Friday, November 18, 2016

ရွေးကောက်ပွဲအလွန် တနှစ်တာ

The Voice Daily, 18- Nov- 2016

နိုဝင်လာ ရက်မှာ အောင်ပွဲမခံသင့်ဘူးလား

နိုဝင်ဘာ ရက်လို့ပြောလိုက်ရင် အမေရိကန်ရွေးကောက်ပွဲကိုချည်း လူတွေကပြေးမြင်လိမ့်ရှိပါတယ်။ မြင်လည်းမြင်ချင်စရာပါပဲ။ သူက တကမ္ဘာလုံးနဲ့ဆိုင်တဲ့ ရွေးကောက်ပွဲ၊ တကမ္ဘာလုံးကို လှုပ်လှုပ်ရှားရှားဖြစ် သွားစေတဲ့ ရွေးကာက်ပွဲဖစ်ခဲ့တာကိုး။ ဒါပေမဲ့ ကိုယ်ကမြန်မာဆိုတော့ အဲဒီ ရက်နေ့မှာ ကျင်းပခဲ့ဖူးတဲ့ မြန်မာရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ကို ဘယ်မေ့ထားလို့ဖြစ်ပါ့မလဲ။ 


၂၀၁၅ နိုဝင်ဘာ ရက်ဟာ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ပါတီက အပြတ်အသတ်အနိုင်ရတဲ့ ရွေးကောက်ပွဲနှစ်ပတ်လည်ဖြစ်သလို လွန်ခဲ့တဲ့ နှစ်၊ ၂၀၁၀ နိုဝင်ဘာ ရက်တုန်းကတော့ USDA (ကြံ့ခိုင်ရေး) ပါတီအနိုင်ရခဲ့ဖူးတဲ့ နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ ဒါက လွန်ခဲ့တဲ့ နှစ်အတွင်း၊ တနည်း အားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရကျင်းပတဲ့ ရွေးကောက်ပွဲတွေရဲ့ နှစ်ပတ်လည်နေ့နဲ့ နိုဝင်ဘာလ တိုက်ဆိုင်နေပုံအကြောင်း ဆက်စပ်စဉ်းစားမိတာပါ။ 

အဲဒီမတိုင်ခင်၊ ၂၀၀၈ ဖွဲ့စည်းပုံမရှိခင်က ကျင်းပခဲ့ဖူးတဲ့ ၁၉၉၀ ရွေးကောက်ပွဲကတော့ နိုဝင်ဘာနဲ့ မဆိုင်ပါ ဘူး။ သူက မိုးတွင်းကာလ မေ ၂၇ မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ အာဏာလွဲမပေးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ နဲ့ အခုခေတ်သစ် ၂၀၁၅ အာဏာလွဲပေးခဲ့သော ရွေးကောက်ပွဲတွေအကြောင်း ယှဉ်စဉ်းစားတဲ့အခါ ၁၉၉၀ မေလ ၂၇ ရွေးကောက်ပွဲတုန်းက အောင်ပွဲခံအခမ်းအနားတွေ အကြီးအကျယ် နှစ်စဉ်ကျင်းပခဲ့တဲ့ NLD နဲ့ ဒီမိုကရေစီအင်အားစုတွေဟာ အခု ၂၀၁၅ မှာ အနိုင်ရပြီး အာဏာတကယ်ရချိန်မှာတော့ အောင်ပွဲခံ အခမ်းအနားတွေ၊ နှစ်ပတ်လည်အခမ်းအနားတွေ မကျင်းပတော့တာ ဘာကြောင့်လဲလို့ တွေးမိပါတယ်။ 

NLD က ကျင်းပရဲ့သားနဲ့ စာရေးသူ မသိလိုက်တာများလားဆိုပြီး ရန်ကုန်က သတင်းသမားတွေကို မေးကြည့်ရပါသေးတယ်။ ‘’ရွေးကောက်ပွဲနိုင်ပေမဲ့ သူတို့လက်ထဲ တကယ့်အာဏာမရသေးလို့ ဖြစ်မှာပေါ့’’ ဆိုပြီး သတင်းသမားတဦးကဖြေပါတယ်။ ဆိုလိုတာက တကယ့်အာဏာဟာ တပ်မတော်နဲ့ အရင်အစိုးရ ခေတ်လက်ကျန် လူဟောင်းတွေဆီမှာသာရှိနေဆဲဖြစ်ပြီး NLD ဟာ ရုပ်ပြသဘော၊ ဂုဏ်ထူးဆောင် အစိုးရ သဘော ဖြစ်နေတယ်လို့ နားလည်မိပါတယ်။

ဒါကြောင့် NLD က အောင်ပွဲခံအခမ်းအနားကျင်းပဖို့ တွန့်ဆုတ်နေတာလား။ ဒါပေမဲ့ နိုင်ငံတကာမှာတော့ အောင်ပွဲခံခြင်း မခံခြင်းဆိုတာထက် ရွေးကောက်ပွဲနှစ်ပတ်လည်သုံးသပ်ချက်အခန်းနားတွေ မပျက်မကွက် ကျင်းပခဲ့ပါတယ်။ အဲဒီထဲမှာ မြန်မာ့ဒီမိုကရေစီအရေးကို တစိုက်မတ်မတ်အားပေးခဲ့တဲ့ နော်ဝေးနိုင်ငံ လည်းပါတာပေါ့။ ဝေဖန်သုံးသပ်ချက်အခန်းအနားက ခုတောင်လုပ်တယ်လို့ဆိုနိုင်ပါတယ်။


ဝန်ကြီးနေရာတခုပဲပြောင်းပြီး အောက်မှာတော့ အရင်တိုင်း

အော်စလိုမြို့ စာပေရိပ်မြုံမှာကျင်းတဲ့ ဆွေးနွေးပွဲအတွင်း ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ များ အဖွဲ့ချုပ်) ကိုယ်စားလှယ် မဖြိုးဖြိုးအောင်နဲ့ ကိုလင်းထက်နိုင်တို့ပြောသွားတဲ့အထဲမှာ ပညာရေးမူဝါဒ ပြုပြင်ပြောင်းလဲရေးကိစ္စ အများကြီးပါဝင်ပါတယ်။ ပညာရေးမူဝါဒတွေကို ပညာရေးဝန်ကြီးတဦးတည်းက ချုပ်ကိုင်ထားတာမျိုးမဟုတ်ပဲ ပြည်နယ်အလိုက်၊ ဒေသအလိုက်၊ တက္ကသိုလ်တွေအလိုက် လွတ်လပ်ခွင့်ပေး ဖို့လိုတယ်၊ ဖက်ဒရယ်ပညာရေးစနစ်ကို အကောင်ထည်ဖေါ်ဖို့လိုတယ်။ တိုင်းရင်းသား ဘာသာစကားတွေကို ပြည်နယ်တိုင်းမှာ တရားဝင်သင်ကြားခွင့်ပေးဖို့လိုတယ်။ ကျောင်းသားသမဂတွေကို တရားဝင်အသိ အမှတ်ပြုပြီး ပညာရေးမူဝါဒချမှတ်ရေးမှာ သူတို့ကိုပါ ပါဝင်ခွင့်ပေးဖို့လိုတယ်လို့ပြောပါတယ်။


ဒါက ကျောင်းသားတွေနဲ့တိုက်ရိုက်ဆိုင်တဲ့ ပညာရေးကိစ္စ။ ရွေးကောက်ပွဲတနှစ်ကြာပြီးတဲ့အချိန် ဘာတွေ ပြောင်းလာတာတွေ့ရသလဲဆိုတဲ့အမေးကို ဖြေတဲ့အခါမှာတော့ NLD ပါတီက ရွေးကောက်ပွဲမှာအနိုင်ရပြီး အစိုးရဖွဲ့နိုင်ပြီဆိုပေမဲ့ တကယ်တော့ ၀န်ကြီးနေရာတခုပဲ NLD ကရပြီး အတွင်းဝန်ကနေ ဟိုးအောက်ခြေ စာရေးဝန်ထမ်းအထိ အရင်လူတွေ၊ အရင်မူ (အမူအကျင့်) တွေအတိုင်းရှိနေဆဲဖြစ်တာကြောင့် ဘာမှထူးထူး ခြားခြားပြောင်းလဲလာတာ မတွေ့ရသေးဘူးလို့ သူတို့ ဦးကဖြေပါတယ်။

NLD အစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံပြင်နိုင်ရေး၊ တိုင်းရင်းသားတွေနဲ့အပစ်ခတ်ရပ်စဲမှုလုပ်နိုင်ရေးအတွက် တပ်မတော်နဲ့ အသဲအသန်ဆွေးနွေးနေရတယ်။ တပ်မတော်ဖက်က သဘောမကျတာကို မလုပ်မိစေဖို့ NLD ဖက်က သတိထားနေရတယ်လို့ပြောပါတယ်။ ဒါကြောင့် မြန်မာ့အပြောင်းအလဲအပေါ် နိုင်ငံတကာအစိုးရ တွေက လက်ခုတ်သြဘာပေး ချီးကျုးနေကြပေမဲ့ မြန်မာနိုင်ငံတွင်းမှာတော့ ဘာမှသိသာစွာပြောင်းလာတာ မရှိသေးဘူး။ ဆင်းရဲမွဲတေမှုပိုဆိုးလာတာ၊ ရာဇ၀တ်မှုပိုများလာတာတောင်ရှိလာနေတယ်လို့ သူတို့က ထောက်ပြခဲ့ပါတယ်။

နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တခုကတော့ တပ်မတော်ဟာ (တပ်မတော်ခွဲတန်းရ ပြည်ထဲရေး ဌာနအောက်က ထွေ-အုပ် ဌာနအပါဝင်) အောက်ခြေကသတင်းမှန်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရဆီ မတင်ပြပဲ ထိမ်ချန်ထားတဲ့သဘောတွေ့နေကြောင်း၊ တနည်းအားဖြင့် အောက်ခြေကျေးလက် လူထုနဲ့ NLD ကြား တိုက်ရိုက်ထိတွေ့မှုမရအောင် စစ်တပ်ကကြားခံထားသလိုဖြစ်နေပြီး အစိုးရနဲ့ လူထုကြားမှာ တပ်မတော်က နိုင်ငံရေးကစားနေတယ်လို့ သူတို့ကဝေဖန်ခဲ့ပါတယ်။

ဒါက ဗကသ ကိုယ်စားလှယ်တွေရဲ့အမြင်ပါ။ ဒါပေမဲ့ NLD ပါတီဝင်နဲ့ တပ်မတော်အရာရှိဟောင်းတွေရဲ့ အမြင်ကလည်း ကျောင်းသားတွေနဲ့သိပ်မကွာပါဘူး။ တပ်မတော်နဲ့အဆင်ပြေအောင်ဆက်ဆံနိုင်မှ လက်ရှိ နိုင်ငံရေးက ရှေ့တိုးလို့ရမှာဖြစ်တယ်၊ တပ်မတော်ကိုချော့ပြီးပေါင်းနေရတဲ့အနေအထားမှာ ရောက်နေတယ် လို့ ဗကသ ကိုယ်စားလှယ်တွေမတိုင်ခင် နော်ဝေးကိုရောက်လာတဲ့ မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဆရာထိန်လင်းဦးနဲ့ ကိုနေမျိုးဇင်တို့ကလည်း ပြောခဲ့ပါတယ်။


ကချင်နဲ့ရှမ်းပြည်ဖက်မှာ ဆက်တိုက်ဖြစ်ပွားနေတဲ့ ထိုးစစ်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဘာမှ မပြောနိုင်ဘူးလား။ ရခိုင်ကိစ္စမှာ ဘာမှဝင်မတားနိုင်ဘူးလားဆိုပြီး ဆွေးနွေးပွဲတက်လာသူတဦးက မေးတဲ့အပေါ်ကိုယ်ပြောလို့ တပ်-ချုပ်က လိုက်နာမနာ မသေချာတော့ ၀င်မပြောတာက ပိုကောင်းတယ်။ ပြောပြီးမှ မလိုက်နာဘူးဆိုရင် အခြေအနေက ပိုဆိုးသွားနိုင်တယ်။ ဒါဟာ NLD အစိုးရရဲ့ လက်တွေ့နိုင်ငံရေး ဘ၀ပါပဲလို့ သူတို့ကဆိုပါတယ်။

ဒီလိုပွင့်ပွင့်လင်းလင်းဖြေနေရင်းကနေ သိပ်မမေးကြပါနဲ့ဗျာ။ တော်ကြာ ကိုထင်ကျော် နောက် လိုက်နေရဦး မယ်ဆိုပြီး သူတို့က ရယ်သံနှောပြီး ပြောပါတယ်။ လွတ်လပ်စွာပြောဆိုခွင့်ရှိတယ်ဆိုပေမဲ့ ပုဒ်မ ၆၆ () ခေတ်စားလာလို့ Slef Censor လုပ်နေရတယ်၊ စိတ်ထဲရှိတဲ့အတိုင်း သိပ်ပြောလို့မဖြစ်သေးဘူးလို့ သူတို့က ဆိုပါတယ်။ (သူတို့ ဦးနဲ့ တွေ့ဆုံပွဲလုပ်စဉ်က ကိုထင်ကျော်တဦးပဲအဖမ်းခံရသေးပြီး အဲဒီနောက်ပိုင်းကျမှ ကိုမျိုးရန်နောင်သိန်းနဲ့ အဲလဗင်း မီဒီယာမှ ဒေါက်တာသန်းထွဋ်အောင်၊ ကိုဝေဖြိုးတို့ ဒီပုဒ်မနဲ့ အဖမ်းခံရ တာဖြစ်ပါတယ်)


ငြိမ်းချမ်းရေးလား၊ စီးပွားရေးလား

ဗကသ အဖွဲ့ရဲ့ စာပေရိပ်မြုံက ဆွေးနွေးပွဲအပြီးမှာတော့ ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေးနဲ့ စီးပွားရေး အကြောင်း ဆွေးနွေးပွဲတရပ်ကို အော်စလိုတက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။ ပထမဆုံး ဆွေးနွေးသူ ကရင် သဘာဝပတ်ဝန်း ကျင်ထိမ်းသိမ်းရေးနဲ့ လူမှုအသိုင်းအ၀ိုင်းအဖွဲ့မှ စောသာဖိုးရဲ့ခေါင်းစဉ်က Dam development for Who? ရေကာ တာတွေဆောက်နေတာ ဘယ်သူ့အတွက်လဲဆိုတာဖြစ်ပါတယ်။ Clean Energy ထဲမှာပါတဲ့ ရေအားလျှပ်စစ်ကို နိုင်ငံတကာအကူအညီနဲ့ ငြိမ်းချမ်းရေးဒေသ (အပစ်ခတ် ရပ်ဖို့လုပ်နေတဲ့ဒေသ) မှာ ထုတ်လုပ်ရေး၊ အတိအကျပြော ရမယ်ဆိုရင် ရှမ်းပြည်နယ်ထဲရှိ Namtu (မြန်မာအခေါ် ဒုတ္တ၀တီမြစ်) စီမံကိန်းမှာ နော်ဝေးနိုင်ငံက ၀င်ရောက်ကှူညီပေးမယ်ဆိုတဲ့အပေါ် ဝေဖန် ထောက်ပြခြင်းဖြစ်ပါတယ်။


သူ့ထောက်ပြတဲ့အထဲ စိတ်ဝင်စားဖို့ကောင်းတာက ၂၁ ရာစုပင်လုံညီလာခံပြီးမှ အခု ရေကာတာ ဆောက်မဲ့ဒေသ သီပေါ၊ ကျောက်မဲမြို့ဝန်းကျင်ရှိ SSPP (ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးသား) ရှမ်းပြည်တပ် မတော်အပေါ် တပ်မတော်ရဲ့ထိုးစစ်ဆင်မှုတွေ တိုးလာနေတယ်။ အခုနောက်ပိုင်းထိုးစစ်တွေဟာ နိုင်ငံတကာ အကူအညီနဲ့လုပ်မဲ့ ဖွံဖြိုးရေးကိစ္စတွေနဲ့ ဆက်စပ်နေတယ်။ အပစ်ခတ်ရပ်ပြီးရင် ငြိမ်းချမ်းရေးဆွေးနွေးရမဲ့ အစား ဒေသဖွံဖြိုးရေးလုပ်ဖို့ပဲ အစိုးရဖက်ကပြောနေတယ်။ ဒီလိုထိုးစစ်တွေဟာ ရှမ်းပြည်တင်မကပဲ ကရင်ပြည်နဲ့တခြားဒေသတွေမှာလည်းဖြစ်ပွားနေတယ်။ စစ်ပြေးဒုက္ခသည်အပြင် ရေကာတာတွေ၊ ဖွံဖြိုးရေး စီမံကိန်းတွေကြောင့် ရွာပြောင်းပေးရတဲ့ ဒုက္ခသည်တွေ ထပ်ပေါ် လာနေပြီလို့ စောသာဖိုးက ဓတ်ပုံ၊ မြေပုံ အထောက်အထားတွေနဲ့ အသေးစိပ်တင်ပြပါတယ်။

ရေကာတာတွေကြောင့် သစ်တောပြုန်းတီးမှု၊ ရေကြောင်းပြောင်းလဲမှု၊ ရေသတ္တ၀ါတွေသေဆုံးနိုင်မှု၊ ငလျင် လှုပ်ရင် ဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲပြသာနာတွေကိုလည်း သူကပြောပါတယ်။ ထူးခြားတာကတော့ အဲဒီ ဒုတ္တ၀တီ မြစ်တခုတည်းမှာတင် ရဲရွာ -- နဲ့ တခြားတခု ဆောက်ပြီးသား (တချို့က ဆောက်လုပ်ဆဲ) ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆောက်လုပ်ပြီး၊ ဆောက်လုပ်ဆဲ ရေကာတာရဲ့ ၈၅ ရာခိုင်နှုန်းဟာ ဧရာဝတီနဲ့ သံလွင်မြစ်ကြောင်း လျောက်မှာရှိနေတယ်။ အဲဒီထဲကအများစုဟာ အရင်စစ်အစိုးရခေတ်က ဆောက်ထားတာဖြစ်ပြီး မဆောက်ခင်မှာ စနစ်တကျအချိန်ယူ သုတေသနလုပ်တာ အားနည်းခဲ့တယ်၊ ဒါဟာတွေဟာ တိုင်းပြည်အတွက် အန္တရာရှိတယ်လို့ သူကထောက်ပြခဲ့ပါတယ်။

ဒါကြောင့် ရေကာတာတွေမဆောက်ခင် လုံလောက်တဲ့သုတေသနလုပ်ဖို့လိုတယ်။ ငြိမ်းချမ်းရေးကို ခိုင်မာ အောင်လုပ်ဖို့လိုတယ်။ တိုင်းရင်းသားဒေသမှာဆောက်မဲ့ ရေကာတာတွေ၊ စီမံကိန်းတွေအတွက် ဗဟိုအစိုးရ တခုတည်းက ဆုံးဖြတ်တာမဟုတ်ပဲ ပြည်နယ်အစိုးရနဲ့ ပြည်နယ်အတွင်းရှိ လူထုသဘောထားကိုပါ ရယူဖို့ လိုတယ်လို့ သူကပြောပါတယ်။ နောက်ဆုံးမှာတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို စိတ်အားထက်သန်စွာ ကူညီနေတဲ့ နော်ဝေးအစိုးရက အခု ရေအားလျှပ်စစ်မှာ ၀င်ကူညီတာဟာ ငြိမ်းချမ်းရေးအတွက်လား၊ စီးပွားရေးအတွက်လား ဆိုပြီးသူကမေးခွန်းထုတ်ခဲ့ပါတယ်။

ဒုတိယဆွေးနွေးသူ၊ အလယ်ရဲရွာအပါဝင် မြန်မာ့ရေအားလျှပ်စစ်အတွက် တာဝန်ယူအကူညီပေးနေတဲ့ နော်ဝေးကုပ္ဗဏီ SN Power အဖွဲ့မှ ဒေါက်တာ Stephen Sparkes ကတော့ စောသာဖိုးရဲ့တင်ပြချက် အားလုံးကို လက်ခံပါကြောင်း၊ ဒါပေမဲ့ ဒီလိုအန္တာရယ်တွေကိုရှောင်ကွင်းပြီးလုပ်နိုင်မဲ့ Alternative နည်းလမ်း ရှာဖို့လိုကြောင်း၊ စွမ်းအင်မရှိရင် ဖွံဖြိုးမှုမရှိနိုင်ဘူး။ “There is no development without energy’’ လို့ ပြောပါတယ်။ မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ လျှပ်စစ်မီးမရှိပဲ နေနေရဆဲဖြစ်တယ်။ ဒါကြောင့် စွမ်းအင်ဟာ မြန်မာနိုင်ငံအတွက် အရေးပေါ်လိုအပ်နေတယ်လို့ စာရင်းဇယားတွေနဲ့ထောက်ပြခဲ့ပါတယ်။

ပြီးတော့ ရဲရွာ (အလယ်ရဲရွာ) စီမံကိန်းမှာ သူတို့ကုပဏီက ဘယ်လိုစနစ်တကျဆောင်ရွက်နေတယ်။ ဗဟိုအစိုးရတင်မက ဒေသခံတွေနဲ့ပါဆွေးနွေးနေတယ်။ သဘာဝပတ်ဝန်းကျင်မထိခိုက်အောင်၊ ရွာတွေ မပြောင်းရအောင် ဘယ်လိုလုပ်နေတယ် စသဖြင့် အသေးစိပ်ရှင်းပြပါတယ်။ စာရေးသူရဲ့ဘေးနားမှာ ထိုင်နေတဲ့ မြန်မာတဦးကတော့ တရုတ်ကုပဏီတွေနဲ့စာရင် နော်ဝေးနဲ့အနောက်နိုင်ငံတွေက ကုပဏီတွေ က စည်းမျဉ်းစည်းကမ်းပိုလေးစားမယ်ထင်ပါတယ်ဆိုပြီးပြောပါတယ်။

နောက်ဆုံးဆွေးနွေးသူကတော့ သီးခြားလွတ်လပ်တဲ့သုတေသနအဖွဲ့ FATO မှ Svein Stave ဖြစ်ပါတယ်။ ပဋိပက္ခရှိနေတဲ့ဒေသမှာရင်းနှီးမြှုပ်နှံမှုလုပ်တဲ့အခါ သက်ဆိုင်ရာဒေသရဲ့ ပြသာနာတွေအတွင်း ကြားမညှပ် မိအောင်၊ တနည်းအားဖြင့် သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ သံယံဇာတခွဲဝေရေး ပြသာနာတွေကို ရှောင်နိုင်အောင် စီမံကိန်းမစခင် သက်ဆိုင်သူအားလုံးနဲ့အသေအချာဆွေးနွေးဖို့၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုတာဝန်ယူမှုအပြည့်အ၀ရှိဖို့၊ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီလုပ်ဖို့ စသဖြင့်ပါဝင်ပါတယ်။


စာဖတ်သူတွေကော ဘယ်လိုထင်ပါသလဲ။ NLD ပါတီက မဲအပြတ်အသတ်နဲ့ အနိုရခဲ့တာ တနှစ်ပြည့်သွားခဲ့ ပါပြီ။ စာဖတ်သူ မျှော်လင့်ထားသလို အစိုးရသစ်က စွမ်းဆောင်ပေးနိုင်ပါရဲ့လား။ အပစ်ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကော ထင်ထားသလောက် ၀င်လာပါရဲ့လား။ နှစ်ပတ်လည်နေ့မှာ အစိုးရအပေါ် ဒီလိုမေးခွန်း ထုတ်ပြန်လည်သုံးသပ်ကြတာဟာ ဒီမိုကရေစီနိုင်ငံတွေရဲ့ လုပ်ထုံးလုပ်နည်း တခုပဲ မဟုတ်ပါလား။       

http://thevoicemyanmar.com/perspective/3691-ykp

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More