လို့ ဖိတ်ခေါ်သွားတဲ့ သမ္မတဦးသိန်းစိန်နဲ့အဖွဲ့ ဒီဖြစ်စဉ်တွေကို သိပါရဲ့လား။

ဒါမှမဟုတ် ''စိုက်တာကတဖွဲ့၊ ခုတ်တာကတဖွဲ့'' ဆိုသလို ''ဖိတ်တာကတဖွဲ့ ရစ်တာကတဖွဲ့'' ဖြစ်နေတဲ့ သဘောများလား။ ဒီလိုရစ်တာကို မခံနိုင်လို့၊ မခံချင်လို့။ ဒီလိုရစ်တာဟာ တော်လှန်ရေးသမားဟောင်းတွေ၊ တောခိုကျောင်းသားဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို တမင်သိက္ခာချနေတယ်ဆိုပြီး ထင်နေသူလူများစုကြီးက အခုချိန်ထိ ပြည်တော်ပြန်လေ့လာရေးလုပ်ဖို့ တွန့်ဆုတ်နေဆဲဖြစ်နေ တယ်ဆိုတာကို ''သမ္မတလူချောအဖွဲ့'' သိပါရဲ့လားလို့စဉ်းစားရင်း လေယဉ်ကွင်းဆီ ကျနော်ထွက်လာခဲ့ ပါတယ်။    ။

1 comments:

အမေရိကမှာ Visa လျှောက်ရတာ ဘာမှမခက်ပါဘူး- Visa Fee $30.00 အခု ($35.00 ) ဘဲပေးရတာပါ။ Passport နဲ့ ဖြည့်ထားတဲ့ Social Visa Form ကို DC သို့ ပို့ရုံပါဘဲ- Posted Return စာအိပ်ကတော့ ထည့်ပေးရတာပေါ့။ ကနေဒါမှာတော့ ဆွေခုနှစ်ဆက် ဖြည့်ရတယ်လို့ကြားတယ်-

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More