Saturday, February 6, 2021

မကျေနပ်လို့ ဆန္ဒပြနေသူတွေကို ဘယ်သူတွေက ဦးဆောင်ပြီး ပန်းတိုင်ဆီ ခေါ်သွားမှာလဲ

 မကျေနပ်လို့ ဆန္ဒပြနေသူတွေကို ဘယ်သူတွေက ဦးဆောင်ပြီး ပန်းတိုင်ဆီ ခေါ်သွားမှာလဲ

--------------------------------------

(၁) ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု

---------------------

လက်ရှိဖြစ်ပေါ်နေတဲ့ ဆန္ဒပြမှုတွေကို ဘယ်သူတွေက ဘယ်လိုဦးဆောင်ပြီး ဘယ်ကိုဦးတည်ခေါ်ဆောင်သွားသင့်သလဲဆိုတာကို မဆွေးနွေးခင် ဘာကြောင့် စစ်တပ်က အာဏာသိမ်းတာလဲ၊ အဲဒီလို အာဏာသိမ်းတဲ့အပေါ် ဘယ်လိုမြင်သလဲဆိုတာကို အရင်ဆွေးနွေးသင့်တယ် ထင်ပါတယ်။




အမှန်တိုင်း ဝန်ခံရရင် စစ်တပ်က ဒီလောက်အထိ လုပ်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။


ရွေးကောက်ပွဲပြီးကတည်းက တပ်မတော်ဖက်ကနေ မဲစာရင်းတွေ ကွာဟနေကြောင်း စာရင်းဇယား အတိအကျနဲ့ သတင်းစာရှင်းပွဲတွေလုပ်ပြီး ပြောနေကတည်းက တခုခုတော့ လုပ်တော့မယ်လို့ မှန်းလို့ရနိုင်ပါတယ်။ 


ဒါပေမယ့် အဲဒီ မဲစာရင်းကွာဟမှုက တမင်တကာရည်ရွယ်ချက်နဲ့လုပ်တာမဟုတ်၊ ရွေးကောက်ပွဲတခုလုံးရဲ့ ရလာဒ်ကိုအပြောင်းအလဲဖြစ်နိုင်တဲ့ ကွာဟမှုမျိုးမဟုတ်။ ဒါကြောင့် အမေရိကန်ရွေးကောက်ပွဲအပြီး အငြင်းပွားသလိုမျိုး အကြိတ်အနယ် အငြင်းပွားပြီးရင် နောက်ဆုံး ကော်မရှင်ရဲ့ အဆုံးအဖြတ်ကို ခံယူလိမ့်မယ်လို့ပဲ ထင်ထားမိခဲ့ပါတယ်။


အမေရိကန်လွှတ်တော်ကို ဆန္ဒပြသမားတွေ ဝင်စီးစဉ်၊ မဲလိမ်တယ်ဆိုပြီး သမ္မတထရမ့်ဖက်က အကြီးအကျယ်ပြောနေချိန်မှာတောင် ဒီကိစ္စကိုဆွေးနွေးဖြစ်ကြပါသေးတယ်။ ကွာတာက အမေရိကန်ပြည်ထောင်စုမှာက ဒီကိစ္စတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အတိအကျပြောထားပြီးသား။


သူတို့ဆီမှာ ပြသာနာတက်တာ အကြောင်းမဟုတ်။ ပြသာနာကို ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ လမ်းညွှန်ချက်ရှိပြီးသား။ မြန်မာမှာက အဲဒီလို အတိအကျ မရှိသေး။


ဒီတော့ စစ်တပ်ကနေ ဖွဲ့စည်းပုံထဲက လိုချင်တာကိုယူပြီး လုပ်ချင်တာကို လုပ်လိုက်တာပါပဲ။ 


(၂) စစ်အာဏာသိမ်းမှုအပေါ် အမြင်

---------------------

ဖေဖေါ်ဝါရီ ၁ ရက်နေ့ မနက်အစောကြီး၊ တနည်းအားဖြင့် လွှတ်တော်အသစ်စတင်မယ့်ေ န့ မနက်အစောကြီးမှာ NLD ခေါင်းဆောင်တွေကိုဖမ်းပြီး စစ်တပ်က အာဏာသိမ်းချိန်မှာ ဒီအာဏာသိမ်းမှုကို အားလုံးက ကန့်ကွက်ရမယ့်အစား ဒီအာဏာသိမ်းမှုဟာ ဥပဒေနဲ့ညီ မညီ အငြင်းပွားမှုထွက်လာတာက အံ့သြစရာပါ။


စစ်တပ်က အာဏာသိမ်းတာကို ဥပဒေနဲ့ညီတယ်လို့ပြောရင် အဲဒီနိုင်ငံမှာ ဒီမိုကရေစီဆိုတာ ဘယ်ရှိတော့မလဲ။ ဒီအချက်က ရှင်းပါတယ်။ ဒါကို ရှုတ်အောင် မလုပ်သင့်ပါ။ 


အဲတော့ စစ်တပ်က အာဏာသိမ်းတယ်ဆိုတာကို ထောက်ခံတဲ့လူဟာ ဒီမိုကရေစီကို မလိုလားတဲ့လူပါပဲ။ ဒီနေရာမှာ ဘာမှ အငြင်းပွားစရာမရှိပါဘူး။ ဒီမိုကရေစီကို လိုလားသူတိုင်း စစ်အာဏာသိမ်းမှုကို ကန့်ကွက် ရှုတ်ချရမှာပဲဖြစ်ပါတယ်။ ဒါဟာ အမြဲတန်းမှန်နေတဲ့ သဘောတရား သီအိုရီတခုပါ။


(၃) ဒီမိုကရေစီမရပဲ ဖက်ဒရယ် ရနိုင်သလား

------------------------

ဒီမေးခွန်းက အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် NLD ပါတီနဲ့ ပါတီထိပ်တန်းခေါင်းဆောင်တွေက ပါတီကြီးဝါဒကျင့်သုံးပြီး တိုင်းရင်းသားပါတီတွေအပေါ် (ဒီမိုကရေစီ လိုလားတဲ့ ပါတီငယ်တွေနဲ့ အချက်အလက်ပေါ်အခြေခံ ဝေဖန်ဆန်းစစ်တဲ့ ပညာရှင်အဖွဲ့တွေအပါဝင်) မလေးမစားဆက်ဆံခဲ့မှုကြောင့် တိုင်းရင်းသားတွေ NLD ပါတီအပေါ် သိပ်မကြည်ကြပါဘူး။


ဒါ လူတိုင်းသိနေတဲ့ကိစ္စပါ။ ဒါပေမယ့် ဒီလိုမကြည်လို့ စစ်တပ်က အာဏာသိမ်းတာကို သွားထောက်ခံမယ်ဆိုရင်တော့ ဒါဟာ မဟာအမှားကို ကျုးလွန်တာပါပဲ။ 


သီအိုရီအရပြောမယ်ဆိုရင် NLD ပါတီနဲ့ တိုင်းရင်းသားတွေကြား မကျေလည်မှု၊ တနည်းအားဖြင့် ဒီမိုကရေစီအင်အားစုနဲ့ တိုင်းရင်းသားအင်အားစုကြား မကျေလည်မှုဟာ နည်းနာ အားနည်းလို့ဖြစ်ပေါ်လာတဲ့ကိစ္စ၊ 


တနည်းအားဖြင့် မိတ်ဖက် ပတိပက္ခသာဖြစ်ပါတယ်။ ရန်ဖက် ပတိပက္ခမဟုတ်ပါဘူး။ စစ်အာဏာရှင်တွေနဲ့ ဒီမိုကရေစီအင်အာစုကြား၊ စစ်အာဏာရှင်နဲ့ တိုင်းရင်းသားအင်အားစုကြား ဖြစ်နေတဲ့ ပတိပက္ခကသာ ရန်ဖက် ပတိပက္ခဖြစ်ပါတယ်။ 


ဒါကို ရှင်းနေဖို့လိုပါတယ်။ ဒီလိုရှင်းနေရင် စစ်တပ်က အာဏာသိမ်းတာကို ထောက်ခံတဲ့ တိုင်းရင်းသားအဖွဲ့၊ စစ်တပ်အာဏာသိမ်းတာကို မကန့်ကွက်ပဲ စိတ်မကောင်းဖြစ်မိတယ်လို့ပဲ ပြောမယ့်အဖွဲ့  ပေါ်လာစရာ အကြောင်းမရှိပါ။ 


စစ်တပ်က အာဏာသိမ်းတာကို သဘောတရားအရ ထောက်ခံစရာအကြောင်း ဘာမှမရှိတဲ့အတွက် ထောက်ခံတယ်ဆိုတဲ့လူတွေ၊ အဖွဲ့တွေဟာ အကျိုးစီးပွားအတွက် ထောက်ခံတာသာ ဖြစ်ပါလိမ့်မယ်။


(၄) တဦးချင်း ဆန္ဒထုတ်ဖေါ်တွေက ထိရောက်သလား

--------------------

ဒီမေးခွန်းက တဦးချင်းနဲ့ဆိုင်သလို တနိုင်ငံလုံးနဲ့လည်းဆိုင်ပါတယ်။ 


ဒီမိုကရေစီအခြေခံ သဘောတရားအရ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီးသားဖြစ်တဲ့အတွက် အခု ဆိုရှယ်မီဒီယာပေါ်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း တဦးချင်း ရေးနေ၊ ပြောနေတာကို ဒီမိုကရေစီလိုလားသူတိုင်းက ထောက်ခံပြီးသားပါ။


တခါ ကျောင်းသားအချို့ လမ်းမပေါ်ထွက်ဆန္ဒပြ ကန့်ကွက်နေတာ၊ ဝန်ထမ်းအချို့ အလုပ်မဆင်းပဲ ဆန္ဒပြနေတာ၊ ပြည်သူအတော်များများက ညဖက်ရောက်တိုင်း အိုးတွေတီး ပြီး ဆန္ဒပြနေတာတွေကို ထောက်ခံပြီးသားပါ။


ဒါက စစ်အာဏာသိမ်းမှုအပေါ် မကျေနပ်လို့ တဦးချင်းစီကနေ ဆန္ဒပြ ကန့်ကွက်နေတာပါ။ ဒါကို ဘယ်နှစ်ရက်လုပ်မှာလဲ။ နောက်တဆင့်က ဘာလဲ။ စစ်အုပ်စုက ဒါကို လနဲ့ချီ ခွင့်ပြုပေးထားမယ် ထင်သလား။


ဒီမေးခွန်းကတော့ တဦးချင်းနဲ့မဆိုင်တော့ပဲ တဖွဲ့လုံး၊ တနိုင်ငံလုံးကို ဦးဆောင်မယ့်သူတွေ၊ ဦးဆောင်မယ့်သူကို အကြံပေး တိုက်တွန်းနိုင်သူတွေနဲ့ ဆိုင်လာပြီဖြစ်ပါတယ်။


(၅) တဦးချင်း မကျေနပ်မှုတွေကို ဘယ်သူတွေက ဦးဆောင်သွားမှာလဲ

---------------------------------------

အခုဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေကို ၁၉၈၈ တုန်းက ဆန္ဒပြပွဲတွေနဲ့ နှိုင်းယှဉ်ပြောဆိုတာတွေရှိနေပါတယ်။ တူတာတွေရှိသလို မတူတာတွေလည်း အများကြီးပါပဲ။ 


တူတာကတော့ ဒီလို မတရားအနိုင်ကျင့်မှုဖြစ်လာပြီဆိုရင် လမ်းမတွေပေါ် ပထမ ဆုံးထွက်လာသူတွေဟာ ကျောင်သားလူငယ်တွေပါပဲ။ ပြီးတော့ ဝန်ထမ်းတွေ။


မတူတာကတော့ ၈၈ တုန်းက နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ အစိုးရခေါင်းဆောင်တွေ အဆင်သင့်ရှိမနေသေးပါဘူး။ ဒါကြောင့် အတွေ့အကြုံမရှိသေးတဲ့ လူငယ် ကျောင်းသားတွေက ဦးဆောင်တာ သဘာ၀ ကျပါတယ်။


အခု ဒါတွေ အကုန်ရှိပြီးသား။ ဒီတော့ ပြည်သူက မဲပေးထားတဲ့ လူတွေက လက်ရှိ အခင်းအကျင်းကို ဦးဆောင်မှ သဘာဝကျပါလိမ့်မယ်။


(၆) လွှတ်တော်အမတ်များရဲ့ ကြေညာချက်

-----------------------------

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရပြီးကတည်းက တိကျတဲ့ ညွှန်ကြားချက်၊ လမ်းညွှန်ချက် မထုတ်ပြန်နိုင်သေးတဲ့ NLD ပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဒီနေ့ (အမတ် ၇၀ လောက်ပဲ ပါတယ်လို့ဆိုသည့်တိုင်) စစ်အာဏာသိမ်းမှုကို ဥပဒေကြောင်းအရ စိမ်ခေါ်မှုတခုကို လုပ်လိုက်ပါတယ်။


အရင် ၈၈-၉၀ တုန်းက CRPP -ပြည့်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီ-လို ဥပဒေ ကြောင်းအရ အာဏာသိမ်းစစ်အစိုးရကို စိမ်ခေါ်တဲ့ အဖွဲ့တခုဖွဲ့လိုက်ပါတယ်။ 


ပါတီ ဗဟိုကလည်း စစ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း၊ လူတဦးချင်းစီကနေ အကြမ်းမဖက်ပဲ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်နေတာကို လေးစားကြောင်း ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။


ဒါပေမယ့် NLD ပါတီရဲ့ ကြေညာချက်တွေဟာ လမ်းညွှန်ချက်သဘော၊ တိကျပြတ်သားတဲ့သဘောတရားတွေ အခုထိ ပါမလာသေးဘူးဖြစ်နေပါတယ်။ 


(၇) အဲတော့ ဘာဆက်ဖြစ်မလဲ

-----------------

ဒီမေးခွန်းက အရေးကြီးပါတယ်။ အမေးလွယ်သလောက် အဖြေခက်ပါတယ်။ 


ဝေဖန်ဆန်းစစ်သူတွေရဲ့ အပြောတိုင်းဆိုရင်၊ ၁၉၈၈ တုန်းက မြင်ခဲ့ရဖူးတဲ့အတွေ့အကြုံအတိုင်းဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့ အထွေထွေမကျေနပ်မှုကို ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း ပြည်သူက ရွေးချယ်ထားတဲ့ ပါတီ၊ ကိုယ်စားလှယ်တွေက ပြတ်ပြတ်သားသား ဦးဆောင်မှု ပေးဖို့လိုနေပါတယ်။


အချိန်ဆွဲနေလို့မရပါဘူး။ အခု သီတင်းတပတ်ပြည့်တော့မယ်။ NLD ပါတီဆီက တိကျ ပြတ်သားတဲ့ လမ်းညွှန်ချက် ထွက်မလာသေးပါဘူး။ ၇ ရက်အတွင်း ထွက်လာဖို့လိုနေပါတယ်။ 


တခါ NLD က ဦးဆောင်မှုမပေးနိုင်ဘူးဆိုရင် ၈၈ မျိုးဆက်တွေက ဦးဆောင်မှုပေးနိုင်မလား။ မင်းကိုနိုင်ရဲ့ ကြေညာချက်က NLD ထက်ပြတ်သားပေမယ့် လိုချင်တဲ့အဆင့်ထိတော့ ရောက်မလာသေးပါဘူး။


-စက်ခေါင်းအဖြုတ်ခံရလိုက်ရပေမယ့် ရထားတွဲတိုင်းမှာ စက်ပါတယ်-ဆိုရုံနဲ့မရပါ။ ကိုယ်တိုင် စက်ခေါင်းပေါ်တက်ထိုင်ပြီး ဦးဆောင်မောင်းနှင်မယ့်သူ လိုနေပါတယ်။ အဲဒီလို ရဲရဲ ဝံ့ဝံ့ ဦးဆောင်ဖို့လိုအပ်နေပါတယ်။


တာဝန်ရှိသူတွေ၊ အများက တာဝန်အပ်နှင်းထားသူတွေ၊ တာဝန်ယူသင့်သူတွေက အချိန်မီ တာဝန်ယူပြီး ဦးဆောင်မှုမလုပ်ဘူးဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေ၊ မကျေနပ်မှု တွေဟာ ဦးဆောင်မှုမဲ့၊ စုစည်းမှုမဲ့ပြီး အချိန်ကြာလာရင် အဖျားရှုးသွားနိုင်ပါတယ်။


ဒါမှမဟုတ် အာဏာသိမ်းအဖွဲ့ရဲ့ ဖြိုခွဲမှုကိုခံသွားရနိုင်ပါတယ်။ ဒါကြောင့် ဦးဆောင်သင့်သူတွေက ဦးဆောင်မှုကို အမြန်ဆုံးယူပြီး ချက်ခြင်းထလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။


ဒါက ဒီမိုကရေစီလိုလားသူတွေဖက်က လုပ်ရမယ့်တာဝန်။



အာဏာသိမ်းထားတဲ့ စစ်အုပ်စုကကော ဘာဆက်လုပ်မှာလဲ...။


ဆန်းစစ်ဝေဖန်သူတွေရဲ့ အပြောတိုင်းဆိုရင်တော့ အခု ပထမ အဆင့်မှာ သူ့အုပ်ချုပ်ရေး အခြေခိုင်အောင်လုပ်နေဆဲ။ အခုမှ ၆ ရက်ပဲရှိသေးတယ်ဆိုတော့ ဘာမှမခိုင်သေး။ သီတင်း ၂ ပတ်လောက်ကြာချိန်၊ အုပ်ချုပ်ရေးခိုင်ပြီဆိုတာနဲ့ ဆန္ဒပြပွဲတွေကို ဖြိုခွဲတာ၊ ဖမ်းဆီး တာတွေလုပ်လာလိမ့်မယ်၊ လုပ်လေ့ရှိတယ်လို့ ဆန်းစစ်သူတွေက ဆိုထားပါတယ်။


ဒါကြောင့် အာဏာသိမ်းအဖွဲ့က အဲဒီလို မလုပ်ခင် ဒီမိုကရေစီလိုလားသူတွေဖက်က ဦးဆောင်မှုကောင်းကောင်းနဲ့ လှုပ်ရှားမှုကို အရှိန်မြင့်ဖို့လိုနေပါတယ်။


ဘာဆက်ဖြစ်လာမလဲဆိုတာဟာ ဒီမိုကရေစီလိုလားသူတွေရဲ့ စွမ်းဆောင်မှုအရည်အချင်းအပြင် စစ်အုပ်စုဖက်က ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့ အချက်ပေါ်လဲ မူတည်နေပါတယ်။


စစ်အုပ်စုက အာဏာမသိမ်းခင်ပြောခဲ့သလို မဲစာရင်းကွာဟမှုကိုပဲ အဓိကထားပြီး ရှေ့ဆက် ဆောင်ရွက်သွားမလား။ ဒါမှမဟုတ် အရင် စစ်အုပ်စုတွေလိုပဲ မဲစာရင်းကွာတယ်ဆိုတာကို အကြောင်းပြချက်တခုအနေနဲ့ပဲထားပြီး အာဏာလိုချင်လို့ကို သိမ်းတယ်။ အာဏာခိုင်အောင်လုပ်မယ်။ ဒီမိုကရေစီ လိုလားသူမှန်သမျှ ဖမ်းဆီး၊ နှိပ်ကွပ်မယ်ဆိုပြီး သွားမလား။


စစ်အုပ်စုဖက်က လူထုသက်သာစေမယ့် နည်းကိုရွေးဖို့လိုပါတယ်။ အခြေအနေက ၈၈ နဲ့ မတူတော့ပါ။ ၈၈ လို အင်အားသုံးလို့မရတော့ပါ။ ခေတ်မီနည်းပညာ ဆက်သွယ်ရေးစနစ် ရှိနေပါပြီ။ နိုင်ငံတကာဖိအားပေးမှုရှိနေပါပြီ။ နိုင်ငံတကာရောက် ဒီမိုကရေစီ အင်အားစု တွေရဲ့ လှုပ်ရှားမှု အရှိန်မြင့်လာနေပြီဖြစ်ပါတယ်။


ဒါကြောင့် အခြေအနေ အရပ်ရပ်ကို အသေချာလေ့လာပြီး ထွက်ပေါက်ပိတ်စေမယ့် အကြမ်းဖက်နည်းကို မသုံးပဲ ဆွေးနွေးညှိနှိုင်း အဖြေရှာတဲ့နည်းဖက်ကို ရွေးဖို့ တိုက်တွန်းချင်ပါတယ်။


ဒါက စစ်အုပ်စုဖက်က ရွေးချယ်ရမယ့် ကိစ္စပါ။  သူရွေးတဲ့အထိ ထိုင်စောင့်နေလို့၊ ဆုတောင်းနေလို့မရပါဘူး။


ဒီမိုကရေစီအင်အားစုတွေဖက်က လုပ်စရာရှိတာကို အချိန်မဆွဲပဲ အရှိန်မြင့်လုပ်ဆောင်ဖို့ လိုနေပါတယ်။ ဦးဆောင်မှုပေးဖို့ တာဝန်ရှိသူတွေကလည်း ရဲရဲဝံ့ဝံ့ ဦးဆောင်မှုပေးဖို့ လိုအပ်နေပြီဖြစ်ပါတယ်။


-အချိန်နှင့် ဒီရေသည် လူကို မစောင့်ပါ- ဆိုတဲ့စကားကို အလေးအနက် စဉ်းစားပြီး NLD ပါတီခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေ၊ ၈၈ ခေါင်းဆောင်တွေက လက်ရှိ အထွေထွေ ဆန္ဒပြပွဲကို အမြန်ဆုံး ဦးဆောင်မှုပေးပြိး ပန်းတိုင်ဆီ လမ်းညွန်ပြသသွားဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်ပါတယ်။    ။


ထက်အောင်ကျော်

Photo: AP

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More