Thursday, August 14, 2014

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၂၃)

အော်စလိုရုံးချုပ်ကို အင်အားထပ်ဖြည့်ခြင်း

ကျနော် အော်စလိုရုံးချုပ်ဆီရောက်ပြီး ၆ လလောက်အကြာ၊ မှတ်မှတ်ရရ နယူးယောက်မြို့က Twin Tower တိုက်ခိုက်ခံရတဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ (9/11) အလွန် အဖဂန်စစ်ပွဲ စတင်ကာစအချိန်လေးမှာ သတင်းသမားအသစ် ၂ ဦးနဲ့ အုပ်ချုပ်ရေးဌာနအတွက် လူသစ်တဦး ဘန် ကောက်ကနေ အော်စလိုရုံးချုပ် ဆီရောက်လာပါတယ်။ သူတို့နဲ့အတူ ဘန်ကောက်ဗျုရိုတာဝန်ခံ ကိုခင် မောင်ဝင်းလဲ DVB အော်စလိုရုံးအုပ်ချုပ်ရေးအဖွဲ့မှာတာဝန်ယူဖို့ မိသားစုနဲ့အတူပြောင်းလာပါတယ်။ သတင်းသမား ၂ ဦးက ကိုလူမော်နဲ့ မအေးအေးမွန်ဖြစ်ပြီး အုပ်ချုပ်ရေးဌာန၀န်ထမ်းသစ်ကတော့ မမြတ် ဌေးကြည်ဖြစ်ပါတယ်။

(DVB ဆယ်နှစ်ပြည့်အခန်းနားမှာတွေ့ရတဲ့ သတင်းထောက်နဲ့ ဧည့်သည်တော်များ)

ဘန်ကောက်နဲ့နယ်စပ်မှာ အခြေစိုက်ပြီးလှုပ်ရှားရတာ မလွယ်တော့တဲ့အတွက် အော်စလိုရုံးချုပ်မှာ အင် အားတိုးချဲ့မှဖြစ်မယ်ဆိုပြီး အခုလို လူသစ်တွေခေါ်ယူတာလို့ ယူဆရပါတယ်။ နောက်တခါ ဗြိတိန်နိုင်ငံ ဝေလပြည်နယ် ကားဒစ်တက္ကသိုလ်ကပို့ချတဲ့ အသံလွှင့်သတင်းပညာ ၃ လတာသင်တန်းဆီ အော်စလို ရုံးချုပ်မှ သတင်းသမားတွေကို ပို့လေ့ရှိတဲ့အတွက် အဲဒီလိုသွားချိန် အော်စလိုရုံးမှာ လူစားထိုးနိုင်ဖို့ ခေါ် တဲ့သဘောလည်း ဖြစ်နိုင်ပါတယ်။ အယ်ဒီတာ ကိုအေးချမ်းနိုင်ကစပြီး ကိုသိန်းထိုက်ဦး၊ ကိုမွန်းအောင်၊ ကိုဝင်းနိုင်ဦး၊ ကိုကျော်မိုး၊ ကိုမိုးအေး၊ ကိုလော်မာအပါဝင် ကျနော်တို့ရှေ့က သတင်းသမားတိုင်းလိုလို ဒီ သင်တန်းကိုတက်ခဲ့ကြပါတယ်။

နောက်တခါ တိုင်းရင်းသားဘာသာအစီစဉ်က ၀န်ထမ်းတွေကိုလည်း ၃ လတာ လေ့လာရေးခရီးစဉ် အဖြစ် အော်စလိုရုံးဆီ ခေါ်ယူနေချိန်လည်း ဖြစ်ပါတယ်။ ထိုင်းနယ်စပ်ဘက်က ရှမ်း၊ ကရင်နီ၊ ကယန်းနဲ့ မွန်အစီစဉ်မှ ကိုယ်စားလှယ်တွေ။ (ကရင်အစီစဉ်ကိုတော့ စက်ဆရာစောနယ်ဆင်းကူး ကိုယ်တိုင် ထုတ် လုပ်ပါတယ်)။ အိန္ဒိယနယ်စပ်ဘက်မှ ရခိုင်နဲ့ ချင်းအစီစဉ်ကိုယ်စားလှယ်တွေကို အော်စလိုရုံးမှာ တွေ့ရပါတယ်။ တခါ DVB ၁၀ နှစ်ပြည့်အခမ်းအနားလုပ်ဖို့အတွက်လည်း နယ်သတင်းထောက်တွေကို အော်စလိုဆီခေါ်ယူဖို့ ပြင်ဆင်နေချိန်လည်းဖြစ်ပါတယ်။


နော်ဝေးအခြေစိုက် အသံလွှင့်ဌာနမှ မြန်မာ့နည်းမြန်မာ့ဟန် စီမံခန့်ခွဲရေးမှူးများ

သတင်းဌာနတခုမှာ သတင်းတပုဒ်မှားရင်၊ ဒါမှမဟုတ် ရေဒီယိုမှာသတင်းဖတ်သူ၊ TV မှာ သတင်းဖတ် သူ တခုခုမှားရင် ပရိသတ်ကချက်ချင်းသိပေမယ့် အဲဒီသတင်းဌာကို နောက်ကွယ်ကနေ မောင်းနှင်နေ တဲ့ အုပ်ချုပ်ရေးအဖွဲ့က တခုခုမှားရင်တော့ ပရိသတ်က သိဖို့မလွယ်ပါ။ ဒါဟာ သတင်းသမားနဲ့ အုပ်ချုပ် ရေး၊ စီမံခန့်ခွဲရေးကို ကိုင်တွယ်သူတွေကြား အဓိကကွာခြားချက်ပါပဲ။

(ဘုတ်အဖွဲ့ဥက္ကဌ ဒေါက်တာစိန်ဝင်း၊ KNU ဥက္ကဌ ပဒိုဘသင်စိန်၊ KNPP ဥက္ကဌ ထဲဘူးဖဲတို့နဲ့ အတူ DVB သတင်းသမားများကိုတွေ့ရစဉ်)

သတင်းမှားသွားရင် အမှားပြင်ဆင်ချက်ထည့်ပြီး ချက်ချင်းပြန်တောင်းပန်လို့ရပေမယ့် သတင်းဌာနကို အုပ်ချုပ်သူတွေဘက်က တခုခုမှားပြီဆိုရင်တော့ သတင်းမှားသလိုမျိုး ပြန်တောင်းပန်ဖို့မလွယ်ပါ။ သ တင်းမှားလိုမျိုးလည်း အမှားအမှန်ကို ချက်ချင်းမြင်မိဖို့မလွယ်ပါ။ ကျနော်က သူတို့မှားတယ်လို့ထင်ပေ မယ့် သူတို့က သူတို့မှန်နေတယ်လို့ မြင်ကောင်းလည်း မြင်နေနိုင်ပါတယ်။

အဲဒီလို ပရိသတ်မမြင်နိုင်တဲ့ အမှားများစွာထဲက နိုင်ငံရေးရည်ရွယ်ချက်နဲ့ တမင်မှားတာမျိုးမဟုတ်ပဲ မဆလ ခေတ်မှာကြီးပြင်းတဲ့ မြန်မာတွေမှားနေကြအတိုင်း ''ဆွေမျိုးသားချင်း ကောင်းစားရေးဝါဒ'' (Nepotism) အမှားတခုကို ဒီနေရာမှာတင်ပြချင်ပါတယ်။ DVB ဟာ တော်လှန်ရေးသတင်းဌာနဆိုပေမယ့် မဆလ ခေတ်မှာလူဖြစ် လာသူတွေရဲ့ ထုံးစံအတိုင်း ''ဆွေမျိုးသားချင်း ကောင်းစားရေးဝါဒ'' (Nepotism) က တော်လှန်ရေးသမားတွေအထိပါ စွဲကပ်ပါလာတယ်လို့ ထင်ပါတယ်။

ဖြစ်ပုံကဒီလိုပါ။ နယ်စပ်ကနေ အော်စလိုရုံးချုပ်ဆီပြောင်းလာသူတွေရဲ့ မိသားစုကိစ္စကို DVB က အစ-အဆုံး တာဝန်ယူပေးသင့် မသင့်နဲ့ပတ်သက်ပြီး သတင်းသမားတချို့နဲ့ DVB အုပ်ချုပ်ရေးအဖွဲ့အကြား စတင်အငြင်းပွားခဲ့ပါတယ်။ DVB အနေနဲ့ ၀န်ထမ်းကိုပဲ တာဝန်ယူသင့်ပြီး ၀န်ထမ်းမဟုတ်တဲ့မိသားစု ၀င်တွေရဲ့ ခရီးစရိတ်တွေ၊ နေထိုင်စားသောက်စရိတ်တွေ၊ လစာသဘောမျိုးပေးပြီး နှစ်နဲ့ချီလစဉ် ထောက်ပံ့နေမှုတွေဟာ မဖြစ်သင့်ဘူးလို့ ကျနော်တို့ဘက်က တင်ပြပါတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးပိုင်း မှာ တာဝန်ယူထားသူတွေကိုယ်တိုင်က မိသားစုခေါ်လာသူဖြစ်နေတော့ ကျနော်တို့ရဲ့တင်ပြချက် မ အောင်မြင်ခဲ့ပါ။

မအောင်မြင်တဲ့အပြင် ဘုတ်အဖွဲ့ရဲ့သြဇာကိုယူပြီး ဒီလိုထောက်ပံ့ပေးမှုဟာ နေ့စဉ်ကိစ္စကို တာဝန်ယူအုပ်ချုပ်နေရသူ သူတို့ ၂ ဦးတည်းက ဆုံးဖြတ်တာမဟုတ်ပဲ ဘုတ်အဖွဲ့ရဲ့ဆုံးဖြတ်ချက် အရ ပေးထားတာဖြစ်တယ်ဆိုတဲ့ ရုံးစာကြီးထွက်လာပါတယ်။ အဲဒီကာလက တော့ ဒီလိုမျိုးပြန်ရေးဖို့လည်း စိတ်ကူးမရှိတော့ သတင်းခန်းကြော်ငြာဘုတ်မှာကတ်ထားတဲ့ အဲဒီစာကို မသိမ်းမိပဲ စိတ်တိုတိုနဲ့ ဆွဲဆုတ်မိလိုက်ပါတယ်။

သာမန်အားဖြင့်ကြည့်မယ်ဆိုရင်တော့ ဒီပြဿနာက ဘာမှမဟုတ်ပါ။ ဒေါ်လာ ၃ သိန်းလာဘ်စားမှုကို တောင် ဘာမှစုံစမ်းဖော်ထုတ်နိုင်ခြင်းမရှိတဲ့ DVB သတင်းဌာနမှာ အခုကျနော်တင်ပြတဲ့အချက်က ဒေါ် လာထောင်ဂဏန်း ၀န်းကျင်သာရှိတဲ့ လာဘ်စားမှု၊ သို့မဟုတ် ဆွေမျိုးသားချင်းတွပေါ် အလိုလိုက်မှုက ဘာမှစာမဖွဲ့  လောက်ပါ။

ဒီလိုစာမဖွဲ့လောက်တဲ့ကိစ္စကို ဘာကြောင့် အခုလိုတကူးတက ပြန်လည်ဖော်ပြနေတာလဲလို့ မေးစရာရှိ နိုင်ပါတယ်။ ဒီလိုပါ။ ကျနော်စဉ်းစားမိတာက လာဘ်စားတဲ့ငွေပမာဏအနည်းအများထက် စဉ်းစားပုံက ပိုအရေးကြီးတယ် ထင်လို့ပါ။ ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း တော်လှန်ရေးသမားခံယူချက်နဲ့ ဆွေမျိုး အ သိုင်းဝိုင်း ကောင်းစားရေးဝါဒ (Nepotism) လွန်ဆွဲပွဲမှာ ဒီလိုအမှားတွေစတင်ခဲ့တာလို့ ကျနော်ကယူဆပါတယ်။

နောက်တချက်က ကျနော်တို့ဟာ သာမန်သတင်းထောက်တွေမဟုတ်ပဲ တောခိုကျောင်းသားဟောင်း ကနေ သတင်းထောက်ဖြစ်လာသူတွေ၊ တော်လှန်ရေးသမားကနေ သတင်းသမားဖြစ်လာသူတွေ ဆို တော့ တော်လှန်ရေးစိတ်ဓတ်ကအမြဲတမ်းရှိနေပြီး မဟုတ်တာ၊ မတရားတာမှန်သမျှဖော်ထုတ်၊ တိုက် ထုတ်ရမယ်ဆိုတဲ့ ဉာဉ်က စွဲကပ်နေပါတယ်။

ဒီဉာဉ်အတိုင်း မဟုတ်တာမှန်သမျှ ဝေဖန်ထောက်ပြလေ့ရှိတဲ့ ကျနော်တို့သတင်းသမားတွေနဲ့ ''အားလုံး ကိုအဆင်ပြေစေချင်သူ'' အုပ်ချုပ်ရေးအဖွဲ့ကြား ပြဿနာတက်တော့တာပါပဲ။ ဘာကြောင့်လဲဆိုရင် DVB ဟာ တော်လှန်ရေးသတင်းဌာနဆိုပေမယ့် လုပ်ငန်းသဘောကွာခြားချက်၊ အခြေစိုက်ရာနယ်မြေ (နိုင်ငံ) ကွာခြားချက်ကြောင့် နယ်စပ်ကအဖွဲ့တွေနဲ့ အုပ်ချုပ်ရေးစနစ်မတူပါ။ ဥပမာ DVB ခေါင်းဆောင် ပိုင်းဟာ နယ်စပ်က ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) ခေါင်း ဆောင်တွေ လို ရွေးကောက်ပွဲနဲ့ရွေးချယ်ထားတာမဟုတ်ပဲ လစာနဲ့ခန့်အပ်ထားသူတွေသာဖြစ်ပါတယ်။

ဒီတော့ ဒီခေါင်းဆောင်တွေကို ရွေးကောက်ပွဲနဲ့ဖြုတ်ချလို့မရ။ နယ်စပ်မှာဆိုရင်တော့ တခုခုအမှားလုပ်မိ တဲ့ခေါင်းဆောင်ကို နောက်တခါရွေးကောက်ပွဲမှာ မဲမပေးပဲနေလိုက်ရုံ။ အဲဒီလူကိုမဲမပေးကြနဲ့လို့ လိုက် ပြောလိုက်ရုံနဲ့ အမှားလုပ်တဲ့ခေါင်းဆောင်ကိုဖြုတ်ချနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် DVB ဟာ အဲဒီလို အဖွဲ့ စည်းမျိုးမဟုတ်တော့။ တော်လှန်ရေးအဖွဲ့ကနေ Professional အဖွဲ့ဆီပြောင်းနေပြီ။ အုပ်ချုပ်ရေးမှူး တွေလည်း Professional ဖြစ်နေပြီလို့ သူတို့ကဆိုပါတယ်။

ဒါပေမယ့် ကျနော်က ဒါကိုလက်မခံနိုင်ပါ။ ကျနော်အပါဝင် DVB သတင်းသမားအားလုံးနီးပါးဟာ သ တင်းပညာနဲ့ ဘွဲရလာသူတွေမဟုတ်ပေမယ့် ရက်တိုသင်တန်းတွေ၊ လုပ်ငန်းအတွေ့အကြုံတွေအရ သ တင်းကို ကောင်းကောင်းလုပ်တတ်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးဘက်မှာ တာဝန်ယူသူတွေ ကတော့ စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး ဘာမှ အတွေ့အကြုံမရှိသေးပါ။ အသက်အရွယ်နဲ့အတွေ့အကြုံ က လည်း ကျနော်တို့သတင်းသမားတွေထက် သူတို့က ဘာမှသာမနေပါ။ အဲဒီလို အချိန်မျိုးမှာ အုပ်ချုပ် ရေးတာဝန်ယူသူတွေနဲ့ သတင်းတာဝန်ယူတွေကြား ရပိုင်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး အခု လို  အ ငြင်းပွားမှုပေါ်ပေါက်ခဲ့တာ သဘာဝကျတယ်လို့ ထင်ပါတယ်။

ပိုရှင်းအောင်ပြောရရင် DVB အသံလွှင့်ဌာနဟာ ၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ကစပြီး နော်ဝေး နိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ရုံးခန်းဖြစ်ပေမယ့် စီမံခန့်ခွဲမှုစနစ်ကတော့ နော်ဝေးဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေအတိုင်းမဟုတ်ပဲ မြန်မာ့နည်းမြန်မာ့ဟန်နဲ့သွားနေဆဲပါ။ တနည်းအားဖြင့် ပြောရ ရင် စင်ပြိုင်ရေဒီယိုတွေဖြစ်တဲ့ BBC, VOA နဲ့ RFA တို့လို သက်ဆိုင်ရာ ဗြိတိန်နဲ့အမေရိကန်အစိုးရတို့က စီမံကိန်းချ၊ ဘတ်ဂျက်ချပြီး အုပ်ချုပ်ရေးအဖွဲ့တွေ၊ သတင်းထောက်တွေနဲ့ စနစ်တကျစတင်ခဲ့တာမျိုး မဟုတ်ပဲ တော်လှန်ရေး ရေဒီယိုဆိုတဲ့အတိုင်း ရတဲ့အခြေနေကနေ ဖြစ်သလို စတင်ခဲ့ရတာပါ။

DVB ရဲ့ တရားဝင်အမည်ကိုက ''အမျိုးသားညွန့်ပေါင်းအစိုးရ အသံလွှင့်ဌာန၊ ဒီမိုကရက်တစ်မြန်မာ့ အသံ'' ဖြစ်ပါတယ်။ ၀န်ထမ်းတွေအပေါ်မှာ အုပ်ချုပ်ရေးဘုတ်အဖွဲ့ရှိပြီး ဥက္ကဋ္ဌက အမျိုးသားညွန့်ပေါင်း အစိုးရ NCGUB ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းဖြစ်ပါတယ်။ နော်ဝေးနိုင်ငံသားတချို့နဲ့ ပြည်ပရောက် မြန်မာတချို့ ဘုတ်အဖွဲ့မှာပါဝင်ပေမယ့် သူတို့နဲ့ ကျနော်တို့ဝန်ထမ်းတွေကြား တနှစ်တခါလောက်ပဲ တွေ့ဖြစ်တာကြောင့် ဘုတ်အဖွဲ့မှာ ဘယ်သူတွေပါမှန်း အသေချာမသိပါ။

ဒါကြောင့် နေ့စဉ်သတင်းဌာန လည်ပတ်ရေးကိစ္စကို အဓိကတာဝန်ယူနေသူဟာ ညွှန်ကြားရေးမှုးလို့ ဆိုသင့်ပါတယ်။ အဲဒီကာလ ညွှန်ကြားရေးမှူးက ဦးဟန်ညောင်ရွှေပါ။ ဒါပေမယ့် ညွှန်မှူးက အော်စလို မှာမနေနိုင်ပဲ ဘရာဆဲရှိ အီးယူ-မြန်မာရုံးနဲ့ ကနေဒါမှာသာ အလုပ်များနေ တာကြောင့် နေ့စဉ်စီမံခန့်ခွဲ မှုတွေကို ကိုအေးချမ်းနိုင်နဲ့ ကိုခင်မောင်ဝင်းတို့ ၂ ဦးကသာ အဓိကတာဝန်ယူနေရပါတယ်။

တချိန်တည်းမှာပဲ နယ်စပ်အခြေစိုက် တပ်ပေါင်းစုဖြစ်တဲ့ အမျိုးသားကောင်စီ NCUB ကလည်း DVB ဘုတ်အဖွဲ့ထဲမှာ သူတို့ဆီကကိုယ်စားလှယ်တဦး ပါဖို့လိုအပ်တယ်။ DVB ဟာ တော်လှန်ရေးသတင်းဌာန ဖြစ်တဲ့အတွက် တပ်ပေါင်းစုရဲ့ ဦးဆောင်မှုကိုခံယူဖို့ လိုတယ်လို့ တောင်းဆိုနေချိန်လဲဖြစ်ပါတယ်။        ။

1 comments:

အသေးစိပ်ကို ထည့်မရေးချင်ပေမဲ့ အမေးအမြန်းထူသူတွေအတွက် နည်းနည်းထည့်ပေးလိုက်ပါတယ်။ ...ထိုင်းကနေလာတဲ့မိသားစုတွေအတွက် ဗီဇာနဲ့ ခရီးစရိတ်တချမ်းစာ DVB ကပေးမယ်။ နော်ဝေးမှာနေစဉ်ကာလမှာလဲ သင့်တင့်လျောက်ပတ်သလို DVB ကနေ ထောက်ပံ့ပေးမယ် ဆိုတာ ပါဝင်ပါကြောင်း...။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More