Thursday, October 5, 2017

ပြန်ကြားရေးဌာနကို ကတယ်ပြုပြင်ပြောင်းလဲတော့မလား...။

(မီဒီယာ ပုံစံ အသွင်ပြောင်းရေးနဲ့ပတ်သက်ပြီး အရေးကြီးတယ်ထင်လို့ ပြန်ကြားရေး ၀က်ဆိုက်ကနေ ကူးယူထားတာဖြစ်ပါတယ်)


ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့်ပတ်သက်၍ နိုင်ငံတကာတွင် သတင်းမှားများပျံ့နှံ့နေမှုအပေါ် ပူးပေါင်း အဖြေရှာမည်






ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် လက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်မြောက်ပိုင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်းအချို့တွင် သတင်းမှားများ ပျံ့နှံ့နေမှုများအပေါ် သတင်းမီဒီယာအဖွဲ့အစည်းများ၊ ပြည်တွင်းအခြေစိုက် မီဒီယာများနှင့် တွေ့ဆုံပြီး မီဒီယာဆိုင်ရာကိစ္စရပ်များဆွေးနွေးမှုကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံဝင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် သတင်းမီဒီယာအဖွဲ့အစည်းများနှင့် ပြည်တွင်းအခြေစိုက် မီဒီယာများက ၎င်းတို့၏ ထင်မြင်ယူဆချက်၊ ကိုယ်ပိုင်အမြင်များကို Brainstorming ပုံစံမျိုးဖြင့် ကဏ္ဍအလိုက် ဆွေးနွေးအကြံပြုခဲ့ကြပြီး ဆွေးနွေးမှုတွင် ပါဝင်ခဲ့ကြသည့် သတင်းမီဒီယာအဖွဲ့အစည်းအသီးသီးမှ တာဝန် ရှိသူများနှင့် သတင်းစာ ဆရာများကို တွေ့ဆုံမေးမြန်းခဲ့သည်။

ဦးသီဟစော (မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအတွင်းရေးမှူး)

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ဒီနေ့ကတော့ ပြန်ကြားရေးဝန်ကြီးဌာနကနေ ဖိတ်ကြားပြီးတော့ Brainstorming Section ပုံစံမျိုးဆွေးနွေးတာပါ။ ကျွန်တော်တို့ သတင်းမီဒီယာ မှာရှိတဲ့ မီဒီယာသမားအစုံပါရှိပါတယ်။ အဲဒီလိုပဲ သတင်းမီဒီယာ အဖွဲ့အစည်း တွေအပြင် နိုင်ငံရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေက သူတွေလည်း ပါဝင်ပါ တယ်။ အဓိကကတော့ Information Policy နဲ့ Media Policy မှာ ဘာတွေ အားသာချက်၊ အားနည်းချက်တွေရှိသလဲ၊ ဘာတွေလုပ်စေချင်ကြသလဲဆိုတာ တွေကို ဝိုင်းဝန်းဆွေးနွေးကြပါတယ်။ အဓိကအချက် နှစ်ချက်ကတော့ ဘာသာ စကားအနေနဲ့ ပြန်ထိုးဖောက်ဖို့ရယ်၊ ဘာသာစကားကျွမ်းကျင်မှုလိုတဲ့အပြင် မီဒီယာတွေရဲ့ ထိုးဖောက်နိုင်စွမ်းတဲ့ Capacity ရယ်၊ ကျွန်တော်တို့ဘက်က မီဒီယာတွေက Professional ပီသဖို့၊ အဓိကအချက် နှစ်ချက်လိုတယ်လို့ပြော တယ်။ ဒါပေမယ့် သတင်းသမားတွေက ပြန်ပြောတယ်။ အဲဒီနှစ်ခုရှိတယ်ပဲထားဦး။ သတင်းရယူခွင့်တွေ အားနည်းနေမယ်ဆိုလို့ရှိရင်တော့ သတင်းက အားနည်းနေ မှာပဲ။ သတင်းသမားက သတင်းရယူခွင့် ရမှ၊ သတင်းရှိတဲ့နေရာကိုသွားခွင့်ရမှ သူ့ရဲ့ သတင်းဦး၊ သတင်းထူးရမယ်။ အဲဒါဆိုရင်တော့ အဲဒီသတင်းက ဘယ်ဘာသာစကားနဲ့ထုတ်ထုတ် ထိရောက်မှုရှိမယ်ဆိုပြီး သတင်းသမားတွေ ဘက်ကထောက်ပြပါတယ်။

ဒီဆွေးနွေးပွဲကနေ အများကြီးအထောက်အကူဖြစ်နိုင်ပါတယ်။ ဘာကြောင့် လဲဆိုတော့ အစိုးရမှာမီဒီယာပေါ်လစီနဲ့ပတ်သက်လို့ ပြင်စေချင်တဲ့ အဆင့် အထိပြောတာတွေရှိတယ်။ မီဒီယာပေါ်လစီမှာရှိတဲ့ အားနည်းချက်တွေကို ထောက်ပြတာတွေလည်းရှိပါတယ်။ ဒီနေ့မှာတော့ သုံးသပ်ချက်တွေ အဖြေတွေ မထွက်သေးပါဘူး။ အားလုံးတင်ပြသွားတာတွေကို ဝန်ကြီးအနေနဲ့ မှတ်သား သွားပါတယ်။ တင်ပြတဲ့အထဲက ဘုံတူတဲ့အချက်တွေကို စုဆောင်းပြီးတော့ ဒီကနေ့ဆွေးနွေးကြတဲ့ သူတွေကို ပြန်ပြီးဖြန့်ဝေလိမ့်မယ်။ အဲဒီလိုဖြန့်ဝေ ပြီးတော့မှ နောက်တစ်ဆင့် ဘာလုပ်မလဲဆိုတာမျိုးဖြစ်ပါတယ်။

ဦးကိုကို(စက်မှုတက္ကသိုလ်) သတင်းစာဆရာ

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ဒီနေ့အဓိကတွေ့တာကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံအပေါ်မှာ နိုင်ငံတကာကမီဒီယာကြီးအချို့အပါအဝင် မဟုတ်မမှန် လုပ်ကြံနေတဲ့ သတင်းတုတွေနဲ့ ပတ်သက်ပြီး သတင်းမှန်တွေနဲ့ မှားယွင်းနေတဲ့ သတင်းတွေအပေါ်မှာဘယ်လိုပြန်ချေဖျက်သင့်သလဲ။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးအနေနဲ့ အကြံဉာဏ်ယူတယ်။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတယ်။ အဲ့ဒီအထဲမှာ တစ်ယောက်ချင်းစီ ဆွေးနွေးပြီးတော့ တူညီတဲ့ အချက်အလက်တွေ စုစည်းတယ်။ ချက်ချင်း အကောင်အထည် ဖော်လို့ရတဲ့ အရာတွေကို ချက်ချင်း အကောင်အထည်ဖော်မယ်လို့ ဝန်ကြီးကပြောတယ်။ အချို့ကတော့ ဝန်ကြီး လုပ်ပိုင်ခွင့်ထက် ကျော်လွန်စဉ်းစားရမယ့် ကိစ္စဆိုရင် သက်ဆိုင်ရာကိုဆက်တင်ပြမယ့် သဘော ရှိပါတယ်။ မီဒီယာသမားတွေရဲ့ ဆွေးနွေး ချက်တွေ အတော်များများက တူညီကြတော့ အဲ့ဒီအရာတွေပေါ်မှာ  ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုဆက်လက် အကောင်အထည် ဖော်မလဲဆိုတာပဲ စောင့်ကြည့်ရပါမယ်။

တော်တော်များများ ဆွေးနွေးတဲ့ အချက်ထဲမှာတော့ အဖွဲ့တွေ ဖွဲ့သွားရင် ကောင်းမလားပေါ့။ စိတ်ပါလက်ပါရှိတဲ့ မီဒီယာသမားတွေနဲ့ ကျွမ်းကျင်တဲ့သူတွေ ဖွဲ့ပြီးတော့ ဒီပေါ်မှာလုပ်ကြမလား။ အချို့ပြောတာကတော့ သတင်းအချက်တွေ ဒီဘက်မှာပေးနိုင်မှုက နှေးကွေးတယ်။ ဒါတွေကို ဒီထက်ပိုပြီး မြန်မြန်ဆန်ဆန် ပေးနိုင်မလားပြောတယ်။ ဒီအထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကတော့ ကျွန်တော်တို့ ပြည်တွင်း မီဒီယာတွေက ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ အနေအထားဘက်က ရေးသားနေတာပဲ။ ဒါပေမယ့် ကမ္ဘာကဘာကြောင့် မသိ သလဲဆိုတော့ ကိုယ့်ပြည်တွင်းမှာပဲ မြန်မာစာနဲ့ ရေးသားနေကြလို့ပါ။ အဲ့ဒီ အတွက် နိုင်ငံတကာသုံး ဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်ဘာသာနဲ့ ပြည်တွင်း မီဒီယာတွေကရေးသားတဲ့ ကောင်းတဲ့အချက်တွေပေါ့။ အဲ့ဒါတွေကိုစုပေါင်းပြီး တော့ အင်္ဂလိပ်လိုဘာသာပြန်ပြီး ပြန်ဖြန့်မလားပေါ့။ ရောဂါကိုပျောက်ကင်း အောင် ကုသဖို့အတွက်ကတော့ ရေရှည်မှာဒီထက်ပိုစနစ်ကျတဲ့ ကျွမ်းကျင်ပြီး ပရော်ဖက်ရှင်နယ်ဆန်တဲ့ စီမံချက်တစ်ခုကတော့ လိုလိမ့်မယ်ထင်ပါတယ်။ ဒီနေ့လုပ်တာက မီဒီယာကိုမီဒီယာနဲ့ ပြန်တိုက်ဖို့ အစည်းအဝေးလုပ်တာ မဟုတ်ဘူး။ အဓိကအချက်ကမှန်ကန်တဲ့သတင်းတွေကို ကမ္ဘာ့ပရိသတ်ဆီ ဘယ်လိုရောက်အောင် ပို့မလဲဆိုတာကို စဉ်းစားတာ။ တူညီတဲ့ရလဒ်ကိုပြော တဲ့အခါမှာ ရည်မှန်းချက်တူပေမယ့် သွားတဲ့လမ်းကြောင်းက တူချင်မှတူမှာပေါ့။ ဒါပေမယ့် အများစုဆွေးနွေးချက်တွေက တော်တော်တူညီပါတယ်။ ရခိုင်အရေး ကိစ္စနဲ့ပတ်သက်ပြီး ဘာလုပ်ရမယ်ဆိုတာ ဝိဝါဒကွဲပြားတာ မရှိဘူး။ တစ်ခုပဲပြော ကြတယ်။ သတင်းအမှားကို သတင်းအမှားနဲ့ ပြန်မတုံ့ပြန်မိဖို့၊ ကျင့်ဝတ်စည်း ကမ်းနဲ့အညီ လုပ်ကိုင်ဖို့၊ လုပ်တဲ့အခါမှာလည်း မီဒီယာတွေ ကိုယ်နှိုက်က အစွန်းရောက်စေမယ့် ကိစ္စတွေကို သတိထားဖို့ ဆိုတာတွေတော့ တူညီပါတယ်။

ဦးကျော်စွာမင်း (မြန်မာနိုင်ငံသတင်းစာဆရာအသင်း အထွေထွေအတွင်းရေးမှူး)

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ထူးခြားတာက ကျွန်တော်တို့ သတင်းမီဒီယာတွေမဟုတ်ဘဲ နိုင်ငံရေး နယ်ပယ်မှာ လူသိထင်ရှားဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုမြအေးတို့ရော ဝင်ရောက် ဆွေးနွေးတာတွေ့ရတယ်။ အဓိကအကြောင်းအရာက သတင်းအမှန်တွေ ကို ကမ္ဘာကသိအောင် သတင်းမီဒီယာအားနဲ့ ဘယ်လိုချပြမလဲဆိုတဲ့ စုစည်းမှုနဲ့ ပတ်သက်ပြီးအားနည်းတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည် (capacity) ကို မြှင့်ရမယ်။ အင်္ဂလိပ်ဘာသာနဲ့ထုတ်တဲ့ သတင်းမီဒီယာနည်းတယ်။ အင်္ဂလိပ်လိုဘာသာပြန် ထုတ်နိုင်ဖို့ဆိုတာတွေ ဆွေးနွေးတယ်။ နောက်တစ်ခါ ရခိုင်မှာပဲဖြစ်ဖြစ်၊ မောင်တောမှာပဲဖြစ်ဖြစ် စင်တာကြီးတစ်ခုလုပ်ပြီးသတင်း တွေကိုဖြန့်ကြက် ပေးနိုင်အောင်ဆိုတာမျိုးတွေ ကျွန်တော်တို့ဘက်က အကြံပြု ဆွေးနွေးတယ်။ နောက်ဌာနဆိုင်ရာ အချင်းချင်း ပူးပေါင်းနိုင်အောင်၊ သတင်းစာ ရှင်းလင်းပွဲတွေ အမြန်ဆုံး လုပ်ပေးနိုင်အောင်မျိုးတွေ အကြံပြုပြောဆိုဆွေးနွေး ခဲ့တာရှိတယ်။ ပုဂ္ဂလိကမီဒီယာရော၊ နောက်အစိုးရ အနေနဲ့ရော ပူးပေါင်းပြီး institution ကောင်းကောင်းနဲ့ နိုင်ငံတကာစာမျက်နှာဆီကို၊ နိုင်ငံတကာ အသိုင်း အဝိုင်းကို မြေပြင်သတင်းအမှန်တွေ ဖော်ထုတ်ပေးနိုင်အောင် ကျွန်တော် တို့ဆောင်ရွက်ဖို့ သဘောတူ ဆွေးနွေးတာရှိတယ်။ ဒါပေမယ့် အချိန်လုံလောက်မှု မရှိလို့ ပြည်ထောင်စုဝန်ကြီးကပဲ ပူးပေါင်းဆောင်ရွက်မယ် ပြောတယ်။

နိုင်ငံတကာကထုတ်ပြန်တဲ့ သတင်းအမှားတွေဆိုတာတော့ စာနယ်ဇင်း ကောင်စီက ဦးသီဟစော တင်ပြတာက ကျန်တဲ့အဖွဲ့တွေနဲ့ ပူးပေါင်းပြီး monitoring committee လုပ်မယ်။ အဲ့ဒီလို စောင့်ကြည့်မယ့် ကော်မတီက ဘယ်သတင်းတွေကတော့ ဘယ်လိုပုံစံမျိုးဖြစ်တယ်။ ဘက်လိုက်မှုဖြစ်တယ်။ သတင်းအမှားဆိုတာမျိုးကို ပြန်စိစစ်မယ်။ ဒါကတစ်ဖက်တည်းလုပ်မှာမဟုတ်ဘဲ ပြည်တွင်းသတင်းကော၊ နိုင်ငံတကာသတင်းတွေပါ ကြည့်ပြီးသုံးသပ်ပြီး ဆောင်ရွက်သွားဖို့ပုံစံမျိုး ဦးသီဟစောက ဆွေးနွေးတယ်။

ပြည်တွင်းသတင်းဂျာနယ်တွေမှာ ရခိုင်ပဲဖြစ်ဖြစ်၊ မောင်တောနဲ့ပဲဖြစ်ဖြစ် ပတ်သက်တဲ့ သတင်းကောင်းတွေရှိတယ်။ ဒါကို ပြန်ကြားရေးဘက်ကအဖွဲ့ အစည်းတွေကဘာသာပြန်ပြီး တင်ပေးဖို့ ဆွေးနွေးတယ်။ ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိက သတင်းမီဒီယာတွေက ကိုယ်တိုင်ရပ်တည်ဖို့တောင် ခဲယဉ်းနေတော့ ကျွမ်းကျင်တဲ့ ဘာသာပြန်မငှားနိုင်ဘူး။ ဒါကြောင့် ပြန်ကြားရေးကပဲဘာသာ ပြန်ပေးနိုင်တဲ့ အဖွဲ့တစ်ခုထားပြီး တင်ပေးနေဖို့ ကျွန်တော်တို့ အကြံပြုခဲ့တယ်။ ဒါကနိုင်ငံတကာကိုရောက်မလားဆိုတော့ ရောက်နိုင်တဲ့နည်းက နိုင်ငံ တကာမီဒီယာတွေကိုလည်း ရန်သူလိုသဘောမထားဘဲ သတင်းအမှန်ဖြစ်ပါတယ် ဆိုတဲ့ ပုံစံမျိုးဖြန့်ပေးဖို့လိုတယ်။ အဖြစ်အပျက်တစ်ခုဖြစ်ပြီဆိုတာနဲ့ အစိုးရပိုင်း က အရေးကြီးတဲ့ တာဝန်ရှိပုဂ္ဂိုလ်က ချက်ချင်းထွက်ပြီး ပြောပြနိုင်ရမယ်။ ကျွန်တော်တို့ ပြောပြတာထက်စာရင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်လို လူမျိုးကပြောရင် ပိုထိရောက်တယ်။

ဦးကျော်မင်းဆွေ ((The Voice  အယ်ဒီတာချုပ်)

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

လက်ရှိရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ အရေးကိစ္စနဲ့ပတ်သက်ပြီး မီဒီယာ တွေကဘယ်လို ဝိုင်းပြီးကူညီမလဲ၊ နိုင်ငံတကာမှာပုံဖျက်ပြီး သတင်းအမှားတွေ တင်နေတဲ့ကိစ္စတွေ၊ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်နေတဲ့ ကိစ္စတွေကို မီဒီယာ နည်းနဲ့ ဘယ်လိုပြန်ပြီးတုံ့ပြန်ကြမလဲဆိုတာတွေကို အဓိကထားပြီးဆွေးနွေး ကြတယ်။ အားလုံကဝိုင်းပြီးတော့ အကြံပေးကြတာပါ။ မီဒီယာတွေအနေနဲ့ ပြန်လည်ပြီး တုံ့ပြန်နိုင်ဖို့အတွက် စုဖွဲ့ထားတဲ့ မီဒီယာစင်တာတစ်ခုပေါ်ဖို့ အများစုကဆွေးနွေးကြတာရှိတယ်။ နောက်တစ်ခုက အမှားဖြစ်နေတဲ့သတင်း တွေကို သတင်းအမှန်နဲ့ပြန်ပြီးတုံ့ပြန်ကြဖို့၊ တကယ်မြေပြင်မှာဖြစ်နေတဲ့ သတင်းတွေနဲ့ တုံ့ပြန်ဖို့ ၊ တုံ့ပြန်တဲ့အခါမှာလည်း နိုင်ငံတကာမီဒီယာတွေအတွက် ဘယ်လိုနည်းလမ်း၊ ဒေသတွင်းနဲ့ ပြည်တွင်းအတွက် ဘယ်လိုနည်းစတဲ့ နည်းလမ်းတွေကို ဆွေးနွေးတာရှိတယ်။ နောက်တစ်ချက်ကတော့ တုံ့ပြန်တဲ့အခါမှာ သတင်းရယူခွင့်ပေါ့။ မြေပြင် မှာ ဖြစ်နေတဲ့ ပကတိ အခြေအနေမှန်ကိုသိဖို့ အဲဒီနေရာကိုသွားပြီး သတင်းရယူ တဲ့အခါမှာ အခက်အခဲမရှိဖို့၊ အဆင်ပြေပြေ သတင်းရယူခွင့်ရှိဖို့၊ သတင်းသမား တွေရဲ့ လုံခြုံရေးအတွက်ကိုလည်း သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူတွေက အကာအကွယ်ပေးနိုင်ဖို့အတွက်ကိုလည်း ဆွေးနွေးကြတယ်။ သတင်းအမှန်သိမှ ဒီသတင်းအမှန်နဲ့ ခြေခြေမြစ်မြစ် ပိုင်ပိုင်နိုင်နိုင်ပြန်ပြီးတော့ ချေပတုံ့ပြန်လို့ ရမှာပါ။ နောက်ထပ် အရေးကြီးတဲ့ တစ်ချက်ကတော့ ပြန်ကြားရေးဝန်ကြီးဌာနက ကမကထပြုပြီး ဒီပွဲကိုစီစဉ်တာ အင်မတန်ကောင်းတဲ့အချက်ပါ။ မြန်မာနိုင်ငံ နဲ့ပတ်သက်ပြီး နိုင်ငံတကာက ထိထိရောက်ရောက် လုပ်နေတဲ့ အချိန်မျိုးမှာ ကျွန်တော်တို့က တုံ့ပြန်တာနည်းနည်းလေး အထနှေးတာမျိုး ရှိပေမယ့် အခု အချိန်မီသေးတယ်လို့ပြောရမှာပါ။ ကျွန်တော်ကတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အနေအထားပေါ်မူတည်ပြီး နိုင်ငံတကာကို တုံ့ပြန်တဲ့နည်းလမ်းတွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဥပမာတွေနဲ့ ထောက်ပြပြီးတင်ပြဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံမေးမြန်း-ရဲခေါင်ညွန့်၊ ဇော်ကြီး(ပဏီတ)၊ဓာတ်ပုံ-ရဲထွဋ်

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More