Sunday, October 13, 2013

ဝါကျွတ်ချိန် ထီးခီးနယ်စပ်ဂိတ်မှ ခရီးသည် ၀င်ရောက်မှု တစ်ရက် ၁၀၀ ဦးခန့်ရှိ

Dawei Watch၊ ထားဝယ်၊ အောက်တိုဘာ ၁၃


မြန်မာ-ထိုင်း နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ထီးခီးနယ်စပ်ဂိတ်
ဝင်ပေါက်မှတစ်ဆင့် ထားဝယ်မြို့သို့ ယခုရက်ပိုင်းအတွင်း တစ်နေ့လျှင်
ခရီးသည် ၁၀၀ခန့်အထိ ၀င်ရောက်လာကြောင်း ထားဝယ် - ထီးခီး
ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်း အသိုင်းအ၀ိုင်းမှ သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်သွားလုပ်ကြသည့် ထားဝယ်ဒေသခံများ သီတင်းကျွတ်အမှီ
နေရပ်ပြန်လာကြခြင်းကြောင်း ခရီးသည် ၀င်ရောက်မှု များလာခြင်းဖြစ်ကြောင်း
အထက်ပါ ယာဉ်လိုင်းများက ပြောသည်။

"ထီးခီး လ.၀.က ပြောတာတော့ တစ်နေ့ကို ၁၀၀ လောက် ၀င်နေတယ်လို့ ပြောတယ်" ဟု
ရွှေမင်းသမီး မော်တော်ယာဉ်လိုင်းမှ ဦးမင်းအောင်က ဆိုသည်။
ယခင်က တစ်နေ့လျှင် ထီးခီး - ထားဝယ် အသွား အပြန် ကားတစ်စီးခန့်သာ
ပုံမှန်ပြေးဆွဲရသော်လည်း ယခုအပတ်အတွင်း တစ်နေ့လျှင် သုံးစီးခန့်စီ
ပုံမှန်ပြေးဆွဲနေရကြောင်း ယာဉ်လိုင်းများထံမှ သိရသည်။

" ၁၀၀ မှာ  နိုင်ငံခြားသားတွေက ၂၀ လောက် ရှိမယ်" ဟု ထီးခီး နယ်စပ်ပေါက်မှ
ဝင်လာသည့် နိုင်ငံခြားသားများကို ဒေသတွင်း
လိုက်လံပို့ဆောင်ပေးနေသူတစ်ဦးက ဆိုသည်။
ယခု ရက်ပိုင်းမှ စပြီး သီတင်းကျွတ်ကာလအထိ ခရီးသည်ဝင်ရောက်မှု
တောက်လျောက်များလာနိုင်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။

ထားဝယ်သို့ ၀င်ရောက်လာသည့် ခရီးသည် အများစုသည် ထိုင်းနိုင်ငံ
ဘန်ကောက်မြို့နှင့် မဟာချိုင်မြို့များတွင် အလုပ်လုပ်နေသည့် ရွှေ့ပြောင်း
အလုပ်သမားများဖြစ်သည်ဟု ထီးခီးယာဉ်လိုင်း အသိုင်းအ၀ိုင်းမှ သိရသည်။
ထားဝယ်ဒေသခံ ရွှေ့ပြောင်းအလုပ်သမားများသည် ယခင်က
ကော့သောင်းနယ်စပ်ဝင်ပေါက်ကိုသာ အဓိကထား သွားလာကြရသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More