Monday, November 11, 2013

တနသာင်္ရီဂျာနယ် အမှတ် ၂၃

လယ်ယာမြေ သိမ်းဆည်းခံထားရသည့် လယ်သမားများ ဆန္ဒထုတ်ဖော်

|Dawei Watch| ထားဝယ်၊ နိုဝင်ဘာ ၁၁





တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးစိုက်ရာ ထားဝယ်မြို့တွင်
လယ်ယာဥယျာဉ်ခြံမြေသိမ်းခံရသော တောင်သူလယ်သမား ၁၀၀ဦးမှ နိုဝင်ဘာလ  ၁၁
ရက်နေ့၌ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း
ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူများက ပြောကြားသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် ထားဝယ်မြို့အပေါ်မှ လယ်ယာမြေ သိမ်းဆည်းခံရသော
လယ်သမားများအပြင်၊ လယ်ယာဥယျာဉ်ခြံမြေများ သိမ်းဆည်းခံရသော ဇလွန်း၊
သဗြေချောင်း၊ ကူးတို့ကျေးရွာတို့မှ လယ်သမားများ ပါဝင်ပြီး ဒေသခံ
လူထုအခြေပြု အဖွဲ့အစည်း များက ၀န်းရံကာ ဆန်းချီ /ပုံကျွန်းရပ်ကွက်
တစ်ပတ်ကို နံနက် ၉နာရီမှ ၁၁နာရီအထိ နှစ်နာရီအကြာ ချီတက် ဆန္ဒထုတ်
ဖော်ခဲ့ကြောင်း လယ်သမားများက ပြောဆိုသည်။

သိမ်းဆည်းထားတဲ့ လယ်မြေကိစ္စကို အစိုးရနှင့် အကြိမ်ကြိမ် သွားရောက်
ဆွေးနွေး ပြောဆိုသော်လည်း ‘လုပ်ပေးမည်’ ‘လာကြည့်ပေးမည်’ ‘ကျေနှပ်အောင်
လုပ်ပေးမည်’ ဟုပြောဆိုပြီး မလုပ်ပေးသောကြောင့်  အခုနောက်ဆုံးအဆင့်
ဆန္ဒထုတ်ဖော်ရခြင်းဖြစ်သည်ဟု ဦးဆောင်ဆန္ဒပြသည့် လယ်သမား
ဦးထွန်းထွန်းဝင်းက ပြောဆိုသည်။

“ဘာမှ မလုပ်ပေးရင် ဆက်ပြီးဆန္ဒပြမယ်၊ မရမချင်းပြသွားမယ်၊ အစိုးရဘက်က
လျော့ပေါ့ပေးမယ်ဆိုရင်လည်း လျော့ပေးတဲ့ ပုံစံကြည့် ရဦးမယ်”ဟု
ဦးထွန်းထွန်းဝင်းက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးအပတ်၌ ထားဝယ်မြို့ ကမြောကင်းလမ်းရှိ
သိမ်းဆည်းထားသော လယ်ယာမြေတွင် ၀န်ထမ်းအိမ်ယာစီမံကိန်း အကောင်အထည်ဖော်ရန်
စပါးရိတ်သိမ်းခါနီး လယ်မြေကိုခြံခတ်ခြင်း၊ ရိတ်သိမ်းခါနီး စပါးများရှိနေ
သည့် လယ်မြေပေါ်တွင် မြေဖို့ခြင်း တို့ကြောင့် လယ်သမားများနှင့် ဒေသခံ
လူထုအခြေပြု အဖွဲ့အစည်းများက တားဆီးရာမှ တိုင်းအထွေထွေအုပ်ချူပ်ရေး
ဦးစီးဌာနမှ တိုင်းဒေသကြီး အတွင်းရေးမှူး အပါအ၀င် အဖွဲ့က ကြမ်းထမ်းစွာ
ပြောဆိုခဲ့၍  ထိပ်တိုက်တွေ့ပြီးနောက် ဆန္ဒထုတ်ပွဲကို စီစဉ်လာခဲ့သည်ဟု
လယ်သမားများထံမှ သိရသည်။

“ဘုရားတင်နေတဲ့ စပါးကို မြေဖုံးဖျက်ဆီးလိုက်လို့ အရမ်းဝမ်းနည်းတယ်
ဒါကြောင့် ဆန္ဒထုတ်ဖော်ရတာပါ”လယ်သမား ဦးကြူလွင်က ဆိုသည်။

လယ်သမားများက “မတရား သိမ်းဆည်းထားသော လယ်ယာမြေများ ပြန်လည်
မှတ်ပုံတင်ခွင့် ရရှိရေး” “တောင်သူလယ်သမား များအား အမှန်တကယ်
ကိုယ်စားပြုသော လွှတ်တော်အမတ် ရရှိရေး ”စသည့် ကြွေးကြော်သံများ အပါအ၀င်
ကြွေးကြော်သံ ၆ ခု ကို ကြွေးကြော်ကာ၊ “လယ်ယာမြေ သိမ်းဆည်းမှု
ချက်ခြင်းရပ်” “နိုင်ငံတော်က ပြဋ္ဌာန်းထားသောမြေယာဥပဒေကို လေးစား
လိုက်နာပါ” “လ/န ၃၉ သည် မြေသိမ်းအမိန့်မဟုတ်”အပါအ၀င် စသည့် ပို စ တာ
ဆိုင်းဘုတ် ၉ ခုကို ကိုင်ဆောင် ဆန္ဒထုတ်ဖော် ကြသည်။

“မြေယာ ဆုံးရှုံးမှုအပေါ် ပြန်လည်လိုချင်လို့ ဆန္ဒထုတ်ဖော်ရာမှာ
ပူးပေါင်းပါဝင်တာပါ”ဟု သဗြေချောင်းကျေးရွာမှ
ဥယျာဉ်ခြံ သိမ်းဆည်းခံရသူ ဦးကျော်သူက ဆိုသည်။

လယ်မြေသိမ်းဆည်းပြီး ဆောက်လုပ်ထားသော လက်ရှိ အဆောက်အအုံနေရာကို မြို့ပြ
ကာလတန်ဖိုးအတိုင်းပေးရန်၊ မဆောက်လုပ်သေးသည့် လယ်မြေများကို
မြေယာမှတ်ပုံတင်ခွင့်ပေးရန် တာဝန်ရှိသူများကို လယ်သမားများ၏ သဘောထားကို
ပြောဆိုထားပြီးဖြစ်သည်ဟု ကိုထွန်းထွန်းဝင်းက ရှင်းပြသည်။

အငြင်းပွားမှု ဖြစ်နေသည့် စီမံကိန်း အကောင်အထည်ဖော်ရန်အတွက်
၁၉၉၀ခုနှစ်ကတည်းက သိမ်းဆည်းထားသည် လယ်မြေဧက ၃၀၀ကျော်ရှိပြီး
ယင်းလယ်ယာမြေများပေါ်တွင် ပုဂ္ဂလိက ဆေးရုံစီမံကိန်း၊ ၀န်ထမ်းအိမ်ရာ၊
တနင်္သာရီတိုင်း ဒေသကြီး ယဉ်ကျေးမှုပြတိုက် စသဖြင့် အစိုးရနှင့်
ပုဂ္ဂလိကစီမံကိန်းများ အကောင်အထည် ဖော်လျက် ရှိသည်။
...........................................
(ဖတ်နည်းအညွန်... စောင်းနေတဲ့ PDF ဖွိုင်ကို အတည့်ဖြစ်အောင် ကျနော်မလုပ်တတ်ပါ။ ဒါကြောင့် ဒီဖွိုင်ကို ကြည့်မယ်ဆိုရင် View ကိုအရင်နှိပ်ပါ။ ပြီးရင် Rotate View  ကတဆင့် Clockwise ကိုနှိပ်ပါ။)

 

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More