Wednesday, August 12, 2015

အာဏာရှင်စတိုင်လ်တွေကို ရာဇ၀င်ထဲမှာ ထားခဲ့ပါ

The Voice Daily, 12.08.2015.

ရေဘေးကယ်ဆယ်ရေးနှင့် Facebook ပေါ်က ဓာတ်ပုံများ

နှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံးဖြစ်ပွါးခဲ့တဲ့ ရေဘေးကြောင့် ဒုက္ခရောက်သွားသူတွေကို နိုင်ငံတကာ ဖက်က အကူညီပေးမှုတွေ၊ ပြည်တွင်းက စေတနာရှင်တွေရဲ့ အကူညီပေးမှုတွေက အားရစရာကြီးပါ။ လူမူကယ်ဆယ်ရေး စိတ်ရှိတဲ့လူငယ်တွေ ငွေဖလားကိုယ်စီကိုင်ပြီး တလမ်းဝင် တလမ်းထွက် အလှူခံနေတဲ့ပုံတွေ၊ ကျေးလက်ဒေသ အထိဆင်းပြီး ကယ်ဆယ်ရေးပစ္စည်းတွေ ပေးအပ်နေတဲ့ပုံတွေ Facebook မှာ မြင်ရတာ ကြည်နှုးစရာပါ။


ဒီလို ကြည်နှုးစရာပုံတွေကြားထဲ အမြင်ကပ်ဘွယ်ပါလာတဲ့ပုံတချို့ကတော့ အစိုးရလူကြီးမင်းတွေရဲ့ ကယ်ဆယ်ရေး အကူ အညီပေးမှု ဓာတ်ပုံတွေပါပဲ။ သမ္မတ၊ တပ်-ချုပ်၊ လွှတ်တော်ဥက္ကဌ အပါဝင် နိုင်ငံဝန်ထမ်း ထိပ်တန်းပုဂ္ဂိုလ်တွေ ရဲ့ ဆင်မြန်းထားပုံဟာ သူတို့ဘေးမှာရှိနေတဲ့ ရေဘေးဒုက္ခသည်တွေနဲ့ ဘာမှမဆိုင်။ သူတို့ဝတ်စားထားတာတွေက တောင်ပြောင်လွန်းလှပြီး ဒုက္ခသည်တွေမှာက ၀တ်စရာတောင် မလုံ့တလုံ။ လူကြီးမင်းတွေ ဗွက်မပေအောင်ဆိုပြီး မိုးကာစခင်းပေးထားတာက မြင်ကွင်းကို ပိုဆိုးစေပါတယ်။

သူတို့ဘေးမှာပါလာတဲ့ လက်နက်ကိုင်လုံခြုံရေးတွေသာမရှိဘူးဆိုရင် ရုပ်ရှင်သရုပ်ဆောင်တွေ လယ်ကွင်းထဲရောက် လာသလားလို့ ထင်ချင်စရာပါ။ ရုပ်ရှင်သရုပ်ဆောင်ဆိုလို့၊ ဝေဠုကျော် ကြားရင် စိတ်နာနေပါဦးမယ်။ အခုပြော နေတဲ့ ရုပ်ရှင်သရုပ်ဆောင်ဆိုတာ အမြဲတန်းကျော့ကျော့မော့မော့နေပြီး သာမန်လူတန်းစားနဲ့ ဝေးနေသူတွေကို ဆိုလိုတာပါ။ ဒါပေမယ့် ကယ်ဆယ်ရေးလုပ်ငန်းခွင်ထဲရောက်နေတဲ့ မင်းသားဝေဠုကျော်ကတော့ တကယ့်ကို ရှာမှ ရှားတဲ့ လူမှုစာနာစိတ်ရှိတဲ့ မင်းသားတဦးပါ။

ထားတော့။ ဆိုလိုတာက တပါတီအာဏာရှင်စနစ်၊ စစ်အုပ်ချုပ်ရေးခေတ်ကနေ ဒီမိုကရေစီတပိုင်းတစ၊ အရပ်သား တပိုင်းတစအစိုးရအဖြစ် အသွင်ပြောင်းခဲ့တာ နှစ်ပြည့်တော့မှာဖြစ်ပေမဲ့ လူကြီးမင်းများရဲ့ နေပုံထိုင်ပုံ၊ ဒါမှမဟုတ် သူတို့ကို အောက်ခြေ၀န်ထမ်းတွေက ဧည့်ခံဆီးကြိုပုံတွေဟာ စစ်အာဏာရှင်ခေတ်ကအတိုင်း ရှိနေဆဲ၊ ကျန်နေဆဲ ဆိုတာကိုပြောချင်တာပါ။


‘’လူကြီးလမ်းကြောင်းရှိတယ်’’ နှင့် ‘’အားလုံးကောင်းပါသည်’’ ခင်ဗျား

လူကြီးမင်းတွေနဲ့ပတ်သက်ပြီး စစ်အာဏာရှင်ခေတ်ကနေ ဒီနေ့အထိ လူသိများဆုံး စကားလုံးကတော့ ‘’လူကြီးလမ်း ကြောင်းရှိတယ်’’ ဆိုတာပါပဲ။ အဓိပ္ဗာယ်က အစိုးရလူကြီးလာရင် ကျန်တဲ့လူတွေ အကုန်နေရာဖယ်ပေးရမယ်၊ အဲဒီ လူကြီးသွားမဲ့လမ်းတလျောက်မှာ ဘယ်ယာဉ်မှမရှိစေရ၊ ရှိရင်လဲ အရေးပေါ်ဆေးရုံကားလာလို့ လမ်းဖယ်ပေးရသလို မျိုး ချက်ချင်းဖယ်ပေးရမယ်၊ အဲဒီလမ်းတလျောက်မှာ အဆင်မပြေတာ ဘာမှမမြင်ချင်ဘူး။ အားလုံး အိုကေ ပြနေရ မယ်။ ‘’အားလုံးကောင်းပါသည်’’ ဖြစ်နေရမယ်။


တလောကတော့ ဒီလိုလူကြီးလမ်းကြောင်းရှိတဲ့အတွက် ဘားအံနဲ့ မြ၀တီကြားရှိ အာရှအဝေးပြေးကားလမ်းမပေါ်က သူပုန်ဂိတ်တွေအားလုံး ဖယ်ပေးဖို့ အစိုးရက အမိန့်ထုတ်ခဲ့ပါတယ်။ DKBA ကရင့်အကျိုးပြုတပ်မတော်က မဖယ်နိုင် ဘူးဆိုပြိး ငြင်းတဲ့အခါမှာတော့ အစိုးရတပ်နဲ့ DKBA အကြား တိုက်ပွဲဖြစ်လိုက်တာ အခုထိ မငြိမ်းချမ်းသေးပါဘူး။ သူပုန်တွေကို လူကြီးမမြင်အောင်ဆိုပြီး လိုအပ်တာထက် ပိုဖားရာကနေ အခြေအနေပိုဆိုးသွားတဲ့ လူကြီးလမ်း ကြောင်း ဥပမာတခုပါ။

‘’အဆင်မပြေတာကို လူကြီးတွေ မသိပါစေနဲ့’’ ဆိုတဲ့စကားကတော့ ဒီမိုကရေစီကျင့်စဉ်နဲ့ လုံးဝ ပြောင်းပြန်ဖြစ်နေ တယ်။ အဆင်မပြေတာတွေ၊ လွဲချော်နေတာတွေကို လူကြီးတွေသိအောင် အမြန်တင်ပြနိုင်မှ အချိန်မီ ပြင်ဆင်နိုင် မှာပေါ့။ အခုတော့ အဲဒီလိုမဟုတ်ဘူး။ အားနည်းချက်တွေကိုဖုံးဖိထားပြီး ‘’အားလုံးကောင်းပါသည်’’ ဆိုတဲ့ ဇတ်ကား ကို အောက်ခြေ၀န်ထမ်းတွေက ဆက်ရိုက်နေကြဆဲ။

ဟို လွန်ခဲ့တဲ့ နှစ် ၃၀ ခန့်က စာရေးသူကြုံခဲ့ဖူးတဲ့ မဆလ ခေတ် လူကြီးမင်းများကြိုဆွဲပွဲ တခုကိုတင်ပြချင်ပါတယ်။ အဲဒီကာလက စီမံကိန်းစပါး၊ အတန်းလိုက်စိုက်ရတဲ့စပါး သိပ်ခေတ်စားတဲ့အချိန်ပေါ့။ ထားဝယ်မြစ်နဲ့ ကျနော်တို့ ရွာကြားမှာ လယ်ကွင်းတွေအများကြီးရှိတဲ့အထဲက ရွာလမ်းမနဲ့အနီးဆုံးလယ်ကွင်းတခုဆီ မြို့နယ်ကောင်စီလူကြီး တွေနဲ့ စီမံကိန်းစပါးအရာရှိတွေ လာရာက်စစ်ဆေးပါတယ်။ လာတဲ့ပုံက အခု သတင်းစာထဲမှာတွေ့နေရတဲ့ လူကြီး မင်းတွေထက် ပိုပြီး မင်းသားဆန်ပါတယ်။

ဝတ်ကောင်းစားလှဝတ်ထားတဲ့ လူကြီးမင်းတွေ ဗွက်မပေအောင်ဆိုပြီး ကန်သင်းရိုးတလျောက်မှာ ကွပ်ပျစ်လိုမျိုး သစ်ပြားတွေ၊ ၀ါးကပ်တွေခင်းပေးထားရပါတယ်။ ဒီကြားထဲ လူကြီးမိုးမစိုအောင်ဆိုပြီး ထီးမိုးပေးသူကရှိသေး။ ကောက်စိုက်သမတွေခမျာတော့ နေစဉ်စိုက်နေကြ စုတ်ပြတ်နေတဲ့ ၀တ်စုံတွေကိုချွတ်ပြီး အသစ်စက်စက် အဖြူ-အစိမ်း ၀တ်စုံတွေကို လမ်းစဉ်လူငယ်တွေဆီကနေ ငှားဝတ်လာရပါတယ်။ ပြီးတော့ ပြန်-ဆက် က ဓာတ်ပုံရိုက်။ နောက်နေ့ထုတ် သတင်းစာမှာ ‘’စီမံကိန်းစပါး အောင်မြင်၊ တာဝန်ရှိသူတွေက လိုအပ်သည်များမှာကြား’’ ဆိုပြီး ပါလာခဲ့ပေါ့။

ဒါက စပါးစိုက်ကာစ ဒီလိုရာသီမျိုးအခြေအနေကိုပြောတာပါ။ စပါးပေါ်ချိန်မှာလည်း ဒီပုဂ္ဂိုလ်တွေက တခေါက် ရောက်လာပြန်ပါတယ်။ အရင်တခေါက်လိုပဲ မဏ္ဍပ်တွေဘာတွေထိုးပြီး လမ်းနဲ့အနီးဆုံး၊ စံပြစိုက်ကွင်းထဲက အသန်ဆုံး၊ အကောင်းဆုံး တပေကွက်တခုကိုရွေးပြီး ရိတ်ပါတယ်။ ပြီးတော့ ချက်ချင်းစပါးချွေပြီး ပုံသေနည်းနဲ့ တွက်ချက်လိုက်ပါတယ်။ ‘’စီမံကိန်းစပါး မှန်ချက်ထက် ပိုအောင်မြင်၊ တဧက တင်း ၁၅၀ အထိထွက်’’ ဆိုပြိး နောက်တနေ့ထုတ် သတင်းစာတွေမှာ ပါလာပြန်ပေါ့။

တကယ်က အဲဒီရွေးပြီးရိတ်လိုက်တဲ့ တပေကွက်ဘေးနားမှာတင် ချောက်ကပ်ကပ်ဖြစ်ဖြစ်နေတဲ့စပါးခင်း။ ကြွက် ကိုက်ထားတဲ့စပါးခင်း၊ ရေမ၀လို့ အဆံမပြည့်တဲ့စပါးခင်းတွေ တပုံကြီး။ တဧက ထွက်လှ ၈၀ ပေါ့။ ရိုးရိုးစပါးထက် ဒီစီမံကိန်းစပါး၊ အတန်းလိုက်စိုက်ရတဲ့စပါးက နည်းနည်းပိုထွက်တာသေချာပေမဲ့ ပျိုးနှုတ်၊ ကောက်စိုက်သမားငှား ရတဲ့စရိတ်နဲ့ပေါင်းလိုက်ရင် မကာမိပါ။ ဒါကြောင့် အခု လူကြီးမင်းတွေလာကြည့်တဲ့လယ်ကွက်နဲ့ သိပ်မဝေးတဲ့အရပ် မှာတင် အရှုံးပေါ်လို့ မစိုက်နိုင်ပဲ ပစ်ထားရတဲ့လယ်ကွက်တွေ အများကြီး။ ဟိုး အောက်ဖက်က ရွာတရွာမှာဆိုရင် အရှုံးပေါ်နေတာသိရဲ့သားနဲ့ အတင်းအဓမ္မဆက်စိုက်ခိုင်းတဲ့ စိုက်ပျိုးရေးအရာရှိကို လယ်သမားတွေက ဓားနဲ့လိုက် ခုတ်တဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။

ဒါပေမယ့် ဒါတွေကို ဘယ်သူကမှ မပြောရဲ။ ဘယ်သတင်းသမားမှလည်း မရေးရဲပါ။ မရေးရဲဆို အစိုးရသတင်းစာမှ အပ ဘာသတင်းဌာနမှမရှိသေးတဲ့ခေတ်ဆိုတာ့ ‘’အားလုံးကောင်းပါသည်ခင်ဗျား’’ မှတပါး အခြားသတင်းကြားရဖို့ မဖြစ်နိုင်ခဲ့ပါ။ အဲဒါ လွန်ခဲ့တဲ့ နှစ် ၃၀ က အခြေနေ၊ စစ်အာဏာရှင် မဆလ ခေတ်က အခြေအနေကိုပြောနေတာပါ။ ဒါပေမယ့် ဒီနေ့ ကျေးလက်ဒေသဆီပြန်ရောက်သွားတော့လည်း အခြေနေတွေက ဘာမှ သိပ်မပြောင်းလဲသေး။ အမြင်မတော်တာတွေကို ပြောရဲဆိုရဲသူ သိပ်မရှိသေး။


အတွင်းစိတ်ထားမပြောင်းနိုင်သေးပေမဲ့ အသွင်သဏ္ဍန်တော့ နည်းနည်းပြောင်းစပြုလာပြီ

နှစ် ၅၀ ကျော် အရိုးစွဲလာခဲ့တဲ့ ဒီပြုမူပုံတွေကို ချက်ချင်းပြောင်းဖို့ ဘယ်လွယ်ပါ့မလဲ။ ဒါပေမဲ့ ဒါတွေဟာ တလွဲ ကြီးဖြစ်နေတယ်ဆိုတာကိုတော့ လူကြီးမင်းတွေရော၊ လူကြီးမင်းတွေကို ဖားရမှ နေသာထိုင်သာရှိတဲ့ ‘’အပေါ်ဖား၊ အောက်ဖိ’’ အလယ်အလတ်ဝန်ထမ်းတွေကြားမှာပါ နည်းနည်းတော့ ရိပ်မိလာပုံရပါတယ်။ အထူးသဖြင့် သတင်း ဆင်ဆာအဖွဲ့ကို ဖျက်သိမ်းပြီးတဲ့နောက်၊ အင်တာနက်လိုင်းတွေကောင်းပြီး Facebook တွေမှာ လွတ်လပ်စွာ ရေးခွင့်ရလာပြီးတဲ့နောက်မှာ လူကြီးမင်းတွေ နေပုံထိုင်ပုံ ဆင်ခြင်လာတာကို သတိထားမိပါတယ်။

Facebook သုံးတဲ့ လူကြီးမင်းတွေထဲက လွှတ်တော်ဥက္ကဌ ဦးရွှေမန်း တနေ့ကတင်ထားတဲ့ ပုံဆိုရင် ရှေ့မှာ ပြောခဲ့ တဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ ကပုံနဲ့တကယ့်တခြားစီပါ။ လယ်ကွင်းထဲအထိ လက်နက်ကိုင်အစောင့်မပါပဲ ဆင်းရဲတဲ့ အပြင် လယ်သူမကြီးတသိုက်ကပါ သူ့ကို အားကိုးတကြီးဖက်လို့။ ဒါပေမယ့် အဲဒီပုံကို သူရဲ့ Facebook ပေါ်မှာပဲ တွေ့ရပြီး တခြား မီဒီယာတွေမှာ မတွေ့ရသေးတဲ့အတွက် တမင်ဆင်ရိုက်တာလား။ တကယ်ဖြစ်စဉ်ကို လွတ်လပ်တဲ့ သတင်း သမားတွေက သတင်းဓာတ်ပုံအဖြစ် လျှပ်တပျက်ရိုက်ထားတဲ့ပုံ ဟုတ်ရဲ့လားဆိုတာ မသိနိုင်သေးပါ။

ဘာဖြစ်ဖြစ်၊ ဒီလိုပုံကို ရွေးပြီးတင်လိုက်ကတည်းကိုက အာဏာရှင်စတိုင် လူကြီးမင်းတွေကို ပရိသတ်က မကြိုက် တော့ဘူး။ လူထုနဲ့အနီးစပ်ဆုံးနေမှ၊ လူထုနဲ့တသားတည်းနေမှ ပရိတ်သတ်က လက်ခံတယ်ဆိုတာကို လူကြီးမင်း တွေ နားလည်လာတဲ့သဘောပါပဲ။ တခြားလူကြီးမင်းတွေလဲ ဦးရွှေမန်းလိုပဲ အောက်ခြေလူထုနဲ့ တသားတည်းရှိပါ တယ်ဆိုတာကို ပြတဲ့ (ဟန်ပြပုံပဲဖြစ်ဖြစ်) ပုံတွေ တင်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

နောက်ထပ် တိုးတက်မှုတခုကတော့ အခု ၂၀၁၅ မှာ လူကြီးဖြစ်နေသူတွေနဲ့ ၂၀၀၈ မှာတုန်းက လူကြီးဖြစ်ခဲ့သူတွေ ဟာ အတူတူဆိုပေမဲ့ ၀တ်စားဆင်ရင်ပုံချင်းတော့ မတူတော့ပါ။ အရင်က စစ်ယူနီဖောင်းဝတ်၊ ပစ္စတိုခါးထိုးထား ပေမဲ့ အခု တိုက်ပုံတွေ၊ ပုဆိုးတွေနဲ့ ဖြစ်လာပြီး သေနတ်ခါးမထိုးတော့ပါ။ တခါ ၂၀၀၈ တုန်းကဖြစ်ပွါးခဲ့တဲ့ နာဂစ်မုန် တိုင်း ကယ်ဆယ်ရေးကာလကပုံတွေနဲ့ အခု ၂၀၀၁၅ ပုံတွေကိုယှဉ်ကြည့်မယ်ဆိုရင်လည်း ရေဘေးဒုက္ခသည်တွေ ဟာ လူကြီးမင်းတွေကို လက်အုပ်ချီ ဂါရ၀ါပြုစရာ မလိုတော့ပါ။



ဒါတွေဟာ ရှိစုမဲ့စု တိုးတက်မှုတွေထဲက ရှားရှားပါးပါး စိတ်ပိုင်းဆိုင်ရာ တိုးလာခြင်းလက္ခဏာတွေပါပဲ။ ဒီလိုတိုး တက်လာမှုတွေဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ပိုမိုထိစပ်လာခြင်း၊ နိုင်ငံတကာအလှူငွေတွေကို လက်ခံလာခြင်း တွေနဲ့လည်း ဆက်စပ်နေပါတယ်။

မနှစ် ဒီဇင်ဘာတုန်းက နော်ဝေးဘုရင်နဲ့အဖွဲ့ မန္တလေးမြို့ဆီ သဘောင်္စီးပြီးရောက်လာတာကို မှတ်မိကြဦးမှာပေါ့။ တကယ်တော့ နော်ဝေးဆိုတာ နိုင်ငံတကာအလှူရှင်တွေထဲက လူသိများတဲ့ အဓိကအလှူရှင်နိုင်ငံတခုပါ။ မြန်မာ နိုင်ငံဆီလာလည်တယ်ဆိုတာလဲ လိုအပ်တာတွေကို တတ်နိုင်သလောက်အကူညီပေးဖို့ပါ။ ဒါကို လူတိုင်းသိပြီးသား ဖြစ်ပေမဲ့ မန္တလေးအာဏာပိုင်တွေပြုမှုလိုက်ပုံကြောင့် အားလုံး တအံတသြဖြစ်သွားရပါတယ်။ အထူးသဖြင့် နော်ဝေး မီဒီယာတွေမှာ ပွဲဆူသွားခဲ့ပါတယ်။

ဆင်းရဲမွဲတေမှုအတွက် အလှူပေးဖို့လာတဲ့ နော်ဝေးဘုရင်က လမ်းဘေးမှာ တဲထိုးနေရတဲ့ မရှိဆင်းရဲသားတွေ၊ အိမ် ယာမဲ့တွေကိုမြင်သွားမှာစိုးလို့ဆိုပြီး ဘုရင်သဘောင်္ဆိုက်မဲ့ ဧရာဝတီမြစ်နဘေးက ဆိပ်ကမ်းတ၀ိုက်ရှိ ကျူးကျော်တဲ တွေအားလုံးကို မြေထိုးစက်တွေနဲ့ဖြိုပစ်လိုက်ပါတယ်။ ပြီးတော့ ဘုရင်ကိုကြိုဆိုဖို့ မဏ္ဍပ်တွေထိုး၊ အလံတွေစိုက်၊ ဆိုင်းဘုတ်တွေထောင်နဲ့ မန္တလေး စည်ပင် အတော်အလှုပ်ရှုတ်သွားခဲ့ပါတယ်။

ဒါတွေဟာ လူကြီးလာရင်လုပ်နေကြ၊ လူကြိးလမ်းကြောင်းရှိရင် လုပ်နေကြအတိုင်း သူတို့ကလုပ်လိုက်တာဖြစ်ပေမဲ့ အခုလာတဲ့လူကြီးက မြန်မာအစိုးရအဖွဲ့ထဲက စစ်ဗိုလ်လူထွက်လူကြီးမဟုတ်ပဲ ငြိမ်းချမ်းရေးဆုပေးတဲ့အရပ်က လာ တဲ့ လူ့အခွင့်အရေးကိုအင်မတန်လေးစားတဲ့ နော်ဝေးလူကြီးဖြစ်နေတော့ ဒုက္ခများကုန်တာပေါ့။ ပြောင်းရွှေခံရတဲ့ ဆင်းရဲသားတွေရဲ့ မကျေမနပ်ပြောဆိုသံ၊ ဖြိုဖျက်ခံလိုက်ရတဲ့ တဲတွေရဲ့ဓာတ်ပုံ၊ ဘုရင်ကိုကြိုဆိုခွင့်မရပဲ အဝေးကနေ လှမ်းငေးနေရတဲ့ ကလေးငယ်တွေရဲ့ ဓာတ်ပုံတွေကို နိုင်ငံတကာမီဒီယာတွေက ဖေါ်ပြလိုက်တဲ့အခါမှာ နော်ဝေး ဘုရင်နဲ့ မြန်မာအစိုးရ အတော်အရှက်ရသွားပါတယ်။

အဲဒီနောက်ပိုင်းကစပြီး မြန်မာအာဏာပိုင်တွေရဲ့ လူကြီးလမ်းကြောင်းရှင်းမှုတွေ နည်းနည်းထိမ်းထိမ်းသိမ်းသိမ်း ဖြစ် လာပါတယ်။ အလှူရှင်အကြိုက် ဘယ်လိုဆက်ဆံရမယ်ဆိုတာ သဘောပေါက်သွားပုံလည်း ရပါတယ်။ ဒါကြောင့် အခု ၂၀၁၅ ရေဘေးအတွက် နိုင်ငံတကာကူညီမှုမှာ ၂၀၀၈ နာဂစ်မုန်တိုင်းကူညီမှုတုန်းကလို လူကြီးမင်းတွေ ဖက်က ၀င်ရောက်တားဆီးတာမျိုး မလုပ်တော့ပါ။


ဒီလိုအသေးအမွှားတိုးတက်မှုလေးတွေကနေတဆင့် လူသားချင်း လေးစားစာနာတဲ့ နိုင်ငံတကာအဆင့်မီ လူကြီး မင်းတွေလို ကျင့်ကြံနိုင်တဲ့အဆင့်အထိ တက်လာနိုင်ဖို့၊ ဟန်ဆောင်တဲ့ပုံပဲဖြစ်ဖြစ် ဦးရွှေမန်းတင်တဲ့ပုံမျိုး များများ မြင်လာရဖို့၊ တနည်းအားဖြင့် နှစ် ၅၀ ကျော်အရိုးစွဲလာခဲ့တဲ့ ‘’အဖေါ်ဖား၊ အောက်ဖိ’’ လုပ်ဟန်တွေ၊ ‘’လူကြီးလမ်း ကြောင်း’’ ရှင်းမှုတွေ၊ ‘’အားလုံးကောင်းပါသည်’’ ဆိုတဲ့ လိမ်ညာဝါဒဖြန့်မှုတွေအစား တကယ့်သဘာဝပုံနဲ့ သရုပ်မှန် သတင်းတွေကို အစိုးရမီဒီယာတွေမှာ ပိုမိုမြင်ခွင့်ရလာဖို့ မျှော်လင့်မိပါတယ်။            

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More