Tuesday, August 5, 2014

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၂၂)

ဥရောပမဲဇာသို့ ဒုတိယအကြိမ်ခရီးစဉ်

ခဏတာဆိုတဲ့အတွေးနဲ့ ထွက်ခဲ့တဲ့ခရီးတွေထဲမှာ တဘ၀စာဖြစ်သွားတဲ့အဖြစ်ပျက်တွေ ကျနော့်ဘ၀မှာ သိပ်မနည်းလှတော့ပါ။ ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းတော့ အဲဒီ စစ်တပ်ကို လက်နက်ကိုင်တော်လှန်မှရမယ်။ ဒီအတွက် နယ်စပ်ဒေသဆီသွားပြီး စစ်သင်တန်းတက်၊ လက်နက်ယူ၊ ပြန်တိုက်ရမယ်။ အလွန်ဆုံးကြာလှ တပတ်ဆယ်ရက်ဆိုပြီး ထွက်လာခဲ့တဲ့ ခရီးစဉ်ဟာ အခု ၂၆ နှစ်ကြာတဲ့အထိ မပြီးသေးပါဘူး။

(အော်စလိုရုံးချုပ်မှာ တာဝန်ထမ်းခဲ့စဉ်က)

အဲဒီခရီးစဉ်ထဲက ပထမ စုရပ်စခန်းဖြစ်တဲ့ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး) ၂၀၁ တပ်ရင်း၊ မင်းသမီးခစန်းမှာ ဆယ်နှစ်ကြာခဲ့ပါတယ်။ ၁၉၉၇ ဖေဖော်ဝါရီလမှာ န၀တ ထိုးစစ်ကြောင့် စခန်းကနေဆုတ်ခွာရတော့ ဒါဟာ ယာယီသဘောပဲဖြစ်ပြီး မကြာခင် စခန်းကိုပြန်သိမ်း နိုင်လိမ့်မယ်လို့ ထင်ခဲ့မိပြန်ပါတယ်။ ဒါပေမယ့် အခုချိန်ထိ မင်းသမီးစခန်းဆီ ပြန်မရောက်တော့ပါ။

တောထဲကနေ ဘန်ကောက်ရောက်ပြီးနောက်ပိုင်း ABSDF ရုံးတွေမှာနေကာ စခန်းတာဝန်နဲ့ DVB သ တင်းထောက်တာဝန်ကို ပူးတွဲထမ်းဆောင်နေချိန် ၂၀၀၁ ခုနှစ် မေလမှာတော့ အော်စလိုရုံးချုပ်ဆီ ခရီး ထွက်ရဖို့အခြေနေက တွန်းပို့လာပါတယ်။ ရှေ့အခန်းတွေမှာတင်ပြခဲ့တဲ့အတိုင်း ဘန်ကောက်သံရုံးစီး နင်းမှု၊ ရတ်ချပူရီဆေးရုံစီးနင်းမှု၊ ကမာပုလောစခန်းနဲ့ God Army လက်နက်ချမှု ထူးထူးရှယ်သတင်း တွေပို့ပြီးနောက်ပိုင်း ဘန်ကောက်အခြေစိုက် သတင်းထောက်ဆက်လုပ်ဖို့ အတော်အခက်ခဲဖြစ်လာခဲ့ ပါတယ်။

အရင် ဘာလက်မှတ်မှမရှိပဲ ခိုးနေစဉ်က ဘာစရိတ်မှမကုန်ပေမယ့် အခု မြန်မာစာအုပ်အတု ကိုင်ထား စဉ်မှာတော့ အဲဒီစာအုပ်အသက်ရှင်ဖို့အတွက် တလတခါ ကမ္ဘောဒီယားနဲ့ လာအိုနယ်စပ်သွားပြီး Stay ရှောင်ရတဲ့စရိတ်နဲ့ အချိန်ကမနည်းလှ။ ပြီးတော့ ထိုင်းထောက်လှမ်းရေးနဲ့ ရဲဘက်ကလည်း မကြာခဏ မေးလား၊ မြန်းလား လုပ်လာနေပါတယ်။ ဒီတိုင်းဆိုရင်တော့မဖြစ်ဘူး။ နော်ဝေးနိုင်ငံဆီသွားပြီး ထိုင်းရဲ မဖမ်းနိုင်တဲ့ ခိုင်လုံတဲ့စာအုပ် (ခရီးသွားလက်မှတ်) တခုခုရအောင် လုပ်မှဖြစ်မယ်ဆိုတဲ့ စိတ်ကူးဝင် လာပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီကာလကတည်းက အမေရိကန်နဲ့အနောက်နိုင်ငံတွေမှာ စာအုပ် ယူပြီး ထိုင်းနယ်စပ်မှာ ပြန်လည်တာဝန်ထမ်းနေတဲ့ ABSDF တပ်ဖွဲ့ဝင်တချို့ရှိနေလို့ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီလိုစာအုပ်ရဖို့အတွက် အချိန်ဘယ်လောက်ကြာနိုင်သလဲ။ ဘယ်နိုင်ငံတွေက ဘယ်လို မူ ၀ါဒရှိသလဲဆိုတာတွေကိုတော့ အသေချာ ကြိုတင်မလေ့လာဖြစ်ခဲ့ပါ။  ဒီလိုနဲ့ ခဏတာဆိုတဲ့ နော်ဝေး စာအုပ်ယူရေးခရီးစဉ်ဟာ အချိန် ၁၂ နှစ်ကြာမှာ စာအုပ်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၁၃ ခုနှစ်မှာ စာအုပ် ရတော့ နိုင်ငံရေးအခြေနေတွေက လွန်ခဲ့တဲ့ ၁၂ နှစ်နဲ့ဘာမှမဆိုင်တော့။ တချိန်က အကျယ်ချုပ်ကျ ခံနေရတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အော်စလိုမြို့ဆီ လာသွားခဲ့ပါ ပြီ။

သမ္မတဦးသိန်းစိန်တို့၊ ဦးရွှေမန်းတို့တောင် အော်စလိုဆီရောက်လာခဲ့ကြပြီးပြီ။ တချိန်က အတိုက်ခံ သတင်းဌာနဖြစ်ခဲ့ဖူးတဲ့ DVB တောင် နော်ဝေးကနေ ရန်ကုန်ပြောင်းသွားပြီ။ ထိုင်းမှာ အခြေစိုက်လှုပ် ရှားဖို့အတွက် စာအုပ်ယူဖို့ စိတ်ကူးနဲ့ခရီးထွက်လာတဲ့ကျနော် မှန်းချက်နဲ့နှမ်းထွက် လွဲခဲ့ပြန်ပေါ့။ ဘာဖြစ် ဖြစ် ပြောင်းလဲသွားတဲ့ နိုင်ငံရေးအခြေနေအရ ရန်ကုန် မီဒီယာလောကမှာ ၀င်တိုးကြည့်မလားဆိုပြီး ပြည်တော်ပြန်လေ့လာရေးလုပ်ခဲ့ပေမယ့် ဒီစာအုပ်နဲ့က ရန်ကုန်မှာ အလုပ်မဖြစ်ပြန်ဘူး။ ပြည်တော်ပြန် တွေကို PR (အမြဲတန်းနေထိုင်ခွင့်) ထုတ်ပေးမယ်ဆိုတဲ့ ပြောဆိုချက်ကလည်း လက်တွေ့ဘယ်တော့ ဖြစ်လာမယ်မှန်းမသိသေး။

ရန်သူဟောင်း အစိုးရလက်အောက်မှာလည်း တာဝန်မထမ်းချင်၊ ရန်သူအားပေး ခရိုနီ၊ ခရိုပြာတွေကြီး စိုးတဲ့ မီဒီယာတွေမှာလဲ အလုပ်မလုပ်ချင်၊ ဒိုနာပေးမှရတဲ့ ပရောဂျက်မီဒီယာတွေကိုလဲ စိတ်ကုန်နေ၊ ကိုယ်ပိုင် မီဒီယာထောင်ဖို့ကလဲ အရင်းနှီးကတပြားမှမရှိ။ ဒီလိုနဲ့ နော်ဝေးစာအုပ်ကြီးကိုင်ပြီး ကမ္ဘာပတ် နိုင်တဲ့ကျနော် မြန်မာနိုင်ငံမှာတော့ နေထိုင်အလုပ်လုပ်ဖို့မလွယ်သေးတဲ့အခြေနေပေါ့။

အော်စလိုရုံးချုပ်မှ ၀န်ထမ်းအပြောင်းအလဲများ

ကျနော် အော်စလိုဆီ ဒုတိယအခေါက်ရောက်လာတော့ ပထမ အခေါက် ၁၉၉၉ တုန်းက တွေ့ခဲ့သူ အတော်များများ မရှိတော့ပါ။ DVB ၀န်ထမ်းတွေအတွက် ငှားပေးထားတဲ့ (Frydenlund Gata) ဖီဒါ လွန်ဂါတာ လမ်းထဲက အခန်းမှာအတူနေခဲ့ဖူးတဲ့ ကိုလော်မာ၊ ကိုကျော်မိုး၊ ကိုခင်မောင်လေးတို့ DVB က နေထွက်ပြီး အမေရိကန်နဲ့ကနေဒါဆီ ဒိုးသွားကြကုန်ပြီ။ သံရုံးနဲ့ဆေးရုံသတင်းတွေပို့စဉ်က သတင်း အယ်ဒီတာအဖြစ်တာဝန်ယူနေသူ ကိုဝင်းနိုင်ဦး (နောက်ပိုင်း RFA) လည်း ကျနော်မရောက်ခင်လေး မှာပဲ DVB ကနေ ထွက်သွားတယ်လို့သိရပါတယ်။ 

(၂၀၀၀ ခုနှစ်နှောင်းပိုင်းကတွေ့ရတဲ့ အော်စလိုရုံးချုပ်ဝန်ထမ်းများ)

ဒါဟာ ၁၉၉၆ မှာ ကိုမွန်းအောင်၊ ကိုငြိမ်းဝေ၊ ကိုမောင်မောင်မြင့်အပါဝင် ၅ ဦး နုတ်ထွက်ပြီးနောက်ပိုင်း ဒုတိယအကြိမ် အစုအပြုံလိုက်နုတ်ထွက်မှုဖြစ်တယ်လို့ အော်စလိုရှိ မြန်မာအသိုင်းဝိုင်းကပြောကြပါ တယ်။ ဒါပေမယ့် အားလုံးအထွက်ချည်းတော့ မဟုတ်ပါ။ အသစ်ရောက်နေသူတချို့ကိုလည်း တွေ့ရပါ တယ်။ ၁၉၉၉ ခရီးစဉ်တုန်းက ကျနော်တို့လို သင်တန်းတက်ဖို့ရောက်နေသူတွေထဲက ကိုမိုးအေးနဲ့ မခင်နှင်းထက်တို့ အမြဲတန်းဝန်ထမ်းအဖြစ် ရောက်နေပါတယ်။ တခါ ကိုစိုးဝင်းညိုနဲ့ နန်းခမ်းကယောက် တို့လည်း အသစ်ရောက်နေကြပါတယ်။ အရင်တခေါက်ကနေ အခုအခေါက်အထိ မပြောင်းမလဲကျန် နေသူ ၃ ဦးက တော့ ကိုအေးချမ်းနိုင်၊ မသီတာနဲ့ စက်ဆရာ ကိုဖိုးခွား (နယ်ဆင်ကူး)တို့ဖြစ်ပါတယ်။

ကျနော်မှတ်မိသလောက်ဆိုရင် အဲဒီအချိန်က DVB မှာ တရားဝင်လစာ မပေးသေးပါ။ အခွန်ဆောင် တာတွေ ဘာတွေလည်း မရှိသေးပါ။ နေထိုင်ဖို့အတွက် စုပေါင်းအခန်းငှားထားပေးပြီး ထောက်ပံ့ကြေး အဖြစ် တလခရိုနာ ၃၅၀၀ စီပေးပါတယ်။ တာဝန်ကွာခြားမှုအရ ထောက်ပံ့ငွေ အနည်းအများကွာခြား မှုရှိနိုင်ပေမယ့် ဘယ်တာဝန်က ဘယ်လောက်ရတယ်ဆိုတာမျိုး တရားဝင်ကြေညာခြင်းမရှိပါ။ အဲဒီ ၃၅၀၀ ထဲက ၂၅၀၀ လောက်ကို စားစရိတ်နဲ့သုံးစရိတ် နုတ်လိုက်ရင် ၁၀၀၀ လောက်ကျန်တယ်ဆို တော့ မဆိုးလှ။ ထိုင်းငွေနဲ့တွက်ရင် ၅၀၀၀ နီးပါးတောင် ရှိတယ်ဆိုတော့ နယ်စပ်မှာကျန်နေတဲ့ ဘော် ဘော်တွေနဲ့ တခြားကိစ္စတွေအတွက် ကူနိုင်တာပေါ့။

ဒါပေမယ့် နော်ဝေးနိုင်ငံက အလုပ်သမားတွေ လစာဘယ်လောက်ရပြီး အခွန်ဘယ်လိုဆောင်သလဲ။ ကျမ်းမာရေးစောင့်ရှောက်မှု၊ ပညာရေးအခွင့်အလမ်း၊ အလုပ်သမားအခွင့်ရေး ဘာတွေရှိသလဲဆိုတာကို တော့ လေ့လာဆန်းစစ်ဖို့ အဲဒီအချိန်က ကျနော်တို့စိတ်မ၀င်စားခဲ့ကြပါ။ နော်ဝေးကိုရောက်လာတဲ့ ဒုက္ခ သည်တွေရော၊ ကုပ္ပဏီတွေဝန်ထမ်းတွေပါ အားလုံး နော်ဝေးစာသင်ဖို့လိုအပ်တယ်။ နော်ဝေးဥပေဒ တွေကိုလေ့လာဖို့ လိုအပ်တယ်ဆိုတာကိုလည်း ကျနော်တို့က စိတ်ဝင်စားရကောင်းမှန်း မသိခဲ့ကြပါ။

ထားတော့။ ဒါက အခုမှပြန်စဉ်းစားမိတဲ့ အချက်တွေပါ။ အဲဒီအချိန်ကတော့ တော်လှန်ရေးရေချိန်မြင့် နေဆဲဆိုတော့ နယ်စပ်မပြန်ပဲ နော်ဝေးမှာကြာကြာနေဖို့ တွေးမိရင်တောင် ဖောက်ပြန်တဲ့အတွေး အ ခေါ်၊ တကိုယ်တော်ထွက်ပေါက်ရှာတဲ့ အတွေးအခေါ်လို့ ဝေဖန်ခံရနိုင်ပါတယ်။ နော်ဝေးကိုရောက်လာ တာကိုက တော်လှန်ရေးအသံလွှင့်ဌာနမှာ တာဝန်ထမ်းဖို့ရောက်လာတာဆိုတော့ ဒါတွေကို မစဉ်းစားခဲ့ ရိုး အမှန်ပါ။ ထိုင်းနယ်စပ် တောတွင်းစခန်းက ဘားတိုက်တွေ၊ ဘန်ကောက် ABSDF ရုံးခန်းတွေမှာ စုပြုံအိပ်ခဲ့ရတဲ့ ဘ၀ကနေ အခုလို တယောက်အိပ် သီးခြားအခန်းရှိလာတာ၊ ၀င်ငွေတစုံတရာရှိလာတာ၊ ရိက္ခာခွဲတမ်းအတွက် ပူပင်စရာမလိုတာ၊ ရဲဖမ်းမှာ ပူစရာမလိုတော့တာတွေကိုက တော်လှန်ရေးတာဝန် ကို ၂၄ နာရီ အချိန်ပြည့်ထမ်းနိုင်ဖို့ အခွင့်အခါကောင်းတခု မဟုတ်ပါလား။

နယ်သတင်းထောက်ဘ၀မှ စတူဒီယိုသတင်းထောက်ဘ၀သို့


၂၀၀၁ ခုနှစ် အော်စလိုရုံးဆီကျနော်ရောက်လာတဲ့အချိန်မှာ ကွန်ပျူတာတွေက အဟောင်းတွေအတိုင်း ရှိနေဆဲဖြစ်ပေမယ့် အသံတည်းဖြတ်မှုအတွက်တော့ Dalet Sound Edit System ကိုစတင်အသုံးပြု နေပြီ လို့ထင်ပါတယ်။ ထိုင်းမှာသုံးခဲ့တဲ့ Cool edit ပရိုဂရမ်နဲ့စာရင် ဒီပရိုဂရမ်က အရမ်းအဆင့်မြင့်ပြီး တည်းဖြတ်တဲ့နေရာအပြင် အသံလွှင့်ဖို့အတွက်လည်း အတော်အဆင်ပြေစေပါတယ်။ အသံလွှင့်မဲ့ဖွိုင် တွေကို Clipboard ပေါ်တင်ထားပြီး အစီစဉ်အလိုက် ခလုတ်နှိပ်လိုက်ရုံပါပဲ။ တခါတလေဆိုရင် သ တင်းဖတ်သူက အသံလွှင့်နေစဉ်မှာတောင် အရေးပေါ်သတင်းကို တခြားစတူဒီယိုတခုကနေ ဖုန်းခေါ် မေးမြန်း၊ ချက်ချင်းတည်းဖြတ်ပြီး အသံလွှင့်ချိန်အမီ ထည့်နိုင်ခဲ့ပါတယ်။

(အော်စလိုရုံးချုပ် အသံလွှင့်စတူဒီယိုမှ အသံပိုင်းဆိုင်ရာ ကွန်ပြူတာများ)

အဲဒီကာလ ဦးစားပေးသတင်းတွေဟာ နယ်စပ်တကျောနဲ့ နိုင်ငံတကာရှိ တော်လှန်ရေးအဖွဲ့စည်းတွေရဲ့ လှုပ်ရှားမှုအကြောင်းဖြစ်ပေမယ့် ပြည်တွင်းက နိုင်ငံရေးသမားတွေကို ဆက်သွယ်နိုင်ဖို့ စတင်ကြိုးစား တဲ့ အချိန်လည်း ဖြစ်ပါတယ်။ ကျနော်အမှတ်မမှားဘူးဆိုရင် ဘန်ကောက်ကနေ အော်စလိုဆီမလာခင် တလလောက်အလိုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် တဦးဖြစ်သူ ဦးသန်းထွန်းကို ပထမ ဆုံးအကြိမ် ကျနော်အင်တာဗျုးလုပ်ဖူးပါတယ်။ မေးမြန်းတဲ့ အကြောင်းအရာကို မမှတ်မိတော့ပေမဲ့ ''သြော် နော်ဝေးဆိုတော့ ဟိုးအဝေးကြီးကနေတောင် ခေါ် လာတာပေါ့'' လို့ တအံ့ တသြပြောတဲ့ ဦးသန်းထွန်းအသံကို ကျနော်မှတ်မိနေပါတယ်။

တခါ ကျနော်အော်စလိုဆီမရောက်ခင်လေးမှာ ကိုမိုးအေးက ၀ါရင့်နိုင်ငံရေးသမားများ လုပ်ဖော်ကိုင် ဖက်အဖွဲ့မှ သခင်သိန်းဖေနဲ့ အင်တာဗျုးရလိုက်ပါတယ်။ အပြောအဟောကောင်းပြီး စစ်အစိုးရကို ကလိ တဲ့ သခင်သိန်းဖေရဲ့ အင်တာဗျုးဟာ အတော်ပေါက်သွားပါတယ်။ အကျယ်ချုပ်ဖမ်းဆီးခံနေရတဲ့ ဒေါ် အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရအရာရှိတွေရဲ့လုပ်ရပ်ကို ဗုဒ္ဓ၀င်ထဲက သာဓကတွေနဲ့ဥပမာပေးပြီး မင်း သမီးကတော် လွန်းလို့မဟုတ်ဘူး။ လူဆိုးကရက်စက်လွန်းလို့ မင်းသမီးကို လူတွေက ပိုသနားသွား တယ်ဆိုတဲ့ ဥပမာမျိုးပေးခဲ့တာကို မှတ်မိနေပါတယ်။

ဒီအင်တာဗျုးတွေဟာ ပြည်ပအခြေစိုက် မီဒီယာတွေအပေါ် လူထုစိတ်ဝင်စားမှုကို တဆင့်တိုးတက် ပြောင်းလဲစေခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီအချိန်မှာ ပြည်တွင်းကနေ စစ်အစိုးရကို အာခံပြောရဲသူတဦးမှမရှိပဲ နယ်စပ်နဲ့ပြည်ပရှိလူတွေကသာ ရဲရဲတောက်ဝေဖန်နေချိန်ဖြစ် ပါတယ်။ သခင်သိန်းဖေလိုပုဂ္ဂိုလ်မျိုးက ရေဒီယိုပေါ်တက်လာပြီး န၀တ စစ်အစိုးရကို ဗြောင်ဝေဖန် လိုက်တဲ့အခါမှာတော့ DVB သောတရှင်တွေကြားမှာ စစ်အစိုးရရဲ့မတရားမှုတွေကိုထုတ်ပြောဖို့ ရဲဆေး နည်းနည်းဝင်လာတယ်လို့ထင်မိပါတယ်။ ကျနော်အမှတ်မမှားဘူးဆိုရင် အဲဒီအချိန်အထိ တခြားရေဒီယို တွေ (BBC, VOA, RFA) တွေက ပြည်တွင်းဖုန်းခေါ် အင်တာဗျုးလိုက်တာမရှိသေးပါ။

နောက်ထပ် ထူးထူးခြားခြား ကျနော်မှတ်မိတဲ့အချက်တခုကတော့ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ ဖုန်းမော်နေ့၊ တော်လှန်ရေးနေ့၊ မေလ ၂၇ ရွေးကောက်ပွဲနေ့၊ ဇူလိုင် ရ ရက်နေ့၊ ၈ လေးလုံးနေ့လို နေ့ ကြီးရက်ကြီးတွေဆိုရင် တယ်လီဖုန်းခေါ်ရတာ လက်မလည်တဲ့အဖြစ်နဲ့ သတင်းတွေ များလွန်းလို့ ဘယ် လိုခွဲထည့်ရမှန်းမသိတဲ့အဖြစ်တွေပါ။ ဘာကြောင့်လဲဆိုရင် အဲဒီနေ့တွေရောက်တိုင်း နယ်စပ်က တော် လှန်ရေးအဖွဲ့တွေကအခန်းနားလုပ်ကြသလို ပြည်ပရောက်မြန်မာတွေကလည်း သက်ဆိုင်ရာနိုင်ငံရဲ့ မြန်မာသံရုံးတွေရှေ့မှာဆန္ဒပြပွဲလုပ်ကြတဲ့အတွက် သူတို့ဆန္ဒပြနေစဉ် အချိန်မီ ဖုန်းခေါ်ပြီး သတင်းယူဖို့ တိုက်တွန်းတာ၊ မခေါ်မချင်း ဖုန်းတဂွမ်ဂွမ်ခေါ်ပြီး သတိပေးနေတာ။ သူတို့ကိုအများကြီးမေးပြီး သတင်း မှာ နည်းနည်းပဲထည့်ရသလားဆိုပြီးအတွန့်တက်တာတွေဟာ အခုချိန်ပြန်တွေးရင် တော်လှန်ခေတ်ဦး မီဒီယာဘ၀ကို လွမ်းစရာကြီးဖြစ်နေနိုင်ပါတယ်။    ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More