Wednesday, September 9, 2015

အပစ်ရပ်ပြီးမှ အပြတ်ရစ်ကြရမဲ့ သဘောလား

The Voice Daily, Wednesday, September 9, 2015.

ခေါင်းစဉ်ကိုဖတ်ပြီး နောက်တောက်တောက်ရေးထားတယ်လို့ မထင်လိုက်ပါနဲ့။ တကယ်တော့ အပစ်အခတ်ရပ်စဲ ရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုတာဟာ တဆက်တစပ်တည်းရှိနေရမှာပါ။ အခုတော့ အပစ်ရပ်တာကိုပဲ အရင်လက် မှတ်ထိုးပါ။ နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီ၊ အခု ဦးသိန်းစိန်အစိုးရ သက်တန်းမကုန်မီ မဖြစ် ဖြစ်အောင် လက်မှတ် ထိုးပါ။ တကယ်လို့ မထိုးဖြစ်ရင် အစိုးရသစ်တက်လာမှ အားလုံး ကနေ အသစ်ပြန်စနေရလိမ့်မယ်လို့ ငြိမ်းချမ်း ရေးအကျိုးတော်ဆောင် သမ္မတရုံးဝန်ကြီးက ပြောနေပါတယ်။

ဒါဟာ ဘာ သဘောလဲ။ အရင် န၀တ စစ်အစိုးရခေတ်ကလို အပစ်အခတ်ရပ်စဲရေးပဲ အရင်လုပ်ထား လိုက်ပါ။ ‘’နိုင်ငံ ရေးကိစ္စကတော့ ရွေးကောက်ခံအစိုးရသစ်တက်လာမှ ဆက်ဆွေးနွေးကြပေါ့’’ ဆိုသလိုဖြစ်နေပြီလား။ ဆိုလိုတာက လက်နက်ကိုင်တိုက်ကြတယ်ဆိုတာဟာ နိုင်ငံရေးအရ သဘောတူညီချက်ကို စားပွဲဝိုင်းမှာ မရှာနိုင်လို့ မလွဲမရှောင် သာပဲ အသက်ပေးတိုက်ကြရတာမျိုးပါ။

အခု ဆွေးနွေးခွင့်ရပြီဆိုတော့ လက်နက်ကိုင်တိုက်ရတဲ့အရင်းခံအကြောင်းရင်းကို နိုင်ငံရေးအရ သဘောတူညီချက် ရအောင် ဦးစားပေးဆွေးနွေးကြရမှာပေါ့။ အဲဒီလိုသဘောတူညီချက်ရပြီဆိုမှ လက်မှတ်ထိုးရမှာပေါ့။ အခုတော့ အဲဒီ လို မဟုတ်။ ပစ်ခတ်တိုက်ခိုက်ကြခြင်းအကြောင်းရင်းဖြစ်တဲ့ နိုင်ငံရေးပြသာနာကို ဘာမှဆွေးနွေးခွင့်မရသေးခင် တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) ကို အရင်လက်မှတ်ထိုးရမှာတဲ့။

ဒီလိုစာချုပ်မှာ လက်မှတ်ထိုးထားပြီးမှ နိုင်ငံရေးဆွေးနွေးပွဲမှာ သဘောတူညီချက်မရရင် ဘယ်လိုလုပ်မှာလဲ။ အဲဒီ အချိန်ကြမှ ပြန်တိုက်ကြမှာလား။ အပစ်ရပ်တာက ဘယ်လို မူတွေအပေါ်အခြေခံပြီး ရပ်ထားကြတာလဲ။ ‘’အခုရှုတ် မှ နှောင်ရှင်း’’ ဆိုတဲ့ မြန်မာစကားပုံနဲ့ လက်ရှိ အပစ်ရပ်ဖြစ်စဉ်ကတော့ ပြောင်းပြန်ဖြစ်နေပုံပါပဲ။

တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်ပဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက် ပွဲကိုဝင်သွားတဲ့ နိုင်ငံရေးပါတီတွေလို၊ လွှတ်တော်ထဲကိုယ်တိုင်ဝင်ပြီး ပြင်မှဖြစ်မယ်ဆိုတဲ့စိတ်ကူးတွေနဲ့ (အစိုးရက တဖက်သတ်ချ မှတ်ထားတဲ့) မူဘောင်တွေ ထဲဝင်သွားပြီးမှ ပြန်ဆုတ်လို့မရတော့တဲ့ အခြေအနေမျိုးဆီ ဒီနေ့ ငြိမ်း-အဖွဲ့တွေပါ ရောက်သွားမလား။


နေပြည်တော်မှာ လက်မှတ်ထိုးတော့မယ်

ဘယ်လိုပဲမေးခွန်းတွေရှိနေပါစေ။ စက်တင်ဘာ ရက်နေ့ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ် တွေနဲ့ မြန်မာအစိုးရအဖွဲ့ရဲ့ သမ္မတ ဦးသိန်းစိန်၊ တပ်-ချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်မှာ တွေ့ ဆုံပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ထိုးကြ တော့မှာပါ။


လက်မှတ်ထိုးတယ်ဆိုတာဟာ ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း နိုင်ငံရေးဆွေးနွေးမှုတွေစတင်နိုင်ဖို့ ပထမ အဆင့်အနေနဲ့ ယာယီအပစ်ရပ်ထားဖို့ကိုဆိုလိုတာပါ။ ဒါတောင် ဒီအပစ်ရပ်အဆင့်လက်မှတ်ထိုးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်ခွင့်ရ မရ မသေချာသေးပါဘူး။ ဒီလိုမသေချာတဲ့ အချက်အပေါ်မူတည်ပြီး အပစ်ရပ်အဆင့် လက် မှတ်ထိုးပွဲတောင် ဖြစ်လာပါ့မလားလို့ စိုးရိမ်သူတွေ လည်းရှိနေပါတယ်။

ဘာကြောင့်လဲဆိုရင် သမ္မတဦးသိန်းစိန်ရဲ့ သြဂုတ်လ ၁၀ ရက်နေ့ ကမ်းလှမ်းချက်ထဲမှာ အဖွဲ့ ၁၅ ဖွဲ့ပဲ ပါပြီး ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ မပါဝင်ပါ ဘူး။ ပြီးတော့အမျိုးသား အဖွဲ့ချုပ် (WNO) လားဟူအမျိုးသားဒီမိုကရက်တစ်အစည်းအရုံး (LDU) နဲ့ ရခိုင် အမျိုးသား ကောင်စီ (ANC) တို့ကိုလည်း မပါဝင်နိုင် အောင် ကန့်သတ်ထားတယ်လို့သိရပါတယ်။

(သမ္မတစာပို့ထားတဲ့ ၁၅ ဖွဲ့ကတော့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ကရင့်အမျိုးသားအစည်းအရုံး (KNU) ကရင် နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP ) ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA ) ချင်းအမျိုးသားတပ်ဦး (CNF) မွန်ပြည်သစ်ပါတီ (NMSP) ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNL)ပြည် သွေးစည်းညီ ညွတ်ရေး တပ်မတော် (UWSA) အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ရှမ်းပြည် ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS/SSA) ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP ) ဒီမိုကရေစီအကျိုးပြု ကရင်အမျိုး သားတပ်မတော် (DKBA) နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ -ကပ်ပလန် (NSCN-K) ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ ဖြစ်ပါတယ်။)

ဒီတောတွင်းမှာပဲ တပ်-ချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကလည်း MNDAA ဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာ ဏာကိုထိပါးကာ စစ်ကြေညာပြီး စတင်တိုက်ခိုက်လာခဲ့ခြင်းဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်လို့ မရနိုင်ကြောင်း၊MNDAA ကို စစ်ရေးအရ ၀ိုင်းကူညီခဲ့ကြတဲ့ TNLA AA နဲ့ KIA တပ်မဟာ () တို့လည်း ငြိမ်းချမ်းရေး လုပ်လိုပါက လက်နက်စွန့်ရမှာဖြစ်ကြောင်း သြဂုတ်လ ၂၅ နေ့က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီနှင့်တွေ့ဆုံစဉ်မှာ ပြောဆို လိုက်ပြန်ပါတယ်။

ဒီလိုကြိုတင်ကန့်သတ်ချက်တွေရှိနေတဲ့အတွက် ရက်နေ့မှာ လက်မှတ်ထိုးဖြစ်ပါ့မလား။ တကယ်လို့ အားလုံးပါဝင် ခွင့်မရပဲ အဖွဲ့တချို့ကပဲ ကွက်ပြီးထိုးတယ်ဆိုရင်ကော ဒါကို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးစာချုပ် (NCA) လို့ ခေါ်ဆိုနိုင်ပါ့မလား။ လက်မှတ်မထိုးနိုင်သေးတဲ့နယ်မြေတွေမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာဦးမလားဆိုပြီး မေးခွန်းထုတ် မှုတွေ များလာနေပါတယ်။


အကဲခတ်တွေရဲ့ အမြင်

အကဲခတ်တွေရဲ့အမြင်ထဲမှာတော့ ကျနော်တို့ ၈၈ ကျောင်းသားတွေ တောမခိုခင်ကတည်းက လက်နက်ကိုင်တော် လှန်ရေးနယ်မြေထဲရောက်ခဲ့ဖူး၊ နေခဲ့ဖူး၊ စာအုပ် စာတန်းတွေအများကြီးရေးဖူးခဲ့သူ၊ နိုင်ငံတကာ အစိုးရတွေ၊ အလှူ ရှင် အဖွဲ့အစည်းတွေအကြောင်းလည်း ကောင်းကောင်းသိသူ ဆွီဒင်သတင်းစာဆရာ Bertil Lintner ရဲ့အမြင်ကို အလေးထားစဉ်းစားသင့်တယ်လို့ ထင်ပါတယ်။ 




‘’အခုဆွေးနွေးပွဲတွေကို ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုပြီး အကဲခတ်တချို့ကပြောနေတာတွေ့ရပါတယ်။ တကယ်တော့ အခု ဟာက အပစ်ရပ်ရေးအတွက် နည်းစနစ်ပိုင်းဆွေးနွေးတဲ့အဆင့်ပဲရှိပါသေးတယ်။ အပစ်ရပ်ပြီးမှ စားပွဲဝိုင်းမှာထိုင်၊ နိုင်ငံရေးအရသဘောတူညီချက်ရမှ လက်မှတ်ထိုးရမှာ။ အခုဟာက နွားရှေ့ထွန်းကျုးသလိုဖြစ်နေတယ်’’ လို့ Lintner ကပြောကြောင်း ဧရာဝတီမဂ္ဂဇင်း မှာဖေါ်ပြထားတာတွေ့ရပါတယ်။

နိုင်ငံရေးမဆွေးနွေးပဲ အပစ်အခတ်ရပ်စဲရေးတခုတည်းကိုပဲပြောမယ်ဆိုရင် ၁၉၉၀ ၀န်းကျင် အရင်စစ် အစိုးရခေတ် ကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ ခန့် လက်မှတ်ထိုးခဲ့ပြီးဖြစ်ကြောင်း၊ အခုချိန်မှာထူးထူးခြားခြား ပိုလာ တာဆိုလို့ နိုင်ငံတကာငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေ ပါလာခြင်းသာဖြစ်ကြောင်း၊ ဒါကို သူ့အနေနဲ့ ‘’peace industrial complex’’ လို့သာ ခေါ်ချင်ကြောင်း ပြောထားပါတယ်။

ငြိမ်းချမ်းရေးအတွက် အဓိကအလှူရှင်ဖြစ်တဲ့နော်ဝေးနိုင်ငံကိုလည်း ကွင်းထဲကတကယ့် အခြေအနေ ကိုမသိပဲနဲ့ စိုးရနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ဖက်ယိမ်းပြီး တဖက်သတ်ကူညီနေသူ၊ သိရီလကာင်္ ပြည်တွင်းစစ်အတွင်း ၀င်ရောက်ကူညီပုံနဲ့ ဥပမာပေးပြိး ခပ်ပြင်းပြင်းဝေဖန် ထားပါသေးတယ်။ မကြာခင်နှစ်တွေအတွင်း မြန်မာနိုင်ငံလည်း သိရီလကာင်္လိုဖြစ်လာမယ်ဆိုရင် သူအနေနဲ့ အံ့သြမှာမဟုတ်ဘူးလို့ ဟောကိန်းထုတ်ထားပါတယ်။

နောက်ထပ်တင်ပြလိုတဲ့ အကဲခတ်ဦးတဦးကတော့ လက်ကိုင်တော်လှန်ရေးထဲ ကိုယ်တိုင်ဖြတ်သန်းဖူးသူ၊ ABSDF မှာ ခေါင်းဆောင်ပိုင်းတာဝန်ယူခဲ့ဖူးသူ၊ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးရဲ့ အမြင်ပါ။ 

အခုလက်မှတ်ရေးထိုးမယ်ဆိုတဲ့ စာချုပ်ဟာ ၁၉၉၄ တုန်းက KIO နဲ့ စစ်အစိုးရတို့ကြား ချုပ်ဆိုတဲ့ စာချုပ်နဲ့ သဘော ချင်းအတူတူဖြစ်ကြောင်း၊ ‘’ပြသာနာများကို ဖက် ပူးတွဲကိုင်တွယ်ဆောင်ရွက်သွားရန်’’ ဆိုတဲ့ ဘက် ဖက်သာပါ တဲ့အတွက် တဖက်ဖက်ကဖေါက်ရင် ထိမ်းနိုင်မဲ့ တတိယ အင်အားစုမရှိဘူး၊ အချိန်မရွေးတိုက်ပွဲတွေ ပြန်ဖြစ်နိုင် တယ်၊ တိုက်ပွဲမဖြစ်အောင် ထိမ်းနိုင်တဲ့ အဆင့်တောင် ဒီစာချုပ်မှာ မတွေ့ရဘူးလို့ ဦးအောင်ထူးက သူရဲ့ စာတမ်းထဲ မှာ ထောက်ပြထားပါတယ်။

ဒုတိယ အချက်ကတော့ နိုင်ငံတော်အဆင့် အခုလိုလက်မှတ်ထိုးမယ်ဆိုရင် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့တွေ ကို မတရားအသင်းကြေငြာထားမှုကနေ ဥပဒေကြောင်းအရ အရင်ဆုံးရုတ်သိမ်းပေးဖို့လိုတယ်လို့ သူကထောက်ပြ ပါတယ်။ 

NCA စာချုပ်အပိုဒ် ၂၄ () မှာ ‘’ဤသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးကို မတရားအသင်းအဖြစ်ကြေညာထားခြင်းမှပယ်ဖျက်ရေး ဆက်လက်ဆောင်ရွက်သွား ရန် သဘောတူသည်’’ ဟု ဖေါ်ပြထားခြင်းဟာ ဥပဒေအသုံး အနှုန်း မဟုတ်ကြောင်း၊ ဥပဒေအရဆိုရင် စကားလုံး အတိအကျသုံးဖို့လိုပြီး အခုဟာက ဝေေ၀၀ါးဝါးဖြစ်နေကြောင်း၊ လက်မှတ်မထိုးခင် ဒီဟာကိုအရင်ရှင်းဖို့လိုကြောင်း၊ နောက်ပိုင်းကျမှ မတရားအသင်းကနေ လွတ်ကင်းစေချင်ရင် လက်နက်စွန့်ပြီး ပါတီထောင်ပါလို့ အစိုးရဖက်က ပြောလာရင် ဒီစာချုပ်အရ တိုင်းရင်းသားတွေ ခြေချုပ်မိပြီးသားဖြစ်သွားနိုင်တယ်လို့ ဦးအောင်ထူးက ထောက်ပြထား ပါတယ်။

သူတို့ ဦးအပါဝင် ဒီဖြစ်စဉ်အပေါ် ဝေဖန်ထောက်ပြနေသူတွေဟာ ငြိမ်းချမ်းရေးကို မလိုလားလို့ အပြစ်တင်နေခြင်း မဟုတ်ပါ။ ဟန်ပြငြိမ်းချမ်းရေးမဖြစ်ဖို့။ ၁၉၉၀ ၀န်းကျင် န၀တ ခေတ်ငြိမ်းချမ်းရေး လိုမဖြစ်ဖို့။ အနှစ်သာရရှိပြီး ရေ ရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်စေဖို့ အချက်အလက်စုံလင်အောင် အကြံပြုနေခြင်းသာဖြစ်တယ်ဆိုတာကို အစိုးရ၊ MPC နဲ့ နိုင်ငံတကာအလှူရှင်တွေဖက်က မြင်ဖို့လိုပါတယ်။


အနှစ်ပြန်ချုပ်ရရင်တော့ ‘’အခုရှုပ်မှ နောင်ရှင်း’’ ဆိုတဲ့အတိုင်း လက်မှတ်မထိုးခင် ရင်ထဲရှိတာတွေကို ပွင့်ပွင့် လင်း လင်းဆွေးနွေး အဖြေရှာဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ပဲ သူတို့အစိုးရသက်တန်းမကုန်ခင်မှာ လက်မှတ်ထိုးမှဖြစ်မယ် ဆိုပြီး သမ္မတရုံးဝန်ကြီးက ဖိအားပေးလာလို့ မငြင်းသာပဲ ထိုးလိုက်ရတာမျိုး၊ သမ္မတကိုယ်တိုင်ကလည်း ပြဿနာ ပြေလည်ရေးထက် သူ့အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေး လက်မှတ်ထိုးနိုင်ခဲ့တယ်ဆိုတာကို ပြချင်ဇောက ပိုများနေ တာမျိုးဆိုရင်တော့ ဒီစာချုပ်ဟာ အဖြေထက် မေးခွန်းတွေသာပိုများလာစေနိုင်ပါတယ်။


အထူးသဖြင့် တိုင်းရင်းသားတွေဖက်က တောင်းဆိုထားတဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော် ဆိုတာ ကို အစိုးရဖက်က ဘယ်လိုသဘောထားလသဲ။ DDR, SSR ဆိုတဲ့ တိုင်းရင်သားတပ်တွေ လက်နက်ဖြုတ်သိမ်းရေး၊ ဒါမှမဟုတ် အစိုးရတပ်နဲ့ပူးပေါင်းရေး၊ နယ်ခြားစောင့်တပ်၊ ပြည်နယ်စောင့် ရဲတပ်ဖွဲ့ စသဖြင့် အသွင်ပြောင်းရေး အပါ အ၀င် လက်နက်ကိုင်တပ်တွေရဲ့ အနာဂတ်အကြောင်း ဆွေးနွေးတဲ့ အခါကျမှ ဒီ NCA စာချုပ်က အဖြေမပေးနိုင်ပဲ ရှုတ်ထွးမှုတွေကိုသာ ပိုဖြစ်လာစေမလားဆိုတာ စဉ်းစား ဘွယ် ဖြစ်လာနေပါတယ်။       

(မှတ်ချက်။    ။ ဒီဆောင်းပါးရဲ့ အဓိက ဆိုလိုရင်းဟာ ''အကုန်ရရင်ရ မရရင် ဘာမှမလိုချင်ဘူး'' လို့ မဆိုလိုပါ။ ရသမျှကိုအရင်ယူထားတာ၊ အခြေအနေအရလုပ်နေရတာကို အပြစ်မပြောပါ။ ဒါပေမဲ့ မူလရည်မှန်းချက်ဆီ အထိရောက်အောင်သွားဖို့၊ တန်းဝင်တဲ့ ငြိမ်းချမ်းရေးဖြစ်အောင်ဆက်လုပ်ဖို့ တိုက်တွန်းခြင်းသာဖြစ်ပါ တယ်။)။

Tuesday, September 1, 2015

လှူပြီး ပြီးရော့လား

The Voice Daily, 31-8-2015.


အော်စလိုမြို့လယ်က အလှူခံပုံး 

နှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံးရေဘေးဒဏ်ကိုခံစားခဲ့ရတဲ့ မြန်မာနိုင်ငံက ရေဘေးဒုက္ခသည်တွေကို ကူညီ ပေးနိုင်ဖို့ ကုလသမဂ္ဂအပါဝင် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ၊ နိုင်ငံတကာအစိုးရတွေနဲ့ ပြည်တွင်း-ပြည်ပရှိ မြန်မာတွေ အားလုံး နည်းပေါင်းစုံနဲကြိုးစားနေကြတာ အားလုံးအသိပါ။


ဒီလိုကြိုးစားသူတွေထဲ နော်ဝေးနိုင်ငံရောက် မြန်မာတွေလည်း ဘယ်နောက်ကျ ကျန်နေပါ့မလဲ။ သြဂုတ်လ ၁၅ ရက် နေ့က အော်စလိုမြို့လယ် ပါလီမန်ဘေးနားရှိ Karl johan လမ်းမပေါ်မှာ အလှူခံပုံးငယ်ကိုယ်စီနဲ့ လူ ၁၀ ကျော် လောက်ရပ်ပြီး အလှူခံလိုက်တာ ခရိုနာ ငါးထောင်ကျော်ရှိခဲ့ပါတယ်။

တကယ်တော့ လမ်းမပေါ်ထွက်၊ အလှူခံပုံးကို ‘’ကလောက် ကလောက်’’ လှုပ်ပြီး အကြွေစေ့ကို အဓိကထား အလှူခံ ရတဲ့ ဒီအလုပ်မျိုး အရင်က ကျနော်တို့ တခါမှမလုပ်ဖူးပါ။ မြန်မာ့အခြေအနေကို လမ်းသွားလမ်းလာတွေ သိအောင် ပြောပြနိုင်ပေမဲ့ စကာပီကာနဲ့အော်ပြောခွင့်မရှိ။ ပိုစတာထောင်ခွင့်မရှိပါ။ ဒီတော့ ရေဘေးကြုံနေရတဲ့ ဓာတ်ပုံ အထောက်အထား၊ သတင်းစာဖြတ်ပိုင်းတွေကို အလှူခံနေသူတွေရဲ့ရှေ့က လမ်းမပေါ် ဒီတိုင်းချထားရပါတယ်။

အဆိုတော် ကိုမွန်းအောင်က ဂီတာတီးပြီး ငြိမ်းချမ်းရေးတေးသံတွေကို အော်ဆိုနေပေမဲ့ စပီကာ မရှိတော့ သိပ် မကြားရ။ ဘေးနားမှာကလည်း မျက်လှည့်ပွဲလိုလို၊ ဆပ်ကပွဲလိုလို လူတွေတိုးဝှေ့နေတဲ့ ပွဲတွေကအများကြီး။ ဒီလို ပွဲပေါင်းများစွာကြားမှာ ‘’ကလောက် ကလောက်’’ နဲ့ အလှူခံပုံးလေး လှူပ်ပြီးနှိုးဆော်ရတဲ့အလုပ်က သိပ်မလွယ်။ ဘယ်သူမှ အလှူငွေလာမထည့်ခင် အကြွေစေ့တွေစုပြီး ကိုယ့်အချင်းချင်း အရင်လှူကြရပါတယ်။ နို့မို အလှူခံပုံးက ‘’ကလောက် ကလောက်’’ ဆိုတဲ့အသံ ဘယ်ထွက်ပါ့မလဲ။

လမ်းသွားလမ်းလာအတော်များများက တခရိုနာ၊ ငါးခရိုနာ၊ တဆယ်ခရိုနာ၊ နှစ်ဆယ်ခရိုနာ အကြွေစေ့တွေကို ထည့်သွားကြပေမဲ့ တရာတန်၊ နှစ်ရာတန်ငွေစက္ကူတွေကို လာထည့်သွားသူတွေလဲ အနည်းအကျဉ်းရှိပါတယ်။ ဒီက အလှူခံပုံးတွေက မြန်မာနိုင်ငံက ငွေဖလားတွေလို အဖုံးဖွင့်မဟုတ်တော့ ငွေစက္ကူတွေ အထပ်လိုက်ထည့်လို့မရပါ။ အကြွေစေ့ထည့်ဖို့အတွက် အထူးစီစဉ်ထားပုံရပြီး ပုံးတိုင်းမှာ မှတ်ပုံတင်နံပတ်ပါတဲ့အပြင် အဖုံးကိုအသေအချာ သော့ခတ်ထားပါတယ်။ ဒါဟာ အလှူခံခြင်းနဲ့ပတ်သက်တဲ့ အနောက်နိုင်ငံတွေရဲ့ တင်းကျပ်တဲ့ လုပ်ထုံးလုပ်နည်းဖြစ် တယ်လို့ ဆိုပါတယ်။

ထားတော့။ ဒီနည်းကိုရှင်းပြရင်းနဲ့ မြန်မာနိုင်ငံက အဖုံးဖွင့် ငွေဖလားကိုင် အလှူခံနည်းကို ဝေဖန်သလို ဖြစ်သွားပါ ဦးမယ်။ အနှစ်ချုပ်ရရင် အဲဒီအလှူခံပုံးတွေကို ရုံးဖွင့်ရက်မှာ NBC နော်ဝေ-မြန်မာကော်မီတီက ပြန်ဖွင့်စစ်တော့ ခရိုနာ ၅၀၀၀ ကျော်ရတယ်လို့သိရပါတယ်။ တခါ NBC က ဖွင့်ထားတဲ့ ရေဘေးအလှူခံ ဘဏ်အကောင့်ထဲကို လည်း သီးခြားအလှူငွေ ခြောက်ထောင်ကျော် ၀င်နတယ်လို့ဆိုပါတယ်။ ဒါ့အပြင် NBC ကိုယ်တိုင်က နောက်ထပ် ခရိုနာတသောင်း ထပ်အလှူထည့်ဝင်တဲ့အတွက် အားလုံးခရိုနာ နှစ်သောင်းကျော် မြန်မာ့ရေဘေးဒုက္ခသည်တွေအ တွက် ရန်ကုန်က ကယ်ဆယ်ရေး အဖွဲ့တွေဆီ ပို့ပေးနိုင်ခဲ့ပါတယ်။

ဒါက အော်စလိုမြို့လယ် လမ်းမပေါ်အထိထွက်ပြီး အများသိအောင် လှုပ်ရှားတဲ့အလှူခံမို့ အလေးထား တင်ပြနေတာ ပါ။ တကယ်တော့ ဒီအလှူခံပွဲမတိုင်မီကတည်းက နော်ဝေးရှိ မြန်မာတွေ အချင်းချင်း ဆွေးနွေးတိုင်ပင်ပြီး စုပေါင်း အလှူထည့်တဲ့ငွေက ဒီထက် - များပါတယ်။ ဒီမြန်မာတွေအပါဝင် နော်ဝေးနိုင်ငံသားတွေရဲ့ အခွန်ဆောင် ငွေ ထဲကနေ ခရိုနာ ၁၀ သန်း လှူလိုက်တဲ့ နော်ဝေးအစိုးရဲ့ အလှူငွေကိုပါ ပေါင်းလိုက်ရင် နော်ဝေးရဲ့ အလှူက သိပ် မနည်းလှပါဘူး။

လူဦးရေ ငါးသန်းသာရှိတဲ့နိုင်ငံငယ်လေး၊ မြန်မာဦးရေ ထောင်ဂဏန်းသာရှိတဲ့ ဒီနိုင်ငံလေးကတောင် ဒီလောက်အ ထိ အလှူငွေထည့်နေတယ်ဆိုရင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ၊ မြန်မာဦးရေ သောင်းနဲ့ချီရောက်နေကြတဲ့ နိုင်ငံကြီး တွေက ထည့်ဝင်တဲ့အလှူငွေ ဘယ်လောက်အထိရှိနေပြီလဲဆိုတာ ခန့်မှန်းတွက်ချက်နိုင်ပါတယ်။ အမေရိကန်၊ သြစတေလျနဲ့ တချို့ နိုင်ငံကြီးတွေမှာဆို အခုချိန်ထိ ဈေးရောင်းပွဲတွေ၊ သီချင်းဆိုပွဲတွေ၊ အလှူခံပွဲတွေလုပ်ပြီး ရေဘေးအတွက် အလှူ ငွေကောက်ခံနေဆဲပါ။

အလှူငွေတွေကို ဘယ်လိုခွဲဝေပေးသလဲ

NBC က ဦးစီးကောက်ခံတဲ့အလှူငွေတွေကို ၈၈ မျိုးဆက်အဖွဲ့ဆီ ပေးပို့မယ်လို့သိရပါတယ်။ မြန်မာမိသားစုတွေရဲ့ အလှူငွေအများစုကိုတော့ ကိုကျော်သူတို့ရဲ့ နာရေးကူညီမှုအသင်းဆီပေးပို့ခဲ့သလို တချို့ကလည်း ကိုယ့်အစီစဉ်နဲ့ ကိုယ် ရေဘေးဖြစ်နေတဲ့ ဒေသတွေဆီအထိသွားပြီး ကူညီနေကြတယ်လို့သိရပါတယ်။ ဒီလိုတဦးချင်းအလှူငွေမှ အပ နိုင်ငံအလိုက်အလှူငွေတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက အလှူငွေတွေ ပစ္စည်းတွေကတော့ အစိုးရ၊ အစိုးရ လက်အောက်ခံအဖွဲ့အစည်းနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေဆီ ပေးပို့ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီနေရာမှာမေးစရာရှိလာတာက အလှူငွေဆိုတာ လှူပြီးရင် ပြီးသွားရော့လား။ အဲဒီအလှူငွေတွေဟာ အလှူရှင်တွေ မျှော်မှန်းတဲ့အတိုင်း တကယ့်ဒုက္ခသည်တွေဆီ ရောက်သွားပါရဲ့လား။ ဒုက္ခသည်တွေကကော အကျိုးရှိ စွာအသုံးချ ကြပါရဲ့လား။ စားဝတ်နေရေးအပြင် ပြန်လည်တည်ဆောက်ရေးအတွက်ပါ ဘာတွေ ထပ်ကူပေးဖို့လိုမလဲ။ ဒီကိစ္စ တွေကို ဘယ်သူတွေက ဘယ်လိုတာဝန်ယူပြီး စောင့်ကြည့်အကဲခတ်မှု လုပ်နေသလဲ ဆိုတာပါပဲ။

အလှူခံပွဲနောက်တရက်မှာ နော်ဝေးနိုင်ငံဆီရောက်လာတဲ့ ဗုဒ္ဒဘာသာမြန်မာဘုန်းတော်ကြီးတပါးကတော့ အလှူ ပေးတယ်ဆိုတာဟာ လှူလိုက်တဲ့ပစ္စည်းအပေါ် ဘာမှအစွဲအလမ်း ထားမနေသင့်ဘူး။ သာဓုခေါ် ရေစက်ချပြီးရင် ကိစ္စပြတ်ပြီလို့ ဟောပါတယ်။ ‘’ဒီဘုန်းကြီးစီးနေတဲ့ ပါဂျယ်လိုကားကြီးက ငါတို့လှူထားတဲ့ အလှူငွေနဲ့များ ၀ယ်ထား သလား’’ ဆိုပြီး စိတ်ထဲထင်မိရင်တောင် ကုသိုလ်မရတော့ဘူးဆိုပြီး နောက်ပြောင်ပြောဆိုသွားပါသေးတယ်။

ဒါပေမဲ့ ဘုန်းတော်ကြီးပြောသွားတဲ့အလှူဆိုတာက ဘာသာရေးဆန်တဲ့အလှူ၊ ဝေဿန္တရာဆန်တဲ့အလှူ၊ တကိုယ် စာ နိဗ္ဒာန်ရောက်ချင်လို့ လှူတဲ့အလှူတွေကို ညွှန်းတာဖြစ်ပုံရပါတယ်။ အခုဟာက နိဗာန်ရောက်ချင်လို့ လှူတဲ့ အလှူ မဟုတ်ပါ။ ဒုက္ခရောက်နေသူတွေကို လူသားချင်းစာနာတဲ့အနေနဲ့ ကိုယ့်ချွေးနဲစာထဲကနေ ခွဲဝေပေးကမ်း လိုက်တဲ့ အလှူ၊ ကိုယ်အခွန်ဆောင်ထားတဲ့ငွေထဲကနေ သက်ဆိုင်ရာအစိုးရကပေးလိုက်တဲ့အလှူ။ ဒီတော့ သာဓုခေါ်လိုက်ရုံ နဲ့ ဘယ်ပြီးမလဲ။ ဒီအလှူငွေတွေကို ဘယ်လိုအကျိုးရှိရှိသုံးခဲ့သလဲဆိုတာ အလှူရှင်တွေ သိသင့်တာပေါ့။

ပုဂ္ဂလိကအလှူငွေတွေနဲ့ပတ်သက်ပြီး ကြီးမားတဲ့ဝေဖန်မှုမကြားရသေးပေမဲ့ အစိုးရအချင်းချင်း၊ ဒါမှမဟုတ် နိုင်ငံတ ကာအဖွဲ့အစည်းတွေက လှူလိုက်တဲ့ပစ္စည်းတွေကို မြန်မာအစိုးရက တံဆိပ်ပြောင်းကပ်ပြီး၊ ဒါမှမဟုတ် မူလ အင်္ဂ လိပ်စာသားပေါ်မှာ မြန်မာလိုထပ်ကပ်ပြီးနိုင်ငံတော်သမ္မတကြီးမှ ထောက်ပံ့လှူဒါန်းသည်’’ ‘’တိုင်းဒေသကြီး အစိုး ရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသည်’’ ဆိုတဲ့ ဓာတ်ပုံအထောက်အထားတွေ၊ နိုင်ငံတကာအလှူပစ္စည်းတွေကို ဈေးထဲမှာ ရောင်းချနေတဲ့ ဓာတ်ပုံအထောက်အထားတွေကို လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ မြင်လာနေရပါတယ်။


ဒါပေမယ့် ဘာဖြစ်ဖြစ် အရင် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးကာလနဲ့စာရင် နိုင်ငံတကာအကူအညီကို မငြင်းပယ်ပဲ လက်ခံလာတာကိုက တိုးတက်မှုတခုအဖြစ်ကြိုဆိုသင့်တယ်မဟုတ်ပါလား။ ပြည်တွင်း-ပြည်ပ အလှူ ရှင်တွေကို ရေးဘေးသင့်ဒေသတွေဆီအထိ တားဆီးနှောက်ယှက်မှုမရှိပဲ သွားလာခွင့်ပေးထားတာကိုက တိုးတက် လာခြင်းတခုမဟုတ်ပါလား။ လက်ရှိ အစိုးရအဖွဲ့ထဲကလူတွေဟာ အရင်စစ်အစိုးရအဖွဲ့ကလူတွေ ယူနီဖောင်းပြောင်း ထားရုံသက်သက်ဆိုပေမဲ့ အခုအလှူငွေလက်ခံနေပုံကိုထောက်ရင် ဒီလူတွေ အရင်လောက် မဆိုးတော့ပါဘူး။ ပြည် သူတွေအပေါ် အရင်အစိုးရထက် နည်းနည်းလေးပိုစာနာမှု ရှိလာပြီလို့ ပြောသင့်တယ်မဟုတ်ပါလား။


ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှု

ဒါပေမဲ့ ဒီလောက်လုပ်ပြရုံနဲ့ဘယ်ရပါ့မလဲ။ အခုခေတ်က စစ်အစိုးရခေတ်မဟုတ်တော့ဘူး။ ရွေးကောက်ခံအရပ် သားတွေ အုပ်ချုပ်နေတဲ့ ဒီမိုကရေစီအစိုးရခေတ်ဖြစ်နေပြီလို့ တရားဝင်ကြွေးကြော်ထားတယ်မဟုတ်ပါလား။ ဒီ တော့ နိုင်ငံတကာအစိုးရတွေလို ပွင့်လင်းမြင်သာမှုတွေ၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေအများကြီးပြသဖို့ လိုနေပါ သေးတယ်။ 




နိုင်ငံတကာက ၀င်လာတဲ့အလှူငွေတွေ၊ အလှူပစ္စည်းတွေကို ဗဟိုအစိုးရ၊ ပြည်နယ်-တိုင်းအစိုးရနဲ့ အစိုးရလက် အောက်ခံအဖွဲ့အစည်းတွေက ဘယ်လိုမျိုးစနစ်တကျခွဲဝေ သုံးစွဲနေသလဲ။ အစိုးရမဟုတ်တဲ့အဖွဲ့တွေ၊ ပုဂ္ဂလိက အသင်းအဖွဲ့တွေကကော ဘယ်လိုမျိုးစနစ်တကျ ဖြန့်ခွဲပေးနေသလဲ ဆိုတာဟာ ဒီနေ့မေးခွန်းဖြစ်လာနေပါတယ်။

‘’စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းသည် မြတ်သောမင်္ဂလာမည်၏‘’ ဆိုတဲ့ ဆောင်ပုဒ်ကို ထိပ်မှာတင်ထားတဲ့ မြန်မာ့အ လင်းသတင်းစာရဲ့အဆိုအရ အခု ရေကြီးမှုအတွင်း အိမ်ထောင်စု သိန်း၊ လူဦးရေ ၁၆ သိန်းခန့် ရေနစ်မှုကိုခံခဲ့ရ ကြောင်း၊ လူနေအိမ် တသောင်း ခုနှစ်ထောင်၊ စာသင်ကျောင်း ၅၂၈ ကျောင်းနှင့် ဘုန်းကြီးကျောင်းအပါဝင် တခြား အဆောက်အအုံ ထောင်ခန့်ပျက်စီးခဲ့ကြောင်း၊ လယ်ဧက ၁၄ သိန်းရေနစ်ပြီး သိန်းပျက်စီးခဲ့ကြောင်း၊ ဆုံးရှုံးမှု တန်းဖိုး ၁၆၅ ဘီလီယံရှိကြောင်း သမ္မတဦးသိန်းစိန်ရဲ့ပြောကြားချက်ကို ကိုးကားဖေါ်ပြထားပါတယ်။

ထူးခြားတာကတော့ သမ္မတကိုယ်တိုင်က ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် စာရင်း ဇယားအတိအကျဖြင့် စနစ်တကျဆောင်ရွက်ထားရှိကြရန် ညွှန်ကြားခဲ့ကြောင်း၊ အောက်ခြေက တင်ပြလာတဲ့ စာ ရင်းတွေအပေါ် အခြေခံလုပ်ဆောင်ရတဲ့အတွက် ကိန်းဂဏန်းအမှန်ရဖို့အထူးလိုအပ်နေကြောင်း ကယ်ဆယ်ရေး အစည်းအဝေးအတွင်း အလေးပေးပြောကြားသွားတယ်ဆိုတဲ့အချက်ပါ။

အများကဝေဖန်နေတာကလဲ ဒီစနစ်တကျမရှိတဲ့ကိန်းဂဏန်းတွေနဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ အလှူငွေ၊ အလှူ ပစ္စည်းလက်ခံခြင်း၊ ခွဲဝေးပေးခြင်းကိစ္စတွေပါပဲ။ နိုင်ငံတကာဖက်ကနေ ၀င်လာတဲ့ အလှူငွေ၊ အလှူပစ္စည်းတွေ။ တခါ ပြည်တွင်း-ပြည်ပ အဖွဲ့အစည်းတွေ၊ တသီးပုဂ္ဂလအလှူတွေကို အစိုးရပိုင်သတင်းစာတွေမှာနေစဉ်လိုလိုဖေါ် ပြနေပေမဲ့ အားလုံးပေါင်း ဘယ်လောက်ရထားပြီးပြီလဲ။ ဘယ်နေရာတွေကို ဘယ်လိုမျှဝေပေးခဲ့သလဲ။ နောက်ထပ် ဘယ်နေရာတွေမှာ ဘယ်လောက် ထပ်လိုနေသေးသလဲ၊ စသဖြင့် တစုံလုံးကိုခြုံငုံဖေါ်ပြနိုင်တာမျိုး မတွေ့မိသေးပါ။

သေချာတာကတော့ အခု နိုင်ငံတကာအစိုးရတွေ၊ အဖွဲ့အစည်းတွေ၊ ပြည်ပရောက်မြန်မာတွေ၊ ပြည်တွင်းရှိစေတနာ ရှင်တွေက လှူတန်းနေတဲ့အလှူငွေ၊ အလှူပစ္စည်းဆိုတာဟာ သံဃာင်္တော်တွေကိုလှူသလိုမျိုး လှူပြီး ပြီးသွားတဲ့ ကိစ္စမဟုတ်ပါ။ ကုသိုလ်ရဖို့၊ နိဗာန်ရောက်ဖို့၊ သာဓုခေါ်ဖို့ သက်သက် လှူနေခြင်းမဟုတ်ပါ။ 

ဒါတွေဟာ လူသားချင်းစာနာတဲ့အလှူငွေတွေ၊ အကူအညီတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီအလှူငွေတွေကို ဘယ်လို စနစ်တကျအသုံးချခဲ့သလဲ၊ ရေတို၊ ရေရှည်အတွက် ဘယ်လိုစီမံကိန်း တွေဆောင်ရွက်နေသလဲ ဆိုတာတွေကို အစိုးရနဲ့ တာဝန်ရှိသူတွေဖက်က ပွင့်လင်းမြင်သာမှုရှိစွာ၊ တာဝန်ခံမှု၊ တာဝန်ယူမှုရှိစွာ အချိန်မီပြန်လည် တင်ပြဖို့ လိုနေပါတယ်။


အဲဒီလိုမဟုတ်ပဲ ဘုရားပွဲမှာအလှူခံသလိုမျိုး ပွဲပြီး ပြီးရော့ လုပ်သွားရင်တော့ လက်ရှိအစိုးရနဲ့ အလှူငွေလက်ခံ ဆောင်ရွက်နေသူတွေအပေါ်  ပြည်တွင်း-ပြည်ပရှိ အလှူငွေထည့်ဝင်နေသူတွေဖက်က အမြင်မကြည်လင်မှုတွေ ဖြစ်လာနိုင်ပါတယ်။ နိုင်ငံတကာဖက်က အကူအညီပေးမှုတွေ လျော့ကျသွားနိုင်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ လုပ် ရည်ကိုင်ရည်နဲ့ ပွင့်လင်းမြင်သာစွာ လုပ်တတ်ကိုင်တတ်မှုအပေါ် မေးခွန်းထုတ်မှုတွေ ကြုံလာရနိုင်ပါတယ်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More