Thursday, November 3, 2016

အချိန်မေးမြန်းခြင်း သည်းခံပါ

The Voice Daily, 02-Nov-2016.

ရာသီပြောင်းရင် နာရီပါပြောင်းတဲ့ဒေသ

‘’သစ်ရွက်ခြောက်တို့ကြွေ၊ နွေရာသီကိုရောက်တဲ့အခါ မီးကင်းစောင့်ဖိုရာ လူတွေအကုန်လုံး စုခေါ် ကာ…’’ ဆိုတဲ့ လွှမ်းမိုးသီချင်းကိုကြားမိတိုင်း ပူပြင်းလှတဲ့ အညာနွေကိုပြေးမြင်မိပါတယ်။ မနှစ်က ပုဂံ ဖက်ရောက်တော့ အညာနွေနဲ့ သစ်ရွက်ခြောက်တွေ၊ ရိုးတံကျဲနေတဲ့ပင်အိုတွေကို အနီးကပ်မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ အခုစာရေးသူရောက်နေတဲ့ ဥရောပမြောက်ပိုင်းမှာတော့ လွှမ်းမိုးသီချင်းထဲက စာသားတွေနဲ့ ပြောင်းပြန်။ ‘’သစ်ရွက်ခြောက်တို့ကြွေ၊ ဆောင်းဦး ရာသီ ရောက်တဲ့အခါ…’’ လို့ စာသားပြောင်းဆိုရမလို ဖြစ်နေပါတယ်။


ဒီအချိန်ဆို ဘယ်နေရာပဲကြည့်လိုက်ကြည့်လိုက်၊ ရွှေအိုရောင်သစ်ရွက်တွေနဲ့ တပင်လုံးဝါထိန်နေတဲ့ သစ်ပင်တွေ၊ တောအုပ်တွေကို တွေ့ရပါတယ်။ မိုးလေးနဲနဲရွာပြီး လေပြင်းလေးတချက်နှစ်ချက်တိုက်ပြီဆို အဲဒီသစ်ရွက်တွေကြွေပြီး မြေပြင်တခုလုံး ၀ါထိန်နေတော့တာပဲ။ မကြခင် ဆီးနှင်းတွေ ကျလာတော့ မယ်လေ။ ဒါဟာ ဥရောပရဲ့ ရာသီပြောင်းချိန်ပေါ့။

တနေ့က ကျရောက်ခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့ (အောက်တိုဘာ နောက်ဆုံးသတင်းပတ်ရဲ့ တနင်္ဂနွေနေ့) ဟာ ဥရောပမှာ ဆောင်းရာသီစံတော်ချိန်ပြောင်းတဲ့နေ့ပါ။ အခုရှိနေတဲ့အချိန်ကို နောက် တနာရီပြန်ဆုတ်ရပါတယ်။ အောက်တိုဘာ ၂၉ တုန်းက နေ့လည် ၁၂ နာရီဆိုတဲ့အချိန်ဟာ အခုစက်တင် ဘာ ရက်နေ့မှာတော့ မနက် ၁၁ နာ ရီပေါ့။ ဥရောပကိုမရောက်ဖူးရင် မယုံချင်စရာကြီး။ စာရေးသူ နော်ဝေး DVB (ဒီမိုကရက်တစ်မြန်မာ့အသံ) ရုံးကို ရောက်တဲ့နှစ်က ဒီနေ့အချိန်တနာရီနောက်ဆုတ် မယ်ပြောတော့ ‘’လာနောက်မနေနဲ့’’ ဆိုပြီး ပြန်ပြောမိတာ မှတ်မိနေပါသေးတယ်။

တကယ်ကနောက်နေတာမဟုတ်။ တနိုင်ငံလုံး၊ တိုက်ကြီးတခုလုံး ဒီလိုအချိန်ပြောင်းသွားတာ။ အချိန် တနာရီနောက်ဆုတ်တော့ ရုံးတက်ချိန်၊ အလုပ်ဝင်ချိန်လည်း တနာရီနောက်ကျပြီးမှ လာရာမှာပါ။ ရထားတွေ၊ ဘတ်စ်ကားတွေ စထွက်ချိန်လည်း တနာရီစီနောက်ဆုတ်ပေါ့။ ဥရောပနဲ့ မြောက်အမေရိကား မှာအခြေစိုက်တဲ့ BBC, VOA, RFA ရေဒီယိုတွေအားလုံး ဒီအချိန်မှာ ဆောင်းရာသီစံတော်ချိန်ပြောင်းလို့ အသံလှိုင်းမီတာတွေ ပြောင်းလဲထုတ်လွှင့်ကြောင်း ကြေညာနေတာကို စာဖတ်သူတွေ သတိထားမိကြမှာပါ။


ဒါကို DST (Daylight Saving Time) လို့ခေါ်ပါတယ်။ ပြောင်းတဲ့နေ့ရက်က တိုက်ကြီးတခုနဲ့တခု မတူပါဘူး။ ဥရောပမှာ အောက်တိုဘာနောက်ဆုံးသတင်းပတ် တနင်္ဂနွေမှာအခုလိုပြောင်းလိုက်ပေမဲ့ မြောက်အမေရိ ကားတိုက် (မေရိကန်နဲ့ ကနေဒါ) မှာတော့ နိုဝင်ဘာ ရက်၊ (ပထမသတင်းပတ် တနင်္ဂနွေ) မှ ပြောင်း မှာပါ။ သြစတေလျတိုက်မှာတာ့ အောက်တိုဘာ ရက်နေ့ (ပထမပတ် တနင်္ဂနွေ) မှာကတည်းက နွေရာ သီစံတော်ချိန်ကို ပြောင်းလဲခဲ့ပြီး ဖြစ်ပါတယ်။

ဒီပြောင်းလဲမှုဟာ လာမဲ့နွေဦးရာသီ မတ်လ ၂၆ ရက်နေ့အထိခံမှာဖြစ်ပြီး အဲဒီအချိန်ကျရင်တော့ နဂိုမူလ နွေရာသီစံတော်ချိန်အဖြစ် ရှေ့ကိုတနာရီပြန်တိုးမှာဖြစ်ပါတယ်။ ဥရောပမြောက်ဖျားနဲ့ဝေးပြီး အီကွေတာ အရပ်နဲ့နီးနေသူတွေ၊ တနည်းအားဖြင့် နွေနဲ့ဆောင်းမှာ နေ လမ်းကြောင်း အပြောင်းအလဲမရှိ၊ အချိန် ကွာခြားမှုမရှိတဲ့ အရှေ့တောင်အာရှကလူတွေ မျက်စိထဲမြင်သာအောင်ပြောရရင်တော့ အခုလာတော့မဲ့ ဆောင်းရာသီမှာ ဆီနှင်းတွေထူထူထဲထဲကျမယ်။ နေရောင် မရှိသလောက်ရှားမယ်။ မြောက်ပိုင်းရောင်ချည် Northing Light ကိုမြင်ရဖို့နီးလာပြီလို့ဆိုနိုင်ပါတယ်။ မတ်လနှောင်းပိုင်း နွေရာသီစံတော်ချိန်ပြောင်းပြီး ရင်တော့ နေမ၀င်လောက်အောင် နေတာရှည်မယ်။ သန်းခေါင်ယံ နေ လို့ခေါ်တဲ့ Midnight Sun ကို မြင်ခွင့်ရဖို့နီးလာတဲ့ သင်္ကေတလို့ပြောနိုင်ပါတယ်။

မြန်မာစံတော်ချိန် ဆိုတာ ဘာလဲ

ဥရောပရဲ့ ရာသီပြောင်းပုံအကြောင်း ဒီလူ ဘာကြောင့်ဒီလောက်ညွှန်းနေသလဲဆိုပြီး စာဖတ်သူ တွေးကောင်းတွေး နေနိုင်ပါတယ်။။ သစ်ရွက်ကြွေတာ၊ မီးကင်းစောင့်တာ၊ နေရောင်မမြင်ရတာ၊ မြောက်ပိုင်းရောင်ချည်မြင်နိုင်တာတွေကို ပြောချင်လွန်းလို့မဟုတ်ပါ။ နွေနဲ့ဆောင်းမှာတောင် အချိန်ကို တနာရီစီ ရှေ့တိုး-နောက်ဆုတ်လုပ်ပြီး ထိမ်းညှိနေကြတဲ့အကြောင်း၊ တနာရီ ၀င်ငွေဘယ်လောက်ရတယ်၊ သတ်မှတ်ချိန်ထက် ၁၅ မီနစ်နောက်ကျရင် ဘယ်လိုအပြစ်ရှိတယ် စသဖြင့် သူတို့ဆီမှာ အချိန်ကို ဘယ်လိုလေးစားတယ်ဆိုတဲ့အကြောင်းပြောချင်လို့ ကမ္ဘာကြီးနဲ့ချီပြီး နိဒါန်းပျိုး နေခြင်းသာဖြစ်ပါတယ်။ 


အခု ’’မြန်မာစံတော်ချိန်’’ အကြာင်းပြောပါတော့မယ်။ မြန်မာ့စံတော်ချိန်ရဲ့ မူရင်းအဓိပါယ်ဟာ မြန်မာနိုင်ငံ တည်ရှိတဲ့ လာဒ်တီကြု၊ လောင်တီကြုပေါ်မူတည်ပြီး နိုင်ငံတကာက အသိမှတ်ပြုသတ်မှတ်ပေးထားတဲ့ နာရီ၊ စံတော်ချိန်တခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ လူများစုကြီးကြားမှာတော့ မြန်မာစံတော်ချိန်လို့ပြောလိုက်ရင် သတ်မှတ်ချိန်ထက်နောက်ကျပြီးမှ ရောက်လာတာ၊ နောက်ကျပြီးမှ ပွဲစနိုင်တာကို တန်းမြင်လေ့ရှိပါတယ်။

ဘာကြော ဒီလိုဖြစ်သွားတာလဲ။ နှစ် ၅၀ ကျော် စစ်အစိုးရအုပ်ချုပ်ခဲ့လို့ ဒီလိုပျက်သွားတာပေါ့ဆိုပြီး အလွယ် တကူ ကောက်ချက်မဆွဲချင်ပါ။ ဒါပေမဲ့ စစ်အစိုးရခေတ်မှာ နိုင်ငံတကာနဲ့ အဆက်ပြတ်ပြီး ကိုယ့်စံတော်ချိန်နဲ့ ကိုယ် သွားခဲ့မိတာကြောင့် ဒီလိုဖြစ်သွားရတယ်လို့တော့ ထင်ပါတယ်။ တကယ်တော့ အချိန်ကို မလေးစား တာက ပြည်တွင်းက မြန်မာတွေတင်မကပါဘူး၊ နိုင်ငံတကာရောက် မြန်မာအတော်များများလည်း အခုချိန် ထိ မြန်မာစံတော်ချိန်နဲ့ သွားနေကြဆဲဖြစ်ပါတယ်။


‘’နိုင်ငံခြားသားတွေနဲ့ တွဲလုပ်ရတဲ့ပွဲကတော့ အချိန်မှန်ပါတယ်။ ဒါပေမဲ့ မြန်မာချည်းသက်သက်လုပ်တဲ့ ပွဲဆိုရင်တော့ မြန်မာစံတော်ချိန်အတိုင်းသွားနေဆဲပါ’’ ဆိုပြီး ဥရောပနိုင်ငံကြီးတခုရှိ မိတ်ဆွေတဦးပြော ပါတယ်။ နော်ဝေးရောက် မြန်မာတွေကြားမှာလည်း ဒီအတိုင်းပါပဲ။ ပြီးခဲ့တဲ့နှစ်က ၈၈ ကျောင်းသားခေါင်း ဆောင်တွေ နော်ဝေးရောက်တုန်း မြန်မာနိုင်ငံသားတွေနဲ့တွေ့ဆုံပွဲတခု NBC နော်ဝေ-မြန်မာ ကော်မီတီ ရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။ ထုံးစံအတိုင်း မြန်မာတွေချည်းတွေ့တဲ့ပွဲဆိုတော့ သတ်မှတ်ချိန်ထက် မီနစ် ၃၀ နောက်ကျပြီးမှ ပွဲစနိုင်ပါတယ်။ 

‘’မြန်မာစံတော်ချိန်ပေါ့’’ ဆိုပြီး နော်ဝေ-မြန်မာကော်မီတီမှ တာဝန်ရှိသူတဦးကပြောလိုက်တဲ့အခါ စာရေးသူ စိတ်ထဲ နဲနဲအောင့်သက်သက်ဖြစ်သွားပါတယ်။ မြန်မာတွေအချင်းချင်းကြား နောက်ပြီးပြောနေကြတဲ့ မြန်မာစံတော်ချိန်က နိုင်ငံခြားသားတွေကြားအထိ၊ ကမ္ဘာကသိတဲ့အထိ ထင်ရှားသွားပြီလား။ နိုင်ငံတကာက လူတွေ၊ ဒီမိုကရေစီထွန်းကားတဲ့၊ ဖွံဖြိုးတိုးတက်နေတဲ့နိုင်ငံကြီးတွေကလူတွေနဲ့ နေ့စဉ်ထိစပ်နေသူတဲ့ ပြည်ပရောက်မြန်မာတွေကြားမှာတောင် ဒီလိုဖြစ်နေတယ်ဆိုရင် ပြည်တွင်းက မြန်မာတွေဆို အခြေအနေက ပိုဆိုးမယ်ထင်ပါတယ်။

အချိန်မေးမြန်းခြင်း သည်းခံပါ

တနိုင်ငံလုံးအခြေအနေကိုခြုံပြောဖို့ခက်ပေမဲ့ ပြည်တော်ပြန်ခရီးစဉ်တွေအတွင်း စာရေးသူကြုံခဲ့ဖူး သလောက်ကတော့ အခြေအနေက အတော်ဆိုးပါတယ်။ ပထမ အခေါက်ခရီးစဉ်တုန်းက မိတ္တိလာကနေ ပုဂံအသွားမှာ ဘတ်စ်ကားက သတ်မှတ်ချိန်ထက် တနာရီနောက်ကျပြီးမှရောက်လာပါတယ်။ ‘’ဒီနှုန်း တိုင်းဆို ပုဂံကို ဘယ်အချိန်လောက်ဝင်မလဲ’’ လို့မေးမိတာပေါ့။ ကားစပယ်ယာက အထိန့်တလန့်ကြည့်ပြီး ဘာမှပြန်မပြောပါ။ ကျနော်ကိုလိုက်ပို့တဲ့ မိတ်ဆွေက လက်တို့ပြီး အချိန်မမေးရဘူးလေ။၊ ဒီကလူတွေက အချိန်မေးတာကိုမကြိုက်ဘူး။ နမိတ်မကောင်းဘူးလို့ ယူဆကြတယ်ဆိုပြီးရှင်းပြတာ ကြုံရဖူးပါတယ်။


အခုတခေါက်ခရီးစဉ်မှာတော့ အညာနဲ့ ရှမ်း၊ ကယားပြည်နယ်ဖက်သွားတဲ့ ဘတ်စ်ကားအတော်များများမှာ ’’အချိန်မေးမြန်းခြင်း သည်းခံပါ’’ ဆိုတဲ့ စာတန်းကို ကားဆရာရှေ့ကမှန်မှာ ချိတ်ထားတာ တွေ့ရပါတယ်။ ပြီးရော။ ဘာမှကို မေးလို့မရတော့ပါဘူး။ ရောက်ချင်တဲ့အချိန် ရောက်မယ်။ ကြိုက်မှစီးဆိုတဲ့ သဘောပါပဲ။ ဒါက အညာဖက်က ဘတ်စ်ကား။ နေပြည်တော်-တောင်ငူ-ရန်ကုန် မီးရထားကြတော့ နောက်တမျိုး။ ရထား ထွက်ရန် မီနစ်အလိုဆိုတဲ့ စာတန်းပဲပေါ်ပြီး ဘူတာကြီးဆီ ဘယ်အချိန်ရထားဆိုက်မယ်ဆိုတာ မေးမြန်း စုံစမ်းလို့မရပါ။ အမြန်ကားတွေက နာရီ ကြာတယ်ဆိုတော့ ရထားက နာရီလောက်တော့ ကြာနိုင်တယ် ဆိုပြီး မိတ်ဆွေတဦးကပြောပါတယ်။

ဒါပေမဲ့ မနက် ၁၁ နာရီ တောင်ငူကထွက်တဲ့ရထားဟာ နာရီမှ ရန်ကုန်ဘူတာကြီးဆီ ၀င်ပါတယ်။ သတ်မှတ်ချိန်ထက် နာရီနောက်ကျတဲ့သဘောပေါ့။ နာရီဆိုတာ နေ့တ၀က်စာ၊ မလွယ်ကျောပါပဲ။ ဒီအတွက် ဘာမှ ရှင်းပြခြင်း၊ တောင်းပန်ခြင်းလဲမရှိပါ။ ‘’ခင်ဗျားကလဲ အမြန်ရောက်ချင်ရင် လေယဉ်နဲ့ သွားပေါ့။ ဘာလို့ ရထားတွေ၊ ဘတ် စ်ကားတွေသွားစီးနေတာလဲ’’ ဆိုပြီး မေးခွန်းထုတ်မလို့လား။ တခြားဒေသဆီသွားတဲ့လေယဉ်တော့ မသိဘူး။ ထားဝယ်ဖက်သွားတဲ့လေယဉ်ကတော့ အမြဲတန်းလိုလို သတ်မှတ်ချိန်ထက် နောက်ကျပါတယ်။

လေယဉ်ထွက်ချိန်က မနက် နာရီဆိုရင် ကွင်းချိန်းက မနက် နာရီပေါ့။ ရန်ကုန်လေယဉ်ကွင်းမှာ ခရီး သည်လဲ သိပ်ရှိတာမဟုတ်ပဲနဲ့ နိုင်ငံတကာလေယဉ်ကွင်းတွေလို နာရီ ကြိုချိန်းပါတယ်။ ပြီးတော့ မိုးလေ ၀သမကောင်းလို့၊ ဘာဖြစ်လို့၊ ညာဖြစ်လို့နဲ့ ၁၁ နာရီလောက်မှ တကယ်ထွက်ပါတယ်။ ထားဝယ်ဖက်ကနေ ရန်ကုန်လာရင် အခြေအနေက ပိုဆိုးပါတယ်။ ဆိုးဆို သူက ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင် မြို့ကို ပတ်မောင်းတာဆိုတော့ တခြားမြို့တွေမှာ နဲနဲနောက်ကျတာနဲ့ ထားဝယ်အ၀င်က နောက်ကျပြီးသားဖြစ်နေ ပြီ။

ဒါပေမဲ့ ကွင်းချိန်းချိန်ကတော့ နေ့လည် ၁၂ နာရီပုံမှန်ပါပဲ။ လေယဉ်မလာမချင်း တနေကုန်ထိုင်စောင့် ပေတော့။ ထူးခြားတာကတော့ မြန်မာနိုင်ငံက ခရီးသွားသူအများစုဟာ ဒီနေ့ခရီးသွားစရာရှိတယ်ဆိုရင် တခြားအလုပ်ဘာမှ မလုပ်တော့ပဲ လေယဉ်တွေ၊ ကားတွေကိုပဲ တနေကုန်ထိုင်စောင့်နေလေ့ရှိပါတယ်။

ဒါပေမဲ့ သတင်းသမားတွေကျတော့ ဒီလိုထိုင်စောင့်နေလို့ဘယ်ဖြစ်မလဲ။ အချိန်နဲ့တပြေးညီအလုပ်လုပ် နေရသူတွေ မဟုတ်ပါလား။ စီးပွားရေးလုပ်ငန်းရှင်တွေဆိုပိုဆိုးမှာပေါ့။ ထားဝယ်နဲ့ ရန်ကုန် လေယဉ် ပျံသန်းချိန်က တနာရီတည်းရယ်။ မနက် ထားဝယ်ကနေထွက်။ နေလည်ရန်ကုန်မှာ အစည်းဝေးတက်၊ ညနေ နေပြည်တော်မှာ ဆွေးနွေးပွဲတခု ရှိနေတဲ့လူတွေဆို ဘယ်လိုလုပ်မလဲ။ အချိန်လေးစားလွန်းတဲ့ ဥရောပနိုင်ငံတွေကိုမပြောနဲ့ဦး။ အိမ်နီးချင်းထိုင်းနိုင်ငံမှာတောင် လေယဉ်ကို အဲဒီလိုအတိအကျစီးလို့ ရနေပြီဖြစ်ပါတယ်။

ဒါက နိုင်ငံတကာနဲ့ယှဉ်ပြီး လေယဉ်စီးခရီးသည်တွေအကြောင်း ပြောကြည့်တာပါ။ လူများစုကြီးစီးနေတဲ့ မြို့ထဲက ဘတ်စ်ကားတွေ၊ မြေအောက်ရထားတွေ (ရန်ကုန်မှာတော့ မြို့ပတ်ရထားပေါ့) အကြောင်းပြောဦး မလား။ လေယဉ်တောင်အချိန် မမှန်မှတော့ ဘတ်စ်ကားတွေ၊ မြို့ပတ်ရထားတွေဆို ပိုဆိုးတာပေါ့။ ကား မှတ်တိုင်တွေ၊ ဘူတာတွေမှာ ထွက်ချိန်-၀င်ချိန် အချိန်ဇယားတောင် မတွေ့မိပါ။ လာချင်တဲ့အချိန်လာမယ်၊ ရောက်ချင်တဲ့အချိန်ရောက်မယ်။ ကြိုက်မှစီး ဆိုတာတွေချည်းပါပဲ။ အချိန်မေးမြန်းခြင်းသီးခံပါ အဆင့် ကိုကျော်ပြီး အချိန်မဲ့ဇုန်တခုဆီရောက်နေလားတောင် ထင်ရပါတယ်။

မြန်မာစံတော်ချိန် ဘယ်တော့ပြောင်းမလဲ

ကျနော်တင်ပြတဲ့အထဲ ခရီးသွားရင်းကြုံရတဲ့ မြန်မာစံတော်ချိန်အကြာင်းချည်း သက်သက်ဖြစ်နေမလားပဲ။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ဦးဆောင်နေတဲ့ NLD အစိုးရ ၀န်ကြီးတွေကိုယ်တိုင် တက်ရောက်တဲ့ စည်းဝေးတခု သတ်မှတ်ချိန်ထက် တနာရီနောက်ကျပြီးမှ ကျင်းပတာကို ထားဝယ်မှာ ကြုံခဲ့ရဖူးပါတယ်။ ကျနော့်အတွက် အထူးအဆန်းဖြစ်နေပေမဲ့ ပွဲစီစဉ်သူတွေကတော့ ’’မြန်မာစံတော်ချိန်ပေါ့ ဆရာရယ်’’ ဆိုပြီး ခပ်ပေါ့ပေါ့ပဲပြောပါတယ်။


တခြား ပြည်နယ်-တိုင်းတွေ၊ ဗဟိုအစိုးရအစည်းဝေးတွေမှာလည်း ဒီလို မြန်မာစံတော်ချိန်နဲ့ သွားနေဆဲလား ဆိုတာ မသေချာပါ။ သေချာတာကတော့ အရင်က အဲဒီလိုသွားခဲ့ဖူးရင်တောင် အခုချိန်ကစပြီး အဲဒီလိုဆက် မသွားသင့်တော့ပါ။ နိုင်ငံတကာနဲ့ လမ်းပန်းဆက်သွယ်ရေးတွေပွင့်သွားပြီမို့ ဖွံဖြိုးပြီးနိုင်ငံတွေမှာ အချိန်ကို လေးစားသလိုမျိုး ကျနော်တို့မြန်မာတွေလည်း အချိန်ကို အတိအကျလေးစားဖို့ လိုလာပြီဖြစ်ပါတယ်။ 

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ပြည်တွင်း-ပြည်ပ မြန်မာတွေကြား လူပြောများနေတဲ့ ‘’မြန်မာစံတော် ချိန်’’ ဆိုတာကို ရွေးကောက်ခံ ဒီမိုကရေစီကရေစီအရပ်သားအစိုးရခေတ်အထိ သယ်မလာသင့်ပါ။ ခေတ်ဟောင်း စနစ်ဟောင်းက အတွေးအခေါ်ဟောင်းတွေကို အစိုးရဟောင်းနဲ့အတူ ရာဇ၀င်ထဲမှာ ချန်ထားခဲ့ပြီး ခေတ်သစ်၊ စနစ်သစ် အတွေးအခေါ်သစ်တွေနဲ့ အချိန်ဇယားအသစ်တွေ အတိအကျ သတ်မှတ်ပြီး စနစ်တကျ ရှေ့ကိုချီတက်နိုင်ရေး လ့ကျင့်ဖို့ လိုနေပြီဖြစ်ပါတယ်။     

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More