မင်းသမီးစခန်းမှာ ABSDF အာဇာနည်ဗိမာန် ဆောက်လုပ်နိုင်ရေး စီစဉ်ခဲ့စဉ်က...
(၂၀ ဖေဖေါ်ဝါရီ ၂၀၂၆)
(၁) -
ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာအောင်မြင့်နဲ့ ဆရာငြိမ်းအေးအိမ်တို့ရဲ့ ပုံတွေ FB မီမိုရီမှာ ပြန်ပေါ်လာတာကြည့်ရင်း သူတို့တွေပါဝင် ကြိုးစားခဲ့ဖူးတဲ့ မင်းသမီးခစန်းက ABSDF အာဇာနည်ဗိမာန်အကြောင်း စိတ်ထဲပြန်ပေါ်လာပါတယ်။
၂၀၁၃ ခုနှစ် ဦးသိန်းစိန်အစိုးရ တက်ကာစ... ABSDF အပါဝင် နယ်စပ်က တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်တပိုင်းအစိုးရရဲ့ ရထားဝန်ကြီး... ဆွေးနွေးပွဲတွေ ခေတ်ကောင်းစဉ်အချိန်ပေါ့။
ပြောချင်တာက ငြိမ်းချမ်းရေး ဆွေးပွဲအကြောင်းမဟုတ်ဘူး...။
ငြိမ်းချမ်းရေးမရခင် ကျဆုံးသွားကြတဲ့ ရဲဘော်တွေ၊ ဒဏ်ရာရသွားသူတွေ... ပြီးတော့ အခု လောလောဆယ် နောက်ထပ် ပြောစရာတခုပေါ်လာတာက အဲဒီခေတ်က စစ်ကျန် ရဲဘော်ဟောင်းတွေ တောတွင်းစခန်းတွေမှာ အခု ဘယ်လို ရှင်သန်နေကြသလဲ...
တော်လှန်ရေးရဲဘော်လို့ပြောလိုက်ရင် အသက် ၂၀ ကျော် တိုက်ခိုက်ရေးသမားတွေကိုပဲ လူတွေက ပြေးမြင်ကြတာ။ ၈၈ တုန်းက အသက် ၂၀ ကျော်အရွယ် တော်လှန်ရေးသမားတဦး အခုထိတောထဲမှာ ဆက်ရှိနေရင် အသက် ၆၀ နီးနေပြီပေါ့...
အဲဒီလူတွေ ဘယ်လိုရုန်းကန်ရှင်သန်နေသလဲ... တခါမှ မစဉ်းစားမိပါဘူး...
တိုက်ပွဲအသစ်- တိုက်ပွဲဝင်သမား အသစ်တွေအတွက်ပဲ အားလုံးက စိတ်ဝင်တစား ကူညီပေးနေကြတယ် မဟုတ်ပါလား...။
---
(၂)-
ပုံတွေထဲမှာ မြင်ခဲ့ရတဲ့ အာဇာနည် ဗိမာန် စီမံကိန်းကိုတောင် ၂၀၂၁၊ ဖေဖေါ်ဝါရီမှာ နွေဦးတော်လှန်ရေးဖြစ်ပေါ်လာကတည်းက ရပ်ဆိုင်းလိုက်ပြီ၊... ဒါတွေ မလိုတော့ဘူး။ တော်လှန်ရေးက နောက်တခုတောင် အသစ်ပေါ်နေပြီ၊ ... အရင်ကဟာတွေ နားလိုက်တော့...
ဒီလို ဆုံးဖြတ်ချက်ချပြီး အဲဒီလုပ်ငန်းအတွက် ကျန်နေတဲ့ ရန်ပုံငွေကိုတောင် တနသာၤရီတိုင်းက နွေဦးတော်လှန်ရေးအဖွဲ့တွေဆီ လှူဒဏ်းလိုက်ပြီးပါပြီ...။ ခေတ်ဟောင်တးခု ကုန်ဆုံးသွား... ခေတ်သစ်တခု အသစ်မွေးဖွား... ဒီလို စိတ်ထဲမှာ ရှိထားတာ။
ဒါပေမယ့် မထင်မှတ်ထားတဲ့အချိန်မှာ အဲဒီခေတ်က စစ်ကျန်၊ မင်းသမီးခစန်းက ရဲဘော်ဟောင်းတဦးက မက်ဆင်ဂျာကနေ လှမ်းအကူအညီတောင်းလာပါတယ်။
အသက်ကလည်း ၅၀ ကျော်၊ ၆၀ နီးနေပြီ၊ ကျန်းမာရေးကလည်း မကောင်းဘူး။ မျက်လုံးက တလုံကွယ်ပြီး တလုံးက သိပ်မမြင်ရဘူး။ တောတွင်းစခန်းတခုမှာ နေနေရဆဲဖြစ်ပေမယ့် တော်လှန်ရေးတာဝန်လည်း ဘာမှမထမ်းဆောင်နိုင်တော့ဘူး။
ဆေးကုသဖို့အရေး၊ ကျန်းမာရေးအတွက် အခြားလိုအပ်ချက်တွေ၊ နေ့စဉ်ကိစ္စတွေအတွက် ရဲဘော်ဟောင်းတွေက တက်နိုင်သလောက်ကူညီပေးပါ...တဲ့။
ဒါ ဥပမာ တခုပါ။ သူလို ရဲဘော်ဟောင်း ဘယ်နှစ်ယောက် ဒုက္ခရောက်နေမှန်း ကျနော် မသိသေးပါ။
---
(၃)-
ပြီးဆုံးသွားပြီလို့ ထင်ထားခဲ့တဲ့ ခေတ်တခေတ်ရဲ့ နောက်ဆက်တွဲ ပြသာနာက ရှိနေဆဲပါ။ ဒီကိစ္စတွေအတွက် ဘယ်သူတွေမှာ တာဝန်ရှိသလဲ... ဘယ်သူတွေက တာဝန်ယူ ကူညီပေးသင့်သလဲ...
နိုင်ငံနဲ့ဆိုင်တဲ့ကိစ္စလား၊ အဖွဲ့အစည်းဆိုင်ရာ ကိစ္စလား... တဦးချင်းဆိုင်ရာ ကိစ္စလား...
တော်လှန်ရေးအသစ်တွေ ဖြစ်ပေါ်နေချိန်မှာ တော်လှန်ရေးအဟောင်းခေတ်က ကျန်နေတဲ့ စစ်ပြန်တွေရဲ့ တောတွင်းဘ၀ အခက်ခဲ၊ ကျန်းမာရေးအခက်ခဲတွေကို ဘယ်သူတွေက အလေးထားစဉ်းစားပေးမှာလဲ...
တခေတ်တခါက ABSDF ရဲဘော်ဟောင်းတွေ ဝိုင်းစဉ်းစားနိုင်ဖို့ တင်ပြလိုက်ရပါတယ်။
=====








0 comments:
Post a Comment