Sunday, August 9, 2015

၂၀၁၅ ရွေးကောက်ပွဲနှင့် စည်းဝိုင်းအပြင်ဖက်မှာ ချန်ထားခံရသူများ

The Voice Daily, 07-08-2015.

လေးလုံးနှစ်ပတ်လည်နှင့် အမတ်လောင်းစာရင်းထွက်လာခြင်း

မနက်ဖြန်ကျရောက်မဲ့ သြဂုတ်လ ရက်နေ့ဟာ ၂၇ ကြိမ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့ဖြစ်ပါတယ်။ ၁၉၈၈ က ဖြစ်ပွါးခဲ့တဲ့ ဒီအရေးတော်ပုံအတွင်း ပါဝင်ခဲ့တဲ့ ကျောင်းသားဟောင်းတွေဟာ သူတို့ကိုယ်သူတို့ ၈၈ မျိုးဆက်လို့ ခေါ်ကြပြီး အခုဆိုရင် အသက် ၅၀ တန်း လူလတ်ပိုင်းအရွယ်၊ သို့မဟုတ် (Activist) နိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ် ကနေ (Politician) နိုင်ငံရေးသမားအဖြစ် အသွင်ပြောင်းဖို့ အကောင်းဆုံးအချိန်မှာ ရှိနေသူတွေပေါ့။

ဒီလိုအချိန်မှာ ထင်ရှားတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တချို့ (NLD) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံတော်အောက် ကနေ ၂၀၁၅ ရွေးကောက်ပွဲကိုဝင်ပြိုင်ဖို့ စာရင်းပေးလိုက်တဲ့သတင်းတွေ ထွက်လာပါတယ်။ (NLD ပါတီက သူတို့ ကို ရွေး မရွေးက နောက်တပိုင်းဖြစ်ပါတယ်) ဒါဟာ ရှေ့မှာ ပုလ္လင်ခံခဲ့တဲ့အတိုင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူအဖြစ် ကနေ နိုင်ငံရေးသမားအဖြစ် အသွင်ပြောင်းဖို့ကြိုးစားခြင်းလို့ စာရေးသူက ယူဆပါတယ်။

ဒီလိုစာရင်းပေးတဲ့ ၈၈ မျိုးဆက်အဖွဲ့ဝင် ၂၀ ၀န်းကျင်အထိရှိပြီး အဲဒီထဲက ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုပြုံးချိုတို့ဟာ ထင်ရှားတဲ့ ခေါင်းဆောင်ပိုင်းတွေပါ။ ရန်ကုန်မှာရှိတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ၊ သို့မဟုတ် နှစ် ၂၀ ကျော် အကျဉ်းကျခံပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်လေးကမှ ပြန်လွတ်လာကြတဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေက ရွေးကောက်ပွဲဝင်ဖို့ ဒီလိုစာရင်းပေးနေကြချိန်မှာ လက်နက်ကိုင်တော်လှန်ရေးလမ်းကို ရွေးချယ်ခဲ့တဲ့ တချိန်က သူတို့လုပ်ဖေါ်ကိုင်ဖက်၊ ရဲဘော်ရဲဘက်တွေကတော့ နယ်စပ်မျဉ်းရဲ့ အခြားတဖက်မှာ ကျန်နေဆဲပါ။

တည်ဆဲဥပဒေလို့ လက်ရှိအစိုးရက မကြာခဏညွှန်းဆိုလေ့ရှိတဲ့ ကိုယ်ရေး-ကိုယ်ထုတ်ဥပဒေနဲ့ ဒီမိုကရေစီနည်း လမ်းမကျတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွေအရဆိုရင်တော့ ဒီလူတွေဟာ နိုင်ငံတော်ကို လက်နက်ကိုင် ပုန်ကန်ခဲ့သူတွေ၊ တတိယ နိုင်ငံတွေဆီရောက်ပြီး နိုင်ငံခြားသားအဖြစ်ခံယူထားသူတွေ၊ ပြည်တွင်းနဲ့ နှစ် ၂၀ ကျော် ဝေးကွာနေသူတွေဖြစ်တဲ့အတွက် လက်ရှိ နိုင်ငံရေးအခင်းအကျင်းထဲ ပါဝင်ခွင့်မပေးနိုင်ဘူးဆိုပြီး စည်းခြားခံထားရ သူတွေပေါ့။

ဒီလိုစည်းခြားလိုက်တာ တရားမျှတမှုရှိပါရဲ့လား။ တခြားနိုင်ငံတွေရဲ့ အသွင်ပြောင်းကူးပြောင်းရေးလုပ်ငန်းစဉ်မှာ ကော ဒီလိုပဲ စည်းခြားလိုက်ကြတာပဲလား။ (Rebel) သူပုန်ခေါင်းဆောင်တွေ၊ (Exile) ပြည်ပရောက် အတိုက်ခံ ခေါင်းဆောင်တွေ ပြည်တွင်းပြန်ဝင်လာပြီး ချက်ချင်းရွေးကောက်ပွဲဝင်ခွင့်ရှိတာ၊ ရွေးကောက်ပွဲမှာနိုင်ရင် ချက်ချင်း အစိုးရ အဖွဲ့ထဲပါဝင်ခွင့်ရှိတာ၊ တချို့သူပုန်ခေါင်းဆောင်တွေ၊ အဝေးရောက်ခေါင်းဆောင်တွေဆိုရင် သမ္မတတွေ၊ ၀န်ကြီးချုပ်တွေအထိ ချက်ချင်းတာဝန်ယူခဲ့ဖူးတာတွေကို မြန်မာ့အသွင်ပြောင်းလုပ်ငန်းစဉ်ရဲ့ ပဲ့ကိုင်အဖွဲ့က တမင် များမေ့ထား လေရော့သလား။


နိုင်ငံတကာ ဖြစ်စဉ်နှင့် မြန်မာ့နည်းမြန်မာ့ဟန် အသွင်ပြောင်းလုပ်ငန်းစဉ် 

နိုင်ငံတကာ အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်တွေထဲက အိမ်နီးချင်း အာဆီယံနိုင်ငံတွေကိုပဲ ကြည့်ပါ။ ၁၉၈၈ ကနေ ၂၀၀၀ ပြည့်နှစ်တွေကြား နယ်စပ်နဲ့ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့အတူ လက်တွဲလှုပ်ရှားခဲ့ဖူးတဲ့။ စာရေးသူကိုယ်တိုင် ထိုင်းနိုင်ငံက ဆွေးနွေးပွဲတွေမှာ မကြာခဏ အင်တာဗျုးလုပ်ဖူးတဲ့ အရှေ့တီမော လွတ်မြောက် ရေးခေါင်းဆောင်၊၂၀၀၂ မှာ ပထမဆုံး သမ္မတဖြစ်လာသူ Xanana Gusmão ဟာ လက်နက်ကိုင် သူပုန်အဖွဲ့ရဲ့ ခေါင်းဆောင် (Rebel) တဦးပါ။

တခါ အဲဒီအချိန်က ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်ပြီး နောက်ပိုင်းသမ္မတဖြစ်လာသူ၊ ၁၉၉၆ ခုနှစ်ရဲ့ နိုင်ဗယ်ငြိမ်းချမ်း ရေးဆုရှင် José Manuel Ramos-Horta ဟာလဲ ပြည်ပကနေ ပြန်လာသူ၊ အဝေးရောက်ခေါင်းဆောင် (Exile) တဦးပါ။ အလားတူပါပဲ လက်ရှိကမ္ဘောဒီးယားနိုင်ငံရဲ့ အဓိက အတိုက်ခံခေါင်းဆောင် Sam Rainsy ဆိုရင်လဲ ပြည်ပ ကနေပြန်လာသူ (Exile) တဦးဖြစ်ပါတယ်။ 

ဒီလိုအစဉ်အလာတွေရှိပါရဲ့နဲ့ မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကျမှ သူပုန်တွေ ပါခွင့်မရှိဘူး။ အဝေး ရောက်တွေပါခွင့်မရှိဘူးဆိုပြီး စည်းတားလိုက်တာကတော့ မဟုတ်သေးဘူးနဲ့ တူပါတယ်။ တနည်းအားဖြင့် မြန်မာ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ဟာ နိုင်ငံတကာကလုပ်ငန်းစဉ်တွေလို အားလုံးကိုပါဝင်ခွင့်ပေးထားတဲ့ လုပ်ငန်း စဉ်မျိုးမဟုတ်ပဲ စစ်တပ်ကြီးစိုးတဲ့ အစိုးရကလက်ခံမှ ပါဝင်ခွင့်ရတဲ့ လုပ်ငန်းစဉ်မျိုးဖြစ်နေပါတယ်။ အသွင်ကူးပြောင်း ရေးလုပ်ငန်းစဉ်အတွက် အစိုးရနဲ့ အတိုက်ခံတို့အကြား ဘာသဘောတူညီချက်မှ ကြိုယူ မထားမိဘူးလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာနေပါတယ်။

ဘယ်လိုပဲ မေးခွန်းတွေရှိနေပါစေ။ သေချာတာတခုကတော့ သူပုန်ဟောင်းတွေ၊ ပြည်ပရောက်နေသူတွေ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရှိဆိုပြီး လက်ရှိ စစ်တပိုင်းအစိုးရက ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တွေနဲ့ တား ထားလိုက်ပါပြီ။ ဒီလိုတားထားတာဟာ တရားမျှတမှုမရှိဘူး။ အားလုံးပါဝင်ခွင့်ပေးသင့်ဆိုတဲ့ အဆိုပြုချက်မျိုးကို လည်း အတိုက်ခံအမတ်တွေဖက်က ပါလီမန်အတွင်း တင်သွင်းတာ၊ ဆွေးနွေးငြင်းခုန်တာ မကြားမိသေးပါ။

ဒီလိုအခြေနေအနေမှာ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် အသက်စွန့်တိုက်ပွဲဝင်ခဲ့ဖူးတဲ့ ပြည်ရောက် ၈၈ မျိုး ဆက်ကျောင်းသားတွေ၊ လက်နက်ကိုင်တိုက်ခဲ့ဖူးတဲ့ ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းတွေ ဘယ်လိုခံစား နေရမလဲ။ လက်ရှိအခင်းအကျင်းက သူတို့နဲ့ ဘာမှမဆိုင်တော့ဘူးလား။ သူတို့ဟာ စည်းဝိုင်းအပြင်ကို ရောက်သွား ကြပြီလား။


မိုးသီးဇွန်နှင့် တောခိုကျောင်းသားဟောင်းတွေ ဘယ်ပျောက်နေသလဲ

ဒီမေးခွန်းတွေအတွက် ၈၈ အရေးတော်ပုံကာလအတွင်း ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်၊ နောက်ပိုင်း လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ၊ အဲဒီကတဆင့် လက်နက်ကိုင်တော်လှန်ရေးထဲရောက်လာပြီး ကျောင်းသား တပ်မတော် ဥက္ကဌအဖြစ် တာဝန်ထမ်းခဲ့ဖူးသူ ကိုမိုးသီးဇွန်ရဲ့ခံစားချက်ကို ကျနော်မေးကြည့်ခဲ့ပါတယ်။

‘’အဲဒါကိုက ဗမာပြည်ရဲ့ နိုင်ငံရေးပြဿနာတွေ မပြေလည်သေးဘူးဆိုတာကို ပြနေတာပေါ့ဗျာ’’ လို့ သူက အစချီပြီး မြန်မာ့နိုင်ငံရေးမှာ ပြည်တွင်းအင်အားစု၊ ပြည်ပ အင်အားစု၊ နယ်စပ်မှာရှိတဲ့ လက်နက်ကိုင်အင်အားစု ဆိုပြီး ခု ရှိကြောင်း၊ ဒီအင်အားစုတွေထဲက ပြည်ပနဲ့ နယ်စပ်အင်အားစုတွေဟာ ဒီရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရရပဲ ဘေးဖယ် ခံထားရဆဲဖြစ်ကြောင်း။ ဒါကြောင့် ‘’ဒီရွေးကောက်ပွဲဟာ မြန်မာပြည်ပြသာနာရဲ့ အဖြေမဟုတ်သေးဘူး’’ လို့ သူက ဖြေကြားခဲ့ပါတယ်။

ဒါပေမဲ့ နယ်စပ်ရှိတိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေဟာ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးဖို့ ဆွေးနွေးပွဲတွေ ဆက်တိုက်လုပ်နေပါတယ်။ အခု လေးလုံး နှစ်ပတ်လည်နေ့ မတိုင်ခင်လေးမှာတောင်   ကြိမ်မြောက် ဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့်ညှိနိုင်းရေးကိုယ်စားလှယ် SD (Senior Delegation) အဖွဲ့တခု ရန်ကုန်မြို့ဆီရောက်နေပြီး အစိုးရဖက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ (UPWC) နဲ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) ရုံးခန်းမှာ ထပ်မံဆွေးနွေးဖို့ ရှိနေပါတယ်။ 

ဆိုလိုတာက နယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့တွေဟာ နိုဝင်ဘာမှာကျင်းပမဲ့ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရှိပေမဲ့ တခြား လမ်းကြောင်းတွေကနေတဆင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းထဲ ပါဝင်ခွင့်ရနေအောင် အစိုးရက ဖန်တီးပေးထား တဲ့ သဘောရှိနေပါတယ်။ ဒါပေမယ့် ရှေ့မှာတင်ပြခဲ့တဲ့ ကိုမိုးသီးဇွန်အပါဝင် ပြည်ပရောက်နေတဲ့ တောခိုကျောင်း သားဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေအတွက်တော့ လက်ရှိနိုင်ငံရေးအခင်း အကျင်းမှာပါဝင်ဖို့ ဘာ လမ်းကြောင်းမှ ဖွင့်ပေးထားတာ မတွေ့မိသေးပါ။

ကိုမိုးသီးဇွန်ဆိုရင် နိုင်ငံရေးထဲ ပါဝင်ခွင့်ရဖို့နေနေသာသာ ရန်ကုန်ရှိ မိဘဆွေမျိုးတွေဆီ ပြန်လည်ဖို့ လူမှုရေး ဗီဇာ ကိုတောင် အစိုးရက ပိတ်ပင်ထားပါတယ်။ အလားတူ အခြားထင်ရှားတဲ့ တောခိုကျောင်းသားခေါင်းဆောင်ဟောင်း တချို့လည်း ပြည်ဝင်ခွင့် ပိတ်ပင်ခံထားရပါတယ်။ ဒါတွေဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအလွန်မှာ ဦးသိန်းစိန် အစိုးရရဲ့ကိုယ်စားလှယ်တွေနဲ့ သူတို့နဲ့ဆွေးနွေးစဉ်က ပေးခဲ့ဖူးတဲ့ ‘’မြန်မာနိုင်ငံဆီပြန်လာပါ။ ပါတီထောင်ပြီး ရွေး ကောက်ပွဲဝင်ပါ’’ ဆိုတဲ့ လူကြီးလူကောင်း နှုတ်အားဖြင့် သဘောတူညီချက်တွေကို အစိုးရဖက်က ချိုးဖောက်တာ ဖြစ်တယ်လို့ ကိုမိုးသီးဇွန်က စွပ်စွဲခဲ့ပါတယ်။

ဒါကြောင့် ပြည်ပရောက် အင်အားစုတွေကြား အချင်းချင်းပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ပြီး လက်ရှိနိုင်ငံရေးအခင်း အကျင်းမှာ ပါဝင်ခွင့်ရအောင် ကြိုးစားဖို့လိုတယ်လို့ သူက တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲက နိုဝင်ဘာ မှာ ကျင်းပမှာဆိုတော့ ဒီလူတွေပါဝင်ခွင့်ရဖို့အရေးဆိုတာ ၂၀၁၅ မှာတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါ။

ဒါဖြင့် ၂၀၁၅ ရွေးကောက်ပွဲအလွန် ဒီမိုကရေစီအစိုးရတရပ်တက်လာရင်ကော အားလုံးပါဝင်ခွင့်ရတဲ့ နိုင်ငံရေး အခင်းအကျင်းအသစ်တခု ပေါ်လာနိုင်ပါသလား။ ဒါကလည်း မသေချာလှပါဘူး။ ရွေးကောက်ပွဲမှာ NLD နဲ့ တိုင်းရင်းသားအင်အားစုတွေ ဘယ်လောက်အထိ အနိုင်ရနိုင်မလဲ။ ပါလီမန်ရဲ့ ချိန်ခွင်လျှာကို ဘယ်လောက်အထိ အပြောင်းအလဲလုပ်နိုင်မလဲ။ 


အတိအကျပြောရမယ်ဆိုရင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အတွက် အတားအဆီးဖြစ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပါလီမန်သစ်က ပြုပြင်ပြောင်းလဲနိုင်ပါ့မလား။ NLD ပါတီက အစိုးရအသစ်တရပ်ကို ဦးဆောင်ဖွဲ့နိုင်ပါ့မလား။ ၁၉၉၀ ရွေးကောက်ပွဲအပြီး ကာလလိုမျိုး တပတ်ပြန်လည်မသွားအောင် ဒီမိုကရေစီအင် အားစုတွေအချင်းချင်း ကြားမှာဖြစ်စေ၊ တိုင်းရင်းသားအင်အားစုတွေနဲ့ပေါင်းပြီးဖြစ်စေ အားလုံး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ဖို့ အထူးလိုအပ်နေပြီဖြစ်ပါတယ်။
.................

ဒီဆောင်းပါးအတွက် ကိုမိုးသီးဇွန်နှင့် မေးမြန်းခဲ့တဲ့အသံဖွိုင်ကို ဖေါ်ပြလိုက်ပါတယ်။ ဒီမေးမြန်းချက်ဟာ ဇူလိုင်လ နောက်ဆုံးသတင်းပတ်က ပြုလုပ်ထားတာဖြစ်ပါတယ်။ အသံ အက်ဒစ်ပိုင်းနဲ့ အတော်အလှမ်းကွာခဲ့ပြီ မို့ အသံကွာလတီမကောင်းပါက တောင်းပန်အပ်ပါကြောင်း....။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More