Friday, November 1, 2013

၂၅ နှစ်ကြာပြီးတဲ့အခါ (သို့) Activist မှ နိုင်ငံရေးသမားအဖြစ် အသွင်ပြောင်းချိန်

The Voice Daily, Thu Oct 31, 6:41 pm

ထက်အောင်ကျော်

(မနက်ဖြန်) နိုဝင်ဘာလ ၁ ရက်နေ့ဟာ ABSDF ‘မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး’ စတင်ဖွဲ့စည်းတဲ့နေ့ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ရှစ်လေးလုံး အရေးတော်ပုံ ဖြိုခွဲခံရအပြီးမှာ အဲဒီလို ဖြိုခွဲတဲ့စစ်တပ်ကို လက်နက်ကိုင်ပြီး တော်လှန်မှရမယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ တောခိုသွားကြတဲ့ အသက် ၂၀ ဝန်းကျင် လူငယ်တွေ ဦးဆောင်တဲ့ ‘ကျောင်းသားတပ်မတော်’ (၂၅) နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။
per_25hkptak_HAKလက်နက်ကိုင် တော်လှန်ရေးဆိုတာဟာ ရုပ်ရှင်တွေ၊ ဝတ္ထုတွေထဲ ကလို စိတ်ကူးယဉ်ဆန်ဆန် မဟုတ်။ သူသေကိုယ်သေ တိုက်ရတဲ့ တိုက်ပွဲမျိုးကို ကျွန်တော်တို့ ကျောင်းသားတွေ ရင်ဆိုင်ခဲ့ရတာပါ။ ဒီလို တိုက်ပွဲဝင်နိုင်ဖို့အတွက် ကျွန်တော်တို့မှာ ကိုယ်ပိုင်နယ်မြေမရှိ၊ ကိုယ်ပိုင်ဝင်ငွေမရှိ။ ဒါပေမဲ့ ကိုယ်ပိုင် လက်နက်ရှိအောင်၊ ကိုယ်ပိုင် ရပ်တည်ချက်ရှိအောင် ကျွန်တော်တို့ အားလုံး ကြိုးစားခဲ့ကြပါတယ်။

“တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံး စစ်အာဏာရှင် စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး” ဆိုတာဟာ ABSDF ရဲ့ ဦးတည်ချက် လေးရပ် ဖြစ်ပါတယ်။ အဲဒီဦးတည်ချက် လေးရပ်အောင်မြင်ဖို့ ၂၅ နှစ်ကြာတိုက်ပွဲဝင်ရင်း ကျွန်တော်တို့ရဲ့ ‘ရဲဘော် သူငယ်ချင်း’ ၆၀၀ ကျော် ကျဆုံးခဲ့ပါတယ်။ တိုက်ပွဲအတွင်း ကျဆုံးသူ ၃၅၀ ကျော်၊ ငှက်ဖျား အပါအဝင် ရောဂါအမျိုးမျိုးကြောင့် သေဆုံးသူ ၂၇၀ ကျော်၊ ထိခိုက် ဒဏ်ရာရသူ ၄၀၀ ကျော် ရှိခဲ့တယ်လို့ စာရင်းတွေအရ သိရပါတယ်။

ရဲဘော်သူငယ်ချင်းတွေ အသက်နဲ့ရင်း ပေးဆပ်တိုက်ပွဲဝင်ခဲ့ပြီး ၂၅ နှစ်ကြာတဲ့အခါမှာ ဒီဦးတည်ချက်လေးရပ် ဘယ်လောက်အထိ အကောင်အထည် ပေါ်နေပြီလဲ…။ စစ်အာဏာရှင်စနစ် မရှိတော့ဘူး ဆိုပေမယ့် စစ်တပ်ကြီးစိုးတဲ့ အုပ်ချုပ်မှုစနစ် ကတော့ ရှိနေဆဲပါ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကလည်း မရသေး၊ အခုမှ ပွင့်လင်းစွာ တောင်းဆိုခွင့်ရတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးကလည်း အကြိတ်အနယ် ဆွေးနွေးနေရဆဲ။ ဖက်ဒရယ် ပြည်ထောင်စုကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်သင့်မသင့် အငြင်းပွားတဲ့ အဆင့်ကကို မကျော်နိုင်သေးပါ။

ဒါပေမဲ့ ABSDF ကိုယ်တိုင်ကတော့ ၂၀၁၃ ခုနှစ် သြဂုတ်လ အစောပိုင်း ရှစ်လေးလုံး ၂၅ နှစ်ပြည့်နေ့ မတိုင်ခင်လေးမှာ လက်ရှိ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။
ကဲ… ကျွန်တော်တို့ ဘာဆက်လုပ်ကြမှာလဲ။ ဒါဟာ လက်ရှိ ABSDF ခေါင်းဆောင်ပိုင်းနဲ့ ရဲဘော်တွေမှာသာ တာဝန်ရှိတာ မဟုတ်။ လွန်ခဲ့တဲ့ ၂၅ နှစ်က ABSDF ဖြစ်လာအောင် ပါဝင်ပတ်သက်ခဲ့သူ အားလုံး၊ အခြေအနေ အမျိုးမျိုးကြောင့် အဖွဲ့ကနေ ထွက်ပြီး ပြည်တွင်း-ပြည်ပ ဒေသ အသီးသီးမှာ ပျံ့နှံ့ရောက်ရှိနေကြတဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေ အားလုံးမှာပါ တာဝန်ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ အခု ဒီရဲဘော်တွေ ဘယ်နိုင်ငံ၊ ဘယ်ဒေသတွေ ရောက်နေပြီး ဘာတွေ လုပ်နေကြသလဲ။

တပ်မတော် လေလှိုင်းက စကားလုံးအတိုင်း ပြောရမယ်ဆိုရင် “မိဘများနဲ့ အဆက်အသွယ် လုပ်ပါရန် အကြောင်းကြား အပ်ပါသည်”ပေါ့။ ဆိုလိုတာက လက်ရှိ နိုင်ငံရေး အခြေအနေဟာ ကိုယ်မျှော်မှန်းထားတဲ့ ပုံစံအတိုင်း ပြောင်းလဲတာမျိုး မဟုတ်သေးပေမယ့် ပြုပြင်ပြောင်းလဲရေး ဘက်ကို မျက်နှာမူ နေတာကတော့ သေချာပါတယ်။ ဒီလိုအခြေအနေမှာ ဘယ်အခန်းကဏ္ဍကနေ ကိုယ်ပါဝင် ကူညီပေးနိုင်မလဲ ဆိုတာကို စဉ်းစားသင့်တယ် ထင်ပါတယ်။ ဒီအတွက် မူလ အဖွဲ့အစည်းဖြစ်တဲ့ ABSDF နဲ့ ဖြစ်စေ၊ ဒါမှမဟုတ် လူကိုယ်တိုင် မြန်မာနိုင်ငံထဲအထိ သွားပြီးဖြစ်စေ လက်ရှိ အခင်းအကျင်းကို ကိုယ်တိုင် ကွင်းဆင်း လေ့လာသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။

ဒါက လွန်ခဲ့တဲ့ ၂၅ နှစ်က တောခိုပြီး ABSDF ထဲပါလာကြတဲ့ ထောင်နဲ့ချီရှိတဲ့ ကျောင်းသား လူငယ်တွေကို ဆိုလိုတာပါ။ တောမခိုဘဲ မြေအောက် ဆင်းသွားသူတွေ၊ အခြေအနေ အရပ်ရပ်ကြောင့် ငြိမ်နေလိုက်သူတွေက သောင်းနဲ့ချီ ရှိပါသေးတယ်။ အဲဒီကာလက ထင်ရှားခဲ့တဲ့ လမ်းသုံးသွယ် မူအရဆိုရင် ကျောင်းသားတချို့က တောခိုစဉ်မှာ တချို့က မြေအောက် ဆင်းသွားပါတယ်။ တချို့က နိုင်ငံရေးပါတီထဲ ဝင်သွားပါတယ်။ အဲဒီသုံးဖွဲ့ကတော့ ABSDF, DPNS လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ဖြစ်ပါတယ်။

အခု ၂၅ နှစ် ကြာပြီးတဲ့ အခါမှာတော့ မြေအောက်ဆင်းသွားတဲ့ အဖွဲ့တွေလည်း မြေပေါ် ပြန်ရောက်နေပြီ ဖြစ်သလို တောခိုသွားတဲ့ ပါတီလည်း တရားဝင် မှတ်ပုံပြန်တင်ဖို့ ပြင်နေပါပြီ။ ဒါပေမဲ့ ကျန်နေတဲ့မေးခွန်းက နဂိုက တစ်ဖွဲ့တည်းသာရှိတဲ့ ဒီကျောင်းသားအဖွဲ့ သုံးခု၊ အခုချိန်မှာ တစ်ဖွဲ့တည်းအဖြစ် ပြန်ပေါင်းစည်းနိုင်ပါ့မလား ဆိုတာပါပဲ။

ပြီးခဲ့တဲ့ ရှစ်လေးလုံးငွေရတုမှာ ဒီကိစ္စကို အလေးပေး ဆွေးနွေးလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် တစ်နိုင်ငံလုံးဆိုင်ရာ ကိစ္စတွေ၊ အထွေထွေ ကိစ္စတွေကသာ လွှမ်းမိုးသွားခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ မူအားဖြင့်ကတော့ ဒီသုံးဖွဲ့ ပေါင်းပြီး လုပ်မယ်ဆိုတာမျိုး ကျွန်တော် နားလည်ခဲ့ပါတယ်။ မေးစရာက ဘာတွေကို ဘာမူတွေနဲ့ ဘယ်လို ဆက်လုပ်မှာလဲ။

တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် လွန်ခဲ့တဲ့ ၂၅ နှစ်က ဒီလူတွေ အားလုံးဟာ ကျောင်းသားတွေ ဖြစ်ခဲ့ကြတာ မှန်ပေမယ့် အခု ဒီလူတွေအားလုံး ကျောင်းသားအရွယ် မဟုတ်တော့ပါဘူး။ ဒါဖြင့် ဒီလူတွေက နိုင်ငံရေးသမားတွေလား။ ဒီလိုမျိုး အတိအကျပြောလို့လည်း မဖြစ်သေးပါ။ လူ့ဘောင်သစ်က နိုင်ငံရေးပါတီ ဖြစ်တဲ့အတွက် အဲဒီပါတီဝင်တွေကို နိုင်ငံရေးသမားလို့ ပြောရင် မမှားပေမယ့် ABSDF နဲ့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေကို နိုင်ငံရေးသမားလို့ ပြောရင် မမှားရင်တောင် အတိအကျ မမှန်သေးဘူးလို့ ထင်ပါတယ်။

ဒါဖြင့် ဒီလူတွေက ဘာတွေလဲ။ တော်လှန်ရေးသမားလား။ Activist (တက်ကြွလှုပ်ရှားသူ) တွေလား။ လူမှုရေးလုပ်သား NGO ဝန်ထမ်းတွေလား။ စာပေဟောပြောရေး ဆရာတွေလား။ သေချာတာကတော့ နိုင်ငံရေးသမားလို့ ပြောဖို့ခက်နေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုခေါင်းစဉ် ဝေ၀ါးနေဖို့ အချိန်က သိပ်မကျန်တော့။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဒီလူတွေ ခေါင်းစဉ်တစ်ခုခု ရွေးရပါလိမ့်မယ်။ နိုင်ငံရေးသမား လုပ်မှာလား၊ ဒီလိုပဲ ဟိုမရောက် ဒီမရောက် လှုံ့ဆော်ရေးအဆင့်မှာ ဆက်သွားနေမှာလား။

“အခုတိုင်းနေတာက ပိုကောင်းတယ်ဗျ။ လွတ်လွတ်လပ်လပ် သွားလို့လာလို့ ရတယ်။ ပြဿနာဖြစ်နေတဲ့ နေရာတွေအထိ သွားပြီး ကျွန်တော်တို့က ကြားဝင်ဖျန်ဖြေ ပေးနိုင်တယ်။ တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေ အထိလည်း ကျွန်တော်တို့ သွားလို့ရတယ်။ အားလုံးပါနိုင်တဲ့ ဆွေးနွေးပွဲတွေလည်း ကျွန်တော်တို့ လုပ်နိုင်တယ်။ နိုင်ငံရေးပါတီ ထောင်လိုက်ရင် ဒီလိုမျိုး ဘယ်လုပ်ခွင့် ရတော့မလဲ။ NLD ကိုကြည့်ပါလား” လို့ ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလတွေအတွင်း နော်ဝေနိုင်ငံဆီ ရောက်လာကြတဲ့ ၈၈ မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေက အခုလို ပြောသွားတာပါ။
သူ့အကြောင်းပြချက်နဲ့သူ ဟုတ်သလိုလို ရှိနေပေမယ့် နော်ဝေမှာ အခြေချ နေထိုင်နေကြတဲ့၊ တစ်ခါက သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် တောခို ကျောင်းသားဟောင်းတွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တွေကတော့ ဒီလိုပြောတာကို သိပ်သဘောမတူကြပါဘူး။

“ကျွန်တော်တို့ကတော့ ခင်ဗျားတို့ကို ကြားဝင်ညှိနိုင်းပေးတဲ့ အဖွဲ့လိုလို၊ အစည်းအဝေးဖြစ်အောင် ကမကထ လုပ်ပေးတဲ့ အဖွဲ့လိုလိုနဲ့ လှုံ့ဆော်ရေးအဖွဲ့အဖြစ် ရပ်တည်နေတဲ့ အဆင့်ကို မကြိုက်ဘူး။ Activist အဆင့်ကိုကျော်ပြီး Stakeholder အဆင့်အထိ၊ နိုင်ငံရေးအာဏာ ရယူမယ့် နိုင်ငံရေးသမား အဆင့်အထိ တက်ပြီး တာဝန်ယူ ဆောင်ရွက်စေချင်ပါတယ်” လို့ နော်ဝေ အခြေချ ကျောင်းသားဟောင်း တစ်ဦးက အဲဒီ တွေ့ဆုံပွဲအတွင်း တိုက်တွန်း ခဲ့ပါတယ်။

နောက်တစ်ဦးကတော့ “ခင်ဗျားတို့ကို နိုင်ငံတကာက အခုလို တကူးတက ဖိတ်ကြားပြီး အရေးပေးနေတာကိုက လက်ရှိ အစိုးရအလွန် ခေတ်မှာ၊ တည့်တည့် ပြောရရင် ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ ခင်ဗျားတို့အုပ်စုထဲက လူတွေ ခေါင်းဆောင် ဖြစ်လာနိုင်ခြေ ရှိတယ်၊ ဝန်ကြီးတွေ ဖြစ်လာနိုင်ခြေ ရှိတယ်ဆိုပြီး တွက်ဆထားလို့ပေါ့ဗျ။ NGO ပဲ လုပ်မယ်ဆိုရင် သူတို့ ဘယ်ဖိတ်ပါ့မလဲ” လို့ ထောက်ပြပါတယ်။

ဒီတိုက်တွန်းချက်တွေ အားလုံးကို သူတို့ရဲ့ အစည်းအဝေးတွေမှာ ထည့်သွင်း စဉ်းစားမယ်လို့ ပြောသွားပေမယ့် အခုချိန်ထိတော့ ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းဟာ နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းမဲ့ လက္ခဏာ မတွေ့ရ သေးပါဘူး။ တစ်ဖွဲ့လုံး မပြောင်းပေမယ့် လူပုဂ္ဂိုလ် တချို့ကတော့ ဒီအဖွဲ့ကနေ နုတ်ထွက်ပြီး ပါတီထောင်တာ၊ ဒါမှမဟုတ် ရှိပြီးသား ပါတီတစ်ခုခုထဲ ဝင်တာမျိုးတော့ ဖြစ်လာနိုင်တယ်လို့ သူတို့က ပြောပါတယ်။ ဒီလိုဆိုရင် အင်အားတွေ တစ်စစီ ဖြစ်မသွားနိုင်ဘူးလား။ အားကောင်းတဲ့ ကြံ့ခိုင်ရေးပါတီကို ယှဉ်နိုင်ဖို့ ဒီလိုနည်းဗျူဟာနဲ့ ဖြစ်ပါ့မလား။

ဒီနေရာမှာ အမြင်နှစ်မျိုးကွဲနေတာကို တွေ့ရပါတယ်။ တစ်မျိုးက ဒီပုဂ္ဂိုလ်တွေဟာ အများပြည်သူက မဲဆန္ဒနဲ့ တရားဝင် ရွေးချယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ မဟုတ်ပေမယ့် ရွေးကောက်ခံ အမတ်တွေထက် လူထုရဲ့ လေးစားချစ်ခင်မှုကို ပိုရနေသူတွေ ဖြစ်တယ်။ ဒါမျိုး ရဖို့ဆိုတာ သူတို့မှအပ တခြားလူတွေ မဖြစ်နိုင်ဘူး။ ဒါကြောင့် ဒီလူတွေဟာ ပါတီနိုင်ငံရေးကို စိတ်ပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ တာဝန်အရ လုပ်ကို လုပ်သင့်တယ်လို့ မြင်ပါတယ်။ ဒုတိယ တစ်မျိုးကတော့ လူတိုင်းမှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိတဲ့အတွက် သူတို့မှာလည်း ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ နိုင်ငံရေးသမားအဆင့်ကို မတက်ဘဲ အခုတိုင်း နေမလား၊ NGO အဖြစ်ပဲ ရပ်မလား၊ စာရေးဆရာအဖြစ် ကဗျာဆရာတွေအဖြစ်ပဲ နေကြမလား။ သူတို့ရဲ့ လွတ်လပ်စွာ ရွေးချယ်မှုကို အားလုံးက နားလည်ပေးသင့်တယ်လို့ ဆိုပါတယ်။

အနှစ်ပြန်ချုပ်ရမယ် ဆိုရင်တော့ ABSDF, DPNS နဲ့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းရှိ အဖွဲ့ဝင်သစ်၊ အဖွဲ့ဝင်ဟောင်း (ပြည်ပရောက်နေသူတွေ အပါအဝင်) အားလုံးဟာ ကျောင်းသားတွေ မဟုတ်တော့ပါဘူး။ ကျောင်းသား နိုင်ငံရေးအဆင့်၊ Activist အဆင့်၊ NGO အဆင့်မှာတင် ရပ်နေလို့ မသင့်ပါ။ နိုင်ငံတော်အာဏာကို ရယူမယ့် အဆင့်၊ ပါလီမန်ထဲကို ဝင်ပြီး လွှတ်တော်အမတ်အဖြစ် အရွေးခံမယ့် နိုင်ငံရေးသမားတွေ အဆင့်ထိ တက်ရောက်ဖို့ လိုနေပါတယ်။
၈၈ အရေးတော်ပုံကနေ ပေးအပ်လိုက်တဲ့ မပြီးဆုံးသေးတဲ့ သမိုင်းပေး တာဝန်ကို ၈၈ မျိုးဆက် ကျောင်းသားဟောင်းတွေ အားလုံးက နိုင်ငံရေးသမားတွေအဖြစ် အသွင်ပြောင်းပြီး ဆက်လက် ထမ်းဆောင်ဖို့ အခြေအနေ အရပ်ရပ်က တောင်းဆိုနေပြီ ဖြစ်ပါတယ် ။ ။
ထက်အောင်ကျော်

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More