Thursday, November 27, 2014

စစ်တစ်ပိုင်း အစိုးရသစ်နှင့်အတူ လေးနှစ်တာ ခရီးသွားပြီးတဲ့အခါ

the voice daily. 
Thursday, 20 November 2014.

၂၀၁၀ ရွေးကောက်ပွဲနဲ့ စစ်တစ်ပိုင်း အစိုးရ တက်လာခြင်း

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့ဟာ ၂၀၁၀ ကောက်ပွဲ ကျင်းပခဲ့တဲ့ (၄) နှစ်ပြည့်နေ့ တစ်နည်းအားဖြင့် ယူနီဖောင်းဝတ် စစ်သားတွေ ၁၀၀ ရာခိုင်နှုန်း အုပ်ချုပ်ရေးကနေ ယူဖောင်းဝတ် ၂၅ ရာခိုင်နှုန်းသာ ပါတော့တဲ့ စစ်တစ်ပိုင်း အုပ်ချုပ်ရေးအဖြစ် အသွင်ပြောင်း အုပ်ချုပ်ခြင်း (၄) နှစ်ပြည့်နေ့ပါ။ ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုမှာ ပါဝင်ခဲ့တဲ့ စစ်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နအဖ ( နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) ဥက္ကဋ္ဌ ရာထူးကနေ တရားဝင် အနားယူပြီး ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က သမ္မတ ဦးသိန်းစိန်အဖြစ် စတင်တာဝန်ယူ အုပ်ချုပ်ဖို့ လမ်းဖွင့်ပေးခဲ့တဲ့နေ့ ဖြစ်ပါတယ်။

လူပေါင်း တစ်သိန်းကျော် သေဆုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်း တိုက်ခတ်ချိန်၊ လူအများ စိတ်သောက ရောက်နေချိန်မှာ အတည်ပြုခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပတဲ့ ဒီရွေးကောက်ပွဲကို အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက သပိတ်မှောက်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ် ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ရေးပါတီ၊ အခြားပါတီငယ်တွေနဲ့ တိုင်းရင်းသား ပါတီတချို့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

ကြိုတင်မဲ အပါအဝင် နည်းပေါင်းစုံနဲ့ ညစ်ပြီး ကြံ့ခိုင်ရေးပါတီက အနိုင်ယူခဲ့တယ်လို့ ပြိုင်ဘက်ပါတီတွေက စွပ်စွဲခဲ့ပေမယ့် နောက်ဆုံးတော့ ဒီရွေးကောက်ပွဲ ရလဒ်ကို ကော်မရှင်က အတည်ပြုလိုက်ပါတယ်။ ဝေဖန်မှု မျိုးစုံကြားထဲမှာပဲ ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန်က ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ ကျမ်းသစ္စာဆိုပြီး သမ္မတအသစ် ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ ထူးခြားတာကတော့ ဒီရွေးကောက်ပွဲအပြီး ခြောက်ရက်အကြာ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ကနေ အာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့ပါတယ်။
နောက်ထပ် ထူးခြားချက် တစ်ခုကတော့ ဒီလို ရွေးကောက်ပွဲ အကြိုကာလနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခါစ ကာလတွေမှာ ပြည်တွင်း-ပြည်ပ မြန်မာပညာတတ် တချို့နဲ့ နိုင်ငံတကာ သံတမန်တချို့က ဒီရွေးကောက်ပွဲနဲ့ အစိုးရသစ်အပေါ် အကောင်းမြင် ကြိုဆိုခဲ့ကြပြီး ဒီအပြောင်းအလဲ လမ်းစကနေ ဒီထက်ကြီးမားတဲ့ ပြောင်းလဲမှုတွေ ထပ်ဖြစ်လာအောင် ကြိုးစားရမယ်လို့ လေသံပစ်ကြပါတယ်။

တတိယ အင်အားစုလို့ ခေါ်ကြတဲ့ ပြည်တွင်း၊ ပြည်ပ ပညာတတ်တချို့ အတော်အလုပ်များတဲ့ ကာလတစ်ခု ဖြစ်ခဲ့ပါတယ်။ ဆယ်စုနှစ် နှစ်ခုကျော် နယ်စပ်နဲ့ ပြည်ပမှာနေထိုင်ပြီး စစ်အစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့သူတချို့နဲ့ ပညာရှင်တချို့ နေပြည်တော်နဲ့ လျှို့ဝှက် ဆက်သွယ်ပြီး ဆွေးနွေးမှုတွေ၊ အကြံပေးမှုတွေ လုပ်ခဲ့ကြပါတယ်။ အဲဒီနောက် အနောက်တိုင်း သံတမန်တွေကပါ ဦးသိန်းစိန် အစိုးရကို ပြုပြင်ပြောင်းလဲရေး လုပ်ချင်တဲ့ အစိုးရအဖြစ် လေသံပစ်ပြီး နေပြည်တော်နဲ့ သံတမန် ဆက်သွယ်မှုတွေ ပြန်လည် အဆင့်မြှင့်တင် ခဲ့ကြပါတယ်။

ဒီကာလအတွင်း အထူးခြားဆုံး တိုးတက်မှုအဖြစ် လေ့လာသူတွေ ထောက်ပြတာကတော့ ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်းမှာ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုပါပဲ။ ဘာတွေ ဆွေးနွေးသလဲ ဆိုတာကို အသေးစိတ် မထုတ်ပြန်ပေမယ့် သမ္မတကြီးကို သူယုံပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ဒီလိုတွေ့ဆုံမှု အပြီးမှာတော့ မြန်မာ့နိုင်ငံရေး တစ်ခေတ်ဆန်းတော့မယ့် ပုံစံမျိုး နိုင်ငံတကာဘက်က မြင်လာပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက် လည်ပတ်လိုက်တဲ့ အခါမှာတော့ အစိုးရသစ်ကို နိုင်ငံတကာက အသိအမှတ်ပြုသလို ဖြစ်သွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်ဘက်က တိုက်တွန်းခဲ့ပုံ ရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပြုပြင်ရေး တကယ့်အချိန်အခါများ

အဲဒီနောက်ပိုင်းမှာတော့ ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ပါတီ ဝင်ပြိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကြေညာလိုက်ပါတယ်။ ဒီလိုကြေညာပြီး သိပ်မကြာခင် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့မှာတော့ ရာနဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အစိုးရက လွှတ်ပေးခဲ့ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲတုန်းက ဒုတိယ အမတ်နေရာ အများဆုံး ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားပါတီ ဥက္ကဋ္ဌ ခွန်ထွန်းဦး အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ၈ လေးလုံး ခေါင်းဆောင်တွေဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအဝင် ကျောင်းသား ခေါင်းဆောင်တွေ၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အပါအဝင် စစ်ထောက်လှမ်းရေးဘက်က ပုဂ္ဂိုလ်တွေ အတော်များများ ပြန်လွတ်လာခဲ့ပါတယ်။

ဒီလို နိုင်ငံရေး အကျဉ်းသားတွေ အစုအပြုံလိုက် ပြန်လွှတ်ပေးတာ၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဝင်ပြိုင်ခွင့် ပေးတာတွေကြောင့် ပြည်တွင်း၊ ပြည်ပကနေ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရကို တကယ့်ပြုပြင်ရေးလုပ်မယ့် အစိုးရအဖြစ် အမှတ်ပေး လိုက်ကြပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲကို မဲမလိမ်ဘဲ လုပ်ပေးလိုက်တဲ့အတွက် ၄၂ နေရာမှာ NLD က ၄၁ နေရာ အနိုင်ရသွားခဲ့ပါတယ်။

အဲဒီနောက်ပိုင်း အမေရိကန်နဲ့ ဥရောပ အပါအဝင် အနောက်အုပ်စု တစ်ခုလုံးက အစိုးရအပေါ် အရင်က ချမှတ်ထားခဲ့တဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်း ပေးလိုက်ပါတယ်။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ အမေရိကန်၊ ဥရောပနဲ့ အနောက်နိုင်ငံတွေဆီ အပြိုင်အဆိုင် လည်ပတ် စည်းရုံးခဲ့ကြပါတယ်။

ဒီလိုနဲ့ ၂၀၁၂ နှောင်းပိုင်းနဲ့ ၂၀၁၃ အစောပိုင်း ကာလတွေဟာ မြန်မာ့နွေဦးရဲ့ တကယ့်ပြုပြင်ပြောင်းလဲရေး ကာလလို့ ထင်ရလောက်အောင်ကို အပြုသဘောဆောင် တိုးတက်မှုတွေကို မြင်လာခဲ့ရပါတယ်။ အဲဒီထဲက အထင်ရှားဆုံး တိုးတက်မှုကတော့ မီဒီယာဘက်မှာ ဖြစ်ပြီး ဖမ်းဆီးခံ သတင်းသမား အားလုံးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ စာပေစိစစ်ရေး ဌာနကို ဖျက်သိမ်းပြီး လွတ်လပ်စွာ ရေးသားခွင့်ပြုခဲ့ပါတယ်။ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ခွင့်ပြုခဲ့ပါတယ်။ တစ်ချိန်က အတိုက်အခံ သတင်းဌာနတွေ၊ စစ်အစိုးရ ဆန့်ကျင်ရေး သတင်းဌာနတွေကို ပြည်တွင်းမှာ ပြန်လည် အခြေစိုက်ခွင့် ပေးခဲ့ပါတယ်။ နိုင်ငံတကာ သတင်းထောက်တွေကိုလည်း ပြည်ဝင်ခွင့်ဗီဇာ ပေးလာခဲ့ပါတယ်။

တခြားသိသာတဲ့ တိုးတက်မှုကတော့ နှစ်ပေါင်း ၆၀ နီးပါး လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ နယ်စပ်တစ်ကြောရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၀ နီးပါးနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးလာပါတယ်။ နေရာအတော်များများမှာ တိုက်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေး လက်မှတ် ထိုးလာနိုင်ခဲ့ပါတယ်။ နိုင်ငံတကာ ဘက်ကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အင်တိုက်အားတိုက် ကူညီခဲ့ပါတယ်။

အရှိန်ကုန်သွားတဲ့ အစိုးရနဲ့ မနိုင်လို့ သည်းခံနေရတဲ့ အတိုက်အခံတို့ဘဝ

စစ်အာဏာရှင် စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်းမှု လုပ်ငန်းစဉ် အရှိန်ကောင်းတုန်း ၂၀၁၂ မကုန်ခင်လေးမှာ ဘာသာရေး ပဋိပက္ခတွေ ရခိုင်ဘက်မှာ စတင်ပေါ်လာပါတယ်။ ဒီဖြစ်စဉ်ကို အစိုးရပိုင် မီဒီယာတွေက ဗုဒ္ဓဘာသာဘက်ကို အသားပေးပြီး ဖော်ပြတဲ့အတွက် သွေးထိုးလှုံ့ဆော်သလို ဖြစ်သွားပြီး အခြေအနေတွေ ပိုဆိုးသွားတာလို့ လေ့လာသူတွေက ပြောပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာ၊ မြောက်ပိုင်း လားရှိုးကနေ နောက်ဆုံး ဒုတိယမြို့တော် မန္တလေးအထိ ပျံ့နှံ့ပြီး လူတွေ ရာနဲ့ချီ သေဆုံးခဲ့ရပါတယ်။ ဘာသာတစ်ခုနဲ့ တစ်ခုအကြား မယုံသင်္ကာမှု ပိုတိုးလာပြီး ခွဲခြားဆက်ဆံမှုတွေ တိုးလာစေခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ တိုင်းရင်းသား လက်ကိုင်အဖွဲ့ တချို့နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာပြီး ကချင် လွတ်မြောက်ရေးအဖွဲ့ KIO ကဆိုရင် အပစ်အခတ် ရပ်စဲရေးလုပ်ဖို့ ငြင်းဆိုတဲ့အထိ အခြေအနေ ဆိုးလာပါတယ်။ တစ်ခါ ကရင်လက်နက်ကိုင်၊ ရှမ်းလက်နက်ကိုင် တချို့နဲ့လည်း တိုက်ပွဲတွေ ပြန်ဖြစ်လာနေပါတယ်။

နိုင်ငံရေးဘက်မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီ နည်းလမ်းမကျတဲ့ ပုဒ်မတွေကို ပြင်ပေးဖို့ NLD နဲ့ ၈၈ မျိုးဆက်တွေ စုပေါင်း တောင်းဆိုမှုကို အစိုးရဘက်က ပယ်ချခဲ့ပါတယ်။ အများပြည်သူပိုင်တဲ့ လယ်မြေတွေကို စစ်တပ်နဲ့ ကုမ္ပဏီတွေက အဓမ္မ သိမ်းယူတာတွေ ဆက်လုပ်လာခဲ့ပါတယ်။ စာနယ်ဇင်း သမားတွေကို ဖမ်းဆီးထောင်ချ၊ သတင်းစာ တိုက်တွေကို အစိုးရဘက်က တရားစွဲဆို၊ အခုနောက်ဆုံး သတင်းထောက်ကို စစ်တပ်က ပစ်သတ်တဲ့အထိ အခြေအနေတွေ ဆိုးလာနေပါတယ်။

ဒီလို အခြေအနေ အရပ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေ အားလုံးက သိရှိနေပေမယ့် ဦးသိန်းစိန် အစိုးရကို ပြန်တော်လှန်ဖို့၊ လက်ရှိသွားနေတဲ့ နိုင်ငံရေး အခင်းအကျင်းကနေ ပြန်ရုန်းထွက်ဖို့ မလွယ်ဘူး ဖြစ်နေပုံရတယ်လို့ အကဲခတ်တွေက ထောက်ပြပါတယ်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ မဝင်ခင်က ပေးခဲ့တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က အခုချိန်အထိ ဘာမှလုပ်မပေးနိုင်ခဲ့ပါ။ ကတိပေးထားတဲ့အတိုင်း မလုပ်ပြနိုင်တဲ့အတွက် လွှတ်တော် လမ်းကြောင်းကိုစွန့်ပြီး လူထုတိုက်ပွဲ လမ်းကြောင်းကို NLD က ပြန်ရွေးမလား၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အစိုးရနဲ့ ကြံ့ခိုင်ရေး ပါတီဘက်က မပြင်ပေးဘူးဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကို သပိတ်မှောက်မလား ဆိုတာဟာ ဒီနေ့လူအများ စိတ်ဝင်စားနေတဲ့ မေးခွန်းဖြစ်ပါတယ်။

ဒါပေမဲ့ နယ်စပ်က လက်နက်ကိုင်တွေရော၊ ရန်ကုန်က နိုင်ငံရေး ပါတီတွေကြားမှာပါ တူညီနေတဲ့ အချက်တစ်ခုကတော့ အစိုးရဘက်က မရိုးသားတာ၊ နိုင်ငံရေးဝါဒ ဖြန့်နေတာကို သိပါလျက်နဲ့ လက်ရှိ အခြေအနေကနေ ရုန်းထွက်ဖို့ မဖြစ်နိုင်ဘူး။ လက်ရှိရနေတဲ့ နိုင်ငံရေး အခွင့်အခါကောင်းတွေကို ငြင်းပယ်လိုက်မယ်ဆိုရင် တိုက်ပွဲတွေ ပြန်ဖြစ်လာမယ်၊ အဖမ်းအဆီးတွေ ပြန်ဖြစ်လာမယ်။ ပြည်သူလူထု ပိုနစ်နာမယ်။ ဒါကြောင့် ဖွဲ့စည်းပုံ ပြင်ပြင် မပြင်ပြင် ရွေးကောက်ပွဲ ဝင်မှဖြစ်မယ်။ မပြင်ပေးလို့ မဝင်ဘူးဆိုပြီး သပိတ်မှောက်လိုက်ရင် အစိုးရဘက်က ပိုကြိုက်တဲ့အတွက် သူတို့အကွက်ထဲ ဝင်သွားမယ်။ မကြိုက်သော်လည်း အောင့်ကာ နမ်းရတော့မယ့် အခြေအနေ ရောက်နေပြီဆိုပြီး NLD ဘက်က ပြောဆိုသံတွေကို ၂၀၁၅ ရွေးကောက်ပွဲနီးလေ ပိုကြားလာရလေ ဖြစ်လာနေပါတယ်။

ဒီအခြေအနေကနေ ဘယ်လိုရုန်းထွက်မလဲ၊ ၂၀၁၅ အတွက် ဘာတွေပြင်ထားသလဲ

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရေး လှုပ်ရှားမှုအပြင် လူ့အခွင့်ရေး ချိုးဖောက် ခံရမှုကြောင့် နေ့စဉ်နဲ့အမျှ ဆန္ဒပြနေကြတဲ့ လယ်သမားတွေ၊ အလုပ်သမားတွေ အရေးကိုပါ ဦးဆောင်ပါဝင်ဖို့ လိုနေပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ ပြင်နိုင်ရေးအတွက် လွှတ်တော်အတွင်း လှုပ်ရှားမှုအပြင် လွှတ်တော်ပြင်ပ လှုပ်ရှားမှုကို အရှိန်မြှင့်ဖို့ လိုအပ်နေပါတယ်။ အထူးသဖြင့် တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ မဟာမိတ်ဖွဲ့ပြီး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဖို့ လိုနေပါတယ်။ ၈၈ အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်မှုကိုလည်း ဒီထက်မက တိုးမြှင့်ဖို့ လိုအပ်နေပါတယ်။

အစိုးရနဲ့ မျက်နှာပျက်ရမှာ စိုးလို့ ဘာမှမဝေဖန်ဘဲ ရေငုံနှုတ်ပိတ်နေတဲ့ ပေါ်လစီကို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က ပြန်သုံးသပ်သင့်ပါတယ်။ အစိုးရနဲ့ လက်ရှိ အာဏာပိုင်တွေရဲ့ လူထုအပေါ် မတရား အနိုင်ကျင့်မှုတွေ၊ လာဘ်စားမှုတွေ၊ အများပြည်သူဘဝ တိုးတက်ရေးအတွက် ဘာမှ မဆောင်ရွက်ဘဲ မျက်ကွယ် ပြုထားတာတွေကို ဒီထက်မက ဝေဖန်ထောက်ပြ သင့်ပါတယ်။

အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်နေတဲ့ နိုင်ငံတကာ အစိုးရတွေသိအောင် (မသိဟန် ဆောင်နေတာလည်း ဖြစ်နိုင်ပါတယ်) ဒေါ်အောင်ဆန်းစုကြည် ဘက်ကနေ လူထုအားနဲ့ တိုင်းရင်းသား အားကိုယူပြီး အရှိကို အရှိအတိုင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုဖို့ လိုနေပါတယ်။

အဲဒီလို ပြောဆိုဖိအားပေးမှု ကနေတစ်ဆင့် (လူစု ဓာတ်ပုံရိုက်ခံနေရတဲ့ အဆင့်ကိုကျော်ပြီး) အနှစ်သာရရှိတဲ့ နှစ်ဖက် (အစိုးရနဲ့ အတိုက်အခံ) ဆွေးနွေးပွဲ ဖြစ်လာအောင် ဖိအားပေးဖို့ လိုအပ်နေပါတယ်။ ဒီဆွေးနွေးပွဲဟာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ လာမယ့်ခြောက်လ အတွင်းမှာကို ဖြစ်လာအောင် ကြိုးစားဖို့ လိုအပ်နေပါတယ်။

တစ်ချိန်တည်းမှာပဲ ပြင်ပြင် မပြင်ပြင် ဝင်မှဖြစ်မယ်လို့ ဆုံးဖြတ်ထားတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အမတ်နေရာ အများစု အနိုင်ရဖို့ အတွက်လည်း ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား ပါတီတွေဘက်က စနစ်တကျ ပူးပေါင်း ပြင်ဆင်ထားဖို့ လိုအပ်နေပါတယ်။ အခုချိန် အထိတော့ NLD နဲ့ တိုင်းရင်းသား ပါတီတွေကြား ဆက်ဆံရေးက အားရစရာ မရှိသေးပါ။

အနှစ်ပြန်ချုပ် ရရင်တော့ အတိုက်အခံတွေဘက်က မနိုင်လို့ သည်းခံနေရတာ မှန်ပေမယ့် နေရာတိုင်းမှာ အလျှော့ပေးတဲ့ နည်းနဲ့ချည်း ဆက်ဆံနေတာမျိုး မဖြစ်သင့်ပါ။ လျှော့တဲ့နေရာလျှော့၊ တင်းတဲ့နေရာ တင်းပြီး အများပြည်သူအတွက် တကယ်လုပ်ရမယ့် အချိန်ကို ရောက်လာနေပြီ ဖြစ်ပါတယ်။ ဒီလိုတင်းနိုင်၊ လျှော့နိုင်ဖို့အတွက် ပါတီတစ်ခုတည်း၊ ခေါင်းဆောင် တစ်ဦးတည်း ပြောနေ၊ လုပ်နေလို့ မဖြစ်ပါ။ တိုင်းရင်းသား အင်အားစုတွေ၊ နေ့စဉ် ဆန္ဒပြနေတဲ့ အင်အားစုတွေ၊ တခြားခေါင်းဆောင်တွေ အားလုံးနဲ့ စနစ်တကျ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ဖို့ လိုအပ်နေပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ထက်အောင်ကျော်

(http://www.thevoicemyanmar.com)

Sunday, November 23, 2014

အဆိုတော် မွန်းအောင် ပြည်ဝင်ခွင့်ဗီဇာ ပယ်ချခံရ

အဆိုတော် မွန်းအောင် ပြည်ဝင်ခွင့်ဗီဇာ ပယ်ချခံရ
နော်ဝေ အော်စလိုမြို့ ဖျော်ဖြေပွဲ တခုတွင် တွေ့ရသော အဆိုတော် မွန်းအောင်

အဆိုတော် မွန်းအောင် ပြည်ဝင်ခွင့်ဗီဇာ ပယ်ချခံရ

|

Hits:733


၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနောက်ပိုင်း မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီး ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက်ရှိသူ အဆိုတော်ကိုမွန်းအောင်သည် ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ပြည်ဝင်ခွင့်ဗီဇာ တောင်းခံရာ ငြင်းပယ်ခံ ရကြောင်း သိရသည်။

“လိုအပ်တဲ့ စာရွက်စာတမ်း အပြည့်အစုံနဲ့ ကျနော်တို့ ဘန်ကောက် မြန်မာသံရုံး ဗီဇာ ဋ္ဌာနမှာ တင်ပါတယ်။ ဒီလိုမျိုး စာအုပ်ကိုင်ဆောင်ထားတဲ့ လူတွေကို ဒီသံရုံးက ဗီဇာ ထုတ်မပေးဘူးလို့ပြောတယ်။ ဘာကြောင့် ဗီဇာ ငြင်းရတာလဲ မေး တော့ အထက်က ညွန်ကြားထားလို့ မပေးနိုင်ဘူးလို့ ဗီဇာ ဋ္ဌာနက ပြောပါတယ်”ဟု အဆိုတော် ကိုမွန်းအောင်က ဧရာ ၀တီကို ပြောဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၊ ဗီဇာဋ္ဌာနသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် တယ်လီဖုန်း လက်ခံ ဖြေဆိုသူမရှိပေ။ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးဝင်းမောင်ကို တိုက်ရိုက်ဆက်သွယ်ရာတွင် ၄င်းအနေဖြင့် ဘန်ကောက်တွင် မရှိနေသည့် အတွက် မဖြေကြားနိုင်ကြောင်း ဧရာဝတီကို ပြောဆိုသည်။
မွန်းအောင်သည် ၁၉၈၀ နှောင်းပိုင်းနှစ်များမှာ ၈/၈၂ အင်းလျား၊ မိုးလုံးမှိုင်း၊ စိဉ္ဇမာဏဉာဏ်၊ လွမ်းရတဲ့ ညတွေ လွန်ပါစေ စီးရီးများဖြင့် အောင်မြင်ကျော်ကြားခဲ့သူဖြစ်သည်။

ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်နေသည့် အဆိုတော် မွန်းအောင်သည်”ငြိမ်းချမ်းရေး မိုးစက်များ” အမည်ပေး ထားသော တေးစီးရီးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အသံသွင်းယူ ပြီးစီးခဲ့ပြီး မြန်မာနိုင်ငံတွင် ထုတ်ဝေဖြန့်ချိရန် ပြင် ဆင်နေသည် သာမက ၂၆ နှစ်ကြာ စွန့်ခွာခဲ့သော မြန်မာပြည်သို့ ပြန်လည် ဝင်ရောက်ပြီး သူ့ ပရိသတ်အား စင်တင် တေး ဂီတဖြင့် ဖျော်ဖြေရန်လည်း ဆန္ဒရှိနေသည်ဟုလည်း ၄င်းက ဧရာဝတီနှင့် သီးသန့် အင်တာဗျူးတွင် ပြောဆိုထားသည်။

“ကျနော်က အနုပညာသမားပါ။ အခွင့်အရေးသာ ရှိခဲ့မယ်ဆိုရင် ၂၆ နှစ်ကြာ မတွေ့ခဲ့ရတဲ့ပရိသတ်တွေကို သီချင်းဆိုပြ ချင်တယ်။ တပြိုင်နက်တည်းမှာပဲ ကျနော်တို့ ဗီဇာ စလျှောက်ကတည်းက ဗီဇာ အငြင်းခံရနိုင်တယ်ဆိုတာလည်း ထည့် တွက်ထားပြီးသားပါ”  ဟု ကိုမွန်းအောင်က ပြောသည်။
မြန်မာနိုင်ငံတွင် မွေးပြီး နိုင်ငံခြားသား ခံယူထားသူများနှင့်ပတ်သက်၍ ဗီဇာ မပေးဘူး ဆိုသည့် သတင်းအချက်အလက်ကို ဘန်ကောက် မြန်မာသံရုံး အင်တာနက်စာမျက်နှာတွင်လည်း ဖော်ပြမထားပေ။

သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း ပြည်ပရောက် မြန်မာနိုင်ငံသားများအားလုံး ရာဇ၀တ်မှု ကျူးလွန်ခဲ့ ခြင်း မရှိပါက မြန်မာနိုင်ငံသို့ လာရောက်ကြရန် ဖိတ်ခေါ် ပြောဆိုခဲ့သည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သောအဖွဲ့သည် နော်ဝေနိုင်ငံသို့ လာရောက်စဉ်က လည်း မြန်မာ့နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအား အဝေးမှ မကြည့်ပဲ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ် လေ့လာရန် ဖိတ်ကြားခဲ့သည်။

သို့သော် လွန်ခဲ့သည့် လက ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ မြစ်တော်စပ်သူ နော်ဝေနိုင်ငံသားခံယူထားသည့် ကဗျာဆရာ ချိုစိမ့် ကိုလည်း ဘန်ကောက် မြန်မာ သံရုံးက ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်ခဲ့သည်။

လွန်ခဲ့သည့် ရက်ပိုင်းက နော်ဝေနိုင်ငံသား ခံယူထားသူ ဒီဗွီဘီသတင်းဋ္ဌာနမှ မအေးအေးမွန်မှာမူ ဘန်ကောက် မြန်မာ သံရုံးမှပင် ဗီဇာ ထုတ်ပေးခဲ့ကြောင်း၊ အဆိုပါကိစ္စသည် မိခင်ကျန်းမာရေး မကောင်း၍ စာတင်သည့်အတွက် ဗီဇာထုတ် ပေးခြင်းဟု ဘန်ကောက် မြန်မာသံရုံးက ဖြေကြားသည်။
ဘန်ကောက် မြန်မာသံရုံးတွင် ဗီဇာ လျှောက်ထားရာတွင် မြန်မာသံရုံး၏ လျှောက်လွှာ ပုံစံများသည် တခြားနိုင်ငံများ၏ ပြည်ဝင်ခွင့်ဗီဇာ လျှောက်လွှာမျိုးနှင့် မတူကြောင်း နော်ဝေနိုင်ငံသား အဆိုတော်မွန်းအောင်က ဆိုသည်။

၈၈ကျောင်းသားခေါင်းဆောင်ဟောင်း မိုးသီးဇွန်သည်လည်း မြန်မာနိုင်ငံသို့ ၂ ကြိမ်တိုင် အလည်အပတ်သွားခဲ့ပြီး နောက်ထပ်ဗီဇာ ထုတ်ပေးရန် မြန်မာအစိုးရက ငြင်းပယ်ခဲ့သည်။ သူရိယနေဝန်း ဂျာနယ် တည်ထောင်သူ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမိုးဟိန်းသည်လည်း ၅ နှစ်အရွယ် သားသမီးအပါအ၀င် မိသားစုနှင့် အတူ နာမည်ပျက် စာရင်းသွင်းကာ ဗီဇာ ထပ်မံ ထုတ်ပေးမှုကို ငြင်းဆိုခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံသားဟောင်း အမေရိကန် နိုင်ငံသား ကိုမောင်မောင်ဝမ်းသည်လည်း မြန်မာနိုင်ငံတွင် အင်္ဂလိပ်စာ သွားရောက်သင်ကြားခဲ့မှုအား ဗီဇာ ရက်လွန်ခြင်း အကြောင်းပြချက်ဖြင့် မြန်မာနိုင်ငံမှ ပြန်လည်နှင်ထုတ်ခံခဲ့ရသည်။

“အခုလို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတယ်လို့ မြန်မာအစိုးရက ပြောနေပေမယ့် ကျနော်ကိုယ်တိုင် အခု တွေ့ရ တဲ့အခြေအနေအရ ဘာမှ ပြောင်းလဲတာ မတွေ့ရသလို စိတ်ပျက်တယ်လို့ပဲ ပြောချင်တယ်” ဟု အဆိုတော်မွန်းအောင်က ဆိုသည်။

Wednesday, November 19, 2014

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၃၇)

DVB အတွက် ပထမ ဆုံးအကြိမ် Vikar (အစားထိုးလုပ်သား) ခေါ်ယူခြင်း

Vikar (အစားထိုးလုပ်သား) ဆိုပြီး ခပ်တည်တည်နဲ့ခေါင်းစဉ်တပ်လိုက်ပေမဲ့ တကယ်ကတော့ အဲဒီရဲဘော် ဦးကို အစားထိုးလုပ်သားအဖြစ် အလုပ်သင်ခေါ်ယူတဲ့ ၂၀၀၅ ခုနှစ် ဇူလိုင်လ၀န်းကျင်အထိ ဒီစကားလုံးကို ကျနော် တခါမှမကြားဖူးပါ။ မကြားဖူးဆို ၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ကနေ ဒီသင်တန်းခေါ်တဲ့ကာလအထိ DVB သက်တန်းတလျောက်မှာ Vikar ဆိုတာ တခါမှမငှားဖူးခဲ့ပါ။

(၂၀၀၅ ခုနှစ် ဇူလိုင်လကပြုလုပ်ခဲ့တဲ့ သတင်းထောက်သင်တန်းမှ သင်တန်းဆရာကိုမိုးအေးနဲ့ သင်တန်းသားများ)

ဒါပေမယ့် နော်ဝေးအလုပ်သမားလောကမှာတော့ ဒီစကားလုံးကို လူတိုင်းသိပါတယ်။ အထူးသဖြင့် ဒီနိုင်ငံက လူတွေက နွေရာသီဟောလီးဒေး၊ ဆောင်းရာသီဟောလီးဒေး၊ ခရစ်စမတ်ဟောလီးဒေး စသဖြင့် ခွင့် ပတ်လောက် ယူပြီး ခရီးသွားလေ့ရှိကြတဲ့အတွက် အဲဒီလိုခရီးသွားနေစဉ်မှာ အစားထိုးလုပ်သားတွေ ထောင်၊ သောင်းချီလိုလေ့ရှိ ပါတယ်။ 

ဒါက နှစ်စဉ်ပုံမှန်သွားနေကြခွင့်ရက်ရှည် မျိုးကိုရွေးပြောကြည့်တာပါ။ တခြားခွင့်ရက်တွေထဲမှာတော့ အမျိုးသမီး အလုပ်သမားတွေ ကလေးမွေးလို့ ခွင့် လယူတာ။ အမျိုးသားကလဲ ခွင့် လယူတာ။ ( ဦးစလုံး လစာအပြည့်နဲ့ ယူခွင့်ရှိပါတယ်) နေမကောင်းဖြစ်လို့ ဆရာဝန်လက်မှတ်နဲ့ သတင်းတပတ်၊ ပတ်ခွင့်ယူတာ၊ ရှောင်တခင်ခွင့် တနှစ် ၁၂ ရက်ယူတာ။ ကလေးနေမကောင်းလို့ မိဘခွင့်ယူတာအပြင် ကျနော်မသိတဲ့ တခြားခွင့်ယူ ရက်တွေလဲ ရှိပါသေးတယ်။

အလုပ်သမားတွေ အဲဒီလိုခွင့်ယူထားချိန်မှာ ကျန်တဲ့လုပ်သားတွေကို ခွင့်ယူထားတဲ့လူအတွက်ပါ လုပ်ပေးပါ ဆိုပြီး သွားခိုင်းလို့ မရ။ တယောက်ခွင့်ယူထားရင် အဲဒီလူအစား ရှေ့မှာတင်ပြခဲ့တဲ့ Vikar ကိုခေါ်ထည့်ရပါတယ်။ 
ကိုယ့်လူကို ဦးစာ လုပ်ပေးပါလို့သွားခိုင်းမိရင် အလုပ်သမားအခွင့်ရေးချိုးဖောက်မှုနဲ့ တရားစွဲခံရနိုင်ပါတယ်။ ဒါကြောင့် Vikar ဟာ ဒီနိုင်ငံမှာ အတော်အရေးပါ ပါတယ်။

ဒါတွေက ၂၀၁၁ နောက်ပိုင်း DVB ကနေအလုပ်ဖြုတ်ခံရပြီးမှ နော်ဝေးစာသင်တန်း၊ အလုပ်ရှာဖွေရေးသင်တန်းတွေ တက်ရင်းနဲ့ သိလာတာတွေကို လျှောက်ပြောနေတာပါ။ ၂၀၀၅ ခုနှစ် Vikar သင်တန်းခေါ်စဉ်က နော်ဝေးရဲ့အလုပ်သ မား ဥပဒေတွေ၊ တနေ့ နာရီခွဲထက် ပိုခိုင်းခွင့်မရှိဘူးဆိုတာတွေ၊ အဲဒီ ခွဲထဲမှာ ထမင်းစားချိန်နဲ့ ကော်ဖီသောက် ချိန်ပါ ပါတယ်ဆိုတာတွေ၊ တပတ်အလုပ်ချိန် ၃၇ နာရီခွဲထက် မပိုရဘူးဆိုတာတွေ၊ အလုပ်ချိန် ခွဲကျော်သွား ရင်ဖြစ်စေ။ ညနေ နာရီနောက်ပိုင်း အလုပ်ဆင်းရ ရင်ဖြစ်စေ၊ စနေ-တနင်္ဂနွေနဲ့ အများပြည်သူရုံးပိတ်ရက်မှာ အလုပ်ဆင်းရသူတွေကို အချိန် ပိုအဖြစ်သတ်မှတ်ပြီး လုပ်အားခ ဆပေးရ မယ်ဆိုတာတွေကို ဘာမှ မသိရိုးအမှန်ပါ။

တခါ တရက်အနည်းဆုံးလုပ်အားခက ဘယ်လောက်လဲ၊ အလုပ်ချိန်က ဘယ်လိုလဲ၊ တနိုင်ငံနဲ့တနိုင်ငံ ဘယ်လို ကွာသလဲဆိုပြီး အင်တာနက်ပေါ်လိုက်ရှာကြည့်တော့ (နော်ဝေးမှာ ပြမထားပါဘူး) နော်ဝေးရဲ့ အိမ်နီးချင်း ဒိန်းမတ် မှာ တနာရီ လုပ်အားခ ၁၁၀ ခရိုနာ (ဒေါ်လာ ၂၀) အင်္ဂလန်မှာ .၅၀ ပေါင်၊ အမေရိကားမှာ .၂၅ ဒေါ်လာ၊ သြစတေလျမှာ ၁၆.၈၇ ဒေါ်လာလို့တွေ့ရပါတယ်။

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ မလေးရှားနဲ့ထိုင်းနိုင်ငံတွေမှာတော့ ပြည်နယ်တခုနဲ့တခု မတူးဘူးလို့ ဆိုပါတယ်။ အကြမ်းအားဖြင့်ကတော့ တရုတ်မှာ တနာရီ .၅၀ ရီမင်ဘီ၊ မလေးရှားမှာ .၃၈ RM (စင်ကာပူက ဖေါ်ပြမထားပါ) အိန္ဒိယမှာ တရက် ၁၈၅ ရူပီး (.၄၀ ဒေါ်လာ) ထိုင်းမှာ တရက် ၃၀၀ ဘတ် (၁၀-ဒေါ်လာ) မြန်မာနိုင်ငံမှာ တရက် ၂၀၀၀ ကျပ် (-ဒေါ်လာ)စသဖြင့်ဖေါ်ပြထားတာတွေ့ရပါတယ်။

နော်ဝေးက ဒိန်းမတ်နဲ့သိပ်မကွာတဲ့အတွက် တနာရီ ဒေါ်လာ ၂၀ ၀န်းကျင်ရမယ်လို့ခန့်မှန်းရပါတယ်။ တနည်းအား ဖြင့် ဥရောပနဲ့အနောက်နိုင်ငံကလူတွေ တနာရီ ဒေါ်လာ ၂၀ နှုန်းရနေချိန်မှာ မြန်မာနိုင်ငံကအလုပ်သားတွေက တရက်မှ ဒေါ်လာပဲ ရနေတာကို စိတ်မကောင်းဘွယ်တွေ့ရပါတယ်။ 

ပြီးတော့ အလုပ်ချိန်။ မြန်မာအပါဝင် အာရှ၊ အာဖရိက၊ လက်တင်အမေရိကနိုင်ငံအတော်များများမှာ တနေ့အလုပ် ချိန် နာရီလို့သတ်မှတ်ထားဆဲဖြစ်ပြိး တပတ်အလုပ်ချိန်က ၄၈ နာရီလို့ရေးထားတာတွေ့ရတဲ့အတွက် တပတ်မှာ ရက်အလုပ်ဆင်းနေရတဲ့သဘောဖြစ်နေပါတယ်။ ဆိုလိုတာက နိုင်ငံရေးစနစ်နဲ့ အုပ်ချုပ်သူအစိုးရရဲ့စွမ်းရည်ကွာခြား ချက်အပေါ်မူတည်ပြီး လူတွေရဲ့အလုပ်ချိန်တွေ၊ လုပ်အားခတွေ၊ လူနေမှုအဆင့်အတန်းတွေ ကွာခြားသွားတဲ့ သဘောဖြစ်ပါတယ်။


သတင်းထောက်ဘ၀မှ သတင်းထောက်သင်တန်းဆရာအဖြစ်သို့

နော်ဝေးနဲ့ ဥရောပက အလုပ်သမားဥပဒေတွေ၊ အလုပ်သမားအခွင့်ရေးတွေအကြောင်း ဘာမှ မသိတာဟာ ကျနော် တဦးတည်းလို့ မထင်လိုက်ပါနဲ့။ သတင်းခန်းကလူတွေအားလုံးလည်း ကျနော့်လိုပဲ ဘာမှမသိတာ သေချာပါ တယ်။ ညွန်မှုးတွေလဲ သိပ်မသိဘူးလို့ ထင်ပါတယ်။ DVB ရဲ့ နှစ်ရှည်ဝန်ထမ်းတွေက ဘာမှမသိပေမဲ့ အခုသင်တန်းလာ တက်မဲ့ရဲဘော်တွေက ကုလသမဂ္ဂဒုက္ခသည်အစီစဉ်နဲ့ နော်ဝေးမှာအခြေချနေထိုင်သူတွေဆိုတော့ Vikar နဲ့ နော်ဝေးအလုပ်သမားဥပဒေတွေအကြောင်းကို အတော်အတန်သိပြီးသူတွေ ဖြစ်ပုံရပါတယ်။


အော်စလိုရုံး လုပ်ငန်းခွင်ထဲက အမျီုးသမီးသတင်းထောက်တချို)

ထိုင်းနယ်စပ်ကနေ နော်ဝေးနိုင်ငံဆီရောက်ကာစ၊ Introdution Program (မိတ်ဆက်အစီစဉ်) အရ နှစ်နီးပါး နော်ဝေးစာသင်ပြီး အလုပ်စရှာစဉ်မှာ၊ နော်ဝေးအလုပ်ရှင်တွေဆီမသွားပဲ တော်လှန်ရေး မီဒီယာ DVB ရေဒီယိုမှာပဲ လုပ်မယ်ဆိုပြီ ရောက်လာကြသူ ဦးကတော့ တောခိုကျောင်းသားဟောင်းတွေဖြစ်တဲ့ PDF မှ ကိုရွှေသွေး၊ ABSDF မှ ကိုစိန်ဝင်း၊ NLD မှ ကိုအောင်ဆန်းညွန့်၊ NMSP-မွန်ပြည်သစ်ပါတီမှ နိုင်ဗညားမွန်၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေဖြစ်တဲ့ ကိုကျော်စိုးလင်း၊ မရီရီထွန်းနဲ့ မမြကြေးမုံ တို့ဖြစ်ပါတယ်။ 

သူတို့ ဦးကိုသင်တန်းပေးတဲ့နေရာက DVB ရုံးမှာမဟုတ်။ ဈေးအကြီးဆုံးမဟုတ်ရင်တောင် ဒုတိယ တန်းလောက် မှာရှိပုံရတဲ့၊ DVB အစည်းဝေးကိုလာတဲ့ ဧည့်သည်တွေတည်းနေကြ Scandic စကင်းဒစ် ဟိုတယ်မှာ။ ရုံးမှာပေး လည်းရရဲ့သားနဲ့ ဘာကြောင့် ပိုက်ဆံကုန်ခံပြီး ဟိုတယ်မှာသင်တန်းသွားလုပ်တာလဲလို့ တာဝန်ရှိသူတဦးကို မေးကြည့်မိပါတယ်။လူထင်ကြီးအောင်လဲ လုပ်ရသေးတယ်လေလို့ အဲဒီပုဂ္ဂိုလ်ကဖြေပါ တယ်။ ဒီလိုနဲ့ အဲဒီ ဟိုတယ်မှာ တပတ် သင်တန်းပေးပြီး ရုံးမှာ လက်တွေသင်တန်း တပတ်ဆင်းတယ်လို့ ကျနော်မှတ်မိနေ ပါတယ်။

ဒီသင်တန်းကို အဓိကတာဝန်ယူပို့ချသူက သတင်းအယ်ဒီတာ ကိုမိုးအေးပါ။ သူက ပူပူနွေးနွေး ကားဒစ်တက္ကသိုလ် ကနေ မီဒီယာနဲ့ မဟာဘွဲ့ရလာသူဆိုတော့ အတော်တက်ကြွနေပုံရပါတယ်။ ဒုညွန်မှုး ကိုခင်မောင်ဝင်းကလည်း DVB နောက်ခံသမိုင်းကြောင်းနဲ့ ရှေ့အလားလာတွေကိုရှင်းပြခဲ့တယ်လို့ထင်ပါတယ်။ သတင်းသဘောတရား သင်တန်းပို့ချတဲ့ အဲဒီ ရက်ထဲမှာ ‘’ကွင်းဆင်းသတင်းထောက်’’ အုန်းပင်တက်လက်မှတ်ရထားတဲ့ ကျနော့်ကိုလဲ တရက်စာ ၀င်သင်ပေးပါလို့ ကိုမိုးအေးက တာဝန်ပေးပါတယ်။

စစ်အသုံးအနှုံးတိုင်းပြောမယ်ဆိုရင် ရှေ့တန်းရဲဘော်ဘ၀နေ ဗိုလ်အဆင့်ထိ အဆင့်ဆင့်ဖြတ်သန်း တက်လာသူ၊ ဘောလုံးအသုံးအနှုံးတိုင်းဆိုရင် ဘောလုံးသမားဘ၀ကနေ နည်းပြအဆင့်ထိ အဆင့်ဆက့်တက်လာ သူပေါ့။ ဒါပေမယ့် ခက်တာက ကျနော်ဟာ သတင်းတပုဒ်၊ ဆောင်းပါးတပုဒ်ကို အစ- အဆုံး ကိုယ်ဘာသာ ကောင်းကောင်းလုပ်တတ်ပေမဲ့ သူများကို နားလည်အောင် စနစ်တကျသင်ပေးတတ်သူ မဟုတ်ပါ။ အသေ ချာလည်းတခါမှ သင်တန်းဆရာမလုပ်ခဲ့ဖူးပါ။ 

ကျနော်မှတ်မိသလောက်ဆိုရင် ၁၉၉၆ ၀န်းကျင်၊ တောထဲမှာတုန်းကတော့ ABSDF ရဲဘော်တွေကို ရှေ့တန်းမှာ သတင်းစုဆောင်းနည်း အခြေခံသင်တန်းတခုပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒါက Professional မဟုတ်။ တော် လှန်ရေးလိုအပ်ချက်အရ ကိုယ့်အတွေ့အကြုံကိုမျှဝေခဲ့ခြင်းမျှသာ။ အခုသင်တန်းမှာတော့ အဲဒီအဆင့်နဲ့ သွားလုပ် လို့မဖြစ်။ DVB က တော်လှန်ရေးသတင်းဌာနဆိုပေမယ့် Professional အဆင့်ကိုသွားဖို့ကြိုးစားနေတာကြောင့် စနစ်တကျပေးမှဖြစ်မှာပေါ့။

ဒါပေမယ့် ကျနော့်မှာ အဲဒီလို သင်တန်းပေးဖို့ပြင်ထားတဲ့ သင်ရိုးညွန်းတမ်းသဘော၊ စာရွက်စာတန်းနဲ့ပြင်ထားတာ ဘာမှမရှိ။ ဒီတော့ ကားဒစ်တက္ကသိုလ်က လတာသင်တန်းအတွေ့အကြုံ၊ ဘန်ကောက်မှာကြုံဖူးတဲ့ သံရုံးသိမ်း ကျောင်းသားခေါင်းဆောင်နဲ့ အင်တာဗျုး၊ DVB ရေဒိယိုရဲ့ နေစဉ်အတွေအကြုံတွေကိုပဲ သင့်သလို မျှဝေလိုက်ရပါ တယ်။ 

တကယ်က အတွေ့အကြုံမျှဝေတာနဲ့ သင်တန်းပေးတာ မတူပါ။ သင်တန်းဆရာမှာ သင်တန်းဆရာရဲ့ သီးခြား အရည်သွေးရှိရပါတယ်။ သီးခြားပြင်ဆင်မှုရှိရပါတယ်။ ဒါတွေကလဲ အခုအလုပ်ပြုတ်ပြီးမှ သတိထားမိလာတာ တွေပါ။ ဘန်ကောက်မှာတွေ့ရတဲ့ ကျနော့်ရဲ့မိတ်ဆွေ နိုင်ငံတကာသတင်းထောက်တွေ (အထူးသဖြင့် အလွတ်သတင်းထောက် လုပ်နေသူတွေ) ဟာ သတင်း၊ ဆောင်းပါး တပုဒ်ချင်းစီအတွက် နိုင်ငံတကာနှုံး ထားအတိုင်းရပေမဲ့ တပတ် တပုဒ်လာက်သာရေးနိုင်တဲ့အတွက် ဒီဝင်ငွေနဲ့စားမလောက်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် နာမည်ရဖို့ ဆောင်းပါးဆက်ရေးနေပေမဲ့ စားဝတ်နေရေးအတွက်တော့ သင်တန်းပေခြင်း အလုပ်၊ သင်တန်းဆရာအတတ်ကို မဖြစ်ဖြစ်အောင် တတ်ထားဖို့လိုတယ်လို့ သူတို့ကဆိုပါတယ်။

ဆောင်းပါးတပုဒ်အတွက် အနည်းဆုံး ဒေါ်လာ ၁၀၀ ရတဲ့ ဒီပုဂ္ဂိုလ်တွေတောင် ဒီလိုဖြစ်နေရင် တပုဒ်မှ ကျပ်ငွေ တသောင်း (၁၀ ဒေါ်လာ) ၀န်းကျင်သာရတဲ့ မြန်မာသတင်းသမားတွေဆို သေရော့ပေါ့။ အသက်အရွယ်ရလာတဲ့ သတင်းသမားတိုင်း သင်တန်းဆရာလုပ်နည်းလေးတော့ သင်ထားမှဖြစ်မယ်ဆိုပါတော့။


အော်စလိုရုံး အသံလွှင့်စတူဒီယိုမှ ရေဒီယိုအသံလွှင့်နေစဉ်)

သင်တန်းဆရာအကြောင်းပြောရင်းနဲ့ သင်တန်းသားတွေအကြောင်းတောင်မေ့တော့မလို့။ အဲဒီ သင်တန်းသား ဦး ဟာ ပတ်တာသင်တန်းပြီးတဲ့နောက် လတာ အလုပ်သင်ဘ၀နဲ့ DVB မှာ အလုပ်ဆင်းပါတယ်။ အထူးသဖြင့် သူများတွေ အလုပ် မဆင်းချင်တဲ့ စနေ၊ တနင်္ဂနွေမှာတာဝန်ယူရသူ ကျနော်နဲ့ အဲဒီလူသစ်တွေ အဓိက လက်တွဲ ရတာပေါ့။ လူသစ်တွေကို ခပ်တင်းတင်းကိုင်ဖို့တာဝန်ရှိသူတွေကပြောထားတဲ့အတွက် ကျနော်နဲ့ အဲဒီလူသစ်တွေ အကြား အဆင်မပြေမှု တချို့ဖြစ်ခဲ့သေး တာကို အမှတ်ရနေပါတယ်။

လကြာပြီးတဲ့အခါမှာတော့ အတော်များများ အလုပ်နားလိုက်ကြပါတယ်။ နားဆို DVB ကမှ သူတို့ကို အလုပ် မပေးနိုင်တော့ နားမှဖြစ်မှာပေါ့။ ဒီနိုင်ငံရဲ့အလုပ်သမားဥပဒေအရ လုပ်အားပေး၊ အလုပ်သင်လာ သူတွေကို ထက်ပိုခိုင်းခွင့်မရှိပါ။ (အဲဒီ လအတွက် ထောက်ပံ့လစာကို အလုပ်သမားရုံး NAV က ပေးထားပါတယ်) လထက်ပို ခိုင်းရင် အမြဲတန်းအလုပ်ခန့်မယ်ဆိုတဲ့သင်္ကေတဖြစ်ပါတယ်။ DVB က သူတို့ကိုအမြဲတန်းလိုတာ မဟုတ်ပဲ တခါတလေမှ ခေါ်သုံးမှာဆိုတော့ ဒီအလုပ်နဲ့ ထမင်းစားလို့ ဘယ်ရပါ့မလဲ။ နော်ဝေးမှာလုပ်မဲ့တော်လှန် ရေးက နယ်စပ်မှာလုပ်တဲ့တော်လှန်ရေးနဲ့မတူပါ။


လကျော်တဲ့အထိ ဆက်ပြီးတာဝန်ထမ်းသူ ဦးကတော့ ကိုအောင်ဆန်းညွန့်နဲ့ မရီရီထွန်းတို့ဖြစ်ပါတယ်။ ကို အောင်ဆန်းညွန့်က တီဗွီ ကိုလဲ စိတ်ဝင်စားတဲ့အတွက် TV ရေဒီယို ခုစလုံးကိုတွဲပြီးတာဝန်ယူပါတယ်။ နောက် ပိုင်းမှာတော့ မရီရီထွန်းတဦးပဲကျန်ပါတယ်။ စနေ-တနင်္ဂနွေမှာ အမြဲတန်းလူလိုနေတဲ့အတွက် သူကို ခေါ်သုံးရပြီး ကျနော်တို့ အလုပ်ဖြုတ်ခံရတဲ့ ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလကုန်ပိုင်းအထိ၊ တနည်းအားဖြင့် နော်ဝေးစတူဒီယိုကနေ ရေဒီယိုအသံလွှင့်မှု ရပ်နားချိန် နောက်ဆုံးရက်တွေအထိ မရီရီထွန်းတယောက် DVB တော် လှန်ရေးရေဒီယို အတွက် လုပ်အားပေးခဲ့တာကို ကျနော်အမှတ်ရနေပါတယ်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More