Monday, August 25, 2014

တနင်္သာရီတိုင်းအတွင်းမှ စစ်ဘေးရှောင်သူများကို ထီးခီးနှင့် မောတောင်တွင် နေရာချထားမည်

|Dawei Watch|ထားဝယ်၊ ဩဂုတ် ၂၃

ထိုင်းနိုင်ငံနယ်စပ် ဒုက္ခသည်စခန်းများတွင် ခိုလုံလျက်ရှိသော တနင်္သာရီတိုင်းအတွင်းမှ စစ်ဘေးရှောင်သူများ ပြန်လာလျှင် ထီးခီးနှင့် မောတောင်နယ်စပ်ဒေသများတွင်နေရာချထားပေးရန် စီစဉ်လျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဟာဗီက ပြောကြားသည်။

(ပြန်လည်နေရာချပေးမဲ့စခန်း ၂ ခုထဲက တခုဖြစ်တဲ့ ထန်ဟင်ဒုက္ခသည်စခန်း)

တိုင်းဒေသကြီးအတွင်းမှ စစ်ဘေးရှောင်သူများသည် ပြည်တွင်း၌ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားအချိန်တွင် ကျေးရွာများကို စွန့်ခွာ၍ ထိုင်းနယ်စပ်ရှိ ထန်မဟင်နှင့် ဘန်တောင်ရမ်းဒုက္ခသည်စခန်းများ၌ ခိုလုံကာ နေထိုင်လျက်ရှိပြီး အများစုသည် သရက်ချောင်းမြို့နယ်၊ ရေဖြူမြို့နယ်၊ ပုလောမြို့နယ်နှင့် မေတ္တာမြို့နယ်ခွဲတို့မှ ဒေသခံများဖြစ်သည်ဟု သိရသည်။

စစ်ဘေးရှောင်သူများကို နေရာချထားပေးရန်အတွက် မောတောင်ဒေသတွင်မြေဧက နှစ်ရာဝန်းကျင်ကို တိုင်းဒေသကြီးအစိုးရသို့ တင်ပြထားပြီး ထီးခီးဒေသတွင် နေရာချထားပေးနိုင်ရန် မြေဧကနှစ်ရာ ဝန်းကျင်ကိုလည်း လျာထားကြောင်း ဝန်ကြီးက ပြောဆိုသည်။

တနင်္သာရီမြစ်တစ်လျှောက်ရှိကျေးရွာများမှ ကျေးရွာတစ်ရွာလျှင် လူဦးရေ ၁၀ဦးစီခန့်သာ နယ်စပ်ဒုက္ခသည် စခန်းများမှ ပြန်လည်ရောက်ရှိခဲ့ပြီး ယင်းနယ်စပ်ဒုက္ခစခန်းမှ လူဦးရေ  ၁၀ဦးလျှင် တစ်ဦးနှုန်းခန့်သာ တတိယနိုင်ငံများသို့ ထွက်ခွာသွားခဲ့ကြသည်ဟု ဝန်ကြီး ဦးစောဟာဗီက  ပြောသည်။

အဆိုပါစစ်ဘေးရှောင်များ မူလနေထိုင်ရာ ကျေးရွာများရှိ မြေနေရာများနှင့် မြေလွတ်မြေရိုင်းများကို စီးပွာရေးလုပ်ငန်းရှင်များက စီမံကိန်းများ အကောင်အထည်ဖော်ကာ ဝင်ရောက်လုပ်ကိုင်နေသည့်အတွက် ၎င်းတို့နေရပ်သို့ ပြန်ရောက်ချိန်တွင် နေထိုင်လုပ်ကိုင်စားသောက်ရန် မြေနေရာမရှိဖြစ်ကာ အခက်အခဲကြုံတွေ့နေရသည်ဟု အဆိုပါကျေးရွာများမှ ဒေသခံများထံမှ သိရသည်။

“တဖက်နိုင်ငံကို အနေအထားတစ်ခုအရ သွားရောက်ခိုလုံနေရပေမယ့် သူ့တို့ရဲ့မြေယာက ပြည်တွင်းမှာပဲရှိတော့ သူတို့ရဲ့ မူလရပိုင်ခွင့်ကို စီးပွားရေးကုမ္ပဏီကြီးတွေကလည်း နားလည်ရမည်။ အစိုးရရော၊ အဖွဲ့အစည်းရော နားလည်ရမည်။ မူလပိုင်ရှင်က သူတို့ဖြစ်လို့ သူတို့ရပိုင်ခွင့်ကို ငြင်းပယ်လို့မရဘူး။ ကျွန်တော်တို့ အသိအမှတ်ပြုရမယ်”ဟု  ကရင်အမျိုးသားအစည်းအရုံး (ဗဟိုဌာနချုပ်)မှ အထွေထွေအတွင်းရေးမှူးချုပ် ဖဒိုကွယ်ထူဝင်းက ပြောဆိုသည်။

ဒုက္ခသည်များကို ပြန်လည်ပို့ဆောင်သည့်အခါ ၎င်းတို့၏ဘ၀လုံခြုံမှုနှင့် အနာဂတ်အတွက် အာမခံချက်ရှိသည့်အချိန်မှ ပြန်လာကြမည်ဖြစ်၍ မူလထွက်လာသည့် ရွာကိုပြန်မည် သို့မဟုတ်  IDP အဖြစ် သတ်မှတ်ထားသည့် နေရာတွင် ဆက်နေမည် သို့မဟုတ် နေရာသစ်တစ်ခုခုသို့ ပြောင်းမည်စသည်တို့ကို စုံစမ်းစစ်ဆေးပြီးမှ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း အထွေထွေ အတွင်းရေးမှူးချုပ်က ပြောဆိုသည်။

“သူတို့တွေ ပြန်လာလို့ရှိရင် ဟိုဖက်ဒုက္ခသည်စခန်းကနေ ဒီဖက်ဒုက္ခသည်စခန်း မဖြစ်စေချင်ဘူး”ဟု ဖဒိုကွယ်ထူးဝင်းကဆို သည်။

ယင်းစစ်ဘေးရှောင်သူများ ပြန်ရောက်လာလျှင် နေထိုင်အစားအသောက်အတွက် ကူညီထောက်ပံ့ရန် အင်န်ဂျီအိုများ၏ အကူအညီဖြင့် လုပ်ဆောင်သွားမည်ဟု ဝန်ကြီး ဦးစောဟာဗီက ပြောသည်။

ထန်မဟင်ဒုက္ခသည်စခန်းနှင့် ဘန်တောင်ရမ်း ဒုက္ခသည်စခန်းတို့တွင် တိုင်းဒေသကြီးအတွင်းမှ လူဦးရေ ၅၀၀၀ခန့်စီ ခိုလှုံလျက်ရှိသည်ဟု ဝန်ကြီးက ခန့်မှန်းသည်။

Dawei Watch

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More