Monday, January 6, 2014

ဒုတိယအကြိမ် ပြည်တော်ပြန်ခရီးစဉ် (၂)

ထက်အောင်ကျော် (ဇန်နာဝါရီ ၇ ရက်၊ ၂၀၁၄)
ရန်ကုန်။

ပထမ တခေါက်တုန်းက ထိုင်းလေကြောင်းလိုင်းနဲ့ဈေးကြီးပေးပြီးသွားခဲ့တဲ့ကျနော်ဟာ အခုတော့ အလယ်လတ်အဆင့် ဘတ် ၇၀၀၀ တန် မြန်မာ့လေကြောင်းလိုင်းနဲ့။ Pilot မှအပ အားလုံး မြန်မာဝန် ထမ်းတွေချည်း။ မြန်မာနိုင်ငံကိုမရောက်ခင်ကတည်းက မြန်မာအငွေ့အသက်ကိုကြိုရနေတဲ့သဘောပေါ့။ ဒါပေမဲ့ လေယဉ်ပေါ်မှာကျွေးတဲ့အစားစာက ပေါင်မုန်နဲ့ကော်ဖီဆိုတော့ အနောက်တိုင်းဆန်နေသလိုပါပဲ။ ထိုင်းလေကြောင်းလိုင်းက ထိုင်းရိုးယာအစားအစာကျွေးသလိုမျိုး မြန်မာ့ရိုးယာအစားစာကျွေး နိုင်ခြင်းမျိုး သို့မဟုတ် မြန်မာ့အစားစာကို နိုင်ငံတကာအဆင့်မှီအောင် ကျွေးနိုင်တဲ့အဆင့်ထိတော့ လက်ရှိအစိုးရက မပြောင်းလဲနိုင်သေးပါ။

(ရန်ကုန် နိုင်ငံတကာလေဆိပ်သို့ အ၀င်)

ဈေးပေါတဲ့ခရီးစဉ်ဆိုတော့ နေ့ခင်းဖက်လေယဉ်မရှိ။ မနက်စောစောနဲ့ ညနေပိုင်းပဲရှိတာကြောင့် အခု ခရီးစဉ်က ညနေ ၇ နာရီ ၁၅ မီနစ်။ ရန်ကုန်လေဆိပ်ရောက်တော့ မှောင်မှောင်မဲမဲ။ တမြို့လုံးနဲ့စာရင် မင်္ဂလာဒုံလေယဉ်ကွင်းက မီးပိုလင်းတယ်လို့ဆိုကြပေမဲ့ ဘန်ကောက်ကနေတဆင့်ဝင်လာတဲ့ ဧည့်သည် တဦးအဖို့တော့ မြို့ပြကနေ ကျေးလက်ကိုရောက်လာသလိုပါပဲ။ အရင်တခေါက်တုန်းက နေ့ခင်း ဖက်မှာရောက်လာလို့ မီးအလင်းအမှောင်ကိုသတိမပြုမိပါ။

နောက်တခါ အရင်တခေါက်နေ့ခင်းဖက်မှာတုန်းက Passport Control ကောင်တာတွေ အားလုံးအလုပ် လုပ်တဲ့အတွက် သိပ်အကြာကြီးတန်းစီစရာမလို။ အခုက ညနေခင်းမို့လားမသိ။ နိုင်ငံခြားသားစာအုပ် တန်းဖက်မှာ ကောင်တာ ၂ ခုပဲအလုပ်လုပ်ပြီး မြန်မာစာအုပ်ဖက်မှာ ကောင်တာ ၄ ခုအလုပ်လုပ်နေတာ တွေ့ရပါတယ်။ လေယဉ်ကလဲ ၃ စင်းလောက် ဆက်တိုက်ဝင်လာတယ်လို့ထင်ပါတယ်။ ကျနော့်ရှေ့မှာ တန်းစီနေတဲ့နိုင်ငံခြားသား ၁၀၀ ခန့်ရှိပါတယ်။ ဒီပုံနဲ့ဆိုရင်တော့ ၉ နာရီထိုးတဲ့အထိ ကွင်းထဲကနေ ထွက်ရမဲ့ကိန်းမပေါ်သေး။

သူငယ်ချင်းမိတ်ဆွေတွေဆီသတင်းပို့ဦးမှဆိုပြီး iphone ကိုဖွင့်လိုက်တော့ No service လို့ပေါ်နေပါတယ်။ အဲဒါမှ ဒုက္ခ။ အော်စလိုကနေ ဘန်ကောက်အထိ အလုပ်ဖြစ်နေတဲ့ iphone က ရန်ကုန်ရောက်မှ လွှင့်ပစ်ရတော့မလို ဖြစ်နေပါတယ်။ ဖုန်းမမိပေမဲ့ အင်တာနက်လိုင်းများ မိမလားဆိုပြီးကြိုးစားရှာဖွေပေမဲ့ ဘာမှပေါ်မလာ။ အရင်တခေါက်ကဆိုရင်တော့ ထားပါတော့။ အခုက နော်ဝေးနိုင်ငံက Telenor အပါဝင် နိုင်ငံခြားဆက်သွယ်ရေးကုပ္ပဏီကြီးတွေကိုယ်တိုင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ခွင့်ရထားပြီးသား မဟုတ်ပါလား။

ဘာမှမတတ်နိုင်။ တယ်လီဖုန်းမမိ၊ အင်တာနက်မရှိတဲ့ နိုင်ငံတကာလေဆိပ်တခု ကမ္ဘာပေါ်မှာရှိနေဆဲလို့ မှတ်တန်းတင်ထားရုံမှတပါး ဘာများလုပ်နိုင်ဦးမည်နည်း။ ကံကောင်းတာကတော့ မြန်မာစာအုပ် ကိုင်သူတွေဖက်က အမြန်ပြီးသွားတဲ့အတွက် အဲဒီကောင်တာတွေမှာ နိုင်ငံခြားသားတွေကိုပါ ၀င်ခွင့် ပေးလိုက်လို့ နဲနဲမြန်လာပါတယ်။ ဒါပေမဲ့ ဘန်ကောက်က လ၀က ၀န်ထမ်းတွေ အလုပ်လုပ်တဲ့နှုံးနဲ့စာရင် ရန်ကုန်လေယဉ်ကွင်းဝန်ထမ်းတွေရဲ့ အလုပ်လုပ်နိုင်မှုနှုံးက ၂ ဆလောက်နှေးနေဆဲလို့ ထင်မိပါတယ်။

ဒီကြားထဲ လ၀က ယူနီဖောင်ကြီးဝတ်ပြီး လူတန်းရှည်ကိုတိုးဖြတ်သွားတဲ့အရာရှိ။ ဂျင်းဝမ်းဆက်နဲ့ လူ တန်းရှည်ကိုလျှောက်ကြည့်နေတဲ့ ထောက်လှမ်းရေး။ ရေသန့်ဗူးနဲ့ ထမင်းဂျိုင့်လာပို့တဲ့ ကလေးငယ် တွေကလဲ နိုင်ငံခြားသားတွေကို Hi, Hello တောင် မပြောပဲ ဒီတိုင်းတိုးဝှေ့ပြီးဖြတ်ကျော်သွားကြပါတယ်။ ကမ္ဘာပေါ်မှာအယဉ်ကျေးဆုံးတိုင်းပြည်ဆိုပြီး သူတို့ကိုယ်သူတို့ တင်စားလေ့ရှိတဲ့မြန်မာတွေ ဒီနေရာမှာတော့ သူတို့ရဲ့ယဉ်ကျေးမှုကို ထုတ်ပြရကောင်းမှန်းသိပုံမရသေးပါ။ ဒါမှမဟုတ် ယဉ်ကျေးမှုဆိုတာဟာ သာမန်အရပ်သားတွေအတွက်သာဖြစ်ပြီး ယူနီးဖောင်းဝတ်ထားသူတွေအတွက် မပါဘူးလို့ နားလည်ထားတဲ့သဘောလား။ ယူနီဖောင်းဝတ်ထားရင် သာမန်အရပ်သားတွေကို လေးလေးစားစား ဆက်ဆံဖို့ မလိုတော့ဘူးဆိုတဲ့ ခေတ်ဟောင်းက mindset ကျန်နေတဲ့သဘောလား။

ဟိုငေးဒီငေးနဲ့ မီနစ် ၃၀ ကျော်တန်းစီပြီးတဲ့အခါမှာတော့ ပစ္စည်းရွေးတဲ့နေရာဆီရောက်လာပါတယ်။ အရင်တခေါက်က ကာစတန်ဖောင်မဖြည့်ရင် မရဘူးဆိုတဲ့အတွက် အချိန်ယူရေးခဲ့တဲ့ကျနော် အခု တခေါက်မှာတော့ အဲဒီစာရွက် မလိုတော့ဘူးလို့ပြောဆိုခြင်းနဲ့ ကြုံရပြန်ပါတယ်။ ထားပါတော့။ ဥပဒေတွေ၊ စည်းကမ်းတွေဆိုတာ ခေတ်နဲ့မညီရင် ဒီလိုပဲ ပယ်ဖျက်ပေးရမယ်မဟုတ်ပါလား။ အခြေခံ ဥပဒေ ပြင်ဖို့ကြိုးစားနေတဲ့ နေရာမှာလဲ ဒီလိုလွယ်ကူရင် ဘယ်လောက်ကောင်းလိုက်မလဲလို့တွေးမိပါတယ်။

လေယဉ်ကွင်းအပြင်ရောက်မှ အမှောင်ရိပ်က ပိုများလာသလိုပဲ။ ခပ်မှောင်မှောင်ထဲမှာ တန်းစီအော်ပြီး ခရီးသည်ခေါ်နေတဲ့ တက္ကစီသမားတွေက အများကြီး။ အဲဒီထဲကတယောက်က ကျနော့်အိတ်ကိုဆွဲပြီး သူကားပေါ်တက်ပါ။ မြို့ထဲကို ၇၀၀၀ လို့ဆိုပါတယ်။ အရင်တခေါက်က ၅၀၀၀ ပဲပေးရပါတယ်လို့ ရွှီးပြီး ဈေးဆင့်ပေမဲ့ မရ။ ဟိုး...ဆိုင်းဘုတ်ပေါ်မှာရေးထားတဲ့ ဈေးနှုံးတွေကိုပြပြီး ၇၀၀၀ ဟာပုံမှန်ဈေးပါပဲလို့ ဆိုပါတယ်။ ဒီလိုနဲ့ ည ၉ နာရီကျော်မှ လေယဉ်ကွင်းကနေ ကျနော်တည်းခိုမဲ့ မိတ်ဆွေတဦးရဲ့နေအိမ်ဆီ ကားက ဦးတည်လာပါတယ်။

(ထွန်စက်နဲ့ လေယဉ်ကိုဆွဲနေတဲ့ ရန်ကုန်လေယဉ်ကွင်း)

ဒီကားသမားက ကွမ်းစားပေမဲ့ ဆေးလိပ်တော့မသောက်ပါဘူး။ ၈ မိုင်လမ်းဆုံမီးပွိုင့်ရောက်တော့ အားလုံးသောတက္ကစီသမားတွေရဲ့ထုံးစံအတိုင်း ကားတခါးဖွင့်ပြီး ကွမ်းသွေးထွေးပါတယ်။ ဘန်ကောက်မှာ လို ဆိုင်ကယ်သမားတွေသာရှိရင် သွားပြီ။ ကားတခါးဖွင့်တာနဲ့ ဆိုင်ကယ်က၀င်ကျုံးမှာ။ ဒါကြောင့်များ ရန်ကုန်မှာ ဆိုင်ကယ်မစီးရလို့ အမိန့်ထုတ်ထားသလားမသိပါ။ ဘယ်ရဲကမှ ဒါကို အရေးမယူ။ မယူဆို ရဲတွေကိုယ်တိုင်လဲ ကွမ်းဝါးရင်း ၀စီမှုတ်နေတာပဲလေ။

ကမ္ဘာအေးဘုရားလမ်းဖက်ကွေ့ပြီး န၀ဒေးအိမ်ယာဖက်ရောက်တာနဲ့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ဦးမြတ်ခိုင်တို့ရဲ့ အင်တာဗျုးအကြောင်း၊ လက်ရှိဂျာနယ်လောကအခြေနေအကြောင်း ကာသမားနဲ့စတင်ပွါးဖြစ်ပါတယ်။ ''ခေတ်ပြောင်းသွားပြီလေ ဆရာ။ ဂျာနယ်တွေက သူတို့ကိုဖဲ့ထားတာ အကြီးအကျယ်ပဲ။ အရင်ဆို ဒါမျိုး ဘယ်ရေးလို့ရမလဲ'' လို့ တက္ကစီသမားကပြောပါတယ်။ ပြီးတော့ ကိုမိုးဟိန်းရဲ့ သူရိယနေ၀န်းဂျာနယ် ရောင်းမလောက်ဖြစ်နေတဲ့အကြောင်း၊ အဲဒီဂျာနယ်ကို  သူ သိပ်ကြိုက်တဲ့အကြောင်း၊ ဦးတေဇရဲ့ တနေ့တာ အသုံးစရိတ်က ကမ္ဘာကျော်ဘော်လုံးသမား ဒေးဗစ်ဘက်ဟမ်းထက် ပိုများနေတဲ့အကြောင်း စသဖြင့် သူရိယနေ၀န်းမှာ သူဖတ်မိသမျှတွေကို ကျနော်အားပြန်ပြောပြနေပါတယ်။

''ဒီကောင်တွေ အရင်လို ရမ်းလို့မရတော့ဘူး။ ဂျာနယ်တွေက သူတို့ကို ဖဲ့ဖို့စောင့်နေတာလေ ဆရာ'' ဆိုတဲ့ တက္ကစီသမားရဲ့မှတ်ချက်က ကျနော်ကိုစဉ်းစားစရာတွေ အများကြီးပေးလိုက်ပါတယ်။ စတုတ္တမဏ္ဍိုင်ရဲ့ တာဝန်က စစ်ဗိုလ်ဟောင်းတွေနဲ့ ခရိုနီတွေကိုဖဲ့ဖို့သက်သက်ပဲလား။ မီဒီယာဆိုတာကို စာဖတ် ပရိတ်သတ်တွေက ဒီတက္ကစီဆရာမြင်သလိုပဲ မြင်နေကြပြီလား။ ဒါပေမဲ့ ပရိတ်သတ်ကိုလဲ အပြစ်မဆိုသာ။ လွန်ခဲ့တဲ့ နှစ် ၂၀ ၀န်းကျင်ကခေတ်စားခဲ့တဲ့ ထောက်လှမ်းရေးတွေဦးစီးတဲ့ ''မြက်ခင်းသစ်'' မဂ္ဂဇင်းဆိုတာ တောထဲက ကျနော်တို့တော်လှန်ရေးရဲဘော်တွေကို ဒီလိုပဲ အသားလွတ် တီးခဲ့တာပဲ မဟုတ်ပါလား။

အာဏာပိုင်တွေနဲ့ ခရိုနီတွေ ၀ဋ်လည်တယ်လို့ပဲ သဘောထားရမှာပေါ့။ ဒါက စာဖတ်ပရိတ်သတ်ဖက် ကအမြင်ကိုပြောတာပါ။ သတင်းသမား၊ မီဒီယာသမားတဦးအနေနဲ့ကတော့ အဲဒီလိုသွားတုန့်ပြန်နေလို့ ဘယ်ဖြစ်မလဲ။ ခေတ်ပြောင်းကာလ ပွင့်လင်းစ မီဒီယာအခြေနေနဲ့ သတင်းသမားတဦးချင်း၊ သတင်း ဌာန တခုချင်း၊ ပိုင်ရှင်တဦးချင်းစီရဲ့ ကျင့်ဝတ်ဆိုင်ရာကိစ္စတွေက ဆွေးနွေးစရာတွေအများကြီးရှိနေဆဲပါ။

စကားတပြောပြောနဲ့ ရန်ကုန်ညကိုဖြတ်ရင်း တည်းမဲ့အိမ်ရောက်တော့ ၁၀ နာရီထိုးနေပြီ။  ဖုန်းဆက်လို့ မရတော့ တည်းမဲ့အိမ်ကလဲ ကျနော်သူတို့အိမ်အောက်ရောက်နေပြီဆိုတာကို မသိ။ ကြိုးဆွဲခေါင်းလောင်း (အနောက်နိုင်ငံတွေမှာလို လူခေါ်ခလုတ်မရှိတဲ့အတွက် အခန်းအသီးသီးဆီ ကြိုးဆွဲခေါင်းလောင်းနဲ့ ခေါ်ရပါတယ်) ကိုဆွဲမယ်ပြင်တော့ ဘယ်အချောင်းက ဘယ်အခန်းဆိုပြီး နံပတ်တပ်ထားတာမျိုး။ အိမ်ရှင်အမည်တပ်ထားတာမျိုး မရှိ။ နောက်ဆုံးကျမှ တက္ကစီသမားမှာ လက်ကိုင်ဖုန်းပါမှန်း သတိရပြီး သူဖုန်းနဲ့ဆက်လိုက်တော့မှ အိုကေ သွားပါတော့တယ်။

နောက်တနေ့မနက်စောစောမှာတော့ ရွှေတိဂုံဘုရားပေါ်တက်ပြီ ဘုရားဖူးပါတယ်။ အရင်တခေါက်တုန်းက နိုင်ငံခြားသားဆိုပြီး ၅ ဒေါ်လာပေးခဲ့ရဖူးတဲ့အတွက် ဒီတခေါက်မှာတော့ ကင်မရာကို လည်ပင်းမှာ မဆွဲတော့ပဲ အိတ်ထဲသိမ်းထားရပါတယ်။ ပြီးတော့ လုံချည်တွေ၊ အကျီဖြူတွေနဲ့ဆိုတော့ ဒေါ်လာ ကောက်တဲ့ကောင်တာက ဘာမှမမေးတော့ပါ။ ဒါပေမဲ့ ပန်းသည်နဲ့တွေ့မှ ၅ ဒေါ်လာနီးပါးပေးလိုက်ရပြန် ပါတယ်။ ဘုရားရှိခိုးရင် ပန်းတွေ၊ ဆီးမီးတွေပါမှ ပိုကုသိုလ်ရသလား၊ စိတ်က အဓိကလားဆိုတာကို ကျနော်သိပ်မကွဲပြားလှပေမဲ့ သူများတွေအားလုံး ပန်းတွေဝယ်သွားတော့ ကိုယ်လဲဝယ်မှသင့်တော်မယ်ဆို ပြီး ယောင်တောင်တောင်နဲ့ ၀ယ်လိုက်ခြင်းမျှသာဖြစ်ပါတယ်။

''တစည်းမှ ၅၀၀ တည်းပါအကို'' ဆိုလို့ ပန်းတစည်းယူလိုက်တဲ့အခါ အကိုက ဘာနေ့သားလဲဆိုပြီး ပန်းသည်က ထပ်မေးပါတယ်။ ဗုဒ္ဓဟူးသားဆိုတော့ အလံတွေ၊ တိုင်တွေ၊ ဘာတွေမှန်းမသိတဲ့ အချွန်အ တက်တွေကိုပန်းစည်းထဲ သူက ထပ်ထိုးထည့်လိုက်ပါတယ်။ ၅၀၀ တန်းတရွက်ထုတ်ပေးတော့ မရဘူး။ အားလုံး ၂၅၀၀ ကျတယ်လို့ဆိုပါတယ်။ ''အဲဒါဆို မယူတော့ဘူး'' လို့ငြင်းပေမဲ့ မရတော့။ ''ဘုရားကို လှူတာပဲအကိုရာ၊ တွန့်တိုမနေပါနဲ့'' တဲ့။ ''ခင်ဗျားက ဘုရားမှ မဟုတ်ပဲ'' ဆိုပြီး ကျနော်ကပြောတော့ ပန်းသည်က သိပ်ကျေနပ်ပုံမရ။

ထားလိုက်တော့။ ရှေ့ဘ၀မှရမဲ့ကုသိုလ်အတွက် အခုလောလောဆယ်စိတ်ညစ်ခဲ့ရပြီ။ တကယ်ဆို ကျနော်ရဲ့အဓိကရည်ရွယ်ချက်က ဘုရားဖူး ပန်းလှူဖို့မဟုတ်။ ဘုရားဖူးနေသူတွေနဲ့ ဘုရားပုံကို ဓာတ်ပုံ ကောင်းကောင်းရအောင်ရိုက်ယူဖို့သာဖြစ်ပါတယ်။ ဘုရားပေါ်မှာတွေ့မိတဲ့ နိုင်ငံခြားသားအတော်များ များဟာလဲ ဓာတ်ပုံကိုပဲဦးစားပေးရိုက်နေကြတာတွေ့ရပါတယ်။ ဒါပေမဲ့ နေပူလွန်းတဲ့အတွက် ရိုက်ကွက်က သိပ်မကောင်း။

ဗိုက်ဆာလာလို့ တခုခုစားမယ်ဆိုပြီးလိုက်ရှာပေမဲ့ ဘုရားခြေရင်းတလျောက်ရှိ ယာယီဆိုင်တွေက စားချင့်ဖွယ်မရှိ။ သန့်ရှင်းမှု အားနဲနေဆဲ။ သန့်ရှင်းရေးဖက်မှာ လွန်ခဲ့တဲ့ ၆ လကနဲ့ ဘာမှထူးထူးခြားခြား တိုးတက်မှု မတွေ့ရသေးပါ။ ဒီတော့ အရင်တခေါက်ကစားခဲ့ဖူးတဲ့ တက္ကသိုလ်ရိပ်သာလမ်းသစ်ထဲက မြန်မာမူစစ်စစ် ထမင်းဆိုင်ဆီပြေးရပြန်ပါတယ်။ တက္ကစီခက ထမင်းဖိုးထက်ပိုများနေလဲ မတတ်နိုင်။ ၀မ်းလျောဝမ်းပျက်ဖြစ်သွားရင် ကုန်ကျမဲ့ဆေးဖိုးဝါးခက ဒီထက်မကပိုများနိုင်တယ်လို့ သဘောထားပြီး အကုန်ခံလိုက်ရပါတယ်။

ထမင်းစားပြီးတာနဲ့ မြန်မာနိုင်ငံခရီးစဉ် ရက် ၂၀ ခန့်အတွင်းအသုံးပြုဖို့ မြန်မာတယ်လီဖုန်းကဒ် လိုက်ရှာရပါတယ်။ နိုင်ငံခြားသားတွေအတွက် တလတာသုံးနိုင်တဲ့ သုံးသောင်းတန်ဖုန်းကပ်တွေ လေယဉ် ကွင်းနဲ့ စတိုးဆိုင်ကြီးတွေမှာရောင်းနေသလိုလိုသတင်းရပေမဲ့ အသေချာလိုက်မေးကြည့်တော့ ဘယ်သူ ကမှ အတိအကျလမ်းမညွန့်နိုင်။ ထိုင်းမှာဆိုတော့ ဒါမျိုးပူစရာမရှိ။ လေယဉ်ကွင်းရောက်တာနဲ့ ၅၀ တန် ဖုန်းကဒ်ဖြစ်ဖြစ်၊ အလားကားရတဲ့ကဒ်ဖြစ်ဖြစ်ပြောင်းထည့်လိုက်ရုံပါပဲ။ မြန်မာနိုင်ငံက ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီးလုပ်ပိုင်ခွင့်ရှိသူတွေ ဒါလေးတခုတော့ အမြန်ဆုံးလုပ်ပေးစေချင်ပါတယ်။ လောလော ဆယ်တော့ ဘာမှမတတ်နိုင်။ တည်းတဲ့အိမ်က ဖုန်းကဒ်တခုကိုပဲ အတင်းဆွဲယူပြိး ငှားသုံးလိုက်ရပါတယ်။

ညနေပိုင်းမှာတော့ အရင်တခေါက်က မရောက်ဖြစ်လိုက်တဲ့ ကျိုက်ထီရိုးဘုရားဆီသွားဖို့ ကားဂိတ်ဆီ ကျနော်ဆင်းလာပါတယ်။ ကားဂိတ်လို့အလွယ်ပြောလိုက်ပေမဲ့ တကယ်တော့ ကားဂိတ်မဟုတ်ပါ။ ဘုရားဖူးသမားတွေအတွက် လမ်းဘေးက စုရပ်နေရာတခုသာဖြစ်ပြီး ဘာထိုင်ခုံမှမရှိ။ လမ်းကြုံကားစောင့် သလိုမျိုး စောင့်နေသူ ၅၀ လောက်တောင်ရှိပါတယ်။ ဘုရားဖူးကားတွေကလဲ အမျိုးမျိုး။ ကျနော်လိုက် ရမဲ့ကားက ည ၉ နာရီမှာ ရန်ကုန်ကနေထွက်ပြီး မနက်စောစော ကင်ပွန်းစခန်းဆီရောက်မယ်လို့ဆိုပါတယ်။ တစီးပြီးတစီး ရပ်နား-ထွက်ခွါ လုပ်နေပေမဲ့ ကျနော်စီးရမဲ့ကားက ၉ နာရီကျော်တဲ့အထိရောက် မလာသေး။ မြန်မာစံတော်ချိန်ပေါ့လေလို့ပဲ စိတ်ထဲဖြေသိမ့်ထားရပါတယ်။

၉ နာရီခွဲအတိမှာတော့ လူတယောက် ကျနော့်အမည်ကိုခေါ်တဲ့အသံ ကြားလိုက်ရပါတယ်။ လက်ထောင်ပြ လိုက်တော့ လမ်းထိပ်ချင်းမှားပြီး ဘတ်စ်ကားက ဟိုရှေ့တလမ်းကျော်မှာရပ်ထားတယ်။ အဲဒီ ကိုလမ်းလျောက်ရမယ်။ သူက အဲဒီကားရဲ့ကိုယ်စားလှယ်လို့ဆိုပါတယ်။ အင်း...မြန်မာပြည်ပဲလေ။ ဒီ လောက်တော့ရှိမှာပေါ့လို့ နှစ်သိမ့်ရုံမှတပါး တခြားမရှိ။ ခရီးသည်အခွင့်ရေးအကြောင်းသွားပြောလို့လဲ သူတို့က သဘောပေါက်မဲ့ပုံမပေါ်ပါဘူး။

''ဆရာက လက်ဝှေ့သမားလား။ ကျနော်လဲ အားကစားဝါသနာပါတယ်'' ဆိုပြီး အဲဒီကားကိုယ်စားလှယ်က ဆိုလာပါတယ်။ ဒီတော့မှ ကိုယ်ပုံကိုယ်အသေချာ ပြန်ကြည့်ဖြစ်ပါတယ်။ ကျိုက်ထီးရိုးတက်ဖို့ အတွက်ဆိုပြီး ဘန်ကောက်ကနေ၀ယ်လာတဲ့ လမ်းလျောက်ဖိနပ်အသစ်၊ အားကစားဝတ်စုံအသစ်ကြီးနဲ့။ ''ဟာ မဟုတ်ပါဘူး။ ကျိုက်ထီးရိုးတက်ရင် အဆင်ပြေအောင်ဆိုပြီး အားကစားဝတ်စုံ ၀တ်ထားတာပါ'' လို့ကျနော်ကဖြေတော့ ကျိုက်ထီးရိုးက အရင်လို လမ်းလျောက်စရာမလိုတော့ဘူး။ တောင်ပေါ်အထိ ကားတွေ ရောက်နေပြီလို့သူကဆိုပါတယ်။ ဒါပေမဲ့ ကျနော်က ကားမစီးပဲ လမ်းလျောက်တက်ချင်သူ။ ဒါမှ ကျိုက်ထီးရိုးတောင်တက်ခြင်းရဲ့ သဘာဝအရသာ Eco-tourism ကို အပြည့်အ၀ခံစားနိုင်ခွင့်ရမယ် မဟုတ်ပါလား။

သူ့ကားဆီရောက်တော့ ကားကသိပ်မသားနား။ ဘေး ၂ ခုံစီပါတဲ့အပြင် အလယ်ကျောမှာလဲ ခုံပိုတခု ထည့်ထားပါသေးတယ်။ ''ဘုရားဖူးသွားမဲ့ ဓမ္မမိတ်ဆွေများခင်ဗျား'' လို့အစချီပြီး နှုတ်ခွန်းဆက်ခံရတော့ စိတ်ထဲမှာတမျိုးကြီး။ ဘုရားဖူးသွားတာနဲ့ ဓမ္မမိတ်ဆွေ အလိုလိုဖြစ်သွားရော့လား။ ရှေ့မှာပြောခဲ့တဲ့ အတိုင်းပါပဲ။ ကျနော်ရဲ့အဓိကရည်ရွယ်ချက်က ဘုရားဖူးရေးမဟုတ်။ ဘုရားဖူးနေသူတွေနဲ့ ကျိုက်ထီးရိုး ဘုရားရဲ့ပုံကို ကောင်းကောင်းဓာတ်ပုံရိုက်ဖို့၊ စတိုရီလုပ်ဖို့သာဖြစ်ပါတယ်။ ဒီတော့ ''ဓမ္မမိတ်ဆွေများ'' ဆိုတဲ့ အသုံးအနှုံးက ကျနော့်အတွက် သိပ် ''ကီး'' မကိုက်လှပဲ အနေအစားနဲနဲကျပ်စေသလိုပါပဲ။

(ရန်ကုန်မြို့ ကမ်းနားလမ်းက Rush Hour)

နော်ဝေးနဲ့မြန်မာကြား အချိန် ၅ နာရီခွဲကွာလို့ အလွန်တရာအိပ်ငိုက်နေတဲ့ကျနော့်အဖို့တော့ ကားကိုယ် စားလှယ်ရဲ့ ဇတ်သံနှောတဲ့ နှုတ်ခွန်းဆက်စကားသံက ကြားတချက် မကြားတချက်။ ငိုက်ကနဲဖြစ်သွားတုန်း အသံကျယ်ကျယ်တခုကြားလို့ပြန်နိုးလာတော့ VCD အငြိမ့်။ ခရီးသည်တွေ အိပ်ငိုက်နေမလား၊ အိပ်ချင်နေ မလား သူတို့မစဉ်းစား။ သူတို့ကြိုက်တဲ့ အငြိမ့်နဲ့ လူရွှင်တော်တွေရဲ့ပျက်လုံးတွေကို အကျယ် ကြီးဖွင့်နေလေ ရဲ့။ ''အငြိမ်ခေတ်မရှိတော့ဘူး'' လို့ ငြီးခဲ့ဖူးတဲ့ ကိုဇာဂနာကိုသွားသတိရမိပါတယ်။ ဘုရားဖူးကားတွေပေါ် မှာတော့ အငြိမ်တွေ ခေတ်ကောင်းဆဲပါ ကိုဇာဂနာ လို့သူနဲ့တွေ့ရင် ပြန်ပြောရပါဦးမယ်။

ဒါပေမဲ့ အသေချာကြည့်မိတော့ ကျနော်ထင်ထားသလိုမဟုတ်။ ကိုဇာဂနာကိုယ်တိုင်စီစဉ်တဲ့ ငြိမ်းချမ်းရေး အငြိမ့်ပြိုင်ပွဲက ဆုရအငြိမ့်ပွဲတခု။ အခုခေတ်က ငြိမ်းချမ်းရေးခေတ်ဆိုတော့ အငြိမ့်အမည်တောင် ငြိမ်းချမ်းရေးပါမှ အလုပ်ပိုဖြစ်နေတဲ့သဘောများလား။ အဲဒီအငြိမ့်အမည်ကိုမမှတ်မိတော့ပေမဲ့ သိပ်ကောင်းတဲ့ ပျက်လုံးတခုကိုတော့ မှတ်စုထဲရေးထားမိပါတယ်။ ပြကွက်က စစ်ဗိုလ်တဦးရယ်၊ ဆရာဝန် တဦးရယ်၊ လယ်သမားတဦးရယ် အသီးသီးထွက်လာပြီး တိုင်းပြည်မှာ ဘယ်သူက ပိုအရေးပါတယ်ဆိုပြီး မိတ်ဆက်တဲ့အကွက်။ စစ်ဗိုလ်နဲ့ဆရာဝန်ပြောတဲ့အထဲ သိပ်ထူးထူးခြားခြားမပါပေမဲ့ လယ်သမား ပြကွက်ကတော့ အတော်ထူးပါတယ်။

''ကျနော်က ... သူ ... သမားပါ'' ဆိုပြီး အဲဒီလယ်သမားက မိတ်ဆက်ပါတယ်။ ဘာလဲကွ သူသမား။ မကြားဖူးပါဘူးလို့ စစ်ဗိုလ်ကပြန်မေးတော့ ''နဂိုမူလအမည်အပြည့်အစုံကတော့ တောင်သူလယ်သမား ပါဗိုလ်ကြီး။ အခုတော့ လက်ပံတောင်းတောင်ကြီးကလဲ တရုတ်နဲ့ဦးပိုင်က ဖြိုလို့ ကုန်ပြီ။ လယ်တွေကလဲ စစ်တပ်နဲ့ခရိုနီတွေကသိမ်းလို့ ကုန်ပြီ။ ဒီလိုနဲ့ ...သူ...သမား ဖြစ်သွားတာပါ'' တဲ့။    ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More