Tuesday, January 14, 2014

နိုင်ငံမဲ့ အကျဉ်းသားများ

Written by  ထက်အောင်ကျော် 

Tuesday, 14 January 2014 ( The Voice Daily)

ကုန်လွန်သွားခဲ့တဲ့ ၂၀၁၃ ခုနှစ် အတွင်း မြန်မာနိုင်ငံဆီ နှစ်ခေါက်တိတိ ကျွန်တော် သွားရောက် လေ့လာခွင့် ရခဲ့ပါတယ်။ ဒီလိုရေးလိုက်လို့ သမ္မတဦးသိန်းစိန် အစိုးရရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော် စရိတ်နဲ့ သွားတယ်လို့ မထင်လိုက်ပါနဲ့။ ကိုယ့်စရိတ်နဲ့ ကိုယ်သွားပြီး ကိုယ်မြင်ချင်တာ၊ တွေ့ချင် တာတွေကို ကိုယ်ဘာသာ လေ့လာခဲ့ခြင်းမျှသာ ဖြစ်ပါတယ်။

အစိုးရ အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး ပြန်သူ၊ နယ်စပ်ရှိ တော်လှန်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ပြန်သူ၊ ကျွန်တော်တို့လို နိုင်ငံခြားသား စာအုပ်ကိုင်ပြီး မြန်မာသံရုံးမှာ Social Visa ဗီဇာ လျှောက်ကာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားသူတွေ အားလုံးကို ပေါင်းလိုက်ရင် ၂၀၁၃ အတွင်း ပြည်တော်ပြန်တဲ့ ဦးရေဟာ ၁၀၀၀ ဝန်းကျင် အထိ ရှိမယ်လို့ ခန့်မှန်းရပါတယ်။

ဒီထဲက အများစုဟာ ၂၅ နှစ်တာ ခွဲခွာ နေရတဲ့ မိသားစုနဲ့ တွေ့နိုင်ဖို့ အဓိက သွားကြတာ ဖြစ်ပြီး ၂၈ ရက်သာ မြန်မာနိုင်ငံမှာ နေခွင့် ရကြပါတယ်။ ဒီ ၂၈ ရက်ရဲ့ အတွေ့အကြုံပေါ် အခြေခံပြီး လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေပေါ် သူတို့ရဲ့အမြင်တွေကို Facebook ပေါ်မှာ ပြန်ရေးကြတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဆီ အပြီးတိုင် ပြန်ပြီး လက်ရှိနိုင်ငံရေး ဖြစ်စဉ်ထဲ ကိုယ်တိုင် ဝင်ပါဖို့၊ ဒါမှမဟုတ် မိဘဆွေမျိုး တွေနဲ့အတူ အပြီး ပြန်နေပြီး ရတဲ့ အလုပ်ကို လုပ်ကိုင်စားသောက်ဖို့ ပြောသူ မရှိသလောက် နည်းနေတာကို တွေ့ရပါတယ်။

ဘာကြောင့်လဲ။ တစ်ဦးချင်းစီမှာ မတူတဲ့ အကြောင်းပြန်ချက် တစ်ခုစီ ရှိနေနိုင်ပါတယ်။ အဲဒီထဲက တစ်ဦးဖြစ်တဲ့ ကျွန်တော်ရဲ့ အတွေ့အကြုံကို ဒီနေရာမှာ အကျဉ်း တင်ပြချင်ပါတယ်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ဝင်လာ ပြီးတဲ့နောက် စတင် ပြောင်းလဲလာတဲ့ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်အတွင်း အားလုံး ပါဝင်ကြဖို့ သမ္မတဦးသိန်းစိန် ကိုယ်တိုင်က နော်ဝေနိုင်ငံ အထိလာပြီး ပြည်ပရောက် မြန်မာတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ အတိအကျပြော ရမယ်ဆိုရင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ နေ့က အော်စလိုမှာ ပြုလုပ်တဲ့ မြန်မာ မိသားစုနဲ့ တွေ့ဆုံပွဲအတွင်း အဲဒီလို ဖိတ်ခေါ်ခဲ့တာပါ။

သူ့ရဲ့စကားလုံး အတိအကျကို ပြန်ကိုးကားရမယ် ဆိုရင် “ခင်ဗျားတို့ တစ်တွေ ဘယ်နိုင်ငံကိုပဲ ရောက်နေနေ၊ ခင်ဗျားတို့ အားလုံးဟာ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေဖြစ်တယ်။ ကျွန်တော်တို့ အချင်းချင်းကြားမှာ အားလုံး တူညီချင်မှ တူညီကြပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံ ကိုယ်ချစ်တဲ့ စိတ်ကတော့ တူကြပါတယ်။ ဒါကြောင့် မတူတာတွေကို ဘေးဖယ်ပြီး တူတာတွေကို တွဲလုပ်ဖို့ အချိန်တန်နေပြီ၊ ပြည်ထောင်စု ချစ်စိတ်ပေါ် အခြေခံပြီး ကိုယ့်နိုင်ငံ အကျိုးအတွက် တစ်ဖက်တစ်လမ်းက လက်တွဲ ဆောင်ရွက်ကြပါလို့ ဖိတ်ခေါ်ပါတယ်” ဆိုပြီး သမ္မတဦးသိန်းစိန် ပြောသွားတာကို ကျွန်တော် အသေအချာ မှတ်စု ရေးထားပါတယ်။

ဒီလို ဖိတ်ခေါ်ပြီး သိပ်မကြာခင် ဧပြီလကုန်ပိုင်းမှာ ကျွန်တော်ရဲ့ မြန်မာနိုင်ငံ ပထမခရီးစဉ် စတင်ခဲ့ပါတယ်။ ဒါဟာ ၂၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပြည်တော်ပြန် ခရီးစဉ် ဖြစ်တာမို့ အတော် စိတ်လှုပ်ရှားဖွယ် ကောင်းပါတယ်။ ဒီလိုနဲ့ မေလ ၁ ရက်နေ့မှာ အမိမြန်မာနိုင်ငံဆီ ကျွန်တော် ရောက်သွားခဲ့ပါတယ်။ အမိ မြန်မာနိုင်ငံဆိုတဲ့ အတိုင်း မြန်မာနိုင်ငံဟာ ကျွန်တော် မွေးဖွားကြီးပြင်း ခဲ့တဲ့မြေ၊ ကျွန်တော် ချစ်တဲ့မြေ၊ ကျွန်တော့် ဘိုးဘွား၊ မိဘ၊ မောင်နှမ၊ ဆွေမျိုးသင်္ဂဟ၊ သူငယ်ချင်း၊ မိတ်ဆွေတွေ ရှိတဲ့မြေပါ။ ဒါပေမဲ့ အာဏာပိုင်တွေက ကျွန်တော့်ကို မြန်မာနိုင်ငံနဲ့ ဘာမှမဆိုင်တဲ့၊ မြန်မာနိုင်ငံမှာ မွေးသူ မဟုတ်တဲ့ တကယ့် နိုင်ငံခြားသား တစ်ဦးလို ဆက်ဆံပြ လိုက်ပါတယ်။

“ကိုထက်အောင်ကျော်ရဲ့ နော်ဝေနိုင်ငံသား စာအုပ် ခဏပြပါ။ Passport နံပါတ်၊ ဗီဇာ နံပါတ်တွေ ပြောပါ။ ဒီမှာ ဘယ်နှရက် နေမယ်ဆိုတာကို ပြောပါ” ဆိုပြီး ကျွန်တော်တို့ ရွာကို အုပ်ချုပ်ခွင့် ရထားတဲ့ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်မှ နယ်ထိန်းရဲက ပြောပါတယ်။ ဒါက မေလက သွားခဲ့တဲ့ ပထမ ခရီးစဉ်တုန်းက ကြုံခဲ့ရတာပါ။

အခု ပြီးခဲ့တဲ့ ဒီဇင်ဘာလ ဒုတိယခရီးစဉ် မှာတော့ အမေးအမြန်း အစစ်အဆေးက ပိုများလာပါတယ်။ အရင်တစ်ခေါက်က လာမေးတဲ့ နယ်ထိန်းရဲ အဆင့်တင် မကတော့ပါ။ မြို့နယ် လ.ဝ.က ရုံးအထိ လာပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေကို လူကိုယ်တိုင် လက်မှတ်ရေးထိုး ပေးရမယ်လို့ ဆိုပါတယ်။ ကျွန်တော်က မလာနိုင်ဘူးဆိုပြီး ငြင်းလိုက်တော့ ကျွန်တော့် မိသားစုဝင်ထဲက တစ်ဦး မဖြစ်မနေလာပြီး အဲဒီစာရွက်တွေကို လက်မှတ် ရေးထိုးရမယ်လို့ အာဏာပိုင်တွေက ရွာအထိ လာပြီး ပြောပါတယ်။

အဲဒီလို လက်မှတ် ရေးထိုးခဲ့ရတဲ့ စာရွက်စာတမ်းတွေထဲမှာ ဘာတွေ ပါသလဲဆိုတော့ ပထမတစ်စောင်က နော်ဝေနိုင်ငံသား ကျွန်တော် ဒီရွာမှာ တည်းခိုနေတဲ့ အကြောင်း ကျွန်တော့် မိသားစုကနေ မြို့နယ် လ.ဝ.က မှူးဆီ အကြောင်းကြားတဲ့စာ၊ ဒုတိယ တစ်စောင်က လောင်းလုံးမြို့နယ် လ.ဝ.က ဦးစီးမှူးကနေ တနင်္သာရီတိုင်းဒေသကြီး လ.ဝ.က ဦးစီးမှူးဆီ အစီရင်ခံတဲ့စာ၊ တတိယ နှစ်စောင်က ‘၁၉၄၈ ခု နိုင်ငံခြားသားများ မှတ်ပုံတင်ရေး စည်းကမ်းဥပဒေ များနှင့် ဟိုတယ်သို့ ရောက်ခြင်း အစီရင်ခံစာ’ လို့ ခေါင်းစဉ် တပ်ထားတာ တွေ့ရပါတယ်။

နံပါတ် ၄ စာရွက်က “ရပ်ကွက်အတွင်း တည်းခိုတဲ့ နိုင်ငံခြားသား ဧည့်စာရင်း’။ နံပါတ် ၅ က ‘ရပ်ကွက်နေအိမ် အဆောက်အအုံများတွင် တည်းခိုနေထိုင်သည့် နိုင်ငံခြားသားများနှင့် အိမ်ရှင်များ လိုက်နာရမည့် စည်းကမ်းချက်များ” တဲ့။ နံပါတ် ၆ က ‘အိမ်ထောင်စု လူဦးရေ စာရင်း’။ နံပါတ် ၇ က ‘ကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာ’။ နောက်ဆုံး နှစ်ရွက်က ကျွန်တော်ရဲ့နော်ဝေနိုင်ငံသား စာအုပ် မိတ္တူနှစ်စောင် ဖြစ်ပါတယ်။

ဒါဟာ နိုင်ငံခြားသားဖြစ်တဲ့ ကျွန်တော့် လုံခြုံရေးအတွက် သူတို့ဘက်က ကူညီပေးတာလို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမဲ့ ကျွန်တော့်လို ပြည်တော်ပြန်တွေ အားလုံးအတွက် ဒေသဆိုင်ရာ အာဏာပိုင်တိုင်းက ဒီလို လုပ်ရမယ်လို့ နေပြည်တော်ကနေ ညွန်ကြားချက် ထုတ်ထား မထားတော့ မသေချာလှပါ။ သေချာတာကတော့ နော်ဝေအထိ လာပြီး ပြည်ပရောက်နေသူတွေ ပြန်လာကြဖို့၊ တိုင်းပြည် တည်ဆောက်ရေးမှာ လက်တွဲ ဆောင်ရွက်ကြဖို့ ဖိတ်ခေါ်သွားတဲ့ သမ္မတဦးသိန်းစိန်ရဲ့ စကားနဲ့ အခု လုပ်ရပ် လွဲနေပါတယ်။

နိုင်ငံခြားသား မှတ်ပုံတင် ကိုင်ထားသူကို နိုင်ငံခြားသားလို မဆက်ဆံရင် ဘယ်လို ဆက်ဆံရမလဲလို့ အာဏာပိုင်တွေဘက်က မေးခွန်း ထုတ်ကြမလား။ ကျွန်တော်ကလည်း အဲဒီမေးခွန်းကိုပဲ ပြန်မေးခွန်း ထုတ်ချင်နေတာပါ။ တကယ်တော့ ကျွန်တော်တို့ဟာ နိုင်ငံခြားမှာမွေး၊ နိုင်ငံခြားမှာ ကြီးတဲ့ နိုင်ငံခြားသား စစ်စစ်တွေမှ မဟုတ်ဘဲ။ ကိုယ့်တိုင်းပြည်ရဲ့ နိုင်ငံရေး အခြေအနေ တစ်ခုကြောင့် နယ်စပ်ဒေသကနေ နိုင်ငံရပ်ခြားဆီ ရောက်သွားပြီး နိုင်ငံမဲ့ ဖြစ်သွားလို့ သက်ဆိုင်ရာ နိုင်ငံရဲ့ နိုင်ငံသား လက်မှတ်ကို မလွဲ မရှောင်သာ ကိုင်ထား ရသူတွေသာ ဖြစ်တယ် မဟုတ်ပါလား။

ရှင်းအောင် ထပ်ပြော ရမယ်ဆိုရင် ၈ လေးလုံး အရေးတော်ပုံကို လက်နက်အားကိုးနဲ့ ဖြိုခွဲပြီး တက်လာတဲ့ စစ်အစိုးရကို လက်နက်ကိုင်တော်လှန်မှ ရမယ်ဆိုတဲ့ ခံယူချက်နဲ့ နယ်စပ်ဒေသဆီ တောခိုခဲ့တဲ့ ကျောင်းသား လူငယ်တွေပါ။ သတ်မှတ် ကာလအတွင်း တော်လှန်ရေး မအောင်တဲ့အတွက် နယ်စပ်ကနေ တစ်ဆင့် အိမ်နီးချင်း နိုင်ငံတွေ၊ အဲဒီကနေ တစ်ဆင့် တတိယ နိုင်ငံတွေဆီ ရောက်သွား သူတွေသာ ဖြစ်ပါတယ်။

ဆိုလိုတာက နိုင်ငံတကာရှိ မြန်မာ သံရုံးတွေမှာ တာဝန် ထမ်းနေတဲ့ ဝန်ထမ်းတွေလို၊ ပညာတော်သင် ထွက်လာတဲ့ ကျောင်းသားတွေလို ကျွန်တော်တို့မှာ တရားဝင် မြန်မာနိုင်ငံကူးလက်မှတ် Passport မရှိပါ။ UN ဆိုတဲ့ နိုင်ငံမဲ့ ဒုက္ခသည် လက်မှတ်နဲ့ နိုင်ငံရပ်ခြားဆီ ရောက်လာသူတွေသာ ဖြစ်ပါတယ်။ နဂိုကတည်းက မြန်မာနိုင်ငံကူး လက်မှတ် မရှိတဲ့ လူတွေဟာ ကိုယ်ရောက်သွားတဲ့ နိုင်ငံရဲ့ မှတ်ပုံတင်ကို မကိုင်လို့ ဘာကို သွားကိုင်ရမှာလဲ။ ဒီလို ကိုင်တာကို မျိုးချစ်စိတ် မရှိလို့ နိုင်ငံခြားသား ခံယူတယ်ဆိုပြီး ပြောသင့်သလား။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ၁၀ နှစ်ကျော်၊ အနောက်နိုင်ငံကြီးတွေမှာ ၁၀ နှစ်ကျော် နေထိုင်ခဲ့ပေမယ့် ဒီနိုင်ငံတွေဟာ ကိုယ့်နိုင်ငံ မဟုတ်ဘူးဆိုတာ ရင်ထဲ နှလုံးသားထဲက သိနေတာပဲလေ။ ဘာသာစကား မတူ၊ ယဉ်ကျေးမှု မတူ၊ ရာသီဥတု မတူ၊ ဘာမှကို မတူတဲ့ ကြားထဲမှာ ရွေးစရာမရှိ နှစ် ၂၀ ကျော် နေလာခဲ့ရတဲ့ ဘဝကနေ ဟော... အခု သမ္မတဦးသိန်းစိန်ကိုယ်တိုင် လာခေါ် ပြီဆိုတော့ ကိုယ့်နိုင်ငံကိုယ် ပြန်လည်ခွင့် ရပြီပေါ့။ ပြည်တော်ပြန်တဲ့ ခရီးစဉ်ဟာ ဘယ်လောက် ပျော်ဖို့ ကောင်းမလဲ။

ဒီလို စိတ်ကူးတွေ၊ မျှော်လင့်ချက်တွေနဲ့ ပြန်လာကြတဲ့ ကျွန်တော်တို့ကို နိုင်ငံခြားကနေ လာလည်တဲ့ ကမ္ဘာလှည့် ခရီးသည် တစ်ဦးလို အာဏာပိုင်တွေဘက်က ဆက်ဆံ သင့်ပါသလား။ သမ္မတ ဘေးမှာလည်း ပြည်တော်ပြန်တွေ ကိုယ်တိုင် အကြံပေးအဖြစ် ရှိရဲ့သားနဲ့ ဘာကြောင့် ဒီလို ဖြစ်ရတာလဲ။ မတော်တဆ လွဲချော်မှုလား။ တမင်တကာ ကျွန်တော်တို့ကို နှိမ့်ချပြီး ခွဲခြား ဆက်ဆံ နေတာလား။ သမ္မတရဲ့ဖိတ်ခေါ်ချက်နဲ့ အောက်ခြေ အစိုးရဝန်ထမ်း အဆင့်ဆင့်ရဲ့ လုပ်ဆောင်မှု ကွာဟ နေတာကတော့ အသေအချာပါပဲ။

အာဏာပိုင်တွေတင် မကပါဘူး။ အာဏာပိုင်တွေ ညွှန်ကြားတဲ့အတိုင်း လိုက်လုပ်နေရတဲ့ ပြည်တွင်း လေကြောင်းလိုင်း ဝန်ထမ်းတွေ၊ ဟိုတယ် ဝန်ထမ်းတွေကလည်း မြန်မာပြည်ဖွား မြန်မာစကားပြော နေတဲ့ ကျွန်တော်တို့ကို နိုင်ငံခြားသားဆိုပြီး ဈေးနှုန်းတွေ နှစ်ဆ ယူကြပါတယ်။ ဘာကြောင့်များ အဲဒီလို ခွဲခြား ဆက်ဆံတာလဲ။ အဲဒီလို ခွဲခြားဆက်ဆံရမယ်လို့ ဥပဒေများ ထုတ်ထား ပါသလား။

နောက်တစ်ချက်ကတော့ ပြည်တော်ပြန်တွေကို အမြဲတမ်း နေထိုင်ခွင့် Permanent Resident ထုတ်ပေးမယ်လို့ အာဏာပိုင်တွေက လေသံ ပစ်ထားပေမယ့် အခုချိန်ထိ တိကျတဲ့ လုပ်ငန်းစဉ် ဘာမှ ထွက်မလာသေးပါ။ မြန်မာနိုင်ငံသား အဖြစ် ပြန်လျှောက်သူတွေ၊ မှတ်ပုံတင် ပြန်လျှောက်သူတွေကို တောင် ထုတ်မပေးဘဲ အချိန် ဆွဲထားတာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။ အထူးသဖြင့် ABSDF နဲ့ လူ့ဘောင်သစ်ပါတီ ခေါင်းဆောင်ပိုင်း အပါအဝင် အစိုးရကို ဝေဖန်တဲ့သူတွေကို အခုချိန်ထိ မှတ်ပုံတင်လည်း ထုတ်မပေးသေး၊ နိုင်ငံသားအဖြစ်လည်း ခွင့်ပြုချက် မပေးသေးဘူးလို့ သတင်းတွေ ထွက်နေပါတယ်။

အနှစ် ပြန်ချုပ်ရမယ်ဆိုရင်တော့ ကျွန်တော်တို့ အခြေအနေဟာ ‘အနှစ် ၂၀ မျှ တိုင်းပြည်အတွက် အလုပ် လုပ်လာပြီးနောက် ကျွန်တော်သည် ကိုယ့်ကိုယ်ကိုယ်ပြန်၍ ကြည့်လိုက်သောအခါ ကြိုးတိုက်ထဲသို့ ရောက်၍ နေသည်ကို တွေ့ရလေသည်’ ဆိုတဲ့ ဗိုလ်မှူးချစ်ကောင်းရဲ့အခြေအနေနဲ့ သိပ်မကွာလှပါ။ သူက နှစ် ၂၀ တိုင်းပြည်အတွက် တာဝန်ထမ်းပြီးတဲ့အခါ နိုင်ငံရေး အကျဉ်းသား ဖြစ်နေပြီး ကျွန်တော်တို့ ဘဝက နိုင်ငံမဲ့ အကျဉ်းသား ဖြစ်နေပါရော့လား။

2 comments:

Good expression Win Htein. Bravo!

အေးဗျာ ကိုယ်တိုင်ခံစားဖူးမှနားလည်ကြမှာပါ တချိန်ချိန်တော့အဆင်ပြေပါစေလို့ဆုတောင်းရမှာပဲ

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More