Tuesday, January 21, 2014

ဒုတိယအကြိမ် ပြည်တော်ပြန်ခရီးစဉ် (၆)

ထက်အောင်ကျော် (၂၁-၀၁-၂၀၁၄)
ထားဝယ်။

အရင်တခေါက်လာတုန်းက ဒါမျိုးလုပ်စရာမလိုပါဘူး။ အခုကျမှ ဘယ်လိုဖြစ်လို့ ဒါတွေတိုးတက်လာ တာလဲဆိုပြီးမေးတော့ ''အဲဒီတုန်းက မြို့နယ် လ.၀.က မှုး ခရီးလွန်နေလို့'' ဆိုပြီး ဆင်ခြေပေးပါတယ်။ ကျနော်က ၂ ရက်တည်းနေမှာ၊ မနက်ဖြန်ကျရင် ထားဝယ်မှာတွေ့စရာလူတွေအများကြီးရှိသေးတယ်။ လောင်းလုံးကို သွားဖို့အချိန်မရဘူးဆိုပြီးပြောတော့ ''ခင်ဗျားမသွားနိုင်ရင် အိမ်ရှင်ကသွားပြီး တာဝန်ယူ လုပ်ပေးဖို့လိုတယ်'' လို့ သူကဆိုပြန်ပါတယ်။

 (ထားဝယ်နဲ့ လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကမျောကင်းတံတား)

ပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ကနေဒါနိုင်ငံသားခံယူထားတဲ့ မြန်မာတဦး မောင်းမကန်ကမ်းခြေ ဟိုတယ်မှာတည်းနေစဉ် အခန်းဖေါက်ခံရလို့ သိန်း ၁၀ နဲ့ချီပြီးပါသွားတယ်။ အခုထိ တရားခံမမိသေးဘူး လို့သူကဆိုပါတယ်။ နောက်တခါ ပန်းတလဲရွာမှာလဲ နိုင်ငံခြားအမျိုးသမီးတဦးလာတည်းတဲ့အတွက် သူတို့ ကူညီပေးရသေးတယ်လို့လဲဆိုပါတယ်။ ဒါကြောင့်မို့ ကျနော်ကိုလဲ အလားတူအခက်ခဲမကြုံအောင် သူက ကူညီပေးချင်တဲ့သဘောပေါ့။

(Social Visa) ဆိုရှယ်ဗီဇာနဲ့ (Tourist Visa) တိုးရစ်ဗီဇာရဲ့ ကွာခြားချက်ကို ကူညီပေးနေသူတွေ ကိုယ်တိုင်က နားမလည်တဲ့သဘောလားလို့ ကျနော်စဉ်းစားမိပါတယ်။ ဆိုရှယ်ဗီဇာနဲ့ဆိုရင် ကိုယ့်အိမ်မှာ ကိုယ်တည်းခွင့် ရှိပါတယ်။ လောလောဆယ်တော့ ဘယ်လိုမှရှင်းပြလို့မရ။ အရေးကြီးတာက ကျနော့်မိသားစု။ ၂၅ နှစ် လုံးလုံး အာဏာပိုင်ကိုမြင်ရင် ကြောက်နေရသူတွေဆိုတော့ သူခေါ်တဲ့အတိုင်း မနက်ဖြန် လောင်းလုံးမြို့ ဆီလာပြီး ဖောင်လာတင်မယ်လို့ မိသားစုဝင်တဦးက ကတိပေးလိုက်ပါတယ်။

မနက်ပိုင်းရောက်တော့ ကျနော်က ထားဝယ်မြို့ဆီသွားပြီး ABSDF တပ်ရင်းမှုးဟောင်းတွေ၊ သူပုန် ဟောင်း တွေ၊ ၈၈ ကျောင်းသားခေါင်းဆောင်တွေ၊ သတင်းထောက်တွေ၊ ကျောင်းနေဖက်သူငယ်ချင်းတွေနဲ့တွေဆုံ။ ကျနော့်မိသားစုဝင်တဦးက လောင်းလုံးအထိ ဆိုင်ကယ်နဲ့သွားပြီးဖောင် (Form) တွေဖြည့်ပေါ့။ ဖောင်ဖြည့်ပြီး ပြန်လာမှာဆိုတော့ အလွန်ဆုံးကြာလှ တနာရီပေါ့လို့ထင်ထားပေမဲ့ လက်တွေ့မှာတော့ အဲဒီလိုမဟုတ်။ ညနေစောင်းမှ အဲဒီပုဂ္ဂိုလ်ပြန်ရောက်လာပါတယ်။

ဘာဖြစ်လို့ ဒီလောက်တောင်ကြာရသလဲဆိုပြီး သူဖြည့်ခဲ့တဲ့ဖောင်မိတ္တူကိုတောင်းကြည့်တော့ ''အာပါးပါး'' လို့အော်ရလောက်တဲ့အထိ ဖောင် ၇ ရွက်နဲ့ ကျနော့်နိုင်ငံကူးလက်မှတ်မိတ္တူ ၂ စောင်။ ပထမ တစောင်က နော်ဝေးနိုင်ငံသားကျနော် ဒီရွာမှာတည်းခိုနေတဲ့အကြောင်း ကျနော့်မိသားစုကနေ မြို့နယ် လ.၀.က မှုး ဆီအကြောင်းကြားတဲ့စာ။ ဒုတိယ တစောင်က လောင်းလုံးမြို့နယ် လ.၀.က ဦးစီးမှုးကနေ တနသာင်္ရီတိုင်း လ.၀.က ဦးစီးမှုးဆီ အစီရင်ခံတဲ့စာ။ တတိယ နှစ်စောင်က ''၁၉၄၈ ခု နိုင်ငံခြားသားများ မှတ်ပုံတင်ရေးစည်း ကမ်းဥပဒေများ၊ ဟိုတယ်သို့ရောက်ခြင်း အစီရင်ခံစာ'' လို့ ခေါင်းစဉ်တပ်ထားတာတွေ့ရပါတယ်။

နံပတ် ၄ စာရွက်က ''ရပ်ကွက်အတွင်း တည်းခိုတဲ့ နိုင်ငံခြားသားဧည့်စာရင်း''။ နံပတ် ၅ က ''ရပ်ကွက် နေအိမ်၊ အဆောက်ဦများတွင် တည်းခိုနေထိုင်သည့် နိုင်ငံခြားသားများနှင့်အိမ်ရှင်များ လိုက်နာရမည့် စည်းကမ်းချက်များ'' တဲ့။ နံပတ် ၆ က ''အိမ်ထောင်စု လူဦးရေစာရင်း''။ နောက်ဆုံးတရွက်က ''ကျေးရွာအုပ်ချုပ်ရေမှုးရဲ့ ထောက်ခံစာ''။ အင်း... ဘယ်လိုမျိး အကူညီကြီးပါလိမ့်၊ အဲဒီအကူညီကို မယူရင် မရဘူးလားဆိုပြီး ပြန်မေးရတော့မဲ့ကိန်းပါပဲ။

တကယ်တော့ ဒီလိုဖြစ်ရတာဟာ မြို့နယ် လ.၀.က မှုးနဲ့ ရဲအဖွဲ့က ကျနော်ကို တမင်ညစ်တာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ အရင်ခေတ်ကကျန်နေတဲ့ စနစ်ဆိုးရဲ့လုပ်ထုံးလုပ်နည်းတွေအတိုင်း သူတို့လုပ်မိတာ ကြောင့်ဖြစ်မယ်လို့ထင်ပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ အရင်ခေတ်ကရှိခဲ့တဲ့ လုပ်ထုံး လုပ်နည်းအဟောင်းတွေအစား ဒီထက်ခေတ်မှီတဲ့လမ်းညွန်ချက်တွေ နေပြည်တော်ကနေ သူတို့ဆီ ညွန်ကြားချက် မရောက်သေးပါ။ ရှိနေတဲ့လုပ်ထုံးလုပ်နည်းအတိုင်းမလုပ်မိရင် သူတို့ဖက်က တာဝန် မကျေဘူးဆိုပြီး နေပြည်တော်ဖက်က ထုချေလွှာအတောင်းခံရမှာစိုးတာကြောင့် အခုလို လုပ်လိုက်တာလို့ ယူဆမိပါတယ်။
 (လောင်းလုံးမြို့အနီးက စမ်းလမ်းကမ်းခြေ)

မေးစရာဖြစ်လာတာကတော့ ကျနော်တို့ ပြည်တော်ပြန်တွေကို ကမ္ဘာလှည့်ခရီးသည် Tourist တွေလို အာဏာပိုင်တွေဖက်က သဘောထားသလား။ နိုင်ငံခြားမှာမွေး၊ နိုင်ငံခြားမှာကြီးပြီး မြန်မာနိုင်ငံနဲ့ဘာမှ မဆိုင်တဲ့ Tourist တဦးနဲ့ ကျနော်တို့ဘ၀ အတူတူဖြစ်သွားပြီလား။ တကယ်ဆိုရင် ကျနော်တို့က မြန်မာ နိုင်ငံကိုတခါမှမရောက်ဖူးလို့ အပျင်းပြေလာလည်တဲ့ Tourist တွေမှမဟုတ်ပဲ။ သမ္မတဦးသိန်းစိန်ရဲ့ ဖိတ် ကြားချက်အရ နိုင်ငံရေးအခြေနေကို လေ့လာဖို့ပြန်လာတဲ့ မြန်မာပြည်ဖွား နိုင်ငံခြားစာအုပ်ကိုင်ထားသူတွေ သာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလိုထူးခြားတဲ့အခြေနေတွေနဲ့ရောက်လာတဲ့ ကျနော်တို့ပြည်တော်ပြန်တွေကို ဘယ်လိုကိုင်တွယ် ဆက်ဆံရမဲ့ဆိုတဲ့ တိကျရှင်းလင်းတဲ့ညွန်ကြားချက်မျိုး နေပြည်တော်ရှိ ဦးသိန်းစိန်အစိုးရက မြို့နယ် အုပ်ချုပ်ရေးမှုးတွေဆီ ပို့ပေးထားပုံမရပါ။ သံရုံးမှာ ဗီဇာလျောက်ထားတဲ့ လျောက်လွှာမိတ္တူတွေကိုလဲ ကျနော့်ရွာရှိတဲ့ မြို့နယ် လ.၀.က ရုံးဆီ ပို့ပေးထားပုံမရပါ။ ဒီအတွက် ဘယ်သူတွေမှာတာဝန်ရှိသလဲ။ ဒီလိုမဖြစ်အောင် ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ။ သေချာတာကတော့ သမ္မတရဲ့ဖိတ်ကြားချက်နဲ့ မြို့နယ်အဆင့်အောက်ခြေ၀န်ထမ်းတွေကိုယ်တိုင်ပုံ လွဲချော်နေပါတယ်။

သမ္မတကဘာပြောထားသလဲဆိုရင် ”ခင်ဗျားတို့တတွေ ဘယ်နိုင်ငံကိုပဲရောက်နေနေ၊ ခင်ဗျားတို့ အားလုံးဟာ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေဖြစ်တယ်’'။ ''ကျနော်တို့ အချင်းချင်းကြားမှာ အားလုံးတူညီ ချင်မှတူညီကြပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံကိုယ် ချစ်တဲ့စိတ်ကတော့ တူကြပါတယ်”။ ဒါကြောင့် ”မတူတာတွေကိုဘေးဖယ်ပြီး တူတာတွေကိုတွဲလုပ်ဖို့ အချိန်တန်နေပြီ၊ ပြည်ထောင်စုချစ်စိတ်ပေါ် အခြေခံပြီး ကိုယ့်နိုင်ငံအကျိုးအတွက် တဖက်တလမ်းက လက်တွဲဆောင်ရွက်ကြပါလို့ ဖိတ်ခေါ်ပါတယ်” ဆိုပြီး ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂၇ နေ့က နော်ဝေးနိုင်ငံ အော်စလိုမှာပြုလုပ်တဲ့ မြန်မာမိသားစုနဲ့ တွေ့ဆုံပွဲ အတွင်း သမ္မတဦးသိန်းစိန်ကပြောသွားတာပါ။

ဒါပေမဲ့ အဲဒီလိုဖိတ်ခေါ်တာကို သမ္မတရုံးဝက်ဆိုက်မှာရော၊ အစိုးရပိုင် မီဒီယာတွေမှာပါ ဖေါ်ပြခြင်းမရှိတော့ အောက်ခြေ၀န်ထမ်းတွေဘယ်သိပါ့မလဲ။  ထားလိုက်ပါတော့။ လောလောဆယ်တော့ ဘာမှ မတတ်နိုင်။ အာဏာပိုင်တွေဖက်က ဒီလိုအားနဲချက်တွေရှိနေတယ်ဆိုတာကို အများပြည်သူသိအောင် တင်ပြရုံပဲ လုပ်နိုင်ဦးမဲ့သဘောရှိပါတယ်။ ဒီလိုတင်ပြတာကိုက ကျနော်ရဲ့တာဝန်တခုလို ဖြစ်လာနေပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်ဟာ သတင်းသမားတဦးဖြစ်နေလို့ပါပဲ။ ဒီလိုဖြစ်နေတာကိုက ကျနော့်ရွာ အတွက် ထူးခြားနေမလားပါပဲ။

ဘာကြောင့်လဲဆိုရင် ကျနော့်ကိုသူတို့မြင်ထားတာက သတင်းသမားမဟုတ်၊ တောခိုသွားတဲ့ ကျောင်း သားဟောင်း၊ နိုင်ငံရေးသမားပေါ့။ ရွာပြန်လာပြီး NLD ပါတီမှာဖြစ်ဖြစ်၊ ၈၈ မျိုးဆက်မှာဖြစ်ဖြစ် နိုင်ငံရေး ဆက်လုပ်မယ်လို့ထင်ထားကြတာပါ။ နောက်တခါ နိုင်ငံခြားမှာနေတယ်ဆိုရင်လဲ တခြားရွာ၊ တခြားမြို့ ကလူတွေလို အိမ်ပိုင်၊ ကားပိုင်ရှိတဲ့အထိ အလုပ်ကြိုးစားလုပ်ပြိး မိသားစုတွေဆီ ငွေပို့၊ စီးပွါးရေးလုပ်ပေါ့။ ဒါမှမဟုတ်ရင်လဲ ကိုယ်တတ်ထားတဲ့ အတတ်ပညာတွေနဲ့ တိုင်းပြည်တည်ဆောက်ရေးမှာ ပြန်လုပ်ပေါ့။

အခုတော့ ကျနော်က အထက်ဖေါ်ပြပါ အများနားလည်လွယ်တဲ့ စံချိန်စံညွှန်းတွေနဲ့တခုမှ ဘောင်မ၀င်။ နိုင်ငံရေးသမားမဖြစ်ပဲ သတင်းသမားဖြစ်သွားသူ။ စီးပွါးဖြစ်မဲ့ အတတ်ပညာတခုမှမတတ်ပဲ သတင်းစာ ပညာသာတတ်လာသူ။ ၀င်ငွေရတဲ့အလုပ်တခုမှအသေချာမလုပ်ပဲ သတင်းရေး၊ စာရေးတဲ့အလုပ်ကိုသာ တစိုက်မတ်မတ်လုပ်နေသူ။ ဒီလိုအလုပ်မျိုးကို သူတို့နားလည်ဖို့မလွယ်။ သူတို့နားလည်နေတာက ကျနော်ဟာ နိုင်ငံရေးသမားဖြစ်လို့ အစိုးရမကောင်းတာမှန်သမျှ ဝေဖန်ရေးသားနေသူပေါ့။


(ကမျောကင်းတံတားထိပ်မှာ စိုက်ထူထားတဲ့ ဗိုလ်မှုးကြီးဗထူး ကြေးရုပ်)

ပြီးတော့ ကျနော့်မိဘတွေ။ ပင်ပန်းကြမ်းတမ်းလှတဲ့ လယ်ယာလုပ်ငန်းကိုလုပ်ကိုင်၊ စပါးတွေရောင်း၊ ကျွဲ-နွားတွေရောင်းပြီး ကျနော့်ကိုပညာတတ်ဖြစ်အောင် ကျောင်းထားပေးခဲ့၊ တက္ကသိုလ်ပို့ပေးခဲ့တဲ့ မိဘနှစ်ပါး ဟာ အခုတော့ အသက်က ၈၀ နားကပ်နေပြီ။ ဒါပေမဲ့ ပညာတတ်ကြီးသူတို့သားဆီက အခုအချိန်ထိ ဘာမှထောက်ပံ့မှုမရသေး။ အသက် ၅၀ ပြည့်တဲ့အထိ မိဘကို ဘာမှမလုပ်ကျွေးနိုင်သေး။ မိဘကလိုချင်တဲ့ ဘွဲ့လေးတခုကိုတောင် ရအောင်မယူပေးနိုင်ခဲ့တဲ့သား။

အခု ၂၅ နှစ်ကြာလို့ ပြည်တော်ပြန်ခွင့်ရတော့လဲ မိဘအတွက် ဘာမှမထောက်ပံ့နိုင်သေး။ ''မှန်းချက်နဲ့ နှမ်းထွက်မကိုက်လေခြင်း'' လို့များ ကျနော်မိဘတွေရင်ထဲ တွေးနေလေမလား။ ကျနော်တို့ တောခိုကာစက သိပ်နာမည်ကြီးတဲ့ ထူးအိမ်သင်ရဲ့ ''အမေ့ရဲ့ ဒုက္ခအိုးလေး'' ကိုသွားသတိရမိပါတယ်။ ''ပိုက်ဆံတပြားမှမရှိလဲ သိက္ခာရှိချင်သေးသတဲ့... မိုက်မိုက်မဲမဲရိုးသားနေဆဲ...''ဆိုတဲ့စာသားကိုညီးရင်းနဲ့ နော်ဝေးပြန်ရောက်ရင် ဆပ်ရဦးမဲ့ အကြွေးကဒ်ကိုမြင်ရောင်နေမိပါတယ်။

ဒါပေမဲ့ ၂၅ နှစ်တာ တောတွင်းကာလတိုက်ပွဲတွေအတွင်း ကျဆုံးသွားခဲ့တဲ့၊ ဘယ်တော့မှ သူတို့မိဘတွေနဲ့ ပြန်လည်တွေ့ ဆုံခွင့်မရနိုင်တော့တဲ့ ''ရဲဘော်သူငယ်ချင်း'' တွေနဲ့စာရင်တော့ ကျနော်အခြေနေက အများကြီးတော်ပါသေးတယ်လို့ပဲ နှစ်သိမ့်ရမှာပေါ့။ လောလောဆယ် မိဘကို ဘာမှမလုပ်ကျွေးနိုင် သေးသည့်တိုင်အောင် မိဘဆီတော့ အရောက်ပြန်လာနိုင်ခဲ့သေးတယ်မဟုတ်ပါလား။

ဒီလိုစိတ်ပျက်လက်ပျက်ဖြစ်နေစဉ် ကျနော်ဆီရောက်လာသူတဦးက ဆရာအောင်မြင့်။ ဆရာအောင်မြင့် ဆိုတာ ''သူပုန်ကျောင်းသားတဦးရဲ့မာရသွန်ခရီး'' စာအုပ်ထဲက အဓိကဇတ်ကောင်တဦးပေါ့။ ၈၈ တုန်းက ထားဝယ် အထက ၁ ရဲ့ ကာယနည်းပြဆရာ။ ထားဝယ်တပ်ဦးရဲ့အတွင်းရေးမှုးတဦး။ ၁၉၈၈ စက်တင်ဘာ ၁၉ မှာ စစ်တပ်ကလူထုကိုသေနပ်နဲ့ စပစ်တော့ ကျဆုံးသွားတဲ့ တပ်ဦးအတွင်းရေးမှုး ဆရာဦးပန်းကျော် ဘေးနားမှာရှိနေသူ။

ကျနော်တို့နဲ့အတူ တောခိုခဲ့ပြိး ABSDF ၂၀၁ တပ်ရင်း မင်းသမီးစခန်းရဲ့ ဒုရင်းမှုးအဖြစ် ၁၀ နှစ်ကျော် တာဝန်ထမ်းခဲ့သူ။ ပြီးတော့ NDD (ဒီမိုကရေစီနှင့်ဖွံဖြိုးတိုးတက်ရေးအင်အားစု) မှာ ဆက်လက်တာဝန် ထမ်းခဲ့ပြီး ၂၀၁၃ နှစ်လယ်ပိုင်းလောက်ကမှ ဦးသိန်းစိန်အစိုးရရဲ့ဖိတ်ကြားချက်အရ ထားဝယ်မြို့ဆီ အပြီး ပြန်လာသူ။ သူ့လိုပဲ ၂၀၁ တပ်ရင်းမှုးတဦးဖြစ်ခဲ့သူ ကိုသောင်းညွန့်လဲ ၂၀၁၃ နှောင်းပိုင်းမှာ ထားဝယ်မြို့ ဆီအပြီးပြန်လာခဲ့ပါတယ်။

''မနေ့ညက တညလုံးဆိုင်ကယ်ပေါ်မှာ၊ မင်း မပြန်ခင်မှီအောင်ဆိုပြီး ဘိတ်ကနေ ထားဝယ်အထိ ဆိုင်ကယ်နဲ့ အမြန်ပြန်ပြေးလာတာ'' ဆိုပြီး သူက ကျနော်ကိုတွေ့ တွေ့ချင်းပြောပါတယ်။ သူဘိတ်ကိုဆင်း သွားတဲ့ကိစ္စက တော့ ရှေ့မှာကျနော်ပြောခဲ့ဖူးတဲ့ ''ရဲဘော်သူငယ်ချင်းတွေ'' ကိစ္စ။ ၂၅ နှစ်တာ တော်လှန်ရေးခရီးကြမ်း အတွင်း ကျဆုံး-သေဆုံး-ပျောက်ဆုံး သွားသူတွေရဲ့ စာရင်းကိုအသေချာကောက်ယူဖို့နဲ့ အဲဒီရဲဘော်တွေ အတွက် ဆွမ်းသွပ်အမျှအတန်းဝေဖို့၊ ကျန်ရစ်တဲ့မိသားစုတွေကို တတ်နိုင်သလောက် ထောက်ပံ့ပေးဖို့ လက်ရှိ ABSDF ဗဟိုကော်မီတီနဲ့ ပြည်တွင်း-ပြည်ပရှိ ရဲဘော်ဟောင်းတွေက ကြိုးစားနေတယ်လို့သိရပါ တယ်။

''မြိတ်မှာ ၂၀၃ က (တပ်ရင်းမှုးတွေဖြစ်တဲ့) ကိုချမ်းနိုင်တို့၊ ကိုဝင်းနိုင်တို့နဲ့ အသေချာစကားပြောဖြစ်ပါတယ်။ သူတို့လဲ ဒီအစီစဉ်ကိုကြားရလို့ အတော်တက်ကြွနေကြတယ်။ ဖေဖေါ်ဝါရီလောက်မှာ အလှုပွဲတွေလုပ်နိုင် မယ်လို့ မှန်းထားတာပဲ'' ဆိုပြီး ဆရာအောင်မြင့်ကပြောပါတယ်။ ခက်နေတာက ၂၀၁ တပ်ရင်းအတွက် ကျဆုံး-သေဆုံး-ပျောက်ဆုံး ၈၀ ကျော်စာရင်းအတိအကျရထားပြီးဖြစ်ပေမဲ့ ၂၀၃ မှာ အခု ချိန်ထိ စာရင်း အတိအကျ မရသေးတဲ့အတွက် စာရင်းလိုက်ကောက်နေရဆဲလို့ ဆိုပါတယ်။ ဗဟိုက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ABSDF တခုလုံးမှာ ကျဆုံး-သေဆုံးဦးရေ ၆၇၀ ရှိပါတယ်။

ဒီလုပ်ငန်းစဉ်ထဲမှာ ကိုယ်တိုင်ပါဝင်ဖို့မလွယ်သေးတဲ့ကျနော်ကတော့ အဲဒီရဲဘော်တွေအကြောင်း မှတ်တမ်း တင်ထားတဲ့ ''သူပုန်ကျောင်းသားတဦးရဲ့မာရသွန်ခရီး'' စာအုပ် ၅၀ ကိုပဲ ဆွပ်သွပ်အလှူပွဲမှာ ရဲဘော်တွေရဲ့ မိသားစုတွေကို ပေးအပ်နိုင်ဖို့ ဆရာအောင်မြင့်ဆီ လှူဒန်းထားခဲ့ရပါတယ်။ ဒီလိုအလှူပွဲအပြင် ကျနော်တို့ ရဲဘော်သူငယ်ချင်းတချို့ရဲ့ အုတ်ဂူတွေတည်ရှိရာ ထီးခီးရွာအနီးရှိ မင်းသမီးစခန်းက အာဇာနည်ကုန်းကိုလဲ ပြန်လည်ဖေါ်ထုတ်ဖို့လိုအပ်နေကြောင်း ဆွေးနွေးခဲ့ပါတယ်။

ဒီကိစ္စက ရဲဘော်ရဲဘက်အချင်းချင်းကြားဆွေးနွေးရတာအဆင်ပြေသလောက် ကျဆုံး-သေဆုံး-ပျောက်ဆုံး မိသားစုတွေကိုရှင်းပြတဲ့အခါ အတော်ခက်ခဲပါတယ်။ အထူးသဖြင့် ပျောက်ဆုံးသွားသူတွေကိစ္စပေါ့။ ထားဝယ်တနယ်လုံးဆိုင်ရာကျောင်းသားသမ္မဂဥက္ကဌဖြစ်တဲ့ ကိုတင်လေးအပါဝင် သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်ကျောင်းသား ကိုအောင်မိုးမြတ်၊ စိတ်ပညာကျောင်းသား ကိုကျော်အောင်၊ ရှေ့နေ ကိုမြင့်သိန်း၊ ထားဝယ်ကောလိပ်မှ ကိုစိုးအောင်ခင်နဲ့ ကိုစိုးစိုးတို့ ၆ ဦးစလုံးဟာ ထားဝယ်မြို့ပေါ်ကဖြစ်ကြပါ တယ်။

ပြီးခဲ့တဲ့အခေါက်က ဒီ ၆ ဦးထဲက တဦးရဲ့မိခင်ကိုကျနော်သွားရောက်တွေ့ဆုံပြီး သိသမျှဖြစ်စဉ်တွေကို ရှင်းပြဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူ့သားမသေသေးဘူး၊ ''နင်နဲ့အတူ ဘာလို့မလိုက်လာသလဲ'' ဆိုပြီး သူငယ်ချင်းရဲ့အမေက မေးနေတဲ့အတွက် ကျနော်အတော် စိတ်ထိခိုက်ခဲ့ရပါတယ်။ မျှော်မနေနဲ့တော့၊ အမေ့သားသေသွားပြီလို့ ဘယ်လိုမှပြောမထွက်ခဲ့ပါ။ ဒါကပျောက်ဆုံးသွားသူ ၈ ဦးထဲက ၆ ဦးရဲ့ အခြေ အနေ။ ပြီးတော့ ကျဆုံး-သေဆုံးသွားသူ ၇၀ ၀န်းကျင်ရဲ့အခြေနေ။ ဆရာအောင်မြင့်နဲ့အဖွဲကတော့ ရဲဘော်မိသားစုတွေကို တအိမ်ချင်းစီသွားပြီး ကြိုးစားရှင်းပြမယ်လို့ပြောပါတယ်။


ဒါက ၂၅ နှစ်တာအတွင်း ပေးဆပ်မှုတွေပေါ့။ ကျနော်ပြောတဲ့အထဲ စိတ်ညစ်စရာတွေချည်းများနေ မလားပဲ။ မေလနဲ့ အခု ဒီဇင်ဘာအကြား ၆ လတာခရီးစဉ်နှစ်ခုအတွင်း ထူးခြားတဲ့တိုးတက်မှုတချို့ကိုလဲ ဒီနေရာမှာ တင်ပြချင်ပါတယ်။ ပထမ ဆုံးတင်ပြချင်တာကတော့ ကျနော်မကြာခဏရေးဖူးတဲ့ Mindset (စဉ်းစားပုံ) ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ဖြစ်စဉ်တခုကို ကျနော်တို့ရွာမှာတွေ့ရပါတယ်။

''ငါ လူမှုရေးလုပ်ငန်းတခုလုပ် ချင်လို့ကွ။ အဲဒါ ဘယ်လိုလုပ်ငန်းမျိုး လုပ်ရင်ကောင်းမလဲ'' ဆိုပြီး ရွာက မိတ်ဆွေတဦးက ကျနော်ကို အကြံညဏ်တောင်းပါတယ်။ အဲဒါ လွန်ခဲ့တဲ့ မေလခရီးစဉ်တုန်းကပါ။ ရွာကမိတ်ဆွေဆိုပေမဲ့ လောလောဆယ်ရွာမှာနေတာမဟုတ်ပဲ ရန်ကုန်မှာ အထည်ချုပ်လုပ်ငန်း လုပ်ကိုင် နေသူ။

သူ့အမည်က ဦးစစ်ထွေး။ ကျနော်ထက် အသက် ၁၀ နှစ်ခန့်ကြီးပါတယ်။ ဒါပေမဲ့သူဟာ ကျနော်တို့ ကျောင်းသားတွေနဲ့ ဘော်လုံးကန်ဖေါ်ကန်ဖက်။ သူ့အိမ်ကကျနော်တို့အိမ်နဲ့သိပ်မဝေး။ အလုပ်အကိုင် ကတော့ ရွာကလူတွေရဲ့ထုံးစံအတိုင်း လယ်ယာလုပ်ငန်းပေါ့။ သူလိုကိုယ်လို လူတဦးထက် ဘာမှမပို။ ဒါက လွန်ခဲ့တဲ့ ၂၅ နှစ်၊ ကျနော်အိမ်ကမထွက်လာခင်အချိန်က အနေထားကိုပြောတာပါ။ အခုတော့ ဒီလူ့ဆီက ထူးခြားတဲ့ စိတ်ကူးတခုထွက်လာနေပါပြီ။

၆ လကြာပြီးလို့အခုတခေါက် ကျနော်ရွာပြန်ရောက်တော့ ''လင်းလက်ကြယ်စင်'' ဆိုတဲ့ ပညာရေး ဖောင်ဒေးရှင်းတခု ဖွဲ့ထားတာကိုတွေ့ရပါတယ်။ ငွေကြေးမတတ်နိုင်လို့ ကျောင်းမနေနိုင်တဲ့ ကလေးငယ် ၃၀ ခန့်ကို ကျောင်းထားပေးထားတယ်လို့ ရွာရှိကျောင်းဆရာမတွေက ပြောပါတယ်။ ဒီ ဖောင်ဒေးရှင်းအတွက် သိန်း ၁၀၀ မတည်ငွေထည့်ထားသူက ရှေ့မှာကျနော်ပြောခဲ့တဲ့ ဦးစစ်ထွေးပါပဲ။

ထူးခြားတာက ဒီလုပ်ငန်းအတွက် သူစိတ်ကူးရလာပုံ။ သိန်း ၁၀၀ လောက်ကုန်ကျမဲ့ အလှူပွဲတခုကို ဆင်တွေ၊ မြင်းတွေနဲ့ကြီးကျယ်ခန်းနားစွာကျင်းပဖို့ပြင်နေစဉ် အဲဒီလိုလှူလိုက်မယ်ဆိုရင် အလှူပွဲကို လာတဲ့လူ ၁၀၀၀ လောက် တနပ်စားပြီးတာနဲ့ ဒီငွေတွေကုန်သွားမယ်။ ဒီငွေတွေကိုစုပြီး ပညာရေး ဖောင်ဒေးရှင်းလေးလုပ်လိုက်မယ်ဆိုရင် လူအများကြီးအတွက် ရေရှည်အကျိုးရှိနိုင်တယ်ဆိုတဲ့အတွေး ၀င်လာတယ်ဆိုတဲ့ အချက်ပါ။    ။

4 comments:

အောင်သန့်မောင်းမကန်ဟိုတယ်မှာ ပစ္စည်းပျောက်တာကြားလိုက်ရတယ် ၂၀၃ ကကိုဝင်းနိုင်ကလဲ photo လိုချင်တယ်ပြောပါတယ်

ဟုတ်။ ကျေးဇူးပါ ကိုအောင်ဦး။

ကျနော်မှာ ၂၀၁ ပုံပဲများပြီး ၂၀၃ ပုံနဲနေပါတယ်။

ရှိသမျှပုံတွေကိုတော့ ကျနော်ရဲ့ F/B ..
https://www.facebook.com/htetaungkyaw201/media_set?set=a.1791101476315.71668.1802987138&type=3

နဲ့... ဒီဘလော့ထဲက ..http://www.htetaungkyaw.net/search/label/PICTURE မှာ ရယူနိုင်ပါတယ်။

ဒါမှမဟုတ် အီးမေးလ်နဲ့ ပို့ပေးဆိုလဲ ပို့ပေးပါ့မယ်။

ခင်မင် လေးစားလျက်
ထက်အောင်ကျော်

လဝက အကြောင်းဖတ်လိုက်ရလို့ ကျွန်တော်တည်းခဲ့တဲ့ မြို့နယ်ဆို ပိုတောင်ဆိုးသေးတယ်..။ နေထိုင်ခွင့် သက်တမ်းတိုးတာ ပုံစံဖောင်တောင် မရှိလို့ ကိုယ်တိုယ် ငွေထုတ်ပြီး ရိုက်ပေးခဲ့ရတယ်..။ အမြန်လုပ်ပေးမယ်ဆိုပြီး ၂သောင်းပေးခဲ့ပေမယ့် နောက်ဆုံး ဗီဇာရက်ကျော်ပြီးမှ သက်တမ်းတိုးခွင့်ရတယ်..။ အနှစ် ၂၀ကျော်အတွင်း လုပ်ထုံးလုပ်နည်းတွေ ဒုံရင်းက ဒုံရင်းပါပဲ..။

ကိုယ်ကိုယ်တိုင် ခရီးသွားဆောင်းပါးတွေ မရေးနိုင်ပေမယ့် အမိမြန်မာပြည် အလွမ်းပြေ ခရီးသွားဆောင်းပါးတွေ ထပ်ရေးဖို့ တိုက်တွန်းပါရစေ..။

လေးစားစွာ
ဒီမိုဝေယံ

ကျေးဇူးပါ။

ကိုဒီမိုဝေယံ။

ခရီးသွားဆောင်းပါးက ရှေ့တပတ်ဆိုပြီးပါတော့မယ်။ ပင်လုံကအပြန် အခန်း ၁၃ အထိပါ။

လေးစားလျက်
ထက်အောင်ကျော်

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More