Monday, March 14, 2022

၈၈ နဲ့ ၂၁... အခြေခံမတူတဲ့အတွက် ရလဒ်လည်းမတူနိုင်

 ၈၈ နဲ့ ၂၁... အခြေခံမတူတဲ့အတွက် ရလဒ်လည်းမတူနိုင်

----------------------------------------------------------
(၁၃-၃-၂၀၂၂)
ဖုန်းမော်နေ့အကြောင်းတွေးရင်းနဲ့ ၈၈ ကာလနဲ့ အခုကာလ -ဘာတွေတူပြီး ဘာတွေ မတူဘူးလဲ- ဆိုတာကို စဉ်းစားမိပါတယ်။
လူအတော်များများက ဒီအကြောင်းပြောထားကြပြီးဖြစ်လို့ သိပ်မထူးခြားဘူးလို့လည်းဆိုနိုင်ပါတယ်။ ဒါပေမယ့် နွေဦးတော်လှန်ရေးတနှစ်ပြည့် အင်တာဗျုးတွေလုပ်ရင်း ဒီမေးခွန်းကို မကြာခနမေးနေမိလို့ ကိုယ်ဘာသာပြန်ဖြေကြည့်တာပါ...
သုတေသနလုပ်သူတွေနဲ့ မူဝါဒရေးဆွဲသူတွေ၊ လက်ရှိ တိုက်ပွဲဝင်နေသူတွေအတွက် တစုံတရာ အသုံးတည့်မယ်လို့ မျှော်လင့်ပါတယ်။
-----------------------------------------------------



(၁)- အာဏာသိမ်းမှုနဲ့ ဆန္ဒပြပွဲ...
၁၉၈၈ တုန်းက ဆန္ဒပြပွဲတွေကို ပစ်ခတ်ဖြိုခွင်းပြီး စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ အခုက အာဏာသိမ်းမှုကြောင့် ဆန္ဒပြပွဲတွေပေါ်လာတာပါ။
နောက်ကြောင်းကိုအကျဉ်းပြောရမယ်ဆိုရင် မဆလ ပါတီရဲ့ ၂၆ နှစ်ကြာ စီမံခန့်ခွဲမှု ညံ့ဖျင်းချက်ကြောင့် ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင်အဖြစ် လျောက်ထားတဲ့အပေါ် လူငယ်ကျောင်းသားတွေက မကျေမနပ်ဖြစ်ရာကနေ၊ တနည်းအားဖြင့် စီးပွားရေး၊ စားဝတ်နေရေး အကျပ်အတည်းကနေ ဆန္ဒပြမှု စခဲ့တယ်လို့ ဆိုချင်ပါတယ်။
အဲဒီမတိုင်ခင် ၁၉၈၇ စက်တင်ဘာမှာကတည်းက ၇၅ ကျပ်တန်ငွေစက္ကူတွေကို သိမ်းလို့ ကျနော်တို့ကျောင်းသားတွေ စတင်ဆန္ဒပြခဲ့ပါတယ်။ အဲဒီမှာကျောင်းတွေပိတ်လိုက်လို့ ၁၉၈၈ မတ်လ ကျောင်းပြန်ဖွင့်ချိန်မှာ ဆန္ဒပြပွဲတွေ ထပ်ဖြစ်လာတာပါ။
ဒါပေမယ့် တပြည်လုံးအနှံဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေ၊ သပိတ်စခန်းတွေဟာ ၁၉၈၈ စက်တင်ဘာမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၃-၄ လအတွင်း လုံး၀ ငြိမ်သွားပါတယ်။ အခုကတော့ တနှစ်ကျော်ကြာတဲ့အထိ ဆန္ဒပြပွဲတွေရှိနေဆဲဖြစ်ပါတယ်။
-------------------------------------------
(၂)- အာဏာသိမ်းမှုနဲ့ ရွေးကောက်ပွဲ
၁၉၈၈ စက်တင်ဘာမှာ စစ်တပ်က အာဏာသိမ်းတော့ ရွေးကောက်ပွဲဆိုတာကို ကျနော်တို့ လူငယ်တွေ မကြားဖူးပါဘူး။ တပါတီစနစ်ကို ကြိုက်မကြိုက် ဆန္ဒခံယူပွဲလုပ်မယ်ဆိုလား... ဒီလောက်ပဲကြားဖူးပါတယ်။ (မဆလ ခေတ်ရွေးကောက်ပွဲကိုတော့ထားလိုက်၊ ပါတီစုံစနစ် ရွေးကောက်ပွဲကို ဆိုလိုတာပါ)
အာဏာသိမ်းပြီးနောက်ပိုင်းမှာမှ ၁၉၉၀ မေလမှာ ပါတီစုံရွေးကောက်ပွဲ လုပ်ပေးမယ်လို့ နဝတ က ကြေညာခဲ့တာပါ။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်အပါဝင် ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးခေါင်းဆောင်တွေ ပေါ်လာပါတယ်။ (ဒေါ်စုက ၁၉၈၈ သြဂုတ်လ ရွှေတိဂုံ ဘုရားရှေ့ဟောပြောပွဲမှာ လူထုရှေ့ စထွက်)
ဆိုလိုတာက ၁၉၈၈ တုန်းက အာဏာသိမ်းပြီး ၂ နှစ်ကြာမှ ရွေးကောက်ပွဲပေါ်လာတာပါ။ ဒါကြောင့် ရွေးကောက်ပွဲကို လူထက မျှော်ခဲ့ပါတယ်။ ကျနော်တို့ တောထဲက ရဲဘော်တွေ တောင် ရွေးကောက်ပွဲမှာ ဒေါ်စု ပါတီနိုင်ရင် အိမ်ပြန်ရတော့မယ်လို့ ပျော်ခဲ့ဖူးတာ အမှတ်ရ နေပါတယ်။
အခုက ရွေးကောက်ပွဲအပြီး၊ အမတ်တွေအားလုံး လွှတ်တော်ထဲရောက်နေပြီး အာဏာလွှဲခါနီးမှ အာဏာသိမ်းလိုက်တာပါ။ ဒါကြောင့် အခုလူတွေအနေနဲ့ ရွေးကောက်ပွဲဆိုတာကို သိဖူးပြီးဖြစ်တဲ့တွက် ၂၀၂၃ ရွေးကောက်ပွဲကို မျှော်လင့်စရာ အကြောင်း ဘာမှမရှိပါ။
------------------------------------
(၃) - အာဏာသိမ်းမှုနှင့် လက်နက်ကိုင်တော်လှန်ရေး
ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို သေနတ်နဲ့ ပစ်သတ်နေတဲ့ စစ်တပ်ကို သေနတ်ကိုင်ပြီး ပြန်တိုက်မှရမယ်ဆိုတဲ့ အယူအဆကတော့ ၈၈ လူငယ်တွေနဲ့ ဒီနေ့ လူငယ်တွေ တူပါတယ်။
မတူတာက ဘယ်လို စနစ်တကျ စုဖွဲ့ပြီး ပြန်ခုခံတော်လှန်ကြမလဲဆိုတဲ့ နေရာမှာလို့ ထင်ပါတယ်။ ဒါကလည်း ဆက်သွယ်ရေးနည်းနာတိုးတက်မှု၊ တောမခိုခင်မှာကတည်းက နိုင်ငံရေး ဦးဆောင်ပါတီရှိပြီးသားဖြစ်မှုတွေကြောင့်လို့ ထင်ပါတယ်။
ဆိုလိုတာက ၁၉၈၈ မှာ ကျနော်တို့ကျောင်းသားတွေတောခိုတော့ ဘယ်သူနဲ့ ဘယ်သူကမှ အဆက်အစပ်မရှိကြပါဘူး။ BBC ရေဒီယိုကိုနားထောင်ပြီး ကိုယ်လုပ်သင့်ထင်တာကို လုပ်ခဲ့ကြတာသာဖြစ်ပြီး အားလုံးမှာ လုပ်ချင်တဲ့ဆန္ဒတူနေတာကြောင့် အားလုံး ဆက်စပ်မိသွားခြင်းသာဖြစ်ပါတယ်။
အခုကတော့ ရွေးကောက်ခံ အစိုးရပါတီကိုယ်တိုင် တောခိုတာဖြစ်ပါတယ်။ (ပါတီ တခုလုံး မဟုတ်ဘူးလို့ ငြင်းချက်ထုတ်နိုင်ပါတယ်။ ဒါပေမယ့် ဦးနု အစိုးရ တောခိုတာမျိုးနဲ့လည်း မတူပြန်ဘူး)။
ဒါက ပါတီအပိုင်းပါ။ လူငယ်အပိုင်းကတော့ ပါတီနဲ့ကို မဆိုင်ဘူး။ စစ်ကောင်စီတပ်တွေရဲ့ ရက်စက်မှုကို မခံနိုင်လို့ နီးစပ်တဲ့လူငယ်တွေစုပြီး တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေဆီ ထွက်ခွာ၊ စစ်သင်တန်းတက် လုပ်ကြ၊ ပြီးရင် မြို့ထဲ ပြန်ဝင်ကြပေါ့...။
ဒီနေရာမှာ ထူးတာကတော့ ကျနော်တို့ ခေတ်က လူငယ်အားလုံး နယ်စပ်ဒေသတွေဆီ ရောက်သွားပြီး နိုဝင်ဘာ ၁ ရက်နေ့မှာ (အာဏာသိမ်းပြီး ၂ လအတွင်း) ABSDF ဆိုတာကို တရားဝင်ကြေညာနိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလမှာ DAB တပ်ပေါင်းစုကို ကြေညာနိုင်ခဲ့ပါတယ်။
အခုခေတ်မှာတော့ လူငယ်တွေအားလုံး PDF ဆိုပြီး ဖွဲ့စည်းကြပေမယ့် တမြို့နယ် တဖွဲ့ဖြစ်နေပြီး အပေါ်ကနေ အမိန့်စီးဆင်းမှုမလုပ်နိုင်သေးပါ။ ဒါဟာ စစ်ဆင်ရေးလုပ်ဖို့ အားနည်းချက်ဖြစ်နေတယ်လို့ဆိုနိုင်ပေမယ့် တဖက်မှာကလည်း နယ်စပ်အထိ ထွက်မလာပဲ ကိုယ့်ရွာကိုအခြေခံပြီး တိုက်ခိုက်ရေးလုပ်နေတဲ့အတွက် အားသာချက်လည်း ဖြစ်နေပြန်ပါတယ်။
PDF အင်အားကလည်း ABSDF အင်အားထက် အများကြီးပိုများပြီး နယ်စပ်မှာ မဟုတ်ပဲ သက်ဆိုင်ရာ ကျေးရွာတွေမှာ ဆက်ရှိနေခြင်းက တော်လှန်ရေးကို အားကောင်းစေပါတယ်။ NUG ကာကွယ်ရေးဌာန တာဝန်ရှိသူတွေအပြောအရ PDF အင်အား တသိန်းအထရှိတယ်လို့သိရပါတယ်။
တနည်းအားဖြင့် ၈၈ တုန်းက လူငယ်အားလုံး နယ်စပ်အထိ လာလိုက်တာ နဲနဲခရီးလွန်သွားတယ်။ စစ်သင်တန်းဆင်းပြီး ပြန်တိုက်ချိန်မှာ စစ်တပ်က အချိန်ယူပြင်ဆင်ထားပြီး ဖြစ်တဲ့အတွက် မြို့ပြအထိ ဘယ်လိုမှ ပြန်မထိုးဖောက်နိုင်ပဲဖြစ်သွားပါတယ်။
အခုက နယ်စပ်ကို အချို့ထွက်။ အချို့က ပြည်တွင်းကနေ တိုက်ပွဲဖေါ်နေ၊ ဆန္ဒပြပွဲတွေကလည်း ဆက်ရှိနေတဲ့အတွက် လက်နက်ကိုင်တိုက်ပွဲ အလားအလာအတော်ကောင်းပါတယ်။ ဒါပေမယ့် ပြသာနာက လက်လုပ်သေနတ်ပဲရှိပြီး စစ်ဆင်ရေးသုံး သေနတ် လိုသလောက် မရသေးခြင်းပါပဲ။
ဒီလို သေနတ်မရခြင်းဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပစ်ရပ်ထားခြင်းနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။ ၁၉၈၈ တုန်းကတော့ အပစ်ရပ်စာချုပ်တွေ၊ ဆွေးနွေးပွဲဆိုတာတွေ၊ NCA တွေဆိုတာ မကြားဖူးသေးပါ။
------------------------------------------------
(၄)- NCG နှင့် NUG ဘာကွာသလဲ...
NCG အမျိုးသားညွန့်ပေါင်းအစိုးရဆိုတာ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို နဝတ ကလက်မခံတဲ့အတွက် အမတ်အချို့နယ်စပ်ကိုထွက်လာပြီး ၁၉၉၁ ခုနှစ် ဒီဇင်ဘာမှာ မာနယ်ပလော ဌာနချုပ်မှာ ဖွဲ့စည်းခဲ့တဲ့ အစိုးရဖြစ်ပါတယ်။
အဲဒီကာလ အခြေအနေအရ နယ်မြေခံ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေမပါပဲ ရွေးကောက်ခံအမတ်တွေချည်းနဲ့ ဖွဲ့စည်းခဲ့လို့ (သူပုန်ကို ကြောက်နေဆဲဖြစ်လို့) အားနည်းခဲ့ရတယ်လို့ ဝေဖန်သူတွေကဆိုပါတယ်။
အခု NUG အစိုးရကတော့ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ စစ်တပ်က အာဏာသိမ်းလိုက်လို့ (မွေးဖွားနေရာ အတိအကျမတွေ့ရသေး) အွန်လိုင်းပေါ်မှာ ဖွဲ့စည်းလိုက်တဲ့ အစိုးရ ဖြစ်ပါတယ်။ ၂၀၂၁ ဖေဖေါ်ဝါရီမှာ CRPH ကို နေပြည်တော် စည်ပင်ဝင်းက လွှတ်တော်အမတ်တွေရဲ့အဆောင်မှာ ဖွဲ့စည်းလိုက်တာလို့သိရပြီး NUG ကိုတော့ ဧပြီလ ၁၆ ရက်က အွန်လိုင်းမှာ ဖွဲ့စည်းခဲ့တာလို့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။
ထူးတာကတော့ NUG မှာ ရွေးကောက်ခံအမတ်တွေအပြင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရော၊ အရပ်ဖက်အဖွဲ့တွေရော၊ ပညာရှင်တွေပါ ထည့်ထားခြင်းပါ။ ဒါကြောင့် အရင် NCG ခေတ်ထက် ပိုကျယ်ပြန့်တယ်လို့ ဆိုကြပါတယ်။
ဒါ့အပြင် အရင် NCG အစိုးရမှာ လက်နက်ကိုင်တပ် (ABSDF တပ်သားတွေက သူတို့ဟာ NCG ရဲ့ တပ်သားတွေဖြစ်တယ်လို့ ခံယူဖူးသည့်တိုင်) မရှိပါ။ ဒါပေမယ့် အခု အင်အား တသိန်းလောက်ရှိတဲ့ PDF ဟာ NUG ရဲ့ လက်နက်ကိုင်တပ်ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ရေးဝန်ကြီးဌာနဟာ အရေးကြီးလာပါတယ်။ အရင် NCG ခေတ်က ကာကွယ်ရေး ဝန်ကြီး ဘယ်သူမှန်းတောင် လူတွေ သတိမထားမိပါ။
တခါ သိပ်မကြာသေးခင်က တပ်ပေါင်းစု NUCC ကိုဖွဲ့စည်းနိုင်ခဲ့ပြီး ဖက်ဒရယ်မူတွေ၊ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် မတူတာက အရင် ၈၈ တုန်းက နယ်စပ်မှာရှိသမျှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးနီးပါး (ဗကပ ကနေ ခွဲထွက်ပြီး ၉၁ မှာ အပစ်ရပ်လိုက်တဲ့ တရုတ်နယ်စပ်အဖွဲ့တွေမှအပ) တပ်ပေါင်းစုထဲ ပါပါတယ်။
အခု ၂၁ မှာတော့ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေထဲက အချို့ အဖွဲ့တွေ မပါသလို ရှေ့မှာပြောခဲ့တဲ့ တရုတ်နယ်စပ်အဖွဲ့တွေ (၁၉၉၁ တုန်းက အင်အားမရှိသေးပေမယ့် အခုတော့ အင်အားအကြီးဆုံး ဖြစ်နေ) လည်း ပါလာတာ မတွေ့ရသေးပါဘူး။ (မပါပေမယ့် အပြန် အလှန်နားလည်မှုရှိတယ်လို့တော့ အကဲခတ်အချို့က ဆိုပါတယ်)။
ဒါက နယ်စပ် အခြေအနေ။ ပြည်တွင်း လူထုထောက်ခံမှုကတော့ NUG အခြေအနေက အရမ်းကောင်းပါတယ်။ NCG ခေတ်ကဆိုရင် နယ်စပ်နဲ့ ပြည်ပကတော်လှန်ရေးအကြောင်း ပြည်တွင်းက လူတွေ သိခွင့်မရှိ၊ ပြောခွင့်မရှိပါ။
ဒါပေမယ့် နိုင်ငံတကာ ဆက်ဆံရေးမှာတော့ ဒီအစိုးရ ၂ ဖွဲ့စလုံးဟာ တိကျတဲ့ ထောက်ခံမှု မရသေးပါဘူး။ အမေရိကန် အစိုးရးက NUG ကို အသိအမှတ်ပြုရေးအတွက် ဧပြီလမှာ ဆွေးနွေးမယ်ပြောထားပေမယ့် ဘာဖြစ်မလာမလဲဆိုတာ မှန်းဆလို့မရသေးပါဘူး။
ချက်နိုင်ငံက NUG ကို အသိအမှတ်ပြုထားတယ်ဆိုတဲ့အချက်ကလည်း နော်ဝေက NCG ကို လက်ခံပြီး DVB ရေဒီယိုကို အော်စလိုမှာ အခြေစိုက်ခွင့်ပေးတဲ့အဆင့်တောင် မရှိသေးဘူးလို့ ယူဆရပါတယ်။
ဆိုလိုတာက NUG ဟာ ပြည်တွင်းနဲ့ နယ်စပ်မှာ ထောက်ခံမှုရနေပေမယ့် နိုင်ငံတကာမှာတော့ တိကျတဲ့ ထောက်ခံမှုမရသေးပါဘူး။ (ချွင်းချက်အနေနဲ့ ကုလ သံအမတ် ဦးကျော်မိုးထွန်းက NUG ကို ထောက်ခံတဲ့အတွက် ကုလမှာ နေရာရနေပါတယ်)။ ဒါပေမယ့် နိုင်ငံတကာရဲ့အကူအညီ NUG က ရနေပြီလို့ မကြားရသေးပါ။
နိုင်ငံတကာရှိ အဝေးရောက် မြန်မာတွေရဲ့ အကူအညီနဲ့ပဲ အဓိက မောင်းနှင်နေရတာကိုသာ တွေ့နေရပါတယ်။ အဝေးရောက် မြန်မာတွေရဲ့ အင်အား ဒီလောက်ကောင်းတာကလည်း ၈၈ ထက် တကယ့် အားသာချက်ပါပဲ။
------------------------------------------------------------------
(၅)- ပြည်ပရောက် အင်အားစုများ
ပြည်ပရောက် အင်အားစုတွေက ဒီနေ့ပွဲမှာ အရေးကြီးတယ်လို့ထင်ပါတယ်။ ၁၉၈၈ တုန်းက ဒါမျိုးမရှိပါ။ ပြည်ချစ်လက်ကျန် ဦးတင်မောင်ဝင်း ဦးဆောင်တဲ့ (နောက်ပိုင်း ခေတ်ပြိုင်သတင်းစာထုတ်ဝေသူ) CRDB ကလွဲရင် တဦးစ နှစ်ဦးစ တသီးပုဂ္ဂလ အလှူရှင်တွေလောက်ပဲရှိပါတယ်။
အခုကတော့ ၈၈ နောက်ပိုင်း တောခိုကျောင်းသားတွေ၊ ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်းထွက်လာတဲ့ NLD ပါတီဝင်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ ပြီးတော့ နယ်စပ်ဒေသရှိ ဒုက္ခသည်စခန်းတွေကနေ တတိယ နိုင်ငံခြာအခြေချဦးရေက သိန်းနဲ့ချီရှိပါတယ်။
စာရင်းအတိအကျမရှိပေမယ့် အားလုံးပေါင်းရင် သန်းတဝက်လောက်ရှိမယ်လို့ မှန်းရပါတယ်။ တခါ နိုင်ငံရေးကြောင့်မဟုတ်ပဲ ပညာတော်သင်၊ စီးပွားရေး၊ အခြား အကြောင်းအမျိုး မျီုးကြောင့် ပြည်ပရောက်နေရာကနေသူတွေကလည်း မနည်းပါ။
လက်ရှိအနေအထားမှာ ဒီလူတွေရဲ့ အလှူငွေနဲ့ တော်လှန်ရေးကို အဓိက မောင်းနှင်နေရတယ်လို့ပြောရင် မှားမယ်မထင်ပါ။ ဟိုး...အရှေ့ဗျား ဂျပန်၊ နယူးဇီးလန်ကနေ ဥရောပ အလယ်... အနောက်ဖျား အမေရိကား-ကနေဒါအထိ (အာဖရိကနဲ့ တောင်အမေရိကမှာတော့ မရှိသလောက်ပါပဲ) သိန်းနဲ့ချီရှိတဲ့ ဒီလူတွေက အဓိက အလှူငွေထည့်ဝင်နေပါတယ်။
ဒါဟာ ၈၈ ထက် လုံးဝသာတဲ့ တော်လှန်ရေး ရန်ပုံငွေ ရလမ်းကြီးဖြစ်ပါတယ်။
ဒါပေမယ့် စဉ်းစားစရာတခုရှိတာက ဒီလိုရနေတဲ့အတွက် တော်လှန်ရေးခေါင်းဆောင်ပိုင်းက ဒီပေါ်မှာ အဓိကထားလာပြီး အခြား လမ်းကြောင်းတွေရှာဖို့ အားနည်းသွားသလား၊ နိုင်ငံတကာ ထောက်ခံမှုမရလည်း ဒါနဲ့ အလုပ်ဖြစ်ပါတယ်ဆိုတဲ့ စိတ်ကူးတွေများ ဝင်သွားသလား ဆိုတာကတော့ စဥ်းစားစရာပါ။
-----------------------------------
(၆)- ဆိုရှယ်မီဒီယာနှင့် လက်နက်ကိုင်တော်လှန်ရေး
----------------
ဆိုရှယ်မီဒီယာ ခေတ်ကောင်းတာကလည်း ဒီနေ့ တော်လှန်ရေးရဲ့ ထူးခြားချက်ပါပဲ။ (အားသားချက်လို့ ပြောသင့်သလား)။ အရင်ကဆိုရင် BBC, VOA.လိုင်းတိုရေဒီယို နားထောင်ခြင်းမှအပ ပြင်ပကမ္ဘာနဲ့ ဆက်စပ်မှုဘာမှမရှိ။ ၁၉၉၂-၉၇ နောက်ပိုင်းမှာတော့ . DVB, RFA ရေဒီယိုတွေ ထပ်ပေါ်လာပါတယ်။
တနည်းအားဖြင့် ၁၉၈၈ စက်တင်ဘာ ၁၈ မှာတောခိုလိုက်ကတည်းကနေ ၂၀၁၃ အိမ်ပြန်ခွင့်ရတဲ့အချိန် ၂၅ နှစ်တာလုံးလုံး မိဘများနှင့် တောခိုသား သမီးများ လုံး၀ အဆက်အသွယ် မရှိ။
အခုကတော့ ဆိုရှယ်မီဒီယာခေတ်ကောင်းတော့ တောခိုကျောင်းသားတွေနဲ့ မိဘဆွေမျီုးတွေ၊ မိတ်ဆွေတွေ၊ နိုင်ငံတကာရောက်နေသူတွေကြားမှာ အဆက်အသွယ်မပြတ်ရှိနေတယ် လို့သိရပါတယ်။ ဒါဟာ အားသာချက်ပါပဲ။
အချို့နေရာတွေမှာဆိုရင် ရှေ့တန်းမှာစစ်တိုက်တာတောင် ဆက်သွယ်ရေးစက်မသုံးပဲ (မရှိတာလည်းဖြစ်နိုင်ပါတယ်) မက်ဆင်ဂျာတွေ၊ စင်နယ်တွေနဲ့ သတင်းပို့ကြတယ်လို့ ဆိုပါတယ်။ ဒါကတော့ အားသည်းချက်လား- အားနည်းချက်လား စဉ်းစားစရာဖြစ်လာစေပါတယ်။
နောက်တချက်က လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ တောခိုသွားသူတွေက တောထဲကနေ ဆယ်ဖီဆွဲပြီး ပုံတွေတင်နေတဲ့အခါ ဆိုရှယ်မီဒီယာဟာ ပြောစရာဖြစ်လာစေပါတယ်။ ရှေ့မှာ တင်ပြခဲ့သလို အမိန့်နာခံမှု စနစ်တကျ မတည်ဆောက်နိုင်သေးတော့ စစ်ဆင်ရေးကာလမှာ ဆိုရှယ်မီဒီယာ သုံးခွင့်မရှိဆိုတာမျီုး အမိန့်မထုတ်နိုင်သေးဘူးလို့ ယူဆရပါတယ်။
ဒါက အားနည်းတဲ့ဖက်က အချက်အချို့ပါ။...အားသာချက်တွေကလည်း အများကြီး။ ခုနကပြောခဲ့သလို မိဘဆွေမျိုး- ပြည်တွင်း-ပြည်ပ အဆက်သွယ်မပြတ်တဲ့အပြင် နိုင်ငံတကာ၊ ပြည်တွင်းနဲ့ အခြား စခန်းက သတင်းတွေကိုလည်း မိနစ်ပိုင်းအလိုက် သိရှိနေခြင်းပါ။
တခါက ကိုယ့်ဖက်က ထုတ်ပြန်ချင်တဲ့သတင်းတွေကိုလည်း ချက်ခြင်း ထုတ်နိုင်ပါတယ်။ အရင်ခေတ်လို ရေဒီယိုမှာ သတင်းပါဖို့အရေး အသဲအသန်ကြိုးစားနေစရာမလိုပါ။ အချို့နေရာတွေဆို တိုက်ပွဲကိုတောင် လိုက်ဖ် လွှင့်နိုင်တဲ့အခြေအနေအထိ တိုးတက်နေပြီဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာပေါ်ကနေ တော်လှန်ရေး ရန်ပုံငွေ ရှာနိုင်ခြင်းကလည်း ဒီနေ့ခေတ်ရဲ့ အားသာချက်ပါပဲ။ ဆိုရှယ်မီဒီယာမှာ ထင်ရှားသူတွေ တော်လှန်ရေးမှာ အရေးကြီးတာဝန်တွေ ယူခွင့်ရတဲ့အထိ အခုခေတ်က တိုးတက်ပြောင်းလဲသွားပြီဖြစ်ပါတယ်။
--------------------------------------------------------------------------
(၇)- တော်လှန်ရေးသမား တဦးချင်းရဲ့ စဉ်းစားပုံကွာသလား...
ဒီအချက်ကတော့ တိကျတဲ့အချက်အလက်ပေါ်အခြေခံပြောတာထက် စာရေးသူရဲ့ ထင်မြင်ယူဆက်ချက်အပိုင်းက ပိုများကောင်းများနေနိုင်ပါတယ်။
ကျနော်တို့ ၈၈ မှာတောခိုတော့ တကယ့်ကို အင်ဒီဗက်ကျုရယ်ပါ။ ပါတီလည်းမရှိ၊ အစိုးရလည်းမရှိ၊ ကျောင်းသားသမဂ္ဂတွေရှိတယ်ဆိုပေမယ့် အပေါ်အောက် အမိန့်နာခံမှု သိပ် အားမကောင်းသေးပါ။ ကိုယ့်အသိနဲ့ကိုယ် တောခိုလာကြခြင်းသာဖြစ်ပါတယ်။
အဲဒီတော့ တောထဲရောက်တဲ့အခါမှာလည်း ကိုယ့်အား ကိုယ်ကိုးပါပဲ။ ဗဟိုကိုမျှော်တာ၊ ခေါင်းဆောင်မျှော်တာ၊ အစိုးရကိုမျှော်တာတွေ မရှိခဲ့ဖူးလို့ထင်ပါတယ်။ ဗဟိုကို မမျှော်တာကတော့ သိပ်ချာတယ်။ အဲဒီကာလက စခန်းတွေဟာ အဓိကဖြစ်တဲ့အတွက် စခန်းခေါင်းဆောင်တွေက ဗဟိုခေါင်းဆောင်တွေထက်တောင် ပိုသြဇာရှိခဲ့ပါသေးတယ်။
မဟာမိတ်တွေနဲ့ညှိပြီး ကိုယ့်စခန်းကိုယ်ဆောက်၊ ကိုယ့်သင်တန်းကိုယ်ပေး၊ ကိုယ့်သေနတ် ကိုယ်ရှာ လုပ်ခဲ့ကြပေါ့။ အရေးပေါ် ရိက္ခာနဲ့ ဆေးဝါးတွေကို ဗဟိုကနေ မပေးပဲ သက်ဆိုင်ရာ NGO တွေက စခန်းတွေကို တိုက်ရိုက်ပေးတာကြောင့်လည်း ပါနိုင်သလို ပြည်ပရောက် မြန်မာအလှူရှင်တွေ အခုလို အင်အားမကောင်းသေးတာကြောင့်လည်းဖြစ်နိုင်ပါတယ်။
အခု ၂၁ မှာတော့ လူငယ်တွေအားလုံးနီးပါး အင်ဒီဗယ်ကျုရယ် တောခိုကျတယ်ဆိုပေမယ့် နိုင်ငံရေးဦးဆောင်မှုအပိုင်းမှာ NLD, CRPH, NUG စသဖြင့် ရှိပြီးသားဖြစ်နေပါတယ်။ ဒါဟာ တဖက်မှာ ပါတီဝင်တွေအတွက် အားကောင်းပေမယ့် ပါတီဝင်မဟုတ်သူတွေအတွက်တော့ အခက်ဖြစ်စေတယ်လို့ ထင်ပါတယ်။
စာရေးသူ သိရသလောက်က လက်ရှိ ဝန်ကြီးတွေကနေ ဟိုး- အောက်ခြေ PDF ခေါင်းဆောင်ပိုင်းအထိ ပါတီနဲ့ဆက်စပ်သူတွေက အဓိက နေရာယူထားပါတယ်။ ဒါကလည်း သဘာဝကျပါတယ်။ ဒါပေမယ့် အချို့ပါတီဝင်မဟုတ်သူ အနည်းအကျဉ်းကတော့ သူတို့ဟာ ပါတီတောမခိုခင်ကတည်းက တောခိုပြီး လက်နက်ကိုင်တော်လှန်ရေးလုပ်နေတာဖြစ်တယ်။ အစိုးရအောက်က ပကဖ လက်အောက် မဝင်နိုင်ဘူးဆိုတာမျိုး ရှိနေဆဲဖြစ်ါပတယ်။
ပါတီဝင် ဦးဆောင်တဲ့ ပကဖ မဟုတ်လို့ အစိုးရဆီက လက်နက်ထောက်ပံ့မှု မရသေးဘူးလို့ ပြောသံတွေလည်း ရှိနေပါတယ်။
နောက်တချက်က အပေါ်ထပ် အဆောက်ဦအားကောင်းတဲ့အတွက် အောက်ခြေစခန်းက ရဲဘော်တွေဟာ ၈၈ တုန်းကလို ကိုယ့်စခန်းရိက္ခာ ကိုယ်ရှာရတာမျိုးမဟုတ်ပဲ ဗဟိုကို ပိုအားထားတာ၊ ပြည်ပက မြန်မာတွေကို ပိုအားထားတာတွေ့ရပါတယ်။
ရှေ့အခန်းမှာတင်ပြခဲ့ဖူူးတဲ့ BCG, IRC ကိုရာ၊ စသဖြင့် ထိုင်းအခြေစိုက် နိုင်ငံတကာ NGO တွေရဲ့ ရိက္ခာ၊ ဆေးဝါးထောက်ပံ့မှုက စခန်းတွေဆီ တိုက်ရိုက်မဝင်ပဲ ဗဟို အစိုးရနဲ့ ဝန်ကြီးဌာနဆီ ဝင်နေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။
နောက်တချက်က အစိုးရကို အွန်လိုင်းမှာဖွဲသလိုမျိုး (NUG အစိုးရရုံးကို KNU နယ်မြေမှာ အခြေစိုက်တယ်လို့ ယူဆရပေမယ့်) PDF တပ်တွေ၊ စခန်းတွေရဲ့ အစည်းအဝေးတွေကိုလည်း အွန်းလိုင်းကနေပဲ လုပ်နေကြတဲ့အတွက် တကယ့်မြေပြင်အခြေအနေထက် ပိုရိပ်ယောင် အခြေအနေက အဓိကလို ဖြစ်နေတယ်လို့ ခံစားမိပါတယ်။
တခါ ဝန်ကြီးချုပ်မဟုတ်ရင်တောင် ကာကွယ်ရေးဝန်ကြီးနဲ့ တာဝန်ရှိသူတွေဟာ PDF စခန်းတွေဆီ သွားရောက် အားပေးတာမျိုး အခုထိ မတွေ့ရသေးပါ။ NCG ခေတ်တုန်းက ၉၁ မှာ အစိုးရဖွဲ့ပြီး ၉၂ မှာ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းနဲ့အဖွဲ့ ကျနော်တို့ စခန်းဆီ လာရောက်အားပေးတာ အမှတ်ရနေပါတယ်။
ထိုင်းနိုင်ငံရဲ့ ပေါ်လစီအပြောင်းအလဲကြောင့် နိုင်ငံခြားရေးဝန်ကြီး နိုင်ငံခြားထွက်ခွင့်မရ၊ ကာကွယ်ရေးဝန်ကြီး ရှေ့တန်းထွက်ခွင့်မရတာမျီုးလည်းဖြစ်နိုင်နေနိုင်ပါတယ်။ ဒါမှမဟုတ် လိုင်းမိတဲ့နေရာမှာရှိနေရင်ပြီးတာပဲ။ ဘယ်မှသွားစရာလိုဘူူး၊ အားလုံးကို အွန်လိုင်းကနေ စီမံခန့်ခွဲလိုံ့ရနေတာပဲ လို့ သဘောထားတာကြောင့်လည်းဖြစ်နိုင်ပါတယ်။
-------------------------------------
(၈)- တပ်မတော်ဖက်က ထွက်ပြေးလာသူများနှင့် အကျအဆုံးများမှု
ဒီအချက်ကလည်း အရေးကြီးတယ်လို့ထင်ပါတယ်။ ၈၈ တုန်းက ဆန္ဒပြပွဲမှာပါတဲ့ စစ်သားအချို့ ကျနော်တို့နဲ့အတူ တော်ခိုလာတာကလွဲရင် ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့် တောခိုလာတာ၊ CDM လုပ်တာ မကြားဖူးပါ။
အခု ဒီလိုစာရင်းတွေအတော်များနေပါတယ်။ NUG ရဲ့ စာရင်းအရဆိုရင် တနှစ်အတွင်း စစ်တပ်ဖက်က ကျဆုံးသူ ၇ ထောင်နီးပါးနဲ့ ထွက်ပြေးလာသူ ၃ ထောင်ခန့်ရှိပါတယ်။ ဒါဟာလည်း စစ်ပွဲတခု အရှုံး-အနိုင်အတွက် အရေးကြီးတဲ့အချက်တခု ဖြစ်တာမို့ အလေးထား စဉ်းစားသင့်ပါတယ်။
စစ်တပ်ဖက်က ထွက်လာသူတွေတွေကို ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ကြီးကြီး ပေးရင် စစ်တပ်ဖက်က ထွက်လာမယ့်သူ ပိုများလာမလား... စဉ်းစားသင့်ပါတယ်။
--------------------------------------
(၉ )- အဲတော့ ဘာဆက်ဖြစ်မှာလဲ...
ဒီမေးခွန်းက အမေးလွယ်သလောက် ဖြေရခက်ပါတယ်။ မမှားအောင် ဖြေရမယ်ဆိုရင်တော့... ရှေ့ဖေါ်ပြပါ အချက်ကြီး ၈- ချက်အရ ၈၈ နဲ့ ၂၁ အခြေအနေ မတူတာကြောင့် ၈၈ လို အဖြေထွက်မှာမဟုတ်ဘူးလို့ ဖြေသင့်ပါတယ်။
ဒါဖြင့် အောင်ပွဲရမှာလား...
တိုက်ပွဲဝင်နေသူအားလုံးကတော့ နိုင်မယ်လို့ ယုံကြည်တဲ့အတွက် တိုက်နေကြတာပေါ့။ အားပေးသူတွေကလည်း နိုင်မယ်လို့ ယုံကြည်တဲ့အတွက် အားပေးနေကြတာပေါ့...။
ဒါပေမယ့် အောင်ပွဲဆိုတာ ယုံကြည်ချက်တခုတည်း၊ စွန့်လွှတ်အနစ်နာခံမှု တခုတည်းနဲ့တော့ ဘယ်ရပါ့မလဲ...။ ၁၉၈၈ ကို ဖြတ်သန်းခဲ့ဖူးသူတွေက ပိုသိနိုင်ပါတယ်။ ပိုစဉ်းစားနိုင်ပါလိမ့်မယ်ထင်ပါတယ်။
အောင်ပွဲရဖို့ဆိုရင် ... အောင်ပွဲရလောက်တဲ့ အခြေနေတွေကို ဖန်တီးနိုင်ဖို့ လိုတာပေါ့...။
အထူးသဖြင့် ၈၈ တုန်းက တိုက်ပွဲမဖြစ်ဖူးတဲ့ စစ်ကိုင်း၊ မကွေးနယ်စပ်နဲ့ ချင်းပြည်နယ်တွေရဲ့ လက်ရှိအနေအထားကို တာဝန်ရှိသူတွေ စနစ်တကျ သုံးသပ်ပြီး အမြန်ဆုံး အသုံးချဖို့ လိုမယ်ထင်ပါတယ်။
၂၀၂၃ မှာ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို ဘယ်သူမှ မယုံကြည်ဘူးဆိုပေမယ့် အဲဒီရွေးကောက်ပွဲမတိုင်မီမှာ သိသာတဲ့အပြောင်းအလဲတခုဖြစ်အောင် တော်လှန်ရေး ဦးဆောင်တာဝန်ယူထားသူတွေက လုပ်ပြဖို့လိုနေပါတယ်။
အောင်ပွဲဘယ်တော့မရမလဲဆိုတာဟာ အောင်ပွဲရအောင် ဘယ်လိုလုပ်နေသလဲဆိုတဲ့ အချက်ပေါ်မူတည်နေပါတယ်။
၂၀၂၂ မှာ ခုခံစစ်ကနေ ထိုးစစ်ကိုပြောင်းမယ်ပြောထားတဲ့အတွက်လည်း အခု မတ်လဟာ တော်လှန်ရေးကို အရှိန်တင်ရမယ့်အချိန်ဖြစ်နေပြီလို့ တင်ပြချင်ပါတယ်။
ထက်အောင်ကျော်
(၁၃-၃-၂၀၂၂)
( ဖုန်းမော်ကျဆုံးခြင်း ၃၄- နှစ်ပြည့်နေ့)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More