Monday, December 28, 2015

ဆောင်းရာသီမှာ စက်ဘီးစီးခြင်း...။

(၁)- ရေခဲပြင်ထဲက ဘော်လုံးကွင်း...။
...
မနေ့ညက နှင်းတွေကျထားလို့ ဒီမနက် ဓတ်ပုံလျောက်ရိုက်မယ်ဆိုပြီး အိမ်နောက်ဖက် တောတန်းထဲက ရေကန်ဆီ ထွက်လာခဲ့ပါတယ်။ ပထမ စိတ်ကူးက ဘောလုံးကွင်းအနီးရှိ ရေကန်ငယ်လေးအနီးက သစ်ပင်တွေပေါ် ကျန်နေဆဲဖြစ်တဲ့ နှင်းတွေကို ရိုက်ဖို့။

နွေရာသီမှာ ကလေးတွေ ဒါဇင်နဲ့ချီဆော့နေတဲ့ ဘောလုံးကွင်းထဲမှာ နှင်းတွေပြည့်နေပြီး သူရဲကောင်းတဦးတည်း ဘော်လုံးဆော့နေတာတွေ့ရပါတယ်။ ညနေပိုင်းမှာ နှင်းတွေကိုပြန် ရှင်းပြီး ကလေးတွေဆော့နိုင်အောင် ပြန်လုပ်ပေးမယ်ထင်ပါရဲ့။ ဒါမှမဟုတ် ဘော်လုံးကွင်း ကနေ စကီးကွင်းအဖြစ် ပြောင်းပေးလိုက်မလား မပြောတတ်။
အဲဒီဘော်လုံးကွင်းနောက်နားရှိ နွေရာသီမှာ ရေကူးနေကြ ရေကန်ဆီရောက်တော့ ဆီးနှင်း တွေဖုံးပြီး ရေကန်က စကီးကွင်းဖြစ်နေပြီ။ ဘယ်လောက်မာသလဲဆိုပြီး ရေထဲဆင်းရပ်ကြည့် တော့ အတော့်ကိုမာနေပြီ။ ရေခဲပြင် စကိတ်စီးလို့ရတဲ့အနေအထားဖြစ်နေပြီ။
ဘေးနားကတောအုပ်ထဲဝင်လိုက်တော့ ထင်းရူးပင်တွေကြားမှာ ဆီနှင်းတွေက လှလှပပ။ တယောက်ထဲဆိုတော့ တောအုပ်ထဲဝင်ရမှာခပ်လန့်လန့်။ အအေးဓတ်ကလည်း အနှုတ် ၃ လောက်ရှိတယ်ဆိုတော့ မတော်လို့ကြွက်တက်ရင် တယောက်ထဲ ဂန့်သွားနိုင်တယ် မဟုတ်ပါလား။
အဲဒီလိုတွေးနေတုန်း ချာတိတ်တယောက် ခွေးတကောင်နဲ့အတူ တောအုပ်ထဲကနေထွက်လာ ပါတယ်။ ပြီးတော့ ကိုယ့်အရင်လျှောက်ထားတဲ့ လူခြေရာ၊ ခွေးခြေရာတွေကိုလဲ ဆီးနှင်းပေါ် တွေ့ရတော့ နည်းနည်းအားရှိလာပါတယ်။ တောလမ်းထဲမှာ လူတွေ တွေ့နိုင်ကောင်းရဲ့ပေါ့။
...
(၂)- ဆောင်းရာသီမှာ စက်ဘီးစီးခြင်း...။
...
ဒီလိုနဲ့ နှစ်ကီလိုနီးပါးဝေးတဲ့ နွေရာသီတုန်းက လမ်းလျောက်ခဲ့ဖူးတဲ့ သောက်ရေကန်ဆီ တကိုယ်တော်ဆက်လျောက်ခဲ့ပါတယ်။ ဆီးနှင်းတွေကြားမှာ ခြေရာတွေတွေ့ပေမဲ့ လူ တော့တဦးမှ မတွေ့မိ။ အအေးဓာတ်ကလည်းအတော်များတဲ့အတွက် ကြွက်တက်ရင် တော့ တယောက်တည်း ဒုက္ခပဲဆိုပြီးတွေးနေတုန်း တောတိုးသံတချက်ကြားလိုက်ရပါတယ်။
ဝက်ဝံထွက်လာရင်တော့ ဒုက္ခပဲဆိုပြီး လှည့်ကြည့်လိုက်တော့ လား၊ လား။ သူရဲကောင်း စက်ဘီးသမား ၃ ဦး ဆောင်းတွင်းစက်ဘီးကြီးစီးလို့ ရုတ်တရက်ထွက်လာပါတယ်။ မြင်တဲ့ အတိုင်း ဧရာမတာရာကြီးနဲ့။ လမ်းတောင်မနည်းလျှောက်နေရတဲ့ ရေခဲတောင်စောင်းမှာ သူတို့မို့ မကြောက်မလန့် စီးရဲတယ်။
ဝတ်စုံကိုလည်းကြည့်လိုက်ဦး။ စက်ဘီးဆိုတာ နွေရာသီအားကစားလို့ မြန်မာနိုင်ငံမှာ နည်းလည်ထားပေမဲ့ ဒီကပုဂ္ဂိုလ်တွေကတော့ ဆောင်းမှာလည်းစက်ဘီးစီးနိုင်ဖို့ အထူး ၀တ်စုံတွေ၊ အထူးစက်ဘီးတွေ ထွင်ထားလေရဲ့။ ၀တ်စုံကတော့ ပရိုဖက်ရှင်နယ် စက်ဘီး သမားတွေဝတ်တဲ့အတိုင်းပါပဲ။ နွေဝတ်စုံနေရာမှာ ဆောင်းဝတ်စုံနဲ့အစားထိုးပေါ့။
နွေဝတ်စုံတောင် ဒေါ်လာ ၁၀၀၀ လောက်ရှိတော့ ဆောင်းဝတ်စုံဆို ၁၅၀၀ ထက် ဘယ်နည်း ပါ့မလဲ။ ဒါပေမဲ့ ရေခဲပြင်စကီးစီးမယ်ဆိုရင်လည်း ၀တ်စုံဖိုးက ဒီထက်မနည်းပါ။ ၀တ်စုံက သိပ်မထူးပေမဲ့ စက်ဘီးကတော့ ဆောင်းရာသီအထူးဘီးပါ။ တာယာက ဆိုင်ကယ်တာယာ လောက်ကြီးပါတယ်။ တချို့ဘီးတွေဆို သံဆူးတွေပါ တပ်ထားပါတယ်။ ဈေးကတော့ ပရိုဖက် ရှင်နယ်စက်ဘီးသမားတွေရဲ့ တာဝေးဘီးတွေလို ဒေါ်လာ ၂၀၀၀ ကနေ ၃၀၀၀ ကြားရှိနိုင် ပါတယ်။

ဒီလိုစက်ဘီးလည်းမ၀ယ်နိုင်၊ ဆောင်းရာသီဝတ်စုံလည်းမ၀ယ်နိုင်လို့ နွေရာသီမှာစီးနေကြ စက်ဘီးစုတ်လေးကို ဂိုထောင်ထဲထည့်သိမ်းပြီး လမ်းလျောက်လေ့ကျင့်ခန်းလောက်သာ လုပ်နိုင်တဲ့ ကျနော့်က သူတို့ပုံတွေကို အမိအရ ရိုက်ကူးပြီး မိတ်ဆွေတွေဆီ မျှဝေပေး လိုက်ပါတယ်။
..........

(၃) လမ်းပေါ်ပွဲတွေ လာတော့မယ်...။
...
ဆောင်းရာသီမှာ စက်ဘီးပွဲမရှိလို့ ခပ်ပျင်းပျင်းရှိနေပေမဲ့ ရှေ့သတင်း ၂ ပတ်မှာ ကမ္ဘာကျော်ပွဲ တွေပြန်စတော့မှာပါ။ 
ဇန်နာဝါရီ ၁၇ ကနေ ၂၄ အထိ သြစတေလျနိုင်ငံ Adelaide မှာကျင်းပမဲ့ Tour Down Under သတင်းတပတ်ကြာပွဲအတွင်း သြစတေလျက နာမည်ကြီးစက်ဘီးသမားတွေ အပြင် ကမ္ဘာ့နာမည်ကြီးအသင်းအားလုံးက ၀င်ပြိုင်ကြမှာဖြစ်ပါတယ်။
ပရိသတ်သိတဲ့ အမည်တချို့ကိုကောက်နှုတ်ဖေါ်ပြရမယ်ဆိုရင် Simon Gerrans က Orica GreenEdge အသင်းကို ဦးဆောင်မှာဖြစ်ပါတယ်။ နောက် နာမည်ကြီး Richie Porte က sky အသင်းကို ဦးဆောင်မှာဖြစ်ပါ တယ်။
တချိန်တည်းစတင်မဲ့ (ဇန်နာဝါရီ ၁၈ မှ ၂၄ အထိ) အာဂျင်တီးနားမှာကျင်းပမဲ့ Tour de San Luis ပွဲ ဖက်လှည့်ရမယ်ဆိုရင် လက်ရှိ ကမ္ဘာ့ချန်ပီယံ ပီတာဆာဂင် Peter Sagan (Tinkoff)၊ ကိုလံဘီယာမှ နည်မည်ကြီး ကင်တားနား Nairo Quintana (Movistar)၊ အီတလီမှ ဆရာကြီး နီဘာလီ Vincenzo Nibali (Astana) တို့ ပါဝင်ကြမှာဖြစ်ပါတယ်။
လာမဲ့သတင်း ၂ ပတ်အတွင်း ပရိုဖက်ရှင်နယ် စက်ဘီးသမားတွေရဲ့ လမ်းပေါ်ပွဲတွေကို ရှုစား ရတော့မှာဖြစ်ပါကြောင်း နှစ်သစ်ကူး သတင်းကောင်းပါး လိုက်ရပါတယ်။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More