ဒီဖက်ရွာမှာ တိုက်ပွဲဖြစ်ပြီး လူတွေ ပြေးနေ-လွှားနေရပေမယ့် ဟိုဖက်ရွာမှာ အလှူပွဲ၊ ဇတ်ပွဲ မလုပ်မပျက်ဘူး...
ဟိုဖက်မြို့မှာ တိုက်ပွဲဖြစ်နေပေမယ့် ဒီဖက်မြို့က တော်လှန်ရေးတပ်တွေက အေးဆေးပဲ...၊ စစ်ရေးပြင်ဖို့ထက် နေ့စဉ်ပုံမှန်အလုပ်တွေနဲ့သာ အသားကျနေတယ်... ဆိုတဲ့ ဝေဖန်သံတွေ အခုတလော ကြားနေရပါတယ်။
ဆိုတော့ လူတွေဟာ တနိုင်ငံလုံးကိစ္စကို မစဉ်းစားပဲ ကိုယ့်မြို့- ကိုယ့်ရွာ ဗဟိုပြုစဉ်းစားတာတွေများလာနေသလား...
တခြားနယ်မှာ ဘာဖြစ်ဖြစ် ကိုယ့်အုပ်ချုပ်ရေးဒေသလေး တည်ငြိမ်နေရင် အိုကေ- ဆိုတဲ့သဘောလား...
၁၉၉၅ ဝန်းကျင် လက်နက်ကိုင်တော်လှန်ရေးကာလအတွင်း ကြုံခဲ့ဖူးတဲ့ အလားတူ ဖြစ်စဉ်တခုကို ပြန်သတိရမိပါတယ်။
၁၉၉၅ ဇန်နဝါရီမှာ မာနယ်ပလောစခန်းကျတော့ ဒီဖက် တပ်မဟာ ၆၊ တပ်မဟာ ၄ တို့ဖက်မှာ ဘာမှမဖြစ်သလို အေးဆေးပဲ။ တနိုင်ငံလုံး- ဒေသတခုလုံးဆိုင်ရာကိစ္စတွေကို မစဉ်းစားအားပဲ ကိုယ့်ဒေသက နေ့စဉ်အလုပ်တွေနဲ့ အလုပ်ရှုပ်နေကြတာတွေ့ရပါတယ်။
“ငါတို့မှာ မာနယ်ပလောတွေ အများကြီးရှိတယ်” လို့ ပြောတဲ့လူလည်း ရှိပါတယ်။ ပြောက်ကျားစစ်ဆိုတာ ဒီလိုပဲ၊ ခံစစ်သေမထားပဲ လှုပ်ရှားစစ်ကြောင်းတွေနဲ့ ရန်သူကို ချေမှုန်းရမယ်... ဒီလိုပြောသူတွေလည်း ရှိပါတယ်။
ဒီလိုနဲ့ ABSDF ပြန်လည်ပေါင်းစည်းရေးညီလာခံကို ၁၉၉၆ စက်တင်ဘာမှာ တပ်မဟာ ၆၊ ထီးကပလယ်စခန်းမှာ ကျင်းပခဲ့ပါတယ်။ မာနယ်ပလောကနေ ခွာလိုက်ရပေမယ့် တပ်မဟာ ၆ နဲ့ မယ်ကော့မိုင်ဖက်မှာ အခြေအနေက ပုံမှန်အနေအထားရှိနေဆဲ။
တပ်မဟာ ၆ မှာတောင် ပုံမှန်အနေအထားဆိုတော့ တပ်မဟာ ၄ ဆို အဝေးကြီး၊ မာနယ်ပလောက ဖားပွန်-ဖားအံဆိုရင် တပ်မဟာ ၄ က ထားဝယ်ဆိုတော့ မိုင် ၃၀၀ ကျော်ဝေးတာဆိုတော့ အေးဆေး...
၁၉၉၇ ဖေဖေါ်ဝါရီမှာ နီဒိုနီထော ပွဲတော်ကြီးကိုတောင် ပုံမှန်အခြေအနေတိုင်း ကျင်းပးလို့ကောင်းတုန်း...။
---
ဒါက အဲဒီကာလက ကိုယ်တွေရှိနေတဲ့ ကရင်ဒေသတခုတည်းကို ပြောကြည့်တာ...
တနိုင်ငံလုံးအခြေအနေကိုကြည့်မယ်ဆိုရင်...
ရှမ်းမြောက်က အူးလေးဒေဆိုရင် ၁၉၉၀ လောက်ကတည်းက အပစ်ရပ်ပြီး ၀ ဒေသ၊ မိုင်းလားဒေသတွေမှာ မြို့ပြတွေ တည်ဆောက်နေကြတာမျိုး...
အခုလည်း ရှမ်းမြောက်က အရင်ဆုံး ငြိမ်သွားတာပါပဲ...။
တနိုင်ငံလုံးအခြေအနေကို ဘယ်သူတွေ စဉ်းစားနေကြသလဲ...
တနိုင်ငံလုံးအခြေနေ မကောင်းရင် ပြည်နယ်တခုချင်း- ဒေသတခုချင်း အခြေနေ မကောင်းနိုင်ဘူးဆိုပြီး ပြောနေကြပေမယ့် လက်တွေ့မှာတော့ အားလုံးက ရွာသူကြီးဘဝနဲ့ စခန်းသွားနေချင်ကြတာမျိုး...
ဆိုတော့ကာ...
ဟောဒီမှာ... ၁၉၉၇၊ ဖေဖေါ်ဝါရီတုန်းက ဖြစ်စဉ်လေးတခုကို တင်ပြချင်ပါတယ်...
---
(သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး Ebook စာမျက်နှာ ၆၀၇ မှ ကောက်နုတ်ဖေါ်ပြချက်)
(၁) မင်းသမီးစခန်း ခွာစစ်အတွက် ပြင်ဆင်ဖို့လိုအပ်လာခြင်း...
ကျနော့်ဘဝမှာ ခဏတာလို့ထင်ခဲ့ပြီး တသက်စာဖြစ်သွားတဲ့ အဖြစ်ပျက်တွေ သိပ်မနည်းလှတော့ပါဘူး။ အဲဒီထဲမှာ မင်းသမီးစခန်း ခွာစစ်လည်း တခုအပါဝင်ဖြစ်ပါတယ်။
စစ်ရေးအခြေနေအရ ဒီစခန်းကနေ တခဏတာ ခွာစစ်ဆင်မယ်၊ အခြေနေပေးရင် နဝတ-တပ်တွေ ပြန်ဆုတ်ပြီးတဲ့နောက် ဒီဒေသဆီ ငါတို့တပ်တွေ ပြန်လာမယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ ခွာလိုက်တာပါ။
ဒါပေမယ့် ၂၈ နှစ်ကြာသွားခဲ့ပါတယ် (၂၀၂၅ ခုနှစ် မေလမှာ ထီးထ- ထီးခီးစခန်းတွေကို တော်လှန်ရေးတပ်တွေက ပြန်သိမ်းနိုင်ခဲ့ပါတယ်)
ကျနော် ရောက်ဖူးခဲ့တဲ့ ဗဟိုဖက်က စခန်းတွေအားလုံးနီးပါးဟာ မင်းသမီးစခန်းလောက် ဆယ်နှစ်-ဆယ်မိုး နေရာမရွှေ့ပဲ တနေရာတည်းမှာနေတဲ့ ကျောင်းသားစခန်း မရှိခဲ့ဖူးပါ။
ဘုရားသုံးဆူနဲ့ သေဘောဘိုးအပါဝင် နာမည်ကြီး ကျောင်းသားစခန်းတွေဟာ ၁၉၉၀ ဝန်းကျင်ကတည်းက နဝတရဲ့ ထိုးစစ်ကြောင့် နေရာရွေ့ပြောင်းခဲ့ကြရပါတယ်။
တခါ ဒေါင်းခွင်ဌာနချုပ်၊ သေလောထာဌာနချုပ်အပါဝင် သောင်ရင်းနဲ့ သံလွင်မြစ် တကျောက ကျောင်းသားစခန်းတွေဟာလည်း ၁၉၉၄ နှောင်းပိုင်း KNU ဌာနချုပ် မာနယ်ပုလောစခန်း ကျပြီးနောက် တပြုံလုံး နေရာပြောင်းခဲ့ကြရပါတယ်။
သူများစခန်းတွေ အဲဒီလိုပြောင်းနေချိန်မှာ ကျနောတို့ မင်းသမီးစခန်းက အိန္ဒြေမပျက်၊ အမှုမဲ့အမှတ်မဲ့၊ ကိုယ်နဲ့မဆိုင်သလို နေလို့ထိုင်လို့ကောင်းတုန်း။
တောထဲမှာတုန်းက ကျနော်မေးမြန်းခွင့်ရခဲ့တဲ့ KNU ခေါင်းဆောင်ပိုင်းရဲ့ အပြောတိုင်းဆိုရင် ၁၉၇၀-ဝန်းကျင် မင်းသမီးဒေသမှာ သူတို့စခန်းဆောက်ကတည်းက မြန်မာအစိုးရ အဆက်ဆက် တပ်တွေ တခါမှ ထိုးစစ်မဆင်ဖူးဘူးလို့ သိရပါတယ်။
၁၉၈၀-ဝန်းကျင်က လေယဉ်နဲ့တခါ ဗုံးလာကြဲခဲ့ဖူးပေမယ့် ကြက်-ဘဲ တဒါဇင်လောက် သေတာကလွဲပြီး ဘာမှထိခိုက်ပျက်စီးမှု မရှိခဲ့ဖူးဘူးလို့ဆိုပါတယ်။
ဗဟိုဘက်က စခန်းတွေလို ရန်သူထိုးစစ် ခဏခဏ ခံရဖူးတဲ့ အတွေ့အကြုံ မရှိတာကြောင့်လည်း အခုလို ခဏတာ ခွာစစ်ဟာ နှစ် ၃၀ လောက်ကြာသွားလားလို့လည်း ကျနော် စဉ်းစားနေမိပါတယ်။
---







0 comments:
Post a Comment