Wednesday, March 7, 2012

စစ်ပွဲကြီးတွေ ပြီးတဲ့အခါ

ထက်အောင်ကျော် (၀၈-၀၃-၂၀၁၂)
(http://www.colourparliament.com ပါ ဆောင်းပါးကို ပြန်လည်ဖေါ်ပြခြင်းဖြစ်ပါသည်)

"မှောင်သောညတွေပြီးရင် တွေ့မယ် ငြိမ်းချမ်းသော ကမ္ဘာသစ်ကြီး...။ ဟေ့ တေးသံကြား တယ် တို့လူသားတွေ သဘောထားတွေပြောင်းကြ...။ ရန်ပွဲတွေရပ် ငြိမ်းချမ်းရေး ကို မြင်လား...။ တို့ လူသားတွေ ချစ်ခင်ကြဟေ့...။ စစ်မဖြစ်ရဘူး..."

တချိန်က နာမည်ကြီးခဲ့တဲ့ ကျော်ဟိန်းရဲ့ သီချင်းတပုဒ်ကို youtube ပေါ်ကနေ ကျနော်နား ထောင်နေတာပါ။

ဘာရယ်မဟုတ်ပါဘူး။ သူပုန်တွေနဲ့အစိုးရကြား ဆွေနွေးပွဲတွေလုပ်။ စစ်ရပ်စဲရေးစာ ချုပ်တွေချုပ်နေ တယ်ကြားလို့ "စစ်နဲ့ငြိမ်းချမ်းရေး" ဆိုပြီး Google Search မှာ ရိုက်ထည့်လိုက်ရာကနေ တဆင့်ပီးတဆင့် သွားရင်းနဲ့ ကျော်ဟိန်းသီချင်းဆီရောက် သွားတာပါ။

ကျနော်တို့နိုင်ငံမှာ တကယ်ဘဲ့စစ်ပွဲကြီးတွေရပ်တန့်နိုင်တော့မလား။ ကျော်ဟိန်းသီချင်းထဲက လို ငြိမ်း ချမ်းရေးကို တကယ်မြင်ရတော့မလား။ အဲဒီလို ငြိမ်းချမ်းရေးတကယ်ရပြီဆိုရင် ကျနော် ဘာကို ပထမ -ဦးစားပေးအလုပ်အဖြစ်ဆောင်ရွက်မလဲ
ဆိုပြီး စဉ်းစားနေမိပါတယ်။


ဘာတွေကို ဦးစားပေးဆွေးနွေးမလဲ

ဒီလိုစဉ်းစားဖို့ဖြစ်လာစေတဲ့နောက်ခံအကြောင်းရင်းကတော့ ABSDF ဗဟိုကနေ နော်ဝေး ရောက် တပ်ဖွဲ့ဝင်ဟောင်းတွေဆီပေးပို့လိုက်တဲ့ အီးမေးလ် တစောင်ကြောင့်ပါ။ အားလုံးသိပြီးဖြစ်တဲ့ အတိုင်း အရပ်သားတဖြစ်လဲ ဦးသိန်းစိန်အစိုးရလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအ ပါဝင် နယ်စပ်က လက်နက်ကိုင်ရော။ မကိုင်တဲ့အဖွဲ့တွေကိုပါ ဆက်တိုက်ဆွေးနွေးနေပါတယ်။

ဒီလို ဆွေးနွေးမဲ့စာရင်းထဲမှာ တချိန်က ကျနော်တို့ပါဝင်ခဲ့ဖူးတဲ့ ABSDF လဲပါဝင်နေပြီး မကြာခင် လူတွေ့ဆွေး နွေးမယ်လို့ "ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့" က သူတို့ဆီ တရားဝင်စာပို့ထား တယ်။ ဒီအတွက် ပြည်တွင်း-ပြည်ပရောက် ရဲဘော်ဟောင်းတွေရဲ့ သဘောထားအမြင်တွေကိုပေးပို့ကြ စေချင်တယ်ဆိုပြီး အဲဒီ အီးမေးလ်က တိုက်တွန်းထားပါတယ်။

ဒီလိုနဲ့ စနေ။ တနင်္ဂနွေမှာ မြန်မာတွေဆုံလေ့ရှိတဲ့ ဟိုလူ့မွေးနေ့ပွဲ။ ဒီလူ့ကလေး ကင်ပွန်းတပ်ပွဲ တွေကိုသွားပြီး ရေခဲပြင်ရောက် ရဲဘော်ဟောင်းတွေရဲ့သဘောထားကို ကျနော်တီးခေါက်ကြည့်ခဲ့ပါ တယ်။ ဒါပေမဲ့ တိကျတဲ့အကြံပြုချက်တခုခုမရခင်မှာ အခုတလော အွန်လိုင်းမှာရေပန်းစားနေတဲ့ မြောက်ပိုင်းအမှုက ၀င်ဝင်လာပြီး အာဂျင်ဒါ-ကို အဲဒီဖက် လုယူသွားလေ့ရှိပါတယ်။ ဒါကြောင့် ABSDF နဲ့ အစိုးရကိုယ်စားလှယ်တွေ ပထမ-အကြိမ် တွေဆုံမှုပြီး တဲ့အထိ ဘာအကြံပြုချက်မှ မပို့နိုင်သေးပါ။

ပြိးခဲ့တဲ့စနေတရက်မှာကတော့ ဂျာမဏီနိုင်ငံရောက် ၁၀၂-တပ်ရင်းမှုးဟောင်း ကိုဘစောထွန်းနဲ့ Facebook ပေါ်မှာစကားစပ်မိရင်းနဲ့ ဒီကိစ္စကို ကျနော်ပြောဖြစ်ပါတယ်။ "ပထမ-ဆုံးကတော့ဗျာ။ ခင်ဗျားတို့တပ်ရင်း။ ကျနော်တို့တပ်ရင်းက ရဲဘော်တွေ ယူဂျီ-တာဝန်နဲ့ဖြစ်ဖြစ်။ ရှေ့တန်းမှာဖြစ်ဖြစ် ဖမ်း ဆီးခံထားရသူတွေရဲ့စာရင်းတွေကို ပို့ထားပေးရင်ကောင်းမယ်" လို့ သူက အကြံပြုပါတယ်။

ဒိလိုနဲ့ ဖမ်း ဆီးခံနေရတဲ့ ကျနော်တို့ရဲဘော်တွေကိုလွတ်ပေးရေး။ ABSDF ကို မတရားအသင်း အဖြစ် ကြေငြာထား တာတွေကိုရုတ်သိမ်းပေးရေးတွေကို ဦးစားပေးဆွေးနွေးသင့်တယ်လို့ သူနဲ့ကျနော်သဘောတူခဲ့တယ် ဆိုပါတော့။

"ဒါနဲ့ ခင်ဗျားခြေတောက်ကော ဘယ်လိုအခြေနေရှိလဲ။ ပုံမှန်သွားလို့လာလို့အဆင်ပြေပြီလား" ဆိုပြီး ကျနော်က ထပ်မေးမိပါတယ်။ ဒီတော့ သူက မချိတင်ကဲ ရည်သံတချက်နှောပီး "တော်လှန်ရေး ရဲ့အသီးအပွင့်တွေပေါ့ဗျာ။ ဘာတတ်နိုင်မလဲ။ မဖြတ်လိုက်ရတာကိုဘဲ့ ကံကောင်းတယ်လို့မှတ်ရမှာ ပေါ့" ဆိုပြီးဖြေပါတယ်။

ကိုဘစောထွန်းဟာ ၁၉၉၂-မာနယ်ပုလောကာကွယ်ရေး နော်တစစ်ပွဲမှာ မိုင်း နင်းမိပြီး ဘယ်ဖက်ခြေတောက်ဖြစ်ပစ်ရမလိုဖြစ်သွားကာ မသန်မစွမ်းဘ၀ ရောက်သွားခဲ့ပါတယ်။ အခု ဘယ်လို နေထိုင်စားသောက်နေသလဲဆိုပြီး ထပ်မေးကြည့်တော့ ဂျာမဏီ အစိုးရကထောက်ပံ့ထားတဲ့ လူမှုထောက်ပံ့ကြေးနဲ့ ရပ်တည်နေရတယ်လို့ သူကပြောပါတယ်။


ပေးဆပ်သူတို့ရဲ့ ဒဏ်ရာများ

စိတ်မသက်သာဘွယ်ဖြစ်စဉ်တွေကိုပြောပြိးတဲ့နောက် လေကောင်းလေသန့်လေးရှုရင်း လမ်း လျောက်ဦးမှဆိုပြီး ကျနော်ရဲ့အခန်းကျဉ်းစံအိမ်တော်ကနေ ကွင်းပြင်တွေ။ သစ်ပင်တွေရှိရာ အော်စလို ပါလီမန်နဲ့ ကမ်းနားဖက်ကို ထွက်လာခဲ့ပါတယ်။ တိုက်ဆိုင်မှုဖြစ်ချင်တော့ ၂၀၃-တပ်ရင်းက ရဲဘော် ဟောင်းတဦးဖြစ်တဲ့ ကိုအောင်ကျော်ဦးနဲ့ ပါလီမန်ရှေ့နားက ကလေးတွေ ရေခဲချောစီးတဲ့ ကွင်းပြင်ရှေ့ မှာ သွားတိုးပါတယ်။

ဒီလိုပြောလိုက်လို့ သူ့ကလေးတွေနဲ့အတူ ကိုအောင်ကျော်ဦး ရေခဲပြင်ချောစီးဖို့ ပြင်နေတယ်လို့ မထင်လိုက်ပါနဲ့။ သူအခြေနေက ကိုဘစောထွန်းထက် ပိုဆိုးပါတယ်။ ၁၉၉၇ မင်းသမီးစခန်း ကာကွယ်ရေး တိုက်ပွဲမှာ မိုင်းထိတဲ့ ကိုအောင်ကျော်ဦးဟာ မျက်လုံး တဖက်ဆုံး။ လက်ချောင်းလေးတွေတချို့ဖြတ်ခဲ့ရပြီး အခုနောက်ဆုံးမှာတော့ အောက်ပိုင်းသေသလိုဖြစ် သွားခဲ့ပါတယ်။

ဒါကြောင့် ဒီနိုင်ငံကနေ မသန်မစွမ်းတွေအတွက် ထုတ်ပေးထားတဲ့ motor rullestol ထိုင်ခုံကားလေးကို စီးပြီး ဟိုနား-ဒီနား သွားနေရသူပါ။ "မြန်မာပြည်အတွက်တော်လှန်ရေးလုပ်ပြီး နော် ဝေးအစိုးရရဲ့ ပင်စင်ကို စားနေသူတွေပေါ့ဗျာ" ဆို ပြီး ထုံးစံအတိုင်း သူကနောက်ပြောင်ပြောဆိုပါတယ်။

ဒါပေမဲ့ အယင်လို သူကိုပြန်မနောက်နိုင်ဘဲ ခပ်ငိုင်ငိုင်ဖြစ်သွားသူက ကျနော်ပါ။ ရှေ့မှာပြောခဲ့တဲ့ ကိုဘစောထွန်းနဲ့ အခု ကိုအောင်ကျော်ဦးတို့ရဲ့အခြေနေတွေကိုစဉ်းစားရင်း တော်လှန်ရေးအတွက် ဒီလို ပေးဆပ်ခဲ့ရသူတွေ ဘယ်လောက်များများရှိနေခဲ့ပြီလဲဆိုပြီး ကျနော်စဉ်းစားမိပါတယ်။
 
ဒီလိုနဲ့ အင်တာ နက်ပါတဲ့ လက်ကိုင်တယ်လီဖုန်းကနေ http://www.absdf.com/ ထဲဝင်ပြီး ချက်ကြည့်တော့ ထိခိုက် ဒဏ်ရာရသူ ၃၉၉-ဦး။ သေဆုံး ၂၇၃-ဦး။ ကျဆုံး ၃၅၃-ဦး။ စုစုပေါင်း ၁၀၂၄-ဦးဆိုပြီးတွေ့ရပါတယ်။ ဒါတောင် စာရင်းကအပြည့်အစုံမဟုတ်သေးဘဲ လက်လှမ်းမိသလောက်စုစည်းထားပုံသာဖြစ်ပုံရ ပါတယ်။

နှစ် ၂၀-ကျော်သာသက်တန်းရှိသေးတဲ့ ABSDF မှာတောင် ထိခိုက်ကျဆုံးဦးရေ ၁၀၀၀-ကျော် နေပြီဆိုရင် နှစ် ၆၀-ကျော်တိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာဆိုရင် ဘယ်လောက် များရှိနေပြီလဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂-ဒါဇင်ကျော်ရဲ့ ထိခိုက် ဒဏ်ရာစာရင်းကို ချုပ်လိုက် မယ်ဆိုရင် သောင်းဂဏန်းကျော်ပြီး သိန်းဂဏန်းတောင်ရှိနေလေမလား။

ဒီ ကိန်းဂဏန်းတွေကိုသိချင် လို့ သူပုန်အဖွဲ့ပေါင်းစုံရဲ့ ၀က်ဆိုက်တွေကိုလိုက်လှန်ရှာဖွေခဲ့ပေမဲ့ ABSDF လိုမျိုး စာရင်းထုတ်ပြန်ထား တာမတွေ့ရသေးပါဘူး။ တခါ သူပုန်တပ်ပေါင်းစုကြီးဖြစ်တဲ့ DAB တို့။ NCUB တို့ရဲ့ ၀က်ဆိုက်ထဲမှာလဲ အဲဒီလိုစာရင်းဇယားမျိုးကိုမတွေ့ရဘဲ တခြားဇယားတွေကိုသာတွေ့ခဲ့ရပါတယ်။

ထိခိုက်ကျဆုံးစာရင်းဇယားတောင်မရှိဘူးဆိုရင် အဲဒီပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေအတွက် ဒီတပ် ပေါင်းစုတွေ က ဘယ်လိုတာဝန်ယူပေးထားသလဲဆိုတာကို ဆက်မေးဖို့ခက်သွားပါတယ်။ တပ်ပေါင်းစု က မဆောင် ရွက်သေးဘူးဆိုရင် သက်ဆိုင်ရာ သူပုန်အဖွဲ့တခုချင်းစီကကော ဒီရဲဘော်တွေအတွက် ဘာ တွေများ ဆောင် ရွက် ပေးထားသလဲ။ ကျနော်စဉ်းစားနေပေမဲ့ အခုထိတော့ သေချာတဲ့စီမံကိန်းတခုခုနဲ့ ကူညီဆောင် ရွက်ပေးထားတာမျိုး မတွေ့ရ။ မကြားရသေးပါဘူး။


မှတ်တန်းမဲ့ ပြည်တွင်းစစ်ရဲ့ သားကောင်များ

နယ်မြေမတည်ငြိမ်သေးတဲ့ တော်လှန်ရေးအဖွဲ့စည်းတွေဖက်က သူတို့အတွက်ပေးဆပ်သွားသူ တွေရဲ့ မှတ်တန်းမှတ်ရာတွေ။ ပြည်လည်ပြုစုပြိုးထောင်ရေးတွေမလုပ်နိုင်သေးတာကိုထားပါတော့။ နိုင်ငံ တခုလုံးနီး ပါးကို ထိမ်းချုပ်ထားနိုင်တဲ့ လက်ရှိအစိုးရဖက်ကကော နှစ် ၂၀-ကနေ နှစ် ၆၀-ကျော်အထိ ဖြစ်ပွါးခဲ့ တဲ့။ ဖြစ်ပွါးနေဆဲဖြစ်တဲ့ ပြည်တွင်းစစ်အတွင်း ကျဆုံးသွားတဲ့ သူတို့ရဲ့တပ်ဖွဲ့ဝင် စာရင်းဇယား တွေ အသေ ချာရှိရဲ့လား။ သူတို့အတွက် အစိုးရက ဘာတွေတာဝန်ယူဆောင်ရွက်ပေးနေသလဲ။ သူတို့ ဟာလဲ ပြည်တွင်း စစ်ရဲ့သားကောင်တွေဘဲ့မဟုတ်လား။ ကျနော် ဆက်လက်စဉ်းစားနေမိပါတယ်။

စနစ်တကျဖွဲ့စည်းထားတဲ့ မြန်မာ့တပ်မတော်မှာ သူပုန်တပ်တွေထက် စာရင်းဇယား ပိုပြည့်စုံ မယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ ဒါပေမဲ့ ပြည်တွင်းစစ် နှစ် ၆၀-ကာလအတွင်း ထိခိုက်ဒဏ်ရာရသူ တွေအတွက် အဲဒီတပ်မတော်နဲ့အစိုးရက ဘာတွေဆောင်ရွက်ပေးနေသလဲဆိုတာကတော့ မေးခွန်း ထုတ်စရာရှိနေဆဲ လို့ထင်ပါတယ်။ ကျနော်မြန်မာနိုင်ငံမှာရှိစဉ်က ခြေပြတ်-လက်ပြတ် ရဲဘော်ဟောင်း တွေကို လမ်းဘေးမှာ။ စစ်မှုထမ်းဟောင်း သက်သာ လဖက်ရည်ဆိုင်မှာ။ မြိုပါတ်ရထားတွဲတွေပေါ်မှာ။ ဟိုမှာ-ဒီမှာ။ ဟိုတောင်း-ဒီတောင်း လုပ်နေတာကို မကြာခဏတွေ့ ဖူးပေမဲ့ တခါမှ ဒီလိုအသေချာမစဉ်း စားဖြစ်ခဲ့ပါ။

ABSDF လိုအဖွဲ့မျိုးမှာတောင် ထိခိုက်-ကျဆုံးဦးရေ ၁၀၀၀-ကျော်ရှိတယ်ဆိုရင် တိုက်ပွဲတွေဖြစ် တိုင်း လူလှိုင်းလုံးစစ်ဆင်ရေးကိုသုံးလေ့ရှိတဲ့ အစိုးရတပ်ဖက်က ဒီထက် ၅-ဆနီးပါး ပိုများမယ်ဆိုတာ မှန်းလို့ရ ပါတယ်။ ဒီ ၅-ဆကို တနိုင်ငံလုံးရှိ သူပုန်အဖွဲ့ ၂၀-နဲ့မြောက်။ နှစ် ၆၀-နဲ့ပြန်ပေါင်းပြီး ဂဏန်း ပေါင်းစက်ထဲ ထည့်လိုက်မယ်ဆိုရင် သန်းဂဏန်းမရှိရင်တောင် သိန်းဂဏန်းမက ရှိနေလောက်ပြီဆိုတာ ကိုခန့်မှန်း လို့ရနိုင်ပါတယ်။

တကယ်တန်းပြောမယ်ဆိုရင် ထိခိုက်-ကျဆုံးစာရင်းက ဒီလို ၂-ဖက်တပ်တွေ။ လက်နက်ကိုင် စစ်သားစာ ရင်းနဲ့တင်မပြီးသေး။ မြန်မာနိုင်ငံစစ်ပွဲတွေရဲ့ထုံးစံအတိုင်း အရပ်သား ပေါ်တာတွေ။ ဒေသခံ တိုင်းရင်း သားတွေ။ ဟိုပြေးဒီလွှားရင်းနဲ့ ၂-ဖက်တပ်တွေကြား အပစ်ခံရတာ။ မိုင်းနင်းမိတာတွေကိုပါ ထည့်ပေါင်းရ မှာဖြစ်ပါတယ်။ ဒေါက်တာစင်သီယာမောင်ဆေးခန်းရဲ့ မိုင်းဌာနကလူနာတွေ။ ခြေတုလက် တုဌာနက လူနာတွေ။ နယ်စပ်ဒုက္ခသည်စခန်းအသီးသီးမှာမြင်နေရတဲ့ မိုင်းသင့်ပြည်သူတွေ။ နယ်စပ်ကို ထွက်မလာ နိုင်ဘဲ တောတောင်တွေထဲပုန်းအောင်းနေရသူတွေ။ န၀တ-နအဖ-တပ်တွေရဲ့ပေါ်တာအဖြစ် လိုက်ပါ ရင်း  သေနပ်ထိ။ မိုင်းထိပြီး ဒုက္ခိတဖြစ်သွားသူတွေ။

ဒီလူတွေအတွက် ဘယ်အဖွဲ့စည်းတွေက စာရင်းဇယားအသေချာပြုစုထားပါသလဲ။ ၂-ဖက်တပ် တွေကတော့ သူလူ့စာရင်းကိုတောင် သူအနိုင်နိုင်လုပ်နေရလို့ မြေဇာပင်ဖြစ်ခဲ့ရတဲ့ အရပ်သားတွေ အ တွက်စဉ်းဖို့ အချိန် ရှိပုံမရသေး။ ဆိုတော့ ဒီအတွက် ဘယ်သူတွေလုပ်ပေးနိုင်မလဲ။ ကျနော်စဉ်းစားနေမိ ပြန်ပါတယ်။


ပြည်လည်ထူထောင်ရေးအတွက် ကျနော်တို့ဘာလုပ်ကြမလဲ

အခု စစ်ရပ်စဲရေးစာချုပ်တွေချုပ်။ စစ်ပွဲတွေတကယ်ရပ်ပြီဆိုရင် ဒီလူတွေအတွက် ကျနော်တို့ ဘာ လုပ် ပေးကြမလဲ။  တတိယ-နိုင်ငံတွေက တာဝန်ယူပေးထားသားဘဲ့ဆိုပီး ဒီတိုင်းဘဲ့ပစ်ထားကြ မလား။ သူတို့ထက်ပိုဆိုးတာက နယ်စပ်နဲ့ မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ "ပြည်တွင်းစစ်ရဲ့အသီး အပွင့် တွေ"။  အဲဒီအသီးအပွင့်တွေကို ကျနော်တို့ အသေချာစာရင်းပြုစုဖို့လိုနေပါတယ်။ သူတို့ဘ၀ပြန်လည် ထူထောင်ရေးတွေကို ကျနော်တို့စနစ်တကျဆောင်ရွက်ပေးဖို့လိုနေပါတယ်။

ဒါပေမဲ့ အခုချိန်ထိတော့ ဒီကိစ္စကို ၂-ဖက် စစ်ရပ်စဲရေးဆွေးနွေးပွဲတွေမှာ။ စစ်ရပ်စာချုပတွေမှာ ထည့်ရေး တာ။ ထည့်ပြောတာ မကြားရသေးပါဘူး။ ဆက်ဆံရေးရုံးဖွင့်ဖို့နဲ့ စီးပွါးရေးလုပ်ခွင့်ရဖို့အချက် တွေကိုဘဲ့ ဦးစားပေးဆွေးနွေးနေ တာမြင်နေရဆဲဖြစ်ပါတယ်။ ခေါင်းဆောင်တာဝန်ယူထားတဲ့ ၂-ဖက် အဖွဲ့စည်း အသီးသိးက ပုဂိုလ်တွေ သတိမမူ ဂူမမြင်ဖြစ်နေတာမျိုးလား။ ဒါမှမဟုတ် စစ်ပွဲဆိုတာ ဒီလို ပါဘဲ့ "ကံဆိုး သူထိ။ ကံကောင်းသူရှင်" ဆိုပြီး သဘောထားနေကြဆဲလား။

"ပြည်တွင်း စစ်ရဲ့အသီးအပွင့်" တွေကို လူတွေဘာကြောင့် မေ့ထားနေကြတာလဲ။ ကျနော်စဉ်း စားနေပေမဲ့ အခုချိန်ထိတော့ ဒီကိစ္စကို အစ်ရှုးတခုအဖြစ် ဘယ်တော်လှန်ရေးအဖွဲ့စည်း။ ဘယ်အစိုးရ ၀န်ကြီး။ ဘယ် တပ်မတော်ကိုယ်စားလှယ်။ ဘယ်လွတ်တော်ကိုယ်စားလှယ်ကမှ လွတ်တော်တွင်း။ လွတ်တော်ပ မှာ ဆွေးနွေးတင်ပြတာမျီုး မကြားရသေးပါဘူး...။

ဒါပေမဲ့ နှစ်ရှည်ထောင်ဒဏ်ကနေ စိတ်ဒဏ်ရာတွေနဲ့ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား တွေ ဘ၀ပြန် လည်ထူထောင်ရေးအတွက် ရန်ကုန်မှာဆွေးနွေးပွဲတွေလုပ်တာ။ နိုင်ငံတကာရောက် ရဲဘော်ရဲဘက်တွေ က ငွေကြေးအကူညီပေးပို့တာ။ နိုင်ငံတကာ NGO တချို့ကလဲ ကူညီပေးနေတယ် ဆိုတာတွေကို အင်တာ နက်သတင်းတွေမှာ ကြုံကြားတွေ့နေရပါတယ်။

ဒါပေမဲ့ အခု ကျနော်ပြောနေတဲ့ နှစ် ၆၀-ပြည်တွင်းစစ်ကာလအတွင်း စိတ်ဒဏ်ရာတင်မက ခန္တာကိုယ်ရဲ့ အစိတ်အပိုင်းတွေပါ ဒဏ်ရာရပြီး ကျိုးပဲ့ဖြတ်တောက် မသန်မစွမ်းဖြစ်သွားသူတွေအတွက် ပြန်လည် ထူထောင်ရေးဆွေးနွေးပွဲ။ အလှုငွေ ကောက်ခံပွဲ။ နိုင်ငံတကာ NGO တွေဖက်က ကူညီပေးပွဲ ဆိုတာမျီုး ကျနော်တခါမှမကြားမိသေးပါဘူး။

ပေးဆပ်မှုချင်းအတူတူ တုန့်ပြန်အသိအမှတ်ပြုမှုကျတော့ ဘာလို့မတူဖြစ်နေတာလဲ။ ကျနော် တို့ရဲ့စဉ်းစားပုံတွေ တခုခုလွဲချော်နေပြီလား။

မသန်မစွမ်း ထိုင်ခုံကား motor rullestol လေးကိုစီးပြီး ကျနော်ရှေ့ကနေထွက်သွားတဲ့ ကိုအောင်ကျော်ဦး ရဲ့ကျောပြင် ကိုငေးကြည့်ရင်း နော်ဝေးပါလီမန်ရှေ့က မြက်ခင်းပေါ်မှာ ကျနော်တယောက်တည်း ဆက် လက်စဉ်းစားနေမိပါတယ်။



0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More