Wednesday, October 22, 2014

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၃၃)

DVB-TV စတင်ပေါ်လာခြင်း

ဒီမိုကရက်တစ်မြန်မာ့အသံ DVB ရေဒီယိုစတင်ပေါ်ပေါက်လာတဲ့နေ့ကို ၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၉ ရက် နေ့လို့ တရားဝင်သတ်မှတ်ထားပေမဲ့ DVB-TV ပေါ်လာတဲ့နေ့ကို အဲဒီလို အတိအကျမှတမ်းတင်ထား တာမျိုး မတွေ့ရသေးပါဘူး။ (ကျနော်မတွေ့တာလဲဖြစ်နိုင်ပါတယ်။ သိသူတွေ ဖြည့်ပေးကြပါရန်)။ ကျ နော မှတ်မိသလောက်ကတော့ ၂၀၀၅ ခုနှစ်အစောပိုင်းမှာ TV လွှင့်ဖို့ အလှူရှင်ရလာတယ်ဆိုတဲ့ သ တင်း စကြားရပါတယ်။

(DVB-TV ရဲ့ ပထမ ဆုံး ပရီစန်တာတဦးဖြစ်သူ မအေးအေးမွန်)

ဒါပေမယ့် ဒီ TV ကို အော်စလိုသတင်းခန်းက တာဝန်ယူစရာမလိုပဲ ထိုင်းနိုင်ငံမှာအခြေစိုက်တဲ့ ကိုသင်း ကိုကိုနဲ့ မစန္ဒာတို့က ဦးစီးဆောင်ရွက်မှာဖြစ်တယ်လို့ ညွန်ကြားရေးမှုးတွေကရှင်းပြပါတယ်။ DVB-TV ဟာ ၂၀၀၇ ရွေဝါရောင်တော်လှန်ရေးကာလနဲ့ ၂၀၀၈ နာဂစ်မုန်တိုင်းကာလတွေမှာ အထွန့်အထိပ် အထိရောက်အောင် အောင်မြင်ခဲ့ပေမဲ့ အဲဒီကာလကတော့ TV လွှင့်မယ်ဆိုတဲ့သတင်း ဟာ တကယ့်ကိုစိတ်ကူးယဉ်မှု တခုပါပဲ။ ရေဒီယိုကိုတောင် ခိုးပြီးနားထောင်ရေတဲ့ခေတ်မှာ စလောင်း TV ကြီးကို ပရိတ်သတ်တွေ ပေါ်တင်နားထောင်ဖို့ဆိုတာဖြစ်နိုင်ပါ့မလား။ ရေဒီလှိုင်းကိုတောင် အသံ ဖျက်စက်နဲ့လိုက်ဖျက်နေတဲ့ နအဖ အစိုးရက စလောင်းလိုင်းကိုမဖျက်ပဲ ဒီတိုင်းကြည့်နေပါ့မလားဆိုပြီး ကျနော်တို့သတင်းသမားတွေကြား အတော်အငြင်းပွါးခဲ့ပါသေးတယ်။ ပြီးတော့ စလောင်းကလဲ အဲဒီအ ချိန်က အတော်ဈေးကြီးပြီး သိန်းနဲ့ချီပေးရဆဲဖြစ်ပါတယ်။

အော်စလိုကသတင်းခန်းအတွင်း ဒီလိုအငြင်းပွါးမှုရှိတယ်ဆိုပေမဲ့ တကယ်တန်းတာဝန်ယူတာက အော် စလိုက အမြဲတန်းဝန်ထမ်းတွေမဟုတ်ပဲ ဘန်ကောက်က သီးခြားစီမံကိန်းဝန်ထမ်းတွေဆိုတော့ အခြေ နေ အသေးစိပ်ကို ဘာမှမသိပါ။ ကျနော်မှတ်မိသလောက်ကတော့ ၂၀၀၅ မတ်လလောက်ကစပြီး ၁၅ မီနစ်စာကနေ မီနစ် ၃၀ စာခန့် ရုပ်-သံ မှတ်တန်းတွေကို (ပထမ ပိုင်းမှာ သတင်းမထည့်နိုင်ခဲ့ပါ) စနေ နေ့တိုင်း ထုတ်လွှင့်ပေးခဲ့ပါတယ်။ အဲဒီလို လွှင့်မယ်ဆိုတာကို DVB ရေဒီယိုကနေ အပတ်စဉ် ကြော် ငြာပေးခဲ့တာကို အမှတ်ရနေပါတယ်။ ကိုယ်နဲ့တိုက်ရိုက်မဆိုင်ဘူးဆိုတော့ ဒီထက်ပိုမသိပါ။

ဒါပေမယ့် သိပ်မကြာပါဘူး။ ကိုယ်နဲ့မဆိုင်ဘူးလို့ထင်ထားတဲ့ အဲဒီ TV က ကိုယ့်ခေါင်းပေါ် တည့်တည့် ရောက်လာပါတယ်။ ''အခြေနေအရပ်ရပ်ကြောင့် ဘန်ကောက်ကလူတွေကို TV အစီစဉ် တာဝန်ဆက် ပေးလို့မရတော့ဘူး။ အော်စလိုက လွဲပြောင်းတာဝန်ယူမှရမယ်'' လို့ ညွန်မှုး ၂ ဦးက ကျနော်တို့သတင်း သမားအားလုံးကိုခေါ်ယူ ရှင်းပြပါတယ်။

ဒါပေမယ့် ဘာကြောင့် ဆက်တာဝန်ပေးလို့မရတာလဲ။ DVB ညွန်မှုးတွေနဲ့ ကိုသင်းကိုကိုတို့အကြား ဘာကြောင့် အကွဲအပြဲတွေဖြစ်ခဲ့ရသလဲဆိုတဲ့ အသေးစိပ်ကိုတော့ ညွန်မှုးတွေကရှင်းပြခြင်းမရှိပါ။ ဒီတော့ အမှန်တကယ် ဘာတွေဖြစ်ခဲ့သလဲဆိုတာ ကျနော်တို့မသိပါ။ ညွန်မှုးတွေဖက်ကပြောတာကိုပဲကြားရပြီး ကိုသင်းကိုကို တို့ဖက်ကနေ အခုချိန်ထိ တခါမှ တရားဝင် ရှင်းလင်းချက်ထုတ်တာမတွေ့ရသေးပါ။ 


Radio သမားတွေကို TV သမားအဖြစ်အသွင်ပြောင်းတဲ့အခါ

သေချာတာတခုကတော့ အဲဒီလိုညွန်မှုးတွေကခေါ်ပြောပြီး တလလောက်အတွင်းမှာတင် ကျနော်တို့ ရေဒီယိုသတင်းသမားတွေအားလုံး TV သင်တန်းတက်ဖို့ပြင်ဆင်ရပါတယ်။ ရေဒီယိုသတင်းတွေနဲ့ မ အားမလပ်ဖြစ်နေတဲ့ကြားထဲ နောက်ထပ် TV တာဝန်တခုပါ ထပ်တိုးလာမယ်ဆိုတော့ ဘယ်လွယ်ပါ့ မ လဲ။ မာရသွန်ပြေးပွဲမှာ ပန်းဝင်လာတဲ့လူကို နောက်ထပ် ၁၀ မိုင်လောက်ထပ်ပြေးပါဦးလို့ အပြောခံရ သလိုဖြစ်နေမလားပါပဲ။

(Burma VJ ရုပ်ရှင်မှတ်တန်းအတွက် DVB-TV စက်ခန်းအတွင်း ရိုက်ကူးနေစဉ်)

ဒါပေမယ့် ဒီနေရာမှာ အားကစားသမားတွေနဲ့ သတင်းသမားတွေ လာတူနေတယ်လို့ကျနော်ထင်ပါ တယ်။ ဥပမာ ဘော်လုံးပွဲတွေမှာ ကစားသမားတဦးဦး ပင်ပန်းလွန်းနေတယ်ထင်လို့ သူ့ရဲ့ နည်းပြဆရာ ကယူဆတဲ့အတွက် အဲဒီလူကိုအနားပေးပြီး နောက်တဦးနဲ့ အစားထိုးတာ၊ ပွဲမပြီးခင်အနားပေးခံရတာ ကို ဘော်လုံးသမားတွေ ကြိုက်လေ့မရှိပါ။ အဲဒီလိုပါပဲ သတင်းသမားတွေကြားမှာလဲ ပင်ပန်းတာ၊ အချိန် ပိုလုပ်ရတာကို ငြင်းဆိုသူအတော်နည်းပြီး ကိုယ်လိုက်တဲ့သတင်း များများပါစေချင်သူ၊ ရေဒီယိုနဲ့ TV မှာ ကိုယ့်အသံ၊ ကိုယ့်ပုံပါချင်သူက ပိုများနေတယ်လို့ထင်ပါတယ်။

ဘာကြောင့်လဲဆိုရင် လစာကိုတိုးမပေးပဲ အလုပ်တာဝန်ကိုပဲတိုးပေးတဲ့အပေါ်၊ တခုစာအတွက်ပဲ လစာပေးပြိး ၂ ခုစာခိုင်းမယ်ဆိုတဲ့စီမံချက်အပေါ် မတရားဘူးလို့ ကန့်ကွက်သူတဦးမှမရှိလို့ပါ။ သတင်း အယ်ဒီတာ ကိုမိုးအေး၊ နေစဉ်တာဝန်ကျအယ်ဒီတာ ကျနော်၊ သတင်းခန်းဝန်ထမ်းတွေဖြစ်တဲ့ မခင်နှင်း ထက်၊ မအေးအေးမွန်နဲ့ နန်းခမ်းကယောက်တို့ အားလုံး TV သင်တန်းတက်ဖို့သဘောတူလိုက်ပါတယ်။

ဒါပေမယ့် ကန့်ကွက်သူ လုံးဝမရှိတာမျိုးတော့မဟုတ်ပါဘူး။ အပတ်စဉ်ကဏ္ဍတာဝန်ခံ ကိုစိုးဝင်းညို (ဒီလို ငြင်းဆိုတဲ့အတွက် နောက်ပိုင်းမှာ အလုပ်ထုတ်ခံရပြီး ၂၀၀၇ ဒီဇင်ဘာမှာ ကွယ်လွန်သွားသူ) ကတော့  ဒီလို TV အစီစဉ်တိုးမယ်ဆိုတဲ့အပေါ် ကန့်ကွက်ပါ တယ်။ မာနယ်ပလောခေတ်ကတည်းကစပြီး သူကို ရေဒီယိုမှာ အလုပ်ခန့်ထားတာသာဖြစ်တဲ့အတွက် ရေဒီယို တခုပဲလုပ်နိုင်မယ်။ TV လုပ်ဖို့အတွက်နည်းပညာတွေထပ်သင်ရမှာကို သူမကြိုက်ဘူး။ ရေဒီ ယို တခုတည်းကိုပဲ နိုင်နိုင်နင်းနင်းလုပ်ပါရစေလို့ တောင်းဆိုခဲ့ပါတယ်။

ဒီလိုနဲ့နောက်ဆုံးတော့ ကိုစိုးဝင်းညိုမပါတော့ပဲ ကျနော်တို့ သတင်းသမား ၅ ဦး၊ ၀က်ဆိုက်ဌာနတာဝန်ခံ မသီတာနဲ့ ဒုညွန်မှုး ကိုခင်မောင်ဝင်းအပါဝင် အားလုံး ၇ ဦး TV ကင်မရာသင်တန်းနဲ့ တည်းဖြတ်မှု သင်တန်းတက်ကြရပါတယ်။ သင်တန်းဆရာက ဘန်ကောက်အခြေစိုက် AsiaWorks Television မှ အမေရိကန် ၀ါရင့် VJ (Video Journalist) သမား။ သင်တန်းအချိန်က စုစုပေါင်းမှ ၁၄ ရက်တည်း။

၁၄ ရက်တည်းဆိုပေမဲ့ သတင်းသမားတွေအားလုံး ၁၄ ရက်အလုပ်နားပြီး သင်တန်းတက်တဲ့ဖြစ်စဉ်မျိုး DVB သမိုင်းမှာ ဒါ ပထမဆုံးပါပဲ။ တကယ်က အားလုံးတပြိုင်တည်းနားပြီး ဒီလိုသင်တန်းတက်နေချိန် မှာ ပုံမှန်လွှင့်နေကြ ရေဒီယိုအစီစဉ်တွေမထိခိုက်အောင်အတွက် ရေဒီယိုသတင်းထောက် လူသစ် သင် တန်းတခုကို ဒီသင်တန်းမစခင်လေးကမှ အရေးပေါ်အရင်ပေးခဲ့ရပါသေးတယ်။ ကျနော်တို့ TV သင် တန်းတက်နေချိန်မှာအဲဒီပုဂ္ဂိုလ်တွေက ရေဒီယိုကို တာဝန်ယူပေးထားတာပေါ့။ (အဲဒီသင်တန်းသား ရ ဦးအကြောင်းကို သီးခြား ထပ်ရေးပါဦးမည်)။


Radio နဲ့ TV ဘာကွာသလဲ

ကျနော်တို့ အားလုံးဟာ ၀ါရင့်ရေဒီယိုသတင်းထောက်တွေဖြစ်ပေမဲ့ TV ကင်မရာကိုတော့ တခါမှ မကိုင် ဖူးပါ။ TV ကင်မရာဆိုတာ အမေရိကန်ဒေါ်လာ ၃ ထောင်ဝန်းကျင်ပေးရတဲ့ နိုင်ငံတကာအဆင့်မှီ Sony HDV ကိုပြောတာပါ။ ဘတ်တသောင်းဝန်းကျင်ရှိတဲ့ ရုပ်သေကင်မရာနဲ့ ဗွီဒီယိုကင်မရာတွေကိုတော့ ၁၉၉၇ ခုနှစ်ဝန်းကျင်၊ တောထဲမှာနေစဉ်ကတည်းက ကျနော်ကိုင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ရှေ့အခန်းတွေ မှာတင်ပြခဲ့တဲ့အတိုင်း ကြားဖူးနားဝနဲ့ သင့်သလိုရိုက်ခဲ့တာသာဖြစ်ပြီး ကင်မရာအကြောင်းစနစ်တကျ တခါမှမသင်ခဲ့ဖူးပါ။
(DVB-TV သင်တန်းသားတဦး မြို့ထဲမှာ ရိုက်ကူးရေးလေ့ကျင့်နေစဉ်)

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ အသံရဲ့သဘောတရား၊ အသံတည်းဖြတ်မှုတွေနဲ့ ၁၀ နှစ်ကျော် ရင်းနှီးခဲ့ဖူးတဲ့ ကျနော်တို့ဟာ အရုပ်ရဲ့သဘောတရား၊ အရုပ်တည်းဖြတ်မှုတွေကို အခုမှ ABCD ကနေ စသင်ရမှာဖြစ်ပါတယ်။ ဒေါ်လာ သုံးထောင်တန်ကင်မရာတွေ၊ တည်းဖြတ်စက်တွေသုံးပြီး အမေရိကန် သင်တန်း ဆရာက အသေချာသင်ပေးဖို့ပြင်နေပါပြီ။

သူသင်ပေးတဲ့ ဗွီဒီယိုကင်မရာသဘောတရား အားလုံးကိုမမှတ်မိတော့ပေမဲ့ အကြမ်းဖျင်းအားဖြင့်က တော့ ရုပ်-သံ မှတ်တန်းတိုတခုအတွက် အနည်းဆုံးရိုက်ကွက် ၅ ခုလိုတယ်ဆိုတာကိုတော့ အခုထိ အ မှတ်ရနေပါတယ်။ Establishing shot (သရုပ်ဖေါ်ရိုက်ချက်)၊ Wide shot (မြင်ကွင်းကျယ်ရိုက်ချက်)၊ Medium shot (အနေတော်ရိုက်ချက်)၊ Close up shot (အနီးကပ်ရိုက်ချက်) နဲ့ Over shoulder shot (ပခုံးကျော်ရိုက်ချက်)တို့ လိုအပ်တယ်လို့ပြောပါတယ်။

အချိန်ယူရိုက်နိုင်တဲ့ ရုပ်-သံ စတိုရီအတွက်ပြောတာပါ။ အရေးပေါ်သတင်းတွေအတွက်တော့ အဲဒီစံ တွေနဲ့သွားတိုင်းနေလို့ဘယ်ဖြစ်မလဲ။ ရတဲ့နေရာမှာ အကောင်းဆုံးဖြစ်အောင် ရိုက်ပေတော့ပေါ့။ ကျနော်တို့ကိုသင်တာက နိုင်ငံတကာသတင်းဌာနကြီးတွေလို သတင်းထောက်၊ ထုတ်လုပ်ရေးမှုး၊ ကင် မရာ သမား၊ အသံဖမ်းအင်ဂျင်နီယာ၊ နည်းပညာကျွမ်းကျင်သူ စသဖြင့် အသင်းလိုက်သတင်းယူတဲ့ နည်းမဟုတ်။ အဲဒီအချိန်က DVB သတင်းခန်းတခုလုံးပေါင်းမှ ၀န်ထမ်းက ၅ ဦးတည်းသာရှိတဲ့အတွက် ဒီလိုနည်းနဲ့လဲ အလုပ်မဖြစ်နိုင်ပါ။

ဒီတော့ ဒုညွှန်မှုး ကိုခင်မောင်ဝင်း ခဏခဏညွှန်းဆိုလေ့ရှိတဲ့အတိုင်း All In One ပေါ်လစီအရ DVB သတင်းသမားတိုင်းဟာ ကွန်မန်ဒိုတွေဖြစ်တယ်။ အားလုံးကိုတတ်မြောက်ထားရမယ်၊ အားလုံးကိုတဦး တည်းနဲ့ဆောင်ရွက်နိုင်ရမဲ့ဆိုတဲ့မူအတိုင်း သင်ပေးပါတယ်။ သင်တန်းအမည်ကိုက TV သတင်း ထောက်သင်တန်းမဟုတ်ပါ။ VJ (Video Journalist) ဗွီဒီယို ဂျာနယ်လစ်သင်တန်းသာဖြစ်ပါတယ်။ ဗွီဒီယို ကင်မရာတလုံးကိုင်ပြီး တဦးတည်းခရီးသွား၊ တဦးတည်းရိုက်၊ တဦးတည်းတည်းဖြတ်၊ တဦး တည်း ထုတ်လုပ်နိုင်တဲ့နည်းပေါ့။

အားလုံးက ၀ါရင့်သတင်းသမားတွေဆိုတော့ စတိုရီတခုတည်ဆောက်ရေးအတွက် ဘာမှ မခက်ပါ။ ကင်မရာသဘောတရားကလဲ အတွေ့အကြုံနည်းနည်းရှိလာရင် အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် ပုံတွေကို တည်းဖြတ်တဲ့အခါမှာတော့ ပြသာနာနည်းနည်းရှိပါတယ်။ ဘာကြောင့်လဲဆိုရင် အသံတွေကိုတည်း ဖြတ်နေကြဖြစ်တဲ့ ရေဒီယိုသမားတွေဟာ အရုပ်တွေကိုလဲ အသံတွေလိုသဘောထားပြီး လိုတဲ့နေရာ လောက်ပဲရွေးပြီးယူလိုက်တော့ အားလုံး Jam Cut တွေဖြစ်ကုန်ပါတယ်။

(Text) စကားလုံး၊ (Voice) အသံ၊ Image (ဓတ်ပုံ) နဲ့ Visual (ပုံရိပ်) တွေကိုတည်းဖြတ်ရတဲ့ သဘော တရားချင်းတူပေမဲ့ နည်းပညာချင်းမတူဘူးလို့ပြောရမယ်ထင်ပါတယ်။ ကျနော်တဦးတည်းအဖို့တော့ စ ကားလုံးတွေကိုတည်းဖြတ်ရတာ အလွယ်ဆုံးလို့ထင်ပါတယ်။ လွယ်တယ်ဆိုတာက နည်းပညာသဘော ကို ပြောတာပါ။ သတင်းထောက်တဦးဦးရေးပို့လာတဲ့ သတင်းစာသားကို အယ်ဒီတာလုပ်သူက မလိုတဲ့ နေရာတွေဖြတ်ထုတ်ပြီး လိုတဲ့စကားလုံးနည်းနည်းထပ်ထည့်၊ ဒါမှမဟုတ် စကားပိုဒ်တွေကို ရှေ့တိုး၊ နောက်ဆုတ်လုပ်လိုက်လို့ရပါတယ်။ တခါ ရုပ်သေဓာတ်ပုံကိုလဲ အဲဒီလိုပဲ လိုသလောက်ဖြတ်ယူ လိုက် လို့ ရနိုင်ပါတယ်။

ဒါပေမယ့် အသံနဲ့ ရုပ်-သံ မှာ အဲဒီလိုလုပ်ဖို့မလွယ်ပါ။ ရေဒီယိုသတင်းပေးပို့ချက်တခုကို အယ်ဒီတာက မကြိုက်လို့ပြင်မယ်ဆိုရင် မလိုတာကိုဖြတ်ထုတ်ရုံပဲရနိုင်ပါတယ်။ ရှေ့တိုး နောက်ဆုတ်လုပ်ဖို့မလွယ်ပါ။ အသံတွေလည်ပင်းညှစ်ခံရသလိုဖြစ်သွားနိုင်ပါတယ်။ အသစ်ထပ်ထည့်ဖို့ဆိုတာကတော့ လုံးဝ မဖြစ် နိုင်ပါ။ ဒီတော့ သတင်းထောက်ပို့လာတဲ့အတိုင်း သင့်သလိုဖြတ်ပြီး လွှင့်ချင်လွင်၊ မလွှင့်ချင်ရင် ကိုယ်လို တဲ့ပုံစံကိုပြောပြီး သတင်းထောက်ကို အသစ်ပြန်ပြင်ပို့ခိုင်းတဲ့နည်းပဲရှိပါတယ်။

ဗွီဒီယိုကျတော့ ပိုဆိုးသွားပါတယ်။ Jam Cut ဆိုတာကြီးရှိနေတဲ့အတွက် လိုတဲ့နေရာချည်း ကွက်ပြီး ဖြတ်ယူဖို့မလွယ်ပါ။ အဲဒီလိုယူနိုင်ဖို့အတွက်၊ တနည်းအားဖြင့် Jam Cut မဖြစ်စေဖို့၊ Jam Cut ကိုဖုံးဖိ နိုင်ဖို့အတွက် Cut away လို့ခေါ်တဲ့ ကြားညှပ်သုံးနိုင်မဲ့ ရိုက်ကွက်လေးတွေကို သတင်းယူစဉ်ကတည်း က စဉ်းစားပြီးရိုက်လာဖို့လိုပါတယ်။ ဆိုလိုတာက အင်တာဗျုးပုံအပြင် အဲဒီလူရဲ့ လက်လှုပ်နေပုံလေး၊ အကျီပေါ်က NLD တံဆိပ်လေး၊ ယူနီဖောင်းနဲ့ဆိုရင်လဲ လက်မောင်နဲ့ ရင်ဘတ်က ဘက်တံဆိပ်လေး စ သဖြင့်ပေါ့။ သူပါးစပ်က မနားတမ်းပြောနေတဲ့အချိန်မှာ အဲဒီ Cut away လေးနဲ့ ပါးစပ်ကိုပိတ်လိုက်ပြီး ကိုယ်လိုချင်တဲ့နောက်တသံ၊ နောက်တကွက်နဲ့ဆက်ရတဲ့ တည်းဖြတ်မှုမျိုးပေါ့။

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ပုံနှိပ်မီဒီယာ၊ ရေဒီယိုနဲ့ TV မီဒီယာ၊ အွန်လိုင်းမီဒီယာတို့အားလုံး ဟာ သတင်းသဘောတရားချင်းတူပေမဲ့ နည်းပညာသဘောမှာ အတော်ကွာသွားပါတယ်။ ရေဒီယိုနဲ့ TV သမားတွေဟာ သတင်းပညာအပြင် စက်ပိုင်းဆိုင်ရာကိစ္စတွေကိုပါ တီးမိခေါက်မိဖို့လိုလာပါတယ်။ သတင်းကကောင်းနေပေမဲ့ အသံကမကြည်လင်ရင် အဲဒီရေဒီယိုသတင်းက ပျက်သွားနိုင်ပါတယ်။ အ လားတူ အရုပ်မကြည်လင်ရင်လဲ TV သတင်းက ပျက်သွားနိုင်ပါတယ်။

DVB-TV တွေကိုကြည့်ရင်းနဲ့ ကျနော်တို့သတင်းသမားတွေအချင်းချင်းနောက်လေ့ရှိတဲ့စကားတလုံး ရှိပါတယ်။ ဒီသတင်းကတော့ကွာ ''အသံကို ဖျက်ပြီး အရုပ်ကိုဝါးပေးပါ'' လို့တောင်းဆိုထားသလားမသိပါဘူး။ ဆိုးလိုက်တဲ့ အဖြစ်ဆိုတဲ့စကားပါ။ DVB-TV ရဲ့ ခေတ်ဦးပိုင်းကာလတွေမှာ ပရိတ်သတ်ဆီကနေ သူတို့လုံခြုံရေး အတွက် အဲဒီလိုမျိုးတောင်းဆိုမှုတချို့ တကယ်ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သတင်း ထောက်တွေက သူတို့ပုံကိုဝါးပေးရင်တောင် ပရိတ်သတ်ကလက်မခံတော့ပဲ ပေါ်တင်ထည့်ပေးပါ၊ ထင် ထင်ရှားရှားထည့်ပေးပါ။ ဘယ်သူမှမကြောက်တော့ဘူးလို့တောင်းဆိုလာပါတယ်။

ဒါပေမယ့် ကင်မရာမကျွမ်းကျင်မှု၊ နည်းပညာအားနည်းမှု၊ တစုံတရာလွဲချော်မှုတွေကြောင့် DVB-TV ရဲ့ ပုံရိပ်တချို့ဟာ နောက်ပိုင်းကာလတွေအထိ တုန်မှုန်နေလေ့ရှိပါတယ်။ ဒါကြောင့်လဲ ခုနကပျက်လုံး ကျ နော်တို့အကြား ထွက်ပေါ်လာတာပေါ့။ ''အသံကိုဖျက်ပြီး အရုပ်ကိုဝါးပေးပါ'' လို့တောင်းဆိုထားသလား မသိပါဘူး ဆိုတဲ့ နောက်ပြောင်မှုမျိုး နောက်ထပ်မကြားရအောင် ကျနော်တို့သတင်းသမားတွေအားလုံး အစဉ်သတိထား ကြိုးစားသွားဖို့ လိုနေတယ်မဟုတ်ပါလား။    ။
.........................................................................................................

၁၄ ရက်သင်တန်းအပြီးမှာ အစမ်းရိုက်ရင်းနဲ့ သတင်းလွှင့်နိုင်တဲ့အဆင့်ထိရောက်သွားတဲ့ ကျနော်ရဲ့ လက်ရာတခု...



..................................................................................................................................................

အဲဒီသင်တန်းကာလအတွင်း ကိုခင်မောင်ဝင်း ထုတ်ဝေခဲ့တဲ့ ဓာတ်ပုံအခြေခံ စာအုပ်ငယ်...။


......................................................................................................

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More