Thursday, December 16, 2021

Interview with Pado Mahn Mahn of KNU. part-2 edit


“EAO တွေကြားမှာ ရပ်တည်ချက် ၃-မျိုးရှိနေပါတယ်၊ ကျနော်ကတော့ အာဏာရှင် အပြုတ်တိုက်ရေးလမ်းကို ရွေးထားပါတယ်”

(ပဒိုမန်းမန်း- KNU တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဟောင်း)
----------------------------------------------
(၁၆/၁၂/၂၀၂၁)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေကြားမှာ ရပ်တည်ချက် ၃-ခုကွဲပြားနေဆဲ ဖြစ်တဲ့အတွက် နွေဦးတော်လှန်ရေးမှာ အချို့အဖွဲ့တွေ ပါမလာသေးတာဖြစ်တယ်လို့  KNU တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဟောင်း- ပဒိုမန်းမန်ကပြောပါတယ်။

စစ်အာဏာသိမ်းပြီး ၁၀ လကျော်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေနဲ့ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့... 
- KNU နဲ့ အခြား ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေ ဘယ်လိုရှိသလဲ...
- ၁၉၈၈ တုန်းက တော်လှန်ရေးမအောင်မြင်ခဲ့ပေမယ့် ဒီနေ့ ၂၀၂၁ ကာလမှာ ဘာကြောင့် အောင်မြင်မယ်လို့ ယူဆနိုင်သလဲ...
- EAO ၈ ဖွဲ့ပဲ နွေဦးတော်လှန်ရေးထဲပါလာပြီး ကျန်အဖွဲ့တွေ မပါလာသေးတာ ဘာကြောင့်လဲ...
- လက်နက်ကိုင်တိုက်ပွဲ၊ လူထုတိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲနဲ့ နိုင်ငံရေးတိုက်ပွဲတွေကို ဘယ်လိုဟန်ချက်ညီ လုပ်သွားသင့်သလဲ... 
စတဲ့အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ထားဝယ်-လောင်းလုံးဒေသက လူငယ်ခေါင်းဆောင်တဦးနဲ့ မေးမြန်းချက် ဒုတိယ ပိုင်းကိုတော့ စနေညမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

Wednesday, December 15, 2021

Interview with Pado Mahn Mahn of KNU. Part-1



“တပ်မဟာအားလုံးက တညီတညွတ်တည်း စစ်ရေးလှုပ်ရှားမှုဆောင်ရွက်ဖို့လိုပါတယ်”

(ပဒိုမန်းမန်း- KNU တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဟောင်း)
----------------------------------------------
(၁၅/၁၂/၂၀၂၁)

KNU ထိမ်းချုပ်နယ်မြေတခုဖြစ်တဲ့ လေးကေ့ကော် ဒေသဆီ စစ်ကောင်စီတပ်တွေဝင်လာတာမျိုး နောက်ထပ်မကြုံစေဖို့အတွက် တပ်မဟာတွေအားလုံး တညီတညွတ်တည်း စစ်ရေးလှုပ်ရှားမှုဆောင်ရွက်ဖို့လိုတယ်လို့ KNU တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဟောင်း- ပဒိုမန်းမန်ကပြောပါတယ်။

CDM တွေ ခိုလှူံနေတဲ့ လေးကေ့ကော်ဒေသဆီ စစ်ကောင်စီတပ်တွေဝင်လာပြီး ဖမ်းဆီးတာ၊ တိုက်ပွဲဖြစ်တာအပါဝင် လက်ရှိ နွေဦးတော်လှန်ရေးအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ရပ်တည်ချက်နဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... လေးကေ့ကော်ဒေသ တိုက်ပွဲ နောက်ဆုံးအခြေအနေ၊ စစ်ကောင်စီတပ်တွေက ဒီဒေသဆီ ဘာကြောင့် မကြာခနဝင်ရောက်စစ်ဆေးနေတာလဲ၊ နွေဦးတော်လှန်ရေးအပေါ် KNU ရဲ့ သဘောထားက ဘယ်လိုရှိသလဲ၊ စစ်ကောင်စီရဲ့ အနိုင့်ကျင့်မှုမခံရအောင် EAO တပ်တွေနဲ့ PDF တပ်တွေ ဘယ်လိုပူးပေါင်းဆောင်ရွက်သင့်သလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေးမှာ EAO တွေ အားလုံးပါမလာသေးတာ ဘာကြောင့်လဲ...ဆိုတဲ့ သုံးသပ်ချက်ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ညပိုင်းမှာ ဆက်လက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်)။

Tuesday, December 14, 2021

Interview with Ko Hein Htet of Dawei Part-1



“စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေက လက်နက်ကိုင်တော်လှန်မှ ရမယ်ဆိုတာကို ပိုပြီးယုံကြည်လာစေပါတယ်”

(ကိုဟိန်းထင်- လူငယ်ရေးရာကော်မီတီ အတွင်းရေးမှူးဟောင်း)
-----------------------------------------------
(၁၄/၁၂/၂၀၂၁)

စစ်တပ်က အာဏာသိမ်းမှုကိုလက်မခံနိုင်ကြောင်း ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်တဲ့အတွက် လူငယ်တွေဟာ ရွေးစရာမရှိပဲ လက်နက်ကိုင်တော်လှန်ရေးထဲ ရောက်လာနေတာဖြစ်တယ်လို့ ထားဝယ်ဒေသက ထင်ရှားတဲ့ လူငယ်ခေါင်းဆောင်တဦးဖြစ်သူ ကိုဟိန်းထက်ကပြောပါတယ်။

လူငယ်ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ PDF နဲ့ဆက်စပ်တယ်လို့ စွပ်စွဲခံရသူတွေရဲ့နေအိမ်တွေကို ချိတ်ပိတ်တာ၊ ဖမ်းဆီးတာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... စစ်ကောင်စီက လူနေအိမ်တွေကို ချိတ်ပိတ်သိမ်းပိုက်နေပုံ၊ ထားဝယ်နဲ့ လောင်းလုံးဒေသမှာ ဆန္ဒပြပွဲတွေ ဆက်လက်အားကောင်းနေပုံ၊ ဆန္ဒပြပွဲတွေကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းခြင်းက လက်နက်ကိုင်တော်လှန်ခြင်းကို ကိုယ်တိုင် ဖိတ်ခေါ်သလို ဖြစ်လာစေသလား... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(လွတ်မြောက်နယ်မြေရောက် လူငယ်တွေရဲ့လှုပ်ရှားမှူအကြောင်းဆွေးနွေးထားတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။


Sunday, December 12, 2021

Interview with Aung San Myint of KNPP. Part-3



“တနိုင်ငံလုံးလွတ်မြောက်မှ ငါတို့ ပြည်နယ်အရေးလည်း တပြိုင်တည်းပါသွားမယ်”

(ဦးအောင်ဆန်းမြင့်- (KNPP)
--------------------------------------------
(၁၂/၁၂/၂၀၂၁)

အခုဖြစ်နေတဲ့ တနိုင်ငံလုံးလွတ်မြောက်ရေးတိုက်ပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) အားလုံးပါဝင်ဖို့လိုတယ်။ တနိုင်ငံလုံးလွတ်မြောက်ရေးတိုက်ပွဲမှာအားလုံးလက်တွဲပါဝင်ပြီး ပြည်နယ်အရေးကိုလည်း တပြိုင်တည်းဆောက်ရွက်သွားဖို့လိုတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က တိုက်တွန်းလိုက်ပါတယ်။

စစ်အာဏာသိမ်းပြီး ၁၀ လကြာအခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေနဲ့ အသစ်ပေါ်လာတဲ့ PDF တပ်တွေကြား ဘယ်လိုပူးပေါင်း တိုက်ပွဲဝင်နေသလဲဆိုပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် နောက်ဆုံးပိုင်းမှာတော့... NUCC ထဲမှာ EAO တွေ အားလုံးပါလာအောင် ဘယ်လိုဆောင်ရွက်မလဲ၊ ၁၉၈၈ ကဖြစ်ပေါ်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးအပေါ် EAO တွေဆက်ဆံပုံနဲ့ အခု ၂၀၂၁ မှာပေါ်လာတဲ့ နွေဦးတော်လှန်ရေးအပေါ် EAO တွေ ဆက်ဆံပုံ ဘယ်လိုကွာသလဲ၊ အရင်က ပြည်နယ်အရေးတခုတည်းကိုသာ ဦးပေးတဲ့ EAO တွေအနေနဲ့ အခု နွေဦးတော်လှန်ရေးမှာ အားလုံးပါဝင်ပြီး ပြည်နယ်အရေးကိုပါ ဆောင်ရွက်သင့်တယ်ဆိုတာကို လက်ခံလာကြပြီလား... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေး တင်ပြထားပါတယ်။

(ဆန္ဒပြပွဲတွေနေ့စဉ်ဖြစ်ပေါ်နေတဲ့ ထားဝယ်ခရိုင် လောင်းလုံးမြိုနယ်က လူငယ်ခေါင်းဆောင်တဦးနဲ့ မေးမြန်းချက်ကိုတော့ အင်္ဂါနဲ့ ဗုဒ္ဓဟူးညပိုင်းတွေမှာ ဆက်လက်ထုတ်လွှင့်ပေးသွားဖို့ရှိနေပါတယ်)။ 

Saturday, December 11, 2021

Interview with Aung San Myint of KNPP. part-2

“အရင်လို နယ်စပ်တိုက်ပွဲ မဟုတ်တော့ဘူး၊ အခုတိုက်ပွဲတွေက မြို့ထဲမှာကို ဖြစ်နေတာ”

(ဦးအောင်ဆန်းမြင့်- (KNPP)
--------------------------------------------
(၁၁/၁၂/၂၀၂၁)

နွေဦးတော်လှန်ရေးကာလ တိုက်ပွဲတွေဟာ အရင်ခေတ်ကလို နယ်စပ်နဲ့ ကျေးလက်ဒေသမှာတင် ဖြစ်နေတာမဟုတ်ပဲ ရွာကြီးတွေ၊ မြို့ကြီးတွေထဲအထိ စစ်ရှိန်တက်နေပြီဖြစ်တယ်၊ လွတ်မြောက်နယ်မြေတွေ ကျယ်ပြန့်လာနေပြီဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်ကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှာပါဝင်တဲ့ KNPP နဲ့ အသစ်ပေါ်လာတဲ့ PDF တပ်တွေကြား ဘယ်လိုပူးပေါင်း တိုက်ပွဲဝင်နေသလဲဆိုပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့... ကရင်နီဒေသတွင်းက တိုက်ပွဲအခြေအနေ၊ PDF နဲ့ မဟာမိတ်တပ်တွေရဲ့ နယ်မြေထိမ်းချုပ်နိုင်မှုအနေအထား၊ စစ်ပြေးဒုက္ခသည်တွေ ကူညီပေးနေမှုအခြေအနေတွေကို ဆွေးနွေး တင်ပြထားပါတယ်။

(တနိုင်ငံလုံးလွတ်မြောက်ရေးတိုက်ပွဲမှာပါဝင်မှ ပြည်နယ်တွေလွတ်မြောက်ရေးလည်း တပြိုင်တည်းပါသွားမယ်ဆိုတဲ့ အတွေးအခေါ်ကိုလက်ခံပြီး အားလုံးလက်တွဲ တိုက်ပွဲဝင်ဖို့လိုတယ်-ဆိုတဲ့ သုံးသပ်ချက်ပါတဲ့ နောက်ဆုံးအပိုင်းကိုတော့ မနက်ဖန် တနင်္ဂနွေညမှာ ဆက်လက် ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်)။




Friday, December 10, 2021

Interview with Aung San Myint of KNPP- part-1



“စစ်ကောင်စီနဲ့ တိုက်ပွဲစဖြစ်တာနဲ့ လူငယ်တွေအများကြီး ကျနော်တို့ဆီရောက်လာတယ်”

(ဦးအောင်ဆန်းမြင့်- Karenni National Progressive Party (KNPP)
--------------------------------------------------

(၁၀/၁၂/၂၀၂၁)

ပြီးခဲ့တဲ့မေလအတွင်း ကရင်နီအမျိုးသားတပ်မတော်နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲစတင်ပြီးနောက် ဒေသတွင်းရှိ ကရင်နီလူငယ်တွေ ထောင်နဲ့ချီပြီး သူတို့ဒေသဆီ ရောက်လာကာ လက်နက်ကိုင်တော်လှန်ရေးအတွင်း ပါဝင်နေတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်ကပြောပါတယ်။

စစ်အာဏာရှင် တော်လှန်ရေးတပ်ပေါင်းစု အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှာပါဝင်တဲ့ KNPP နဲ့ အသစ်ပေါ်လာတဲ့ PDF တပ်တွေကြား ဘယ်လိုပူးပေါင်း တိုက်ပွဲဝင်နေသလဲဆိုပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... NUCC ထဲ KNPP နဲ့ တိုင်းရင်းသားလက်နက်ကိုင် EAO ၈ ဖွဲ့ ဘယ်လိုပါဝင်လာသလဲ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ CSO တွေကြား ဘယ်လို ပူးပေါင်းဆောင်ရွက်နေသလဲ၊ EAO တွေနဲ့ PDF တွေကြား ဘယ်လိုပူးပေါင်း တိုက်ပွဲဝင်နေသလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အရင်ကဆိုရင် တိုက်ပွဲဖြစ်တဲ့နေရာတွေဟာ နယ်စပ်က ရွာငယ်တွေဖြစ်ပေမယ့် “အခုတော့ တိုက်ပွဲက မြို့ထဲအထိရောက်နေပြီ”- ဆိုတဲ့အကြောင်း ဆွေးနွေးချက် ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် စနေညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More