Tuesday, January 24, 2012

အသွင်ကူးပြောင်းရေးကာလ Mindset ပြသာနာ

အသွင်ကူးပြောင်းရေးကာလ Mindset ပြသာနာ
ထက်အောင်ကျော် (၂၅-၀၁-၂၀၁၂)

လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ပါတ်သက်ပီး ယုံတ၀က် မယုံ တ၀က်နဲ့ အမြင်အမျိုးမျိုး အင်တာနက်ပေါ်မှာရေးသားနေကြတာကိုတွေ့နေရပါတယ်။ ဒီရေးသားချက်တွေ ထဲက အများစုဟာ ၂၀၀၈-ဖွဲ့စည်းပုံကို မပြင်နိုင်ဘဲနဲ့ စစ်မှန်တဲ့ အပြောင်းလဲ ဘယ်ဖြစ်မလဲ။ စစ်တပ်ကို နိုင်ငံရေးကနေ မထုတ်ပစ်ဘဲနဲ့ ဒီမိုကရေစီ ဘယ်ရနိုင်မလဲ။ စစ်အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီ အတူတူ ရှင်သန်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ လွတ်တော်ထဲအထိ ဒေါ်အောင်ဆန်းစုကြည်ဝင်သွားလဲ ဘာမှထူးလာ မှာမဟုတ်ဘူး။ လက်ရှိအစိုးရကို တရားဝင်ဖြစ်အောင် အသိမှတ်ပြုပေး ယုံထက် ဘာမှပိုလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ သံသယတွေကိုတွေ့ရပါတယ်။


ဒီလိုဝေဖန်မှုတွေကြားထဲမှာဘဲ့ ဧပြီလ ၁-ရက်နေ့မှာ ကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ သူ ကိုယ်တိုင်ဝင်ပြိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကြေငြာလိုက်ပါတယ်။
ပီးခဲ့တဲ့ရက်ပိုင်းအတွင်းကမှ ထောင်ကနေ ပြန်လွတ်လာတဲ့ ၈၈-ကျောင်းသားခေါင်းဆောင်တွေ ကလဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံး ဖြတ်ချက်ကို ထောက်ခံတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ဆိုလိုတာကတော့ အယင်က နှစ် ၂၀-ကျော် လုံးလုံးကျင့်သုံးလာခဲ့တဲ့ နိုင်ငံရေးလမ်းကြောင်းဟောင်းကနေ လွတ်တော်နိုင်ငံရေးနဲ့ လူထုပညာပေးရေးအပါဝင် တခြားလမ်းကြောင်းသစ်တွေဆီ ပြောင်း လိုက်တယ်ဆိုတဲ့သဘောပါ။


တချိန်တည်းမှာဘဲ့ KNU လို နှစ် ၆၀-ကျော် လက်နက်ကိုင်တော်လှန်လာတဲ့ အဖွဲ့မျိုးနဲ့ အပစ် ခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေကျင်းပ။ သဘောတူလက်မှတ်ရေးထိုးလာတဲ့ ထူးခြားတဲ့ဖြစ်စဉ်တွေကိုလဲ မြင်လာရပါတယ်။ (ဒါပေမဲ့ KIO နဲ့တော့ အခုချိန်ထိ ဆက်တိုက်နေ ဆဲဖြစ်ပါတယ်) ဒီထက်ပိုထူးတာကတော့ တချိန်က ကျနော်တို့ကိုယ်တိုင်ပါဝင်ခဲ့ဖူးတဲ့ ABSDF လို အဖွဲ့ ကိုတောင် အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးမယ်လို့ အစိုးရသစ်ဖက်က ကမ်းလှမ်းလာတာ တွေ။ အခု နောက်ဆုံး ကျနော်တို့ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေပါဝင်နေတဲ့ FDB, DPNS အဖွဲ့တွေကိုပါ နိုင်ငံ ရေးဆွေးနွေးမယ်လို့ အစိုးရသစ်က ကမ်းလှမ်းတာတွေဟာ အခုလပိုင်းတွေအတွင်း အတော့်ကို ထူး ခြား တဲ့ဖြစ်စဉ်တွေအဖြစ် ကျနော်မြင်မိပါတယ်။


ခံစားချက်တွေကို နောက်ဆုတ်။ အလုပ်သလောကိုရှေ့ပို့နိုင်ပီလား

ရှေ့မှာတင်ပြခဲ့တဲ့ ထူးခြားဖြစ်စဉ် တိုးတက်မှုတွေနဲ့အတူ အင်တာနက်ပေါ် ကျနော်တွေ့မိတဲ့ ပြ သာနာတခုကတော့ လူတွေရဲ့စဉ်းစားပုံ Mindset မပြောင်းနိုင်သေးတဲ့အချက်လို့ဆိုချင်ပါတယ်။ ဒီအ တွက်တင်ပြချင်တဲ့ ဥပမာကတော့ အခုတလော Facebook နဲ့ အင်တာနက်တွေပေါ်မှာ ပလူ ပျံနေတဲ့ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နဲ့ နိုင်ငံကျော်ဟာသပညာရှင် ကိုဇာဂနာတို့တွေ့ဆုံမှု ကို ဝေဖန် နေကြတဲ့အသံတွေဖြစ်ပါတယ်။


သာမန်ကြည့်ရင်တော့ တချိန်က အာဏာရှိစဉ်မှာ ထင်သလိုကျဲခဲ့တဲ့ စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ကို နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇာဂ နာရဲ့ ပရိသတ်တွေ။ တနည်းအားဖြင့် ဒီမိုကရေစီအရေး လှုပ်ရှားတိုက်ပွဲဝင်နေသူတွေက ခွင့်မလွတ်နိုင် သေးတဲ့သဘော။ ကျုးလွန်ခဲ့ဖူးတဲ့အပြစ်တွေအတွက် ဦးခင်ညွန့်ကို ဆက်လက် ကျဉ် ထားသင့်ပီး လက်ဆွဲနှုတ်ဆက်ဖို့အချိန်မတန်သေးဘူးဆိုတဲ့သဘောမျိုး အဲဒီဝေဖန်သူတွေရဲ့စာထဲမှာတွေ့ရပါတယ်။

ဒီဝေဖန်မှုတွေနဲ့ပါတ်သက်ပီး ကိုဇာဂနာရဲ့ရှင်းပြချက်ဟာ ဒီနေ့ နိုင်ငံရေးလုပ်နေသူတွေ အထူး အတုယူသင့်တယ်လို့ ကျနော်ထင်ပါတယ်။

"သူကတွေ့ချင်တယ်ဆိုပီးဖိတ်လို့ အကျဉ်းထောင်ကနေ လွတ်လာတဲ့လူသားတဦးအနေနဲ့ ကျနော် သွားတွေ့တာပါ။ အခုချိန်ဟာ အယင်ကဖြစ်ခဲ့ဖူးတဲ့ ကိစ္စ တွေကိုမေ့ပျောက်ပီး အားလုံးနဲ့လက်တွဲဆောင်ရွက်ဖို့အချိန်တန်နေပီလို့ ကျနော်ယုံကြည်ပါတယ်။ ၂၀၀၇-ကတည်းက တွေဆုံဆွေးနွေးရေးလို့ပြောထားတာဘဲ့ဗျာ။ ဒီလိုသွားတွေ့တဲ့အပေါ်ဝေဖန်သူတွေ ကို ကျနော်တော့ နားကိုမလည်နိုင်ဘူး " လို့ ကိုဇာဂနာက အင်တာဗျုးတခုမှာပြောသွားတာကို ကျနော်ကြားလိုက်ရပါတယ်။ (ကိုဇာဂနာရဲ့ မူရင်း စကားလုံးကိုရှာမတွေ့တဲ့အတွက် ကျနော်နားလည် သလို အနှစ်ချုပ်ပြန်ရေးထားတာဖြစ်ပါတယ်)။

အခု ဒီဆောင်းပါးကိုဖတ်နေတဲ့ မိတ်ဆွေကိုယ်တိုင်ကော ဘယ်လိုအမြင်ရှိပါသလဲ။ ဦးခင်ညွန့် လိုပုဂိုလ်မျိုးကို လက်ဆွဲနှုတ်ဆက်ဖို့ အဆင်သင့်ဖြစ်နေပီလား။ လွန်ခဲ့တဲ့နှစ် ဆယ်စုနှစ်တခုကျော်က တည်းက ချမှတ်ထားတဲ့ တွေဆုံဆွေးနွေးရေးလမ်းစအတိုင်း ဒိမိုကရေစီအင်အားစုတွေ တကယ်သွားဖို့ အဆင်သင့်ဖြစ်နေပီလို့မြင်ပါသလား။ အစိုးရဖက်ကကော တကယ်ဘဲ့ ဒီမိုကရေစီအပြောင်းလဲလုပ်ဖို့ အဆင်သင့်ဖြစ်နေပီလို့ထင်ပါသလား။


ရန်သူမရှိ မိတ်ဆွေသာရှိ။ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်နေတာ

ဒီစာသားလေးကိုတော့ အထူးမိတ်ဆက်ပေးစရာမလိုအောင် စာဖတ်သူအားလုံး သိပီးဖြစ်မယ် လို့ထင်ပါတယ်။ ကိုလိုနီနယ်ချဲ့ခေတ်။ ဖက်ဆစ်ဂျပန်ခေတ်။ လွတ်လပ်ရေးကျိုးပန်းမှုခေတ်။ ဖဆပလ ခေတ်။ မဆလ ခေတ်။ န၀တ-နအဖ-ခေတ်ကနေ ဒီနေ့ခေတ်အထိ သမိုင်းခေတ်များစွာကိုဖြတ်သန်း လာခဲ့သူ။ သက်ရှိ အဘိဓမ္မာဆရာကြီး ဒဂုံတာရာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တ၀က်ခန့်က ပြောခဲ့တဲ့ သမိုင်း ၀င်စကားလုံးတွေဖြစ်ပါတယ်။


ဒီစကားလုံးတွေကို သူပြောတဲ့အချိန်ဟာ ဒီနေ့ကာလလိုမျိုး တွေ့ဆုံဆွေး နွေးရေးတွေဖြစ်နေတဲ့အချိန် မဟုတ်သေးတဲ့အပြင် ဆွေးနွေးရေးလမ်းစတောင် မမြင်နိုင်သေးတဲ့ တ ဖက်နဲ့တဖက် အပြုတ်တိုက်ရေး။ အပြတ်ဝေဖန်တိုက်ခိုက်ရေးအရှိန်ကောင်းနေဆဲကာလဖြစ်ပါတယ်။

"ရန်သူမရှိ-ဆိုတာ ကျနော်ဖက်က မရှိတာကိုပြောတာနော်။ သူ့ဖက်ကရှိမရှိကတော့ ကျနော် လဲမတတ်နိုင်ဘူး။ ကျနော်ကတော့ အားလုံးကိုမိတ်ဆွေအဖြစ်သဘောထားတယ်။ အဓိကကတော့ ငြိမ်းချမ်းရေးဘဲ့ဗျ။ ငြိမ်းချမ်းရေးမရင် ခင်ဗျားဘာမှဆက်လုပ်လို့မရဘူး" ဆိုပီး အဲဒီသမိုင်းဝင်စကားလုံး တွေထွက်ပေါ်ကာစ အင်တာဗျုးတခုမှာ ဆရာကြီးဒဂုံတာရာက ကျနော့်ကိုပြောခဲ့ဖူးပါတယ်။

တကယ် တန်းပြောမယ်ဆိုရင်တော့ ဒီလိုစကားလုံးမျိုးကို ဆရာဒဂုံတာရာ မဟုတ်ဘဲ တခြားလူတဦးဦးကသာ ပြောမယ်ဆိုရင် "သစ္စာဖေါက်။ ရန်သူ့လူ။ အတွေးခေါ်ဖေါက်ပြန်သူ" စသဖြင့် စွပ်စွဲခံရနိုင်ပါတယ်။ ဒါပေမဲ့ အခု ထုတ်ပြောလာသူဆရာတာရာဆိုတာ လက်ရှိ နိုင်ငံရေးနယ်ပယ်မှာလှုပ်ရှားနေသူတွေထက် အသက်အရွယ်။ အတွေ့အကြုံ။ သမိုင်းဖြတ်သန်းမှု အားလုံးသာနေတဲ့အတွက် ဆရာကြီးရဲ့ ဒသာနသစ် စကားလုံးတွေကို ဘယ်သူကမှ လူသိရှင်ကြားမဝေဖန်ရဲခဲ့ပါဘူး။

ဒါပေမဲ့ " နိုင်ငံရေး။ တော်လှန်ရေးလုပ်ရင် ရန်-ငါ-စည်းပြတ်ဖို့လိုတယ်။ ရန်သူကို ရန်သူလို့ ရှင်း ရှင်းလင်းလင်း မြင်ရမယ်။ ရန်သူ့လှည့်ကွက်ကိုအမြဲသိရှိရမယ်။ ရန်သူနဲ့စကားပြောရင် အဲဒါ တော်လှန်ရေးကျဆုံးမှုလမ်းစဘဲ့" ဆိုတဲ့ အဘိ ဓမ္မာကို လက်ခံကျင့်သုံးနေသူတွေ။ ကြွေးကြော်နေ သူတွေကြားမှာတော့ ဆရာကြီးရဲ့ စကားလုံးတွေကို မကန့်ကွက်ရဲ ရင်တောင် လက်ခံဖို့သိပ်မလွယ် တဲ့အခြေနေမျိုးဖြစ်ခဲ့တယ်။ ဖြစ်နေဆဲလို့ ကျနော်ထင် ပါ တယ်။


မူပြောင်း။ လူပြောင်း။ အ၀တ်စားပြောင်းတာအပြင် Mindset ပါပြောင်းဖို့လို

အခုချိန်ထိ ကျနော်ထောက်ပြခဲ့သမျှထဲမှာ ဒီမိုကရေစီအင်အားစုဖက်က လူတွေချည်းဖြစ်နေ တဲ့အတွက် လက်ရှိအစိုးရဖက်က တနည်းအားဖြင့်ပြောမယ်ဆိုရင် စစ်အစိုးရကနေ အရပ်ဝတ်အစိုးရ အဖြစ်ပြောင်းလာသူတွေဖက်က Mindset ပြောင်းလဲမှုရှိ မရှိကိုလဲ လေ့လာဆန်းစစ်ဖို့လိုမယ်ထင်ပါ တယ်။ စစ်ဗိုလ်ဟောင်းတွေဖြစ်တဲ့ သမ္မတဦးသိန်းစိန်။ လွတ်တော်ဥက္ကဌ ဦးရွေမန်းတို့ကိုယ်တိုင်က သဘောထားတွေပြောင်းလဲနေပါပီလို့ပြောနေပေမဲ့ သူတို့ရဲ့ Mindset တွေပြောင်းမပြောင်း ကျနော်မသိပါ။ သူတို့နဲ့တွေ့ဆုံခွင့်ရသူတွေ။ စကားပြောခွင့်ရသူတွေက ပိုသိနိုင်မယ်လို့ထင်ပါတယ်။


ဘာဘဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေးတာ။ မင်းကိုနိုင်။ ခွန်ထွန်ဦးအပါဝင် နိုင်ငံရေး အကျဉ်းသားတွေအားလုံးနီးပါးကိုလွတ်ပေးတာတွေဟာ ( မန်းငြိမ်းမောင်အပါဝင် နိုင်ငံရေးအကျဉ်းသား ရာနဲ့ချီကျန်နေပါသေးတယ်) သူတို့ဖက်ကလဲ သဘောထားတွေပြောင်းလဲ နေပါပီ။ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အဆင်သင့်ပြင်နေပါပီလို့ သင်္ကေတပြလိုက်တာဖြစ်တယ်လို့ ယူဆမယ်ဆို ယူဆနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ဖက်က လွန်ခဲ့တဲ့နှစ် ၂၀-လုံးလုံး လုပ်ခဲ့တဲ့ အပြုအမှု တွေအပေါ်အခြေခံပီး ဒီမိုကရေစီအင်အားစုတွေဖက်က အမြင်မရှင်းရှိနေတာ။ မယုံတ၀က် ယုံတ၀က် ဖြစ်နေတာတွေဟာလဲ သဘာဝကျစွာရှိနေဆဲ။ ဆက်ပီးရှိနေနိုင်ဆဲဖြစ်တာကို ကျနော်တို့လက်ခံထားဖို့ လိုမယ်ထင်ပါတယ်။

အနှစ်ပြန်ချုပ်ရရင်တော့ ဒီနေ့နိုင်ငံရေးအခြေနေအရ နိုင်ငံရေးအင်အားစုတွေအားလုံး လက်တွဲ ပူးပေါင်းဆောင်ရွက်ဖို့လိုနေပါပီ။ ရန်-ငါ စည်းခြားပီး အယင်ကလို ရန်သူတော်တွေအဖြစ် ဆက်တိုက်နေလို့မဖြစ်တော့။ အာဆီယံ ဒေသတခုလုံးမှာ ပြည်တွင်းစစ်ဖြစ်နေတာဆိုလို့ ကျနော်တို့နိုင်ငံတခုဘဲ့ကျန်ပါတော့တယ်။

အာဆီယံ ဒေသကထွက်တဲ့ ဒုက္ခသည်ဆိုလို့ ကျနော်တို့လူမျိုးတွေဘဲ့ကျန်တော့တယ်။ တိုင်းတပါးထွက်ပီး ကျွန်လုပ်နေရတဲ့အထဲမှာ ကျနော်တို့နိုင်ငံသားတွေအများဆုံးဖြစ်နေတယ်။ မြန်မာလို့ဆိုလိုက်တာနဲ့ အိမ်နီးချင်း နိုင်ငံသားတွေက ဘယ်လောက်အထိအထင်သေးသလဲဆိုတာ ကျနော်တို့နိုင်ငံသားတွေ အသိဆုံးဖြစ်တယ်။ တဦးချင်းဝင်ငွေမှာလဲ ကျနော်တို့နိုင်ငံသားတွေက အနဲဆုံးဖြစ်နေပါတယ်။

တချိန်က ရွေရောင်တောက်ခဲ့တဲ့ ကျနော်တို့ရဲ့ ပညာရေးစနစ်ဟာလဲ အခုတော့ အတော်အခြေနေဆိုးနေပီ။ စသဖြင့် စသဖြင့် အခြေခံလူထုအများစုကြီးနဲ့ဆိုင်တဲ့ အချက်လက်တွေအပေါ် အသေချာစဉ်းစားပီး အားလုံးပူး ပေါင်းဆွေးနွေးအဖြေရှာနိုင်မှ ကျနော်တို့နိုင်ငံ အဆင်ပြေရေးလမ်းစပေါ် တက်လှမ်းနိုင် မယ်လို့ မြင်မိပါ တယ်။

အဲဒီအဆင့်ကိုတက်လှမ်းနိုင်ဖို့ ကျနော်တို့အားလုံးရဲ့ Mindset တွေ။ စဉ်းစား ချည်းကပ်ပုံတွေကို အယင်ပြောင်းလဲဖို့လိုနေပါတယ်။ ရန်-ငါ စည်းခြားပီး တဖက်နဲ့တဖက် ရန်သူတွေအဖြစ်မြင်နေတာ ကိုရုတ်သိမ်းပီး မိတ်ဆွေတွေ။ လုပ်ဖေါ်ကိုင်ဖက်တွေအဖြစ်မြင်လာဖို့လိုနေပါတယ်။

တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်ဆိုတဲ့ စစ်အယူဝါဒရဲ့အမြင်တွေကို ပြောင်းလဲပစ်ပီး အင်အားပေါ်အခြေခံစဉ်းစားတဲ့ ချည်းကပ်မှုကနေ သဘောတရားပေါ်အခြေခံတဲ့စဉ်းစားမှု။ နည်းပညာပေါ် အခြေခံတဲ့စဉ်းစားမှုအဖြစ် ကျနော်တို့ပြောင်းလဲဖို့လိုနေပါတယ်။ စစ်တက္ကသိုလ်တွေနေရာမှာ နည်းပညာ တက္ကသိုလ်ဖြစ်လာဖို့လိုနေပါတယ်။ လက်နက်ထုတ်စက်ရုံတွေနေရာမှာ အခြေခံလူထုအတွက် လိုအပ်တဲ့ လူ သုံးကုန်ပစ္စည်းထုတ်စက်ရုံတွေအဖြစ်ပြောင်းလဲဖို့လိုအပ်နေပါတယ်။

တဆက်တည်းမှာဘဲ့ တိုင်းပြည်ဝင်ငွေရဲ့ အများစုကိုအသုံးပြုနေတဲ့ ကာကွယ်ရေးအသုံးစရိတ် တွေ ကိုလျော့ချပိး မျိုးဆက်သစ်လူငယ်တွေအတွက်အရေးပေါ်လိုအပ်နေတဲ့ ပညာရေးရင်းနှီးမြှုပ်နှံမှု မှာ ပြောင်းလဲသုံးစွဲဖို့လိုနေပါတယ်။

ကြံခိုင်ရေးပါတီတွေ။ စွမ်းအားရှင်တွေနေရာမှာ လူမှုကယ်ဆယ်ရေးအဖွဲ့တွေ။ NGO တွေ။ Institution တွေ အစားထိုးပေါ်ပေါက်လာဖို့လိုနေပါတယ်။ ထိုင်း-နိုင်ငံရေးသမား တွေပြောနေကြ စကားလုံးတခုကို ငှားသုံးရမယ်ဆိုရင်တော့ စစ်မြေပြင်ဖြစ်နေတဲ့ ကျနော်တို့ရဲ့နိုင်ငံကို စီးပွါးရေးမြေပြင်အဖြစ်။ ဈေးကွက်သစ် အဖြစ်ပြောင်းပစ်နိုင်အောင် ကျနော်တို့ ကျိုးစားဖို့လိုနေပါတယ်။

ဒါဟာ ၂၁ -ရာစု အစောပိုင်းကာလ နိုင်ငံတကာအခင်းအကျင်းရဲ့ လိုအပ်ချက်လဲဖြစ် တယ်။ ပြောင်းလဲမှု ဖြစ်စဉ် လုပ်ထုံးလုပ်နည်းတခုလဲဖြစ် လာနေတယ်လို့ ထင်မြင်မိပါတယ်။

ဒါကြောင့် သမ္မတဦးသိန်းစိန်တို့ လွတ်တော်ဥက္ကဌဦးရွေမန်းတို့ပြောထားတဲ့အတိုင်း "နောက် ပြန်ဆုတ်မပြေးတော့တဲ့ ပြောင်းလဲမှုဖြစ်စဉ်" မျိုးဖြစ်လာအောင် ဆိုရင် အ၀တ်စားတွေ။ စကားလုံးတွေနဲ့ လေသံတွေကို ပြောင်းလဲယုံတင်မကဘဲ လူကြီးမင်းတို့ရဲ့ Mindset တွေ။ စဉ်းစားပုံတွေကိုပါ တစုံလုံး ပြောင်းလဲဖို့လိုနေပါတယ်။

တချိန်တည်းမှာဘဲ့ ရန်-ငါ စည်းခြားပီး အပြတ်တိုက်မှ စစ်မှန်တဲ့ ဒီမိုကရေစီ ရမယ်လို့ တချိန်ကကြွေးကြော်ခဲ့ဖူးတဲ့ ကျနော်တို့ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေ။ ဒီမိုကရေစီလိုလားသူတွေ အားလုံးကလဲ Mindset တွေ။ စဉ်းစားပုံတွေကိုပြောင်းပီး အားလုံးပူးပေါင်းဆောင်ရွက်နိုင်မဲ့ နိုင်ငံရေး ဖြစ်စဉ်တခုပေါ် လာအောင် ၀ိုင်းဝန်းကျိုးပန်းဖို့အချိန်တန်နေပီဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။။။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More