Thursday, January 23, 2014

ဒုတိယ အကြိမ်ပြည်တော်ပြန်ခရီးစဉ် (၇)

ထက်အောင်ကျော် (၂၄-၀၁-၂၀၁၄)
မန္တလေး။

ဒုတိယ တင်ပြချင်တဲ့တိုးတက်မှုကလဲ Mindset (စဉ်းစားပုံ) နဲ့ပဲဆိုင်ပါတယ်။ ၈ လေးလုံးအရေးတော်ပုံ နောက်ပိုင်း ပထမဆုံးအကြိမ်ဆန္ဒပြပွဲကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က ထားဝယ်မှာပြန်တွေ့ ရပါတယ်။ သိမ်းပိုက်ထားတဲ့လယ်ယာမြေတွေပြန်ပေးဖို့ လယ်သမားတွေက ဆန္ဒပြကြတာဖြစ်ပြီး ဒုတိယ အကြိမ်ဆန္ဒပြပွဲကိုလဲ အခုဇန်နာဝါရီလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

(မောင်းမကန် ကမ်းခြေ)

ဆန္ဒပြပွဲဆိုတဲ့ခေါင်းစဉ်နဲ့မဟုတ်ပဲ သမ္မတရွာဆိုတဲ့ခေါင်းစဉ်နဲ့ဆန္ဒပြတာမျိုးလဲ ထားဝယ်ဒေသမှာဖြစ်ပွါး ခဲ့ပါသေးတယ်။ ထားဝယ်နဲ့ ရေဖြူမြို့နယ်အတွင်းရှိ ကန်ချနပူရီ-ထားဝယ် အဝေးပြေးကာလမ်းပေါ်က ကျေးရွာတချို့နဲ့ လောင်းလုံးမြို့နယ်တွင်းရှိ တရုတ်နိုင်ငံက ရေနံချက်စက်ရုံဆောက်မယ်ဆိုတဲ့ ရွာတွေမှာ ဖြစ်ပွါးခဲ့တာပါ။ သမ္မတဦးသိန်းစိန်ပြောထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူ ၄ ချက်နဲ့ အခုလက်ရှိ နိုင်ငံခြားစီမံကိန်းတွေ လွဲချော်နေတယ်။ ဒေသခံတွေ နစ်နာနေရတယ်ဆိုပြီး သမ္မတဓာတ်ပုံကိုရွာထိပ် မှာတင်ကာ အနုနည်းနဲ့ဆန္ဒထုတ်ဖေါ်ခဲ့တာဖြစ်ပါတယ်။

လူထုတွေဖက်က ဒီလို Mindset ပြောင်းပြီး ကိုယ့်အခွင့်ရေးအတွက်ကိုယ် တိုက်ပွဲဝင်ရဲလာသလို တိုင်းဒေသကြိး အစိုးရဖက်က။ အထူးသဖြင့် လွတ်တော်ဖက်ကလဲ Mindset ပြောင်းပြီး ပွင့်လင်းမြင်သာမှု ကိုပြရဲတဲ့ လက္ခာဏာအနဲအကျဉ်းတွေ့လာရပါတယ်။ အဒါကတော့ တိုင်းဒေသကြီးလွှတ်တော် အဟည်းအဝေးဆီ နိုင်ငံရေးပါတီတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေကို တက်ရောက်လေ့ လာခွင့်ပြုတာ၊ လွှတ်တော်သတင်းလွှာထုတ်တာတွေ အခုလပိုင်းအတွင်းမြင်လာရတဲ့အချက်ပါ။ ဒါပေမဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဖက်မှာတော့ လွှတ်တော်ဆိုတဲ့ ဥပဒေပြုရေးမဏ္ဍိုင်လောက် ပွင့်လင်းတာမျိုး မတွေ့ရသေးပါ။

တိုင်းဒေသကြီးရဲ့ မဏ္ဍိုင် ၃ ရပ်ပွင့်လင်းမှုအခြေနေအပြီးမှာတော့ အဲဒီမဏ္ဍိုင် ၃ ရပ်ကို ဝေဖန်ထောက်ပြ ထိမ်းကြောင်းရမဲ့ စတုတ္တမဏ္ဍိုင် မီဒီယာရဲ့တိုးတက်မှုအခြေနေကိုတင်ပြချင်ပါတယ်။ အခု ဒီဆောင်းပါးကို စာဖတ်သူတွေဖတ်နိုင်အောင် အပတ်စဉ်ထုတ်ဝေနေတဲ့ တနဿင်္ရီအပတ်စဉ်သတင်းစာဆိုတာ လွန်ခဲ့တဲ့ ၆ လအတွင်းကမှ ပေါ်လာတာပါ။ တကယ်တန်းပြောမယ်ဆိုရင် ထားဝယ်မှာအခြေစိုက်ပြီး သတင်းစာ တစောင်၊ ဂျာနယ်တစောင်ထုတ်ဖို့ဆိုတာ လွန်ခဲ့တဲ့ ၂၅ နှစ်က ဘယ်လိုမှမဖြစ်နိုင်တဲ့ အနေထားပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လထဲမှာ တနဿင်္ရီအပတ်စဉ် တကယ်ထွက်လာခဲ့ပါတယ်။

နောက်ထပ်တိုးတက်မှုတခုကတော့ ''ထားဝယ်တိုင်းရင်းသားများပါတီ'' ပေါ်လာခြင်းနဲ့ ထားဝယ်လူမျိုး၊ ထားဝယ်စာပေဆိုတာကို ပွင့်လင်းစွာ စတင်ဆွေးနွေးလာခြင်းဖြစ်ပါတယ်။ ထားဝယ်စကားက အသံပဲရှိပြီး စာနဲ့ချရေးလို့မရဘူးဆိုတဲ့အဆင့်ကနေ ထားဝယ်စာပေကိုအသေချာ သုတေသနလုပ်ထားတဲ့ စာအုပ်စာတန်းတွေထွက်လာပါတယ်။ ထားဝယ်ပါတီကဦးစီးပြီး ထားဝယ်အမျိုးသားအခွင့်ရေးအတွက် ဆွေးနွေးဆောင်ရွက်လာတာကို အခုလပိုင်းအတွင်းတွေ့လာရပါတယ်။

နောက်တချက်ကတော့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တိုးတက်လာခြင်းပါ။ ထားဝယ်မြို့နဲ့ ကျနော်တို့ရွာဆီသွားတဲ့လမ်း၊ နောက်တခါ မောင်းမကန်ကမ်းခြေဆီသွားတဲ့လမ်းတွေဟာ လွန်ခဲ့တဲ့ ၆ လ အတွင်း ၂ ဆလောက်ကျယ်ဝန်းကောင်းမွန်လာပါတယ်။ မောင်းမကန်ကမ်းခြေမှာလဲ နိုင်ငံခြား ဧည့်သည်တွေပါ တည်းနိုင်တဲ့အဆင့်ထိ ဟိုတယ်တွေရှိလာပါတယ်။

(နဘုလယ် ရေနက်ဆိပ်ကမ်းမှ ထားဝယ်-ကန်ချနပူရီ အဝေးပြေးလမ်း အစ)

ထားဝယ်ဒေသကိုကျော်ပြီးကြည့်လိုက်မယ်ဆိုရင်တော့ ထီးခီး-ဖုနန်းလွန် ဆိုတဲ့ ထိုင်း-မြန်မာ နယ်စပ် ဂိတ်ဟာ လွန်ခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့ကမှ တရားဝင်ဖွှင့်လိုက်တာပါ။ ဒီဂိတ်ဟာ မြန်မာနိုင်ငံ အတွက်အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ဆက်စပ်နေပြီး ထားဝယ်-ကန်ချနပူရီ အဝေးပြေးကားလမ်းပေါ်မှာတည်ရှိပါတယ်။ ဒီလမ်းကနေ ထိုင်းနဲ့မြန်မာဒေသခံ တွေအပြင် နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသည်တွေကိုပါ ၀င်ခွင့်ပေးထားပါတယ်။

ဒါဟာလဲ လွန်ခဲ့တဲ့ ၂၅ နှစ်က ဘယ်လိုမှမဖြစ်နိုင်တဲ့ အခြေနေပါ။ ဒီတိုးတက်မှုဟာ တခုတလော လူ ပြောများနေတဲ့ အပစ်ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ဆက်စပ်နေပါတယ်။ ထီးခီးဆိုတာ အရင်က KUN (ကရင့်အမျိုးသားအစည်းရုံး) နဲ့ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး) ထိမ်းချုပ်ထားတဲ့နေရာ။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရတက်လာပြီးတဲ့နောက်ပိုင်း၊ အထူးသဖြင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) တို့ ပါလီမာန်ထဲဝင်လာပြီးနောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ တဆင့် ဒီလိုရလာဒ်ထွက်လာတာပါ။

၆ လတာအတွင်း ထားဝယ်ဒေသရဲ့တိုးတက်မှုတွေကိုစဉ်းစားနေတုန်း ကျနော်ထိုင်နေတဲ့ လဖက်ရည် ဆိုင်ဆီ ရောက်လာသူတဦးက အသက် ၈၀ ကျော်နေပြီဖြစ်တဲ့ စာရေးဆရာ မောင်လေးတင့်။ ''ထားဝယ် ဒေသိယစကား ရှေ့ပြေးလေ့လာချက်'' ဆိုတဲ့စာအုပ်ကို သူကိုယ်တိုင်လက်မှတ်ထိုးပြီး ကျနော်ကို  တကူးတကာ့လာပေးတာပါ။ သူ့စာအုပ်ကိုဖတ်ကြည့်တော့ ထားဝယ်စကားအပေါ် တကယ့်ကို အသေ ချာလေ့လာပြီး သုတေသနလုပ်ထားတဲ့ စာအုပ်။

ကျနော်ကိုယ်တိုင် ထားဝယ်သားဆိုပေမဲ့ ''ထားဝယ်စကား စာရေးလို့မရဘူး'' ဆိုတဲ့ ကြားဖူးနားဝ အတိုင်း ထားဝယ်တွေထွက်တဲ့အသံတိုင်း စာနဲ့ချရေးလို့မဘူးလို့ပဲ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ ဒီဆရာကြီးရဲ့ စာအုပ်ကိုဖတ်ကြည့်တော့ အဲဒီလိုမဟုတ်။ ထားဝယ်အသံ (စာပေ) ရဲ့ထူးခြားချက်တွေကို အသေချာ မှတ်တန်းမှတ်ရာတွေ၊ သာဓကတွေ၊ အကိုးအကားတွေနဲ့တင်ပြထားတဲ့အတွက် ဒီစာအုပ်ဟာ ထားဝယ် စာပေအတွက် အထူးအရေးပါတယ်လို့ ကျနော်ထင်ပါတယ်။

ထားဝယ်ကအပြန် လေယဉ်တစီးတည်းစီးမိသူ နိုင်ငံခြားသားတချို့နဲလဲ ကျနော်စကားပြောခွင့်ရခဲ့ပါတယ်။ ''မင်းတို့ထားဝယ်တွေက အတော်သဘောကောင်းကြတာပဲ။ ငါတို့ကို လိုအပ်တာထက်တောင် ပို အလေးပေးနေကြသလိုပဲ'' ဆိုပြီး အသက် ၃၀ ၀န်းကျင်အရွယ် အနောက်တိုင်းသားတဦးကပြောပါတယ်။ ခင်ဗျားက Tourist (ကမ္ဘာလှည့်ခရီးသည်) လား၊ ထားဝယ်ရေနက်စီမံကိန်းက Investor (နိုင်ငံ ခြားရင်းနှီးမြှုပ် နှံသူလား) ဆိုပြီးမေးတော့ တခုမှမဟုတ်။

(နိုင်ငံခြားသား အလာများလာပြီဖြစ်တဲ့ ထားဝယ်လေဆိပ်)

''ကျနော်တို့က NGO ၀န်ထမ်းတွေပါ။ ထားဝယ်ဒေသမှာ ကွင်းဆင်းလေ့လာပြီးလို့ အခု ရန်ကုန်ပြန်လာ တာပါ'' လို့သာပြောဆိုပြီး ဒီထက်ပို အသေးစိပ်ပြောချင်ပုံမရ။ ထားဝယ်မှာဘယ်လိုလဲ၊ နိုင်ငံခြားသားတွေ ကျေးရွာတွေမှာတည်းလို့ရပြီဆိုတာ ဟုတ်လားဆိုပြီးကျနော်ကထပ်မေးတော့ ''မရသေးဘူး၊ ညဖက်မှာ ထားဝယ်မြို့ပေါ်က ဟိုတယ်တွေမှာပြန်အိပ်ရတယ်'' လို့သူကဆိုပါတယ်။

နိုင်ငံခြားသားစာအုပ်ကိုင်ထားတဲ့ ကျနော်ရဲ့အခြေနေကိုရှင်းပြတော့ သူတို့အတော်အံ့သြနေကြပါတယ်။ ပြီးတော့ ထားဝယ်ဖက်မှာ နိုင်ငံခြားသားတွေ ဟိုတယ်မှာပဲနေခွင့်ရှိပြီး အခန်းငှားနေထိုင်ခွင့်မရှိသေးတဲ့ အကြောင်း၊ ရန်ကုန်မှာတော့ အခန်းငှားနေခွင့်ပေးထားပေမဲ့ ဈေးနှုံးတွေက တလဒေါ်လာ ၁၀၀၀ ကျော် ၁၅၀၀ ဆိုတော့ နယူယောက်တို့၊ လန်ဒန်တို့ထက် တောင်ပိုဈေးကြီးနေတယ်ဆိုပြီး သူကညီးပြနေပါတယ်။

ကျနော်ဟာ ညပိုင်းမှာ မန္တလေးသွားဖို့ ဘတ်စ်ကားလက်မှတ်ဝယ်ထားပြီးဖြစ်ပေမဲ့ လေယဉ်က ညနေပိုင်း မရှိ။ အခုနေ့လည်ပိုင်းလေယဉ်နဲ့လိုက်လာတော့ ရန်ကုန်လေဆိပ်ရောက်ချိန်မှာ အချိန်က ၃ နာရီ ၀န်းကျင်ပဲရှိပါသေးတယ်။ ဒီတော့ တည်းနေကြ တာမွေဖက်ကအိမ်ဆီ ခဏပြန်နားဦးမှဆိုပြီး တက္ကစီနဲ့ ထွက်လာပါတယ်။

''ဒီလမ်းထဲမှာ နိုင်/ကျဉ်း ရုံးရှိတယ်၊ တနေ့ကတောင် မိုးသီးဇွန် လာသွားတာ မြင်လိုက်ရတယ်'' လို့ အိမ် ရှင်ကပြောတော့ ကျနော်အံ့သြသွားပါတယ်။ နိုင်/ကျဉ်းရုံးရှိနေတယ်ဆိုတာကို အံ့သြတာထက် ဒီမှာလဲ နိုင်/ကျဉ်း လို့ခေါ်တဲ့အသံနဲ့ အသုံးအနှုံးကို ပိုအံ့သြမိတာပါ။ ပြီးတော့ ရှစ်ပူး၊ တစ်ပူး ဆိုတဲ့အသုံး အနှုံးတွေ။ ပြည်ပက ကျနော်တို့ကြားမှာသာ အသုံးများနေတယ်လို့ထင်ရတဲ့ ဝေါဟာရတွေဟာ ရန်ကုန်မှာလဲ အတော်ခေတ်စားနေပါလား။

အချိန်ရတုန်း နိုင်/ကျဉ်းရုံးဆီ ခဏသွားလည်ဦးမှဆိုပြီး လမ်းထဲဟိုငေးဒီငေးနဲ့ လျောက်လာတုန့်း တိုက်ဝရံ တာတခုမှာ မထင်မှတ်ပဲမြင်လိုက်ရသူတဦးက ABSDF မှ ဗိုလ်ကျောက် (မိုးကျော်ဦး)။ ''ဟေ့လူ ဘယ်လို လုပ် ဒီကိုရောက်နေတာလဲ'' ဆိုပြီးသူ့ဆီတက်သွားတော့ သူရောက်နေတဲ့အခန်းဟာ နိုင်/ ကျဉ်း ရုံးဖြစ်နေ ပါတယ်။ နောက်တဦးက ABSDF ဗဟိုကော်မီတီဝင် ကိုလွမ်းဏီ။ နှစ် ၂၅ နှစ်ပြည့် ဒေါင်းအိုဝေစာစောင်နဲ့ ပြက္ခဒိန်ထုတ်ဖို့ ဒီနေ့ပဲ မဲဆောက်ကနေ ရန်ကုန်ကိုရောက်လာကြတယ်လို့ သိရပါတယ်။

ဒီလူတွေရှိနေပြီဆိုတော့ သိပ်မိတ်ဆက်စရာမလိုပဲနဲ့ နိုင်/ကျဉ်း ရုံးသားအားလုံးနဲ့ ခင်မင်သွားပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်အတော်များများကို ဒီရုံးမှာတွေ့ရပြီး လက်ကျန်အကျဉ်းသားစီစစ်ရေးကိစ္စကို အလေးထားဆောင်ရွက်နေတယ်လို့ သူတို့ကပြောပါတယ်။ AAPP နိုင်ငံရေးအကျဉ်းသားများကူညီရေးအဖွဲ့နဲ့ ဒီအဖွဲ့ ဘာကွာသလဲဆိုပြီးမေးကြည့်တော့ သူတို့က မကြာသေး ခင်ကမှ ဖွဲ့ထားတဲ့အဖွဲ့သစ်ဖြစ်တယ်လို့ဆိုပါတယ်။

ပြီးတော့ သူတို့ဟာ အကျဉ်းသားကူညီရေးအပြင် နိုင်ငံရေးဆွေးနွေးမှုတွေကိုလဲ အတော်စိတ်ဝင်စားပုံရ ပါတယ်။ ''ကျနော်တို့ Debate အကြီးကြီးတခုလုပ်ဖို့ပြင်နေတယ်ဗျ။ ခင်ဗျား Moderator လုပ်ပေးနိုင်မလား'' လို့ ကျနော်ကိုဖိတ်ခေါ်နေပါတယ်။ သူတို့ပွဲလုပ်မဲ့ ဇန်နာဝါရီအထိ ကျနော်က မနေနိုင်တဲ့ အတွက် ဘယ်လိုမှ မကူညီနိုင်ခဲ့ပါ။ ပြီးခဲ့တဲ့ ဇန်နာဝါရီဒုတိယပတ်ထဲကတော့ အဲဒီ ဒီဘိတ်ပွဲကို တော်ဝင်နှင်းဆီမှာ ကျင်းပသွား တာကို သတင်းတွေထဲ ဖတ်လိုက်ရပါတယ်။

နိုင်/ကျဉ်းရုံးကအပြန် ညနေ ၉ နာရီမှာတော့ ရန်ကုန်-မန္တလေး အထူးဘတ်စ်ကားနဲ့ မန္တလေးမြို့ဆီ ကျနော်ချီတက်လာပါတယ်။ မှောင်မှောင်မဲမဲဆိုတော့ လမ်းတလျောက် ဘာမှမမြင်ရ။ ဒါပေမဲ့ အရင် တခေါက်သွားဖူးတဲ့ ရန်ကုန်-နေပြည်တော်လမ်းအတိုင်း မောင်းနေတယ်ဆိုတာကိုတော့ သတိထားမိပါ တယ်။ ၁၁၅ မိုင်မှာခဏနားပြီး Feel ဆိုင်ထဲဝင်ကြပါတယ်။ ဒီယဉ်ရပ်နားစခန်းက အိမ်သာတွေသိပ် ကောင်းတယ်လို့ လွန်ခဲ့တဲ့ ၆ လတုန်းက ကျနော်ရေးခဲ့ဖူးပေမဲ့ အခုတော့ အဲဒီလောက်အထိမကောင်း တော့။ အိမ်သာတွေ ရေဆွဲလို့မကျပဲ ပျက်စပြုနေပါပြီ။

နိုးတ၀က် အိပ်တ၀က်နဲ့ မန္တလေးကိုကားဆိုက်တော့ မနက် ၅ နာရီတောင်မထိုးသေး။ ဒုက္ခပဲ။ ဘာမှ မမြင်ရတော့ ဘယ်ကိုရောက်နေမှန်းမသိ။ မန္တလေးဆိုတာ လွန်ခဲ့တဲ့ နှစ် ၃၀ ၀န်းကျင်က ဖြတ်သွားရုံသာ ခဏရောက်ခဲ့ဖူးတဲ့နေရာ။ ကားပေါ်ကဆင်းတော့ ပေါက်ဝမှာ ဖေါက်သည်ခေါ်နေ (တကယ်တော့ ခေါ် ရုံမက၊ လူကိုပါဆွဲချနေတာမျိုး) တဲ့ ဆိုင်ကယ်သမားတွေက အလုအယက်။ အရင်က မီးရထားနဲ့သာ ရောက်ဖူးသူ ဆိုတော့ ကားဂိတ်ကမြို့ထဲနဲ့ ဘယ်လောက်ဝေးမှန်းလဲ မမှန်းတတ်။ ပြီးတော့ ဘယ်မှာ သွားတည်းရမှန်းလဲ အတိအကျမသိသေး။

ကျုံးဘေးဝန်းကျင်က ဟိုတယ်တခုဆီသွားမယ်လို့ပြောလိုက်တော့ ၆၀၀၀ တဲ့။ များလှချည်လား၊ ရန်ကုန်မှာ တောင် အဲလောက်မပေးရဘူးဆိုပြီးဈေးဆင့်တော့ ''တန်မှပေးပါ။ မတန်ရင် ပြန်အမ်းပေးမယ်အကို'' ဆိုတဲ့ မန္တလေးသားလေနဲ့ မိသွားပါတယ်။ မှောင်မှောင်မဲမဲထဲ ဒီတိုင်းနေလို့ကလဲမဖြစ်သေးတော့ သူ့ကားပေါ်ပဲ တက်လိုက်ရပါတယ်။ ကားဂိတ်နဲ့မြို့ထဲက အတော်တော့ဝေးသား။ ရန်ကုန်က ကားဂိတ်တွေလောက် အထိမဝေးပေမဲ့ ဈေးကတော့ ရန်ကုန်နှုံးအတိုင်းပေးလိုက်ရပါတယ်။

ဟိုတယ်ရောက်တော့ ထုံးစံအတိုင်း ၃ သောင်းတန်အခန်းကို နိုင်ငံခြားသားဖြစ်တဲ့အတွက် ၆ သောင်း ပေးလိုက်ရပြန်ပါတယ်။ ဒါပေမဲ့ အံ့သြဖို့ကောင်းတာကတော့ တရုတ်စကားပြောနိုင်ငံခြားသားတွေကျတော့ ၂ ဆပေးစရာမလို။ မြန်မာနှုန်းအတိုင်းပေးနေကြတာ တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုပြီး ကောင်တာမှာ သွားမေးတော့ ''သူတို့က မြန်မာနိုင်ငံသား စီစစ်ရေးကဒ်တွေကိုင်ထားလို့ပါ'' တဲ့။ သေပြီဆရာပေါ့။ ဒီလိုလူတွေမန္တလေးမှာ အတော်များမဲ့ပုံပါပဲ။ ဟိုတယ်တခုလုံး ဒီအသံတွေကြားနေရပြီး ဟိုတယ်အပြင် အဆင်ကလဲ တရုတ်ဒီဇိုင်းတွေနဲ့။

အင်း မန္တလေးဆိုတာ မြန်မာတွေရဲ့နောက်ဆုံးဘုရင် သီပေါမင်းပါတော်မူသွားတဲ့မြို့၊ မင်းတုန်းမင်းကြီး ကိုယ်တိုင်တည်ထားခဲ့တဲ့မြို့၊ မြန်မာတွေရဲ့ယဉ်ကျေးမှုမြို့တော်ဆိုတာကို စာအုပ်ထဲမှာသာ ဖတ်မထားမိ ဘူးဆိုရင် ဒီမြို့ကို မြန်မာ့ယဉ်ကျေးမှုမြို့တော်လို့သိဖို့မလွယ်တော့ပါလား။

ဒီတိုင်းဆိုရင်တော့မဖြစ်သေးဘူး။ ဒေသခံအသိတွေကိုအကူညီတောင်းမှဆိုပြီး ကျနော်နဲ့သိတဲ့ မီဒီယာ သမားတွေကိုဖုန်းဆက်တော့ ဘယ်သူမှမရိ။ အားလုံးခရီးလွန်နေကြပါတယ်။ နောက်ဆုံးတော့ နိုင်ငံရေး မိတ်ဆွေ၊ တော်လှန်ရေးမိတ်ဆွေလို့ပြောနိုင်တဲ့၊ DVB မှာတာဝန်ထမ်းစဉ်က နေစဉ်လိုလို တယ်လီဖုန်းခေါ် သတင်းမေးရင်းနဲ့ ရင်းနှီးနေတဲ့ မန္တလေးတိုင်း NLD မှ ဒေါ်ဝင်းမြမြနဲ့ဖုန်းရပါတယ်။

''အမိန့်ရှိပါ။ စန်းရောင်ရှင်တိုက်ကပါရှင်'' ဆိုတဲ့ အသံပိုင်ရှင်တွေဆီ ကျနော်ရောက်သွားတော့ သူတို့ မောင်နှမ ၃ ဦးစလုံးနဲ့တွေ့ရပါတယ်။ အစိုးရကသိမ်းလိုက်တဲ့ ဈေးချိုကအခန်းက အခုထိပြန်မရသေးတဲ့ အတွက် အိမ်မှာပဲ အထည်အရောင်းအ၀ယ်လုပ်ငန်း လုပ်နေရတယ်လို့သူတို့ကရှင်းပြပါတယ်။ တကယ်တော့ သူတို့အကြောင်းရှင်းပြတာက နည်းနည်း၊ DVB ကနေ ကျနော်တို့ ဘယ်လို အလုပ်ထုတ်ခံ ရတယ်ဆိုတဲ့အကြောင်း ရှင်းပြရတာကများများပါ။

(စစ်ကိုင်းတောင်ကို ဧရာဝတီမြစ်ကူးတံတားပေါ်က မြင်ရစဉ်)

''အတိုက်ခံမီဒီယာက အခုချိန်ထိ လိုနေသေးတယ်နော်'' ဆိုတဲ့ ဒေါ်ဝင်းမြမြရဲ့ စကားက ကျနော့်အတွက် အတော်စဉ်းစားစရာ ဖြစ်စေခဲ့ပါတယ်။ စစ်ကိုင်းတောင်ပေါ်တက်မယ်ဆိုပြီး သူတို့အိမ်ကနေ ထွက်လာတော့ လူတွေထောင်နဲ့ချီ လမ်းမပေါ်တန်းစိတိုးနေတာကိုတွေ့ရပါတယ်။ ဘာလုပ်နေကြတာလဲလို့မေးကြည့်တော့ အမျိုးသမီးဘောလုံးပွဲကြည့်ဖို့ လက်မှတ်တန်းစီတိုးနေကြတာတဲ့။ ဒီတော့မှ အ ရှေ့တောင်အာရှ အားကစားပွဲထဲက အမျိုးသမီးဘောလုံးပွဲကို မန္တလေးမှာကျင်းပနေမှန်းသိရပါတယ်။

ကျနော်စိတ်ထဲမှာတော့ မန္တလေးမြို့က အိမ်တွေ၊ လမ်းတွေက ရန်ကုန်ထက် ပိုသစ်လွင်၊ ကျယ်ပြန့် သန့်ရှင်း နေသလိုပါပဲ။ ရန်ကုန်မှာနေတာထက် ပိုလွတ်လပ်ပေါ့ပါးသလို ခံစားရပါတယ်။ ရန်ကုန်မှာ စီးခွင့်ပိတ်ထား တဲ့ မော်တော်ဆိုင်ကယ်တွေကို မန္တလေးမှာအများအပြားတွေ့ရတော့ ဆရာစိုင်းခမ်းလိတ်နဲ့ စိုင်းထီးဆိုင်တို့ရဲ့ ''မန္တလေးရောက် ရှမ်းတယောက်'' နဲ့ ''ဘီးနံပတ် OK 0122L'' သီချင်းတွေကို သွားသတိရမိပါတယ်။

''ဈေးချိုက ထွက်တိုင်းလည်း မြင်းလှည်းသမားတွေက ဘုရားကြီးလားလို့မေးကြတယ်...'' ဆိုတဲ့သီချင်း စာသားက ဒီနေ့မန္တလေးကို ကိုယ်စားမပြုတော့ပါ။ မြင်းလှည်းနဲ့စက်ဘီး မန္တလေးမှာအတော်ကိုနည်း သွားပါပြီ။ ဈေးချိုကလဲ အထပ် ၂၀ လောက်မြင့်တဲ့ကုန်တိုက်လိုလို၊ ဟိုတယ်လိုလိုဖြစ်သွားပြီ။ ''ဘီးနံ ပတ် OK 0122L'' နဲ့ ''မောတော့မောတာပေါ့၊ ဒါပေမဲ့ မမောဘူး'' ဆိုတဲ့  တချိန်က မန္တလေး စက်ဘီးလောက အကြောင်းစဉ်းစားရင်း စစ်ကိုင်းတံတားဖက်ရောက်လာပါတယ်။     ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More