Monday, August 18, 2014

တနင်္သာရီတိုင်းအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးလှုံ့ဆော်မှုလုပ်နေ။

|Dawei Watch| ထားဝယ်၊ သြဂုတ် ၁၆

တနင်္သာရီတိုင်းဒေသကြီးအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပက်သက်၍
အသိပညာပေးလှုံ့ဆောင်မှုများနှင့် စစ်ဆေးအရေးယူမှုများကို
ဆက်တိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး
ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီထံမှ သိရသည်။

 (မြိတ်မြို့က ငါးအမုန့်ကြိတ်စက်ရုံတခု)

တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီကို ယခုနှစ်
ဧပြီ လ ၈ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကော်မတီဖွဲ့စည်းပြီးနောက်
ထားဝယ်ခရိုင်အတွင်းရှိ ဟိန္ဒားသတ္တုတွင်း၊ ဘ၀ပင်သတ္တုတွင်း စသည်တို့အပြင်
မြိတ်မြို့နယ်ရှိ အနံဆိုးများထွက်နေသော ငါးအမှုန့်ကြိတ်စက်ရုံ လေးခုကို
စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒေသတွင်း ရုပ်သံများမှ တဆင့် ပတ်ဝန်ကျင်ထိန်းသိမ်းရေး
အသိပညာပေးခြင်း အစီအစဉ်များကို ထုတ်လွှင့်သွားမည်ဖြစ်ပြီး
အခြေခံပညာကျောင်းများတွင် ဟောပြောပွဲနှင့် အခြား အသိပညာပေးအစီအစဉ်များ
ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

“ဥပမာ ဘ၀ပင် မိုင်းမှာဆိုရင် စွန့်ပစ်မြေစာ မကျဖို့ နှုန်းစစ်ကန်တွေ
ဆောက်ထားပေမယ့် ထိရောက်မှုအားနည်းပြီး ချောင်းထဲကျတာတွေ ရှိတယ်” ဟု
ကော်မတီဥက္ကဌဖြစ်သူ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သစ်တောနှင့် သတ္တုဝန်ကြီး
ဦးတင်စိုးက ပြောသည်။

ယင်းသို့ပတ်ဝန်းကျင် ထိခိုက်မှုနှင့် ပက်သက်၍ စစ်ဆေးအရေးယူခြင်းများနှင့်
အသိပညာပေးလှုံဆောင်ခြင်းများကို ယခင်နှစ်က ၀န်ထမ်းအင်အား အခက်အခဲကြောင့်
လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း၊ ယခုနှစ်မှ စတင်၍ ဆက်တိုက်လုပ်ဆောင်
သွားမည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

“မြိတ်မှာ စစ်ဆေးခဲ့တဲ့ ငါးအမှုတ်ကြိတ်စက်ရုံ လေးခုမှာဆိုရင် တစ်ခုပဲ
အနံထွက်တာ ဆိုးဆိုးရွားရွားဖြစ်နေတာ ရှိတယ်။ အဲဒီတစ်ခုကလည်း
ပြန်လည်ပြင်ဆင်မှုတွေ လုပ်နေပါပြီ။ ကျန်တဲ့ သုံးခုကတော့ စည်းကမ်းအတိုင်း
လုပ်တော့လုပ်ထားတယ်။ ဒါပေမဲ့ အားနည်းချက်တွေရှိနေသေးတယ်” ဟု
ကော်မတီအတွင်းရေးမှူးဖြစ်သူ တိုင်းဒေသကြီးပတ်ဝန်ကျင်ထိန်းသိမ်းရေး
ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ခိုင်စိုးက ဆိုသည်။

ငါးအမှုန့်ကြိတ်စက်ရုံများနှင့် ပက်သက်၍ သက်ဆိုင်ရာ
ငါးလုပ်ငန်းဦးစီးဌာနများကို ကြီးကြပ်ရန် ကော်မတီမှ ညွှန်ကြားထားပြီး
ယင်းဌာနမှလည်း ပြန်လည်ပြင်ဆင်ရန် လိုအပ်သည်များကို စက်ရုံများထံသို့
ပြန်လည်ပြင်ဆင်ရန် ကြီးကြပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ၎င်းအပြင်
တစ်လအတွင်း ဆောင်ရွက်ပြီးစီးမှုကိုလည်း ကော်မတီထံသို့
ပြန်လည်တင်ပြရမည်ဖြစ်ပြီး တစ်လအတွင်း ဆောင်ရွက်မှုအပေါ်မူတည်၍
လုပ်ငန်းရပ်နားစေခြင်း၊ ဆက်လက်လုပ်ကိုင်စေခြင်း၊ အရေးယူခြင်း စသဖြင့်
ကော်မတီမှ ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ကော်မတီ၏ စစ်ဆေးချက်အရ ပတ်ဝန်းကျင်ထိခိုက်နေမှုများကို တွေ့ရှိသည့်
လုပ်ငန်းများ၏ အားနည်းချက်များကို ကော်မတီတွင် ပါဝင်သည့်
သက်ဆိုင်ရာဦးစီးဌာနများထံသို့ စစ်ဆေးကြပ်မတ်ရန်
ညွှန်ကြားချက်များပေးပို့ခြင်း၊ ယင်းဦးစီးဌာနများက စီမံခန့်ခွဲမှု
နည်းလမ်းများအရ ကြီးကြပ်လုပ်ဆောင်ခြင်းတို့ကို အဆင့်ဆင့်
လုပ်ဆောင်သွားမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက တရားဥပဒေအရ
အရေးယူခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးအောင်ခိုင်စိုးက
ပြောသည်။

၎င်းအပြင် ပတ်ဝန်းကျင် ထိခိုက်မှုနှင့် ပက်သက်၍ သတင်းပို့နိုင်သည့်
ဖုန်းနံပါတ်များပါဝင်သည့် ဆိုင်းဘုတ်များကိုလည်း ထားဝယ်မြို့
လမ်းဆုံလမ်းခွနှင့် ဌာနဆိုင်ရာ ရုံးများ အရှေ့တွင် စိုက်ထူသွားရန်
အစီအစဉ်ရှိကြောင်း ယင်းကော်မတီထံမှ သိရသည်။

တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီတွင်
ပတ်ဝန်းကျင် ထိခိုက်မှုနှင့် သက်ဆိုင်သည့် ဦးစီးဌာနများမှ
တာဝန်ရှိသူများ၊ တက္ကသိုလ်ကျောင်းများမှ ဆရာ၊ဆရာမများ၊ ပညာရှင်များနှင့်
အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း ၂၂ ဦး
ပါဝင်ကြောင်း သိရသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More