Thursday, January 19, 2012

လူဘောင်သစ် နဲ့ FDB အပါဝင် နယ်စပ်ကအဖွဲ့တွေကို နိုင်ငံရေးဆွေးနွေးဖို့ကမ်းလှမ်းနေပီ။

နိုင်ငံရေးဆွေးနွေးရန် ဝန်ကြီးဦးအောင်မင်းက လူဘောင်သစ် နဲ့ FDB ကို ကမ်းလှမ်း

ကိုဝိုင်း | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၉ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၂၆ မိနစ်
 
ချင်းမိုင် (မဇ္ဈိမ) ။       ။ သမ္မတ၏ ငြိမ်းချမ်းရေး အထူးကိုယ်စားလှယ် ဦးအောင်မင်းက ပြည်ပအခြေစိုက် ဒီမိုကရေစီနိုင်ငံရေးအင်အားစုများနှင့် ဖေဖော်ဝါရီ ပထမပါတ်အတွင်း နိုင်ငံရေးအရ ဆွေးနွေးလိုကြောင်း ကြာသာပတေးနေ့တွင် အကျိုးဆောင်များမှတဆင့် ကမ်းလှမ်းလာသည်ဟု သက်ဆိုင်ရာ ခေါင်းဆောင်များက ပြောသည်။

အဖွဲ့ဝင် ၇ ဖွဲ့နှင့် တသီးပုဂ္ဂလတချို့ပါဝင်သည့် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု-FDB နှင့် တွေ့ဆုံရန် အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ-DPNS နှင့် ဆွေးနွေးရန် ဥက္ကဋ္ဌ ဦးအောင်မိုးဇော် တို့ကို ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ၊ ဒေါက်တာ ကျော်ရင်လှိုင်တို့မှ တဆင့် နှုတ်ဖြင့် သီးသန့်စီ ဖိတ်ကြားလာကြောင်း ဒေါက်တာနိုင်အောင် က ပြောသည်။

“FDB နဲ့ DPNS ကို အလွတ်သဘောဆွေးနွေးနိုင်ဖို့အတွက် တရားဝင်ကမ်းလှမ်းတယ်လို့ ပြောပါဆိုပြီး ကြားတယ်။ ဖေဖော်ဝါရီ ပထမပါတ် ပတ်ဝန်းကျင် ဖြစ်နိုင်တယ်။ ကိုကျော်ရင်လှိုင် ဖုံးခေါ် တယ်။ ကျနော် တယောက်ထဲ မဟုတ်ဘူးပေါ့ဗျာ၊ FDB က ခေါ်ချင်တဲ့လူ ခေါ်လာပေါ့” ဟု မဇ္ဈိမကို ပြောသည်။
drnaingaung
FDB တပ်ပေါင်းစု အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင် (ဓါတ်ပုံ FDB)

FDB တပ်ပေါင်းစု အဖွဲ့ဝင် ဒီမိုကရေစီနှင့် ဖွံဖြိုးတိုးတက်ရေးအင်အားစု-NDD ဒါရိုက်တာလည်း ဖြစ်သူ
ဒေါက်တာနိုင်အောင်က သက်ဆိုင်ရာ အဖွဲ့အစည်းဝင်များကို အကြောင်းကြားထားပြီး ဇန်နဝါရီ တတိယပါတ် အတွင်း ဆွေးနွေးပြီးမှ တရားဝင်ပြန်ကြားမည်ဟု ဆိုသည်။

FDB တပ်ပေါင်းစုကို ၂ဝဝ၄ ခု နှစ်ဆန်းပိုင်းတွင် “ကောင်းမွန်သော အစိုးရ အုပ်ချုပ်မှုစနစ်ရှိရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုရရှိရေး တို့ကို အုတ်မြစ်ချနိုင်မည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတခု ပေါ်ထွန်း လာရေး” အတွက် ၁၉၈၈ ခု ဒီမိုကရေစီအုံကြွမှုအား စစ်တပ်က နှိမ်နင်းပြီးနောက် နယ်စပ်သို့ ထွက်လာသူများ ပါဝင်သည့် အဖွဲ့ ၇ ဖွဲ့ဖြင့် အဓိကထား ဖွဲ့စည်းခဲ့သည်။

ဒေါက်တာကျော်ရင်လှိုင်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော် ကိုလည်း တနေ့ထဲတွင် ဖုံးဆက်ကြောင်းကြားခြင်းဖြစ်ပြီး ပါတီအစည်းအဝေး ခေါ်ရန် စီစဉ်နေသည်ဟု သိရ သည်။

ဦးအောင်မိုးဇော်က “ဝန်ကြီးဦးအောင်မင်းလာတဲ့အချိန်မှာ တွေ့ဖို့ပေါ့ဗျာ။ ရက်အတိအကျတော့ နောက်မှ အကြောင်းကြားမယ်ပြောတယ်။ တွေ့တာတော့ ကောင်းပါတယ်။ အသေးစိတ်တော့ ကျနော်တို့ ဒီရက်ပိုင်း အတွင်း ဗဟိုကော်မတီ အစည်းအဝေး ထိုင်ရမယ်” ဟု မဇ္ဈိမကို ပြောသည်။

အလားတူ အကျိုးဆောင် ဦးလှမောင်ရွှေက ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ပံ့ပိုးပေးသူ ထိုင်းအခြေစိုက် ဦးညိုအုန်းမြင့်မှ တဆင့် ဖိတ်ကြားခဲ့သေးသည်။

“အကျိုးဆောင် ဦးလှမောင်ရွှေမှတဆင့် သူတို့နှစ်ဖွဲ့ကို ဝန်ကြီးက တရားဝင် တွေ့ချင်ပါတယ်။ နောက်လဆန်း မှာ ထိုင်း-မြန်မာနယ်စပ်တနေရာမှာ တွေ့ဖို့ အစီအစဉ်လုပ်ပေးပါဆိုပြီးတော့ ပြောတဲ့အတွက် ကျနော်က pass လုပ်ပေးတော့ ဦးအောင်မိုးဇော်တို့ဘာတို့ကလည်း လက်ခံပါတယ်” ဟု ဦးညိုအုန်းမြင့်က မဇ္ဈိမကိုပြောသည်။
Uaungmoezaw
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ-DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော် (ဓါတ်ပုံ FDB)

၁၉၈၈ ခု ဒီမိုကရေစီအုံကြွမှုကာလအတွင်း ပြည်တွင်း၌ ပေါက်ဖွားလာသည့် DPNS သည် ၁၉၉ဝ ခု ရွေးကောက်ပွဲ ကာလတွင် ပါတီဝင် တသိန်းခန့်ရှိပြီး ၁၉၉၁ ခု ဇန်နာဝါရီလတွင် ပါတီခေါင်းဆောင်တချို့ နယ်စပ်သို့ ထွက်ခွာ လာခဲ့ပြီးနောက် ဖျက်သိမ်းခံခဲ့ရသည်။

သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များက ပြည်ပရောက် မြန်မာနိုင်ငံသားများအား ပြန်လာကြရန် ဖိတ်ခေါ် နေသော်လည်း နိုင်ငံရေးရည်မှန်းချက်ဖြင့် ရောက်နေသူများအတွက် တိကျသည့် ဥပဒေ စည်းမျဉ်း စည်းကမ်းများ ထုတ်ပြန်ရန် လိုအပ်နေသည်ဟု ထောက်ပြသည်။

“အခုဟာက ခေါ်တယ်သာပြောတာလေ။ လက်တွေ့ကျကျ ဘယ်လိုအချက်အလက်တွေ၊ တိတိကျကျ သဘောထား ရော၊ နှစ်ခုလုံး ဆောင်ရွက်တာ ကောင်းတယ်လို့ထင်တယ်။ ကိုမင်းကိုနိုင် ပြောသလိုပါပဲဗျာ လမ်းကြုံလို့ ပြောတာမျိုး မဖြစ်သင့်ဘူးလေ” ဟု ဦးအောင်မိုးဇော်က ပြောသည်။

၂ဝ၁၁ ခုနှစ် ဒီဇင်္ဘာလ ၁၂ ရက်နေ့ကလည်း ဦးလှမောင်ရွှေ ဆက်သွယ်ပေး၍ ဦးအောင်မင်းနှင့် မဲဆောက်မြို့တွင် တွေ့ဆုံခဲ့ဖူးကြောင်း ဒေါက်တာနိုင်အောင် က ပြောသည်။

ထိုစဉ်က ၎င်းအနေနှင့် ဦးအောင်မင်းအား အချက် လေးချက် ဆွေးနွေးခဲ့ရာ “မြန်မာပြည် နိုင်ငံရေး အင်အားစုအားလုံး ပါဝင်သည့် နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး  စီအစဉ်ကို နိုင်ငံရေး ဆွေးနွေးပွဲဖြင့် အားလုံးသဘောတူ ဖော်ထုတ်သင့်ကြောင်း” ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ဆိုသည်။

မြန်မာအစိုးရက တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများဖြစ်ကြသည့် ကရင် KNU၊ ရှမ်း SSA-S၊ ချင်း CNF၊ ဝ’ UWSA၊ မိုင်းလား စသည့် လက်နက်ကိုင် ၅ ဖွဲ့နှင့် အပစ်ရပ်စဲရေး သဘောတူပြီးနောက် ဒီမိုကရေစီ အင်အားစုများကို ပထမဆုံးအကြိမ် ကမ်းလှမ်းလာခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလဆန်းတွင် တွေ့ဆုံရန် စီစဉ်နေမှုတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP၊ မွန်ပြည်သစ် ပါတီ NMSP၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PPLO၊ ဝ’ အမျိုးသားအဖွဲ့ တို့နှင့်လည်း အပစ်ရပ်ရေးကိစ္စများ လည်း သီးသန့်ဆွေးနွေးရန် အစီအစဉ်ရှိကြောင်း ဦးညိုအုန်းမြင့် က ပြောသည်။
............................................................................................................................................

ABSDF လည်း ငြိမ်းချမ်းရေး ဆွေးနွေးရန် ဆန္ဒရှိ

ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၀၈ မိနစ်။

ချင်းမိုင် (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က မြန်မာအစိုးရ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဆန္ဒရှိကြောင်း အင်္ဂါနေ့က အကြောင်းပြန်ကြားလိုက်ပြီဟု အဖွဲ့ပြောခွင့်ရသူ ဒုဥက္ကဋ္ဌ ဦးမျိုးဝင်း က ပြောသည်။
ABSDF ဒုဥက္ကဌ ကိုမျိုးဝင်း။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းကိုယ်စား ဒုဗိုလ်မှူးကြီးဟောင်း စောခင်စိုး လက်မှတ်ထိုး၍ ကိုယ်တိုင် လာရောက်ပေးပို့သည့် ဇန်န၀ါရီ ၁၀ ရက်စွဲပါ ကမ်းလှမ်းစာကို အကြောင်းပြန် လိုက်ခြင်းဖြစ်သည်။

စောခင်စိုး၏ စာတွင် ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် ‘တန်းတူညီတူ’ ဆွေးနွေးမည်ဟု ဖော်ပြပါရှိပြီး မိမိတို့ဘက်မှ သဘောဆန္ဒကို ပြန်ကြားလိုက်ခြင်းဖြစ်ကြောင်း ဦးမျိုးဝင်း က မဇ္ဈိမကို ပြောသည်။

“နိုင်ငံရေးပြဿနာတွေကို တန်းတူညီတူ အဖြေရှာနိုင်ဖို့အတွက် ကျနော်တို့ဘက်ကလည်းပဲ ဆန္ဒရှိတယ်ဆိုတာကို အဓိကပါ။ တရားဝင်စာနဲ့တော့ မနေ့ကပဲ ကျနော်တို့ ဆက်သွယ်ရေး လမ်းကြောင်းကနေတဆင့် အကြောင်းပြန် လိုက်ပါပြီ” ဟု ပြောသည်။


ကျောင်းသားတပ်မတော် (ခေါ်) ABSDF အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စသည့် နိုင်ငံရေး လုပ်ငန်းစဉ်များကို ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း စာအတွင်း၌ ထည့်သွင်းဖော်ပြခဲ့သည်ဟု သိရသည်။

တွေ့ဆုံမည့် နေရာနှင့်ပတ်သက်၍မူ “ကျနော်တို့ရွေးချယ်မှုအတိုင်း သူတို့လက်ခံ ဆောင်ရွက်သွားမယ်လို့ သဘောထားကတော့ သူတို့ အကြမ်းမျဉ်း မိတ်ဆက်ပေးပါတယ်။ ဒီကိစ္စ တွေကို ကျနော်တို့ ဘာမှ မဆွေးနွေးရသေး ပါဘူး” ဟု ဦးမျိုးဝင်း က ပြောသည်။

ဦးသိန်းစိန် အစိုးရအနေနှင့် တိုင်းရင်းသား အဖွဲ့ ၅ ခုနှင့် အပစ်ရပ် သဘောတူညီမှုများ ရထားပြီးဖြစ်သော်လည်း တပြည်လုံးအတိုင်းအတာ အပစ်ရပ်ကာ နိုင်ငံရေးလုပ်ငန်းစဉ်များ ပါဝင်ရမည်ဟု အနှစ် ၂၀ ကျော် အတွေ့အကြုံကို အခြေခံ၍ သုံးသပ်ထားကြောင်း ဦးမျိုးဝင်းက ပြောသည်။

ABSDF ၏ တပ်ရင်း ၉ ရင်းအနက် အများစုမှာ မြန်မာအစိုးရနှင့် အပစ်ရပ် သဘောတူပြီးဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU နယ်မြေအတွင်းနှင့် ကရင်နီ၊ မွန်၊ ကချင်နှင့် ရခိုင်ပြည်နယ်စပ်တို့တွင် အခြေခံ လှုပ်ရှားနေကြ
ခြင်း ဖြစ်သည်။

KNU နှင့် စစ်ရေးပူးပေါင်းလှုပ်ရှား ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ဖြစ်လာနိုင်သည့်တိုင် နိုင်ငံရေးလုပ်ငန်းစဉ်များကိုမူ ဆက်လက်ဆောင် ရွက်နိုင်မည်ဟု KNU နှင့် နှစ် ၂၀ ကျော် ဆက်ဆံရေးအပေါ်အခြေခံ၍ ABSDF က ယုံကြည်သည်ဟု ဆိုသည်။

KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်ကမူ အစိုးရနှင့် အပစ်ရပ်ထားသော်လည်း နိုင်ငံရေး လုပ်ငန်းစဉ်များဆွေးနွေးရန်ကျန်ရှိသေးသည်ဟု ပြောသည်။

“တပြည်လုံး အတိုင်းအတာ အပစ်ရပ်ရေးရမှ ပြေလည်မှာပေါ့လေ။ နိုင်ငံရေး ဆွေးနွေးစရာ အများကြီးရှိသေးတယ်။ (ABSDF နဲ့) လောလောဆယ် ပူးပေါင်းလှုပ်ရှားတာ ရှိသေးတာပေါ့။ မဟာမိတ်ကဏ္ဍမှာ ပြန်ဆွေးနွေးရမှာပေါ့” ဟု မဇ္ဈိမကို ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲဝင်ရန်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်က အစိုးရနှင့် ABSDF အကြား ငြိမ်းချမ်းရေး ဆွေးနွေးမည်ကို ကြိုဆိုလိုက်သည်။

ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ABSDF ၏ အခန်းကဏ္ဍသည် တိုင်းရင်းသားများနည်းတူ အရေးပါကြောင်း၊ သို့သော် အဖွဲ့အတွင်း အကျေအလည် သဘောတူရန် အရေးကြီးသည်ဟု သုံးသပ်သည်။

ထို့ပြင် မြန်မာ့တပ်မတော်၏ သဘောထားကိုလည်း သတိရှိရန် လိုသည်ဟု ထောက်ပြသည်။

“ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ သမ္မတက ထိုးစစ်တွေရပ်ပါလို့ ကာကွယ်ရေးဦးစီးချုပ်ကို ညွှန်ကြားတယ်။ ထိုးစစ်တွေ က ထိုးနေတုန်းပဲ။ သုံးဘက် ရှိတယ်ဗျ။ လက်နက်ကိုင်အဖွဲ့အစည်းများ အကုန် အစုံ၊ တဘက်က အစိုးရ သူတို့ survival အရ၊ သူတို့လုပ်ငန်းတွေ အောင်မြင်ဖို့အရ ငြိမ်းချမ်းရေး လိုအပ်ပြီဆိုတာ သိတယ်။ တဘက်က အစိုးရ စကားတောင်မှ နားမထောင်ဘဲနဲ့ ဒီနေ့အထိ ထိုးစစ် တွေ လုပ်နေတဲ့ စစ်တပ်ရှိတယ်” ဟု ဦးဝင်းတင်က မဇ္ဈိမကို
ပြောသည်။

၁၉၈၈ ဒီမိုကရေစီအုံကြွမှုကြီးမှ ကျောင်းသားလူငယ်များဖြင့် ဖွဲ့စည်းခဲ့သည့် ABSDF အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် မိမိအဖွဲ့တွင်းနှင့် ပြည်တွင်း/ပြည်ပ ကျောင်းသားလူထု၏ သဘောထား အကြံဉာဏ်များ ရယူသွားရန် စီစဉ်နေကြောင်း သိရသည်။
............................................................................................................................

ABSDF အစိုးရ အကျိုးဆောင်အဖွဲ့နှင့် တွေ့ဆုံ 

ဇန်န၀ါရီ ၁၈ရက်၊ ၂၀၁၂။ ရွှေသိုက်တော (ကေအိုင်စီ)

မြန်မာအစိုးရနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့ အကြား ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဆွေးနွေးနိုင်ရန်အတွက် မြန်မာအစိုးရ ဘက်မှစေလွှတ်သည့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့သည် ယမန်နေ့က ထိုင်း -မြန်မာနယ်စပ်သို့ လာရောက်ခဲ့ကြသည်။
  


ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး အောင်သောင်း၏ တာဝန်ပေးချက်အရ ကရင်ပြည်နယ် ဥက္ကဌဟောင်းဖြစ်သူ ဗိုလ်မှူးကြီးစောခင်စိုး(ငြိမ်း) ဦိးဆောင်သည့် ငြိမ်း ချမ်းရေးအကျိုးတော်ဆောင်အဖွဲ့သည် ယမန်နေ့က ABSDF တာဝန်ရှိသူအချို့နှင့် လာရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

၎င်းတွေ့ဆုံဆွေးနွေးပွဲတွင် ABSDF အဖွဲ့၏ တာဝန်ရှိသူများက ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အဖွဲ့၏ သဘောထားများကို ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များမှတဆင့် ဦးအောင်သောင်းထံသို့ ပေးပို့ခဲ့သည်။

အဆိုပါအဖွဲ့၏ သဘောထားများတွင် အစိုးရ၏ကမ်းလှမ်းမှုကို အပြုသဘောဖြင့်လက်ခံပြီး စစ်မှန်သည့် တန်းတူညီတူ တွေ့ဆုံ ဆွေးနွေးမှုကို ကြိုဆိုသည်ဟုပါရှိကြောင်း သိရှိရသည်။

ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးစောခင်စိုးက ABSDF အဖွဲ့အနေနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့် ပတ်သက်၍ အချိန်မရွေး ဆွေးနွေးနိုင်ကြောင်း၊ ဆွေးနွေးမှုနှင့်ပတ်သက်၍ အစိုးရဘက်က အရံသင့်ရှိသည်ဟု ပြောသည်။

တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန်အတွက် ဦးအောင်သောင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေး ရေးအဖွဲ့သည် ယခုလ ၁၀ရက်နေ့က ABSDF အဖွဲ့ ထံသို့ တရားဝင် စတင် ဆက်သွယ်ခဲ့သည်။

မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဆွေးနွေးနိုင်ရန်အတွက် ABSDF အဖွဲ့သည် ယခုရက် ပိုင်းအတွင်း ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုသားပြန်လည်သင့်မြတ်ရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။

အဖွဲ့၏ ဒုဥက္ကဌ ကိုမျိုးဝင်းက “တန်းတူညီတူ ဆွေးနွေးရေးအတွက် ကမ်းလှမ်းမှုကို ကျနော်တို့ကြိုဆိုတယ်။ ဒီကမ်းလှမ်းမှုတွေ ကို ပြည်တွင်းပြည်ပမှာရှိတဲ့ အင်အားစုအားလုံးရဲ့အကြံဥာဏ်တွေကိုယူပြီးမှ ဒီကိစ္စကိုဆုံးဖြတ်မှာ ဖြစ်တယ်။”ဟု ကရင်သတင်း ဌာနသို့ ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးကို ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ ဖားအံခရိုင်ရှိ ကော့မူးရာမြို့နယ် ၀မ်ခါ့စခန်းတွင် ၁၉၈၈ခုနှစ်၊ နိုဝင်ဘာလ ၁ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီး ယနေ့အထိ လက်နက်ကိုင်ကာ တိုက်ပွဲဝင်လျှက်ရှိသည်။
.............................................................................................................................

ငြိမ်းချမ်းရေးအတွက် ABSDF ကို အစိုးရကမ်းလှမ်း
BBC- 12 ဇန်နဝါရီလ 2012 - 17:55 GMT

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ အစိုးရဘက်က ကမ်းလှမ်းခဲ့တယ်လို့ ABSDF ဒုဥက္ကဌ ကိုမျိုးဝင်းက ဘီဘီစီကိုပြောပါတယ်။

အစိုးရဘက်ကနေ စာအား၊ နှုတ်အားဖြင့် ABSDF ကို ဆက်သွယ်ဆောင်ရွက်မှုတွေ ရှိနေပြီ ဆိုတာကို၊ ပြည်သူလူထု တရပ်လုံးကို အသိပေးလိုပါကြောင်း ကိုမျိုးဝင်းက ပြောပါ တယ်။နိုင်ငံတကာမှာ လှုပ်ရှားနေတဲ့ လူငယ်ထု၊ ကျောင်းသားထု အားလုံးကို ကိုယ်စားပြု ဖေါ်ဆောင်နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
အခုလိုဆောင်ရွက်ရာမှာ ပြည်သူလူထုရဲ့ ဆန0x081ဒသဘောထားတွေဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးကိစ0x081စ၊ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲ ရေးကိစ0x081စ၊ မတရားတဲ့ ဥပဒေတွေ ပြင်ဆင်နိုင်ရေးနဲ့ ပြည်သူလူထု လက်မခံနိုင်တဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ0x081စတို့ကို ဆောင်ရွက်မှာ ဖြစ်တယ်လို့ဆိုပါတယ်။
KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရအကြား အပစ်အခတ် ရပ်စဲ ရေးဟာလည်း နိုင်ငံရေး ပြဿနာကို တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ဖို့ အတွက် အစပြုတဲ့ ကြိုးပမ်းချက် တခုသာ ဖြစ်ကြောင်း သူကပြောပါတယ်။အပစ်အခတ် ရပ်စဲရေး တခုတည်းနဲ့ နိုင်ငံရေး ပြဿနာတွေ ပြေလည်သွားမှာ မဟုတ် ကြောင်းနဲ့၊ တဖွဲ့ချင်း အပစ်အခတ်ရပ်စဲရေးကနေ တပြည်လုံး အတိုင်းအတာနဲ့ အပစ်ရပ်စဲဖို့ အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးကလည်း ဆက်လက် ကြိုးပမ်းလိမ့်မယ် လို့ မျှော်လင့်ကြောင်း သူကပြောပါတယ်။
KNU နဲ့ ABSDF တို့ဟာ နှစ်ပေါင်း ၂၃ နှစ်ကျော် အတူလက်တွဲ လှုပ်ရှားလာတာဖြစ်လို့၊ အခုလို KNU က အစိုးရနဲ့ အပစ်ရပ်ရေး သဘောတူလိုက်တာကြောင့် ABSDF အပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ မရှိနိုင်ဘူးလို့ ဆိုပါတယ်။
 ......................................................................................................................

ကျောင်းသားတပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အစိုးရကမ်းလှမ်း
Friday, 13 January 2012 16:43 သျှမ်းသံတော်ဆင့် 


မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ခေါ်) ABSDF အဖွဲ့ထံ ငြိမ်းချမ်းရေးကမ်း လှမ်းစာတစ်စောင်ကို အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့မှ ယခုလ ၁၀ ရက်နေ့တွင် ပေးပို့ခဲ့ကြောင်း သိရသည် ။

လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလပိုင်းက အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းမှ ABSDFအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် နှုတ်ဖြင့် ပြောကြားခဲ့အပြီး ယခုလ ၁၀ ရက်နေ့ တွင် ဦးအောင်သောင်း ဦးဆောင်သည့် အဖွဲ့မှ တရားဝင်အကြောင်းကြားစာပေးပို့ခြင်း ဖြစ်ကြောင်း ABSDF အဖွဲ့မှ သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောသည်။

သို့သော် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်နှင့် ကျောင်းသားတပ်မတော် ၏ မူဝါဒ များကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိပေ။

၁၉၈၈ခုနှစ်က မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ဒီမိုကရေစီလူထုအုံကြွမှုအတွင်း အာဏာသိမ်းစစ်အစိုးရကို လက်နက်ကိုင်တော်လှန်ရန် ပြည်တွင်းရှိ ကျောင်းသားမျာစုပေါင်း၍ ထိုင်းနယ်စပ်တစ်နေရာတွင်ကျောင်း သားတပ်မတော်ကို စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ယခုအခါထိုင်း၊ တရုတ်နှင့် အိန0x081ဒိယနယ်စပ်များတွင် ကျောင်းသားတပ်မတော်တပ်ဖွဲ့များ အခြေစိုက်ထားပြီး လက် နက်ကိုင်ဖြတ်သန်းမှုနှစ် ၂၀ ကျော်ကာလအတွင်း အစိုးရထံမှ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးကမ်းလှမ်း စာပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။
......................................................................................................................... 

KNU နဲ့ အစိုးရ အပစ်ရပ်ရေး သဘောတူ လက်မှတ်ထိုး
BBC,  12 ဇန်နဝါရီလ 2012 - 07:59 GMT


KNU ကရင်အမျိုးသား အစည်းအရုံးနဲ့ မြန်မာအစိုးရတို့ကြား ပထမဆုံးအကြိမ် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး နိုင်ခဲ့တယ်လို့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် မီးရထား ဝန်ကြီး ဦးအောင်မင်းက ဘီဘီစီကို အတည်ပြု ပြောကြားပါတယ်။



KNU Peace agreemenetမြန်မာအစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ KNU ခေါင်းဆောင်တွေဒီသဘောတူညီချက်ဟာ ပမာဏအဆင့် ဖြစ်ပြီး၊ အချက်လေးချက် ပါဝင်တယ်လို့ သိရပါတယ်။လက်မှတ်ထိုးလိုက်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ထဲမှာ နှစ်ဘက် လက်နက်ကိုင် တွေအကြား အပစ်ရပ်ဖို့၊ နှစ်ဘက်အကြား ဆက်သွယ်ရေးရုံးတွေ ဖွင့်လှစ်ဖို့နဲ့ နှစ်ဘက် ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ တာဝန်ရှိသူ တွေ အပြန်အလှန် သွားလာခွင့် စတဲ့အချက်တွေ ပါဝင် ပါတယ်။


ဒီကနေ့ ဆွေးနွေးပွဲမှာပဲ KNU ဘက်က တောင်းဆိုထားတဲ့ အချက် ၁၁ ချက် ကို မူအားဖြင့် လက်ခံခဲ့ပြီး ပြည်ထောင်စု အဆင့်မှာ ဆက်လက် ဆွေးနွေးသွားဖို့ကို သဘောတူခဲ့ကြ ပါတယ်။KNU တောင်းဆိုထားတဲ့ အချက် ၁၁ချက်ထဲက တခိျု့ကတော့ တပြည်လုံး အတိုင်းအတာ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ အပစ်အခတ် အမြန်ဆုံး ရပ်စဲရေး၊ ပြည်သူတွေ အကြောက်တရား ကင်းရေး၊ ပြည်သူပြည်သားတွေအတွင်း ယုံကြည်ရတဲ့ အခြေအနေ တည်ဆောက်ရေး၊ ဒေသတွင်း ဖွံ့ဖြိုးရေးတွေ လုပ်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ သတင်းမီဒီယာတွေကို လွတ်လပ်စွာ သတင်းရယူခွင့် ပြုရေး၊ အတင်း အဓမ0x081မ လုပ်အားပေး ခိုင်းစေတာ၊ အဓမ0x081မ ငွေကြေး ကောက်ခံတာမျိုးတွေ မပြုရေး၊ အကျဉ်းသားတွေ လွှတ်ပေး ရေး စတဲ့ အချက်တွေ ဖြစ်ပါတယ်။

KNU ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရ စစ်တပ်ကြား လွတ်လပ်ရေး ရပြီး နောက်ပိုင်းကတည်းက တိုက်ခိုက် ခဲ့ကြတာမို့ နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ် နှစ်ဘက်အကြား အခု သဘောတူညီမှုနဲ့ အပစ်ရပ်နိုင် တော့မှာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်တွေရဖို့ မြန်မာအစိုးရဘက်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် မီးရထား ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း နဲ့ KNU ဘက်ကတော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူတူးဆေးဖိုးတို့က ဦးဆောင် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။အရင်ကတယောက်နဲ့ တယောက် သံသယ ဖြစ်မှု၊ မယုံမကြည် ဖြစ်မှုတွေ ကြီးထွားခဲ့တဲ့ အတွက် နှစ်ဖက်အကြား သဘောတူတဲ့ အဆင့် မရောက်ခဲ့ကြောင်း၊ အခုတော့ ပြောင်းလဲ လာနေတဲ့ နိုင်ငံရေး အခြေအနေနဲ့ တယောက်နဲ့တယောက် ယုံကြည်မှု အနေအထားအရ ဆက်သွားချင်တဲ့ သဘော ဖြစ်ကြောင်း KNU ငြိမ်းချမ်းရေး အဖွဲ့ အတွင်းရေးမှူး စောဒေးဗစ်ထောက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့်လည်း ယုံကြည်မှု ဆိုတာ အလုပ်ပေါ်မှာ သက်သေ ပြတာမို့ ခုချိန်မှာ အစိုးရအပေါ် လုံးလုံး ယုံတယ်လို့ ပြောရမှာ စောပါသေးတယ်လို့လည်း ဆိုပါတယ်။စစ်ပွဲတွေကြောင့် နေရပ်ရင်းကို စွန့်ပြီး ထိုင်းဖက်ခြမ်း ဒုက0x081ခသည်စခန်းတွေမှာ နှစ်ပေါင်း ဆယ်နဲ့ချီ နေထိုင်နေကြရသူတွေက မြန်မာပြည်ဖက်ခြမ်းမှာ အေးချမ်းသွားပြီ ဆိုရင် သူတို့ရဲ့ နေရပ် မူလရွာတွေမှာ ပြန်အခြေချချင်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ကရင်ပြည်နယ်တွင်းမှာရှိတဲ့ ဒေသခံတခိျု့ကတော့ သူတို့ရဲ့ အတွေ့အကြုံတွေပေါ် အခြေခံပြီး အခု KNUနဲ့ အစိုးရကြား အပစ်အခတ် ရပ်ရေး သဘောတူချက်ကို သတိနဲ့ ကြိုဆိုတယ်လို့ ဘီဘီစီကို ပြောပါတယ်။
..........................................................................................................

(ABSDF ကို ငြိမ်းချမ်းရေးကမ်းလှမ်းတာဟာ အတော်ထူးခြားတဲ့အတွက် တတိယ-နိုင်ငံရောက် 
ABSDF ရဲဘော်ဟောင်းတွေပါ ဒီကိစ္စအပေါ် စဉ်းစားနိုင်ဖို့ ပီးခဲ့တဲ့နှစ်အတွင်း ကျနော်စဉ်းစားခဲ့ ဖူးတဲ့ ဆောင်းပါး ၂-ပုဒ်ကိုပါ ဒီနေရာမှာ ပူးတွဲတင်ပြလိုက်ပါတယ်)


အိမ်ပြန်ချိန် နွေ ရောက်ပြီလား?
ထက်အောင်ကျော် (၃၁-၁၂-၁၁)

၂၀၁၁ ကုန်ဆုံးပြီး ၂၀၁၂ ကိုရောက်တော့မဲ့အချိန်မှာ ပြီးခဲ့တဲ့နှစ်ဟောင်း
အတွင်း ရေးဖြစ်ခဲ့သမျှထဲက အကြိုက်ဆုံး ဆောင်းပါး ဘာဖြစ်မလဲလို့ ကိုယ်ဘာသာ
မေးခွန်းထုတ်မိပါတယ်။ ကိုယ်ဘာသာရေး။ ကိုယ်ဘာသာရွေးတဲ့ တယောက်တည်းပြိုင်
ပွဲမှာ ပထမ-ဆုရသွားတဲ့ဆောင်းပါးကတော့ "တတိယ နိုင်ငံရဲ့ ဒုတိယ  ဝေဒနာ"
ဆောင်းပါးဘဲ့ဖြစ်ပါတယ်။


ဒါပေမဲ့ ထုံးစံအတိုင်း အယ်ဒီတာအကြိုက်နဲ့ ပရိသတ်အကြိုက် တထပ်တည်းမကျပါဘူး။
ဘာကြောင့်လဲဆိုရင် ကျနော် အကြိုက်ဆုံးအဖြစ်ရွေးလိုက်တဲ့ ဆောင်းပါးကို
လူဖတ်သိပ်မများဘဲ "Facebook ပေါ်မှာတောင် လွတ်လပ်ခွင့်မရသေးတဲ့
ဘ၀ခါးခါးပိုင်ရှင်များ" က လူဖတ်အများဆုံး ဆောင်းပါး ဖြစ်နေတာကို စီစစ်တွေ့ရှိ
ရလို့ဖြစ်ပါတယ်။

ဘယ်လိုဘဲ့ဖြစ်ဖြစ် တူညီချက်တခုကတော့ ဒီဆောင်းပါး ၂-ပုဒ်စလုံးဟာ
ပြည်ပရောက်မြန်မာတွေရဲ့ အခြေနေကို ဝေဖန်သုံးသပ်ထားတဲ့အချက်ဖြစ်ပါတယ်။
ပထမ-ဆောင်းပါးရေးတဲ့အချိန်ဟာ စစ်အာဏာသိမ်းမှု ၂၃-နှစ်ပြည့်တဲ့နေ့ သို့မဟုတ်  ၈-လေးလုံးအရေးတော်ပုံနှိပ်နှင်းခံရပြီးချိန်မှာ ကျနော်အပါဝင်ကျောင်းသား အများအပြား နယ်စပ်ဒေသဆီ တောခိုလာခြင်း ၂၃-နှစ် နှစ်ပါတ်လည်နေ့မှာဖြစ်ပါတယ်။ ဒုတိယ-ဆောင်း ပါး ရေးတဲ့အချိန်ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆-ရက်နေ့ ကျနော်အသက် ၄၇-နှစ် ပြည့်နေ့မှာဖြစ်ပါတယ်။

ဒီဆောင်းပါး ၂-ပုဒ်စလုံးဟာ လက်နက်ကိုင်တော်လှန်ရေးလုပ်ရင်းကနေ တတိယ-နိုင်ငံတွေဆီရောက်သွား တဲ့ ကျနော်ရဲ့လုပ်ဖေါ်ကိုင်ဖက်ရဲဘော်သူငယ်ချင်းတွေ။ နောက်တခါ နိုင်ငံရေးအကျဉ်းသားအဖြစ်ကနေ နယ်စပ် ကိုထွက်ပီး တတိယ နိုင်ငံဆီရောက်သွားသူတွေ။ နိုင်ငံရေးအကြောင်းပြချက် အမျိုးမျိုးနဲ့ တတိယ နိုင်ငံ ဆီ ရောက်သွားသူတွေအားလုံး ဒီနေ့ဒီအချိန်။ အထူးသဖြင့် လာမဲ့ ၂၀၁၂ မှာ ဘာတွေဆက်လုပ်ကြမလဲ။ အတိအကျ ပြောရမယ်ဆိုရင်တော့ "တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် မိမိနိုင်ငံဆီပြန်လာပီး အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပါ" လို့ ဖိတ်ခေါ်ထားတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ စကားလုံးကို ဘယ်လို တုန့်ပြန်ကြမလဲ ဆိုတဲ့ အချက်ဖြစ်ပါတယ်။

ပထမ-ဆောင်းပါး ရေးကာစက ပြည်တော်ပြန်သူဦးရေ ၃-ဦးလောက်ဘဲ့ရှိသေးပီး အခုဆိုရင် တဒါ ဇင် ကျော်ရှိနေပီဖြစ်ပါတယ်။ ဝေဖန်ချက်တွေကလဲ အယင်ကထက် ပိုဆူညံလာနေတာကိုကြားနေရ ပါတယ်။ ဒီကြားထဲ VOA တိုက်ရိုက်လေလှိုင်းအစီစဉ်တခုမှာ ပြည်တော်ပြန်ပီးလေ့လာသူတွေကို မူ အရ ထောက်ခံတယ်လို့ ကျနော်ပြောလိုက်တဲ့အပေါ် ရဲဘော်ရဲဘက်တချို့က ဝေဖန်တာကိုလဲ ကျနော်ခံခဲ့ရပါတယ်။

ကျနော်ဆိုလိုတဲ့ ပြန်သင့်တယ်ဆိုတာဟာ "လက်နက်ချ အညံ့ခံ" ပီး အပြီးတိုင် ပြန်တာကိုဆိုလိုတာမဟုတ် ဘဲ "အထဲမှာ ဘာများလုပ်ခွင့်ရမလဲ။ လုပ်ခွင့်ရသလောက် ၀င်လုပ်ကြည့်မယ်" ဆိုပီး ကျိုးစားသူတွေကိုသာ ဆိုလို တာ ဖြစ်ပါတယ်။ အခု သွားလိုက် လာလိုက်လုပ်နေတဲ့ နိုင်ငံရေးသမားတွေ။ မီဒီယာသမားတွေဟာ ကျနော် ဆိုလိုတဲ့သဘောထဲမှာပါဝင်ပြီး အပီးတိုင်ပြန်ပီး "ငြိမ်"သွားသူတွေဟာ ကျနော်ဆိုလိုတဲ့အချက်နဲ့ မကိုက်ညီ ဘူးလို့ရှင်းပြချင်ပါတယ်။

မူ-အရပြောမယ်ဆိုရင်တော့ အထဲမှာနိုင်ငံရေးလုပ်ခွင့်မရလို့ နယ်စပ်နဲ့ ပြည်ပမှာထွက်ပီးလုပ်ရသူတွေဟာ အထဲမှာ နိုင်ငံရေးလုပ်ခွင့်ပေးမယ်ဆိုရင်တော့ မပြန်နိုင်စရာအကြောင်း ဘာမှမရှိပါ။ ဒါပေမဲ့ အဲဒီလို လုပ် ခွင့်ပေးမယ်ဆိုတဲ့ ကတိစကားဟာ ဘယ်လောက်အထိသေချာသလဲ။ ဘယ်လောက်အထိ အာမခံချက် ရှိသလဲဆိုတာက အဓိက အငြင်းပွါးဘွယ်ဖြစ်နေတယ်လို့ ကျနော်မြင်ပါတယ်။ ဒီအချက်ဟာ အခုလာမဲ့ ၂၀၁၂ နှစ်ဆန်းပိုင်းမှာ အစိုးရဖက်က အဓိကသက်သေပြရမဲ့အချက်ဖြစ်နေပါတယ်။

တချိန်တည်းမှာဘဲ့ ဒီအာမခံချက်ဟာ တဦးချင်းအတွက်ပေးတာလား။ အဖွဲ့စည်းလိုက်ကော မပေးဘူးလား။ ဒါဟာလဲ ၂၀၁၂- နှစ်ဦးပိုင်းမှာ အလေးထားစဉ်းစားဆွေးနွေးသင့်ပါတယ်။ ဥပမာအားဖြင့် ABSDF  ကျောင်းသားတပ်ဖွဲ့ရဲ့ မဟာမိတ်တွေဖြစ်တဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့ အစိုးရကြား ဆွေးနွေးနေပေမဲ့ ABSDF အပါဝင် နယ်စပ်က တော်လှန်ရေးအဖွဲ့တွေနဲ့ ဆွေးနွေးတာ ကျနော်တို့မကြားရသေးပါဘူး။ အမျိုးသားညွန့်ပေါင်းအစိုးရ။ အမျိုးသားကောင်စီ စသဖြင့် တပ်ပေါင်းစု အဖွဲ့တွေ နဲ့ ဆွေးနွေးတာမျီုးလဲမကြားရသေးပါဘူး။

နောက်တခါ မဟာမိတ် တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးနေတာတွေကကော အယင်အစိုးရ ခေတ်ကလို ယာယီ-အဆင်ပြေအောင်သက်သက်လား။ တကယ်ဘဲ့ ပန်းတိုင် ကိုရောက်မဲ့။ တိကျတဲ့ နိုင်ငံရေးအဖြေ တခုထွက်မဲ့ ဆွေးနွေးမှုလားဆိုတာကိုလဲ အစိုးရက သက်သေပြဖို့ လိုနေပါတယ်။

တချိန်တည်းမှာဘဲ့ ကိုမင်းကိုနိုင် အပါဝင် ၈၈-ကျောင်းသားခေါင်းဆောင်တွေ။ ခွန်ထွန်းဥိးအပါဝင် တိုင်းရင်း သားခေါင်း ဆောင်တွေကို ၂၀၁၂-အစောပိုင်းမှာ တကယ်လွတ်ပေးမလားဆိုတာကိုလဲ  အစိုးရက သက်သေပြဖို့လိုနေပါတယ်။

နောက်ထပ်ထည့်သွင်းစဉ်းစားသင့်တဲ့ ဖြစ်ပေါ်တိုးတက်မှုတခုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တွေ့ဆုံမှု။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံဆီ လာရောက်လည်ပတ်မှု။ အဲဒီ နောက်ပိုင်းကစပီး လက်ရှိအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ NLD ပါတီအကြား ပူးပေါင်းဆောင် ရွက်နိုင်မှု။ အခုနောက်ဆုံး လာမဲ့ ဧပြီလ ၁-ရက်နေ့မှာ ကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲကို NLD ပါတီက ၀င်ရောက်ယှဉ်ပြိုင်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးကောက်ပွဲဝင်ပြိး လွတ်တော်ထဲဝင်မယ် ဆိုတဲ့အချက်တွေဟာ ပြည်ပရောက်မြန်မာတွေ ပြည်တော်ပြန်ပီး လေ့လာသင့် မသင့် စဉ်းစားရာမှာ အရေးတကြီး ထည့်သွင်းစဉ်းစားသင့်တဲ့အချက်တွေဖြစ်လာနေပါတယ်။

နိုင်ငံရေးအကျဉ်းသားလွတ်ပေးရေး။ တိုင်းရင်းသားတွေနဲ့အဖြေရတဲ့အထိ တွေ့ ဆုံဆွေးနွေးရေး။ ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်စွာကျင်းပရေး။ NLD ပါတီနဲ့ စနစ်တကျ ပူးပေါင်းဆောင်ရွက်ရေး... စတဲ့လုပ်ငန်းစဉ်တွေကို အခု ၂၀၁၂-နှစ်ဦးပိုင်းမှာ အကောင်ထည်ပေါ် လာအောင် အခိုင်အမာသက်သေပြဖို့လိုနေပါတယ်။ ဒီလို သက်သေမပြနိုင်မခြင်းကတော့ ဒီအငြင်းပွါးမှုဟာ ဆက်လက်ပြင်းထန်နေဦးမယ်လို့ မြင်ပါ တယ်။ ဒီလိုအငြင်းပွါးနေချိန်မှာ အထဲဝင်ပြီး ကျိုးပန်းသင့်သူရှိသင့်သလို အပြင်ကနေ ဝေဖန်နေသူလဲ ရှိနေသင့် တာအမှန်ဘဲ့ဖြစ်ပါတယ်။ ဒီလိုအမြင်မတူ လွတ်လပ်စွာသဘောထားကွဲနေတာကိုက ဒီမိုကရေစီရဲ့ အခြေခံ လို့ကျနော်ကမြင်မိပါတယ်။

ဒါပေမဲ့ ပြောစရာဖြစ်နေတဲ့တခုတည်းသောအချက်ကတော့ အဲဒီလို အငြင်းပွါး ဝေဖန်ကြတဲ့အခါမှာ
ခံစားချက်တွေ။ ပုဂိုလ်ရေးတိုက်ခိုက်မှုတွေကိုရှောင်ပီး ပကတိ အချက်လက်ပေါ်အခြေခံတဲ့။ အများ ပြည်သူ အကျိုးရှိ မရှိပေါ်အခြေခံတဲ့ ဝေဖန်ထောက်ပြမှုမျိုးဖြစ်ဘဲ့လိုနေတယ်လို့ နှစ်သစ်ကူးအချိန်မှာ ကျနော် စဉ်းစားနေမိပါတယ်။။။

............................................................................................................

စစ်ပွဲကြီးတွေ ပြီးတဲ့ခါ 

( http://www.yaw-han-aung.blogspot.com )



ကောင်လေးရေ..
ဒီရွာကို ပြန်ရောက်သေးတယ်နော်..
နင့်ဗိုက်က အတော်ထွက်လာပေါ့

မြို့သားတရုတ်ပုံ ဖြူဖြူ ၀တုတ်တုန်နဲ့
အရင်လို ၀ါးခြမ်းဖျား ငှက်ဖျားရုပ် မဟုတ်တော့ဘူး။
အမိုး ပြောတယ်ဟုတ်
ငါတို့ တောင်ပေါ်ကလူတွေအတွက်တော့
ဒုက္ခ ခံမနေပါနဲ့..
သင့်ရာတော်ရာမှာ
'နင့်ဘ၀ နင်ကျောင်းတော့' ဆိုတာ။

ကောင်လေးရေ..
မင်းတို့ ကျောင်းသားသူပုန်တွေ အရင် ၃-ရက်လမ်းလျှောက်လာရတဲ့
ငါတို့ရွာ
အခု ဆိုင်ကယ်လမ်းပေါက်ပါပကော...
ဒါပေသိ .. တောတွေပြုန်းလာလို့
နေတော့ကျောကုန်းကော့အောင် ပူသနော့။

စစ်ပွဲကြီးတွေ ပြီးကတည်းက ဆိုပါတော့...
တို့ရွာမှာ ကုမ္ပဏီတွေ ရောက်လာ..
ရွှေတွေရှာ.. သစ်တွေခုတ်ကြ
မြစ်ကြီးလည်း ပိတ်ပစ်မယ် ပြောတာပ
သူတို့ သိမ်းသွားကြတဲ့ ငါ့ကွမ်းသီးခြံထဲလည်း
ရုံးတွေ၊ တန်းလျားတွေ၊ အလုပ်သမားတွေနဲ့ စည်စည်ပင်ပင်။

စစ်ပွဲကြီးက တို့ဖိုးခွား၊ တို့ ဖိုးဒိုမူတွေကို စားခဲ့တယ်။
စစ်ပွဲကြီးက ရွာတွေ၊ သစ်တောတွေကိုစားတယ်။
စစ်ပွဲကြီးက ငါတို့တောင်ယာ၊ ငါတို့ ဘုရားကျောင်းတွေကို စားတယ်။
စစ်ပွဲကြီးက ငါ့ယောက်ျားခြေတစ်ဖက်ကိုတောင် စားလိုက်သေး
စစ်ပွဲမီးတောက်ကြီးက တောင်တန်းတွေကိုပါ စားပစ်ခဲ့တာပေါ့။

ရွာဟောင်းတော့ကွယ် ... မှတ်မိစရာ ဘယ်ရှိမလဲ
လူတွေလည်းပြောင်း၊ အိမ်သစ်တွေလည်းပေါင်း
မီးစက်တဂျောင်းဂျောင်း မောင်းလို့ ဗီဒီယိုကြည့်ကြ
အရက် ဘီယာချောင်းစီးကြ
ကမ္ဘာ့ဘောပွဲကြီးကို လောင်းကြ
ချဲသမားတွေလည်း တယ် နေရာကျသကွဲ့။
အရင်တုန်းက အမိုးတို့ တောင်ယာခုတ်တော့
ရေဆုတ် တောပြုန်းတယ် နင်တို့ပဲပြောကြ
အခုစစ်ပွဲပြီးတော့မှ တောင်တွေက ကတုံးတွေချည်း
စီမံကိန်းကြီးတွေလည်း ရောက်လာတယ်
ပြောင်သလင်းခါအောင် တောတွေခုတ်
ငါတို့ စပါးနဲ့ငြုတ်စိုက်ခဲ့တဲ့နေရာမှာ
အခုတော့ ရာဘာနဲ့ ၀ါခင်းတွေချည်း
စက်မှုသီးနှံဆိုပြီး စိုက်ကြတာပ
တရုတ်ဆီက အတော်အ၀ယ်လိုက်ဆိုလား။

အရင်က သောက်ရေခပ်တဲ့ စမ်းတွေ
ချောက်သွားပြီလေ
မြစ်ရေတွေတောင် နောက်ကျိနေပါပေါ့
ငါတို့ဘ၀ကတော့ ပင်ပန်းတုန်း၊ ပင်ပန်းဆဲပါပဲ
တချို့လည်း ရှမ်းပြည်သွား
တချို့လည်း မြို့များမှာ အိမ်ဖော်လုပ်
တောပန်းအလှလေးတွေတောင်
ရွာကိုနှုတ်ဆက် ထွက်သွားကြတာကြာပေါ့။

အဖိုးကြီး၊ အဖွားကြီးနဲ့ ကလေးတွေပဲ များနေတဲ့ရွာ
မြို့က သူတို့ ပို့စာလည်းစား
ကလေးကလောင်လည်း ထိန်း
မိသားစု ကောက်သိမ်းပွဲတွေလည်း လွမ်းစရာဖြစ်ကုန်ပြီကွဲ့။

မင်းတို့ တပ်မှူးကျလို့
မြှုပ်ခဲ့တဲ့နေရာလား
အဲသည်မှာ မတွေ့လား
အခု ဘူဒိုဇာ ရပ်ထားတဲ့နေရာလေ....။

ယောဟန်အောင်
၂၀၁၂ ခုနှစ်၊ ဇန် ၁၉။

တိုက်ဆိုင်မှုရှိလျှင် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မှ မရည်ရွယ်ပါ။ စိတ်ကူးယဉ်ရေးဖွဲ့ထားသည့် စစ်ပွဲအကြောင်း ဖြစ်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More