Saturday, November 5, 2016

သခင်သိန်းဖေသို့ အလွမ်း

The Voice Daily, 04 Nov 2016.

သခင်သိန်းဖေ ဆုံးရှာပြီ

လွတ်လပ်ရေးတိုက်ပွဲဝင် ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ၊ ၁၀၁ နှစ်ဟာ အောက်တိုဘာ ၁၉ ရက်နေ့ က ကွယ်လွန်သွားကြောင်းသိရတဲ့အတွက် အထူးစိတ်မကောင်းဖြစ်မိပါတယ်။ သခင်သိန်းဖေကို လူချင်း မတွေ့ဖူးပေမဲ့ DVB (ဒီမိုကရက်တစ်မြန်မာ့အသံ-နော်ဝေ) မှာ တာဝန်ထမ်းစဉ်က မကြာခဏ တယ်လီဖုန်း အင်တာဗျုးလုပ်ဖူးတာကြောင့် လေလှိုင်းပေါ်ကနေ ရင်းနှီးနေပါတယ်။ 


စာဖတ်ပရိသတ်အတော်များများလည်း အဲဒီအမှောင်ခေတ်တုန်းက စစ်အစိုးရကို ရဲရဲဝံ့ဝံ့ဝေဖန်ခဲ့တဲ့ သခင်သိန်းဖေရဲ့လေသံကို မှတ်မိနေဦးမယ်ထင်ပါတယ်။ ‘’အခု ဗိုလ်ချုပ်ဖြစ်နေတဲ့လူတွေက အဲဒီတုန်းက မွေးတောင်မမွေးသေးဘူး။ လွတ်လပ်ရေးအကြောင်း၊ တော်လှန်ရေးအကြောင်း သူတို့ဘာသိမှာလဲ’’ ဆိုပြီး သခင်သိန်းဖေက ပြောခဲ့ပါတယ်။ တခါ မင်းသမီးက ဒီလောက်တော်နေတာမဟုတ်ဘူး။ လူကြမ်းက ဆိုးလွန်းလို့ ဇတ်ကပိုနာသွားတာ။ မဟော်သာဓာသားလုခန်းမှာလိုပေါ့။ သားလေးနာမှာစိုးလို့ အမေ အရင်းက လွှတ်ပေးလိုက်တော့ ဘီလူးမလက်ထဲ ပါသွားတာပေါ့စသဖြင့် စီကာပတ်ကုံး စကားလုံးတွေနဲ့  ကြမ်းရမ်းလွန်းလှတဲ့ စစ်ဗိုလ်ချုပ်တွေကို ဆုံးမခဲ့တဲ့ အင်တာဗျုးတွေက မနည်းလှပါ။

ဒါက သခင်သိန်းဖေနဲ့ စာရေးသူအကြား၊ သခင်သိန်းဖေနဲ့ သောတရှင်တွေကြား တဦးချင်းဆိုင်ရာ သိကျွမ်းမှု ပါ။ ဒီဆောင်းပါးမှာ အဓိကဆွေးနွေချင်းတာက တဦးချင်းဆိုင်ရာ ကိစ္စမဟုတ်။ မျိုးဆက်အလိုက် သိကျွမ်းမှု၊ မျိုးဆက်အလိုက် ပခုံးပြောင်းတာဝန်ယူမှု လိုအပ်တဲ့အကြောင်းသာဖြစ်ပါတယ်။ တကယ်တော့ အသက် ၁၀၀ တန်း သခင်တွေနဲ့ ၅၀ တန်း ၈၈ မျိုးဆက်တွေကြားမှာ ၂၀၀၀ ပြည့်လွန်နှစ်တွေအထိ နီးနီးကပ်ကပ် ဆက်ဆံရေး မရှိခဲ့ပါ။ မရှိဆို အဲဒီကာလတလျောက်လုံး ၈၈ မျိုးဆက်အများစုဟာ ထောင်နန်းစံသူ၊ တောနန်းစံသူတွေချည်း ဖြစ်နေခဲ့တာကိုး။


၂၀၀၀ ပြည့်လွန်နှစ်တွေမှာတော့ ၈၈ မျိုးဆက်တချို့ နှစ်ရှည်ထောင်ဒဏ်ကနေပြန်လွတ်လာကြပါတယ်။ သခင်သိန်းဖေဦးဆောင်တဲ့ ၀ါရင့်နိုင်ငံရေးသမားတွေကလည်း စစ်ထောက်လှမ်းရေးကနည်းမျိုးစုံနဲ့ ဖိနှိပ် ချုပ်ချယ်ထားတဲ့ ကြားထဲကနေ ဖက်ဆစ်တော်လှန်ရေးနေ့၊ အမျိုးသားအောင်ပွဲနေ့၊ လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို သခင်သိန်းဖေရဲ့ ခြံထဲမှာ (အခြားနေရာမှာ ကျင်းပခွင့်မပေးပါ) နှစ်စဉ်မပျက်ကျင်းပခဲ့ပါ တယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ၁၉၈၈ ကနေ ၂၀၀၀ ပြည့်လွန်နှစ်တွေကြား ဘယ်သူမှ ဘာမှ မလှုပ်ရဲတဲ့အချိန်မှာ ၀ါရင့်နိုင်ငံရေးသမားကြီးတွေက စစ်အစိုးရ အာခံရေးကို တာဝန်ယူပေးခဲ့တယ်လို့ ဆိုချင်ပါတယ်။

အကျဉ်းထောင်အသီးသီးကနေ ပြန်လွတ်လာကြတဲ့ ၈၈ မျိုးဆက်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ မျိုးဆက်သစ်နိုင်ငံရေးသမားတွေ နိုင်ငံရေးလုပ်ဖို့ စုရပ်နေရာပျောက်နေစဉ်မှာ သခင်သိန်းဖေခြံထဲက အခမ်းအနားတွေက စုရပ်ဖြစ်လာပါတယ်။ နောက်ပိုင်းမှာတော့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးတာဝန်တွေ ကို မျိုးဆက်အလိုက် ပခုံးပြောင်း ဆက်လက်ထမ်းဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင်ဆီ ၀ါရင့်နိုင်ငံရေးသမားတွေက တော်လှန်ရေးအလံ လွှဲအပ်ပွဲ အခမ်းအနားကျင်းပခဲ့တာကို စာရေးသူအမှတ် ရနေပါတယ်။

ဒါက အများမြင်သာတဲ့ သခင်မျိုးဆက်နဲ့ ၈၈ မျိုးဆက် (သခင်ခေတ်နောက်ပိုင်း မျိုးဆက်သစ်အားလုံးကို ဆိုလို) တို့အကြား ဆက်ဆံရေးဆိုပါတော့။ ဒါဖြင့် အများမမြင်သာတဲ့ ဆက်ဆံရေးကောရှိသေးလို့လားလို့ မေးစရာရှိပါတယ်။ ရှိပါတယ်။ အဲဒီမမြင်သာတဲ့ဆက်ဆံရေးက မြင်သာတဲ့ဆက်ဆံရေးထက်တောင် ပိုသြဇာကြီးသေးတယ်လို့ စာရေးသူကဆိုချင်ပါတယ်။

စာရေးသူအပါဝင် အသက် ၅၀ တန်းနဲ့အောက် မျိုးဆက်သစ်အားလုံးဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေးကို အသက်စွန့်ဆောင်ရွက်ခဲ့တဲ့ သခင်နိုင်ငံရေးသမားတွေ၊ ရဲဘော်သုံးကျိပ်ဝင်တွေရဲ့ စွန့်လွှန်စွန့်စားမှု ကြောင်း စာပေတွေကို ဖတ်မှတ်လေ့လာပြီး ကြီးပြင်းလာခဲ့သူတွေပါ။ တနည်းအားဖြင့် သခင်တွေ၊ ရဲဘော်သုံးကျိပ်ဝင်တွေဟာ ကျနော်တို့မျိုးဆက်ရဲ့ သူရဲကောင်းတွေပေါ့။ 


ဒီလို မသိမသာ စိတ်ထဲအားကျနေတဲ့ဖြစ်စဉ်တွေက ဘယ်အချိန်ကျမှ ပေါ်လာသလဲဆိုရင် ၁၉၈၈ ခုနှစ် လေးလုံး အရေးတော်ပုံကြီးဖြိုခွဲခံလိုက်ရချိန်မှာ ထောင်နဲ့ချီတဲ့ကျောင်းသားတွေ ထောင်ထဲကို ရဲရဲဝံ့ဝံ့ဝံ ရင်ကော့ပြီးဝင်သွားတာ၊ တောထဲကို မကြောက်မရွံ လက်နက်ကိုင်ဖို့ထွက်သွားတာတွေက သက်သေပြနေ တယ်လို့ ဆိုချင်ပါတယ်။ 

သခင်ခေတ်အလွန်နိင်ငံရေးနှင့် လုပ်ဖေါ်ကိုင်ဖက်ဝန်းရံမှု လိုအပ်ခြင်း

ကျနော်တို့မျိုးဆက်အပေါ် ဒီလိုသြဇာကြီးခဲ့တဲ့ လွတ်လပ်ရေးတိုက်ပွဲဝင် ၀ါရင့်နိုင်ငံရေးသမားသခင်တွေ၊ ရဲဘော်သုံးကျိပ်ဝင်တွေထဲက အခု သခင်သိန်းဖေ ကွယ်လွန်သွားခဲ့ပါပြီ။ ၂၀၁၂ တုန်းကလည်း နောက်ဆုံး လက်ကျန် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်ကျော်ဇောကွယ်လွန်သွားခဲ့တဲ့အတွက် သခင်ခေတ်နိုင်ငံရေးသမား မကျန်တော့သလောက်ဖြစ် သွားခဲ့ပါပြီ။ ဒါပေမဲ့ သူတို့ စတင်ခဲ့တဲ့တော်လှန်ရေးက လွတ်လပ်ရေးကို ရအောင်ယူနိုင်ခဲ့တာ တခုကလွဲရင် ပြည် ထောင်စုတည်ငြိမ်ရေးနဲ့ တိုင်းပြည်တည်ဆောက်ရေးဖက်မှာ ဘာမှအသေအချာ မလုပ်နိုင်သေးပါ။


ဒါကြောင့်လည်း သခင်သိန်းဖေက သူမကွယ်လွန်ခင်မှာ တော်လှန်ရေးအလံကို ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင်တို့လက်ထဲ ကြိုတင်လွှဲအပ်ခဲ့တာဖြစ်မယ်ထင်ပါတယ်။ အခု သခင်သိန်းဖေကွယ်လွန်ချိန်မှာတော့ ဒေါ်အောင်ဆန်းစု ကြည်က အာဏာရပါတီခေါင်းဆောင်အဖြစ် အစိုးရသစ်ကိုတာဝန်ယူ ဦးဆောင်မောင်း နှင်နေပါပြီ။ မင်းကိုနိုင်တို့အဖွဲ့ကကော ဘာတွေ ဆက်လုပ်နေသလဲ။ တော်လှန်ရေးအလံ အမွေဆက်ခံသူ နှစ်ဦးကြား ပူးပေါင်းဆောင်ရွက်မှုက ဒီထက်မက နီးနီးကပ်ကပ်ရှိနေရင် ပိုကောင်းမယ်ထင်ပါတယ်။

နိုင်ငံရေးအကဲခတ်တချို့ကတော့ ဒါဟာ သခင်ခေတ်နိုင်ငံရေးနဲ့ ဒီနေ့နိုင်ငံရေးသမားတွေအကြား မျီုးဆက် ကွာဟမှုကြောင့် လုပ်ဟန်ကွာသွားတာလို့ပြောပါတယ်။ ဆိုလိုတာက နယ်ချဲ့အစိုးရကိုတော်လှန်ခဲ့တဲ့ ၁၉၄၀ ပြည့်လွန်နှစ်တွေတုန်းက သခင်တွေအားလုံးနီးပါးဟာ သက်တူရွယ်တူ မျိုးဆက်တူတွေဖြစ်ပြီး ပြောမနာ ဆိုမနာ၊ အချင်းချင်း ဝေဖန်ထောက်ပြဖို့ အားမနာသူတွေဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဘေးမှာ သခင်သန်းထွန်း၊ သခင်သိန်းဖေမြင့်၊ သခင်ဗဟိန်း၊ သခင်နု၊ သခင်သိန်းဖေ (၀ါးခယ်မ) စသဖြင့် သက်တူ၊ ၀ါတူ (အသက်အရွယ် မတိမ်းမယိမ်း) လုပ်ဖော်ကိုင်ဖက်တွေ အများကြီး ရှိပါတယ်။


ဒါပေမဲ့ ဒီနေ့ခေတ် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ဘေးမှာတော့ အဲဒီလို သက်တူ၊ ၀ါတူ ပြောမနာ၊ ဆိုမနာ ဝေဖန်ရေးပေးနိုင်တဲ့ လုပ်ဖေါ်ကိုင်ဖက်မျိုးမတွေ့မိပါ။ မျိုးဆက်ပြတ်လတ်မှုကြောင့် ဒီလိုဖြစ်သွားတာလို့ ထင်ပါတယ်။ ဝေဖန်ရေးအားကောင်းတဲ့ ဒီလိုလုပ်ဖေါ်ကိုင်ဖက်မျိုးမရှိခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးမူဝါဒချမှတ်ရေးမှာ အားနည်းစေခဲ့တယ်လို့ ဝေဖန်သူတချို့ကဆိုပါတယ်။ ဒါပေမဲ့ တချို့ကတော့ ဒီလိုအနီးကပ်ဝေဖန်ထောက်ပြနိုင်သူမရှိတာကိုက ဒေါ်အောင်ဆန်းစုကြည်ကို ပြိုင်ဖက်မရှိ သြဇာပိုကြီးစေတယ်၊ လုပ်ငန်းပိုတွင်ကျယ် စေတယ်လို့ပြောပါတယ်။

သေချာတာကတော့ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီအသွင်ပြောင်းရေးလုပ်ငန်းစဉ်ဆိုတာဟာ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီအနိုင်ရရုံနဲ့ သူ့အလိုလို အထမြောက်သွား မည်မဟုတ်ပါ။ ဒါကြောင့် လက်ရှိအစိုးရကသွားနေတဲ့ လုပ်နည်းလုပ်ဟန်တွေ၊ နည်းဗျုဟာတွေကို ကြိုက်ကြိုက်မကြိုက်ကိုက် ဒီအစိုးရရဲ့မဟာဗျုဟာက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီစနစ်ထွန်း ကားရေးဖြစ်တာကြောင့် အစိုးရခေါင်းဆောင်ကို အားလုံးက ၀န်းရံပေးဖို့ တာဝန်ရှိပါတယ်။ မျက်စိမှိတ် ထောက်ခံဝန်းရံတာမျိုးမဟုတ်ပဲ မျက်လုံးဖွင့်ပြီး နိုင်ငံတကာ စံချိန်စံညွန်းတွေနဲ့အညီ ဝေဖန်ဝန်းရံပေးရေးကို ဆိုလိုပါတယ်။

လွတ်လပ်ရေးရပြီး နှစ် ၇၀ အကြာ

သခင်တွေ၊ ရဲဘော်သုံးကျိပ်ဝင်တွေရဲ့ဦးဆောင်တိုက်ပွဲဝင်မှုကြောင့် မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တာ အခု ဆိုရင် နှစ် ၇၀ ပြည့်ဖို့ နှစ်ပဲလိုပါတော့တယ်။ မြန်မာနိုင်ငံနဲ့ခေတ်ပြိုင် ၁၉၅၀ ၀န်းကျင်းမှာ လွတ်လပ်ရေး ယူခဲ့ကြတဲ့ တခြားနိုငံတွေနဲ့ နှိုင်းယှဉ်ရင် ဒီနေ့ကိုယ့်အခြေအနေက ဘယ်အဆင့်မှာရောက်နေသလဲ။ အဝေးကြီးကိုမကြည့်နဲ့။ အိမ်နီးချင်းနိုင်ငံတွေကိုပဲ ကြည့်ပါ။ အနောက်ဖက်က အိန္ဒိယနဲ့ ဘဂ်လားဒေ့ရှ်၊ မြောက်ဖက်က တရုတ်၊ အရှေ့ဖက်က လောနဲ့ထိုင်း၊ ပြီးတော့ တခြား အာဆီယံနိုင်ငံတွေ။ အားလုံး ကိုယ့်ထက်သာတာချည်းပါပဲ။


ဘာကြောင့် သာသွားတာလဲ။ နောက်ခံအချက်အလက်တွေ အများကြီးရှိနိုင်ပေမဲ့ အရေးကြီးဆုံးအချက်က တော့ အဲဒီနိုင်ငံတွေမှာ မြန်မာနိုင်ငံလို နှစ် ၆၀ ကျော် ပြည်တွင်းစစ်ရှိမနေခြင်းပါပဲ။ သခင်သိန်းဖေရဲ့ စကားလုံးကို ကိုးကားရမယ်ဆိုရင် ‘’အမျိုးသားသွေးစည်းညီညွတ်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး’’ ရအောင် မလုပ်နိုင်လို့ပါပဲ။ ဒါကို တဦးတယောက်၊ တဖွဲ့တစုတည်းက ဆောင်ရွက်လို့မရ၊ ရှိသမျှအင်အား စုတွေအားလုံး ပူးပေါင်းဆောင်ရွက်မှရမယ်လို့ သခင်သိန်းဖေ မကြာခဏပြောခဲ့ဖူးပါတယ်။ 

အခု NLD အစိုးရသစ်လက်ထက်မှာတော့ အားလုံးနီးပါး ပါဝင်ခွင့်ရတဲ့ ၂၁ ရာစုပင်လုံညီလာခံကျင်းပနေပြီ ဖြစ်လို့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်ဟာ အရင်စစ်အစိုးရခေတ်နဲ့စာရင် ပန်းတိုင်နဲ့ပိုနီးစပ် လာပြီလို့ မျှော်လင့်နိုင်ပါတယ်။ ဒါပေမဲ့ NLD အစိုးရနဲ့ တိုင်းရင်းသားပါတီတွေကြား၊ NLD အစိုးရနဲ့ ၈၈ မျိုးဆက်တွေကြား၊ NLD အစိုးရနဲ ကျောင်းသားလူငယ်တွေကြား ပူးပေါင်းဆောင်ရွက်မှုကတော့ အားရ လောက်တဲ့အဆင့်ထိ ရောက်မလာသေးပါ။

ဘာကြောင့်လဲ။ နိုင်ငံရေးဆန်းစစ်သူတချို့ကတော့ NLD အစိုးရသက်တန်း နှစ်တာကာလရဲ့ ပထမ နှစ်ပိုင်းတွေမှာ  မဟာမိတ်ဆက်ဆံရေးတည်ဆောက်မှု၊ ပါတီတွင်းတည်ဆောက်မှု၊ လူထုစည်းရုံးရေး တည်ဆောက်မှုတွေထက် စစ်တပ်နဲ့ ဆက်ဆံရေးပြေလည်အောင် တည်ဆောက်ရေး၊ လူဟောင်းတွေနဲ့ ပြေလည်အောင်တည်ဆောက်ရေး၊ (အိမ်ဟောင်းကိုဖျက်ပြီး အိမ်သစ်ဆောက်မဲ့အစား အိမ်အဟောင်းကို ပြင်ပြီး နေပျော်အောင်လုပ်ရမယ်လို့ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် ဂျပန်ခရီးစဉ်အတွင်း ပြောသွားခဲ့ပြီး ပါပြီ) ခရိုနီခရိုပြာတွေနဲ့ အဆင်ပြေအောင်ဆက်ဆံရေးတွေလုပ်ပြီး အစိုးရယန္တယား (အာဏာ) သူ့လက်ထဲ တကယ်ရောက်လာအောင်ဆောင်ရွက်ရေးကို ဦးစားပေးတာ ဘာဝကျတယ်လို့ဆိုပါတယ်။


ဒါပေမဲ့ အဲဒီဖက်ကိုချည်း ဇောင်းပေးရင်းနဲ့ မဟာမိတ်တွေနဲ့ဆက်ဆံရေးပျက်သွားတာမျိုးမဖြစ်အောင်တော့ သတိထားဖို့လိုပါလိမ်မ့ယ်။ စစ်တပ်နဲ့အပေးအယူလုပ်တဲ့အထဲမှာ ပြည်တွင်းစစ်ရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေး ပွဲမှာ အားလုံးပါလာတဲ့အဆင့်အထိရောက်အောင် တိုက်တွန်းဖို့လိုနေပါတယ်။ နိုင်ငံရေးဖက်မှာ ဒီ ချက်ကို အကောင်ထည်ဖေါ် နိုင်ပြီဆိုရင် နှစ် ၇၀ နောက်ကျနေလည်း ပြသာနာမရှိပါ။ အချိန်တိုအတွင်း လမ်းမှန်ပေါ် ရောက်အောင် မြန်မာနိုင်ငံ ပြန်တက်နိုင်ပါလိမ့်မယ်။


တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်သိန်းဖေအပါဝင် ရဲဘော်သုံးကျိပ် ၀င်တွေ၊ သခင်တွေမျှော်မှန်းခဲ့တဲ့ လွတ်လပ်ပြီးဖွံဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံဖြစ်အောင် တည်ဆောက်ရေး ဟာ လက်ရှိအစိုးရနဲ့ ကျနော်တို့မျိုးဆက်မှာ တာဝန်ရှိပါတယ်။ ဒါကြောင့် သခင်သိန်းဖေ လွဲပြောင်းပေးအပ်ခဲ့ တဲ့ လွတ်လပ်ရေးတိုက်ပွဲဝင် အလံတော်ကို စွဲမြဲစွာကိုင်စွဲပြီး ပြည်တွင်းစစ်ရပ်စဲရေး၊ အမျိုးသားညီညွတ်ရေး၊ တိုင်းပြည်တည်ဆောက်ရေးအတွက် မျိုးဆက်သစ်တွေအားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့၊ ဆောင်ရွက်ခွင့် ပေးဖို့ လိုနေပြီဖြစ်ပါတယ်။      


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More