PR (Permanent Resident) အမြဲတမ်း နေထိုင်ခွင့် လျှောက်လွှာတွေ ဒီဇင်ဘာလ ၅ ရက်နေ့မှာ စတင်လက်ခံတော့မယ်လို့ ကြားရတော့ အတော်ဝမ်းသာမိပါတယ်။ ဘာကြောင့်လဲဆိုရင် ၂၈ ရက် ဆိုရှယ်ဗီဇာနဲ့ ခဏခဏ သွားနေရတာ ခရီးစရိတ်လည်းကုန်၊ အလုပ်လည်းပျက်၊ မြန်မာနိုင်ငံမှာလည်း ကြာကြာနေခွင့်မရတော့ သိပ်အလုပ် မဖြစ်။ အခုလို PR သာရမယ်ဆိုရင် မြန်မာနိုင်ငံမှာ နှစ်နဲ့ချီ နေခွင့်ရမယ် မဟုတ်ပါလား။
ဒါက ကျွန်တော်အပါအဝင် နိုင်ငံရေး အခြေအနေ အမျိုးမျိုးကြောင့် တတိယနိုင်ငံတွေဆီ ရောက်သွားတဲ့ တောခိုကျောင်းသားဟောင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်း၊ စစ်ပြေး ဒုက္ခသည်ဟောင်းတွရဲ့ စိတ်ကူးယဉ်မှုပါ။ ဒါပေမဲ့ လဝကဝန်ကြီး ဦးခင်ရီတို့အဖွဲ့က ထုတ်ပြန်ထားတဲ့ PR ဥပဒေ ဆိုတာကို အသေအချာ ဖတ်ကြည့်တော့ ကျွန်တော်တို့ စိတ်ကူးယဉ်ထားသလို မဟုတ်။
များလိုက်တဲ့ ဥပဒေတွေဗျာ။ စာမျက်နှာ ၈၀ တိတိ ရှိပါတယ်။ ဥပဒေစကားလုံးတွေ၊ ဥပဒေ လုပ်ထုံးလုပ်နည်းတွေဟာ ရှည်လျား ထွေပြားလေ့ ရှိတယ်ဆိုပေမယ့် ဒီလောက်အထိ ရှည်-ရှုပ် ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ပါ။ ကြိုးစားပြီး ဖတ်ပေမယ့် အစ-အဆုံး မဖတ်နိုင်ခဲ့ပါဘူး။
ဒါပေမဲ့ မဖတ်လို့မဖြစ်။ ဒီဥပဒေကို နားလည်မှ PR လျှောက်လို့ရမယ်။ PR ရမှ မြန်မာနိုင်ငံမှာ ငါးနှစ်နေခွင့်ရမယ်။ နို့မို့ရင် ပြီးခဲ့တဲ့နှစ်က ပြန်လည်သလို ၂၈ ရက်ထက်ပိုပြီး ဘယ်နေခွင့်ရပါ့မလဲ။ ဒီတော့ စာမျက်နှာ ၈၀ စလုံးကို ခြုံမိအောင်၊ တစ်နည်းအားဖြင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု လုပ်မယ့် နိုင်ငံခြားသားနဲ့ တတ်သိပညာရှင်အတွက် လျှောက်လွှာ ဆိုတာကို ရှောင်ပြီး အဲဒီ နှစ်ခုစလုံးနဲ့ မဆိုင်တဲ့ သာမန် မြန်မာနိုင်ငံသားဟောင်း အပိုင်းတစ်ခုတည်းကို ရွေးဖတ်လိုက်ပါတယ်။
PR လျှောက်ဖို့ ဘာအရည်အချင်းတွေလိုသလဲ
ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံမှုလုပ်မယ့် နိုင်ငံခြားသား၊ သာမန် မြန်မာနိုင်ငံသားဟောင်း သုံးမျိုးစလုံးဟာ PR လျှောက်ခွင့်ရဖို့ အတွက် ပထမဆုံး အမြဲတမ်း နေထိုင်ခွင့်မဟုတ်တဲ့ ဗီဇာနဲ့ မြန်မာနိုင်ငံအတွင်း တစ်နှစ် နေထိုင်ပြီးသား ဖြစ်ဖို့လိုတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီ တစ်နှစ်နေခွင့်ဗီဇာကို ဘယ်လိုလျှောက်ရမလဲ။ လုပ်ထုံးလုပ်နည်းက ဘယ်လိုလဲ ဆိုတာကိုတော့ ဒီဥပဒေထဲမှာရော၊ နောက်ဆက်တွဲမှာပါ ရှင်းပြထားခြင်း မရှိပါ။
မြန်မာနိုင်ငံ ပြန်ချင်တဲ့ မြန်မာနိုင်ငံသား ဟောင်းတွေကြားမှာတော့ PR တွေ၊ တစ်နှစ်နေခွင့် ဗီဇာတွေက ဘယ်နားနေမှန်း မသိသေး။ အရင်ကပေးနေကျ ဆိုရှယ်ဗီဇာကိုတောင် မပေးတော့ဘူးဆိုပြီး သံရုံးတွေက ငြင်းနေလို့ မြန်မာပြည် ခဏပြန်လည်ဖို့ အရေးတောင် ဒုက္ခ ရောက်နေကြပါတယ်။ ဆိုလိုတာက တစ်ဖက်မှာ ၅ နှစ်အထိ နေနိုင်တဲ့ PR ပေးမယ် ဆိုပြီးပြောနေပေမယ့် လက်တွေ့မှာတော့ အရင်ပေးနေကျ ၂၈ ရက် ဗီဇာတောင် မသေချာဘဲ ဖြစ်နေပါတယ်။
ထားတော့။ ဒီလို မရှင်းတဲ့အချက်ကို ပွဲစားနဲ့ဖြစ်ဖြစ်၊ တခြားမြန်မာ့နည်း မြန်မာ့ဟန်နဲ့ဖြစ်ဖြစ် ကျော်နိုင်ပြီး မြန်မာနိုင်ငံအတွင်း တစ်နှစ်နေထိုင်ခွင့် ဗီဇာကို ရအောင်လုပ်နိုင်ပြီဆိုရင် အောက်ပါ အရည်အချင်းတွေ ပြည့်စုံအောင် ထပ်လုပ်ဖို့ လိုပြန်ပါတယ်။
နိုင်ငံတော် ရေရှည်အကျိုးစီးပွားအတွက် အထောက်အကူ ပြုနိုင်သူ၊ မြန်မာနိုင်ငံမှာ နေထိုင်စဉ်အတွင်း စားသောက်နေထိုင်ဖို့ ငွေကြေး လုံလောက်သူ၊ သို့မဟုတ် မြန်မာနိုင်ငံသား တစ်ဦးဦးက စားသောက်ရေးအတွက် အာမခံ တင်ပြနိုင်သူ၊ ဝင်ငွေရသော အလုပ်လုပ်ပါက အခွန်ဆောင်နိုင်သူ ဖြစ်ရမယ်လို့ ဆိုပါတယ်။ ဒါက သိပ်ပြဿနာ မရှိပါ။ ကိုယ့်အိမ်ကိုယ် ပြန်နေမှာဆိုတော့ ကိုယ့်မှာ ငွေမပါလည်း မိဘဆွေမျိုးတွေက ကျွေးမှာပေါ့။ အလုပ်မရှိသေးသူကို အစိုးရက ထောက်ပံ့ကြေး ပေးရတဲ့ (Welfare) လူမှုဖူလုံရေးစနစ်မှ မြန်မာနိုင်ငံမှာ မရှိသေးတာ။ အစိုးရက ကျွန်တော်တို့ စားဝတ်နေရေးအတွက် ဘာပူစရာလိုလို့လဲ။
ဒီလို ရှိရမယ်ဆိုတဲ့ အချက်တွေအပြင် မရှိရဘူးဆိုတဲ့ သတ်မှတ်ချက် ၃ ခုလည်း ပါပါသေးတယ်။ PR လျှောက်လွှာတင်သူဟာ အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်အဖြစ် သတ်မှတ်ခြင်း ခံထားရသူ မဟုတ်ခြင်း၊ နိုင်ငံတစ်ခုခုမှာ နိုင်ငံရေး ခိုလှုံခွင့် ရရှိနေထိုင်သူ မဟုတ်ခြင်း၊ ပြည်တွင်း၊ ပြည်ပနိုင်ငံ ပြစ်မှုမှတ်တမ်းတွင် စာရင်းဝင်သူ မဟုတ်ခြင်းတဲ့။ ပြစ်မှုကတော့ ထားလိုက်တော့။ ပြစ်မှုရှိရင် သက်ဆိုင်ရာနိုင်ငံရဲ့ အကျဉ်းထောင်ထဲ ရောက်နေမှာပေါ့။ မြန်မာနိုင်ငံဆီ ဘယ်လာနိုင်ပါ့မလဲ။
ဒါပေမဲ့ ဒုက္ခသည်နဲ့ နိုင်ငံရေး ခိုလှုံခွင့်ဆိုတာက သိပ်မရှင်းပါ။ အခု PR လျှောက်တဲ့အချိန်မှာ အဲဒီနှစ်ခုနဲ့ နေထိုင်သူ မဟုတ်ရဘူးလို့ ဆိုလိုတာလား။ ဒါမှမဟုတ် အဲဒီနှစ်ခု ဖြစ်ခဲ့ဖူးသူတွေကို PR မပေးဘူးလို့ ဆိုလိုတာလား။ အဲဒီနှစ်ခု ကိုင်ဖူးသူတွေကို PR မပေးဘူးဆိုရင်တော့ ဒီဥပဒေ တစ်ခုလုံးကို မေ့ထားလိုက်တော့။ ဘာကြောင့်လဲဆိုရင် အခုပြန်လာမယ့် မြန်မာနိုင်ငံသားဟောင်း အားလုံးဟာ အဲဒီနှစ်ခုကို ကာလတစ်ခုအထိ ကိုင်ခဲ့ဖူးသူချည်း ဖြစ်လို့ပါ။ အခုချိန်မှာ အဲဒီနှစ်ခု ကိုင်ထားသူမဖြစ် စေရဆိုရင်လည်း ဥပဒေထဲ ထည့်စရာမလိုပါ။ ဘာကြောင့်လဲဆိုရင် အဲဒီ လက်မှတ်တွေ ကိုင်ထားဆဲလူက မြန်မာနိုင်ငံဆီ ပြန်ခွင့် မရှိလို့ပါ။
ဒေါ်လာ ၅၀၀ အရင်ပေးပါ။ အောင်ရင် တစ်နှစ် ၅၀၀ စီထပ်ပေးပါ
ဒီလို သတ်မှတ် အရည်အချင်းတွေနဲ့ ပြည့်စုံပြီ ဆိုရင်တော့ အမေရိကန် ဒေါ်လာ ၅၀၀ ပေးပြီး လျှောက်လွှာ တင်လို့ရပါပြီ။ အဲဒီ ၅၀၀ ဟာ ဗီဇာ လျှောက်သလိုပဲ လျှောက်လွှာ အောင်အောင် မအောင်အောင် ပြန်မရနိုင်တော့တဲ့ ၅၀၀ ဖြစ်ပါတယ်။ အဲဒီလျှောက်လွှာကို စစ်ဆေးပြီးလို့ အိုကေ ပြတယ်ဆိုရင် အောင်မယ်။ အောင်မှ ၅ နှစ်စာနေထိုင်ခွင့် PR ကတ်ပြားကို တစ်ခါ ထပ်လျှောက်ရပါဦးမယ်။
အဲဒီ PR လက်မှတ်အတွက်က နိုင်ငံခြားသားဆိုရင် ဒေါ်လာ ၁၀၀၀၊ မြန်မာနိုင်ငံသား ဟောင်းဆိုရင် ၅၀၀ ထပ်ပေးရပါမယ်။ ဒါဟာ တစ်နှစ်စာ အတွက်ဖြစ်ပြီး တစ်နှစ်ပြည့်တဲ့ အခါတိုင်းမှာ နောက်ထပ် တစ်နှစ်စီကို အလားတူ ဒေါ်လာ ၁၀၀၀၊ ၅၀၀ စီပေးပြီး အချိန်မီ ထပ်တိုးရမှာ ဖြစ်ပါတယ်။ ဒီလို ဒေါ်လာ ၅၀၀ ပေးရတာ ပြဿနာ မဟုတ်ပေမယ့် အဲဒီအဆင့်ထိ ရောက်အောင် အဆင့်ဆင့် လုပ်ရမယ့် လုပ်ငန်းစဉ်က မလွယ်ပါ။ ဒီကြားထဲ မြန်မာနိုင်ငံသား ဟောင်းဆိုရင် အရင်ကိုင်ခဲ့တဲ့ နိုင်ငံကူး လက်မှတ်နံပါတ်၊ ထွက်ခွာတဲ့ အပေါက်၊ ပြန်ဝင်တဲ့အပေါက်၊ ထွက်ခွာတဲ့ အကြောင်းရင်းတွေကိုပါ ဖြည့်ရဦးမယ်လို့ နောက်ဆက်တွဲ လျှောက်လွာ ပုံစံတစ်ခုထဲ တွေ့ရပြန်ပါတယ်။ စစ်အစိုးရကို မကြိုက်လို့ လက်နက်ကိုင် တော်လှန်ဖို့ တောခိုသွားပါတယ်ဆိုမှ ဘယ်လိုလုပ် နိုင်ငံကူး လက်မှတ်နံပါတ် ရှိပါ့မလဲ။ ဥပဒေပြုသူတွေကလည်း ပုံစံခွက် အပြင်ဘက် နည်းနည်းထွက်ပြီး စဉ်းစားဦးမှပေါ့။
ရပိုင်ခွင့်နဲ့ ကန့်သတ်ခွင့်ထဲမှာတော့ PR လက်မှတ်ရရင် စုပေါင်း အိမ်ရာ (ဝယ်ယူ) ပိုင်ဆိုင်ခွင့် ရှိပါတယ်။ ငါးနှစ်နေပြီးရင် မြန်မာနိုင်ငံသား လျှောက်ခွင့်ရှိပါတယ်။ ရပိုင်ခွင့်ဆိုလို့ ဒီနှစ်ချက်ပဲ တွေ့မိပါတယ်။ ကန့်သတ်ခွင့်ကတော့ အများကြီး။ PR ကိုင်ထားသူဟာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံပိုင်ခွင့် မရှိ၊ မဲပေးပိုင်ခွင့်မရှိ၊ အစိုးရဝန်ထမ်း လုပ်ပိုင်ခွင့်မရှိ။ အဲဒါတွေကို လုပ်မိလို့ဖြစ်စေ၊ နိုင်ငံရေး ပါတီတွေနဲ့ ဆက်စပ်မိရင်ဖြစ်စေ၊ ဘာသာရေး၊ လူမျိုးရေး ကိစ္စတွေထဲ ပါမိလို့ဖြစ်စေ၊ လျှောက်လွှာ စိစစ်ရေး ကော်မတီက အမြင်မကြည်ရင်ဖြစ်စေ PR ကို အချိန်မရွေး ပြန်ရုပ်သိမ်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဘယ်သူတွေလျှောက်ပြီး ဘယ်သူတွေ အောင်နိုင်ခြေရှိသလဲ
ဒါက ကျွန်တော်တို့လို တစ်ကိုယ်တော် ပြန်လာမယ့် မြန်မာနိုင်ငံသားဟောင်းတွေအတွက် အကျဉ်းရုံး တင်ပြချက်ပါ။ မိသားစုပါတယ်။ ကလေးတွေပါတယ်။ အမျိုးသမီး၊ အမျိုးသားက နိုင်ငံခြားသား ဖြစ်နေတယ်ဆိုရင် အလုပ်က ပိုရှုပ်ပါလိမ့်မယ်။ ဒါတွေအားလုံးကို အချိန်ကုန်၊ ငွေကုန်ခံပြီး အတော်လေး ကြိုးစားကျော်ဖြတ်ရမှာပါ။
ကျွန်တော့် စိတ်ထဲမှာတော့ လူအတော်များများဟာ PR ဥပဒေ စာမျက်နှာ ၈၀ ကိုဖတ်တဲ့ အဆင့်မှာတင် စိတ်ပျက်ပြီး တပ်ခေါက် သွားလိမ့်မယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဥရောပ၊ မြောက်အမေရိက၊ သြစတြေးလျတိုက်တွေရှိ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ အမြဲတမ်း နေထိုင်ခွင့်၊ နိုင်ငံသားဖြစ်ခွင့် လျှောက်တာတောင် ဒီလောက် ဥပဒေမများပါ။ ဒီလောက် တင်းကျပ်မှု မရှိပါ။ ဥပမာ-ကျွန်တော်ဆိုရင် နော်ဝေမှာ ခုနစ်နှစ် နေပြီးတဲ့နောက် နော်ဝေနိုင်ငံသား ဖြစ်သွားပေမယ့် ဒီလောက်များတဲ့ ဥပဒေတွေ၊ လျှောက်လွှာတွေ တစ်ခါမှ မဖတ်မိ၊ မတင်မိပါ။ အမြဲတမ်း နေထိုင်ခွင့်တို့၊ နိုင်ငံသားတို့ လျှောက်ချိန်က နှစ်မျက်နှာလား မသိဘူး။ အင်တာနက်ပေါ် ရေးထည့်လိုက်ရုံပါပဲ။ ကွန်ပျူတာစနစ်ထဲမှာ အားလုံးက ရှိပြီးသားဆိုတော့ ဘာမှလိမ်ညာပြီး လျှောက်လို့မရ။ ကွန်ပျူတာခလုတ် တစ်ချက် နှိပ်လိုက်ရုံနဲ့ ကိုယ်ပိုင် နံပါတ်လို့ မြန်မာတွေခေါ်ကြတဲ့ ၁၁ လုံးနံပါတ် အပါအဝင် ကိုယ်နဲ့ဆိုင်တဲ့ အချက်အလက် အားလုံးပေါ်လာပါလိမ့်မယ်။
ဒါပေမဲ့ လဝက ဝန်ကြီးဌာန အရာရှိတွေ အပြောအတိုင်း ဆိုရင်တော့ အခုထုတ်ပြန်လိုက်တဲ့ PR ဥပဒေဟာ ဥရောပ နိုင်ငံတွေကို လေ့လာပြီး ရေးဆွဲထားတယ်လို့ ဆိုပါတယ်။ ဘာကြောင့်များ အိမ်နီးချင်း နိုင်ငံတွေကို မလေ့လာဘဲ ဥရောပကိုမှ လေ့လာမိသလဲ မသိပါ။ ဥရောပဆိုတာ ဖွံ့ဖြိုးပြီး နိုင်ငံ။ အလုပ်မရှိသူတိုင်းကို အစိုးရက ထောက်ပံ့ကြေး ပေးထားရတဲ့ နိုင်ငံဆိုတော့ ဆင်းရဲတဲ့ နိုင်ငံကနေ ရောက်လာမယ့် သူတွေကို PR ပေးရေး၊ အမြဲတမ်း နေထိုင်ခွင့်ပေးရေးကို တင်းကျပ်ထားမှာပေါ့။
ဒါဖြင့် ဥရောပ နိုင်ငံတွေက သူတို့ နိုင်ငံသားဟောင်းတွေကို ဘယ်လို သဘောထားသလဲ။ နိုင်ငံသားဟောင်းတွေ ပြန်လက်ခံရေး ဥရောပမူကိုကော မြန်မာလဝကအဖွဲ့က လေ့လာဖြစ်ခဲ့ပါရဲ့လား။ ကျွန်တော်တို့လို ဆင်းရဲတဲ့ နိုင်ငံကနေ ဒုက္ခသည်အဖြစ် ရောက်လာသူတွေကိုတောင် နိုင်ငံသားအဖြစ် လက်ခံနေတဲ့ ဥရောပမှာ သူ့နိုင်ငံသားဟောင်းကို သူပြန်လက်ခံဖို့ အရေးမှာ မြန်မာအစိုးရလို တင်းကျပ်မှု အများကြီးတော့ မရှိလောက်ဘူး ထင်ပါတယ်။
ဒါက အခုထုတ်လိုက်တဲ့ PR ဥပဒေဟာ မြန်မာနိုင်ငံသားဟောင်းတွေကို ပြန်ခေါ်ချင်လို့ ထုတ်လိုက်တဲ့ ဥပဒေလို့ ယူဆပြီး ကျွန်တော်က လျှောက်ပြောနေတာပါ။ ဒါပေမဲ့ ကျွန်တော် မေးမြန်းခွင့်ရခဲ့တဲ့ ဥရောပနဲ့ မြောက်အမေရိကားရောက် မြန်မာနိုင်ငံသားဟောင်း အတော်များများကတော့ ဒီလိုမထင်ကြပါဘူး။
စီးပွားရေးလုပ်မယ့် နိုင်ငံခြားသားနဲ့ ပညာရှင်တွေ၊ တစ်ခါ မြန်မာနိုင်ငံသားဟောင်း ဆိုရင်လည်း အရင်အစိုးရဟောင်း အဆက်ဆက်က ဝန်ထမ်းဟောင်းတွေ၊ သူတို့နဲ့ မကင်းရာ မကင်းကြောင်း လူတွေကိုသာ ပြန်ခေါ်ချင်တာဖြစ်ပြီး တောခို ကျောင်းသားဟောင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်း၊ စစ်ပြေး ဒုက္ခသည်ဟောင်းတွေကို ပြန်ခေါ်ချင်တဲ့စိတ် အစိုးရမှာ မရှိဘူး။ အဲဒီစိတ်ရှိရင် ဥပဒေကို ဒီလို တင်းတင်းကျပ်ကျပ် လုပ်ထားမှာ မဟုတ်ဘူးလို့ ပြောကြပါတယ်။
ဆိုတော့ သူတို့စွပ်စွဲသလို လက်ရှိ အစိုးရသစ်က အဲဒီလို မျက်မှန်စိမ်း တပ်ထားဆဲလား။ PR လျှောက်လွှာ တင်သူတွေကို စိစစ်ရေးအဖွဲ့က တကယ်ပဲ တရားမျှတစွာနဲ့ တိုင်းပြည် အကျိုးကြည့်ပြီး လူသားချင်းစာနာ မှုတရားထားပြီး ဆုံးဖြတ်မှာလား။ မျက်မှန်စိမ်းတပ်ပြီး နိုင်ငံရေး အမြင်တွေနဲ့ ဆုံးဖြတ်မှာလား ဆိုတာက မေးခွန်းထုတ်စရာပါ။ ဒီနေရာမှာ ထည့်သွင်း စဉ်းစားသင့်တာက နိုင်ငံရေးတွေ၊ ဥပဒေတွေအပြင် လူသားချင်း စာနာမှု ဆိုတာပါ။ မြန်မာနိုင်ငံသားဟောင်းတွေ တိုင်းပြည်ကို ပြန်လာနေချင်တဲ့ အဓိကအချက်က စီးပွားရေး လုပ်ဖို့လည်း မဟုတ်။ နိုင်ငံရေး လုပ်ဖို့လည်းမဟုတ်။ မိဘဆွေမျိုး အသိုင်းအဝိုင်းနဲ့ ပြန်လာနေချင်လို့ တစ်ခုတည်းသာ ဖြစ်ပါတယ်။ ဒီအချက်ကို ဥပဒေပြုသူတွေ ထည့်သွင်း စဉ်းစားသင့်ပါတယ်။
အခုထုတ်ပြန်ထားတဲ့ စာမျက်နှာ ၈၀ ထဲမှာတော့ လူသားချင်းစာနာတဲ့ စကားလုံးမျိုး၊ အသုံးအနှုန်းမျိုး ကျွန်တော်တော့ မတွေးမိပါ။ အနှစ်ပြန်ချုပ် ရရင်တော့ အခုထုတ်လိုက်တဲ့ PR ဥပဒေဟာ ကျွန်တော်တို့လို နိုင်ငံရေးနဲ့ ဆက်စပ်ပြီး နိုင်ငံခြား ရောက်သွားသူတွေ ပြန်လာနိုင်ရေးအတွက် အလုပ်မဖြစ်နိုင်သေးပါ။ မြန်မာနိုင်ငံသားဟောင်းတွေကို တကယ်ပဲ ပြန်လာစေချင်တယ်ဆိုရင် လူသားချင်း စာနာတဲ့ရှုထောင့်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ရှုထောင့်တွေကနေ စဉ်းစားပြီး ဒီဥပဒေကို နည်းနည် ပြန်ပြင်သင့်ပါတယ်။
အဲဒီလို မဟုတ်ဘူး ဆိုရင်တော့ လူသားချင်း စာနာမှုရှိတဲ့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားတဲ့ အစိုးရတစ်ရပ် တက်လာတဲ့အထိ၊ တစ်နည်းအားဖြင့် ၂၀၁၅ ရွေးကောက်ပွဲအလွန် အစိုးရသစ်တစ်ရပ် ပေါ်လာတဲ့အထိ စောင့်ရကိန်း ရှိနေဆဲ ဖြစ်ပါတယ်။ ။
ထက်အောင်ကျော်
0 comments:
Post a Comment