Friday, February 5, 2021

မြန်မာ့ခေါင်းဆောင်ကို ချက်ချင်းလွှတ်ပါ - (လုံခြုံရေးကောင်စီ)

 မြန်မာ့ခေါင်းဆောင်ကို ချက်ချင်းလွှတ်ပါ - (လုံခြုံရေးကောင်စီ)

စစ်ခေါင်းဆောင် အာဏာစွန့်ပါ - (အမေရိကန်သမ္မတ)
--------------------------------
၅ ဖေဖော်ဝါရီ ၂၀၂၁ သောကြာ
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့ဝင်တွေကို အာဏာရှင်ဆန်ဆန် ဖမ်းဆီးထိန်းသိမ်းထားရကနေ ချက်ချင်းလွှတ်ဖို့ တရုတ်နဲ့ ရုရှား ပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာစစ်ခေါင်းဆောင်တွေကို တောင်းဆို လိုက်ပါတယ်။





တရုတ်နဲ့ ရုရှတို့ပါ ပါဝင်တဲ့ လုံခြုံရေးကောင်စီရဲ့ ကြေညာချက်မှာ “မြန်မာစစ်တပ်က ဖေဖော်ဝါရီ ၁ ရက်၌ အရေးပေါ် အခြေအနေ ပြဌာန်းပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် အစိုးရအဖွဲ့ ဝင်များကို အာဏာရှင်ဆန်စွာ ဖမ်းဆီးထိန်းသိမ်းလိုက်မှုကို လုံခြုံ ရေးကောင်စီ အဖွဲ့ဝင်များက အလေးအနက် စိုးရိမ်ပူ ပန်၏။ ယင်းသို့ဖမ်းထားသူများကို ချက်ချင်းလွှတ်ရန် တောင်းဆို၏" လို့ ဖော်ပြပါတယ်။
တရုတ်နဲ့ ရုရှားကိုယ်စားလှယ်တို့က သူတို့နိုင်ငံခေါင်းဆောင်တွေကို တင်ပြပြီးမှ ဒီထုတ်ပြန်ချက် ထွက်လာတာပါ။ ဒီ့အရင်က မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ တင်ပြရာမှာ တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာနဲ့ ပယ်ချမြဲဖြစ်ပေမဲ့ အခု ဒီနှစ်နိုင်ငံကပါ သဘောတူလိုက်တဲ့ တောင်းဆိုထုတ်ပြန်ချက်ဖြစ်ပါတယ်။
“အကြမ်းဖက်မှုကို ရှောင်ကြဉ်ပြီး ပြည်သူ့ဆန္ဒ အကျိုးစီးပွားနဲ့အညီ တွေ့ဆုံဆွေးနွေးဖို့” လဲ လုံခြုံရေးကောင်စီက တိုက်တွန်းပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလဲ “သိမ်းယူထားတဲ့ အာဏာကို စွန့်ရမယ်၊ ဖမ်းဆီးထားသူတွေကို လွှတ်ရမယ်၊ ဆက်သွယ်ရေးပိတ်ထားတာကို ဖယ်ရှားရမယ်၊ အကြမ်းဖက်မှုကို ရှောင်ကြဉ်ရမယ်”လို့ ပြောလိုက်ပါတယ်။
ကြာသပတေးနေ့ နိုင်ငံခြားရေးမူဝါဒ မိန့်ခွန်းမှာ ဂျိုးဘိုင်ဒန်က ဒီလိုပြောကြားသွားတာပါ။
“ပြည်သူ့ဆန္ဒကို ကျော်လွန်ပြီး ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲရလဒ်ကို ဘယ်တော့မှ မဖျက်ရဘူးဆိုတာ ဒီမိုကရေ စီအင်အားမှာ သံသယရှိစရာကို မလိုဘူး” လို့ သမ္မတက သတိပေးသွားပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်ရမှာတွေကို မဟာမိတ်တွေနဲ့ ညှိနှိုင်း ဆောင်ရွက်နေတယ်လို့လဲ သမ္မတဘိုင်ဒန်က ပြောသွားပါတယ်။
နိုဝင်ဘာ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအများစုနဲ့ တခဲနက် အနိုင်ရပြီးနောက်မှာ မဲစာရင်း မသမာမှုရှိတယ်လို့ ပြည်ခိုင်ဖြိုး အပါအဝင် ပါတီတချို့နဲ့ စစ်တပ်က စွပ်စွဲပြီးနောက် လွှတ်တော်သစ် မခေါ်ယူမီ တရက်အလို ဖေဖော်ဝါရီ ၁ မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးဆောင်ပြီး အာဏာသိမ်းလိုက်တာပါ။
အာဏာသိမ်းတာကို မကျေနပ်တဲ့ ပြည်သူတွေက အကြမ်းမဖက် ငြိမ်းချမ်းတဲ့ နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင် ဆန္ဒပြနေ ကြပါတယ်။
Source : UN
Photo: AP/ Daweiwatch

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More