Tuesday, August 18, 2015

အာဏာ၊ သေနတ်ပိုင်ရှင်များနှင့် စိုးရိမ်ရေမှတ်

The Voice Daily, Tuesday, August 18, 2015.
 

နေပြည်တော်က သန်းခေါင်ယံ ထိုင်ခုံလုပွဲ

‘’စည်းကမ်းပြည့်ဝသောဒီမိုကရေစီ’’ ’’မြန်မာ့နည်းမြန်မာ့ဟန်ဒီမိုကရေစီ’’ ‘’စစ်အာဏာရှင်စနစ်ကနေ အရပ်သား အစိုးရစနစ်ဆီ အသွင်ပြောင်းကာစဒီမိုကရေစီ’’ စသဖြင့် ကြိုက်သလိုပြော။ သေချာတာတော့ အဲဒီ ဒီမိုကရေစီဆို တာတွေဟာ နိုင်ငံသားတွေဆီကနေ ဆင်းသက်လာတာမဟုတ်ပဲ သေနတ်ပြောင်းဝကနေ ဆင်းသက်လာတဲ့၊ သေနတ်ကိုင်ထားသူတွေ ခွင့်ပြုချက်ပေးသလောက်သာ ရှင်သန်ခွင့်ရမယ်ဆိုတဲ့အချက်ကို ကြံ့ခိုင်ရေး ပါတီ အတွင်းဖြစ်ပွါးခဲ့တဲ့ သန်းခေါင်ယံ ထိုင်ခုံလုပွဲက သက်သေပြလိုက်ပြီဖြစ်ပါတယ်။


သြဂုတ်လ ၁၂ ရက်နေ့ညကဖြစ်ပွါးခဲ့တဲ့ နေပြည်တော် ဌာနချုပ်ရုံးတွင်း ပဋိပက္ခကို ပါတီတွင်းကိစ္စသာ ဖြစ်ပါတယ် ဆိုပြီး အစိုးရတာဝန်ရှိသူတွေကပြောပေမဲ့ ဒီပြောဆိုချက်ကို ယုံကြည်သူအတော်နည်းပါလိမ့်မယ်။ ကြံ့ခိုင် ရေးပါ တီဆိုတာဟာ လက်ရှိအစိုးရအဖွဲ့ကို ကိုယ်စားပြုတဲ့ပါတီ။ စစ်ဗိုလ်ဟောင်းတွေကို ကိုယ်စားပြုတဲ့ပါတီ၊ စစ်ဗိုလ်သစ် တွေကို အခြေခံထားတဲ့ပါတီ၊ ရှိသမျှ အာဏာအားလုံးကို ကိုင်ထားတဲ့ပါတီဖြစ်တဲ့အတွက် ဒီ ပါတီတွင်းကိစ္စဟာ တနိုင်ငံလုံးရဲ့ ကိစ္စပါပဲ။

ဒီလို တနိုင်ငံလုံးကို ဟိုးလေးတကျော်ဖြစ်သွားစေတဲ့သတင်း၊ မြန်မာ့ပြုပြင်ပြောင်းလဲရေးကိုစောင့်ကြည့်နေတဲ့ နိုင်ငံ တိုင်းကို တအံ့တသြဖြစ်သွားစေတဲ့သတင်း၊ အမေရိကန်၊ ဗြိတိန်အပါဝင် နိုင်ငံကြီးတချို့က စိုးရိမ်မကင်းဖြစ်မိ ကြောင်း ထုတ်ဖေါ်ပြောခဲ့ရတဲ့သတင်းကို အစိုးရသတင်းစာက ဘယ်လိုများဖေါ်ပြမလဲဆိုပြီး လိုက်ရှာဖတ်တော့ တလုံးမှ မတွေ့မိပါ။ 

ဒါပေမယ့် သမ္မတပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ရဲ့ Facebook ထဲမှာတော့ ဘီဘီစီ မြန်မာပိုင်းဆီ သူ ဖြေကြားခဲ့တဲ့အသံတွေကို ပြန်တင်ထားတာတွေ့ရပါတယ်။ အနှစ်ချုပ်ကတော့ ဒီကိစ္စဟာ ကြံ့ခိုင်ရေးပါတီအတွင်း ဖြစ်ပွါးတဲ့ ပါတီတွင်းကိစ္စသက်သက်သာဖြစ်တယ်။ သူတို့အစိုးရအဖွဲ့နဲ့မဆိုင်ဘူး။ သူ့ကိုယ်တိုင်လဲ ကြံ့ခိုင်ရေးပါတီဝင် မဟုတ်ဘူး၊ အဲဒီရုံးဖက် ရောင်လို့တောင် မသွားဖြစ်ဘူးလို့ပြောပါတယ်။ 

ပါတီတွင်းကိစ္စမှာ ဘာလို့လက်နက်ကိုင် လုံခြုံရေးတပ် ၂၀၀ လောက်အထိ ခေါ်သုံးရတာလဲဆိုတဲ့အမေးကိုတော့ အဖွဲ့အစည်းတခုခုက အကူအညီတောင်းရင် ရဲတပ်ဖွဲ့မှာ ဒီလိုအကူအညီပေးဖို့တာဝန်ရှိတယ်လို့ သူကဆိုပါတယ်။


နမိတ်ပုံသတင်းရေးနည်း ပြန်ခေတ်စားလာခြင်း


ဒါက ဘီဘီစီ ကိုပေးတဲ့ ၁၃ ရက်နေ့မနက် အင်တာဗျုးထဲက အနှစ်ချုပ်ပါ။ ၁၃ ရက်နေ့မနက်မှာ ဦးရဲထွဋ်ကိုယ်တိုင် တင်ထားတဲ့ Facebok Status တခုထဲမှာတော့ ‘’တိမ်အနည်းငယ်ရှိပေမယ့် နေပြည်တော်မှာ ရာသီဥတု ကောာင်း ပါသည်။ လီလီနိုင်ကျော်ရဲ့ရာသီဥတုကောင်းပါတယ်ဆိုတဲ့ သီချင်းကိုသတိရရင်း လမ်းလျှောက်ထွက်ခဲ့သည်။ ရာသီဥတု မသာယာသည့်အတွက် လမ်းမလျှောက်ဖြစ်တာ ကြာပြီလေ’’ ဆိုပြီး ရေးထားတာတွေ့ရပါတယ်။

စာဖတ်သူတွေ ဘယ်လိုနားလည်ကြသလဲတော့မသိပါ။ ကျနော်ကတော့ ဒီနေ့စာနယ်ဇင်းအခြေအနေဟာ မဆလ၊ န၀တ ခေတ် စာနယ်ဇင်းတွေလို သတင်းကို နမိတ်ပုံနဲ့ရေးတဲ့ခေတ်များ ပြန်ရောက်သွားပြီလားလို့ စဉ်းစားမိပါတယ်။ ထားတော့။ ၁၃ ရက်မပါရင် ၁၄ ရက်မှာများပါမလားဆိုပြီး ထပ်ရှာကြည့်မိပါတယ်။ ၁၆ ရက်နေ့သတင်းစာအထိ ဦးရွှေမန်းကို တာဝန်ကရပ်စဲတဲ့သတင်း လုံးဝမတွေ့မိပါဘူး။

မတွေ့မိဘူးဆိုတာ သတင်းကိုသတင်းအဖြစ် အတိအကျရေးထားတာမျိုး မတွေ့မိဘူးလို့ ဆိုလိုတာပါ။ ဒါပေမဲ့ ရှေ့မှာ တင်ပြခဲ့တဲ့ နမိတ်ပုံသတင်းတပုဒ်ကိုတော့ ၁၄ ရက်နေ့ သတင်းစာမှာတွေ့မိပါတယ်။ ‘’ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ လွှတ်တော်ကိုယ်စားလှယ်မှ ပြန်လည်ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေ ပြဌာန်းပေးနိုင်ရေး စတုတ္ထအကြိမ်မြောက် ထပ်မံတင်ပြထားရှိ’’ တဲ့။

နမိတ်ပုံသတင်းက ဒီလောက်တင်လားဆိုတော့ မဟုတ်သေး။ အဲဒီ ၁၃ ရက်နေ့သတင်းစာ မျက်နှာဖုံးသတင်းမှာ ‘’ပြည်ထောင်စုဝန်ကြီးများ ရာထူးမှနှုတ်ထွက်ခွင့်ပြုခြင်း’’ ဆိုတဲ့ သမ္မတရဲ့ကြေညာချက်ထဲမှာ ဦးတင်နိုင်သိန်းနဲ့ ဦးခင်ရီအပါဝင် ၀န်ကြီး ဦးကို တာဝန်ကနားခွင့်ပေးတယ်လို့ဖေါ်ပြထားပါတယ်။ တခါ အခြားစာမျက်နှာ တခုမှာ တော့ ဒုဝန်ကြီးများ ရာထူးကနှုတ်ထွက်ခွင့်ပြုဆိုပြီး ပြန်ကြားရေး ဒုဝန်ကြီး ဦးပိုက်ထွေးအပါဝင် ဒု-၀န် ဦးကို တန်း စီဖေါ်ပြထားပါတယ်။

ဒီလောက်အထိက သိပ်မထူးသေးပါ။ ဒါပေမဲ့ နေ့လည်ပိုင်းမှာတက်လာတဲ့ Facebook ပေါ်က ဓာတ်ပုံမှတ်တမ်းတွေ အရ ၁၂ ရက်နေ့ညကဖြစ်ပွါးခဲ့တဲ့ ကြံ့ခိုင်ရေးပါတီအရေးပေါ်အစည်းအဝေးအပြီး အသစ်ဖွဲ့လိုက်တဲ့ ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေထဲမှာ ဒီဝန်ကြီးပြုတ်တွေက ချက်ချင်း ပါတီအထွေထွေအတွင်းရေးမှုးတို့၊ သတင်းထုတ်ပြန်ရေး အဖွဲ့ အတွင်းရေးမှုးတို့ဖြစ်နေတာကိုတွေ့ရပါတယ်။

ဒါက အစိုးရအဖွဲ့ထဲကလူတွေ ညတွင်းချင်း ပါတီခေါင်းဆောင် ဖြစ်လာပုံပဲရှိပါသေးတယ်။ စစ်တပ်ဖက်နေ ချက်ချင်း ရာက်လာပြီး ပါတီစည်းကမ်းထိမ်းသိမ်းရေးကိုကိုင်လိုက်တဲ့၊ ရွေးကောက်ပွဲဝင်ဖို့ ယူနီဖောင်းချွတ်လိုက်တဲ့ တပ် မတော် ကြည်း-ရေ-လေ ညှိနှိုင်းရေးမှုး ဗိုလ်ချုပ်ကြီး လှဌေးဝင်းအပါဝင် အဆင့်မြင့် စစ်အရာရှိတွေလဲ ဒါဇင်နဲ့ချီရှိ ပါသေးတယ်။ 

ဒါတွေအားလုံးကို ခြုံဖတ်ကြည့်နိုင်မယ်ဆိုရင်တော့ နေပြည်တော်က သန်းခေါင်ယံထိုင်ခုံလုပွဲဟာ ပါတီတွင်း ကိစ္စသက်သက် မဟုတ်ဘူး။ တိုက်ဆိုင်မှုသက်သက်လည်း မဟုတ်ဘူး။ တစုံတဦးက စနစ်တကျ ကြိုတင်အကွက်ချ စီမံထားတယ်ဆိုတာပေါ်လွင်နေပါတယ်။


ဘာကြောင့် ဦးရွှေမန်းကိုဖြုတ်တာလဲ

ဘာကြောင့်ဖြုတ်သလဲဆိုတာကို ပါတီဖက်ကရော၊ အစိုးရဖက်ကပါ အခုအချိန်ထိ (၁၆ ရက်နေ့အထိ) တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ပြန်ကြားရေးဝန်ကြီး ဘီဘီစီ အင်တာဗျုးအတွင်းပြောသွားတဲ့ နမိတ်ပုံ စကားလုံးတွေကို ပြန်ကောက်ရမယ်ဆိုရင် ပါတီမူဝါဒကိုသွေဖည်ခြင်း၊ ပါတီအရေးထက် ပုဂ္ဂိုလ်ရေးကို ရှေ့တန်း တင်လာခြင်း၊ ပါတီတွင်း ဂိုဏ်းဂဏထူထောင်ခြင်းတွေကို ဦးရွှေမန်းဖက်က လုပ်ခဲ့တယ်လို့ အစိုးရဖက်က မြင်ထားပုံရပါတယ်။ 


အများမြင်သာတဲ့ အချက်အလက်တွေကိုပြောရမယ်ဆိုရင်တော့ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအဆိုကို ထောက်ခံကြောင်း သူကိုယ်တိုင် မဲဝင်ပေးခဲ့ ပါတယ်။ ဒီအချက်ဟာ သမ္မတနဲ့ အစိုးရဖက်ကမကြိုက်တဲ့၊ လက်ရှိ စစ်ဗိုလ်တွေဖက်ကရော၊ ဇတ်ညွှန်းဆရာ တပ်-ချုပ် ဟောင်းကြီး ဦးသန်းရွှေ ဖက်ပါမကြိုက်ဘူးလို့ ယူဆနိုင်တဲ့ အဓိကအချက်တခုကို ကျုးလွန်မိလိုက်က်ခြင်းဖြစ်တယ်လို့ အကဲခတ်တွေက ယူဆကြပါတယ်။

ဒုတိယ အချက်ကတော့ အတိုက်ခံပါတီခေါင်းဆောင် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နားလည် မှုရှိကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုရှိကြောင်း တရားဝင်ထုတ်ပြောခဲ့ပါတယ်။ ဒါတွေက လွန်ခဲ့တဲ့ လပိုင်းတွေ တွင်း ဆက်တိုက်ဖြစ်ပွါးခဲ့တာတွေပါ။ ဒါပေမယ့် ဒီပြစ်မှုလောက်နဲ့တော့ ဒီလို တနိုင်လုံး ရေလွှမ်းလို့ ဒုက္ခရောက် နေချိန်မျိုးမှာ ရုပ်ပ်ပျက်ဆင်းပျက် ဖမ်းဆီးအရေးယူတဲ့အထိ လုပ်ဘွယ်မရှိသေးပါဘူး။

ဒါဖြင့် ဘာကြောင့် ရုတ်တရက်ဒီလိုလုပ်လိုက်ရတာလဲ။ လောလောဆယ်ဖြစ်သွားတဲ့အကြောင်းအရာဟာ ၁၂ ရက် နေ့မှာလုပ်တဲ့ ပါတီသတင်းစာရှင်းပွဲအတွင်း ဦးသိန်းစိန်တို့အဖွဲ့ ရွေးကောက်ပွဲမ၀င်တော့ဘူးဆိုပြီး အပြတ်ပြော သွား တာရယ်။ စစ်တပ်ဖက်ကနေ ရွေးကောက်ပွဲ ၀င်ဖို့စာရင်းပေးလိုက်တဲ့ ဗိုလ်ချုပ် ၁၀၀ ကျော်ထဲက ၅၀ ကိုသာ ပါတီ က လက်ခံမယ်လို့ပြောဆိုခဲ့ခြင်းတွေကြောင့် ဖြစ်မယ်လို့ ယူဆရပါတယ်။


အဲဒီတော့ ဘာဆက်ဖြစ်မလဲ

ဇတ်လမ်းစုံကို သိရှိနားလည်ပြီးနောက်မှာ မေးခွန်းပေါင်းများစွာ ထပ်ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် အဖြေကတော့ သိပ်များများစားစားရွေးစရာ ပေါ်မလာခဲ့ပါဘူး။ နဂိုကတည်းက သူ့စိတ်ကြိုက်ရေးဆွဲထားတဲ့ ဇတ်ညွှန်းထဲမှာ (လမ်း ပြမြေပုံ ချက်ထဲမှာ) ဇတ်ရံနေရာက ပဲဖြစ်ဖြစ်၊ ဖြတ်လျောက်ခန်းကပဲဖြစ်ဖြစ် ပါ ပါရစေဆိုပြီး ၂၀၁၀ ရွေးကောက်ပွဲ ၀င်မိတဲ့ နိုင်ငံရေးပါတီတွေ၊ ၂၀၁၂ ကြားဖြတ်ကိုဝင်မိတဲ့ NLD ပါတီတွေ၊ အခု နိုဝင်ဘာမှကျင်းပမဲ့ ၂၀၁၅ ရွေး ကောက်ပွဲကို ၀င်မယ်ဆိုပြီး ကြေညာထားတဲ့ ပါတီအားလုံး အခုချိန်ကျမှ နောက်ပြန်ဆုတ်ဖို့ဆိုတာ မဖြစ်နိုင်ပါ။


တချိန်တည်းမှာပဲ အစိုးရတပ်နဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ပြီး နိုင်ငံရေးဆွေးနွေးမယ်၊ အကျိုးစီးပွါးခွဲဝေမယ်လို့ ဆုံးဖြတ်ထားတဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကလည်း သူတို့လုပ်နေဆဲဆွေးနွေးပွဲတွေကိုရပ်တန့်ပြီး ချက်ချင်း စစ်ပြန်တိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါ။

ဒါတွေဟာ လက်ရှိ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ရဲ့ နာကျင်ဖွယ်အမှန်တရားတွေပါပဲ။ တနည်းအားဖြင့်ပြောမယ်ဆိုရင် တော့ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ တခါကပြောခဲ့ဖူးသလို မဟော်သဓာ သားတရားစီရင်ခန်းကို ဒီနေ့ မြန်မာနိုင်ငံ ကြုံတွေ့နေရတာပါပဲ။ ကိုယ့်သားကို ဘီလူးမက လုယူနေတာမှန်ပေမဲ့ ကိုယ်ကလည်း သူ့လို အင်အား သုံး ပြန်ဆွဲလုရင် ကိုယ့်ကလေးပဲ နာမှာမို့ လွှတ်ပေးလိုက်ရတယ်ဆိုတဲ့ သဘောမျိုးပါ။

သေနတ်ကိုင်ထားသူတွေက တိုင်းပြည်တခုလုံးကို စိတ်ထင်သလို လုပ်နေပေမဲ့လည်း ကိုယ်က သွားတားလို့မရ။ သူ့တို့ ခင်းပေးထားတဲ့လမ်းအတိုင်းမလျောက်ပဲ ကလန်ကဆန်သွားလုပ်မိရင် တိုင်းပြည် ပိုနာလိမ့်မယ်ဆိုပြီး နိုင်ငံရေးသမား အတော်များများက မြင်ထားကြတယ်မဟုတ်ပါလား။

နိုင်ငံတကာအစိုးရတွေတွေကလည်း တိုင်းပြည်နာမှာစိုးတဲ့အတွက် စီးပွါးရေးပိတ်ဆို့မှုတွေကို ပြန်ဖွင့်ပေးလိုက်ပြီး ဒီ အစိုးရနဲ့ သံတမန်ဆက်သွယ်ရေးတွေပြန်လုပ်၊ စီးပွါးရေးရင်းနှီးမြှုပ်နှံမှုတွေတောင် ၀င်လုပ်နေကြပြီ မဟုတ်ပါလား။

ဒီလိုအခြေနေမှာ ရွေးကောက်ပွဲကို သပိတ်မှောက်ပါလား၊ ပါလီမန်ထဲကနေ သပိတ်မှောက်ထွက်လာကြပါလား ဆို ပြီး နိုင်ငံရေးပါတီတွေကို သွားပြောလို့ ဘယ်ဖြစ်နိုင်ပါ့မလဲ။ ဘာလို့ငြိမ်ခံနေလဲ၊ ပြန်တိုက်ကြပါလားဆိုပြီး တိုင်းရင်း သား တော်လှန်ရေးတပ်တွေကို သွားပြောလို့ ဘယ်ဖြစ်နိုင်ပါ့မလဲ။ အာဏာရှင်စရိုက်ပြန်ပြလာတဲ့ ဒီအစိုးရကို ဘာလို့ ဒီတိုင်းကြည့် နေတာလဲ။ စီးပွါးရေးပိတ်ဆို့မှု ပြန်လုပ်ပါလား၊ သံတမန်နည်းအရ ဖိအားပေးပါလားဆိုပြိး နိုင်ငံတကာ အစိုးရတွေကို သွားပြောလို့ ဘယ်ဖြစ်နိုင်ပါ့မလဲ။

ဒါပေမယ့် နိုင်ငံရေးကိုစိတ်ဝင်စားသူတိုင်း မပျက်မကွက် သတိပြုမိဖို့လိုတဲ့အချက်တခုကတော့ သန်း ၅၀ ကျော် သော ဒီနေ့ ပြည်သူတွေဟာ လောလောဆယ် ရေဘေးဒုက္ခနဲ့ရင်ဆိုင်နေရပါတယ်။ စားစရာ၊ ၀တ်စရာ၊ နေစရာ အဆင်မပြေ ဖြစ်နေပါတယ်။ စပါးခင်းတွေပျက်သွားတဲ့အတွက် ရိက္ခာပြတ်လတ်မှုနဲ့ ထပ်ကြုံလာရဘွယ်ရှိနေပါ တယ်။ ဒါတွေကို အချိန်မှီ ဖြေရှင်းပေးနိုင်ရေးဟာ နိုဝင်ဘာရွေးကောက်ပွဲမှာ အနိုင်ရအောင်လုပ်ရေးထက် ပို အရေးကြီးနေပါတယ်။


တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ နိုင်ငံရေးပါတီတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရတွေ က တိုင်းပြည်နာမှာစိုးလို့ဆိုပြီး အစိုးရကိုဘာမှပြန်မပြောပဲ ငြိမ်ခံနေနိုင်ကြပေမဲ့ ထမင်းငတ်နေတဲ့ လူထုက ဒီလို အခြေအနေကြီးကို ဘယ်လောက်အထိ ဆက်သီးခံနိုင်မလဲဆိုတာဟာ ဒီနေ့ မြန်မာ့နိုင်ငံရေးရဲ့ စိုးရိမ်ရေမှတ် တခုဆီ ရောက်လာနေပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More