Saturday, November 20, 2021

Interview with Su Su Swe (Human Right Activist in Dawei)


“တောထဲထွက်ပြေးတော့ အိမ် မီးရှို့ခံရတယ်။ မပြေးပဲနေရင် လူပါ အဖမ်းခံရတယ်”

(မယ်စုစုဆွေ- ထားဝယ်ဒေသ လူ့အခွင့်အရေးလှုပ်ရှားသူ)
-----------------------------------------------
(၂၀/၁၁/၂၀၂၁)

တနသာင်္ရီတိုင်း ထားဝယ်ခရိုင်နဲ့ ပုလောဒေသမှာ စစ်ပြေးဒုက္ခသည် ထောင်နဲ့ချီရှိနေပြီး ကယ်ဆယ်ရေးအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသဆိုင်ရာ လူ့အခွင့်အရေးလှုပ်ရှားသူ မယ်စုစုဆွေကပြောပါတယ်။ ဒါ့အပြင် စစ်ကောင် စီတပ်တွေက ရွာမှာ လူမရှိတဲ့အိမ်တွေကို မီးရှို့နေတဲ့အတွက် ဒေသခံတွေ အတော်ဒုက္ခရောက်နေတယ်လို့ သိရပါတယ်။

တနသာင်္တိုင်းအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တပ်တွေကြား တိုက်ပွဲဖြစ်ပြီးနောက် ရွာမီးရှို့ခံရတာ၊ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေကြောင့် ရွာသားတွေ ထွက်ပြေးပုန်းအောင်နေရတဲ့အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူမက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာတော့... ထားဝယ်ခရိုင်နဲ့ ပုလောဒေသမှာ တိုက်ပွဲငယ်တွေ ဆက်တိုက်ဖြစ်နေတာ၊ တောင်ပျောက်ဒေသမှာ ထောင်နဲ့ချီတဲ့ ရွာသားတွေ တောထဲပြေးပုန်းနေရတာ၊ စကစ က ဖြတ်လေးဖြတ် လုပ်ထားတဲ့အတွက် ရိက္ခာအခက်အခဲဖြစ်နေတာ၊ ပြည်တွင်း-ပြည်ပကနေ အရေးပေါ် အကူအညီပေးအပ်ဖို့ လိုနေတဲ့အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Thursday, November 18, 2021

Interview with Way Poe Ngeal of WLB on NUCC Part-2


“စစ်ကောင်စီ ဖြုတ်ချရေးနဲ့ ဖက်ဒရယ်စနစ် တည်ဆောက်ရေးကို တပြိုင်တည်း ဆောင်ရွက်ဖို့လိုပါတယ်”

(လွေးပိုးငယ်- WLB)
----------------------------------------
(၁၈/၁၁/၂၀၂၁)

အာဏာသိမ်း စစ်ကောင်စီ ဖြုတ်ချရေးတိုက်ပွဲနဲ့ ဖက်ဒရယ်စနစ် တည်ဆောက်ရေးလုပ်ငန်းစဉ်ကို တပြိုင်တည်း ဆောင်ရွက်ဖို့လိုပါတယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC အဖွဲ့ဝင်ဖြစ်တဲ့ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) မှ လွေးပိုးငယ်ကပြောပါတယ်။

NUCC ဟာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဘယ်လိုလုပ်ဆောင်မလဲဆိုတာကို အဓိကမပြောပဲ အာဏာရှင်အလွန် ဖက်ဒရယ်တည်ဆောက်ရေးကို အလေးပေး ပြောလွန်းတယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူမ က အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့... စစ်အာဏာရှင်ပြုတ်ကျရေးလုပ်ငန်းစဉ်ထက် အာဏာရှင်အလွန် ဖက်ဒရယ်တည်ဆောက်ရေးအပေါ် ဘာကြောင့် ပိုအလေးပေးပြောနေကြသလဲ၊ အရင် ရွေးကောက်ခံ အမတ်တွေချည်းဖွဲ့ခဲ့တဲ့ အစိုးရတွေထက် လက်ရှိ (De Facto) နဲ့ (De Jure) ပေါင်းစပ်ထားတဲ့ NUG အစိုးရမှာ ဘယ်လိုအားသာချက်တွေရှိနေသလဲ၊ လူငယ်တွေကို ဦးဆောင်မှုပိုပေးလိုက်ရင် ခွဲခြားဆက်ဆံမှုတွေ ပပျောက်သွားမလား... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Wednesday, November 17, 2021

Interview with Lway Peo Ngeal of WLB on NUCC part-1


“NUCC ဟာ De Facto နဲ့ De Jure ပေါင်းစပ်ထားတဲ့ နိုင်ငံရေးလမ်းကြောင်းသစ်ဖြစ်တယ်”

(လွေးပိုးငယ်- WLB)
-----------------------------------------------
(၁၇/၁၁/၂၀၂၁)

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ကို ဖွဲ့စည်းခြင်းဟာ လက်တွေ့နယ်မြေတွေကိုအုပ်နေသူတွေ (De Facto) နဲ့ ရွေးကောက်ခံထားရသူတွေ (De Jure) ပေါင်းစပ်ပြီး နိင်ငံရေးလမ်းကြောင်းသစ်အဖြစ် အလုပ်လုပ်နိုင်ဖို့ဖြစ်တယ်လို့ အဲဒီအဖွဲ့မှာ ပါဝင်တဲ့ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ Women's League of Burma (WLB) က လွေးပိုးငယ်ကပြောပါတယ်။

NUCC ဖွဲ့စည်းကြောင်း မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူမ က အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... NUCC ကို ဘာကြောင့် ဖွဲ့ဖို့လိုအပ်သလဲ၊ ဘယ်အဖွဲ့တွေ ပါဝင်သလဲ၊ ဘာတွေဆောင်ရွက်သွားမှာလဲ၊ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးက ဘာကြောင့် အခုကတည်းက ကြိုတင်ဆွေးနွေးဖို့လိုအပ်နေသလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေး တင်ပြထားပါတယ်။

(အာဏာသိမ်းစစ်ကောင်စီ ကိုအရင်ဖြုတ်ချပြီးမှ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတာကို ဆွေးနွေးသင့်တယ်မဟုတ်လားဆိုတဲ့ မေးခွန်းထုတ်မှုတွေကိုတော့ မနက်ဖန်ထုတ်လွှင့်ပေးမယ့် ဒုတိယ ပိုင်းမှာ စောင့်မျှော် ကြည့်ရှုနိုင်ပါတယ်)။

Sunday, November 14, 2021

Interview with Honey Thang (CHRO) on Htan Tlang


“ထန်တလန်အတွက် အရေးပေါ်အကူအညီ လိုအပ်နေပါတယ်”

(မဟန်နီထန်း- Chin Human Right Organization)
--------------------------------------
(၁၄/၁၁/၂၀၂၁)

အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ မီးရှို့မှုကြောင့် အိမ်ခြေရာနဲ့ချီမီးလောင်ခဲ့ရပြီး သောင်းနဲ့ချီတဲ့လူတွေ နေရပ်ကိုစွန့်ခွာထွက်ပြေးနေရတဲ့ ချင်းပြည်နယ်က ထန်တလန်မြို့မှာ အရေးပေါ်ကယ်ဆယ်ရေးအကူအညီ လိုအပ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က မဟန်နီထန်းကပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မီးလောင်ခဲ့တဲ့ ထန်တလန်မြို့ နောက်ဆုံးအခြေအနေ၊ ကယ်ဆယ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူမက အဲဒီလိုပြောဆိုခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာတော့... ထန်တလန်မြို့ မီးလောင်မှု နောက်ဆုံးအခြေအနေ၊ ကူညီကယ်ဆယ်ရေးအနေအထား၊ ပြည်တွင်း- ပြည်ပက ဘယ်လို ကူညီပေးနိုင်မလဲ၊ နွေဦးတော်လှန်ရေးမှာ ရှေ့တန်းက ပါဝင်နေတဲ့ ချင်းပြည်သူတွေအပေါ် အားပေးစကား...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။


Saturday, November 13, 2021

Interview with U Myint Kyaw on Danny Fenster.


“သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ခံခြင်းက Professionalism ကိုပါ ဆွဲချသွားသလိုဖြစ်စေပါတယ်”

(ဦးမြင့်ကျော်- သတင်းစာဆရာ)
----------------------------------------------------
(၁၃/၁၁/၂၀၂၁)

အာဏာသိမ်းစစ်ကောင်စီက လွတ်လပ်တဲ့သတင်းဌာနတွေကို ပိတ်ပင်လိုက်ခြင်းဟာ လွတ်လပ်စွာသတင်းရယူခွင့်ကို ထိခိုက်ရုံတင်မကပဲ သတင်းလောကရဲ့ Professionalism ကိုပါ ဆွဲချသွားသလိုဖြစ်စေခဲ့တယ်လို့ ဝါရင့်သတင်းစာဆရာ ဦးမြင့်ကျော်ကပြောပါတယ်။

အမေရိကန်သတင်းသမား Danny Fenster ကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၁၁ နှစ်အထိအပြစ်ပေးလိုက်တဲ့အခြေအနေအပါဝင် လက်ရှိ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာတော့ ... အမေရိကန်သတင်းသမားတဦးကို ထောင်ဒဏ် ၁၁ နှစ်အထိချလိုက်တာ သိပ်များမနေဘူးလား၊ ဖမ်းဆီးခံ မြန်မာသတင်းသမားတွေရဲ့ အခြေအနေ ဘယ်လိုရှိသလဲ၊ သတင်းရရေးအတွက် ဆိုရှယ်မီဒီယာတခုတည်းကို အများပြည်သူက အားထားနေရပြီလား၊ လက်ရှိ မီဒီယာတွေရဲ့ သတင်းဖေါ်ပြမှု အဆင့်အတန်းက ဘယ်လိုရှိသလဲ၊ သတင်းလွတ်လပ်ခွင့်ကို ဒီအချိန်မှာ မျှော်လင့်လို့ ရသေးရဲ့လား... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Wednesday, November 3, 2021

Interview with Aung Thu Nyein- (about Bill Richardson's trip)



“အမေရိကန်ဖက်က သံတမန်ရေးလမ်းကြောင်းဖောက်တယ်လို့ ယူဆပါတယ်”

(ဦးအောင်သူငြိမ်း- နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
--------------------------------------------
(၄/၁၁/၂၀၂၁)

အမေရိကန် ဝါရင့်သံတမန် Bill Richardson ရဲ့မြန်မာနိုင်ငံ ခရီးစဉ်ဟာ သာမန်ပုဂ္ဂိုလ်ရေးခရီးစဉ်မဟုတ်ပဲ ၉ လကြာပိတ်ဆို့နေတဲ့ သံတမန်ရေးလမ်းကြောင်းကို လမ်းစ ပြန်ဖေါ်ပေးဖို့ဖြစ်နိုင်တယ်လို့ နိုင်ငံရေးဝေဖန်သုံးသပ်သူ ဦးအောင်သူငြိမ်းကပြောပါတယ်။

စစ်အာဏာသိမ်းမှု ၉ လပြည့်ချိန်၊ အာဆီယံ အထူးကိုယ်စားလှယ်၊ ကုလ အထူးကိုယ်စားလှယ်တွေ မြန်မာနိုင်ငံထဲ ဝင်ခွင့်မရပဲဖြစ်နေချိန်မှာ အမေရိကန် ဝါရင့်သံတမန် Bill Richardson ရဲ့ ထူးခြားတဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်ကမေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာတော့ အမေရိကန်သံတမန်ရဲ့ ခရီးစဉ်အပြီးမှာ ဘာတွေထူးခြားမှုရှိလာနိုင်သလဲ၊ အာဆီယံနဲ့ ကုလ အထူးကိုယ်စားလှယ်တွေ မြန်မာနိုင်ငံဆီ လာခွင့်ရလာနိုင်သလား၊ တရုတ်နိုင်ငံဖက်ကကော ဘယ်လိုတုန့်ပြန်လာနိုင်ဖွယ်ရှိနေသလဲ၊ သံတမန်ရေးကြိုးပမ်းမှုတွေက စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို တားဆီးနိုင်ပါ့မလား... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More