Saturday, December 5, 2015

အမှိုက်ပစ်ခြင်း အနုပညာ

မွန်းတည့်နေ (၂၂-၁၁-၂၀၁၅)

ပွဲပြီး အမှိုက်ရှုတ်

သီတင်းကျွတ်လပြည့်နေ့ပွဲတော်အပြီး နောက်တရက်မနက်စောစောမှာ အမှိုက်တွေရှုတ်ပွကျန်ခဲ့တဲ့ အင်းယားကန် စောင်းက ဓာတ်ပုံတပုံ Facebook ပေါ်ရောက်လာပါတယ်။ ဘယ်သူတင်လိုက်မှန်း မမှတ်မိတော့ပေမဲ့ ဒီလိုအမှိုက် ရှုတ်ပွမှုအတွက် ဘယ်သူမှာတာဝန်ရှိသလဲ၊ နိုင်ငံသားတဦးချင်းစီက တာဝန်ယူမှုမရှိကြဘူးလား၊ ဒီလိုစည်းကမ်းမျိုးနဲ့ ဘယ်လိုလုပ် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ ချီတက်နိုင်မှာလဲ စသဖြင့် ရေးထားတာကိုတော့ မှတ်မိနေပါတယ်။


တခါ အဲဒီ မူရင်းဓာတ်ပုံရှင်ရဲ့ Status အောက်မှာ တယောက်တမျိုးစီရေးထားတဲ့ ထင်မြင်ချက်တွေကလည်း မနည်းလှပါ။ အကြမ်းအားဖြင့်ကတော့ ဓာတ်ပုံတင်သူရဲ့အဆိုကိုလက်ခံပြီး ကိုယ့်အမှိုက်ကိုယ်ပြန်သိမ်းဖို့၊ ပတ်ဝန်းကျင်ကို လှပသန့်ရှင်းနေအောင်ထားဖို့၊ တဦးချင်းတာဝန်ယူမှု၊ တာဝန်သိမှု တိုးတက်လာစေဖို့၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆိုရင် သဘာဝပတ်ဝန်းကျင်သန့်ရှင်းအောင် ဘယ်လိုနေထိုင်ကြတယ် စသဖြင့် စုံလို့။

ဒါပေမဲ့ ထူးထူးခြားခြား ပြောင်းပြန်အမြင်ရှိ သူတဦးကိုလည်း အဲဒီကြားထဲ တွေ့လိုက်ရပါတယ်။ ‘’ဘာလဲ နိုင်ငံတကာအမြင်၊ ဟောဒီမှာတွေ့လား။ နှစ်သစ်ကူးပွဲအပြီး အမှိုက်တွေရှုတ်ပွကျန်ခဲ့တဲ့ နယူးယောက်မြို့ လယ်က Time Squire ရင်ပြင်ကြီး’’ ဆိုပြီး ဓာတ်ပုံတပုံတင်ကာ သူက ငြင်းချက်ထုတ်ထားပါတယ်။ ပြီးတော့ ဒီလိုအမှိုက်ရှုတ်ပွမှု အတွက် နိုင်ငံသားတဦးချင်းမှာတာဝန်မရှိပဲ စည်ပင်မှာသာ တာဝန်ရှိတယ်၊ ဒါ စည်ပင်ရဲ့ တာဝန်သာဖြစ်တယ်လို့ သူကဆိုထားပါတယ်။

စာဖတ်သူတွေကော ဘယ်လိုမြင်ကြပါသလဲ။ သီတင်းကျွတ်ပွဲည (တန်ဆောင်တိုင်ပွဲညမှာလဲ ဒီလိုပဲ ထပ်ဖြစ်ဦးမယ် ထင်ပါတယ်) က အမှိုက်ပစ်ခဲ့သူတွေထဲ ပါဝင်ခဲ့ပါသလား။ ဒါမှမဟုတ် ဒီလိုပစ်တာကို မသင့်တော်ဘူး၊ နိုင်ငံကြီး သားမပီသဘူးလို့ စိတ်ထဲခံစားနေရပါသလား။ ရပ်ကွက်ထဲက အမှိုက်ပုံတွေ၊ နောက်ဖေးလမ်းကြားထဲက အမှိုက် ပုံတွေ ဘယ်ကစတင်ပေါ်ပေါက်လာတယ် ထင်ပါသလဲ။

အော်စလိုက အမှိုက်ပစ်ခြင်း အနုပညာ

အမှိုက်ပစ်ခြင်းနဲ့ အနုပညာကို ခိုင်းနှိုင်းစရာလားဆိုပြီး တချို့က ကြိုက်ချင်မှကြိုက်မှာပါ။ ဒါပေမဲ့ ဒီမြို့မှာအမှိုက်ပစ်တဲ့စနစ်က တကယ့်ကို အနုပညာမြောက်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆို အမှိုက်တွေကို အရောင်တွေနဲ့ ခွဲခြားထားလို့ပါ။ အရောင်ဆိုလို့၂၀၁၅ ရွေးကောက်ပွဲမှာ နာမည်ကြီးခဲ့တဲ့ အစိမ်းရောင်တွေ၊ အနီရောင်တွေကို သွားမတွေးလိုက်ပါနဲ့။ ဒီကိစ္စမှာ နိုင်ငံရေး မပါပါဘူး။




စားကျွင်းစားကျန်ဆိုရင် အစိမ်းရောင်ပုံးထဲထည့်၊ ပလပ်စတစ်ဆိုရင် အပြာရောင်၊ အထွေထွေဆိုရင် အနီရောင်ပုံး စသဖြင့် အတိအကျ သတ်မှတ်ပေးထားပါတယ်။ ဒါက ရုံးတွေ၊ ကျောင်းတွေ၊ ဘတ်စ်ကား ဂိတ်တွေ၊ ရထားဘူတာ တွေမှာတွေ့ရတဲ့ အမှိုက်ပုံးတွေကိုပြောတာပါ။ လူနေအိမ်တွေမှာဆိုရင်တော့ အမှိုက်အမျိုးအစားက ဒီထက်ပိုများတဲ့ အတွက် ပုံးတွေကလည်း ဒီထက်ပိုများပါတယ်။
အဲဒီ မျိုးအပြင် စက္ကူတွေချည်းပစ်ရတဲ့ပုံး၊ လျှပ်စစ်ပစ္စည်းပစ်တဲ့ပုံး၊ ငါးသေတ္တာဗူးအပါဝင် သံဗူးသံခွံ ပစ်တဲ့ပုံး စသဖြင့်အများကြီး။ တကယ်လို့ အိမ်ပြင်တယ်၊ သစ်သားတွေ၊ ကျောက်ပြားတွေ၊ တိုလီမိုလီတွေ ထွက်လာတယ်ဆိုရင် အဲဒါတွေကို ကားနဲ့တင်ပြီး သတ်မှတ်ထားတဲ့နေရာမှာ စနစ်တကျသွားပစ်ပေးရ ပါတယ်။ ကုလားထိုင်၊ စားပွဲ၊ အိပ်ရာ အပါဝင် ပရိဘောဂပစ္စည်းအဟောင်းတွေပစ်မယ်ဆိုရင်တော့ လတခါ စည်ပင်က လာချပေးတဲ့ ဧရာမအမှိုက်ပုံး ကြီးတွေကို စောင့်နိုင်ရင်စောင့်၊ မစောင့်နိုင်ရင် ခုနက အိမ်ပြင်သလိုမျိုး ကားငှားပြီးသာ သတ်မှတ်နေရာမှာ စနစ်တကျ သွားပစ်ပေတော့။ 

ဒါက အခု အော်စလိုမှာ ၁၀ နှစ်ကျော်နေပြီးမှ သိလာတာတွေပါ။ အစောပိုင်းကာလတွေကတော့ ဒါတွေကို မသိပါ ဘူး။ နေတာကလည်း DVB ဒီမိုကရက်တစ်မြန်မာ့အသံဝန်ထမ်း မြန်မာတွေချည်းစုနေတဲ့ အခန်း ဆိုတော့ ဖြစ်သလို ပစ်လိုက်တာပါပဲ။ ကိုယ်ပစ်လိုက်တဲ့အမှိုက်တစ စနစ်မကျလို့ နောက်ဆက်တွဲဖြစ် လာနိုင်တဲ့ ပြသာနာတွေကို တခါမှအသေချာ မစဉ်းစားဖြစ်ခဲ့ပါ။ 


ဒါပေမဲ့ ပြီးခဲ့တဲ့လကတော့ အိမ်ပြင်ပြီး ပစ္စည်းတွေပစ်ရင်းနဲ့ ဧရာမ မီးခိုးတိုင်ကြီး နှစ်ခုရှိရာ အော်စလို ဆင်ခြေဖုံး အရပ်ဆီရောက်သွားပါတယ်။ တချိန်လုံး မီးခိုးတလူလူထွက်နေတဲ့ အမြင့် ပေ ၁၀၀ လောက်ရှိတဲ့ အဲဒီတိုင်ကြီးနှစ်လုံးကို စက်ရုံမီးခိုးတိုင်လို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ တကယ်တန်း ရောက်သွားတော့ စက်ရုံမဟုတ်။ အခုကျနော်အပါဝင် လူပေါင်းစုံလာပစ်တဲ့ စွန့်ပစ်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးပေးနေတဲ့ မီးခိုးတိုင်ကြီးဖြစ်နေပါတယ်။

စွန်ပစ်ပစ္စည်း ပြန်လည်အသုံးချရေး

ဒီလိုပြောလိုက်လို့ လာပစ်သမျှပစ္စည်းအားလုံးကို မီးသဂြိုလ်စက်ထဲထည့်ပြီး တခါတည်း ဘ၀ပြောင်းပေး လိုက်တယ်လို့ မထင်လိုက်ပါနဲ့၊ အဲဒီမှာလည်း အမှိုက်ပစ်တဲ့နေရာကို အသေအချာခွဲထားပါသေးတယ်။ သစ်သားပစ်တဲ့ နေရာမှာ သံတိုသံစတွေ ပါသွားလို့မရ၊ အုတ်ပြားဟောင်းတွေ ပါသွားလို့မရ။ ပုံးတိုင်းမှာ စောင့်ကြည့်သူတွေရှိနေပြီး တကယ့်ကို စနစ်တကျ စွန့်ပစ်ရတဲ့နေရာကြီးပါ။ 



ဒါမှမဟုတ် စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးချရေးနေရာလို့လဲ ပြောနိုင်မယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီမှာ လာပစ်တဲ့ သစ်တိုသစ်တွေအားလုံးကို အရည်ပြန်ဖျော်ပြီး ပျော့ဖတ်ပြန်လုပ်၊ သစ်သားအကောင်းစား ပြန်ထုတ်နိုင် လို့ဖြစ်ပါတယ်။ တခါ ဘယ်လိုမှပြန်သုံးမရတော့လို့ မီးရှို့ဖျက်ဆီးလိုက်ရတဲ့ အမှိုက်တွေဆီက ထွက်လာတဲ့ အပူငွေ့ ကိုယူပြီး အော်စလိုမြို့က နေအိမ်တိုက်ခန်းအတော်များများဆီ ပေးပို့တဲ့စနစ်ကို ထွင်ထားပါတယ်။ 
ဒါကြောင့်ဖြစ်မယ်၊ အော်စလိုမှာ ဘန်ကောက်နဲ့ ရန်ကုန်မှာလို မြို့ပြင်က ဧရာမအမှိုက်ပုံကြီးတွေ၊ လမ်းဘေး အမှိုက် ပုံတွေ၊ နောက်ဘေးလမ်းကြားအမှိုက်ပုံတွေလိုမျိုး တခါမှ မတွေ့မိပါ။ ဒီလိုလုပ်နိုင်ဖို့ နည်းပညာ လိုသေးတယ်ဆိုပေမဲ့ အမှိုက်တွေကို စနစ်တကျစွန့်ပစ်ဖို့လိုတယ်။ သန့်ရှင်းသန့်ရပ်ရေးအတွက် စည်ပင် မှာတင်မက လူတဦးချင်းစီမှာ လည်း တာဝန်ရှိတယ်ဆိုတာကို အရင်ဆုံး လက်ခံဖို့လိုမယ်ထင်ပါတယ်။

အင်းအရေးကြီးတာတခု ကျန်ခဲ့တော့မလို့။ အမှိုက်တွေအားလုံးဟာ ဒီလိုအလာကားစွန့်ပစ်လိုက်ရ တာချည်း တော့ မဟုတ်ပါဘူး။ တန်ဖိုးရှိတဲ့အမှိုက်တခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ ဒီနေ့မြန်မာနိုင်ငံမှာ လူသုံးအများဆုံးပစ္စည်းဖြစ်လာနေတဲ့ ရေသန့်ဗူးခွံ၊ အချိုရည်ဗူးခွံနဲ့ ဘီယာဗူးခွံတွေပါ။ အသေးတလုံးကို တခရိုနာ (မြန်မာငွေ ၁၅၀ ကျပ်ခန့်) အကြီးတလုံးကို နှစ်ခရိုနာခွဲရပါတယ်။ လမ်းဆုံ လမ်းခွရှိ ဈေးဆိုင်တွေမှာ အဲဒီဗူးခွံတွေပြန်သွင်း နိုင်တဲ့ စက်တွေ ဆင်ပေးထားပါတယ်။ ဒါကြောင့် နွေရာသီဆို ဗူးခွံကောက်ရောင်းတာနဲ့တင် အတော်အလုပ်ဖြစ်ပါတယ်။ ဒါက အရံသဘော၊ အနှစ်သာရ ကတော့ ဒီလိုပြန်သွင်းနိုင်တဲ့စနစ်ကိုထွင်လိုက်တော့ လမ်းဘေးမှာ ဗူးခွံတွေ ရှုတ်မနေတော့ဘူးပေါ့။

မြန်မာ့ စည်ပင်ကိုကော ပုံစံသစ်ပြောင်းနိုင်မလား

ထုံးစံအတိုင်း အော်စလိုက အမှိုက်ပစ်ခြင်းအနုပညာမျိုး ရန်ကုန်မှာကော လုပ်လို့မဖြစ်နိုင်ဘူးလားဆိုပြီး မတွေးမိပဲ ဘယ်နေပါ့မလဲ။ လမ်းတိုင်းလိုလိုမှာမြင်နေရတဲ့အမှိုက်ပုံတွေ၊ နောက်ဖေးလမ်းကြားက အမှိုက်ပုံတွေ၊ ကွမ်းယာဆိုင်ဘေးကအမှိုက်ပုံတွေ၊ နေရာတကာ ညစ်ပေနေတဲ့ ကွမ်းသွေးတွေ၊ လမ်းသွားရင်း ပစ်ချသွားတဲ့ ဆေးလိပ်တိုတွေနဲ့ ရန်ကုန်မြို့ကလမ်းကြားအတော်များများ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာ ဆယ်စုနှစ်နဲ့ချီ ကြာခဲ့ပြီ မဟုတ်ပါလား။



ဒီလိုနဲ့ ပြီးခဲ့နှစ် ရန်ကုန်ခရီးစဉ်အတွင်း ဒါတွေကို စိတ်ဝင်တစား ကြည့်ဖြစ်ခဲ့ပါတယ်။ တိုက်တိုက်ဆိုင် ကျနော် ရန်ကုန်ရောက်နေတဲ့ ဒီဇင်ဘာလထဲမှာ မြို့တော်စည်ပင် ရွေးကောက် ပွဲရှိနေတဲ့အတွက် မြို့တော်သန့်ရှင်း သန့်ရပ်ရေးအကြောင်း ပြောဆိုဖို့ အကောင်းဆုံးအချိန်ပေါ့။

ဒါပေမဲ့ ကျနော်တွေ့ဆုံးမေးမြန်းခွင့်ရခဲ့သူတွေ၊ မြင်ခဲ့ရတဲ့ မဲဆွယ်ကားတွေရဲ့အခြေအနေတွေက ထင်ထားသလို မဟုတ်ပါ။ လူအများစုက ‘’မဲပေးလို့လဲ ဘာမှထူးလာမှာမဟုတ်ဘူး’’ လို့ ပြောကြပြီး အတော်များများ မဲရုံဆီမသွားကြပါဘူး။ နိုင်ငံရေးတက်ကြွသူတချို့ကဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံမပြောင်းပဲ၊ နေပြည်တော်ကဗဟိုအစိုးရကို မပြောင်းနိုင်ပဲ စည်ပင် မှာလူပြောင်းရုံလောက်နဲ့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးလို့တောင် ပြောကြပါတယ်။

‘’အမှိုက်သိမ်းတဲ့ကိစ္စ၊ သန့်ရှင်းရေးလုပ်တဲ့ကိစ္စက ဖွဲ့စည်းပုံပြင်တဲ့အထိ စောင့်နေစရာလိုလို့လား’’ ဆိုပြီး အငြင်းပွါး ခဲ့ဖူးပေမဲ့ လူတွေစိတ်ဝင်စားမှု ရှိသင့်သလောက် ရှိမလာခဲ့တာကတော့ အမှန်ပါပဲ။ ရန်ကုန် စည်ပင် ရွေးကောက် ပွဲမှာ ဇောတိကဦးခင်လှိုင်အပါအ၀င် တသီးပုဂ္ဂလတချို့အနိုင်ရပြီးနောက် ပြုပြင်ပြောင်း လဲမှုတချို့ လုပ်နိုင်လာခဲ့တာ ကိုတွေ့ ရပါတယ်။ ဒါပေမဲ့ ခေါက်ရိုးကျိုးနေတဲ့ စစ်ဗိုလ်ဟောင်းတွေ၊ ဗျုရိုကရက်တွေက အများစုဖြစ်နေတဲ့အတွက် ပြုပြင်ပြောင်းလဲရေးဟာ နောက်ပိုင်းမှာ အဖျားရှုး သွားခဲ့ပါတယ်။

ဒါပေမဲ့ ‘’ခင်ဗျားတို့ရဲ့ အိမ်နောက်ဖေးက မိလ္လာပိုက်တွေပေါက်နေရင်၊ ရေဆိုးတွေထွက်နေရင် ကျနော်ကို သာ ဖုန်းဆက်ခေါ် လိုက်ပါ’’ လို့ ကြွေးကြော်သံထုတ်ခဲ့တဲ့ ဦးခင်လှိုင်ဆီ Facebook ပေါ်ကတဆင့် ဂုဏ်ပြုစာရေးခဲ့ ဖူးတာကိုတော့ မှတ်မိနေဆဲပါ။

ဒါ ၂၀၁၄ ဒီဇင်ဘာမှာကျင်းပခဲ့တဲ့ စည်ပင် ရွေးကောက်ပွဲတုန်းက အခြေအနေကိုပြောနေတာပါ။ အခုတော့ ၂၀၁၅ တောင်ကုန်ခါနီးပြီ။ ပါတီစုံရွေးကောက်ပွဲမှာ NLD က အပြတ်အသတ်အနိုင်ရသွားတဲ့အတွက် နေပြည်တော်မှာလည်း ဒီမိုကရက်တစ်အရပ်သား အစိုးရစစ်စစ်တရပ် မကြာခင်ပေါ်လာတော့မှာပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေလည်း တစုံတရာပြောင်းလာတော့မှာပါ။ 

တနည်းအားဖြင့် ၂၀၁၄ ရန်ကုန် စည်ပင် ရွေးကောက်ပွဲမတိုင်ခင်က ငြင်းခဲ့ဖူးတဲ့အချက်တွေ အခု တကယ်ဖြစ်လာ တော့မှာပါ။ ဒါပေမဲ့ မေးစရာကျန်နေတာက နေပြည်တော်မှာ ဒီမိုကရက်တစ်အစိုးရ တက်လာပေမဲ့ ရန်ကုန် စည်ပင်နဲ့ ပြည်နယ်-တိုင်းဒေသကြီး အသီးသီးက စည်ပင် တွေမှာ ဒီမိုကရက်တစ် အုပ်ချုပ်ရေးစနစ် ရှိလာနိုင်ပါ့မလား ဆိုတာပါပဲ။

ဘာကြောင့်လဲဆိုရင် စည်ပင်ကို ထွေ-အုပ် ဌာနကြီးအောက်မှာထည့်ထားပြီး တနိုင်ငံလုံးရှိ ထွေ-အုပ် ဌာန အားလုံးကို ပြည်ထဲဝန်ကြီးဌာနအောက်မှာ ထည့်ထားလို့ဖြစ်ပါတယ်။ ဆိုလိုတာက NLD အစိုးရဖြစ်လို့ ၀န်ကြီးဌာနအများစုမှာ ရွေးကောက်ခံအမတ်တွေ ၀န်ကြီးဖြစ်လာသည့်တိုင် စစ်တပ်ခွဲတန်းထဲက ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ် ရေးရာတွေကိုတော့ ချက်ချင်းအပြောင်းအလဲလုပ်ဖို့ မဖြစ်နိုင်သေးပါ။ 

ဒါဖြင့် NLD အစိုးရတက်လာလည်း အမှိုက်ပုံကြီးက ဒီတိုင်းဆက်ရှိနေဦးမယ်ဆိုတဲ့သဘောလား။ လူတွေက လည်း အရင်စနစ်ဟောင်းက ခေါက်ရိုးကျိုးနေတဲ့အတိုင်း လမ်းဘေးတွေ၊ အိမ်နောက်ဖေးတွေမှာ အမှိုက် ဆက်ပစ်နေကြဦးမှာလား။ ပလက်ဖောင်းတွေ၊ ဆိုင်နံရံတွေမပါမကျန် တွေ့ကရာနေရာမှာ ကွမ်းသွေး ဆက်ထွေးနေကြဦးမှာလား။ စည်ပင် ရွေးကောက်ပွဲထပ်လုပ်ရင်ကော NLD ဖက်ကလူတွေ အနိုင်ရပြီး မြို့နယ် စည်ပင်အဆင့်အထိပါ အပြောင်းအလဲ ဖြစ်လာနိုင်ပါသလား။



ဒီနေ့အထိတော့ ဘာမှမသေချာသေးပါ။ အသေချာဆုံးနဲ့ ဘယ်သူ့ကိုမှစောင့်စရာမလိုပဲ ချက်ချင်းထ လုပ်နိုင်တာကတော့ တဦးချင်းတာဝန်ယူမှုအပြည့်နဲ့ ကိုယ့်အမှိုက်ကိုယ်သိမ်းပြီး စနစ်တကျစွန့်ပစ်ရေးပါပဲ။ လမ်းဘေးတွေ၊ အိမ်နောက်ဖေးတွေမှာ အမှိုက်မပစ်မိစေဖို့၊ တွေ့ကရာ လမ်းဘေးမှာ ဖြစ်သလို ကွမ်းသွေး မထွေးမိစေဖို့၊ ဆေးလိပ်တိုတွေ၊ ရေသန့်ဗူးခွံတွေ၊ ဘီယာဗူးခွံတွေကို ဖြစ်သလိုမပစ်ပဲ စနစ်တကျ စွန့်ပစ်ရေးဟာ ၂၀၁၅ အလွန် နိုင်ငံသစ်တည် ဆောက်ရေးမှာ တဦးချင်းဆောင်ရွက်သင့်တဲ့ နိုင်ငံသား တာဝန်တွေပဲ မဟုတ်ပါလား။        
.................


1 comments:

တခုကျန်ခဲ့လို့...။ မီးရှို့တာ၊ ပျော့ဖတ်လုပ်တာတွေပြောပြိး အရေးကြီးတာ တခုကျန်ခဲ့တာက စားကျွင်းစားကျန်တွေကို ဘာလုပ်သလဲဆိုတာပါ။ အစိမ်း ရောင်နဲ့ထုတ်ထားတဲ့ စာကျွင်းစားကျန်တွေကိုတော့ မီးရှို့ဖျက်ဆီးတဲ့အထဲ မထည့်ပဲ ဇီဝဓတ်ငွေအဖြစ် ပြန်ထုတ်ပါတယ်။ အဲဒီကရတဲ့ ဓတ်ငွေ့ကို မော်တော်ကားတွေမှာ သုံးနေပါတယ်။ အစားအစာ (စားကျွင်းစားကျန်) ကနေ ထုတ်တဲ့ ဓတ်ငွေပေါ့။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More