Friday, April 3, 2026

“စစ်ယူနီဖောင်းကနေ အရပ်ဝတ်ပြောင်းရင် ဗုံးကြဲတာရပ်သွားနိုင်သလား... ဆိုတာကတော့...”

 https://youtu.be/l2XmA0BjKE4?si=XSPKStAN3fDJ4Y_q


“စစ်ယူနီဖောင်းကနေ အရပ်ဝတ်ပြောင်းရင် ဗုံးကြဲတာရပ်သွားနိုင်သလား... ဆိုတာကတော့...”

  • ဆလိုင်းယောအောင် (စစ်ရေး - နိုင်ငံရေး လေ့လာသုံးသပ်သူ)

(၃ ဧပြီ ၂၀၂၆) “စစ်ယူနီဖောင်းကနေ အရပ်ဝတ်ပြောင်းရင် ဗုံးကြဲတာရပ်သွားနိုင်သလား... ဆိုတာကတော့ သိပ်မဆိုင်ဘူးထင်တယ်၊ လောင်စာပြတ်လို့ ဗုံးကြဲမှု လျော့သွားတာမျိုုးတော့ ဖြစ်နိုင်တယ်။ လက်ရှိအပြောင်းအလဲဆိုတာတွေပေါ် လူထုအနေနဲ့ ဘာမှ မျော်လင့်လို့ မရသေးဘူး” လို့ စစ်ရေး-နိုင်ငံရေး လေ့လာသုံးသပ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။ စစ်ကောင်စီဖက်က စစ်ဗိုလ်ချုပ်တွေ စစ်ယူနီဖောင်းချွတ်ပြီး အရပ်ဝတ်ပြောင်းလိုက်တာ၊ တော်လှန်ရေးဖက်က SCEF - ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲ့လိုက်တာတွေကြောင့် ဆွေးနွေးပွဲတွေဖြစ်ပေါ်လာပြီး လူထု အခြေအနေ တစုံတရာ သက်သာလာနိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

  • အသစ်ဖွဲ့လိုက်တဲ့ SCEF နဲ့ အရင် NUCC ဘာကွာသလဲ၊ ဘာတွေထူးခြား ဆောင်ရွက်နိုင်မလဲ...

  • စစ်ကောင်စီနဲ့ တော်လှန်ရေးဖက်က အစုအဖွဲ့အသစ်တွေ ဖွဲ့စည်းလိုက်ခြင်းက စစ်ရေးအစား နိုင်ငံရေးဆွေးနွေးမှုဖက်ကို သွားတော့မယ့် လက္ခဏာတွေလား...

  • စစ်ဗိုလ်ချုပ်တွေ စစ်ယူနီဖောင်းချွတ်ပြီး အရပ်ဝတ် စွပ်လိုက်တဲ့အတွက် အရပ်သားလို စဉ်းစားပြီး ဗုံးကြဲတာတွေ ရပ်သွားနိုင်သလား...

  • နေပြည်တော်က အပြောင်းအလဲဆိုတာတွေဟာ ဆီတန်းစီးတိုးနေရတဲ့ လူထုအတွက် ဘာမှ ရင်ခုန်စရာမရှိလာနိုင်တော့ဘူးလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

“SCEF ဖွဲ့တာ ဆွေးနွေးဖို့ မဟုတ်ဘူး၊ တော်လှန်ရေးအရှိန်မြှင့်ဖို့ ဖြစ်တယ်”

 https://youtu.be/Nv4JH3JYQOc?si=JOdSH3wf93CSXl1O


“SCEF ဖွဲ့တာ ဆွေးနွေးဖို့ မဟုတ်ဘူး၊ တော်လှန်ရေးအရှိန်မြှင့်ဖို့ ဖြစ်တယ်” - ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး - NUG) (၄ ဧပြီ ၂၀၂၆) “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ - SCEF ဖွဲ့စည်းတာဟာ စစ်ရေး-နိုင်ငံရေးလုပ်ငန်းတွေကို အရှိန်မြှင့်နိုင်ဖို့ဖြစ်တယ်၊ ဆွေးနွေးဖို့အတွက် ပြင်ဆင်တယ်ဆိုတာဟာ လူထုတွေ စိတ်ဓတ်ကျအောင် ဝါဒဖြန့်မှုသာ ဖြစ်တယ်” လို့ SCEF ပြောခွင့်ရလည်းဖြစ်၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။ မတ်လ ၃၀ ရက်နေ့မှာဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ - SCEF ရဲ့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားခဲ့တာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - SCEF ကို ဘယ်လိုဖွဲ့ထားသလဲ၊ ဘာတွေဆောင်ရွက်မှာလဲ... - တော်လှန်ရေးဖက်က SCEF ဖွဲ့တာနဲ့ စစ်ကောင်စီဖက်က အစိုးရအသစ်ဖွဲ့တာ တချိန်တည်းဖြစ်နေတာ ဘာကြောင့်လဲ... - နိုင်ငံရေး၊ သံတမန်ရေးနဲ့ စစ်ရေးတိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြားမှာ ၅၀- ၅၀ စီဖြစ်နေသလား... ဘယ်ဖက်က အသာစီးရလာနိုင်သလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Monday, March 30, 2026

“ရာသီပြောင်းချိန်”

 “ရာသီပြောင်းချိန်”


(၃၀ မတ် ၂၀၂၆)



မနေ့က (မတ်လ ၂၉၊ မတ်လရဲ့ နောက်ဆုံးသီတင်းပတ် တနင်္ဂနွေ) ဥရောပမှာ နွေရာသီ စံတော်ချိန်ပြောင်းပါတယ်။ နာရီလက်တံတွေကို ရှေ့ တနာရီတိုးပြီး ဒါကို နွေရာသီ စံတော်ချိန်လို့ခေါ်တဲ့အတွက် ဥရောပမှာ နွေဦးရောက်တာ သေချာပြီပေါ့။


ဒီနေ့မှာ ရှေ့တနာရီတိုးသွားတဲ့ နာရီလက်တံဟာ အောက်တိုဘာ ၂၅ အထိ နွေရာသီ စံတော်ချိန်အဖြစ်ဆက်ရှိနေမှာဖြစ်ပြီး အောက်တိုဘာ ၂၅ ကျရင်တော့ မူလနေရာ (နောက် တနာရီပြန်ဆုတ်) ပြန်ထားပြီး ဆောင်းရာသီ စံတော်ချိန် ပြန်ဖြစ်မယ်ပေါ့။


ဒီလို နာရီလက်တံ (အခုက အင်တာနက်ခေတ်ဆိုတော့ နာရီလက်တံဆိုတာကို လူငယ်တွေ သိသေးရဲ့လားမသိဘူး) ရှေ့တိုး- နောက်ဆုတ်လုပ်တာကို Daylight savings time (DST) လို့ခေါ်ပြီး တိုက်ကြီးတခုနဲ့ တခု အချိန် နည်းနည်းစီ ကွာပါတယ်။


ဥရောပမှာ အခုမှပြောင်းပေမယ့် မြောက်အမေရိကားတိုက်မှာ မတ်လ ၈ ရက်နေ့ကတည်းက ပြောင်းသွားပါတယ်။ သြစီမှာတော့ ရှေ့အပတ် တနင်္ဂနွေ ဧပြီ ၅ ရက်ကျမှ ပြောင်းမှာဖြစ်ပါတယ်။


အခြား တိုက်ကြီး ၃ ခု (အာရှ၊ အာဖရိကနဲ့ တောင်အမေရိက) မှာတော့ DST ရှိတယ်လို့ မကြားရသေးပါဘူး။

---


မြန်မာနိုင်ငံတည်ရှိတဲ့ အာရှတိုက်မှာ DST မရှိဘူးဆိုတော့ ဥရောပမှာ အချိန် တနာရီ ရှေ့တိုးတယ်ဆိုတာကို ဘယ်နားလည်ပါ့မလဲ...။ 


DVB မှာ တာဝန်ထမ်းဖို့ နော်ဝေကို ပထမဆုံး ရောက်လာတဲ့နှစ် ၂၀၀၁ ခုနှစ်ရဲ့ ဒီလို အချိန်ပေါ့...။ ”ဟေ့လူတွေ မနက်ဖန် နာရီတွေ တနာရီရှေ့တိုးတယ်။ ရုံးချိန်၊ ရထားချိန်၊ ဘတ်စ်ကားချိန်တွေကို သတိထားကြဦး”...တဲ့ ကိုယ့်အရင် နော်ဝေကို ရောက်နေသူ ဘော်ဘော်တဦး အော်ပြောပါတယ်။


“ခင်ဗျားကလည်း ကျုပ်တို့ကို နယ်စပ်ကနေ အခုမှ ရောက်လာသူတွေဆိုပြီး လာရွှီးနေပြန်ပြီ၊ နာရီက ဘယ်လိုပြောင်းမှာလဲ”... ဒီလို ငြင်းခုံခဲ့ဖူးပေါ့။


အဲတုန်းကတော့ အခုလို အင်တာနက်ခေတ်မဟုတ်တော့ နာရီတွေက အော်တိုမပြောင်းဘူး။ လူက လိုက်ပြောင်းပေးရတာ။ စမတ်ဖုန်းတွေလည်းမပေါ်သေး၊ လက်ကိုင်ဖုန်း ပေါ်ကာပဲ ရှိသေးတယ်ဆိုတော့ နာရီပြောင်းတာ သိပ်သိသာပါတယ်။


အခုက အော်တိုပြောင်းသွားတာဆိုတော့ တိုင်ကပ်နာရီ (အော်တိုမပြောင်းတဲ့နာရီ) မရှိရင် နာရီပြောင်းသွားမှန်း သိတောင် သိလိုက်မှာမဟုတ်ဘူး။

---


DST ပြောင်းတာ မြန်မာပြည်နဲ့မဆိုင်ဘူးဆိုပေမယ့် နိုင်ငံခြား လှိုင်းတိုရေဒီယိုနားထောင်တဲ့ မြန်မာ့ပရိသတ်တွေကတော့ ဒါကို သတိထားမိကောင်း မိနိုင်ပါတယ်။ ဘာကြောင့်လဲဆို... ဒီလို ရာသီပြောင်းချိန်ရောက်ရင်...


“ဆောင်းရာသီစံတော်ချိန်ပြောင်းတဲ့အတွက် လေလှိုင်းအပြောင်းအလဲအပြောင်းအလဲ အနည်းငယ်ရှိပါတယ်။ အရင် ထုတ်လွှင့်နေတဲ့ ၁၉ မီတာ၊ ၂၅ မီတာ၊ ၃၁ မီတာ... မီတာဟချ် ဘယ်လောက်ကနေ ဘယ်လောက်ကို ပြောင်းလဲ ဖမ်းယူကြပါရန် နိုးဆော် သတိပေးပါတယ်”


DVB, RFA, VOA ရေဒီယိုတွေ မရှိတော့ဘူးဆိုတော့ ဆောင်းရာသီ အသံလှိုင်း အပြောင်းအလဲကြော်ညာ မကြားရတော့ဘူး။ BBC ကတော့ ဆက်ပြီး ကြော်ညာဝင်နေဦး မယ်ထင်ပါတယ်။


အခုခေတ်က အင်တာနက်ခေတ်ဆိုတော့ လိုင်းတိုရေဒီယိုနဲ့ နားထောင်သူ ဘယ်လောက်ကျန်သေးသလဲ... ကိုယ်လည်း အင်တာနက်ပေါ်ကနေ နားထောင်တာဆိုတော့ ရေဒီယို အစီစဉ်တွေဟာ ဟိုး... တောထဲကာလမှာတုန်းက နားထောင်ရသလိုမျိုး အရသာ မရှိတော့သလိုပါပဲ။


ဆိုလိုတာက DST မြန်မာမှာ မရှိပေမယ့် နိုင်ငံခြား လိုင်းတိုရေဒီယိုတွေကြောင့် DST ဆိုတာကို၊ တိုက်ကြီး ၃ တိုက်မှာ နွေရာသီနာရီ၊ ဆောင်းရာသီနာရီ ရှိတယ်ဆိုတာကို မြန်မာ ပိတ်သတ် ကြားဖူးပါတယ်။


ဒါပေမယ့် ကြားဖူးတာနဲ့ ကြုံဖူးတာ မတူဘူးလေနော်...၊ အဲတော့ နော်ဝေရောက် နယ်စပ်က တောသားတွေ ပထမ နှစ်မှာ ရုံး တနာရီစောရောက်တာ၊ တနာရီနောက်ကျပြီးမှ ရောက်တာတွေ ဖြစ်ခဲ့ဖူးပေါ့။

---


အဲတော့ ဘာဖြစ်လဲ... စာဖတ်သူတွေနဲ့ ဘာဆိုင်လဲ...


ဘာဖြစ်လဲဆိုတော့ ... ဥရောပနဲ့ မြန်မာ ဆောင်းရာသီမှာ ၅ နာရီခွဲကွာနေရာကနေ မနေ့ကစပြီး ၄ နာရီခွဲပဲ ကွာတော့တာပေါ့။


အွန်လိုင်းအစည်းဝေးတွေတက်ရင်၊ (အခုက Zoom meeting ခေတ်ဆိုတော့) နိုင်ငံပြင်ပကလူတွေနဲ့ ဆက်သွယ်အလုပ်လုပ်ရမယ်ဆိုရင် (နွေရာသီ- ဆောင်းရာသီ) အချိန်တွေကို သတိထားလို့ရတာပေါ့။


အဲ... အနောက်နိုင်ငံကြီးတွေမှာ အချိန်ကို အလေးထားတယ်... မြန်မာစံတော်ချိန်ဆိုပြီး ချိန်းလိုက်တိုင်း မိနစ် ၃၀ နောက်ကျနေတာမျိုး မဖြစ်စေနက်ပေါ့။ (လူတွေ့ အစည်းဝေးမှာ ကားကျပ်လို့ နောက်ကျပါတယ်ဆိုပြီး အကြောင်းပြလို့ရသေးပေမယ့် Zoom meeting တောင် မိနစ် ၃၀ နောက်ကျတယ်ဆိုတာကတော့ နည်းနည်းများသွားပြီ)။


ရန်ကုန်က လေယာဉ်လိုင်းတွေ၊ ရထားတွေ၊ ဘတ်စ်တွေ (အဲ မြို့ထဲ ဘတ်စ်တွေမှာ အချိန်ဇယားမရှိပေမယ့် အဝေးပြေးကားအကောင်းစားတွေကတော့ အချိန်မှန်ပါတယ်) ထွက်ချိန်- ဝင်ချိန် မှန်ပါစေပေါ့။


ဒါပေမယ့် သူ့အရပ်နဲ့ သူ့ဇတ်ဆိုတာကလည်း ရှိနေသေးတယ်ဆိုတော့ ... ဥရောပပြန်ကြီးဆိုပြီး အညာက ဘတ်စ်ကားပေါ်မှာ အချိန်သွားမေးမိရင် အရိုက်ခံရနိုင်ပါတယ်။ စာရေးသူ စီးဖူးတဲ့ (၂၀၁၃ ဦးသိန်းစိန်ခေတ်ဆိုတော့ အခု မအလ ခေတ်မှာ ပြောင်းကုန်ပြီထင်ပါတယ်)


မိတ္တိလာနဲ့ ပုဂံ-ညောင်ဦးဖက်သွားတဲ့ကားဆိုရင် ... “အချိန်မေးမြန်းခြင်း သီးခံပါ” ဆိုပြီး စာတန်းပါ ကပ်ထားလိုက်တယ်။ ပြီးရော့။


ဒါပေမယ့် သတင်းထောက်ဆိုတဲ့အမျိုးက အချိန်အတိအကျနဲ့ အလုပ် လုပ်နေရသူတွေဆိုတော့ နံရံပေါ်မှာ တိုက်ကြီး ၃ တိုက်ရဲ့ နာရီတွေ ကပ်ထားရတာပေါ့...


အဲဒီ နာရီတွေဘေးနားက ဓာတ်ပုံထဲ မြင်နေရတဲ့ “ဒေါ်အောင်ဆန်းစုကြည် ဘယ်တော့ ပြန်လွတ်မှာလဲ၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအခွင့်အလမ်းတွေ ဘယ်တော့တခါ ပြန်လည်မြင်ခွင့်ရမလဲ...” လို့ မေးမိရင်...


“အချိန်မေးမြန်းခြင်း သီးခံပါ” တော့ မလုပ်ကြနက်ပေါ့...။

===

Monday, March 23, 2026

ကိုထွန်းမြတ်သူ ... ကွယ်လွန်တဲ့သတင်း မနေ့ညက သြစီက ရဲဘော်တွေ တင်ထားတာ FB မှာတွေ့မိတော့ ...

 ကိုထွန်းမြတ်သူ ...

ကွယ်လွန်တဲ့သတင်း မနေ့ညက သြစီက ရဲဘော်တွေ တင်ထားတာ FB မှာတွေ့မိတော့ ယုံတောင် မယုံဘူး။
တော်လှန်ရေးခရီး ပန်းတိုင်မရောက်ခင် ရဲဘော်တဦး ထွက်သွားရန်ပြန်ပြီ...။






ကိုထွန်းမြတ်သူက ကျနော်တို့ မင်းသမီးစခန်းရဲ့ အိမ်နီးချင်း မောတောင်စခန်းက (မနှစ် နှစ်ကုန်ပိုင်းမှာ တော်လှန်ရေးတပ်တွေက ပြန်သိမ်းလိုက်တဲ့ မောတောင်စခန်းပါ)
၁၉၈၉ နိုဝင်ဘာ၊ ဒုတိအကြိမ် ညီလာခံ မင်းသမီးခစန်းမှာ ကျင်းပချိန် သူက မောတောင်စခန်း ကိုယ်စားလှယ်။ နောက် ဗဟိုကော်မီတီအဖြစ်အရွေးခံရ...
အဲဒီကစပြီး သူက ထောက်ပံ့ရေး၊ ပြန်ကြားရေးအပါဝင် ဗဟိုမှာ တာဝန်အဆင့်ဆင့်ထမ်းခဲ့သူ...။ မောတောင်- မင်းသမီးဖက်မှာသိပ်မတွေ့ရပဲ ဗဟိုရုံးတွေမှာ သူ့ကို မကြာခန တွေ့မိပါတယ်။
မနှစ်က သြစီကို သွားလည်စဉ် သူနဲ့တွေ့မယ်လို့ ချိန်းပြီးမှ အူးလေးက ရောက်မလာ...။
ကိုယ်တွေက ပုလင်းပုံတင်နေချိန်မှာ သူက ဂေါက်သီးရိုက်တဲ့ ပုံတွေ တင်နေတယ်ဆိုတော့ ... ဒီတခေါက်မတွေ့လည်း နောက်တခေါက်...။ ဒါမှမဟုတ် ထိုင်းမှာ ပြန်တွေ့ကြမယ်ပေါ့။
အခုတော့ မပြောမဆိုနဲ့ ကိုယ့်ဆရာက ခရီးရှည်ထွက်သွားပြီ...။
လူတိုင်းသွားရမယ့် ခရီးဆိုပေမယ့် ...
တော်လှန်ရေးခရီး ပန်းတိုင်မရောက်ခင်မှာ ... လုပ်ဖော်ကိုင်ဖက် ရဲဘော်တဦးဦး ကွယ်လွန်သွားတိုင်း ရင်ထဲမှာခံစားရပါတယ်။
အလေးပြုလိုက်ပါတယ် ရဲဘော်။

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရင်တောင် စုံ-မ ပြသာနာ ပြေလည်ပါ့မလား...

 ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရင်တောင် စုံ-မ ပြသာနာ ပြေလည်ပါ့မလား...


(၂၃ မတ် ၂၀၂၆)


(၁) -

“ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပာနဂိုရ်က နွားမပေါင်ကျိုးတာ ဘာဆိုင်လို့လဲ...၊ အီရန်မှာ စစ်ဖြစ်တာနဲ့ ရန်ကုန်ကလူတွေ ဓာတ်ဆီ တန်းစီတိုးရတာ ဘာဆိုင်လို့လဲ... ဆိုပြီး မတ် ၆ ရက်နေ့က Post တခုရေးဖြစ်ပါတယ်။


အီရန်စစ်ပွဲ စဖြစ်တာက ဖေ ၂၈ ဆိုတော့ စစ်ပွဲဖြစ်ပြီး တပတ်ခန့်အကြာမှာရေးတဲ့စာ...၊ တနည်းအားဖြင့် ရန်ကုန်က ကားတွေ စုံ-မ ယာဉ်နံပတ်တွေအတိုင်း တန်းစီရမယ်လို့ အမိန့်ထုတ်ကာစမှာ ရေးတဲ့စာပါ။


အဲတုန်းကတော့ သတင်းတွေဖတ်ရင်း စုံ-မ ခွဲခြားပြီး ယာဉ်တွေကို လောင်စာခွဲတန်း ထုတ်ပေးမယ့် ရွှေညဏ်တော် စူးရောက် (စောက်ရူး) မှုအပေါ် ဟာသ ဆန်ဆန်ရေးမိတာပါ။

---


(၂) -


အခုက ဟာသ သွားလုပ်လို့မရတော့ဘူး။ တကယ့်မြေပြင်မှာက ငိုစရာဇတ်လမ်းတွေဖြစ်နေပြီ...


အမိန့် ကြေညာချက်တွေ ထွက်လာကာစကတော့ ဒါဟာ ရန်ကုန်-မန္တလေးလို ကားများတဲ့ မြို့ကြီးတွေလောက်ပဲ ဒုက္ခများမယ်၊ ကျေးလက်ဒေသတွေကတော့ ပြသာနာ မများလောက်ဘူး၊ ဆီမရှိလည်း နွားလှည်း၊ မြင်းလှည်းနဲ့ သွားကြပေါ့၊ 


စက်ဘီးနဲ့သွားကြပေါ့။ ebike လေးတွေ ဝယ်စီးကြပါလားလို့တောင် အကြံပေးလိုက်ပါသေးတယ်။


“ရွာမှာက အူးလေးတို့ခေတ်ကလို စက်ဘီးစီးတဲ့ခေတ်မဟုတ်တော့ဘူး။ လူတိုင်းက ဆိုင်ကယ်ပဲစီးကြတာ၊ အခု ကျနော့်အိမ်မှာ ဆိုင်ကယ် ၃ စီးလုံးက စုံဂဏန်ချည်းဖြစ်နေလို့ ဒုက္ခရောက်နေတယ်”...တဲ့၊  ရွာက ဘော်ဘော်တဦးကပြောပါတယ်။


ကျနော်က သူပြောတာ သိပ်နားမလည်လို့ ပြန်ပြန်မေးရတယ်။...  စုံ-မ ဂဏန်းတွေက ကိုယ်ပိုင်ကားတွေအတွက်ပဲ မဟုတ်လား။ ဆိုင်ကယ်တွေလည်းပါသလား...။ ပြီးတော့ ဆီတန်းစီတဲ့နေရာပဲ လိုတာမဟုတ်လား... စုံနေ့- မနေ့ မဟုတ်ရင် အပြင်ကို ထွက်လို့မရတာလား...


သူပြောသလောက်ဆိုရင် စုံနေ့မှာ မဂဏန်းက အပြင်ကို ထွက်လို့မရတာတဲ့...။ ဓတ်ဆီတန်းစီတဲ့နေရာမှာတင် စုံ-မ ခွဲတာမဟုတ်ဘူး... ဆိုတော့ ဒုက္ခ။


အဲတော့... သူတို့ရွာမှာ ကလေးကျောင်းပို့ဖို့အရေး ဟိုဖက်အိမ်နဲ့ ဒီဖက်အိမ် သို့မဟုတ် စုံဂဏန်းဆိုင်ကယ်ရှိတဲ့အိမ်နဲ့ မဂဏန်း ဆိုင်ကယ်ရှိတဲ့အိမ် မဟာမိတ်ဖွ့ဲရတယ်တဲ့...


စုံ-မ ဖလှယ်ပြီး အပြန်အလှန် ငှားစီးကြပေါ့... အဲ ယာဉ်ထိန်းရဲက လိုင်စင် စစ်ရင် ဘယ်လိုလုပ်ကြသလဲတော့ မသိဘူး...။ ဓာတ်ဆီကလည်း တလီတာရဖို့အရေး နေပူထဲမှာ တနာရီမက တန်းစီရတယ်တဲ့...


ရွာမှာနှစ်ပေါင်းများစွာနေခဲ့ဖူးတဲ့ ကိုယ်တောင် နားမလည်ဘူးဆိုရင် အီရန်ကို စစ်တိုက်ဖို့ ညွှန်ကြားခဲ့တဲ့ ဟိုး... မိုင်ပေါင်းတသောင်းကျော်ဝေးတဲ့ မိုင်ယာမီက အူးလေးကြီး ဆို... စုံ-မ ပြသာနာကို ကြားရင် ယုံမှာတောင် မဟုတ်ဘူး။

---


(၃) -


ပထမ ဆောင်းပါးမှာ ရေးခဲ့ဖူးသလို...“တလခန့်ကြာပြီးတဲ့ခါ...”ဆိုပြီး ဟောလီးဝုဒ်ရုပ်ရှင်ထဲကလို စာတန်းထိုးလို့ရရင် မဆိုးဘူး...ဆိုတဲ့အတိုင်း... အခုတော့ စစ်ရပ်စဲရေး၊ အနည်းဆုံးတော့ ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရေးအတွက် ဆွေးနွေးမှုတွေ စတင်နေပြီလို့ သတင်းတွေ ထွက်လာနေပါတယ်။


စစ်စတိုက်တုန်းကတော့ ဒီပြသာနက စုံ-မ ပြသာနာအထိ ကျယ်ပြန့်သွားလိမ့်မယ်လို့ အူးလေးကြီးလည်း ထင်ထားပုံမရပါဘူး။ ဒါပေမယ့် သူက ဇွတ် သမားဆိုတော့ ဘာတွေဆက်ဖြစ်လာမလဲ... ဘယ်သူမှ မသိနိုင်သေး...။


သေချာတာတော့ တကမ္ဘာလုံးကို ထိခိုက်စေတဲ့ ဟော်မုဇ် ရေလက်ကြားကိုတော့ တနည်းနည်းနဲ့ ပြန်ဖွင့်လာအောင် ဝိုင်းကြိုးစားကြမှာပါ။


ဒါပေမယ့် ပြသာနာက ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရင်တောင် မြန်မာပြည်က စုံ- မ ပြသာနာက ပြေလည်သွားပါ့မလား...


ဘာကြောင့်လည်းဆို ဒီ စုံ-မ ပြသာနာက အများပြည်သူအတွက် ဒုက္ခများပေမယ့် စစ်ဆေးရေးအရာရှိတွေ၊ အာဏာရှင်ခေတ်မှာကြီးပြင်းပြီး အာဏာပြချင်သူတွေအတွက်ကတော့ ဒါဟာ အခွင့်အရေးတခုပဲ မဟုတ်ပါလား...။


အရင်ကဆို လုံခြုံရေးအကြောင်းပြန်ချက်နဲ့ပဲ တားမြစ်-ကန့်သတ်တာတွေ လုပ်လို့ရတယ်။ အခုဆိုရင် စီးပွားရေးအကြောင်းပြပြီး ကန့်သတ်ချက် နောက်တခု ထပ်ရလာပြန်တယ်။ ယာဉ်ထိန်းရဲ အပါဝင် အာဏာရှင် လက်ဝေခံ အရာရှိတွေအားလုံးကတော့ လူတွေ ဒုက္ခရောက်လေ... သူတို့ ဝင်ငွေတိုးလေပဲ မဟုတ်ပါလား။


မဆလ ခေတ်လို ခွဲတန်းချစနစ်၊ မှောင်ခိုစနစ်များ မြန်မာပြည်မှာ ပြန်ထွန်းကားလာလေမလား...။ 


အဲ... မှောင်ခိုခေတ်ဆိုမှ... မန်းလေးက သတင်းသမားတဦးရေးထားတာတွေ့မိပါတယ်။ စုံ-မ ခွဲပြီး ဆိုင်တွေမှာ ဒီလို လူတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေ ရာနဲ့ချီ တန်းစီနေရပေမယ့် ... မှောင်ခိုဈေးကွက်မှာတော့ ဈေးကြီးပေးဝယ်ရင် လိုသလောက် ရနေတယ်ဆိုပါလား...


ကဲ... စုံ- မ ဆရာ... ညာဏ်ကြီးရှင်များ...


အူးလေးကြီးဆီ သတင်းပို့လိုက်ရမလား...

Thursday, March 12, 2026

“အီရန်မှာ စစ်ဖြစ်တာနဲ့ ရန်ကုန်ကလူတွေ ဓာတ်ဆီ တန်းစီတိုးရတာ ဘာဆိုင်လို့လဲ...”

 “အီရန်မှာ စစ်ဖြစ်တာနဲ့ ရန်ကုန်ကလူတွေ ဓာတ်ဆီ တန်းစီတိုးရတာ ဘာဆိုင်လို့လဲ...”

(၆ မတ် ၂၀၂၆)




“ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပာနဂိုရ်က နွားမပေါင်ကျိုးတာ ဘာဆိုင်လို့လဲ...” ဆိုတဲ့ နိုင်တီးဂွမ်တီးက အဆိုအမိန့်တွေကို ပိတ်သတ်အတော်များများ ကြားဖူးကြပါလိမ်မ့ယ်။
အခုတော့ အဲလို မဟုတ်တော့ဘူး။ မိုင် ၁၀၀ လောက်သာဝေးတဲ့ အညာဒေသနဲ့ အောက်ပြည်အောက်ရွာအခြေနေ ဘာမှမဆိုင်ဘူးဆိုပြီးပြောနေရာကနေ ... အခု မိုင် ၅၀၀၀ လောက်ဝေးတဲ့ အီရန်စစ်ပွဲကြောင့် ရန်ကုန်ကလူတွေ ဓာတ်ဆီ တန်းစီနေရပြီ၊ စုံဂဏန်း- မဂဏန်းတွနဲ့ အလုပ်ရှုပ်နေကြပြီ...
ဘာကြောင့်လဲ...
ဒီနေ့ ကမ္ဘာကြီးက ပိုကျဉ်းလာလို့လား... ကမ္ဘာလွှမ်းခြုံစနစ်ကြီးက ပိုကျယ်ပြန့်လာလို့လား...
ဒါက စီးပွားရေး- လောင်စာပြသာနာ ဂယက်ရိုက်မှုပဲရှိပါသေးတယ်။
---
နိုင်ငံရေး- စစ်ရေးအရပြောစရာတွေက အများကြီး။
စစ်ရေးအရ လက်ဦးမှုရအောင် အရင်တိုက်ရတာပါလို့ စစ်တိုက်သူတွေဘက်က အကြောင်းပြနေပေမယ့် စစ်ရဲ့ဘေးထွက်ဆိုးကျိုးကို ခံရသူတွေက စစ်တိုက်သူတွေချည်း မဟုတ်ပါဘူး။
ခုနက ရှေ့မှာတင်ပြခဲ့တဲ့ မိုင် ၅၀၀၀ အဝေးက လူတွေတောင် ဓတ်ဆီတန်းစီနေရတယ်ဆိုရင် စစ်ပွဲဖြစ်ရာ အနီးနားဝန်းကျင်ကလူတွေ ဘယ်လိုဖြစ်နေလေမလဲ...။ လူဦးရေ ဘယ်လောက်အထိကို ဂယက်ရိုက်မှုရှိနေပြီလဲ...
အခုဆို အရှေ့အလယ်ပိုင်းဒေသက လေယာဉ်ကွင်းတွေ အကုန်ပိတ်ထားရလို့ ဥရောပကနေ အာရှသွားသူတွေ၊ အတော်များများက ဈေးပေါ်တဲ့ အရှေအလယ်ပိုင်း ထရန်စစ် နဲ့ ဝယ်ကြတာဆိုတာ့ အခု တိုင်ပတ်နေကြပြီ။
---
နိုင်ငံရေးအရကတော့ ဒီစစ်ပွဲဟာ နိုင်ငံတကာဥပဒေအရ တရားဝင်မှုရှိရဲ့လား... မေးခွန်းထုတ်မှုတွေ အများကြီးရှိလာနေပါတယ်။
တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ဟောလီးဝုဒ် ရုပ်ရှင်တွေထဲကလို တရားဝင်လမ်းကြောင်းနဲ့ ဆွေးနွေးပွဲအကြိမ်ကြိမ်လုပ်တာ အဖြေမထွက်ဘူး။ ကုလသမဂ္ဂကလည်း ဒီကိစ္စမျိုးမှာ ဘာမှ အားကိုးမရဘူး။
အာဏာရှင်ဆိုတာ ဒီလိုပဲ နည်းမျိုးစုံနဲ့အချိန်ဆွဲပြီး အာဏကို ဆွဲဆန့်နေကြတာဖြစ်တယ်။ ဒီတော့ ဒီလူတွေကို ဥပဒေပြင်ပကနေ ရတဲ့နည်းနဲ့ တိုက်ခိုက်ဖြိုချမှရမယ်... ဒီလို ဖြိုချတာကို အဖိနှိပ်ခံလူထုက လိုလားကြတယ်... ဒီလို အမြင်တွေလည်းရှိနေပါတယ်။
ဒါပေမယ့် ပြသာနက...
စစ်ပွဲဆိုတာ စရလွယ်သလောက် အဆုံးသတ်ရခက်ပါတယ်။
ဘယ်လောက်ကြာမယ်၊ ဘာတွေဆက်ဖြစ်မယ်ဆိုတာ ထိန်းချုပ်ရခက်ပါတယ်။
အခုပဲ အရှေ့အလယ်ပိုင်းက ရေနံသဘောၤလမ်းကြောင်းတွေပိတ်နေလို့ဆိုပြီး အိန္ဒိယကို ရုရှားဆီကနေ ရေနံဝယ်ယူခွင့် အမေရိကန်က ပြန်ခွင့်ပြုလိုက်ပြီလို့ ကြားရပါတယ်။
---
ဆိုတော့ ဘာတွေဆက်ဖြစ်လာမလဲ...
ဟောလီးဝုဒ်ရုပ်ရှင်ထဲမှာလို ... “နောက် ၆ လကြာပြီးတဲ့အခါ...” ဆိုပြီး စာတန်း ထိုးလိုက်လို့ရရင်တော့ မဆိုးဘူး...
ဒါပေမယ့် အခုက ရုပ်ရှင်ရိုက်တာနေတာ မဟုတ်လေတော့...
ကမ္ဘာသူ ကမ္ဘာသားတွေ ငြိမ်းချမ်းကြပါစေ...။
(ပုံတွေကတော့ မန်းလေးက အူးအူးနေလင်းရဲ့ ဓာတ်ဆီတန်းစီပုံနဲ့ အော်စလိုက စက်ဘီးစီးဖို့ အားပေးတဲ့ပုံပါ။ စက်ဘီးစီးစေချင်ရင် စက်ဘီးလမ်းလည်း လုပ်ပေးဖို့လိုပါတယ်။ ကားလမ်းပေါ် တက်စီးရတာ အဆင်မပြေပါ။ ရန်ကုန်က အူးလေးတယောက်ကတော့ ဘက်ထရီဘီး (e-bike) ဝယ်ထားတာ တွေ့မိပါကြောင်း)🤔

ပေးဆပ်သူတို့ရဲ့ ဒဏ်ရာများ...

 ပေးဆပ်သူတို့ရဲ့ ဒဏ်ရာများ...





လာမယ့် မတ်လ ၁၃ ရက်နေ့ဟာ ၃၈ နှစ်မြောက် ဖုန်းမော်နေ့ - မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။
တနည်းအားဖြင့် (၈-၈-၈၈) ရှစ်လေးလုံးအရေးတော်ပုံ စတင်ပေါက်ဖွားတဲ့ ပထမဆုံးနေ့၊ ၃၈ နစ်မြောက်နေ့ပေါ့။
၈-၈-၈၈ နှစ်ပတ်လည်နီးလာချိန်မှာ ၈၈၈၈ လေးလုံးမှာ ပါဝင်ခဲ့သူတွေ၊ ၈၈ မျိုးဆက်တွေအပေါ် ဝေဖန်တိုက်ခိုက်မှုတွေ တိုးလာနေတာ ဆိုရှယ်မီဒီယာပေါ် တွေ့နေရပါတယ်။
လူတိုင်းမှာ လွတ်လပ်စွာဝေဖန်ခွင့်ရှိတဲ့အတွက် ဘာမှမပြောမလိုပါ။
ဒါပေမယ့် တာဝန်ရှိသူ၊ အပြစ်ရှိသူကို အတိအကျပြောဖို့လိုပါတယ်။ မျိုးဆက်တခုလုံးကို ဝေဖန်တာမျိုး မလုပ်သင့်ပါ။
စစ်အာဏာရှင်ပြုတ်ကျရေး၊ ဒီမိုကရေစီရရှိရေးအတွက် ရိုးသားစွာပေးဆပ်သွားသူတွေကို လေးစားဖို့ လိုအပ်ပါတယ်။
---
စိတ်ထဲမှာ ဒီလိုဝေဖန်ချက်တွအပေါ် မကျေမနပ်ဖြစ်နေစဉ်မှာ...
ရဲဘော်ဟောင်းတဦးက ဒီမနက် ဖုန်းဆက်လာပါတယ်။
ABSDF - မင်းသမီးခစန်းအကြောင်း မနေ့ကရေးထားတာတွေ့လို့...
ကျဆုံးရဲဘော်တွေထဲက စောလားဒိုရဲ့ ဓာတ်ပုံမှတ်တမ်းများရှိလား... သူ့ ဆွေမျိုးတယောက်က မေးလာလို့...တဲ့။
သူမေးမှ ကိုယ်လည်း အသဲအသန် လိုက်ရှာရတယ်...။ တော်သေးတယ်၊ မှတ်တမ်းပုံ သေးသေးလေး တပုံတွေ့လို့၊ ကူးပြီး ပို့ပေးလိုက်ရပါတယ်။
စောလားဒိုနဲ့အတူ မင်းသမီးစခန်းမှာ သေဆုံး-ကျဆုံးသွားတဲ့ ရဲဘော် ၈၀ ကျော်ရှိပါတယ်။
ABSDF တခုလုံးဆိုရင် ကျဆုံး-သေဆုံး ရဲဘော် ၆၀၀ ကျော်ရှိပါတယ်။ ဒါ ၂၀၁၃ ငြိမ်းချမ်းရေးကာလက စာရင်းကိုပြောတာ။ အခုဆိုရင် ABSDF က နွေဦးတော်လှန်ရေးမှာ ဆက်လက်တိုက်ပွဲဝင်နေတဲ့အတွက် ကျဆုံး-သေဆုံးစာရင်း ထပ်တိုးနေနိုင်ပါတယ်။
ဒီလူတွေပေးဆပ်သွားတာနဲ့... ဟိုလူတွေရဲ့ ဝေဖန်မှုကိုခံရတာ တန်ပါရဲ့လား...
ကိုဖုန်းမော်နေ့မှာ အချင်းချင်းဝေဖန်မှုတွေကို လျော့ချပြီး မျိုးဆက်အားလုံး လက်တွဲဆောင်ရွက်ရေးဖက် ဦးစားပေးကြဖို့ နိုးဆော်လိုက်ပါတယ်။
---
ပေးဆပ်သွားသော ရဲဘော်များအားလုံးကို ဒီနေရာကနေ အလေးပြုလိုက်ပါတယ်။
မင်းသမီးစခန်းက (၁၉၈၈- ၁၉၉၈- အကြား) ကျဆုံး-သေဆုံး ရဲဘော် ၈၀ ကျော်ထဲက ရရှိသမျှ မှတ်တမ်းပုံကို တင်ပေးလိုက်ပါတယ်။
သာမန်စာဖတ်ပိတ်သတ်အတွက် ဒီ ဓာတ်ပုံတပုံက ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် ကျဆုံး-သေဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မိသားစုအတွက်တော့ ဒီဓာတ်ပုံတပုံဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ပုံတခုဖြစ်ပါတယ်။
(အရေးပေါ်ကာလက ကူးထားတဲ့အတွက် ပုံတွေက သိပ်မရှင်းပါ။ မူရင်း ပုံရှိသူများ၊ အခြားပုံရှိသူများ မျှဝေပေးကြပါရန် တိုက်တွန်းပါသည်)။
လေးစားစွာဖြင့်...
ရဲဘော်ဝင်းထိန် @ ထက်အောင်ကျော်။
(၈- မတ် - ၂၀၂၆)။

“ဖုန်းမော်နေ့မှာ အချင်းချင်းဆဲတာတွေရပ်ပါ၊ စကမ ကိုသာ ဦးတည်တိုက်ခိုက်ကြပါ”

 “ဖုန်းမော်နေ့မှာ အချင်းချင်းဆဲတာတွေရပ်ပါ၊ စကမ ကိုသာ ဦးတည်တိုက်ခိုက်ကြပါ”


(၁၂ မတ် ၂၀၂၆)



(၁) -


ခေတ်ကိုက ဆိုရှယ်မီဒီယာခေတ်ဆိုတော့ တနေ့တနေ့ ဆိုရှယ်မီဒီယာပေါ် ဘယ်သူက ဘာပြောလိုက်ပြန်ပြီ၊ ဘယ်သူကတော့ ဘယ်လိုပြန်တုန့်ပြန်လိုက်ပြီ၊ ဘယ်အဖွဲ့ကတော့ ဘယ်လိုကြေညာချက်ထုတ်လိုက်ပြီ... ဒီလိုဟာတွေနဲ့ပဲ အချိန်တွေကုန်နေကြသလား...


ဒီလို အားအားယားယား ပြောကြတဲ့အထဲ ၈၈ မျိုးဆက်တွေ အသုံးမကျဘူးဆိုတဲ့ ဝေဖန်မှုမျိုးပါလာတာကတော့ ဝမ်းနည်းစရာပါပဲ။ တဦးချင်းကိစ္စ၊ တဖွဲ့ချင်းကိစ္စနဲ့ မျိုးဆက်အလိုက်ကိစ္စကို မကွဲပြားကြတာလား...


၈၈ မျိုးဆက်တွေကို ၃၈ နှစ်ပြည့် ဖုန်းမော်နေ့အမီ အစီစဉ်ရှိရှိ တိုက်ခိုက်လာတာမျိုးလား...။

---


(၂) - 


၈၈ မျိုးဆက်အပေါ် ဝေဖန်တိုက်ခိုက်မှုတွေ ဘယ်ကနေ ဘယ်လို စတင်လာသလဲ...


“ဗိုလ်နဂါးနဲ့အဖွဲကို NUG က အင်အားသုံး နှိမ်နှင်းတာကို ကန့်ကွက်ရာကနေ သဘောထားကွဲပြီး ၈၈ အပေါ် ဝေဖန်ရေး တိုးလာတာ” လို့ အကဲခတ်တဦးကပြောပါတယ်။


ဒါ လတ်တလောဖြစ်ပေါ်မှူအတွက် ဟုတ်လောက်ပါတယ်။ ဒါပေမယ့် ဒီ့မတိုင်ခင်ကတည်းကလည်း ၈၈ မျိုးဆက်အပေါ် ဝေဖန်မှုတွေကို ခပ်တိုးတိုး ကြားနေရတာပါ။


ဘာကြောင့် ဒီလိုဝေဖန်ရတာလဲ၊ ဒီလိုဝေဖန်သင့်သလား...။

---


(၃) - 


မျိုးဆက်တွေအကြောင်းပြောမယ်ဆိုရင်...


၈၈ မျိုးဆက်မတိုင်ခင်မှာ ၆၂ မျိုးဆက်၊ ၇၄ မျိုးဆက် ဆိုတာတွေရှိပါတယ်။


၈၈ မျိုးဆက်တွေ လက်နက်ကိုင်တော်လှန်ရေးအတွက် (ဥပမာ - ABSDF) နယ်စပ်ဒေသကိုရောက်တော့... အရင်မျိုးဆက်တွေဖြစ်တဲ့ ၆၂ မျိုးဆက် (ဥပမာ- ဗမာပြည်ကွန်မြူနစ်ပါတီ)၊ ၇၄ မျိုးဆက် (ဥပမာ -ပြည်သူ့ပြည်ချစ်ပါတီ) တွေကို ခင်ဗျားတို့ မျိုးဆက်တွေ အသုံးမကျလို့ ၈၈ မျိုးဆက်တွေ တောထဲရောက်လာရတာ...ဆိုပြီး ပြောဆိုဝေဖန်သံ တခါမှ မကြားမိပါ။


ဒါဖြင့် ဘာကြောင့် အခု ၂၀၂၁ မျိုးဆက်ခေတ်ရောက်မှ သူ့အရင် မျိုးဆက် ၈၈ တွေ အသုံးမကျဘူးဆိုပြီး ဝေဖန်ရတာလဲ...။


ဝေဖန်သူတွေဟာ မျိုးဆက်ကို ကိုယ်စားပြုသူတွေလား၊ ထင်ရာမြင်ရာ လျောက်ပြောသူတွလား...


အသေချာ ဆန်းစစ်ဝေဖန်ဖို့ လိုလာပါတယ်။

---


(၄) - 


အချက်အလက်တွေအရ အခု နွေဦးတော်လှန်ရေးထဲ ၈၈ မျိုးဆက်တွေ အရေးကြီးနေရာတွေမှာ တာဝန်ထမ်းနေကြတယ်ဆိုတာ သိနိုင်ပါတယ်။


NUCC မှာ ကိုမင်းကိုနိုင်ရှိနေပါတယ်။ NUG ထဲက ဝန်မင်းတွေထဲမှာလည်း ၈၈ ကို မီခဲ့သူတွေရှိမယ်လို့ ထင်ပါတယ်။


NUCC, NUG ကိုကျော်ပြီး ERO တွေဖက် ကြည့်လိုက်မယ်ဆိုရင်... 


KIO/KIA က ဗိုလ်ချုပ်ဂွန်မော်ဟာ ၈၈ မျိုးဆက်ပါ။

အလားတူ KNU က ပဒိုစောတောနီး၊ KNPP က ကိုအောင်ဆန်းမြင့်၊ CNF က ဆလိုင်းထက်နီ၊ TNLA က ဗိုလ်ချုပ်တာဘုန်းကျော်တို့ဟာလည်း ၈၈ တွေပါပဲ။


အဲ... AA က ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ အသက်နည်းနည်းငယ်သေးတယ်ဆိုတော့ ၉၆ မျိုးဆက်လောက်ဖြစ်မယ်ထင်ပါတယ်။ သေချာတာက အခု ၂၀၂၁ နွေဦးတော်လှန်ရေးမတိုင်ခင်ကတည်းက လက်နက်ကိုင်တော်လှန်ရေး လုပ်နေကြတဲ့ လူတွေဖြစ်ပါတယ်။


ဆိုတော့... ၈၈ မျိုးဆက်အပေါ် အသုံးမကျဘူးဆိုပြီး ဝေဖန်စရာအကြောင်း ဘာမှမရှိပါ။


၈၈ ထဲက လူတဦးစ၊ နှစ်ဦးစ ပြောတာဆိုတာ၊ ပြောပေါက်ဆိုပေါက်ကို မကြိုက်လို့ ဝေဖန်ရာကနေ ၈၈ မျိုးဆက်ကို ဝေဖန်တဲ့သဘောဖြစ်သွားတာလို့ ယူဆပါတယ်။

---


(၅) -


အဲတော့... အဲဒါ ဘယ်သူတွေလည်း ဆိုတာကိုတော့ အမည်တွေ ထည့်မရေးတော့ပါဘူး။ 


အဲလူတွေအားလုံး ဒီစာကိုဖတ်ပြီး ဆင်ခြင်ကြကုန်လော့...။


အဲလူတွေပြောတဲ့နောက် သံယောင်လိုက်ပြီး ဟိုဖက်ပတ်ဆဲ... ဒီဖက်ပတ်ဆဲ လုပ်နေသူတွလည်း ရပ်လိုက်ကြတော့...။


ဒီနေ့ ကျရောက်တဲ့ ၈၈ မျိုးဆက်၊ ၈ လေးလုံးအရေးတော်ပုံဖြစ်ပေါ်လာအောင် အသက်ပေးလှူသွားတဲ့ RIT ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင် အပါဝင် ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ ဖက်ဒရယ်အရေးအတွက် အသက်ပေးသွားတဲ့ ခေတ်အဆက်ဆက်က ကျောင်းသားတွေအားလုံးကို လေးစားသောအားဖြင့်...


အချင်းချင်း ဆဲတာတွေရပ်ပါ...


စကမ ကိုသာ ဦးတည်ဆဲကြပါ။

ဘုံရန်သူကိုသာ ဦးတည်တိုက်ကြပါ။


မိတ်ဖက်ပဋိပက္ခနဲ့ ရန်ဖက်ပဋိပက္ခကို ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်းရှိပြီး...

တော်လှန်ရေးသမားကောင်းတွေ ဖြစ်လာကြပါစေသတည်း...။

===

Monday, March 2, 2026

(သေ့ဘောဘိုးစခန်းရှိ တောတွင်းတက္ကသိုလ်နဲ့ လုံခြုံရေး ရဲဘော်များ။)

 အခန်း-၁၈-


ပုံ - ၁ (သေ့ဘောဘိုးစခန်းရှိ တောတွင်းတက္ကသိုလ်နဲ့ လုံခြုံရေး ရဲဘော်များ။)




(၁) ထိုင်းစကား မပီတဲ့ နန်စူစန် ဖမာ့များ...


စန်ခရဘူရီကနေ ကန်ချနဘူရီအထိ ရိုးရိုးဘတ်စကား အနီ၊ ကန်ချနဘူရီကနေ ဘန်ကောက်ကိုတော့ အဲယားကွန်း အစိမ်းရောင်ကားကို စီးပြီး ညနေ ၆ နာရီကျော် ၇ နာရီလောက်မှာ ဘန်ကောက် စိုင်တိုင်းမိုင် (တောင်ပိုင်းဒေသ ကားဂိတ်ဟောင်း- အခု အသစ်နေရာမဟုတ်ပါ) ဆီ ကျနော်တို့ ၅ ဦး ချောချောမောမော ဆိုက်ရောက်လာပါတယ်။


ဒါပေမယ့် ဘန်ကောက်ကိုရောက်တာနဲ့ ပြဿနာက စပါလေရော။ ကိုယ့်ပုံကိုယ် မြို့သားပုံပေါက်နေပြီလို့ ထင်ထားပေမယ့် ထိုင်းရဲတွေ မျက်စိထဲမှာတော့ ကျနော်တို့ပုံတွေက ဖမ်းချင်စရာကြီး ဖြစ်နေပုံရပါတယ်။ ကျနော်တို့ ဝတ်စားထားတဲ့ပုံက ထိုင်းထောက်လှမ်းရေးလိုလို ပုံဖမ်းထားပေမယ့် တရုတ်လုပ် စစ်ကျောပိုးအိတ်တလုံးစီ လွယ်လာမိတယ်ဆိုတာကို သတိမထားဖြစ်လိုက်ပါ။ ဆိုတော့ ငွေညှစ်ဖို့ စောင့်နေတဲ့ ရဲတွေအတွက် သားကောင်ဖြစ်ခဲ့ရပြန်ပေါ့။


ဒါပေမယ့် ကျနော်တို့ကို ငွေညှစ်တဲ့ ရဲ က ယူနီဖောင်းဝတ်မထားဘူး။ ကျနော်တို့ငှားတဲ့ တက္ကစီပေါ် အတင်းတက်လာပြီး မင်းတို့ ဘယ်သူတွေလဲ၊ ဘယ်ကိုသွားမှာလဲ၊ ဘတ် (အလုပ်သမားလက်မှတ်လိုမျိုး ထိုင်းကထုတ်ပေးထားတဲ့ ခရီးသွားခွင့် လက်မှတ်တခုခု) ပါလားဆိုပြီး စစ်ပါတယ်။


တကယ်ကတော့ စိုင်တိုင်းမိုင်ကနေ လပလောင် (Lat Phrao) လမ်းရှိ ဗဟိုဆက်ဆံရေးရုံးဆီသွားဖို့ တက္ကစီငှားစဉ် လပလောင်ကို မြန်မာတွေခေါ်တဲ့အတိုင်း “လက်ပလောင်အို” ဆိုပြီး ပြောလိုက်တာမှာ ကားသမားက နားမလည်တဲ့အတွက် ဘေးကလူကို မေးရာကနေ အဲဒီငွေညှစ်တဲ့လူ ကားပေါ်ရောက်လာတာ ဖြစ်ပါတယ်။


ဒါပေမယ့် အဲဒီရဲက ယူနီဖောင်း ဝတ်မထားတော့ ကျနော်တို့က ရဲမှန်းမသိ။ ငွေညှစ်မယ့် လူဆိုး၊ လူလိမ်တဦးဦး လို့ထင်ပြီး “ဒီကောင် ငါတို့ကို တခုခုလုပ်ရင်တော့ ဝိုင်းချမယ်” ဆိုပြီး ကျနော်က ပဒိုလောင်း ၄ ဦးကို အမိန့်ပေးထားပါတယ်။ အဲဒီလူနဲ့ ကားသမားကလည်း ကျနော်တို့ပြောနေတဲ့ ထားဝယ်စကားကို နားမလည်ပေမယ့် ကျနော်တို့ရဲ့ မျက်နှာအနေထားနဲ့ တကယ်လုပ်မယ့်ပုံကိုများ ခန့်မှန်းမိသလားမသိပါ။


ကျနော်ထုတ်ပြတဲ့ ထောက်လှမ်းရေးလက်မှတ်ကို ဖင်ပြန်ခေါင်းပြန် ကြည့်ပြီးတဲ့နောက် အဲဒီလူ ကားပေါ်ကနေ ပြန်ဆင်းသွားပါတယ်။ ပြီးတော့ တက္ကစီသမားက တောင်းတောင်းပန်ပန်နဲ့  လပလောင်အို ၁၀၁၊ ဆွိုင် ၁ ထဲက ရုံးခန်းရှေ့အထိ လိုက်ပို့ပေးခဲ့ပါတယ်။ ကျနော်တို့လည်း ဒီတော့မှ သက်ပြင်းချနိုင်ပြီး ထိုင်းစကား မပီတဲ့ဒုက္ခကို ပြောရင်း ဝိုင်းရယ်ကြပါတယ်။


ဘန်ကောက်ကနေ မဲဆောက်အဆင်းမှာတော့ နာမည်ကြီး တာခ်ခရိုင် တောင်ကြားဂိတ်မှာ အစစ်ခံရပြန်ပါတယ်။ ဒီတောင်ကြားဂိတ်ဟာ မြန်မာတွေကို ဖမ်းတဲ့နေရာမှာ နာမည်အကြီးဆုံးနေရာဖြစ်ပြီး အခုချိန်အထိ နာမည်ကြီးနေဆဲ ဖြစ်ပါတယ် (တချို့ကုန်တင်ကားတွေကို သံဆူးချွန်နဲ့ထိုးပြီး ရှာတဲ့အတွက် သစ်သီးသစ်ရွက်တွေကြား ပုန်ပြီးလိုက်လာတဲ့ မြန်မာနိုင်ငံသားတွေ ဒဏ်ရာရတာတွေ၊ အသက်ရှု ပိတ်ပြီး သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတာတွေ ရှိခဲ့ပါတယ်)။


မဲဆောက်-ဘန်ကောက်ကို အသွားအလာများတဲ့ ဗဟို ကော်မီတီဝင်တွေဆီကနေ  ကြားဖူးတဲ့စကားတွေအရ အိပ်ပျော်နေသူကို ရဲကနှိုးပြီး စစ်လေ့မရှိဘူးဆိုပါတယ်။ ဒါကြောင့် စစ်ဆေးရေးရဲ ကားပေါ်တက်လာရင် အားလုံး အိပ်ပျော်ချင်ယောင်ဆောင်နေဖို့ ပဒိုလောင်း ၄ ဦးကို ကျနော်က ညွှန်ကြားထားပါတယ်။


ဒါပေမယ့် ကျောင်းသားတွေနဲ့ ခဏခဏ တိုးဖူးပြီး မြန်မာစကားတောင် နည်းနည်းတတ်နေပြီဖြစ်တဲ့အထိ တိုးတက်ပြောင်းလဲနေတဲ့ ထိုင်း ရဲတွေရဲ့အခြေနေကို ကျနော်တို့က မသိလိုက်။ ကားပေါ်တက်လာတဲ့ ရဲက တခါတည်းတန်းပြီး အိပ်ပျော်နေတဲ့လူတွေကိုမှ ရွေးကာ အရင်ဆုံး စစ်တော့တာပါပဲ။ ဒီလိုနဲ့ အိပ်ပျော်ချင်ဟန် ဆောင်နေတဲ့ ကျနော်တို့ ၅ ဦးထဲက အသားအညိုဆုံးပုဂ္ဂိုလ် ကိုတင်စိုးကို ရဲက ဆွဲပါလေရော။


“ဘတ်ရှိလား၊ လက်မှတ်ပါလား” ဆိုပြီး အဲဒီရဲက မြန်မာလို မပီတပီနဲ့ မေးနေပါတယ်။ ဒီတော့မှ ခပ်တည်တည်နဲ့ ထိုင်းယောင်ဆောင်နေတဲ့ ကျနော်လည်း မနေသာတော့ပဲ ထောက်လှမ်းရေးလက်မှတ်ကို ထုတ်၊ ထိုင်းတဝက်၊ အင်္ဂလိပ်တဝက် လက်ဟန်ခြေဟန်တဝက်နဲ့ တတ်သမျှမှတ်သမျှ ဝင်ရှင်းရပါတယ်။


ဒါပေမယ့် အဲဒီရဲက လက်မခံပဲ ကျနော်တို့ ၅ ဦးကို ကားပေါ်ကဆွဲချပြီး ဂိတ်တဲထဲ ခေါ်သွားပါတယ်။ နောက်ဆုံးမှာတော့ တာဝန်အကြီးဆုံး ရဲအရာရှိက ထောက်လှမ်းရေးလက်မှတ်ကို ဖင်ပြန်ခေါင်းပြန် ကြည့်ပြီး ကားပေါ်ပြန် တင်ပေးလိုက်မှပဲ ဒုတိယံပိ သက်ပြင်းချနိုင်ပါတယ်။

---


ပုံ ၂ (တောတွင်းတက္ကသိုလ်မှာ သင်တန်းတခု ပို့ချနေစဉ်။)


(၂) တောတွင်းတက္ကသိုလ်နဲ့ ပဒို-နိုင်ငံရေးမှူးသင်တန်း


မဲဆောက်ကိုရောက်ပြီး နောက်တရက်မှာတော့ မဲဆောက်-မော်လီချိုင်း လိုင်းကားကိုစီးပြီး သေ့ဘောဘိုးစခန်းဆီ ကျနော်တို့ ၅ ဦး ခရီးနှင်ခဲ့ပါတယ်။ သေ့ဘောဘိုးဟာ ကျနော်တို့ ကျောင်းသားတွေအကြား နာမည်အကြီးဆုံး စခန်းတခုဖြစ်ပေမယ့် အဲဒီအချိန်ထိ ကျနော်တခါမှ မရောက်ဖူးသေးပါ။


ကားဂိတ်ဆုံးတဲ့ ထိုင်းရွာကနေ သောင်ရင်းမြစ်ဖျားကို ဖြတ်သွယ်ထားတဲ့ ကြိုးတံတားလေးကို ၁၀ မီတာလောက် ဖြတ်လျှောက်လိုက်တာနဲ့ KNU လုံခြုံရေးဂိတ်ကို ရောက်ပါတယ်။ ကံကဆိုးချင်တော့ KNU လုံခြုံရေးဂိတ် အနီးနားမှာ ကျနော်နဲ့သိတဲ့ ကျောင်းသားတဦးမျှမရှိ။


ကျနော်တို့မှာ ထိုင်းထောက်လှမ်းရေး လက်မှတ်ရှိနေတယ်ဆိုပြီး ဗိုလ်မှူးစိုးစိုးဆီက လက်မှတ်ကို ယူမလာခဲ့တာကလည်း ကျနော်တို့ အမှားပါပဲ။ နယ်မြေကော်မီတီက ရေးပေးလိုက်တဲ့ ခရီးသွားလက်မှတ်ကို ထုတ်ပြပေမယ့် KNU ဂိတ် စစ်ဆေးရေးအရာရှိက လက်မခံပါဘူး။


သေ့ဘာဘိုးမှာ ဘယ်သူနဲ့သိလဲ၊ ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ၊ မေးခွန်းတွေက စုံနေတာပါပဲ။ ကျနော်တို့ကလည်း ဘန်ကောက်က ထိုင်းရဲကိုတောင် ရိုက်မယ်နှက်မယ် ဟန်ရေးပြပြီး လုပ်လာသူတွေဆိုတော့ အဲဒီအရှိန်က မပျောက်သေး။ ဒီလိုနဲ့ ဂိတ်မှူးနဲ့ကျနော် အခြေအတင်စကားများရင်း ၁၅ မိနစ်လောက် ကြာသွားတယ်လို့ ထင်ပါတယ်။


နောက်ပိုင်းမှ ပြန်သိရတာကတော့ ကျနော်ဝတ်စားထားတဲ့ စတိုင်ဟာ မြို့ပေါ်က ထိုင်းရဲတွေအတွက် ထိုင်းနိုင်ငံသားတဦးလို ပုံမှားရိုက်လို့ ရလောက်အောင် ထိုင်းတဦးနဲ့ တူနေပါတယ်။ ဒါပေမယ့် တောထဲက KNU စစ်ဆေးရေးအရာရှိတဦးရဲ့ အမြင်မှာတော့ ဒီလူက ကျောင်းသားနဲ့ မတူပဲ ဘန်ကောက်က ဆင်းလာတဲ့ လူလိုလို၊ သံရုံးကလူလိုလို၊ ပွဲစားလိုလို ပုံပေါက်နေတဲ့အတွက် မယုံသင်္ကာဖြစ်ပြီး အခုလို အသေချာအစစ်ခံခဲ့ရတာလို့ ပြန်သိခဲ့ရပါတယ်။


နောက်ဆုံးမှာတော့ သေဘောဘိုး စခန်းကော်မီတီနဲ့ အဲဒီဂိတ်မှုး ဝါကီတော်ကီ အဆက်အသွယ် ရသွားပြီး “သွားလို့ရပြီ” လို့ ဂိတ်မှူးက ပြောပါတယ်။ တကယ်က နယ်စပ်ဂိတ်နဲ့ သေဘောဘိုးရွာက သိပ်မဝေး၊ ၁၅ မိနစ်လောက် လမ်းလျှောက်လိုက်ရုံနဲ့ ရောက်ပါတယ်။


ပုံ - ၃ (သေ့ဘောဘိုးစခန်းက ရဲဘော်များ စစ်ကြောင်းထွက်ရန် ပြင်နေစဉ်။)


ဟော … သေ့ဘောဘိုးရွာကို ရောက်ပါပြီ။ ဓာတ်ပုံထဲမှာ မြင်ထားရတဲ့အတိုင်းပါပဲ။ ကလက်ဒေးရွာနဲ့ အတော်ဆင်တူပါတယ်။ ဒါပေမယ့် သေဘောဘိုးက ပိုစည်းကားပြီး ရေလိုင်း၊ မီးလိုင်း ဆက်သွယ်ထားမှုက ပိုစနစ်ကျတယ်လို့ ကျနော် ထင်မိပါတယ်။ အဲဒီမှာ ခနနား၊ အအေးတခွက်စီသောက်။ ပြီးတော့ နောက်ထပ် ချောင်းတခုကိုဖြတ်၊ တောလမ်းတွေအတိုင်း နာရီဝက်ကျော်ကျော် လမ်းလျှောက်ပြီးချိန်မှာတော့ ကျောင်းသားတွေရဲ့ သေ့ဘောဘိုးစခန်းနဲ့ တောတွင်းတက္ကသိုလ်ကို ရောက်ပါတယ်။


သေ့ဘောဘိုးမှာ တွေ့ရတဲ့ အဆောက်ဦတွေက ကျနော်တို့ မင်းသမီးနဲ့ ဘုရားသုံးဆူကလို ဝါးတဲ၊ သက်ကယ်မိုးတွေ မဟုတ်သလို ကလက်ဒေး၊ သံလွင်ဘက်ကလို သစ်စက်ကထွက်တဲ့ ကျွန်းသစ်တွေနဲ့ အခိုင်အမာ ဆောက်ထားတာမျိုးလဲ မဟုတ်ပါ။ ဒီ ၂ ခုကြားက အခြေနေလို့ မြင်မိပါတယ်။


ခြေသလုံး လောက်ရှိတဲ့ ကျွန်းသစ်နဲ့ အခြားသစ်မာတွေကို တောထဲကနေ အပင်လိုက် ခုတ်ယူလာပုံရတဲ့ တိုင်ငယ်တွေနဲ့ ဆောက်ထားတဲ့ မြေစိုက်တဲတွေဖြစ်ပြီး အမိုးကတော့ အင်ဖက်ဖြစ်ပါတယ်။ ပြီးတော့ ကျွန်းတောတွေကြားမှာ စခန်းဆောက်ထားတာမို့ ကျနော်တို့ မင်းသမီး၊ ဘုရားသုံးဆူစခန်းတွေနဲ့စာရင် အရိပ်ကောင်းပြီး နည်းနည်း ပိုအေးတဲ့သဘော၊ ငှက်ဖျားပိုထူမယ့်သဘောရှိပါတယ်။


အဲဒီကာလ စခန်းကော်မီတီ ဥက္ကဌက အက်စ်အောင်လွင် (အခု ဂျာမနီ)၊ အတွင်းရေးမှူးက ကိုအောင်နိုင်ဦး (နောက်ပိုင်း ဗဟိုနိုင်ငံခြားရေးဌာန တာဝန်ခံ၊ ဦးသိန်းစိန်ခေတ် MPC မှာ တာဝန်ထမ်းသူ) ဖြစ်ပါတယ်။


တောတွင်းတက္ကသိုလ် ကျောင်းအုပ်ကြီးကလည်း ကိုအောင်နိုင်ဦးပဲဖြစ်ပြီး ပဒိုသင်တန်း သို့မဟုတ် နိုင်ငံရေးမှူးသင်တန်းကို တာဝန်ယူထားတဲ့ သင်တန်းမှူးကတော့ ရှေ့နေ ဦးအောင်ထူး (နောက်ပိုင်း ဗဟိုအတွင်းရေးမှုး ၁ နဲ့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ၊ အခု ဥပဒေအထောက်ကူပြုအဖွဲ့တည်ထောင်သူ)  ဖြစ်ပါတယ်။ ဦးအောင်ထူးဆီမှာ ပဒိုလောင်းလျာ ၄ ဦးကို အသေချာ အပ်နံှပြီးတဲ့နောက် သေ့ဘောဘိုးကနေ မဲဆောက်ကို ကျနော် ပြန်လာခဲ့ပါတယ်။


ပုံ - ၄ (သေ့ဘောဘိုးစခန်းသို့ နိုင်ငံခြား သတင်းထောက်တွေ ရောက်နေစဉ်)


မဲဆောက်ဒေသကနေ မင်းသမီးဘက်ဆီ အပြီးမပြန်ခင်မှာ နိုင်ငံခြားဧည့်သည်တွေကို လိုက်ပို့ရင်းနဲ့ သေ့ဘောဘိုးစခန်းကို နောက်ထပ် ၃ ခေါက်လောက် ထပ်ရောက်သေးတယ်လို့ ထင်ပါတယ်။ နောက်တခါ သေဘောဘိုးရဲ့ စခန်းခွဲတခုဖြစ်တဲ့ မောကဲစခန်းကိုလည်း ၂ ခေါက်လောက် ကျနော်ရောက်ခဲ့ပါသေးတယ်။


အဲဒီကာလ မော်ကဲစခန်းဥက္ကဌဟာ ဦးတင်ရွှေ (ကွယ်လွန်) ဖြစ်ပြီး နယ်မြေကော်မီတီ စာရင်းစစ်တာဝန်နဲ့ ကျနော် ရောက်ခဲ့တာပါ။ နောက်တခါ ဝေါလေရွာဘက်ကိုလည်း ကျနော် တခေါက်ရောက်သေးပေမယ့် တပ်မဟာ ၆ အတွင်းပိုင်းကိုတော့ တခါမှ မရောက်ဖူးလိုက်ပါ။ နောက်ထပ် စာရင်းစစ်တာဝန်နဲ့ ကျနော်ရောက်ဖြစ်ခဲ့တဲ့ခစန်း တခုကတော့ ရေကျော်စခန်းဖြစ်ပါတယ်။


စောထစခန်းကိုတော့ Burma Coordinating Group (BCG) က နိုင်ငံခြားအလှူရှင် ဧည့်သည်တွေကို လိုက်ပို့ရင်းနဲ့ တခေါက်ရောက်ခဲ့ပါတယ်။ BCG ဟာ အဲဒီကာလက ကျောင်းသားစခန်းတွေကို ရိက္ခာနဲ့ နေရေးထိုင်ရေး အဓိက ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။ ကျန်းမာရေးကိစ္စကိုတော့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ကူညီပေးပါတယ်။


အဲဒီကာလဟာ ကျောင်းသားလှုပ်ရှားမှုသတင်း အထွတ်အထိပ် ရောက်နေချိန်ဖြစ်တာမို့ နိုင်ငံတကာက အလွတ်သတင်းထောက် အတော်များများကိုလည်း ကျောင်းသားစခန်းတွေမှာ လနဲ့ချီနေပြီး သတင်းယူနေတာကို တွေ့ရဖူးပါတယ်။


အဲဒီထဲက ကျနော်မှတ်မိနေသူ ၂ ဦးကတော့ ABSDF အကြောင်း ရုပ်သံ မှတ်တမ်းရိုက်နေတဲ့ Image Asia မှ သြစတေးလျသူ သတင်းထောက် ညီအစ်မနှစ်ဦး ဖြစ်ပါတယ်။ သူတို့ဟာ မြန်မာစကားကိုလည်း အတော်ပြောတတ်ပြီး ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီးနေခဲ့တဲ့ အနောက်တိုင်းသူတွေအဖြစ် ကျနော်အမှတ်ရ နေပါတယ်။


KNU နယ်မြေရှိ ကျောင်းသားစခန်း ၇ ခုထဲက ကျနော် မရောက်ဖူးလိုက်တဲ့ တခုတည်းသော စခန်းကတော့ မင်းသမီးစခန်းနဲ့ အနီးဆုံး၊ မင်းသမီးစခန်းရဲ့ အောက်ဘက်နား မြိတ်ဒေသမှာရှိတဲ့ မောတောင်စခန်းပဲ ဖြစ်ပါတယ်။


ကျနော်ဟာ မြန်မာနိုင်ငံမှာနေစဉ် ကျောင်းသားဘဝတုန်းကလည်း ထားဝယ်ကနေ မော်လမြိုင်၊ ပဲခူး၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းကနေ မုံရွာ၊ ဖိုလ်ဝင်တောင် အထိ ရောက်ခဲ့ဖူးပေမယ့် ထားဝယ်ရဲ့အောက်ဘက်နားက ပုလော၊ မြိတ်၊ ကော့သောင်းဘက်ကို တခါမှ မရောက်ဖူးခဲ့ပါ။


ဒါကြောင့် လူတွေဟာ အပေါ်ဘက် သို့မဟုတ် ဗဟိုဘက်ကို ဦးစားပေးတဲ့ အလေ့အထရှိတာကြောင့် အောက်ဘက်ကို မဆင်းဖြစ်ပဲ အပေါ်ဘက်ကိုချည်း သွားဖြစ်ခဲ့ကြတာ ဖြစ်နေလေမလားလို့ ပြန်စဉ်းစားနေမိပါတယ်။


ပုံ - ၅ (သေ့ဘောဘိုးစခန်းရဲ့ သောက်ရေ- သုံးရေ အဓိကနေရာ မဲဂလောင်ချောင်း)

===


(အများသွားတောင်ကြားလမ်းပေါ်မှ စစ်သည်တော်များ)

((FB မှာ တင်ထားတာတွေ ပြန်ရှာရခက်လို့ ဒီမှာ ကော်ပီလာတင်ထားတာဗျို့...) 


အပိုင်း-၃- (အများသွားတောင်ကြားလမ်းပေါ်မှ စစ်သည်တော်များ) 




အခန်း-၁၇-


ပုံ - ၁ (ဗဟိုဥက္ကဌ ကိုထွန်းအောင်ကျော်၊ မင်းသမီးခစန်းဥက္ကဌ ကိုမင်းအောင်နှင့်အဖွဲ့ အား ၁၉၈၉ က အမာရာစခန်းမှာ တွေ့ရစဉ်။)


(၁) နယ်မြေကော်မီတီမှ မင်းသမီးစခန်းသို့ ခဏပြန်ခြင်း...


KNU နယ်မြေကော်မတီမှာ တာဝန်ထမ်းနေစဉ်အတွင်း မင်းသမီးခစန်းကို ၂ ခေါက် ပြန်ဖြစ်တယ်လို့ ထင်ပေမယ့် နေ့ရက်အတိအကျကိုတော့ မမှတ်မိတော့ပါ။ ပထမတခေါက် ပြန်ဖြစ်တာကတော့ ကလက်ဒေးမှာ ကျင်းပတဲ့ နယ်မြေကော်မတီဖွဲ့ပြီးကာစ ၁၉၈၉၊ ဇန်နာဝါရီလ လယ်လောက်မှာလို့ ထင်ပါတယ်။ 


ကျနော်နဲ့ ကိုကျော်ထင်တို့ ၂ ဦးဟာ KNU ပဒိုတဦးရဲ့ ကားကြုံနဲ့ ကလက်ဒေးကနေ မင်းမသီးစခန်းဆီ ပြန်လိုက်သွားပြီး နယ်မြေအစည်းဝေး အတွေ့အကြုံနဲ့ ဗဟိုဘက်က အခြေနေတွေကို စခန်းမှာ ရှင်းပြခဲ့ပါတယ်။


ကျနော်တို့ ပြန်သွားတဲ့အချိန်မှာ စခန်းက မောင်တော်မှာ ဆက်ရှိနေဆဲဖြစ်ပေမယ့် ထားဝယ်ဘက်က ကျောင်းသားတချို့ကတော့ ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့ ဗိုလ်စိုးသိန်း (ပြည်ချစ်ဟာင်း၊ KNU နဲ့တွဲထားတဲ့ ထားဝယ်သားတပ်ရဲ့ တပ်ရင်းမှူး) ပေးတဲ့သင်တန်းကို မတက်ချင်တာကြောင့် KNU ကပေးတဲ့ သင်တန်းကို တက်နိုင်ဖို့ဆိုပြီး ထီးခီးက ရေကန်ကြီးရှိရာ စစ်သင်တန်းကျောင်းမှာ ရောက်နေကြပါတယ်။


ထီးခီးကနေ မိနစ် ၃၀ ကျော် လမ်းလျှောက်သွားရတဲ့ ရေကန် စစ်သင်တန်းကျောင်းဟာ ကန့်သတ်နေရာဖြစ်ပြီး ခွင့်ပြုချက်မရပဲ သွားခွင့်မရှိပါ။ အဲဒီလမ်းမှာ လက်နက်ပြင်စက်ရုံနဲ့ တခြားအရေးကြီးတဲ့နေရာတွေ ရှိပါတယ်။ KNU ကားကြုံနဲ့ အဲဒီရေကန်ဆီ ကျနော်တို့ရောက်သွားတော့ သင်တန်းသားတွေနေတဲ့ ၂ ထပ် သစ်သားဆောင် အကောင်းစား အကြီးကြီးတခုကို တွေ့ရပါတယ်။


ရေကန်သင်တန်းမှာ ဆရာအောင်မြင့် (နောက်ပိုင်း ဒု တပ်ရင်းမှူးဖြစ်လာသူ) အပါဝင် ထားဝယ်အုပ်စုက ကျောင်းသား ၄၀ ခန့်ကိုတွေ့ရပြီး နယ်မြေကော်မတီရဲ့ အခြေနေတွေကို ကျနော်တို့ ရှင်းပြခဲ့ပါတယ်။ သူတို့ဘက်ကလည်း လက်ရှိစခန်း အခြေအနေနဲ့ အခက်ခဲတွေကို ရှင်းပြခဲ့တယ်လို့ ကျနော်မှတ်မိနေပါတယ်။


အဲဒီမှာ ကျနော် ခပ်သဲ့သဲ့ကြားခဲ့ရတဲ့ သတင်းတခုကတော့ ကိုတင်လေးနဲ့ တခြားကျောင်းသား ၂ ဦးဟာ ကျနော်တို့ မရောက်ခင် ၂ ပတ်လောက်ကတည်းက ထိုင်းထဲထွက်သွားတာ အခုအထိ ဘာ အဆက်သွယ်မှ မရပဲ ပျောက်ဆုံးနေတယ် ဆိုတဲ့သတင်း ဖြစ်ပါတယ်။ ဒီသတင်းကို ခပ်ဝါးဝါးသာကြားရပြီး အသေချာလည်း ဘယ်သူမှမသိကြပါ။


မသိဆို ကိုတင်လေး၊ ကိုအောင်မိုးမြတ်နဲ့ ကိုကျော်အောင်တို့ဟာ ဒီသင်တန်းသားတွေနဲ့အတူ ရေကန်သင်တန်းကျောင်းမှာ လာနေတာလည်းမဟုတ်။ မောင်တော်စခန်းမှာ နေတာလည်း မဟုတ်ပဲ ထီးခီး-KNU ခရိုင်ရုံးရှေ့က ကျောင်းသားတွေအတွက် ပေးထားတဲ့ ဆက်သွယ်ရေး ခစန်းထောက် ဂိတ်တဲလေးမှာနေရင်း ထိုင်းနဲ့ အဝင်အထွက် အဆက်သွယ်အလုပ်ကို သူတို့က အဓိကလုပ်နေတာလို့ သိရပါတယ်။ ဒါကြောင့် သူတို့ပျောက်သွားတာကို ရေကန်သင်တန်းကျောင်းကလူတွေက အတိအကျ မသိတာလည်း ဖြစ်နေနိုင်ပါတယ်။


ရေကန်စခန်းကနေ မောင်တော်စခန်းဆီသွားပြီး စခန်းကော်မီတီနဲ့ တွေ့သေးတယ်လို့ ကျနော် အမှတ်ရပေမယ့် အသေးစိတ်ကိုတော့ မမှတ်မိတော့ပါ။ (ကျနော် မင်းသမီးစခန်းမှာ တာဝန်ပြန်ကျပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အလားတူ ပျောက်ဆုံးမှု၊ သေဆုံးမှုတွေအတွက် ABSDF-KNU ပူးတွဲ စုံစမ်းမှုတွေ လုပ်ခဲ့ဖူးတဲ့အတွက် အဲဒီအခန်းရောက်မှ ဒီကိစ္စအပါဝင် ပျောက်ဆုံး၊ သေဆုံး ဖြစ်ခဲ့ရတဲ့ ရဲဘော်တွေ အကြောင်းကို ဆက်လက် ဖော်ပြပါမယ်။)


ဒုတိယတခေါက် မင်းသမီးခစန်းဆီ ကျနော်ပြန်ရောက်တဲ့ အချိန်ကတော့ ဇူလိုင်လကုန်ပိုင်း သို့မဟုတ် သြဂုတ်လ အစောပိုင်းလို့ ထင်ပါတယ်။ ဘာကိစ္စအတွက် ပြန်သလဲဆိုတာ မမှတ်မိတော့ပေမယ့် ကျနော် ပြန်ရောက်တဲ့အချိန်မှာ ကျနော်တို့စခန်းက မောင်တော်မှာ မဟုတ်တော့ဘဲ အမရာဆီ ရောက်နေပါပြီ။


အဲဒီကာလ စခန်းကော်မတီမှာ တာဝန်ယူထားသူတွေကတော့ မော်လမြိုင်တက္ကသိုလ်ကနေ ဓာတုဗေဒနဲ့ ကျောင်းပြီးကာစ ပုလောမြို့နယ်က ကိုမင်းအောင်က ဥက္ကဋ္ဌ (နောက်ပိုင်း ဗဟိုကော်မတီဝင်၊ အခု အမေရိကန်)၊ ကံပေါက်ဒေသက တိ-မွေးကု ဆရာဝန်တဦးဖြစ်သူ ကိုဌေးအောင်က ဒု ဥက္ကဌ (နောက်ပိုင်း ဗဟိုကော်မတီဝင်၊ အခု သြစီ)၊ ကံပေါက်မိုင်းက အင်ဂျင်နီယာတဦးဖြစ်သူ ကိုသိန်းဆောင်က အတွင်းရေးမှူး (နောက်ပိုင်း တောင်ပိုင်းဒေသကော်မတီ၊ အမေရိကားမှာ ကွယ်လွန်)။


မော်လမြိုင်တက္ကသိုလ်ကနေ သတ္တဗေဒနဲ့ ကျောင်းပြီးကာစ ထားဝယ်က ကိုမင်းဇော်ရွှေက တွဲဖက် အတွင်းရေးမှူး (နောက်ပိုင်း တပ်ရေးဗိုလ်၊ အခု သြစီ)။ ကံပေါက်မိုင်းက ရုံးအဖွဲ့မှူး ကိုခင်သန်းက စခန်းကော်မတီရုံး အဖွဲ့မှူး (နောက်ပိုင်း ဗဟိုသုတေသနဌာနမှူး၊ ABSDF က ပို့တဲ့ သတင်းတွေကို DVB အတွက် တည်းဖြတ်ပေးရသူ၊ ၁၉၉၉ မှာ အော်စလိုကနေ မဲဆောက်ကိုအပြန်မှာ မြဝတီဘက် ပြန်ဝင်သွားသလိုလိုနဲ့ သတင်းပျောက်သွားသူ) တို့ ဖြစ်ပါတယ်။

---


ပုံ -၂ (ဘုရားသုံးဆူဒေသရောက် ကျောင်းသားအချို့ကို သုံးဆူရှေ့မှာ တွေ့ရစဉ်။)


(၂) မွန်ပြည်သစ်နယ်မြေဆီ ရောက်သွားခြင်း...


ထီးခီးနဲ့ အမရာစခန်းမှာ ဗဟိုကအတွေအကြုံတွေ ရှင်းပြပြီးတဲ့နောက် မဲဆောက်ကိုအပြန်မှာ စခန်းကော်မတီက ကျနော့်ကို ပေးလိုက်တဲ့တာဝန်တခုက သေ့ဘောဘိုးစခန်းမှာ ဖွင့်ထားတဲ့ တောတွင်းတက္ကသိုလ်ဆီ တပ်ဖွဲ့ဝင် ၄ ဦးကို ခေါ်သွားပေးဖို့ပါ။


ပဒို သင်တန်းတက်ဖို့ (အဲဒီကာလက နိုင်ငံရေး စိတ်ဝင်စားသူတွေကို ပဒို၊ စစ်ရေး စိတ်ဝင်စားသူတွေကို သူးခို စသည်ဖြင့် ကရင်ဘာသာစကားနဲ့ ခေါ်ဝေါ်လေ့ရှိပါတယ်) ကျနော်နဲ့အတူပါလာတဲ့ ပုဂ္ဂိုလ်တွေကတော့ ကိုကြည်ေ၀ (အခု သြစတေးလျ)၊ ကိုလှေ၀ (အခု အမေရိကန်)၊ ကိုတင်စိုး (ပြည်တွင်း ပြန်ဝင်) နဲ့ ကျနော် အမည် မမှတ်မိတော့တဲ့ နောက်တဦး ဖြစ်ပါတယ်။ ကျနော်တို့ ၅ ဦးဟာ မင်းသမီးစခန်းကနေ ဘုရားသုံးဆူ စခန်းဆီ KNU ကားကြုံနဲ့ လိုက်လာခဲ့ပါတယ်။


အဲဒီကာလဟာ သူပုန်တွေ အင်အားအကောင်းဆုံးအချိန် ဖြစ်နေတဲ့အတွက် ဘုရားသုံးဆူကနေ မဲဆောက်ဘက်က KNU တပ်မဟာ ၆ နယ်မြေ မက္ကသာ-ကျိုက်ဒုံ-သေ့ဘောဘိုးအထိ KNU ကားတွေ တောလမ်းကနေ သွားလို့ ရနေဆဲပါ။


ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့ DAB စစ်ကြောင်းအတွက် မာနယ်ပလောနဲ့ ကော့မူးရာစခန်းရောက် မင်းသမီးခစန်းက ရဲဘော် ၂၀ ဦးပါ စစ်ကြောင်းဟာ အသွားရော၊ အပြန်ပါ ဒီလမ်းကြောင်းအတိုင်း သွားခဲ့တာဖြစ်ပါတယ်။


ဒါပေမယ့် ကံဆိုးချင်တော့ ကျနော်တို့ရောက်သွားတဲ့ အချိန်ကျမှ မက္ကသာဒေသမှာ စစ်ကြောင်းတွေရှုပ်နေလို့ ဘုရားသုံးဆူ၊ မက္ကသာ၊ ကျိုက်ဒုံ၊ ဝေါလေ၊ သေ့ဘောဘိုး ဘက်သွားတဲ့ကား မရှိတော့ပါဘူး။


“ခင်ဗျားတို့ ဘန်ကောက်ဘက်ကနေပဲ ပြန်ပတ်ပြီးသွားပါ” လို့ KNU ကားသမားက ပြောပါတယ်။ ဒါပေမယ့် ကျနော်တို့မှာ ဘာလက်မှတ်မှ မပါပဲနဲ့ ဘန်ကောက်ကို ဒီတိုင်းသွားလို့ ဘယ်ဖြစ်မလဲဆိုပြီး ကျနော်က မေးခွန်းထုတ်ပါတယ်။


ဒီလိုငြင်းခုန်ရင်း အဖြေမထွက်တဲ့အတွက် နောက်ဆုံးမှာတော့ ကျနော်တို့ ၅ ဦးကို ဘုရားသုံးဆူကနေ စံခရဘူရီဘက် ပြန်မောင်းလာပြီး နန်းမကိတ်ရွာအနီးရှိ ကားလမ်းဘေးက တောင်ထိပ်မှာ ခွပ်ဒေါင်းအလံ လွှင့်ထူထားတဲ့ ABSDF ၁၀၁ စခန်းမှာ ချပေးထားခဲ့ပါတော့တယ်။


ဒီလိုနဲ့ မမျှော်လင့်ဘဲ နန်းမကိတ်မှာ သတင်း ၂ ပတ်လောက် သောင်တင်သွားပါတယ်။ အဲဒီကာလက စံခရ-သုံးဆူကားလမ်းဟာ မြေနီလမ်းအဆင့်ပဲရှိသေးပြီး လိုင်းကားတွေကတော့ အခုလိုပဲ တနာရီ တစီးနှုန်း ပြေးဆွဲနေပါတယ်။


ဒါပေမယ့် ကားလမ်းတလျှောက်လုံးကို မွန်ပြည်သစ်က ထိန်းချုပ်ထားပြီး ကားလမ်းရဲ့တဘက်ခြမ်းက ထိုင်းနယ်မြေ။ ကျောင်းသားစခန်းနဲ့ မွန်ပြည်သစ်ပါတီ ဌာနချုပ်ရှိတဲ့ အခြမ်းကိုတော့ မြန်မာနယ် မြေဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။


(ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် ထိုင်းခရီးစဉ်အတွင်း ဘုရားသုံးဆူဘက်ကို ကျနော်ရောက်ခဲ့ပေမယ့် နန်းမကိတ်ရွာ နေရာကို ဘယ်လိုမှ ရှာမတွေ့တော့ပါ။ ဒါပေမယ့် ကျနော်လိုပဲ နယ်စပ်ကိုလွမ်းတဲ့ ဘုရားသုံးဆူစခန်းက အမေရိကန်ပြန် ရဲဘော်တဦးရဲ့ ပြောပြချက်အရ အခု တောချတော နယ်ခြားစောင့်တပ်က စစ်ဆေးရေးဂိတ် ဖွင့်ထားတဲ့နေရာဟာ နန်းမကိတ်ရွာ ရှိနေတဲ့နေရာလို့ သိရပါတယ်။ နန်းမကိတ်ရွာ၊ မွန်ပြည်သစ်ပါ တီဌာနချုပ်နဲ့ ကျောင်းသားတပ်ရင်း ၂ ခုစလုံးရဲ့ နေရာတွေဟာ ၁၉၉၀ မတ်လလောက်မှာ နဝတ လက်ထဲ ကျဆုံးခဲ့ပါတယ်။)


ကျနော်တို့ ၅ ဦးကို ယာယီနေထိုင်ခွင့်ပေးထားတဲ့ ၁၀၁ တပ်ရင်းဟာ စံခရ-သုံးဆူ ကားလမ်းပေါ်ရှိ နန်းမကိတ်ရွာနဲ့ ၁၀ မိနစ်လောက်ပဲ လမ်းလျှောက်ရပြီး ကားလမ်းကို နည်းနည်းကျော်လိုက်တာနဲ့ ကျောင်းသားစခန်း လုံခြုံရေးဂိတ်တဲကို ရောက်ပါတယ်။ ဒီစခန်းက ကျနော်တို့ မောင်တော်စခန်းနဲ့ ခပ်ဆင်ဆင်တူပြီး တဲတွေ၊ ဘားတိုက်တွေ၊ ရုံးခန်းတွေ အားလုံးဟာ သက်ကယ်မိုး၊ ဝါးတဲတွေသာဖြစ်ပါတယ်။


အဲဒီကာလ စခန်းကော်မတီ ဥက္ကဋ္ဌက ကိုတင်စိုးနောင်လို့ ထင်ပါတယ်။ လူစာရင်းကို အသေချာ ကျနော် မမှတ်မိတော့ပေမယ့် ထိုင်းစကားပြောတတ်ပြီး ကျနော်တို့ကို ထောက်လှမ်းရေးလက်မှတ် လိုက်လုပ်ပေးတဲ့ ကိုစိုးအောင်ကိုတော့ ကျနော် မှတ်မိနေပါတယ်။


ပုံ ၃ (၈-၈-၈၈ -ရှစ်လေးလုံး တနှစ်ပြည့် အခမ်းအနား သုံးဆူမှာ ကျင်းပနေစဉ်။)


အခု ဒီဆောင်းပါးရေးဖို့ ပြန်လည်မေးမြန်းချိန်မှာ ဆက်စပ်သိရသလောက်ကတော့ ကျနော်တို့အဖွဲ့ ဘုရားသုံးဆူကို ရောက်တဲ့အချိန်ဟာ ၁၉၈၉ သြဂုတ်လလယ်လို့ ယူဆရပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံ တနှစ်ပြည့်အခမ်းအနား ကျင်းပပြီးကာစ။ အဲဒီအခမ်းအနားအတွင်း မွန်ပြည်သစ်ပါတီ ဒု ဥက္ကဋ္ဌ နိုင်နွန်လာ မိန့်ခွန်းပြောနေရင်း နှလုံးရောဂါ ဖောက်လာပြီး ကွယ်လွန်မှုဖြစ်ပြီးကာစ အချိန်လေးလို့ သိရပါတယ်။


အဲဒီချိန်မှာ ကိုတင်စိုးနောင်က ၁၀၁ ဥက္ကဋ္ဌဖြစ်နေပြီး ကိုအောင်သူငြိမ်းနဲ့ အဖွဲ့က ၁၀၁ ကနေ ထွက်သွားကာစလို့ ဆိုပါတယ်။ နောက်တခါ ကိုသီရိညွန့်အပါဝင် ၁၀၂ ရဲဘော်တွေကတော့ ၁၀၁ ကနေ မိနစ် ၂၀ ခန့် လမ်းလျှောက်ရတဲ့ ဂျပန်ရေတွင်းရွာအနီး အခြေစိုက်ထားတယ်လို့ သိရပါတယ်။


နောက်ပိုင်း ဗဟုအဖွဲ့ရဲ့ ညွှန်မှူးတာဝန်ယူနေသူ ကိုဇော်ဦးကတော့ မွန်နယ်မြေ (ကျနော်တို့ရဲ့ KNU နယ်မြေကော်မတီနဲ့ပုံစံတူ၊ ဒါပေမယ့် သူတို့အောက်မှာ ၁၀၁ နဲ့ ၁၀၂ တပ်ရင်း ၂ ရင်းပဲရှိပါတယ်) ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့အချိန်လို့ ဘုရားသုံးဆူစခန်း ရဲဘော်ဟောင်းတွေဆီကနေ သိရပါတယ်။

---


ပုံ - ၄ (သုံးဆူဒေသရောက် ကျောင်းသားများ ဝါရင်းတုတ်နဲ့ လေ့ကျင့်ခန်းဆင်းနေစဉ်။)


(၃) ကျိုးဖိုးကနေ ကွတ်ဖယ် ဖြစ်သွားခြင်း...


ဒီလိုနဲ့ ဘုရားသုံးဆူမှာ သောင်တင်နေစဉ် ၂ ပတ်တာ ကာလအတွင်း နန်းမကိတ် ဗီဒီယိုရုံဆီ တခြားကျောင်းသားတွေနည်းတူ လက်မှတ်ကို မိတ္တူပွား ခိုးကြည့်တဲ့အထဲ ကျနော်တို့အုပ်စုလည်း အပါဝင်ဖြစ်ပါတယ်။ မိတ္တူကူးတယ်ဆိုပေမယ့် အခုခေတ်လို မိတ္တူကူးစက်ကြီးနဲ့ ကူးတယ်လို့ မထင်လိုက်ပါနဲ့။ အဲဒီကာလက လက်မှတ်ကို စက္ကူနဲ့ ထုတ်ပေးတာမျိုး မဟုတ်ဘဲ ရုံထဲဝင်သူတဦးချင်းရဲ့ လက်ဖျံမှာ မှင်နီတုံးနဲ့ ထုပေးလိုက်တာသာ ဖြစ်ပါတယ်။


ထုံးစံအတိုင်း ဝင်ငွေတပြားမှမရှိတဲ့ ကျနော်တို့ ကျိုးဖိုး။ အဲ .. ဒီဒေသမှာတော့ ကျိုးဖိုး မဟုတ်တော့ပါဘူးခင်ဗျား။ “ကွတ်ဖယ်” လို့ မွန်ဘာသာနဲ့ခေါ်ပါတယ်။ ဆိုတော့ ကွတ်ဖယ်တွေလည်း အများသူငါလို ရုပ်ရှင်ကြည့်ချင်တာပေါ့။


ဒီတော့ ငွေ ၂ ဘတ်လောက်ကို ဝိုင်းစုပြီး သူရဲကောင်းတဦးကို ရွေးချယ်၊ အဲဒီပုဂ္ဂိုလ်က ရုံထဲဝင်ပြီး သူ့လက်ဖျံမှာ မှင်နီတုန်းတံဆိပ် ရအောင်အရင်လုပ်။ မှင်နီတံဆိပ် ရပြီးတာနဲ့ ချက်ချင်း အပြင်ကိုပြန်ထွက်။ အပြင်ရောက်တာနဲ့ တန်းစီစောင့်နေတဲ့ ဘော်ဘော်တွေကို အဲဒီမှင် မခြောက်ခင်မှာ လက်ဖျံချင်းထိ တိုက်ရိုက် မိတ္တူကူးကြလေသတည်းပေါ့။ ဒီလိုနဲ့ ရုံသာလူပြည့်သွားတယ်၊ ဝင်ကြေးက သိပ်မရလို့ ဗီဒီယိုရုံပိုင်ရှင်လည်း စိတ်ညစ်နေမလားပဲ။


ဒေသခံစကားတွေနဲ့ ပတ်သက်ပြီး မှတ်မိသမျှကို ထပ်ပြောရမယ်ဆိုရင် “ကွတ်ဖယ်-ဟမယ်” (ကျောင်းသား-မြန်မာ)၊  မောင်းရှိ ခေါ:ဟာ (နေကောင်းလား)၊ ရှိပိန်းဒွေး ရဟာ (ထမင်းစားပြီးပလား) ဆိုတဲ့စကားလုံးတွေကို မှတ်မိနေဖို့လိုပါတယ်။


မွန်ဒေသရောက်တဲ့ ကျောင်းသားတွေက မွန်ဘာသာ၊ ကရင်ဒေသရာက်သူတွေက ကရင်ဘာသာ အခြေခံလေးတွေတော့ တတ်အောင် လေ့ကျင့်ထားကြရပါတယ်။ ရှေ့တန်းဒေသမှာဆိုရင် စကားမတတ်တဲ့ပြဿနာက ပိုဆိုးပါတယ်။ ရွာအတော်များများမှာ ဗမာလို မပြောကြပါဘူး။ ကရင်ရွာမှာ ကရင်လို မပြောတတ်ရင်၊ မွန်ရွာမှာ မွန်လိုမပြောတတ်ရင် ထမင်းငတ်ခြင်းအပါအဝင် အခက်အခဲမျိုးစုံနဲ့ကြုံရနိုင်ပါတယ်။


ကျနော်လည်း အဲဒီလို ဟိုသွားဒီသွားနဲ့ သူ့ဒေသမှာ သူ့စကားပြောတတ်မှဖြစ်မယ်၊ သူ့စကားကို ကိုယ်မတတ်တိုင်း သူက ကိုယ့်စကား လိုက်ပြောရမယ်ဆိုတာ မဟုတ်သေးဘူး၊ တိုင်းရင်းသားတွေက ဗမာစကားပြောတတ်ပြီး ဗမာတွေက တိုင်းရင်းသားစကား တခုမှ မတတ်ဘူးဆိုတာ သိပ်တရားမျှတမှု မရှိဘူး၊ သဘာ၀ မကျဘူးဆိုတာကို ဒီဆောင်းပါးရေးရင်းနဲ့ ပြန်စဉ်းစားနေမိပါတယ်။


နောက်တခါ မြို့ပြဒေသမှာ ဗမာတွေက လူများစုဖြစ်ပြီး တိုင်းရင်းသားတွေက လူနည်းစု ဖြစ်နေလေ့ရှိပါတယ်။ ဒါပေမယ့် အခု ကျနော်တို့ရောက်နေတဲ့ နယ်စပ်မှာတော့ ကျနော်တို့ကျောင်းသားတွေက လူနည်းစုဖြစ်နေပြီး တိုင်းရင်းသားတွေက လူများစုဖြစ်နေပြန်ပါတယ်။ ဆိုလိုတာကတော့ ကိုယ်က လူများစုဖြစ်နေစဉ်မှာ လူနည်းစုရဲ့ ခံစားချက်ကို နားလည်ဖို့ မလွယ်ပေမယ့် ကိုယ်က လူနည်းစုဖြစ်သွားတဲ့အခါမှာတော့ လူနည်းစုရဲ့ခံစားချက်ကို ကိုယ်တိုင်ခံရသလို ဖြစ်သွားပြီး တိုင်းရင်းသား လူနည်းစုတွေရဲ့ခံစားချက်အပေါ် ပိုပြီး နားလည်လာတယ်လို့ စိတ်ထဲမှာ ထင်နေမိပါတယ်။


အဲဒီ “ကွတ်ဖယ်-ဟမယ်” စခန်းအနီးက ဗီဒီယိုရုံရှိတဲ့ နန်းမကိတ်ရွာဟာ မွန်ပြည်သစ်ပါတီက မိသားစုတွေနဲ့ ဒေသခံ မွန်တိုင်းရင်းသားတွေနေထိုင်တဲ့ ရွာကြီးဖြစ်ပါတယ်။ အဲဒီရွာကနေ ၁၅ မိနစ်လောက် လမ်းလျှောက်လိုက်ရုံနဲ့ မွန်ပြည်သစ်ပါတီဌာနချုပ်ကို ရောက်နိုင်ပါတယ်။ ကိုတင်စိုးနောင်နဲ့အတူ မွန်ဌာနချုပ်ဆီ ကျနော် တခေါက်ရောက်ဖူးတာကို မှတ်မိနေပေမယ့် အသေးစိတ်ကိုတော့ မသိတော့ပါ။


နောက်တခါ ထူးထူးခြားခြား KNU နယ်မြေမှာ တခါမှမတွေ့ဖူးတဲ့ (ထိုင်ဝမ်ကလို့ ထင်ပါတယ်) ဗုဒ္ဓဘာသာ ကူညီကယ်ဆယ်ရေး NGO တခုကိုလည်း မွန်ပြည်သစ်နယ်မြေမှာ တွေ့ခဲ့ရပါတယ်။


နောက်တရက်မှာတော့ နန်းမကိတ်ကနေ လိုင်းကားစီးပြီး ဘုရားသုံးဆူရွာကို ကျနော်တို့ သွားလည်ဖြစ်ပါတယ်။ ဒီနေ့ကာလလိုမျိုး စေတီ သုံးဆူနဘေးမှာ ဈေးတန်းမရှိသေးပေမယ့် အဲဒီစေတီတွေဆီ မရောက်ခင် အပေါ်ဘက်နားက ဈေးတန်းကတော့ အခုရှိနေတဲ့ ဈေးတန်းအတိုင်း စည်းကားနေပါတယ်။ ပစ္စည်းမျိုးစုံ၊ စားသောက်ဖွယ်မျိုးစုံ၊ ကုန်သည်မျိုးစုံနဲ့ မက်သလေဈေးထက်တောင် ပိုစည်နေတယ်လို့ ကျနော်စိတ်ထဲ ထင်မိပါတယ်။


ဒါပေမယ့် မြန်မာဘက် ဘုရားသုံးဆူကတော့ ဒီနေ့အခြေနေနဲ့ ဘာမှမဆိုင်ပါ။ စစ်ပြီးကာစ ပြန်လည်ထူထောင်ရေး ကာလဆိုတော့ အခုလို ဈေးဆိုင်တွေ၊ တိုက်တာတွေ ဘာမှမရှိသေး။ ကျနော်တို့ ကျောင်းသားတွေ ရန်ကုန်နဲ့ တခြားမြို့ကြီးတွေမှာ (၈-၈-၈၈) ရှစ်လေးလုံးအရေးတော်ပုံနဲ့ အလုပ်ရှုပ်နေစဉ် နယ်စပ်က ဒီဒေသမှာတော့ NMSP မွန်ပြည်သစ်နဲ့ KNU ကရင့်အမျိုးသားအစည်းအရုံး တပ်တွေကြားမှာ အကြီးအကျယ် တိုက်ပွဲဖြစ်နေခဲ့တယ်လို့ သိရပါတယ်။


စက်တင်ဘာလနှောင်းပိုင်း ကျောင်းသားတွေ ဘုရားသုံးဆူဒေသဆီ ရောက်တဲ့အချိန်ဟာ မွန်ပြည်သစ်နဲ့ KNU စစ်ပွဲပြီးကာစ အချိန်လေးဖြစ်ပြီး မဒတ၊ (NDF) က ကြားဝင်ပြီး ဆွေးနွေးပွဲတွေလုပ်၊ ဘုရားသုံးဆူကို မွန်-ကရင် ပူးတွဲ အုပ်ချုပ်ရေး ချထားတဲ့အချိန် ဖြစ်ပါတယ်။


သုံးဆူရွာထဲဝင်ပြီး ဟိုကြည့် ဒီကြည့် လုပ်ခဲ့ပေမယ့် တရွာလုံးအနှံ့တော့ မရောက်ဖြစ်ပါ။ အဲဒီက အပြန်မှာတော့ ဘုရားသုံးဆူအနီးက ကျောင်းသားတချို့ အလုပ်လုပ်နေတဲ့ သစ်စက်တခုဆီဝင်ပြီး စကားပြောဖြစ်ခဲ့ပါတယ်။ ပြီးတော့ အဲဒီကနေ လမ်းလျှောက်ပြန်လာပြီး ဂျပန်ရေတွင်းရွာအနီးက ၁၀၂ တပ်ရင်းဆီ ဝင်ရောက်ခဲ့သေးတယ်လို့ မှတ်မိနေပါတယ်။ ဒီလိုနဲ့ သုံးဆူဒေသမှာ သတင်း ၂ ပါတ်လောက် ကြာပြီးတဲ့အခါမှာတော့ ထောက်လှမ်းရေး လက်မှတ်ရလို့ ဘန်ကောက်မြို့ဆီ ကျနော်တို့ ၅ ဦး ချီတက်လာပါတယ်။

===

Sunday, March 1, 2026

တီမောသံအရာရှိကို နှင်ထုတ်တဲ့အတွက် အာဆီယံရဲ့ အသိမှတ်ပြုခံရဖို့တောင် ခက်သွားနိုင်ပါတယ်”

 https://youtu.be/Ghpy64mGfbc?si=WJQ0EBEKFlypOGh7


“တီမောသံအရာရှိကို နှင်ထုတ်တဲ့အတွက် အာဆီယံရဲ့ အသိမှတ်ပြုခံရဖို့တောင် ခက်သွားနိုင်ပါတယ်”

  • ဦးအောင်ထူး (Human Rights Lawyer & Founder of Legal Aid Network)

(၁၇ ဖေဖေါ်ဝါရီ ၂၀၂၆) “အရှေ့တီမော သံအရာရှိကို နှင်ထုတ်တဲ့လုပ်ရပ်ကြောင့် ရွေးကောက်ပွဲအပြီးတက်လာမယ့် စစ်အစိုးရသစ်ကို အာဆီယံက အသိအမှတ်ပြုရေး ပိုခက်ခဲသွားနိုင်တယ်၊ အာဆီယံထဲမှာ လူ့အခွင့်အရေးကိုလေးစားတဲ့ နိုင်ငံတွေလည်း အများကြီးရှိလာနေပါတယ်” လို့ ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက ပြောပါတယ်။ ရန်ကုန်ရှိ တီမောသံအရာရှိကို စစ်ကောင်စီက နင်ထုတ်လိုက်တဲ့အတွက် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံအချင်းချင်း တရားစွဲခွင့်မရှိဘူးလို့ အာဆီယံချာတာမှာ ရေးထားသလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

  • စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် အသစ်တက်လာမယ့် စစ်အစိုးရအပေါ် အာဆီယံက အသိအမှတ်ပြုရေး ပိုခက်ခဲသွားနိုင်သလား...

  • အာဆီယံနိုင်ငံအချင်းချင်း တရားစွဲဆိုခွင့်မရှိဘူးလို့ အာဆီယံ ချာတာမှာရေးထားသလား... စစ်ကောင်စီက ဘာကို စိုးရိမ်နေတာလဲ...

  • နိုင်ငံနယ်နမိတ်ကို ကျော်လွန်တရားစွဲနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ခွင့်ဆိုတာ လက်တွေ့ဖြစ်လာတော့မလား...

  • ချီလီနိုင်ငံက စစ်အာဏာရှင်ဟောင်း ပီနိုချေး ဖြစ်ရပ်ကိုကြည့်ပြီး မင်းအောင်လှိုင် ကြောက်ဒူးတုန်နေတာများလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (ICJ မှာ တရားစွဲထားတဲ့ ရိုဟင်ဂျာအမှုနဲ့ အခု အရှေ့တီမောမှာ တရားစွဲတဲ့အမှု ဘာတွေတူပြီး ဘာတွေကွာသလဲ၊ မင်းအောင်လှိုင်ကို တကယ်ပဲ ဖမ်းဝရမ်းထုတ်နိုင်တော့မှာလား... စတဲ့ ဆွေးနွေးချက်တွေပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်)

''ဗိုလ်နဂါးကို ဝါဒဖြန့်ချီရေးအတွက် အဓိက အသုံးချနိုင်ပါတယ်”

 https://youtu.be/I6PiTAsqG9g?si=bcaj0XetTCSBNp2d

''ဗိုလ်နဂါးကို ဝါဒဖြန့်ချီရေးအတွက် အဓိက အသုံးချနိုင်ပါတယ်”

  • လင်းထက်အောင် (CDM - ဗိုလ်ကြီး)

(၂၀ ဖေဖေါ်ဝါရီ ၂၀၂၆) “လက်နက်ချသွားတဲ့ ဗိုလ်နဂါးကို ဝါဒဖြန့်ချီရေးမှာ စစ်တပ်က အဓိက အသုံးချနိုင်တယ်၊ စစ်ကိုင်းတိုင်း စစ်ရေးလှုပ်ရှားမှုကို ကြီးကြီးမားမား ထိခိုက်မှုမရှိနိုင်ဘူး။ တော်လှန်ရေးဖက်က လုပ်စရာရှိတာတွေ ဆက်လုပ်ဖို့ပဲ လိုအပ်တယ်” လို့ CDM - ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။ စစ်ကိုင်းတိုင်းက တပ်မှူးတဦးဖြစ်သူ ဗိုလ်နဂါး လက်နက်ချသွားတဲ့အပေါ် ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုမျိုးစုံထွက်ပေါ်နေတာ၊ တော်လှန်ရေးတပ်တွေဖက်က အမှတ် ၁ စစ်ဒေသကို ဦးစားပေး ထိုးစစ်ဆင်မယ်ဆိုတာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

  • ဗိုလ်နဂါး လက်နက်ချသွားတဲ့အတွက် စစ်ကိုင်းတိုင်း စစ်ရေးလှုပ်ရှားမှု ထိခိုက်နိုင်သလား...

  • အမှတ် ၁ စစ်ဒေသက ဗျုဟာအရ ဘယ်လောက်အထိ အရေးကြီးသလဲ...

  • ချင်းနဲ့ ရခိုင်ဖက်က တော်လှန်ရေးတပ်တွေ ၂၀၂၆ နှစ်ဦးပိုင်းမှာ ကပစ တွေဖက် တိုးလာနိုင်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ #BNN သတင်း အင်တာဗျူး youtube ချယ်နယ် ⁦   / burmanewsnetwork⁩   ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More