Wednesday, October 30, 2013

ကမြောကင်း လယ်ယာမြေကိစ္စ လယ်သမား၊ လူထုအခြေပြုအဖွဲ့နှင့် ထွေ/အုပ် ထိပ်တိုက်တွေ့

Dawei Watch၊ ထားဝယ်၊ အောက်တိုဘာ ၃၀
 
ကာလကြာရှည်စွာ မပြေလည်သေးဘဲ ဖြစ်နေသည့် ကမြောကင်း လယ်ယာမြေကိစ္စ လယ်သမား၊ လူထုအခြေပြု အဖွဲ့အစည်း နှင့် တနင်္သာရီတိုင်း အထွေထွေ အုပ်ချူပ်ရေး ဦးစီးဌာနတို့ ထိပ်တိုက်တွေ့လာသည်ဟု ထားဝယ်အခြေစိုက် လူထု အခြေပြု အဖွဲ့အစည်းများ နှင့် လယ်သမားများထံမှ သိရသည်။ 
အောက်တိုဘာလ ၂၇ ရက်နေ့က စပါးရိတ်သိမ်းခါနီး လယ်မြေကို ခြံခတ်သည့်အတွက် လယ်သမားများနှင့် ထားဝယ်ခရိုင် အုပ်ချူပ်ရေးမှူး၊ မြို့နယ် အုပ်ချူပ်ရေးမှူး အပါအ၀င် ဌာနဆိုင်ဝန်ထမ်းများ အငြင်းပွားကာ စကားအခြေအတင်ဖြစ်ခဲ့ကြောင်း လယ်သမားများထံမှ သိရသည်။
ယင်းသို့ စကားအခြေအတင်ဖြစ်ပြီး နောက်တစ်နေ့ အောက်တိုဘာလ ၂၉ ရက်နေ့တွင်  ရိတ်သိမ်းခါနီး စပါးများရှိနေသည့် လယ်မြေပေါ်တွင် မြေဖို့သည်ကို လယ်သမားများနှင့် ဒေသခံ လူထုအခြေပြုအဖွဲ့အစည်းများက တားဆီးရာက ထိပ်တိုက်တွေ့ကာ တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချူပ်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီး အတွင်းရေးမှူး ဦးတင်သိန်းအပါအ၀င် အဖွဲ့က ကြမ်းတမ်းစွာ ပြောဆိုခဲ့သည်ဟု လူထုအခြေပြုအဖွဲ့အစည်းများနှင့် ဒေသခံ လယ်သမားများက ပြောဆိုသည်။ 
လယ်သမားများနှင့် လူထုအခြေပြုအဖွဲ့အစည်းများက မြေလာဖို့သည့် ကားကို တားပြီး တာဝန်ရှိသူများကို ဆက်သွယ်ခိုင်းရာ တိုင်းဒေသကြီး အတွင်းရေးမှူး ဦးတင်သိန်းပါ အဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်လာပြီး ထိပ်တိုက်တွေ့ခဲ့ခြင်းဖြစ်ကြောင်း လယ်သမားများ၏ ဗီဒီယို မှတ်တမ်းအရ သိရသည်။  
လယ်သမားများနှင့် လူထုအခြေပြု အဖွဲ့အစည်းများကို ကြမ်းတမ်းစွာ ကြိမ်းမောင်းခြင်း၊ လယ်သမားများနှင့် လူထုအခြေပြု အဖွဲ့များ နေရိပ်ခိုနေသည့် ထန်းရည်တဲကို ဖျက်ဆီးရန် အမိန့်ပေးခြင်း၊ လူထူအခြေပြု အဖွဲ့အစည်းတစ်ခုမှ မှတ်တမ်းကင်မရာ တစ်လုံးကို ဖျက်ဆီးခြင်းတို့စသဖြင့် ကြမ်းတမ်းစွာ ပြုမူခဲ့သည်ဟု ဒေသခံ လယ်သမားများက ပြောသည်။
“နိုင်ထက် စီးနင်းဆန်လွန်းတယ်။ လက်ရှိ ဆန္ဒပြခွင့် တင်ဖို့ လုပ်နေတယ်။ ဘက်ပေါင်းစုံကနေ လုပ်သွားမယ်” ဟု အခင်းဖြစ်ပွားသည့် နေရာကို ရောက်ခဲ့သည့် ထားဝယ်ဒေသခံ လူအခွင့်ရေး စောင့်ကြည့်လေ့လာသူ ဦးသန်းဝင်းက ဆိုသည်။
လက်ရှိ ပြုစုထားသည့် စာရင်းအရ မြေသိမ်းဆည်းခံထားရသည့် လယ်သမား ၆၄ ဦးအနက် ၁၀ ဦးသာ လျော်ကြေးယူရန် သဘောတူထားခြင်းဖြစ်ပြီး အများစုက သဘောမတူသေးဟု ဦးသန်းဝင်းက ပြောသည်။
သို့သော် တိုင်းအစိုးရအဖွဲ့မှ ဦးတင်သိန်းကမူ လျှော်ကြေးယူထားသည့်သူ ၃၀ ဦးခန့်ရှိသည်ဟု အခင်းဖြစ်ပွားသည့်နေရာတွင် ပြောဆိုခဲ့သည်ကို ဗီဒီယို မှတ်တမ်းအရ သိရသည်။
အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး အတည်ပြုနိုင်ရန် အောက်တိုဘာလ ၃၀ ရက်နေ့ ညနေပိုင်းက တိုင်းအတွင်းရေးမှူး ဦးတင်သိန်းကို ၂ကြိမ်တိုင်တိုင် ဆက်သွယ်မေးမြန်းရာ ၀န်ကြီးချူပ် ရုံးခန်းသွားနေသည်ဟု တိုင်းအတွင်းရေးမှူး ရုံးခန်းမှ ၀န်ထမ်းတစ်ဦးက ပြန်လည်ဖြေကြားသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချူပ်ထံ ဆက်သွယ်မေးမြန်းရာ မိမိအနေဖြင့် အဆင်ပြေဆုံး ဖြစ်အောင်စဉ်းစားကာ လျှော်ကြေးပေးရန် ကမ်းလှမ်းထားပြီးဖြစ်သည့်အတွက် အချိန်မရွှေးယူနိုင်ကြောင်း၊ ယူသည့်သူများလည်း ယူနေပြီ ဖြစ်ပြီး မယူတာကိုတော့ မိမိအနေဖြင့် မတတ်နိုင်ကြောင်း ပြန်လည်ဖြေကြားသည်။
သက်ဆိုင်ရာများ၏ ကြမ်းတမ်းစွာ ပြောဆိုမှုအပေါ် မှတ်ချက်မေးမြန်းရာ
“ဒီက စည်းနဲ့ကမ်းနဲ့ ဥပဒေနဲ့ အညီလုပ်နေတာကို သူတို့ အုပ်စုဖွဲ့ပြီး ၀ူးဝူးဝါးဝါး တားဟယ် ဆီးဟယ်လုပ်နေတာကိုရော”ဟု တနင်္သာတိုင်းဒေသကြီး ၀န်ကြီးချူပ် ဦးမြတ်ကိုက ပြန်လည် မေးခွန်းထုတ်ခဲ့သည်။
မိမိတို့အနေဖြင့် ရိုက်နှက်ဖမ်းဆီးနေတာမျိုးမဟုတ်သည့်အတွက် ကြမ်းတမ်းစွာ ကိုင်တွယ်သည်ဟု မပြောသင့်၊ တည်တည်ငြိမ်ငြိမ် ဖြစ်ရန် တာဝန်အရ လုပ်နေခြင်းဖြစ်ကြောင်း၊ တစ်ဧကကို ကျပ်သိန်း ၃၀ ဆယ်ခန့်သာ တန်သည့် လယ်ကွက်အစား ကျပ် သိန်း ၁၀၀ ခန့် တန်သည့် မြေကွက်များကို အစားထိုးပေးရန် ကမ်းလှမ်းထားပြီးဖြစ်ကြောင်း ၀န်ကြီးချူပ် ဦးမြတ်ကိုက ပြောသည်။
“အငြင်းပွားမှုဖြစ်လာတဲ့အချိန်မှာ ပြေလည်မှုရဖို့ မကြိုးစားဘဲ အော်နေ ငေါက်နေတာ၊ လူတွေကို ရှင်းလည်း မရှင်းပြ၊ စကားပြောခွင့်လည်းမပေးဘဲ အာဏာသုံးပြီး မောင်းထုတ်တာ၊ ကိုယ်ထိလက်ရောက် လုပ်တာက ယဉ်ကျေးတဲ့ လုပ်ရပ်လား”ဟု အခင်းဖြစ်ပွားနေရာသို့ ရောက်ရှိခဲ့သည့် ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ ထားဝယ် ညှိနှိုင်းရေးမှူး ဦးသန့်ဇင်က တန်ပြန် မေးခွန်းထုတ်သည်။
သက်ဆိုင်ရာ၏ ဖြေရှင်းပုံသည် ပြဿနာ ပြေလည်ရန် ဟူသည့် ရည်ရွယ်ချက်ဖြင့် ဦးတည်ကိုင်တွယ်ခြင်းမဟုတ်ဘဲ မိမိတို့တွင် လုပ်နိုင်သည့် အာဏာရှိသည်၊ မည်သူကျေနပ်မကျေနပ် လုပ်ကိုလုပ်မည်ဟူသည့် ဆုံးဖြတ်ချက်ချပြီး ကိုင်တွယ်သလို ဖြစ်နေသည်ဟု ၎င်း ပြောသည်။
“ပြီးခဲ့ နှစ်ရက်စလုံးကဖြစ်တဲ့ ကိစ္စအပေါ်မှာ အလွန်အကျွံ ကိုင်တွယ်တယ်လို့ ကျွန်တော်တို့ မြင်တယ်။ ကိုယ်တိုင်လည်း ကြုံခဲ့တယ်။ ဒီကိစ္စမျိုးကိုတောင် ညင်ညင်တာတာ မကိုင်တွယ်နိုင်တဲ့ အစိုးရ ဘာအစိုးရလဲ။ ပြည်သူ့ လစာ ယူထားတာ မမေ့ပါနဲ့။ စစ်အစိုးရ လက်ထက်ကတောင် ဒါမျိုး မတွေ့ဖူးဘူး” ဟု ဦးသန့်ဇင်က ဆိုသည်။
ယင်းလယ်ယာမြေကိစ္စနှင့် ပတ်သက်ပြီး လယ်သမားများနှင့် လူထုအခြေပြု အဖွဲ့အစည်းများ အားလုံး ပူးပေါင်းတိုင်ပင်ပြီး ရှေ့ဆက် လုပ်ကိုင်သွားမည်ဟု လယ်ဧက ၁၄ ဧက ပိုင်ဆိုင်သည် ဦးထွန်းထွန်းဝင်းက ပြောသည်။
 “ဒီနေရာမှာ ၁၃ နှစ်သားကတည်းက နေလာခဲ့တာ။ ကျွန်တော် အရမ်းစိတ်လေနေပြီ။ ဘာပြောရမှန်းကို မသိတော့ဘူး။ လမ်းလျှောက်တာလည်း မြေနဲ့ ခြေထောက် မထိတော့ဘူး။ အလုပ်သမားတွေလည်း ပေါက်တူးတွေ ဘာတွေ လွှင့်ပစ်ပြီး စားမနိုင် သောက်မနိုင်ဖြစ်နေပြီ” ဟု လယ်မြေဧက ၇ ဧက ပိုင်သည့် ဦးကြည်လွင်က ဆိုသည်။
အခင်းဖြစ်ပွားသည့် စီမံကိန်းနေရာဖြစ်သည့် ထားဝယ်မြို့၊ ဆန်းချီရပ်ကွက် ၀န်ကြီးများအိမ်ယာ အနောက်ဖက် လယ်ကွက်မြေနေရာတွင် မြို့ရွာနှင့် အိုးအိမ် ဆောက်လုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းအိမ်ယာ စီမံကိန်းအဖြစ် ၆ခန်းတွဲ နှစ်ထပ်တိုက် ၁၀လုံးနှင့် ၆ခန်းတွဲ တစ်ထပ်တိုက် ၃လုံး တည်ဆောက်မည်ဟု ကန်ထရိုက်တာများထံမှ သိရသည်။
စီမံကိန်းဖော်ဆောင်မည့်နေရာနှင့် အနီးဝန်းကျင်၌ရှိသော လယ်မြေတွင် နှစ်စဉ်စပါးစိုက်ပျိုးလာခဲ့ပြီး ၂၀၁၁ခုနှစ်အထိ နှစ်စဉ် မြေအခွန်များ ပေးဆောင်ကာ လုပ်ကိုင်လာသော လယ်မြေများဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် မြေအခွန်ပြေစာများ ဆက်မထုတ် ပေးတော့သော်လည်း လယ်ယာများကို ဆက်လက် လုပ်ကိုင်လာပြီး ယခုနှစ် စပါးထွက်တော့မည့်အချိန်တွင်  လယ်မြေကို ခြံစည်းရိုးခတ်ခြင်း မြေဖို့ခြင်းခံခဲ့ရသည်ဟု လယ်သမားများက ပြောဆိုသည်။
အစိုးရနှင့် ပုဂ္ဂိုလိက စီမံကိန်းများ ဖော်ဆောင်နေသည့် အငြင်းပွားမှု ကြုံတွေ့နေရသော ဆန်းချီရပ်ကွက်၊ ကမြောကင်း လမ်းမကြီး၏ တောင်ဖက်ရှိ လယ်မြေ ကွက်မှာ ဧက ၃၀၀ ကျော်ရှိသည်ဟု လယ်သမားများထံမှ သိရသည်။
Dawei Watch

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More