Tuesday, January 7, 2014

အလေးပြုခွင့်မရသေးတဲ့ အာဇာနည်ကုန်းတခု

ထက်အောင်ကျော်
တနသာင်္ရီအပတ်စဉ်။ ၆-၁၂- ၂၀၁၄။ (စာမျက်နှာ ၁၁ တွင်ရှုပါ)

ကုန်လွန်သွားခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံဆီ ကျနော် နှစ်ခေါက်သွားခွင့်ရခဲ့ပေမဲ့ အဓိက သွား ချင်တဲ့နေရာတခုဆီ အခုထိ မရောက်ဖြစ်သေးပါ။ အဲဒီနေရာကတော့ အခု နာမည်ကြီးနေတဲ့ ထားဝယ် -ကန်ချနပူရီ အဝေးပြေးကားလမ်း နယ်စပ်ထွက်ပေါက် ထီးခီးရွာအနီးရှိ မင်းသမီးစခန်းမှ အာဇာနည် ကုန်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အမှတ် ၂၀၁ တပ်ရင်း (နောက်ပိုင်း အမှတ် ၁ တပ်ရင်း) နဲ့ တောင်ပိုင်းတိုင်းစစ်ဒေသဌာနချုပ်ရုံးစိုက်ခဲ့တဲ့ မင်းသမီးခစန်းဟာ ထီးခီးနဲ့ ၆ မိုင်ကျော်သာဝေးပါတယ်။ အရင်ခေတ်က ၃ နာရီနီးပါးလမ်းလျောက်ရပေမဲ့ အခုခေတ်မှာ တော့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ဆိုရင် မီနစ် ၂၀ လောက်နဲ့ရောက်နိုင်တဲ့နေရာပါ။

တနသာင်္ရီမြစ်နဲ့ မင်းသမီးချောင်းဆုံရာအရပ်ရှိ မင်းသမီးစခန်းဆီ ကျနော်တို့တောခိုကျောင်းသားတွေ စရောက်တဲ့အချိန်က ၁၉၈၈ ခု အောက်တိုဘာလ။ စစ်တပ်က အာဏာသိမ်းတဲ့ စက်တင်ဘာ ၁၉ က နေ တလနီးပါး KNU (ကရင့်အမျိုးသားအစည်းရုံး) ရှေ့တန်း စခန်းတွေမှာသောင်နေပြီးမှ မင်းသမီး စ ခန်းဆီရောက်လာကြတာဖြစ်ပါတယ်။

ထားဝယ်နဲ့ကံပေါက်ကတဆင့် နတ်အိမ်တောင်စခန်းကိုဖြတ်ပြီးရောက်လာသူ ၁၀၀ ကျော်။ ထားဝယ်-ရှင်မုတ္တီးကနေ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) နယ်မြေကိုဖြတ်ပြီးရောက်လာသူ ၅၀ ၀န်းကျင်။ မြိတ်-ပုလောဖက်ကနေ တနသာင်္ရီမြစ်အတိုင်းတက်လာသူ ၁၀၀ ကျော်တို့ ဒီစခန်းမှာ လာဆုံကြပါတယ်။ မြို့ပြလူငယ်တက္ကသိုလ်ကျောင်းသားတွေ တောထဲမှာကြုံခဲ့ရတဲ့ အခက်ခဲတွေကိုတော့ အသေးစိပ် မ တင်ပြချင်တော့ပါ။

အနှစ်ချုပ်ပြောရမယ်ဆိုရင် တနသာင်္ရီမြစ်တဖက်ကမ်း မောင်တော်စခန်းမှာစတင်အခြေချပြီးတဲ့နောက် ''မင်းသမီးဒေသရောက် ကျောင်းသားစခန်း'' အဖြစ် လူသိများလာပါတယ်။ ပြည်ကအလှူရှင်တချို့ဝင် လာ ပါတယ်။ ဗဟိုနဲ့အဆက်သွယ်ရလာပါတယ်။ လက်နက်ခဲယမ်းအနဲအကျဉ်းရပြီး ရှေ့တန်းဆင်းကြ ပါတယ်။ ၆ လလောက်ကြာတဲ့အခါမှာ မင်းသမီးစခန်းကို အမှတ် ၂၀၁ တပ်ရင်းအဖြစ် ဗဟိုက သတ် မှတ်လိုက်ပါ တယ်။

ABSDF တခုလုံးအခြေနေကိုပြန်ကြည့်မယ်ဆိုရင်တော့ ကျနော်တို့ ထားဝယ်နဲ့ပုလောဖက်က ကျောင်း သား ၃၀၀ ကျော် ထိုင်းနိုင်ငံကန်ချနပူရီရဲ့မြန်မာဖက်ချမ်းရှိ မင်းသမီးစခန်းမှာရောက်နေသလို မြိတ်နဲ့ တနသာင်္ရီဖက်က ကျောင်းသား ၃၀၀ ခန့်ဟာလဲ ပရာကျွတ်ခရိင်ရဲ့မြန်မာဖက်ချမ်းရှိ မောတောင်စခန်း မှာ ရောက်နေကြပါတယ်။

ဘုရားသုံးဆူဖက်မှာတော့ ရန်ကုန်နဲ့မွန်ပြည်နယ်ဖက်က ကျောင်းသား ၄၀၀ ကျော် ရောက်နေပါတယ်။ မဲဆောက်မြို့အနီးရှိ သေဘောဘိုးစခန်းမှာတော့ ရန်ကုန်နဲ့ကရင်ပြည်နယ်ဖက်ကကျောင်းသားတွေ ထောင်နဲ့ချီရောက်နေပါတယ်။ မဲဆောက်ရဲ့အပေါ်ဖက် သောင်းရင်းမြစ်ဘေးက အဓိကစခန်းတခုဖြစ်တဲ့ ကလက်ဒေးမှာလဲ ကျောင်းသား ၃၀၀ ကျော်ရောက်နေပါတယ်။ သံလွင်မြစ်ဘေးရှိ သံလွင်နဲ့ စောထ စခန်းတွေမှာလဲ ကျောင်းသားတွေ ၅၀၀ ၀န်းကျင်စီခန့်ရောက်နေတယ်လို့သိရပါတယ်။

ဒါက တော်လှန်ရေးခေတ်ဦးပိုင်း ABSDF တခုလုံးရဲ့ ထိုင်း-မြန်မာနယ်စပ်တကျောက ပုံရိပ်လွှာ အကြမ်းထည်ဖြစ်ပါတယ်။ အမှတ် ၂၀၁ တပ်ရင်း မင်းသမီးခစန်းအခြေနေကို ပြန်ကောက်ရမယ်ဆိုရင် ၁၉၈၈ အောက်တိုဘာလကနေ ၁၉၉၇ ဖေဖေါ်ဝါရီလကုန်ပိုင်းအထိ ဒီကျောင်းသားတွေအားလုံး မင်း သမီးစခန်းမှာ အခြေစိုက်လှုပ်ရှားခဲ့ပါတယ်။

မတ်လဲထဲမှာတော့ မင်းသမီးစခန်းကျသွားတဲ့အတွက် တဿင်္ရီမြစ်တလျောက်နဲ့ ပင်လယ်ပြင်ဖက် ဆုတ်ခွာခဲ့ကြပါတယ်။ မင်းသမီးစခန်းခွာစစ်အပါဝင် ၁၀ နှစ်ကျော်ကာလ တိုက်ပွဲတွေအတွင်း ကျဆုံးသူ ၅၉ ဦး၊ ငှက်ဖျားအပါဝင် ရောဂါမျိုးစုံနဲ့သေဆုံးသူ ၁၄ ဦး၊ ထားဝယ်မြို့က ထင်ရှားတဲ့ ကျောင်းသား ခေါင်းဆောင်ကိုတင်လေးနဲ့ ရှေ့နေဦးမြင့်သိန်းအပါဝင် အခုချိန်ထိအလောင်းပြန်မတွေ့ပဲ ထူးဆန်းစွာ ပျောက်ဆုံးသွားသူ ၈ ဦးနဲ့ အားလုံး ကျဆုံး-သေဆုံးစာရင်း ၈၁ ဦးရှိတယ်လို့ ABSDF မှတ်တန်းတွေ မှာဖေါ်ပြထားပါတယ်။

ဒီလိုကျဆုံး သေဆုံးသွားသူတွေထဲက ၂၀ ခန့်ကို မင်းသမီးစခန်း ဘုန်ကြီးကျောင်းတောင်ကုန်းအနီးရှိ (ကျောင်းသားအခေါ်) အာဇာနည်ကုန်းမှာ မြှုပ်နှံထားခဲ့ပါတယ်။ နောက်တခါ မောတောင်စခန်းကနေ မင်းသမီးစခန်းဆီပြောင်းလာတဲ့ အမှတ် ၂၀၃ တပ်ရင်းနဲ့ ဘုရားသုံးဆူစခန်းကနေ မင်းသမီးစခန်း ဆီ ပြောင်းလာတဲ့ အမှတ် ၁၀၁ တပ်ရင်းမှ နောက်တန်းစခန်းမှာသေဆုံးသူတွေကိုလဲ ဒီအာဇာနည် ကုန်း မှာပဲ မြှုပ်နှံထားခဲ့ပါတယ်။ ဒါကြောင့် ဒီနေရာကို ABSDF တောင်ပိုင်းစစ်ဒေသရဲ့ အာဇာနည်ကုန်းလို့ တောင် ခေါ်နိုင်မယ်ထင်ပါတယ်။
အခု တော်လှန်ရေးသက်တန်း ၂၅ နှစ်ကြာပြီးတဲ့အချိန်၊ ABSDF ကိုယ်တိုင် လက်ရှိ ဦးသိန်းစိန်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးချိန်မှာတော့ တချိန်ကစစ်ဖြစ်နေလို့ ပြန်သွားခွင့်မရနိုင်ခဲ့တဲ့ မင်းသမီးစခန်းက အာဇာနည်ကုန်းဆီ ကျနော်တို့တောခိုကျောင်းသားဟောင်းတွေ ပြန်သွားပြီး အလေး ပြုခွင့်ရလိမ့်မယ်လို့ မျော်လင့်ချက်ရှိလာပါတယ်။ ဒီလိုသွားခွင့်ရလာအောင်၊ ကျနော်တို့ ''ရဲဘော်သူငယ် ချင်းတွေ'' ရဲ့ ၀ိညာဉ်တွေရှိရာ အာဇာနည်ကုန်းကို အသေချာပြန်လည်ပြုပြင်ခွင့်ရအောင် ABSDF ဗဟို ကော်မီတီကလဲ ကြိုးစား ပေးလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

ကျနော်တို့မင်းသမီးခစန်းမှာ ကျဆုံးရဲဘော်တွေအတွက် ဒီလိုအာဇာနည်ကုန်းရှိသလို တခြားစခန်းတွေ၊ တပ်ရင်းတွေအသီးသီးမှာလဲ အလားတူ အာဇာနည်ကုန်းတွေရှိမှာ သေချာပါတယ်။ ABSDF တခုလုံးရဲ့ ကျဆုံး-သေဆုံး စာရင်းက ၆၇၀ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူက ၄၁၇ ဦးရှိတယ်လို့ ၂၅ နှစ်ပြည့် ထုတ် ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒီရဲဘော်တွေအတွက် ABSDF ဗဟိုကော်မီတီက ဘယ်လိုဂုဏ်ပြုဖို့ အစီစဉ်ရှိသလဲ။ အခြားစခန်းအသီးသီးရှိ ရဲဘော်ဟောင်းတွေကကော ဘယ်လိုမျိုးစိတ်ကူးရှိကြသလဲ။

ကျနော်ရဲ့ ပြီးခဲ့တဲ့ ဒီဇင်လာခရီးစဉ်အတွင်း မင်းသမိးစခန်းက အာဇာနည်ကုန်းအထိမသွားနိုင်ခဲ့ပေမဲ့ ကျဆုံး-သေဆုံးရဲဘော်တွေရဲ့မှတ်တန်းနဲ့ သူတို့အတွက် ဂုဏ်ပြုရေးကိစ္စတွေဆောင်ရွက်နေသူ ထား ၀ယ်မြို့က အမှတ် ၂၀၁ တပ်ရင်း ဒုရင်းမှုးဟောင်း ဆရာအောင်မြင့်နဲ့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ တခါ မြိတ်မြို့ရှိ ၂၀၃ တပ်ရင်းမှ ဒုရင်းမှုးဟောင်း ကိုဝင်းနိုင်နဲ့လဲ တယ်လီဖုန်းက တဆင့်စကားပြောဖြစ်ခဲ့ပါ တယ်။

အခုနောက်ဆုံး သိရတဲ့သတင်းတွေအရဆိုရင် တောင်ပိုင်းဒေသအတွင်း ကျဆုံးသေဆုံးသွားတဲ့ ရဲ ဘော်တွေအားလုံးအတွက် ဆွမ်းသွပ်အမျှဝေပွဲနဲ့၊ မိသားစုထောက်ပံ့ပွဲတွေကို လာမဲ့ဖေဖေါ်ဝါရီလမှာ ထားဝယ်၊ ပုလောနဲ့ မြိတ်မြို့ရှိ ဘုန်းတော်ကြီးကျောင်းတွေမှာ ကျင်းပဖို့ပြင်ဆင်ထားကြောင်း သိရပါ တယ်။

အဲဒီပွဲဆီ လူကိုယ်တိုင်သွားနိုင်ဖို့မသေချာလှတဲ့ ကျနော်ကတော့ သူတို့အကြောင်းမှတ်တန်းတင်ထား တဲ့ ''သူပုန်ကျောင်းသားတဦးရဲ့မာရသွန်ခရီး'' စာအုပ်ကို လှူဒါန်းရုံမှတပါး အခြားမတတ်နိုင်သေး။ ကျ ဆုံးသေဆုံးရဲဘော်တွေအတွက် အခုလိုအခန်းနားလုပ်ခွင့်ရလာတာ၊ ဒေသတွင်းရှိ ABSDF ရဲဘော် ဟောင်းတွေစုစည်းပြီး အခုလို လှုပ်ရှားလာတာကို အားပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ ရဲဘော်တွေအားလုံးဟာ ဒီမိုကရေစီရေးအတွက် ရိုးသားစွာအသက်ပေးလှူသွားကြလို့ဖြစ်ပါတယ်။


တချိန်တည်းမှာပဲ ဒီလိုအခန်းနားလုပ်တာအပြင် သူတိုရဲ့အုတ်ဂူတွေတည်ရှိရာ၊ မင်းသမီးခစန်းက အာ ဇာနည်းကုန်းကိုလဲ ပြန်လည်ပြုပြင် ဖေါ်ထုတ်ဖို့လိုအပ်နေပါတယ်။ ပြည်တွင်းရှိ ရဲဘော်ဟောင်းတွေနဲ့ အတူ ပြည်တော်ပြန်ရဲဘော်တွေကလဲ အဲဒီနေရာအထိသွားပြီး အာဇာနည်တွေကို အလေးပြုသင့်ပါ တယ်။

ပြည်တွင်းစစ်အတွင်း ကျဆုံးသွားတဲ့ မြန်မာ့တပ်မတော်ကစစ်သားတွေအတွက် နိုင်ငံတော်စရိတ်ထဲက အကုန်အကျခံပြီး သူရဲကောင်းဗိမာန်တွေ၊ အညတြသူရဲကောင်းအုတ်ဂူတွေတည်ဆောက်နေချိန်မှာ ဒီမို ကရေစီရေးအတွက် အသက်ပေးသွားတဲ့ ကျနော်တို့ရဲ့ ''ရဲဘော်သူငယ်ချင်း'' တွေအတွက် ကျနော်တို့ နှုတ်ဆိတ်မနေသင့်ပါ။

ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၄ အတွင်း နောက်တခေါက် ပြည်တော်ပြန်ခွင့်ရတဲ့အချိန်မှာ တနသာင်္ရီတိုင်း အတွင်းရှိရဲဘော်ဟောင်းတွေနဲ့အတူလက်တွဲပြီး မင်းသမီးစခန်းက အာဇာနည်ကုန်းဆီ သွားရောက် အ လေးပြုနိုင်ဖို့ ကျနော်မျော်လင့်ထားပါတယ်။    ။



1 comments:

၎ နှစ်ပြည့် အမှတ်တရ ပေါ်လာလို့ Facebook ပြန်တင်တော့ လူဖတ်များတာတွေ့ရပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ (၈-၁-၂၀၁၈) ထုတ် တနသာင်္ရီဂျာနယ်မှာ အာဇာနည်ဗိမာန်ရဲ့ နောက်ဆုံးအခြေအနေ သတင်းပါလာပါတယ်။

၂၀၁၄ ကတည်းက စတင်ကြိုးပန်းခဲ့တဲ့ အာဇာနည်ကုန်းဟာ ပြီးခဲ့တဲ့ ၂၀၁၇ အတွင်း အဝေးရောက်ရဲဘော်တွေက အလှူငွေ ၀ိုင်းစုထည့်၊ ထားဝယ်ဒေသရှိ လက်တွေ့လုပ်နေသူတွေက မြေနေရာအတွက် ကေအန်ယူနဲ့ ညှိနှိုင်း၊ အစိုးရဆီတင်ပြနဲ့ ၂၀၁၇ နှစ်ကုန်ပိုင်းမှာ လုပ်ငန်းစတင်နိုင်ပြီဟုပါရှိ။ အခု မြေရှင်း-ခြံကာ လုပ်နေပြီး မကြာခင် အမှတ်တရ ကျောက်တိုင်စိုက်မယ်။ ဘန်ဒါငွေပေါ်မူတည်ပြီး ဗိမာန်ကိစ္စ ဆက်လုပ်မယ်လို့ပါရှိပါတယ်။ (သတင်းဓာတ်ပုံကို ဒီနေရာမှာ တင်မရဘူး ဖြစ်နေလို့)

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More