Sunday, October 6, 2013

လောင်းလုံး ရေနံချက်စက်ရုံတည်ဆောက်ပါက အိမ်ခြေ တစ်ရာခန့် ပြောင်းရွှေ့ရမည်

Dawei Watch၊ ထားဝယ်၊ အောက်တိုဘာ ၆

(သမ္မတဖက်က ပေးထားတဲ့ ကတိအတိုင်း ဆောင်ရွက်ပေးဖို့ ဒေသခံများချီတက်ဆန္ဒပြနေစဉ်)
 
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် တည်ဆောက်ရန် လျာထားသည့် ရေနံချက်စက်ရုံ စီမံကိန်း တည်ဆောက်ပါက ကျေးရွာနှစ်ရွာမှ အိမ်ခြေ တစ်ရာခန့် ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အခြေစိုက် Guangdong Zhenrong Energy (GDZR) ကုမ္ပဏီ၏ အကြံပေးအရာရှိ မစ္စတာဝမ်က ပြောကြားသည်။

ရင်းဘုတ်ကျေးရွာမှ အိမ်ခြေ ၈၅ လုံးနှင့် ဂေါ့အင်းကျေးရွာမှ အိမ်ခြေ ၁၉ လုံး ပြောင်းရွှေ့ရန် လျာထားခံရပြီး ပြောင်းရွှေ့ရန် အတွက် ဒေသခံများက သဘောတူပြီးလျှင် ခြောက်လအတွင်း အိမ်ယာများကို ပြန်လည် တည်ဆောက်ပေးမည်ဖြစ်ပြီး နှစ်နှစ်အတွင်း ရေနံဆီ၊ ဓာတ်ဆီ စသည့်တို့ကို ချက်လုပ်နိုင်မည်ဖြစ်ကြောင်း မစ္စတာဝမ်က ပြောသည်။ 

တရုတ်နိုင်ငံ လော့ရန် SINOPEC ရေနံချက် စက်ရုံခန်းမတွင် စက်တင်ဘာလ ၂၅ ရက်နေ့က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
စီမံကိန်း အကောင်အထည် ဖော်ဆောင်ရန်မှာ ဒေသခံများအပေါ် မူတည်ပြီး ဒေသခံများ၏ သဘောတူညီမှုကို ရရှိလျှင် မြေညှိခြင်း၊ ရေသွယ်ခြင်း စသည်တို့ကို စတင်ပြုလုပ်ပြီး စီမံကိန်းကို စတင်နိုင်မည်ဟု မစ္စတာဝမ်က ပြောသည်။

“လျော်ကြေးအတွက် စီမံကိန်း ရေးဆွဲထားပြီးပါပြီ၊ နှစ်ဦးနှစ်ဘက် ဈေးနှုန်း သဘောတူညီမှု ရရင် တစ်ပြိုင်တည်း လျော်ကြေးပေးသွားမယ်” ဟု ၎င်းက ဆိုသည်။
စက်ရုံတည်ဆောက်ရန်အတွက် ယူထားသည့် မြေနေရာမှာ ၄.၃၅ ကီလိုမီတာ ပတ်လည်ပြီး စက်ရုံတည်ဆောက်မည့် ဧရိယာမှာ ၁.၀၆ ကီလိုမီတာ ပတ်လည်သာဖြစ်သည့်အတွက် စီမံကိန်း တိုးချဲ့လျှင်လည်း လက်ရှိယူထားသည့် မြေဧရိယာတွင်သာ တိုးချဲ့လုပ်ကိုင်သွားမည်ဟု GDZR  ကုမ္ပဏီမှ သိရသည်။

“လိုချင်တဲ့ လျော်ကြေးရမယ်ဆိုရင် ပြောင်းရွေ့ဖို့ လျာထားခံရတဲ့ ရွာနှစ်ရွာက အများစုက ပြောင်းဖို့ရှိတယ်” ဟု ရင်းဘုတ်ကျေးရွာမှ ဦးသိန်းအောင်က ဆိုသည်။ 

ယင်းစက်ရုံကို လောင်းလုံးမြို့နယ်မှတောင်ဘက်ကားလမ်းအတိုင်း ၃ မိုင်ခန့်အကွာတည်ဆောက်မည်ဖြစ်သေည်။ ယင်းမှ အနောက်တောင်ဘက် ၂ မိုင်ခွဲခန့်အကွာ တီဇစ်ကျေးရွာနှင့် စပါးလှိုင်ကျွန်းအနီး ပင်လယ်ကမ်းခြေတစ်ဝိုက်တွင် ဆိမ်ကမ်းနေရာအဖြစ် ပဏာမ ရွှေးချယ်ထားသည်။ 

တစ်နှစ်  ရေနံစိမ်းတန်ချိန် ၅ သန်း ချက်လုပ်နိုင်သည့် လောင်းလုံး ရေနံချက်စက်ရုံ စီမံကိန်းကို ပြည်ထောင်စု မြန်မာနိုင်ငံ စီပွားရေး ဦးပိုင် လီမိတက် (UMEHL)၊ ထူး (HTOO) ကုမ္ပဏီများ အုပ်စုနှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံအခြေစိုက် Guangdong Zhenrong Energy (GDZR)  ကုမ္ပဏီတို့က ကုမ္ပဏီတစ်ခုကို ပူးတွဲတည်ထောင်၍ လုပ်ကိုင်သွားမည် ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်န့က လောင်းလုံး ရေနံချက်စက်ရုံကြောင့် တိုက်ရိုက်နှင့် သွယ်ဝိုက် ထိခိုက်နိုင်သည့် ကျေးရွာများမှ ဒေသခံ ၄၀၀ ကျော်က နိုင်ငံတော် သမ္မတ ဓာတ်ပုံနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ချမှတ်ထားသည့် မူများကို ရေးသားထားသည့်ဆိုင်းဘုတ်ကို ညင်းမော်ကျေးရွှာအနီးတွင် စိုက်ထူခဲ့ကြသည်။ 

စက်တင်ဘာလဆန်းပိုင်းကလည်း “လူထု ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေမည့် ရေနံချက် စက်ရုံ အလိုမရှိ” “ရေနံချက် စက်ရုံ အလိုမရှိ” ဟူသည့် စာတန်းပါ စတေကာများကို ကျေးရွာများတွင် ကပ်ခဲ့ကြသည်။
Dawei Watch

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More