Sunday, December 14, 2014

ကျောက်မီးသွေးစက်ရုံကို ထားဝယ်ဒေသခံတွေ ဆန္ဒပြ

ရမ္မဇူကျောက်မီးသွေးစက်ရုံစီမံကိန်း ထောက်ခံအဖွဲ့ ပေါ်လာ၍ ကန့်ကွက်အုပ်စုဆန္ဒပြ
|Dawei Watch| ထားဝယ်၊ ဒီဇင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ရမ္မဇူဒေသတွင် တည်ဆောက်မည့် ၅၀၀ မဂ္ဂါဝပ် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ စီမံကိန်း ထောက်ခံသည့်အဖွဲ့ပေါ်လာသည့်အတွက် ကန့်ကွက်သူများက လူအင်အား ၅၀၀ ခန့်ဖြင့် ဒီဇင်ဘာလ ၁၄ ရက်နေ့က လောင်းလုံးမြို့နယ် သကျက်တောကျေးရွာတွင် ဆန္ဒပြခဲ့ကြသည်။

နိုဝင်ဘာလ ၉ ရက်နေ့က ကျောက်မီးသွေးစက်ရုံစီမံကိန်းနှင့်ပက်သက်၍ သကျက်တောကျေးရွာတွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ် ပြည်သူလူထုနှင့် ညှိနှိုင်းဆွေးနွေးပွဲတွင် ဒေသခံများက စီမံကိန်းကို လက်မခံဟု ပြောဆိုခဲ့ပြီး နောက်ပိုင်းတွင် စီမံကိန်းထောက်ခံသည့်ဒေသခံများက ထောက်ခံကြောင်း လက်မှတ်စုဆောင်းကာ သက်ဆိုင်ရာဌာနများကို တင်ပြနေသည်ဟု သတင်းထွက်ပေါ်နေသည့်အတွက် ဆန္ဒပြရခြင်းဖြစ်ကြောင်း ဦးဆောင်သူတစ်ဦးဖြစ်သည့် သကျက်တောကျေးရွာမှ ဒေါ်သီတာမိုးက ပြောသည်။
“အစကတော့ ဆန္ဒပြဖို့အထိ အစီအစဉ် မရှိပါဘူး။ ၀န်ကြီးတွေ လာတုန်းကလည်း မလိုချင်ဘူးလို့ ပြောထားတယ်။ ဒီလိုပြောထားရင်းတန်းလန်းက ရွာထဲမှာ စီမံကိန်းလိုတဲ့လူတစ်စုက လက်မှတ်တွေလိုက်ကောက်ပြီး တင်ထားတယ်လို့ ကြားတယ်။ ဘယ်ကိုတင်လဲတော့ မသိဘူး။ ဒါကြောင့် ကျွန်မတို့ကလည်း မလိုဘူးဆိုတဲ့အကြောင်း ဆန္ဒပြတာပါ” ဟု ဒေါ်သီတာမိုးက ဆိုသည်။
သကျက်တောကျေးရွာနှင့် ငါးမိုင်ခန့်ကွာဝေးသည့် ရမ္မဇူဒေသတွင် ဆောက်လုပ်မည့် ကျောက်မီးသွေးစီမံကိန်းသည် ဒေသခံများ၏ ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေနိုင်မည့်အပြင် ဘေးထွက်ဆိုးကျိုးများကာ ရေအရင်းအမြစ်၊ ပတ်ဝန်းကျင်နှင့် တောတောင်ရေမြေများ ပျက်စီးမည်ကို စိုးရိမ်သည့်အတွက် စီမံကိန်းကို လက်မခံနိုင်ခြင်းဖြစ်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးဝင်းလွင်က ပြောသည်။
ကျောက်မီးသွေးစက်ရုံကို ထောက်ခံကြောင်း လက်မှတ်ကောက်ယူရာတွင် သကျက်တောကျေးရွာအုပ်ချုပ်ရေးမှူးက ဦးဆောင်နေပြီး မည့်သည့်အတွက် လက်မှတ်ကောက်ခံသည်ကို ပြောပြခြင်းမရှိသည့်အပြင် အိမ်ထောင်စုစာရင်းတွင် ရှိသူအားလုံး၏ နာမည်ကိုယူကာ လက်မှတ်များကို ကောက်ခံသူများ ကိုယ်တိုင်ထိုးကြသည်ဟု ဦးဝင်းလွင်က ဝေဖန်ပြောဆိုသည်။

“ထောက်ခံလက်မှတ်ကို အုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီးလုပ်နေတယ်ဆိုတာက သက်သက်စွပ်စွဲပြီး ပြောတာပါ။ အုပ်ချုပ်ရေးမှူးတယောက်အနေနဲ့ သမာသမတ်ကျကျ အလယ်မှာပဲ နေပါတယ်။ စီမံကိန်းကို ကန့်လည်းမကန့်ကွက်ဘူး ထောက်လည်း မထောက်ခံဘူး။ အများဆန္ဒသဘောထားအတိုင်းပဲ လုပ်ရမှာပါ” ဟု သကျက်တောကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးထူးက ပြောသည်။
ကျေးရွာတွင် ထောက်ခံသူများရော ကန့်ကွက်သူများပါ ဒေသခံများ၏ သဘောထားလက်မှတ်များကို ကောက်ယူလျက်ရှိပြီး ထောက်ခံလက်မှတ်ကောက်သူများက ၎င်းထံသို့ လာရောက်အကြောင်းကြားထားသော်လည်း ကန့်ကွက်သူများကမူ တစ်စုံတစ်ရာ လာရောက်အကြောင်းကြားထားခြင်းမရှိဟု အုပ်ချုပ်ရေးမှူးက ပြောသည်။
“လက်မှတ်ထိုးခိုင်းတဲ့အဖွဲ့က သဘောတူလားမေးတော့ သဘောတူလို့ လက်မှတ်ထိုးပေးလိုက်ပါတယ်။ ကိုယ့်ဆန္ဒအရ ထိုးလိုက်တာပါ။ ဘာမှမပြောပဲ ထိုးခိုင်းတာမျိုးတော့ မဟုတ်ပါဘူး”ဟု ထောက်ခံ လက်မှတ်ထိုးခဲ့သူတစ်ဦး ဖြစ်သည့် သကျက်တောကျေးရွာမှ  ဦးစံရီက ဆိုသည်။
ရမ္မဇူကျောက်မီးသွေးစီမံကိန်းကို ထောက်ခံကြောင်းကို ဒေသခံ ၇၀၀ ကျော်၏ လက်မှတ်များဖြင့် တင်ပြထားသည်ဟု ကြားသော်လည်း မည်သည့်ဌာနထံသို့တင်ပြထားသည်ကိုမူ ၎င်းအနေဖြင့် မသိဟု ဦးစံရီက ရှင်းပြသည်။
စီမံကိန်းထောက်ခံသူများက ထောက်ခံကြောင်း တင်ပြထားသည့်အတွက် ကန့်ကွက်သူများဘက်ကလည်း ကန့်ကွက်ကြောင်း လက်မှတ်များကို စုဆောင်းလျက်ရှိပြီး လက်ရှိအချိန်အထိ လက်မှတ် ၂၄၀၀ ကျော်ရနေပြီဖြစ်ကာ ယခုဒီဇင်ဘာလအတွင်း စီမံကိန်းနှင့်သက်ဆိုင်သည့် ဌာနဆိုင်ရာများအားလုံးကို တင်ပြသွားမည်ဟု ဦးဝင်းလွင်က ပြောသည်။
ရမ္မဇူဒေသတွင် တည်ဆောက်မည့် ကျောက်မီးသွေး အပူစွမ်းအင်သုံး ရေနွေးငွေ့လျှပ်စစ်ဓာတ်အားပေးစီမံကိန်းကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ 24 Hour Mining and Industry Company Limited ၊ ကိုးရီးယားနိုင်ငံမှ Truben Investment ကုမ္ပဏီနှင့် စင်င်္ကာပူနိုင်ငံမှ Global Power Generation Limited တို့ က ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်းစနစ်ဖြင့် အကောင်အထည်ဖော်မည်ဖြစ်ပြီး စက်ရုံ၏ ပုံမှန်သက်တမ်းမှာ နှစ် ၃၀ ဖြစ်ကြောင်း စီမံကိန်းအချက်အလက် များအရ သိရသည်။

Dawei Watch

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More