Sunday, October 8, 2017

ဘီလူးကျွန်းမှ ဒူဘိုင်းသို့

The Voice Daily, Travel.
08-Oct-2017.

ဘီလူးကျွန်းသို့ ပထမအခေါက်

မုဒုံမှာကျင်းပတဲ့ လေးလုံးဂုဏ်ပြုပွဲပြီးတော့  နေ့လယ် နာရီလောက် ရှိနေပြီ။ မော်လမြိုင်မသွားခင် မုဒုံတစ်ခွင်ကို လှမ်းမြင်နိုင်တဲ့ ကျိုက်ကမော့လေး တောင်ထိပ်ဆီ တက်လိုက်ပါသေးတယ်။ မုဒုံမြို့နဲ့ ကန်ကြီးရေပြင်၊ ပြီးတော့ သံဖြူဇရပ်ဘက်သွားတဲ့ လမ်းတလျှောက်က တောင်တန်းတွေ၊ နောက်ကျော ဘက်ရှိ ကျိုက်မရောမြိုနယ် ဘက်လှည့်ကြည်လိုက်တော့ ရေလျှံနေတဲ့ စပါးခင်းတွေကြားက ထိုးထိုး ထာင်ထောင် ထုံးကျောက်တောင်တွေက ဟိုနား တစ်လုံး ဒီနား တစ်လုံး။ ပတ်ဝန်းကျင်ဟာ စိမ်းစိမ်းစိုစိုနဲ့ ပန်းချီကား တစ်ချပ်လို လှပနေပါတယ်။





မုဒုံကနေ မော်လမြိုင်ဘက် အထွက်မှာတော့ ထိုင်းစတိုင်လ် ကော်ဖီဆိုင်လေးတစ်ခု။ ဈေးသက်သာတဲ့ အပြင် ဆိုင်နောက်ဖေးမှာ ကြက်မောက်၊ မင်းကွတ်နဲ့ တခြားပင်တွေပါဝင်တဲ့ ဥယျာဉ်ခြံကြီးက အပူဒဏ်ကို သက်သာစေပါတယ်။ ကော်ဖီဆိုင်က အထွက်မှာတော့ မနှစ်ကရောက်ခဲ့ဖူးတဲ့ ဝင်းစိန်တောရထဲ ဝင်ပါ တယ်။ တစ်နှစ်အတွင်း ဘာတွေ တိုးတက်ပြောင်းလဲလာသလဲ ဆိုတာကို သိချင်လို့ပါ။ ဝင်ပေါက်လမ်း နည်းနည်း ကောင်းလာတာကလွဲရင် အထဲမှာ ဘာမှ မပြောင်းလဲသေး။ အထူးသဖြင့် အတောင် ၆၀ဝ ရုပ်ပွားတော်ကြီးဟာ မနှစ်ကအတိုင်း ဆောက်လုပ်နေဆဲ အနေအထားမှာပဲ ဆက်ရှိနေပါသေးတယ်။ 

ဘုရားဆီကနေ ကားလှည့်ထွက်မယ်ပြင်တော့ဒီနေရာမှာ မနေ့ကတောင် မွန်-တော်လှန်ရေးနေ့  အခမ်းအနား လုပ်သွားသေးတယ်လေ။ ဥက္ကဋ္ဌ နိုင်ရွှေကျင် အုတ်ဂူလည်း ဟိုတောင်ကုန်းပေါ်မှာရှိတယ်။ ခင်ဗျား စိတ်ဝင်စားလားဆိုပြီး ကျွန်တော့်ကိုလိုက်ပို့တဲ့ သံလွင်တိုင်းမ်ဂျာနယ်မှ မိတ်ဆွေကြီးက ပြောပါ တယ်။ သူပြောမှ မနေ့က ရေးနဲ့မုဒုံကြား ကားလမ်းတစ်လျှောက် တွေ့ခဲ့ရတဲ့ မွန်အလံ တလူလူလွှင့်- မွန် ရိုးရာဝတ်စုံတွေနဲ့ လူငယ်တွေရဲ့ ကားတန်းတွေကို ပြန်သတိထားမိပါတယ်။ 


မနေ့က ဝါခေါင်လပြည့်နေ့ဟာ မွန်တော်လှန်ရေးနေ့။ အဲဒီနေ့ အခမ်းအနားတွေကို အခု ကျွန်တော် ရောက်နေတဲ့ ဝင်းစိန်တောရအပြင် မွန်ပြည်နယ် နေရာ အတော်များများမှာ တစ်ပြိုင်တည်း ကျင်းပခဲ့ကြ တယ်တဲ့။ မွန်ပြည်သစ်ပါတီနဲ့ လေးလုံး ပတ်သက်နေပုံက စိတ်ဝင်စားစရာ။ ၁၉၈၉ ခုနှစ် ကျောင်းသား တွေ တောထဲရောက်ပြီး ပထမဆုံးအကြိမ် ကျင်းပတဲ့ ဘုရားသုံးဆူက လေးလုံး နှစ်ပတ်လည် အခမ်း အနားမှာ မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်နွန်လာ မိန့်ခွန်းပြောရင်း နှလုံးရောဂါတက်ပြီး ကွယ်လွန်ခဲ့ ပါတယ်။

အခု လေးလုံး ၂၉ နှစ်ပြည့်နေ့မှာ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌကြီး နိုင်ရွှေကျင် အုတ်ဂူဆီ တောခို ကျောင်းသားဟောင်းတစ်ဦး လာရောက် ဂါရဝပြုနေခဲ့ပေါ့။ နိုင်ရွှေကျင်ရဲ့ အုတ်ဂူနဲ့အတူ အခြားခေါင်း ဆောင်တွေရဲ့ အုတ်ဂူ သုံးခုကိုလည်း တွေ့ရပါတယ်။ အဲဒီ အုတ်ဂူတွေကို ကြည့်ပြီး ဘုရားသုံးဆူ နယ်စပ်က ရဲဘော်တွေကို သတိရနေတုန်း အခြားအုတ်ဂူ ခုလည်း ချောင်းဆုံ (ဘီလူးကျွန်း) မှာ ရှိသေးတယ်ဆိုပြီး သိရပါတယ်။ ချောင်းဆုံဆိုတာ တစ်လောကမှ (ဧပြီလကမှ) တံတားအသစ် ထိုးလိုက်တဲ့နေရာ။ အဲဒီ တံတားကို ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးသင့် မသင့်နဲ့ပတ်သက်ပြီး အပြင်းအထန် အငြင်းအခုံ ဖြစ်ခဲ့တဲ့ နေရာပေါ့။

ဒီခရီးစဉ်အတွင်း အဲဒီနေရာကို မသွားလို့ ဘယ်ဖြစ်မလဲ။ မော်လမြိုင်ရောက်တော့ ကမ်းနားလမ်းက ဟိုတယ်ခန်းမှာ အထုပ်အပိုးတွေ အမြန်ချပြီးတဲ့နောက် တံတားသစ်ကြီးဆီ ပြေးရပါတယ်။ တံတားရဲ့ ချောင်းဆုံဘက်ခြမ်းမှာ ကားကို ခဏရပ်။ မော်လမြိုက်ဘက် ဓာတ်ပုံလှမ်းရိုက်တော့ တောင်ဝိုင်း တောင်တန်းပေါ်က စေတီတွေ နောက်ခံနဲ့ လှပနေပါတယ်။ ဟိုဘက်နှားမှာတော့ သံလွင် (မုတ္တမ) တံတား။ ချောင်းဆုံဘက်အဆင်း လယ်ကွင်းတွေကို ဖြတ်ဖောက်ထားတဲ့ လမ်းက (ဒေသအခေါ် နိုင်လွန် ကတ္တရာ) ချောမွေ့နေပါတယ်။ လေတဖြူးဖြူး တိုက်နေတဲ့ကြားမှာ စပါးခင်းတွေကို မိုင်လောက် ဖြတ်ပြီးတဲ့နောက် အရင် (တံတား မဖွင့်ခင်အထိ) ကူးတို့လှေ အဓိက ကူးတဲ့နေရာ ကော့မုပွန်လမ်းခွဲ ကညှော်ရွာကို တွေ့ရပါ တယ်။ 



အဲဒီရွာအလွန် မိုင်မှတ်တိုင်နားမှာတော့ ဟင်္သာရုပ် အဝိုင်းတစ်ခုကို တွေ့ရပါတယ်။ အဲဒီကနေ ညာ
ဘက်ချိုး၊ ကျွန်းကို တစ်ပတ်ပတ်မယ်ပြင်တော့ ပထမဆုံး သတိထားမိတဲ့ရွာက မုဒွန်း။ ဒီဘက်မှာ တွေ့ရတဲ့အိမ်တွေက ထားဝယ်- မော်လမြိုင်လမ်းတစ်လျှောက်မှာ တွေ့မိတဲ့ အိမ်တွေနဲ့ မတူသလိုပဲ။ နည်းနည်း ရှေးကျတဲ့ အိမ်တွေကို ထိန်းထားနိုင်ဆဲလို့ ပြောရမယ် ထင်ပါတယ်။ ဘီလူးကျွန်းဟာ အလယ်ကောင်မှာ တောင်တန်းကြီးနဲ့ တောအုပ်ကြီးရှိနေပြီး ကမ်းနားတစ်လျှောက်မှာ ရွာတွေ တည်ထားတဲ့သဘောလို့ ယူဆရပါတယ်။

မုဒွန်းရွာအလွန်မှာ ကျောက်သင်ပုန်း ထုတ်တဲ့နေရာ ရှိတယ်ဆိုပေမယ့် ကျွန်တော်သွားတဲ့နေ့က ပိတ်ထားလို့ ကြည့်ခွင့်မရလိုက်ပါ။ အခုခေတ်က ကွန်ပျူတာခေတ်ဆိုတော့ ကျောက်သင်ပုန်း ဘယ်ရောင်းကောင်းတော့မလဲ။ ထုတ်လုပ်သူလည်း အရင်လို မရှိတော့ပါ။ အဲဒီကအလွန် နောက်ထပ် ရွာကြီး တစ်ခုအရောက်မှာတော့ ဆေးတံ အကြီးကြီးတစ်ခုကို ရွာလယ်က စင်မြင့်မှာ ဂုဏ်ယူစွာ တင်ထားတာ တွေ့ရပါတယ်။ ရွာအမည်မေးဖို့ မလိုတော့ပါ။ အဲဒီဆေးတံမှာ Made in Ywalut လို့ စာလုံး အကြီးကြီးနဲ့ ရေးထားတာ တွေ့လိုက်ရပါတယ်။ 



တစ်ချိန်က (မဆလ ခေတ်က) ဆိုရင် ဆေးတံတင်မက၊ စက်ဘီးတာယာ၊ ကားတာယာနဲ့ တခြား အသေး စား စက်မှုပစ္စည်း အတော်များများ ဒီရွာလေးကနေ ထုတ်လုပ်ခဲ့လို့ ကမ္ဘာမှာ နာမည်ကြီးခဲ့ဖူးတယ် မဟုတ်ပါလား။ အဲဒီခေတ်ကို တမ်းတရင်း ကျောက်သင်ပုန်းလိုက်ရှာတော့ ဒီဆေးတံကြီးဘေးနားက ဆိုင်မှာ ဒါဇင်နဲ့ချီ တွေ့မိပါတယ်။ အခုခေတ်မှာ ကျောက်သင်ပုန်းသုံးတဲ့ ကလေးတွေ မရှိတော့ပေမယ့် အမှတ်တရအဖြစ် ဝယ်သူ အတော်များများ ရှိသေးတယ်လို့ ဆိုင်ရှင် အမျိုးသမီးငယ်က ပြောပါတယ်။ ဒီတော့ ကိုယ်လည်း  သူငယ်တန်းဘဝ အမှတ်တရအဖြစ် ကျောက်တံ ချောင်းနဲ့ ကျောက်သင်ပုန်း တစ်ချပ်ကိုဝယ်ပြီး နော်ဝေအထိ သယ်ခဲ့မိပါတော့တယ်။


ဒူဘိုင်းမြို့မှာ ခဏတာ

ရန်ကုန်ကနေ အော်စလိုအပြန် Transit အဖြစ်ဝင်ရတဲ့ ဒူဘိုင်းလေဆိပ်ဆီ လေယဉ်ဆင်းတဲ့အချိန်က ညနေ နာရီ။ ဒီတော့ အသွားတုန်းက ညဘက်ကြီးမို့ ဘာမှမြင်ခွင့်မရလိုက်တဲ့ သဲကန္တာရထဲက မြို့တော် အခြေအနေကို အသေအချာ ကြည့်ခွင့်ရခဲ့တယ် ဆိုပါတော့။ အမှန်တိုင်း ဝန်ခံရရင် စာအုပ်ထဲမှာ ဖတ်ဖူး၊ ရုပ်ရှင်ထဲမှာ မြင်ဖူးတာမှအပ သဲကန္တာရဆိုတာကို အပြင်မှာ တစ်ခါမှမမြင်ဖူးပါ။ သဲပြင်ကြီးက နည်း တာမဟုတ်ပဲ။ ပြီးတော့ သစ်ပင်မရှိတဲ့ ကျောက်တောင်တွေ။ ဒီတောင်တွေဆီ မရောက်ခင် ကျော်ဖြတ်လာခဲ့တဲ့ ပင်လယ်ပြင် အရောင်တောင် အာရှမှတွေ့နေရတဲ့ ရေအရောင်နဲ့ မတူပါဘူး။




ကုန်တင်သင်္ဘော၊ ရေနံတင် သင်္ဘောတွေ အတော်များများ အဲဒီရေပြင်ထဲမှာ ရှိနေပါတယ်။ သဲပြင်တွေ အလွန် သစ်ပင်မရှိတဲ့ ကျောက်တောင်တွေကြားက ချောင်းချောက်လိုနေရာဘေးမှာ ရွာလေးတွေကို လေယာဉ်ပေါ်ကနေ ခပ်ဝါးဝါး လှမ်းမြင်ရပါတယ်။ မြန်မာမှုပြုပြီး ချောင်းချောက်လို့ အလွယ် ခေါ်လိုက် ပေမယ့် ဒီဒေသမှာ မိုးရွာမရွာနဲ့ စမ်းချောင်းတွေရှိ မရှိ ကျွန်တော် မသိပါ။ သေချာတာကတော့ အာရှဒေသက မိုးရာသီ စပါးခင်းတွေလို၊ ဥရောပက နွေရာသီဂျုံခင်းတွေလို စိုက်ခင်းမျိုး ဒီဒေသမှာ မတွေ့မိပါ။ (အထူးစီမံထားတဲ့ စိုက်ခင်းတွေ ရှိတယ်လို့တော့ ဆိုပါတယ်)

ဒူဘိုင်းမြို့နား နီးလာတော့ သဲပြင်ကြီးထဲမှာ ခေတ်မီမြို့ပြ အဆောက်အအုံတွေကို မြင်လာရပါတယ်။ သစ်ပင်တွေ၊ တောအုပ်တွေ မရှိတဲ့အတွက် ကြည့်ရတာ တစ်မျိုးကြီးရယ်။ သဲလယ်ကွင်းတွေထဲ  ကုန်သေတ္တာတွေ ချထားတာနဲ့ တူနေမလားပါပဲ။ ခေတ်မီ အိမ်ရာတွေနဲ့အတူ ဧရာမ အဝေးပြေးလမ်း မကြီးတွေ၊ ခေတ်မီ ကားမျိုးစုံတွေကိုပါ မြင်လာရပါတယ်။ အဲဒီလိုငေးလို့ ကောင်းတုန်း လေယာဉ်က ဒူဘိုင်း နိုင်ငံတကာကွင်းဆီ ရောက်လာပါတယ်။ 

ဒူဘိုင်းရှိ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံ Burj Khalifa တာဝါ (၈၂၉ ဒသမ မီတာ သို့မဟုတ် ,၇၂၂ ပေ မြင့်ပါတယ်) ဆီ ဓာတ်ပုံလှမ်းရိုက်ပေမယ့် အပူရှိန် များလွန်းလို့ သဲတွေ အရောင်ပြန်နေတာလား။ မြူတွေ ဆိုင်းနေတာလား။ ဘာကြောင့်  မှန်းမသိ။ အားလုံးကို ခပ်ဝါးဝါးသာလှမ်းမြင်ရပါတယ်။ 




အစောပိုင်းမှာ အစီရင်ခံထားတဲ့အတိုင်း ဒီခရီး စဉ်က ဘတ်ဂျက်ခရီးစဉ် (ဈေးပေါတဲ့လေယဉ်) ဆို တော့ ဒီလေယာဉ်ကွင်းမှာ ၁၄ နာရီ ထိုင်စောင့်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ ဒူဘိုင်းကို လေယာဉ် ဆိုက်တဲ့အချိန်က ညနေ နာရီမို့ နေမဝင်သေး။ (ဒူဘိုင်းက ဥရောပဘက် နီးသွားလို့လား မသိပါ။ နွေရာ သီမှာ ဥရောပနီးနီး နေဝင်ချိန် နောက်ကျပါတယ်) ဒူဘိုင်းကနေ အော်စလိုဆီ လေယာဉ်ထွက်မယ့်အချိန်က မနက် နာရီမှ။ ၁၄ နာရီလုံးလုံး လေဆိပ်ထဲ ထိုင်စောင့်နေရရင် ပျင်းစရာကြီး။

အပြင်ထွက်လည်လို့ ရလားဆိုပြီး Information ဌာနမှာ သွားမေးတော့ နော်ဝေ စာအုပ်ဆို ရတယ်။ ဗီဇာမလိုဘူး ပြောပါတယ်။ ဒေသသုံးငွေ Dirham (Arab Emirates Dirham) လဲဖို့ လိုသေးလားဆိုတော့ မလိုဘူး။ တက္ကစီကအစ အားလုံး ခရက်ဒစ်ကတ်နဲ့ ပေးလို့ရတယ်လို့ အာရပ်ခေါင်းပေါင်းနဲ့ ပြန်ကြား ရေးအရာရှိက အသေးစိတ် ရှင်းပြနေပါတယ်။ ထွက်ပေါက် အမြန်ရှာပြီး Passport Control ဖြတ်တော့ လဝက အရာရှိက စာအုပ်ပေါ် တုံး ထုထည့်လိုက်ပါတယ်။ ကိုယ်ထင်ထားတာက ဥရောပလေဆိပ်တွေမှာ ထွက်လည်သလို စာအုပ်ပေါ် တုံးမထုပဲ ဒီတိုင်းထွက်-ဒီတိုင်း ပြန်ဝင်လာလို့ ရမယ်ပေါ့။

ဒူဘိုင်းလေယဉ်ကွင်းက ဘန်ကောက် သုဝဏ္ဏ ဘူမိထက်ကြီးတယ်ဆိုတော့ တစ်နေရာနဲ့တစ်နေရာ သွားရတာ မချောင်ပါဘူး။ နိုင်ငံတကာ ဆိုက်ရောက် နေရာကနေ အခု အပြင်ထွက်တဲ့နေရာအထိ မိနစ် ၃၀ မက ကြာပါတယ်။ အပြင် ရောက်တော့ အပူချိန်က ၄၀ ဒီဂရီစင်တီဂရိတ်။ ဒါတောင် ညနေ နာရီ လောက်ရှိနေပြီ။ နေ့ခင်းဘက်ဆို ဘယ်လောက်များ ပူလေမလည်းမသိ။ ဒါပေမဲ့ ပြဿနာမရှိ။ ဒီနိုင်ငံက တက္ကစီတွေ၊ အဲကွန်းတွေက အတော်ကို အဆင့်မြင့်ပါတယ်။ (တက္ကစီတွေက နော်ဝေထက်တောင် အဆင့်မြင့်ပါတယ်) 

ထူးထူးခြားခြား တက္ကစီသမားက အာရပ်ဝတ်စုံဝတ် အမျိုးသမီးဖြစ်နေပါတယ်။ ဒီမှာအမျိုးသမီး ကားမောင်း ခွင့်ရှိလို့ လားဆိုပြီး မေးကြည့်တော့ ဒီမှာရတယ်။ ဆော်ဒီမှာပဲ မရတာဆိုပြီး အဲဒီအမျိုးသမီးက ချက်ချင်း တုံ့ပြန်ပါတယ်။ မြို့ထဲတစ်လျှောက် ကောင်းလိုက်တဲ့လမ်းတွေ။ ရှေ့မှာပြောခဲ့တဲ့ ချောင်းဆုံက နိုင်လွန် ကတ္တရာလမ်း ငိုလောက်တယ်ပေါ့။ လမ်းကလည်း အသစ်၊ ကားကလည်း အသစ်၊ အဆောက်အအုံတွေ ကလည်း အားလုံး အသစ်စက်စက်လို ဖြစ်နေတော့ မကြာသေးခင်ကမှ ဆောက်ထားတဲ့ မြို့ပြနိုင်ငံသစ် တစ်ခုဆီ ရောက်နေသလိုပါပဲ။

ဒါပေမဲ့ အချိန်ကညနေ နာရီကျော်မို့လား မသိ။ လမ်းပေါ်မှာ လူတွေ သိပ်မတွေ့ရဘဲ ကားတွေပဲ တွေ့နေရ ပါတယ်။ တကယ်ဆို တက္ကစီမစီးဘဲ မိုးပျံရထားဖြစ်ဖြစ်၊ ဘတ်စ်ကားဖြစ်ဖြစ် စီးလိုက်ရင် ဈေးသက်သာတဲ့ အပြင် လူတွေနဲ့လည်း ပိုတွေ့ရမယ်ပေါ့။ အခုတော့ တက္ကစီခက Dirham ၈၀ သို့မဟုတ် ၂၀ ယူရိုတဲ့။ အော်စလိုထက် ဈေးသက်သာပေမယ့် ဘန်ကောက်နဲ့စာရင် အတော်များနေတာပေါ့။ ကားရပ်တဲ့နေရာက ကမ္ဘာ့အမြင့်ဆုံးတာဝါ Burj Khalifa ရှေ့မှာ။ အဲဒီတာဝါဆီ လမ်းလျှောက်သွားပြီး ဘန်ကောက်က Baiyoke ဘိုင်ယုတ်တာဝါလိုအပေါ် တက်ကြည့်လို့ ရမယ်ထင်ထားပေမယ့် အဲဒီလို မဟုတ်ပြန်။ 

ကားပေါ်ကဆင်းတာနဲ့ ၄၃ ဒီဂရီ ရှိတဲ့အပူရှိန်က မျက်နှာကို လာဟပ်ပါတယ်။ ဒီတော့ ကိုယ်ရှေ့က လူတွေ ဝင်သွားတဲ့ ကုန်တိုက်ကြီးထဲပဲ လိုက်ဝင်သွားရပါတယ်။ Wow! လို့ အသံထွက်ပြီး အော်မိတဲ့အထိ ကုန်တိုက်ထဲမှာ လူတွေက နည်းနည်းနောနော မဟုတ်။ အပူရှိန်ပြင်းလွန်းတဲ့အပြင်မှာ လူရှင်းသလောက် ကုန်တိုက်ထဲမှာ လူတွေအားလုံး လာစုနေတယ် ပြောရမလားပါပဲ။ ထူးတာက ဒေသခံတွေ (အာရပ် ခေါင်းပေါင်းနဲ့အမျိုးသား၊ ဝတ်ရုံနက်နဲ့ အမျိုးသမီး) ကို သိပ်မတွေ့ရဘဲ လူဖြူ၊ လူမည်းနဲ့ အာရှသား (အထူးသဖြင့် တောင်အာရှသားတွေ) တွေကို အတော် များများ တွေ့ရခြင်းပါ။

ရောက်ဖူးသမျှ ကုန်တိုက်တွေထဲမှာ ဒီကုန်တိုက်က အကြီးဆုံးလို့ ထင်မိတာပါပဲ။ ကိုယ်က ဈေးဝယ်ဖို့ မဟုတ်ဘဲ တာဝါ ရှိနေတဲ့နေရာဆီ ဒီကုန်တိုက်ထဲကနေ ဖြတ်သွားနေတာဆိုတော့ လိုရင်းနေရာကို တော်ရုံနဲ့ မရောက်နိုင်ဖြစ်နေပါတယ်။ အတော်လေး လျှောက်ပြီး ကုန်တိုက် ဟိုဘက်ထိပ်နားရောက်မှ တာဝါကိုမြင်နိုင်တဲ့ ထွက်ပေါက်ကို တွေ့ပါတယ်။ အဲ ... ကုန်တိုက်ထဲမှာတွေ့တဲ့လူ အတော်များများကလည်း ကိုယ့်လိုပဲ တာဝါကို ရှာနေသူတွေပါလား။ တာဝါရှေ့ ရေပြင်ဘေးမှာ လူအုပ်ကြီးက နည်းတာမဟုတ်။ တစ်ထောင်မက ရှိမယ်ထင်ပါတယ်။

ရေပြင်မှာ ရိုးရာလက်လှော်လှေတွေရှိနေပြီး ရေပန်းတွေကို ရောင်စုံမီးနဲ့ထိုးတဲ့အတွက် ညနေခင်းဟာ လှပနေပါတယ်။ ရေပန်းတွေ အလွန်မှာတော့ ကမ္ဘာ့အမြင့်ဆုံး တာဝါကြီးက မီးရောင်စုံတွေနဲ့ ပြိုးပြိုး ပြက်ပြက်။ ရိုးရာတေးဂီတကိုလည်း အသံငြိမ့်ငြိမ့်လေး ဖွင့်ပေးထားပါသေးတယ်။ လက်ကိုင်ဖုန်း အသီးသီး၊ ကင်မရာ အသီးသီးနဲ့ ရိုက်နေကြတဲ့ ဓာတ်ပုံမီးရောင်တွေက တဖျပ်ဖျပ်။ ဒီမှာ ရောက်နေတဲ့ လူတစ်ထောင် ကျော်စလုံး ကိုယ်လိုပဲ ဧည့်သည်တွေချည်းပေါ့။



ဒီလို မီးရောင်စုံထွန်းပြီး ဂီတာသံနဲ့ ဖျော်ဖြေတာက နာရီဝက်လောက်တော့ ကြာမယ်ထင်ပါတယ်။ ဒါမှမဟုတ် နာရီဝက်ထက်ပိုပြီး လူတွေ အဆောက်အအုံအပြင်မှာ (ပူအိုက်လွန်းလို့) မနေနိုင်လို့လား မသိပါ။ မီးမှိတ်- ဂီတသံ ပိတ်ပြီးချိန်မှာ အားလုံး ကုန်တိုက်ထဲ ပြန်ဝင်လာကြပြန်ပါတယ်။ တာဝါကိုမြင်ရဖို့ အရေး ပြေးရင်းလွှားရင်းနဲ့ ဗိုက်က အတော်ဆာနေပြီ။ ထုံးစံအတိုင်း ထမင်း သို့မဟုတ် ခေါက်ဆွဲရနိုင်တဲ့ ဆိုင်တွေ လိုက်ရှာတော့ ဒူဘိုင်း ကုန်တိုက်ထဲမှာလည်း အာရှဆိုင်တွေက အများကြီး။

Noodle Garden မှာ ထမင်းပါရလို့ အတော် အိုကေ သွားပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံမှာ ထမင်းလမ်းပြ (ဘီယာ- ယမကာ) မရတာ အတော်ဆိုးပါတယ်။  အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ မရတာသာဖြစ်ပြီး ဟိုတယ်တွေ၊ သီးခြား နေရာတွေမှာတော့ လိုသလောက် ရပါတယ်လို့ စားပွဲထိုးက အသေအချာ ရှင်းပြနေ ပါတယ်။ ဒီလောက်ပူတဲ့ ရာသီအောက်မှာ  ရေခဲစိမ် ဘီယာလေး သောက်လိုက်ရရင် ဘယ်လောက်ကောင်း မလဲ။ မရပါဘူးဆိုပါမှ ဘန်ကောက်က စင်းဂါးနဲ့ ရန်ကုန်က မြန်မာဘီယာတွေကို ပိုလွမ်းမိသလိုလို။ ထမင်းကြော်တစ်ပွဲနဲ့ အအေးတစ်ခွက်ကို Dirham ၈၀ ဝန်းကျင် (ဒေါ်လာ ၂၀) ဆိုတော့ ဈေး သိပ်ကြီး တယ်လို့ မဆိုသာပါ။


ဒူဘိုင်းဟာ အရင်က ရေနံက ရတဲ့ဝင်ငွေနဲ့ နာမည်ကြီးခဲ့ပေမယ့် အခုတော့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ အိမ်ရာ-အဆောက်အအုံ ရောင်းဝယ်-ငှားရမ်း လုပ်ငန်း၊ ငွေကြေးလုပ်ငန်းနဲ့ အခြား ဝန်ဆောင်မှု လုပ်ငန်း တွက အဓိက ထွန်းကားနေတယ်လို့ ဆိုပါတယ်။ ၂၀၁၆ မှာ ကမ္ဘာလှည့်ခရီးသည် ၁၅ သန်းလာပြီး ၂၀၂၀ မှာ သန်း ၂၀ လာဖို့ မှန်းထားကြပါတယ်။ ဒေသခံ လူဦးရေက သန်းတောင် မပြည့်တဲ့အတွက်
ဒသခံဦးရေထက် ဧည့်သည်ဦးရေ ပိုများနေတဲ့ မြို့တော်ဆိုရင်လည်း မမှားပါဘူး။ ၁၅ သန်းထဲမှာ တစ်ဦး အပါဝင်ဖြစ်တဲ့ စာရေးသူကတော့ ဒူဘိုင်းတာဝါနဲ့ ကုန်တိုက်မှာ နာရီနီးပါး လျှောက်ငေး၊ ဓာတ်ပုံတွေ ရိုက်ပြီးတဲ့နောက် ဥရောပမဲဇာဆီ ဦးလှည့်ဖို့ လေယာဉ်ကွင်းဆီ ပြန်လာခဲ့ရပါတယ်။       

Thursday, October 5, 2017

ပြန်ကြားရေးဌာနကို ကတယ်ပြုပြင်ပြောင်းလဲတော့မလား...။

(မီဒီယာ ပုံစံ အသွင်ပြောင်းရေးနဲ့ပတ်သက်ပြီး အရေးကြီးတယ်ထင်လို့ ပြန်ကြားရေး ၀က်ဆိုက်ကနေ ကူးယူထားတာဖြစ်ပါတယ်)


ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့်ပတ်သက်၍ နိုင်ငံတကာတွင် သတင်းမှားများပျံ့နှံ့နေမှုအပေါ် ပူးပေါင်း အဖြေရှာမည်






ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် လက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်မြောက်ပိုင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်းအချို့တွင် သတင်းမှားများ ပျံ့နှံ့နေမှုများအပေါ် သတင်းမီဒီယာအဖွဲ့အစည်းများ၊ ပြည်တွင်းအခြေစိုက် မီဒီယာများနှင့် တွေ့ဆုံပြီး မီဒီယာဆိုင်ရာကိစ္စရပ်များဆွေးနွေးမှုကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံဝင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် သတင်းမီဒီယာအဖွဲ့အစည်းများနှင့် ပြည်တွင်းအခြေစိုက် မီဒီယာများက ၎င်းတို့၏ ထင်မြင်ယူဆချက်၊ ကိုယ်ပိုင်အမြင်များကို Brainstorming ပုံစံမျိုးဖြင့် ကဏ္ဍအလိုက် ဆွေးနွေးအကြံပြုခဲ့ကြပြီး ဆွေးနွေးမှုတွင် ပါဝင်ခဲ့ကြသည့် သတင်းမီဒီယာအဖွဲ့အစည်းအသီးသီးမှ တာဝန် ရှိသူများနှင့် သတင်းစာ ဆရာများကို တွေ့ဆုံမေးမြန်းခဲ့သည်။

ဦးသီဟစော (မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအတွင်းရေးမှူး)

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ဒီနေ့ကတော့ ပြန်ကြားရေးဝန်ကြီးဌာနကနေ ဖိတ်ကြားပြီးတော့ Brainstorming Section ပုံစံမျိုးဆွေးနွေးတာပါ။ ကျွန်တော်တို့ သတင်းမီဒီယာ မှာရှိတဲ့ မီဒီယာသမားအစုံပါရှိပါတယ်။ အဲဒီလိုပဲ သတင်းမီဒီယာ အဖွဲ့အစည်း တွေအပြင် နိုင်ငံရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေက သူတွေလည်း ပါဝင်ပါ တယ်။ အဓိကကတော့ Information Policy နဲ့ Media Policy မှာ ဘာတွေ အားသာချက်၊ အားနည်းချက်တွေရှိသလဲ၊ ဘာတွေလုပ်စေချင်ကြသလဲဆိုတာ တွေကို ဝိုင်းဝန်းဆွေးနွေးကြပါတယ်။ အဓိကအချက် နှစ်ချက်ကတော့ ဘာသာ စကားအနေနဲ့ ပြန်ထိုးဖောက်ဖို့ရယ်၊ ဘာသာစကားကျွမ်းကျင်မှုလိုတဲ့အပြင် မီဒီယာတွေရဲ့ ထိုးဖောက်နိုင်စွမ်းတဲ့ Capacity ရယ်၊ ကျွန်တော်တို့ဘက်က မီဒီယာတွေက Professional ပီသဖို့၊ အဓိကအချက် နှစ်ချက်လိုတယ်လို့ပြော တယ်။ ဒါပေမယ့် သတင်းသမားတွေက ပြန်ပြောတယ်။ အဲဒီနှစ်ခုရှိတယ်ပဲထားဦး။ သတင်းရယူခွင့်တွေ အားနည်းနေမယ်ဆိုလို့ရှိရင်တော့ သတင်းက အားနည်းနေ မှာပဲ။ သတင်းသမားက သတင်းရယူခွင့် ရမှ၊ သတင်းရှိတဲ့နေရာကိုသွားခွင့်ရမှ သူ့ရဲ့ သတင်းဦး၊ သတင်းထူးရမယ်။ အဲဒါဆိုရင်တော့ အဲဒီသတင်းက ဘယ်ဘာသာစကားနဲ့ထုတ်ထုတ် ထိရောက်မှုရှိမယ်ဆိုပြီး သတင်းသမားတွေ ဘက်ကထောက်ပြပါတယ်။

ဒီဆွေးနွေးပွဲကနေ အများကြီးအထောက်အကူဖြစ်နိုင်ပါတယ်။ ဘာကြောင့် လဲဆိုတော့ အစိုးရမှာမီဒီယာပေါ်လစီနဲ့ပတ်သက်လို့ ပြင်စေချင်တဲ့ အဆင့် အထိပြောတာတွေရှိတယ်။ မီဒီယာပေါ်လစီမှာရှိတဲ့ အားနည်းချက်တွေကို ထောက်ပြတာတွေလည်းရှိပါတယ်။ ဒီနေ့မှာတော့ သုံးသပ်ချက်တွေ အဖြေတွေ မထွက်သေးပါဘူး။ အားလုံးတင်ပြသွားတာတွေကို ဝန်ကြီးအနေနဲ့ မှတ်သား သွားပါတယ်။ တင်ပြတဲ့အထဲက ဘုံတူတဲ့အချက်တွေကို စုဆောင်းပြီးတော့ ဒီကနေ့ဆွေးနွေးကြတဲ့ သူတွေကို ပြန်ပြီးဖြန့်ဝေလိမ့်မယ်။ အဲဒီလိုဖြန့်ဝေ ပြီးတော့မှ နောက်တစ်ဆင့် ဘာလုပ်မလဲဆိုတာမျိုးဖြစ်ပါတယ်။

ဦးကိုကို(စက်မှုတက္ကသိုလ်) သတင်းစာဆရာ

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ဒီနေ့အဓိကတွေ့တာကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံအပေါ်မှာ နိုင်ငံတကာကမီဒီယာကြီးအချို့အပါအဝင် မဟုတ်မမှန် လုပ်ကြံနေတဲ့ သတင်းတုတွေနဲ့ ပတ်သက်ပြီး သတင်းမှန်တွေနဲ့ မှားယွင်းနေတဲ့ သတင်းတွေအပေါ်မှာဘယ်လိုပြန်ချေဖျက်သင့်သလဲ။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးအနေနဲ့ အကြံဉာဏ်ယူတယ်။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတယ်။ အဲ့ဒီအထဲမှာ တစ်ယောက်ချင်းစီ ဆွေးနွေးပြီးတော့ တူညီတဲ့ အချက်အလက်တွေ စုစည်းတယ်။ ချက်ချင်း အကောင်အထည် ဖော်လို့ရတဲ့ အရာတွေကို ချက်ချင်း အကောင်အထည်ဖော်မယ်လို့ ဝန်ကြီးကပြောတယ်။ အချို့ကတော့ ဝန်ကြီး လုပ်ပိုင်ခွင့်ထက် ကျော်လွန်စဉ်းစားရမယ့် ကိစ္စဆိုရင် သက်ဆိုင်ရာကိုဆက်တင်ပြမယ့် သဘော ရှိပါတယ်။ မီဒီယာသမားတွေရဲ့ ဆွေးနွေး ချက်တွေ အတော်များများက တူညီကြတော့ အဲ့ဒီအရာတွေပေါ်မှာ  ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုဆက်လက် အကောင်အထည် ဖော်မလဲဆိုတာပဲ စောင့်ကြည့်ရပါမယ်။

တော်တော်များများ ဆွေးနွေးတဲ့ အချက်ထဲမှာတော့ အဖွဲ့တွေ ဖွဲ့သွားရင် ကောင်းမလားပေါ့။ စိတ်ပါလက်ပါရှိတဲ့ မီဒီယာသမားတွေနဲ့ ကျွမ်းကျင်တဲ့သူတွေ ဖွဲ့ပြီးတော့ ဒီပေါ်မှာလုပ်ကြမလား။ အချို့ပြောတာကတော့ သတင်းအချက်တွေ ဒီဘက်မှာပေးနိုင်မှုက နှေးကွေးတယ်။ ဒါတွေကို ဒီထက်ပိုပြီး မြန်မြန်ဆန်ဆန် ပေးနိုင်မလားပြောတယ်။ ဒီအထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကတော့ ကျွန်တော်တို့ ပြည်တွင်း မီဒီယာတွေက ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ အနေအထားဘက်က ရေးသားနေတာပဲ။ ဒါပေမယ့် ကမ္ဘာကဘာကြောင့် မသိ သလဲဆိုတော့ ကိုယ့်ပြည်တွင်းမှာပဲ မြန်မာစာနဲ့ ရေးသားနေကြလို့ပါ။ အဲ့ဒီ အတွက် နိုင်ငံတကာသုံး ဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်ဘာသာနဲ့ ပြည်တွင်း မီဒီယာတွေကရေးသားတဲ့ ကောင်းတဲ့အချက်တွေပေါ့။ အဲ့ဒါတွေကိုစုပေါင်းပြီး တော့ အင်္ဂလိပ်လိုဘာသာပြန်ပြီး ပြန်ဖြန့်မလားပေါ့။ ရောဂါကိုပျောက်ကင်း အောင် ကုသဖို့အတွက်ကတော့ ရေရှည်မှာဒီထက်ပိုစနစ်ကျတဲ့ ကျွမ်းကျင်ပြီး ပရော်ဖက်ရှင်နယ်ဆန်တဲ့ စီမံချက်တစ်ခုကတော့ လိုလိမ့်မယ်ထင်ပါတယ်။ ဒီနေ့လုပ်တာက မီဒီယာကိုမီဒီယာနဲ့ ပြန်တိုက်ဖို့ အစည်းအဝေးလုပ်တာ မဟုတ်ဘူး။ အဓိကအချက်ကမှန်ကန်တဲ့သတင်းတွေကို ကမ္ဘာ့ပရိသတ်ဆီ ဘယ်လိုရောက်အောင် ပို့မလဲဆိုတာကို စဉ်းစားတာ။ တူညီတဲ့ရလဒ်ကိုပြော တဲ့အခါမှာ ရည်မှန်းချက်တူပေမယ့် သွားတဲ့လမ်းကြောင်းက တူချင်မှတူမှာပေါ့။ ဒါပေမယ့် အများစုဆွေးနွေးချက်တွေက တော်တော်တူညီပါတယ်။ ရခိုင်အရေး ကိစ္စနဲ့ပတ်သက်ပြီး ဘာလုပ်ရမယ်ဆိုတာ ဝိဝါဒကွဲပြားတာ မရှိဘူး။ တစ်ခုပဲပြော ကြတယ်။ သတင်းအမှားကို သတင်းအမှားနဲ့ ပြန်မတုံ့ပြန်မိဖို့၊ ကျင့်ဝတ်စည်း ကမ်းနဲ့အညီ လုပ်ကိုင်ဖို့၊ လုပ်တဲ့အခါမှာလည်း မီဒီယာတွေ ကိုယ်နှိုက်က အစွန်းရောက်စေမယ့် ကိစ္စတွေကို သတိထားဖို့ ဆိုတာတွေတော့ တူညီပါတယ်။

ဦးကျော်စွာမင်း (မြန်မာနိုင်ငံသတင်းစာဆရာအသင်း အထွေထွေအတွင်းရေးမှူး)

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ထူးခြားတာက ကျွန်တော်တို့ သတင်းမီဒီယာတွေမဟုတ်ဘဲ နိုင်ငံရေး နယ်ပယ်မှာ လူသိထင်ရှားဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုမြအေးတို့ရော ဝင်ရောက် ဆွေးနွေးတာတွေ့ရတယ်။ အဓိကအကြောင်းအရာက သတင်းအမှန်တွေ ကို ကမ္ဘာကသိအောင် သတင်းမီဒီယာအားနဲ့ ဘယ်လိုချပြမလဲဆိုတဲ့ စုစည်းမှုနဲ့ ပတ်သက်ပြီးအားနည်းတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည် (capacity) ကို မြှင့်ရမယ်။ အင်္ဂလိပ်ဘာသာနဲ့ထုတ်တဲ့ သတင်းမီဒီယာနည်းတယ်။ အင်္ဂလိပ်လိုဘာသာပြန် ထုတ်နိုင်ဖို့ဆိုတာတွေ ဆွေးနွေးတယ်။ နောက်တစ်ခါ ရခိုင်မှာပဲဖြစ်ဖြစ်၊ မောင်တောမှာပဲဖြစ်ဖြစ် စင်တာကြီးတစ်ခုလုပ်ပြီးသတင်း တွေကိုဖြန့်ကြက် ပေးနိုင်အောင်ဆိုတာမျိုးတွေ ကျွန်တော်တို့ဘက်က အကြံပြု ဆွေးနွေးတယ်။ နောက်ဌာနဆိုင်ရာ အချင်းချင်း ပူးပေါင်းနိုင်အောင်၊ သတင်းစာ ရှင်းလင်းပွဲတွေ အမြန်ဆုံး လုပ်ပေးနိုင်အောင်မျိုးတွေ အကြံပြုပြောဆိုဆွေးနွေး ခဲ့တာရှိတယ်။ ပုဂ္ဂလိကမီဒီယာရော၊ နောက်အစိုးရ အနေနဲ့ရော ပူးပေါင်းပြီး institution ကောင်းကောင်းနဲ့ နိုင်ငံတကာစာမျက်နှာဆီကို၊ နိုင်ငံတကာ အသိုင်း အဝိုင်းကို မြေပြင်သတင်းအမှန်တွေ ဖော်ထုတ်ပေးနိုင်အောင် ကျွန်တော် တို့ဆောင်ရွက်ဖို့ သဘောတူ ဆွေးနွေးတာရှိတယ်။ ဒါပေမယ့် အချိန်လုံလောက်မှု မရှိလို့ ပြည်ထောင်စုဝန်ကြီးကပဲ ပူးပေါင်းဆောင်ရွက်မယ် ပြောတယ်။

နိုင်ငံတကာကထုတ်ပြန်တဲ့ သတင်းအမှားတွေဆိုတာတော့ စာနယ်ဇင်း ကောင်စီက ဦးသီဟစော တင်ပြတာက ကျန်တဲ့အဖွဲ့တွေနဲ့ ပူးပေါင်းပြီး monitoring committee လုပ်မယ်။ အဲ့ဒီလို စောင့်ကြည့်မယ့် ကော်မတီက ဘယ်သတင်းတွေကတော့ ဘယ်လိုပုံစံမျိုးဖြစ်တယ်။ ဘက်လိုက်မှုဖြစ်တယ်။ သတင်းအမှားဆိုတာမျိုးကို ပြန်စိစစ်မယ်။ ဒါကတစ်ဖက်တည်းလုပ်မှာမဟုတ်ဘဲ ပြည်တွင်းသတင်းကော၊ နိုင်ငံတကာသတင်းတွေပါ ကြည့်ပြီးသုံးသပ်ပြီး ဆောင်ရွက်သွားဖို့ပုံစံမျိုး ဦးသီဟစောက ဆွေးနွေးတယ်။

ပြည်တွင်းသတင်းဂျာနယ်တွေမှာ ရခိုင်ပဲဖြစ်ဖြစ်၊ မောင်တောနဲ့ပဲဖြစ်ဖြစ် ပတ်သက်တဲ့ သတင်းကောင်းတွေရှိတယ်။ ဒါကို ပြန်ကြားရေးဘက်ကအဖွဲ့ အစည်းတွေကဘာသာပြန်ပြီး တင်ပေးဖို့ ဆွေးနွေးတယ်။ ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိက သတင်းမီဒီယာတွေက ကိုယ်တိုင်ရပ်တည်ဖို့တောင် ခဲယဉ်းနေတော့ ကျွမ်းကျင်တဲ့ ဘာသာပြန်မငှားနိုင်ဘူး။ ဒါကြောင့် ပြန်ကြားရေးကပဲဘာသာ ပြန်ပေးနိုင်တဲ့ အဖွဲ့တစ်ခုထားပြီး တင်ပေးနေဖို့ ကျွန်တော်တို့ အကြံပြုခဲ့တယ်။ ဒါကနိုင်ငံတကာကိုရောက်မလားဆိုတော့ ရောက်နိုင်တဲ့နည်းက နိုင်ငံ တကာမီဒီယာတွေကိုလည်း ရန်သူလိုသဘောမထားဘဲ သတင်းအမှန်ဖြစ်ပါတယ် ဆိုတဲ့ ပုံစံမျိုးဖြန့်ပေးဖို့လိုတယ်။ အဖြစ်အပျက်တစ်ခုဖြစ်ပြီဆိုတာနဲ့ အစိုးရပိုင်း က အရေးကြီးတဲ့ တာဝန်ရှိပုဂ္ဂိုလ်က ချက်ချင်းထွက်ပြီး ပြောပြနိုင်ရမယ်။ ကျွန်တော်တို့ ပြောပြတာထက်စာရင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်လို လူမျိုးကပြောရင် ပိုထိရောက်တယ်။

ဦးကျော်မင်းဆွေ ((The Voice  အယ်ဒီတာချုပ်)

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

လက်ရှိရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ အရေးကိစ္စနဲ့ပတ်သက်ပြီး မီဒီယာ တွေကဘယ်လို ဝိုင်းပြီးကူညီမလဲ၊ နိုင်ငံတကာမှာပုံဖျက်ပြီး သတင်းအမှားတွေ တင်နေတဲ့ကိစ္စတွေ၊ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်နေတဲ့ ကိစ္စတွေကို မီဒီယာ နည်းနဲ့ ဘယ်လိုပြန်ပြီးတုံ့ပြန်ကြမလဲဆိုတာတွေကို အဓိကထားပြီးဆွေးနွေး ကြတယ်။ အားလုံကဝိုင်းပြီးတော့ အကြံပေးကြတာပါ။ မီဒီယာတွေအနေနဲ့ ပြန်လည်ပြီး တုံ့ပြန်နိုင်ဖို့အတွက် စုဖွဲ့ထားတဲ့ မီဒီယာစင်တာတစ်ခုပေါ်ဖို့ အများစုကဆွေးနွေးကြတာရှိတယ်။ နောက်တစ်ခုက အမှားဖြစ်နေတဲ့သတင်း တွေကို သတင်းအမှန်နဲ့ပြန်ပြီးတုံ့ပြန်ကြဖို့၊ တကယ်မြေပြင်မှာဖြစ်နေတဲ့ သတင်းတွေနဲ့ တုံ့ပြန်ဖို့ ၊ တုံ့ပြန်တဲ့အခါမှာလည်း နိုင်ငံတကာမီဒီယာတွေအတွက် ဘယ်လိုနည်းလမ်း၊ ဒေသတွင်းနဲ့ ပြည်တွင်းအတွက် ဘယ်လိုနည်းစတဲ့ နည်းလမ်းတွေကို ဆွေးနွေးတာရှိတယ်။ နောက်တစ်ချက်ကတော့ တုံ့ပြန်တဲ့အခါမှာ သတင်းရယူခွင့်ပေါ့။ မြေပြင် မှာ ဖြစ်နေတဲ့ ပကတိ အခြေအနေမှန်ကိုသိဖို့ အဲဒီနေရာကိုသွားပြီး သတင်းရယူ တဲ့အခါမှာ အခက်အခဲမရှိဖို့၊ အဆင်ပြေပြေ သတင်းရယူခွင့်ရှိဖို့၊ သတင်းသမား တွေရဲ့ လုံခြုံရေးအတွက်ကိုလည်း သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူတွေက အကာအကွယ်ပေးနိုင်ဖို့အတွက်ကိုလည်း ဆွေးနွေးကြတယ်။ သတင်းအမှန်သိမှ ဒီသတင်းအမှန်နဲ့ ခြေခြေမြစ်မြစ် ပိုင်ပိုင်နိုင်နိုင်ပြန်ပြီးတော့ ချေပတုံ့ပြန်လို့ ရမှာပါ။ နောက်ထပ် အရေးကြီးတဲ့ တစ်ချက်ကတော့ ပြန်ကြားရေးဝန်ကြီးဌာနက ကမကထပြုပြီး ဒီပွဲကိုစီစဉ်တာ အင်မတန်ကောင်းတဲ့အချက်ပါ။ မြန်မာနိုင်ငံ နဲ့ပတ်သက်ပြီး နိုင်ငံတကာက ထိထိရောက်ရောက် လုပ်နေတဲ့ အချိန်မျိုးမှာ ကျွန်တော်တို့က တုံ့ပြန်တာနည်းနည်းလေး အထနှေးတာမျိုး ရှိပေမယ့် အခု အချိန်မီသေးတယ်လို့ပြောရမှာပါ။ ကျွန်တော်ကတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အနေအထားပေါ်မူတည်ပြီး နိုင်ငံတကာကို တုံ့ပြန်တဲ့နည်းလမ်းတွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဥပမာတွေနဲ့ ထောက်ပြပြီးတင်ပြဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံမေးမြန်း-ရဲခေါင်ညွန့်၊ ဇော်ကြီး(ပဏီတ)၊ဓာတ်ပုံ-ရဲထွဋ်

Tuesday, October 3, 2017

ဗိုလ်ဗထူးရုပ်တုမှ ၈၈ ရုပ်တုများဆီသို

The Voice Daily, Travel. 
01-Oct-2017

ဗိုလ်မှူးဗထူး မွေးရပ်မြေသို့

ပုလောကအပြန် မော်လမြိုင်ပြန်မတက်ခင် မပျက်မကွက် သွားဖြစ်တဲ့နေရာတစ်ခုက ထားဝယ်ဒေသ (အတိအကျပြောရရင် စာရေးသူရဲ့ မြို့နယ် လောင်းလုံးဒေသ) ရဲ့ လွတ်လပ်ရေးတိုက်ပွဲဝင် သူရဲကောင်း တစ်ဦးဖြစ်သူ ဗိုလ်ဗထူးရဲ့ မွေးရပ်မြေ လေးသွန်းခံရွာပါပဲ။ ၂၀၁၃ ခုနှစ် ပထမ အခေါက်ခရီးစဉ်တုန်းက သူရဲ့ရုပ်တုကို လောင်းလုံး-ထားဝယ် နယ်စပ်က ကမြောကင်းတံတားထိပ် (ထားဝယ် တက္ကသိုလ်အနီး) မှာသာ တွေ့ရပေမယ့် အခုတော့ သူ့ဇာတိရွာမှာ အမြင့် ၁၅ ပေရှိတဲ့ ကြေးရုပ်ကြီး ရှိနေပြီလို့သိရပါတယ်။ 


စာရေးသူ ထားဝယ် မရောက်ခင် ဇူလိုင်လ ၂၀ ရက်နေ့ကမှ ဒီရုပ်တုကို စိုက်ထူခဲ့တာဖြစ်ပြီး တိုင်းအစိုးရ ဝန်ကြီးချုပ်အပါအဝင် လူထုပရိသတ် ထောင်နဲ့ချီ တက်ရောက်ခဲ့တာ သတင်းတွေထဲ တွေ့ရပါတယ်။ လေးသွန်းခံဟာ ထားဝယ်မြို့ကနေ ၁၈ မိုင်ဝန်းကျင်။ လောင်းလုံးမြို့ကနေ ၅ မိုင်ဝန်းကျင်သာ ဝေးတယ် ဆိုပေမယ့် မိုးရွာထဲ ဆိုင်ကယ်နဲ့ သွားရမှာဆိုတော့ သိပ်မလွယ်လှ။ လေးသွန်းခံရွာကိုဝင်တဲ့ ညင်းမော် လမ်းဆုံနဲ့ ကြယ်တောင်လမ်းခွဲအထိပဲ ကတ္တရာလမ်းရှိပြီး အဲဒီအလွန်မှာတော့ မြေနီလမ်းကြမ်းပဲ ရှိပါတယ်။

မြေနီလမ်းကြမ်းနဲ့ ရေမြောင်းတွေ၊ စိမ်းစိုနေတဲ့ စပါးခင်းတွေကိုဖြတ်ပြီးတဲ့နောက် တောင်တန်းနောက်ခံနဲ့ ဥယျာဉ်ခြံရွာလို ဖြစ်နေတဲ့ လေးသွန်းခံဆီ ရောက်လာပါတယ်။ ရွာဟိုဘက်အထွက် (ကြယ်တောင်ဘက် အထွက်) နားက ကော်တော (ရော်ဘာတော) ဘုန်းကြီးကျောင်းနဲ့ မျက်နှာချင်းဆိုင် ခြံအကျယ်ကြီးထဲမှာ ဗိုလ်ဗထူးရုပ်တု အကြီးကြီးကို တွေ့လိုက်ရပါတယ်။ ထားဝယ်မိုးကလည်း သဲသလားမမေးနဲ့။ ဆိုင်ကယ် နဲ့လာတာဆိုတော့ မိုးကာပဲပါပြီး ထီးကမပါ။ ဒီတော့ အနီးအနားဝန်းကျင်ရွာတွေကနေ ဗိုလ်ဗထူးရုပ်တုကို လာကြည့်ကြတဲ့ ကျောင်းသူလေးတွေဆီကနေ ထီးငှားပြီး ဓာတ်ပုံရိုက်ရပါတယ်။

မြန်မာအများစုဟာ တစ်ခုခုအသစ်ဆောက်တော့မယ်ဆိုရင် သစ်ပင်ကြီးတွေကို ခုတ်လဲ၊ မြေတွေကို ဘူဒိုဇာနဲ့ဖြိုလေ့ ရှိပေမယ့် ဒီခြံထဲမှာတော့ သစ်ပင်ကြီးတွေကို ခုတ်လဲခြင်းမလုပ်ဘဲ ကြေးရုပ်နဲ့ ဟန်ချက်ညီအောင် ထိန်းသိမ်းထားနိုင်ခြင်းက ထူးပါတယ်။ အဝင်လမ်းနဲ့ ရင်ပြင်တစ်ခုလုံးကို ကွန်ကရစ်ခင်းထားပြီး ဆလိုက်မီးတွေပါ ဆင်ထားတဲ့အတွက် အတော်လေးကို စနစ်တကျပြင်ဆင် ထားတဲ့သဘောပါ။ ဒါပေမဲ့  ပြတိုက်နဲ့ သမိုင်းဆိုင်ရာအချက်အလက် ဖြန့်ဝေတဲ့နေရာတော့ မရှိသေးပါဘူး။

သမိုင်းစာအုပ်တွေကို ကိုးကားပြောရမယ်ဆိုရင် ဗိုလ်မှူးကြီးဗထူးကို ၁၉၁၆ ခုနစ်၊ ဇူလိုင်လ ၁၂ ရက် နေ့မှာ လေးသွန်းခံကျေးရွာနေ အဘဦးဘကွန်း၊ အမိ ဒေါ်စိန်မြတို့မှ မွေးဖွားခဲ့ပါတယ်။ (မနှစ်က ဗထူးရာပြည့် အခမ်းအနားလုပ်ရာကနေ အခုလို ကြေးရုပ်ထုတဲ့အထိ ဖြစ်လာတာပါ)။ ၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ် ကာလမှာတော့ ဂျပန်ပြန်ရဲဘော် သုံးကျိပ်ဝင် ဗိုလ်လကျာ် ဦးစီးတဲ့စစ်ကြောင်း ဘန်ကောက်ကနေ ထားဝယ်မြို့ ဆီဝင်လာစဉ် မေတ္တာရွာအရောက်မှာ ဗိုလ်ဗထူး တော်လှန်ရေးထဲ ရောက်သွားပါတယ်။ ၁၉၄၅ ခုနစ် ဇွန်လ ၂ ရက်နေ့မှာတော့ ရှမ်းပြည်နယ် အောင်ပန်းမြို့အနီး (အခု ဗထူးတပ်မြို့နေရာ) တာဝန်ထမ်းနေ စဉ် ငှက်ဖျားမိပြီး ကွယ်လွန်ခဲ့ပါတယ်။ 




ဗိုလ်ဗထူးကြေးရုပ်ကို အလေးပြုပြီး ပြန်အထွက်၊ ခုနက ကျောင်းသူလေးတွေ လမ်းပြမှ ညင်းမော်ရွာလမ်း မဟုတ်ဘဲ ဒီဘက် ကြယ်တောင်ဆီထွက်တဲ့လမ်းက နီးနီးလေးမှန်း သိရပါတယ်။ လမ်းတစ်လျှောက်မှာေ တာ့ ဆီအုန်းပင်တွေအပြင် ထားဝယ်ဒေသမှာအတော်ရှား ပါးလာနေပြီဖြစ်တဲ့ မာလာကာချဉ်သီး (မာလကာချဉ် သီးနဲ့ စုံပတတ်သီးတွေဟာ မွန်ပြည်နယ်တောင်ပိုင်းနဲ့ တနင်္သာရီတိုင်းမှာသာရှိတယ်လို့ ဆိုပါတယ်) အပင်တွေ ကိုပါတွေ့ရလို့ ဆိုင်ကယ်ရပ်ပြီး ခူးစားလိုက်ပါသေးတယ်။


ရေနက်ဆိပ်ကမ်း စီမံကိန်းနယ်မြေသို့

ဗိုလ်ဗထူးရွာကနေ အိမ်ပြန်ရောက်တော့ မနက် ၁၁ နာရီလောက်ရှိနေပြီ။ မနက်ဖြန် မော်လမြိုင်ပြန် တက်မှာဆိုတော့ ကျန်တဲ့နေ့တစ်ဝက်မှာ ထားဝယ်ဒေသရဲ့ စီးပွားရေး အထူးဇုန် ရေနက်ဆိပ်ကမ်းဆီ သွားဖို့ ဆုံးဖြတ်ထားပါတယ်။ ဗိုလ်ဗထူးရွာက ထားဝယ်နဲ့ ၁၈ မိုင်လောက်သာဝေးပေမယ့် ရေနက်ဆိပ်ကမ်းက မိုင် ၃၀ ကျော် (ကီလို ၅၀ ခန့်) လောက် ဝေးပါတယ်။ ပြီးတော့ မိုးရွာထားလို့ လမ်းတွေပျက်တာ၊ ရေကျော် တာတွေဖြစ်နေတဲ့အတွက် မိုးတွင်းမှာ အဲဒီဘက်သွား ရခက်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကိုယ်ကသွားဖို့ ဆုံးဖြတ်ထားပြီးသားဆိုတော့ မိုးထဲရေထဲမှာပဲ သူငယ် ချင်းတစ်ယောက်နဲ့အတူ ဆိုင်ကယ်နဲ့ ခရီးဆက်ပြန် ပေါ့။ 



၂၀၁၃ ခုနှစ် ပထမခရီးစဉ်တုန်းက ထားဝယ်-မောင်းမကန်-ပန်းတက်အင်းဘက်ကနေ (ပင်လယ်ကမ်း တစ်လျှောက်) သွားပြီး ရေဖြူဘက်ကနေ (ရေး-ထားဝယ် လမ်းအတိုင်း) ပြန်ဖူးပြီးသားဆိုတော့ အခု ခရီးစဉ်မှာ တစ်ခါမှ မရောက်ဖူးသေးတဲ့လမ်းသစ် ကမြောကင်း-မြို့ဟောင်း-ဆင်ပစနစ်လမ်း (ထားဝယ်မြစ်အနောက် ဘက်ကမ်းတစ်လျှောက်) ကို ရွေးလိုက်ပါတယ်။ ဒီလမ်း ဟာ ၂၀၁၄ အထိ မြေနီလမ်းကြမ်းပဲ ရှိသေးပြီး ဦးသိန်းစိန် အစိုးရမဆင်းခင်လေးကမှ ကတ္တရာ ခင်းပေးခဲ့တာပါ။ 

ထားဝယ်သားတွေလည်း တခြားနယ်သားတွေလိုပဲ အခုတစ်လော ရုပ်တုဘက် စိတ်ဝင်စားမှု သိပ်များနေ သလား မသိပါ။ ကျွန်တော့်ရွာကနေအထွက် ကမြော ကင်းရွာထဲဝင်တာနဲ့ ရုပ်တုကြော်ငြာအသစ်တစ်ခုနဲ့ တိုးနေပြန်ပါတယ်။ ဒီတစ်ခါက အမျိုးသမီးတော်လှန် ရေးသမား သူရမချစ်ပိုတဲ့။ သူမဟာ အခုကျွန်တော် သွား မယ့်လမ်းပေါ်ရှိ နခံတောရွာသူဖြစ်ပြီး ဖက်ဆစ်တော် လှန်ရေးကာလ ၁၉၄၉ တုန်းက မေမြို့မှာ (ပြင်ဦးလွင်) ကျဆုံးတယ်လို့ဆိုပါတယ်။ သူ့ရုပ်တုကို သောကြာ ပြင်ဈေးနားမှာ ဒီလကုန် (စက်တင်ဘာ လကုန်) စိုက်ထူမယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ရုပ်တုနိုင်ငံရေးအကြောင်းစဉ်းစားရင်း ဆိုင်ကယ်က နခံတောရွာထဲ ဝင်လာပါတယ်။ ဒီဘက်မှာလည်း ရှေ့အခန်းတစ်ခုမှာ တင်ပြခဲ့တဲ့ ပုလောဒေသလိုပါပဲ။ ဘုရားဖူးတဲ့နေရာ အတော်များပါတယ်။ ရပ်ခံတောင် စေတီဟာ နခံတောမှာထင်ရှားပြီး ရှင်ဇလွန်က မြို့ဟောင်းရွာမှာ ထင်ရှားပါတယ်။ ဒါ့အပြင် မြို့ဟောင်းရွာမှာ သာဂရမြို့ဟောင်းနေရာ တူးဖော်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီရွာ ၂ ခုကြားက တောင်မင်းပြောင် ကတော့ ကောက်ညှင်းကျည်တောက် (ဒေသအခေါ် ကလ္လယ်မွှန်း) ထုတ်လုပ်ရာမှာ နာမည်ကြီးပါတယ်။

ပုလောခရီးစဉ်မှာ တင်ပြခဲ့ဖူးသလို ထားဝယ်နဲ့ ၁၈ မိုင်ဝေးတဲ့ သရက်ချောင်းမြို့ကိုကျော်ပြီး အောက်ဘက် မရောက်ဖူးသလို အခုလည်း ထားဝယ်နဲ့ ၁၀ မိုင် လောက်ဝေးတဲ့ မြို့ဟောင်း (သာဂရမြို့ဟောင်း) ရွာကို ကျော်ပြီး ဟိုဘက်ကိုတစ်ခါမှ မရောက်ဖူးသေးပါ။ မြို့ဟောင်း အလွန်အထိ လမ်းတွေက သိပ်ကောင်းနေပြီး ငြိမ်းချမ်းရေးခေတ် ဖြစ်သွားလို့လား မသိပါ။ ဒီဒေသဟာလည်း ပုလောဘက်က ရွာတွေလိုပဲ လွန်ခဲ့တဲ့ နှစ် ၃၀ နဲ့ ဘာမှမတူတော့ဘဲ ကိုယ်ပိုင်ကားတွေ၊ မော်တော် ဆိုင်ကယ်တွေ တဝီဝီဖြစ်နေပါတယ်။ 

ဆင်ပနစ်ရွာအရောက်မှာတော့ ပိန်းရှောင်-ရလှိုင် ဘက်ကို ဆက်မသွားဘဲ နတ်တွင်းလမ်းဘက်ကနေ ရေဖြူမြို့နယ်ထဲ ချိုးဝင်လိုက်ပါတယ်။ မိုးတွင်းဆိုတော့ နတ်တွင်းချောင်းရေလျှံနေလို့ ဆိုင်ကယ်ကို မနည်း ကြိုးစားဖြတ်ခဲ့ရပါတယ်။ အဲဒီကနေ ရေဖြူမြို့အနောက် ဘက်ကမ်းဆီဖြတ်ဝင်တော့ ဂဏန်းတောင်ပေါ်မှာ စေတီအသစ်နဲ့ ရုပ်ပွားတော်အသစ် အကြီးကြီးတွေကို တည်ထားဆောက်လုပ်နေတာ တွေ့ရပါတယ်။ ထားဝယ်မြစ်ကူး ရေဖြူတံတား ဆောက်တာက ဒီအနောက်ဘက်ကမ်း လမ်းတွေထက်တောင် နောက်ကျ ပါသေးတယ်။ ၂၀၁၅ ခုနှစ်နှောင်းပိုင်းကမှ ဒီတံတားကိုဖွင့်နိုင် ခဲ့တာပါ။

အဲဒီမတိုင်မီအထိ ရေဖြူမြို့ ဟိုဘက်ဒီဘက်ကူးဖို့ ကူးတို့လှေကိုပဲ အားကိုးခဲ့ရလို့ ရေဖြူကို ရင်ကွဲမြို့လို တောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ ရေဖြူမြို့ကနေ အထွက်၊ တပ်ရင်း ၃ ခုကိုကျော်ပြီးတဲ့နောက် ရေဆိပ် ကမ်းဆီဝင်တဲ့လမ်း (ကန်ချနပူရီ-ထီးခီးကနေ ဆင်းလာတဲ့လမ်း) ကို တွေ့ရပါတယ်။ အရင် ၂၀၁၃ တုန်းက နဲ့ ဘာမှမဆိုင်။ လမ်းတွေက အတော်ပျက်စီးနေပြီး ဗွက် လည်းထနေပါတယ်။ ဒီလမ်းဟာ မြေနီလမ်း ဆိုပေမယ့် အီတလီ-ထိုင်းကုမ္ပဏီက နိုင်ငံတကာအဆင့်မီ ဖောက် ထားတာမို့ ရေး-ထားဝယ် ကတ္တရာ လမ်းမှာမောင်းသလို ကားတွေအရှိန်နဲ့ မောင်းနိုင်ပါတယ်။ အဲဒါ ၂၀၁၃ တုန်းကပါ။ အခုတော့ ၄ ဘီး ယက်ကားတွေလောက်ပဲ သွားနိုင်ပြီး ဆလွန်းကားတွေမသွားနိုင်လို့ လမ်းကနေ ပြန်လှည့်လာတာ တွေ့ရပါတယ်။

ရေနက်ဆိပ်ကမ်းအတွက် သီးခြားဆောက်ထားတဲ့ ယာယီချောင်းကူးတံတားရယ်၊ ဗွက်ထနေတဲ့လမ်း တွေရယ်ကို နည်းနည်းကြိုးစားဖြတ်သန်းပြီးတဲ့နောက် ရေနက်ဆိပ်ကမ်းစီမံကိန်းရဲ့ စခန်းထောက်နေရာဆီ ရောက်ပါတယ်။ ဘိလပ်မြေစက်ရုံလို မီးခိုးတိုင်တွေထူထူထောင်ထောင်နဲ့ ခြံဝင်းကျယ်ကြီးထဲမှာ ဘူဒိုဇာ တွေ အပါအဝင် စက်ယန္တရားတွေ အနားယူနေတာ သံချေး တောင်ကိုက်နေပြီ။ အဲဒီခြံဝင်းရှေ့မှာတော့ ကျွဲကောင် ရေ ၁၀ဝ ကျော်ရှိနေလေရဲ့။ ဒီဒေသဟာ စီမံကိန်း မစခင်က လောင်းလုံးမြို့နယ်တွင်းရှိ ကျွဲတွေကို ဝါတွင်းကာလ (လယ်ထွန်းပြီးချိန်ကနေ စပါးပေါ်ချိန်အထိ) မှာ အဓိက ထိန်းကျောင်းတဲ့နေရာ ဖြစ်ပါတယ်။


အဲဒီလိုစဉ်းစားရင်း နဘုလယ်ရွာဘေးနားရှိ ရေနက်ဆိပ်ကမ်း စီမံကိန်းဝင်းထဲ ရောက်လာပါတယ်။ အရင်တစ်ခေါက်က စီမံကိန်းတာဝန်ရှိသူတွေနဲ့ စည်ကားနေတဲ့ပြခန်းနဲ့ ဧည့်ရိပ်သာဆောင်တွေဟာ အခုတော့ ဘယ်သူမှမရှိ။ ခုနက ဂိတ်စောင့်မြန်မာဝန်ထမ်း လိုက်လာပြီး နောက်ဆုံး အခြေအနေကို ရှင်းပြပါတယ်။ အဲဒီဝင်းဘေးနားရှိ ဈေးဆိုင်တန်းမှာတော့ ကွီတီယို၊ ဖတ်ထိုင်း၊ သင်္ဘောသီးသုပ် အပါအဝင် ထိုင်းစားစရာတွေရောင်းနေဆဲဖြစ်ပေမယ့် ထိုင်းဝန်ထမ်းတွေက (လောလောဆယ်) မရှိတော့ပါ။ ဒီနေရာကိုကျော်ပြီး KM 000 မှတ်တိုင်ရှိတဲ့ ရေနက်ဆိပ်ကမ်းဆီ သွားမယ်ပြင်တော့ တံတားကျိုးနေလို့ မယင်းကြီးကမ်းခြေ ဘက်ကနေ တစ်ကွေ့တစ်ပတ်ကြီး ပတ်သွားခဲ့ရပါတယ်။

အရင်က ဆောက်လုပ်ရေး လုပ်ငန်းခွင်ကားတွေ၊ လာရောက် လည်ပတ်တဲ့ ဧည့်သည်တွေနဲ့ စည်ကားနေ လေ့ရှိတဲ့ ဒီမှတ်တိုင်ဝန်းကျင်မှာ အခု ဘယ်သူမှ မရှိ။ မှတ်တိုင်ဘေးက ဧည့်ဆောင်လေးတောင် ပြိုတော့မ လိုဖြစ်နေပါတယ်။ ဒါပေမဲ့ တနင်္သာရီတိုင်းအစိုးရ အသိုင်းအဝိုင်းကတော့ ဒီစီမံကိန်း လောလောဆယ် ရပ်တန့်သလို ဖြစ်နေပေမယ့် မကြာခင် ဂျပန်ဘက်က ရင်းနှီးမြှုပ်နှံမှုဝင်လာမယ့် အလားအလာ ရှိနေတယ် လို့ပြောပါတယ်။ ဒါ့အပြင် ရေနက်ဆိပ်ကမ်းနဲ့ ထိုင်းနိုင်ငံ နယ်စပ်အကြား ဖောက်ထားတဲ့ (ထီးခီးဂိတ်) အဝေးပြေးလမ်းကြမ်းကိုလည်း ကွန်ကရစ်-ကတ္တရာ လမ်းအဖြစ် အဆင့်မြှင့်ဖို့ တိုင်းအစိုးရဘက်က ကြိုးစားနေတယ်လို့လည်း သိရပါတယ်။


မုဒုံမြို့က ထူးခြားတဲ့ ဂုဏ်ပြုပွဲ

မော်လမြိုင်ပြန်မတက်ခင် ထားဝယ်မှာ အချိန် တစ်ရက်ပဲရတယ်ဆိုတာက ၈ လေးလုံး နှစ်ပတ်လည်နေ့အမီ မုဒုံမြို့မှာကျင်းပမဲ့ ABSDF 101 တပ်ရင်း ရဲဘော်ဟောင်းတွေရဲ့ အမှတ်တရဂုဏ်ပွဲကို တက်ချင်လို့ပါ။ ၂၉ နှစ်တာ ကာလအတွင်း ကျဆုံးသွားခဲ့တဲ့ ရဲဘော် ၆၀ဝ ကျော်ကို ABSDF ဗဟိုက ဂုဏ်ပြုလက်မှတ်တွေ ပေးပြီးဖြစ်ပေမယ့် အဲလောက်နဲ့ မလုံလောက်ဘူး။ သက်ဆိုင်ရာ တပ်ရင်းတွေအလိုက်လည်း တတ်နိုင်သေ လာက် ဂုဏ်ပြုသင့်တယ်ဆိုတဲ့ အိုင်ဒီယာကို သဘောကျလို့ ဒီပွဲဆီ ကျွန်တော်သွားတာပါ။



ထားဝယ်-မော်လမြိုင်လမ်းမှာ အသွားတုန်းကထက် နည်းနည်း ထူးတာကတော့ မီနီဘတ်စ် စီးလာတဲ့ အတွက် မလွဲတောင်ဂိတ်မှာ အောက်ဆင်း-တန်းစီ မှတ်ပုံတင်ပြစရာမလိုဘဲ လဝက အရာရှိတွေကိုယ်တိုင် ကားတံခါးဆီလာပြီး စစ်သွားပါတယ်။ မုဒုံဆိုတာ အရင် မော်လမြိုင် တက္ကသိုလ် တက်ခဲ့စဉ်က စက်ဘီးစီး ကျင့်ရင်းနဲ့ တစ်ပတ် နှစ်ခါလောက် ဖြတ်သွားဖူးတဲ့နေရာ ဖြစ်ပေမယ့် တစ်ခါမှ ညမအိပ်ခဲ့ဖူးပါ။ မုဒုံဟာ မော်လမြိုင်ကနေ ၁၆ မိုင် (26 km) သာဝေးပေမယ့် အဆင်မြင့် ဟိုတယ်တွေ၊ ခရီးသွားတွေနဲ့ အတော် စည်ကားနေပါတယ်။ 

ချောင်းနှစ်ခွလမ်းဆုံ (အခုနောက်ပိုင်း လမ်းတွေ အရမ်း ကောင်းလာလို့ မုဒုံ-မြဝတီ-မဲဆောက်ကို နေ့ချင်းပြန်တောင် သွားနေကြဟုဆို) မှာ ကားပေါ်ကနေ ဆင်းတော့ ရဲဘော်ဟောင်းတွေက လာကြိုပြီး အခမ်းအနား ကျင်းပမယ့် တောရကျောင်းဆီ အရင်ပို့၊ ပြီးတော့ မြို့အဝင်က ဟိုတယ်မှာ တစ်ည အိပ်ပါ တယ်။ ခရီးပန်းနေလို့ အရုဏ်ဆွမ်းကို မမီလိုက်ပါ။ နေ့လယ် ဆွမ်းအမီ ရောက်သွားတော့ ကျဆုံး ရဲဘော်တွေအတွက် မေတ္တာပို့ အမျှဝေတာနဲ့ တိုးပါတယ်။ ၁၀၁ တပ်ရင်း တစ်ခုတည်းတင် ကျဆုံးစာရင်းက ၆၀ ကျော်ရှိပါတယ်။ တစ်ဦးချင်းအမည်ကို ရဲဘော်ဟောင်း တစ်ဦးက ရွတ်ပြပြီး ဆရာတော်က အမျှဝေ ပေးတော့ မျက်ရည်က အလိုလို စို့လာပါတယ်။ ကိုယ်တွေက ဘယ်လိုပဲဖြစ်ဖြစ် မိဘအိမ်ဆီ ပြန်လာနိုင်သေးတယ်။ သူတို့ကတော့ ၂၉ နှစ်ကြာတဲ့အထိ မိဘအိမ်ဆီ ပြန်မလာနိုင်တော့ပါ။

အမျှဝေပွဲအပြီးမှာတော့ ဒီပွဲဆီရောက်လာကြတဲ့ ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ၁၀၁ တပ်ရင်း ရဲဘော်ဟောင်းတွေက သူတို့စုဆောင်းထားတဲ့ ရန်ပုံငွေထဲကနေ တတ်နိုင်သမျှ ကူညီပေးတာ တွေ့ရပါ တယ်။ တခြား တပ်ရင်းတွေလည်း ဒီလိုလုပ်နိုင်ရင် ကောင်းမယ်ဆိုပြီး စိတ်ကူးမိပါတယ်။ ၁၀၁ တပ်ရင်းက ရဲဘော်တွေအပါဝင် ABSDF တောင်ပိုင်းဒေသမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် အာဇာနည်ဗိမာန် တစ်ခုကို မင်းသမီးစခန်း (ထီးခီးဂိတ်အနီး) ဟောင်းနေရာမှာ ဆောက်လုပ်နိုင်ဖို့ တောင်ပိုင်းက ရဲဘော် ဟောင်းတွေ ကြိုးစားနေတယ်လို့လည်း သိခဲ့ရပါတယ်။ 




ဒါ့အပြင် လာမယ့်နှစ် ၂၀၁၈ ဟာ ၈ လေးလုံး နှစ် ၃၀ ပြည့်ဖြစ်သလို ABSDF သက်တမ်းလည်း နှစ် ၃၀ ပြည့်ဖြစ်တာမို့ ဒီလိုဂုဏ်ပြုပွဲ အပါအဝင် ပြည်တွင်း -ပြည်ပရှိ ရဲဘော်ဟောင်းတွေ ပြန်လည် တွေ့ဆုံပွဲ လုပ်နိုင်ရင် ပိုကောင်းမယ်ဆိုတဲ့ ဆွေးနွေးချက်တွေကိုလည်း ကြားခဲ့ရပါတယ်။ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီနစ်ဆီ အပြောင်းအလဲ ဖြစ်လာစေဖို့အတွက် ငယ်ရွယ်နုနယ်တဲ့ တက္ကသိုလ် ကျောင်းသားဘဝ တွေကို ပေးဆပ်သွားခဲ့တဲ့ ရဲဘော်သူငယ်ချင်းတွေကို ကြေကွဲစွာနဲ့ သတိရနေမိပါတယ်။       ။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More